အခန်း (၃၀၇)
Vol. 28 Ch. 307
ရှုတုန်းမှာ အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ပြီး အရိပ်အဖွဲ့၏ ဒုခေါင်းဆောင်ထံ အကျိုးအကြောင်း တင်ပြလိုက်သည်။
ထိုသတင်းကို ကြားပြီးနောက် ဒုခေါင်းဆောင်မှာလည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်သွားပြီး - "၁.၅ သန်းတောင်လား... သူက ငါတို့ကို အခွင့်ကောင်းယူပြီး ဗြောင်ကျကျ ဓားပြတိုက်နေတာပဲ။ ဒါက တကယ်ကို လွန်လွန်းတယ်။ ဒီလူကို ခဏထားလိုက်ဦး၊ တခြားတစ်ယောက်ကိုပဲ နည်းလမ်းရှာကြည့်ရအောင်"
ရှုတုန်းက ပျာပျာသလဲဖြင့် - "ဒုခေါင်းဆောင်... သူ့ကို လျစ်လျူရှုထားလို့ မရပါဘူး။ သူက စစ်ဘက်ဆိုင်ရာ ဝန်ကြီးဌာနကို တာဝန်ယူထားပြီး စစ်တပ်ကို ကြီးကြပ်ပိုင်ခွင့်ရှိနေတယ်။ တကယ်လို့ သူကသာ အလျှော့မပေးရင် ကျွန်တော်တို့ရဲ့ အစီအစဉ်တွေ အကုန်လုံး ပျက်စီးသွားပါလိမ့်မယ်"
ဒုခေါင်းဆောင်မှာ အကြီးအကျယ် ဒေါသထွက်သွားကာ - "ဒါဆို ငါတို့က သူတို့ သတ်သမျှ ငြိမ်ခံနေရမှာလား"
ရှုတုန်းမှာ ခါးသီးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဒုခေါင်းဆောင်က ခဏလောက် စဉ်းစားပြီးနောက် စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်ကာ - "ထားလိုက်တော့! အခုတော့ သူ့ကို အခွင့်ကောင်းယူခွင့် ပေးလိုက်ဦးမယ်။ ဒီကိစ္စတွေ အောင်မြင်သွားတဲ့ တစ်နေ့ကျရင်တော့ သူ့ကို ငါကိုယ်တိုင် ရှင်းပစ်မယ်"
"ဒုခေါင်းဆောင်က အမြော်အမြင် ကြီးမားလှပါတယ်" ရှုတုန်းက ဂါရဝပြုလိုက်သည်။
"ကောင်းပြီ... နောက်ထပ် ဘယ်သူကျန်သေးလဲ"
"နောက်တစ်ယောက်ကတော့ အခွန်ဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးချုပ် ဟီရှန်း ပါပဲ"
"..."
ဒုခေါင်းဆောင်က မျက်တောင်တခတ်ခတ်ဖြင့် - "သူကရော ဘယ်လိုလူလဲ"
"အရင်လူတွေ အကုန်လုံးပေါင်းတာထက်တောင် ပိုပြီး အဂတိလိုက်စားတဲ့သူပါ"
ဒုခေါင်းဆောင် - (⊙_⊙)
တစ်ရက်ကြာပြီးနောက် ရှုတုန်းမှာ လေးလံသော မျက်နှာထားဖြင့် ပြန်ရောက်လာပြန်သည်။
"ဒုခေါင်းဆောင်... ဟိုဘက်က ငွေတေး နှစ်သန်း တောင်းနေပါတယ်။ တစ်ပြားတောင် လျော့လို့မရဘူးတဲ့... ဘယ်လိုလုပ်ရမလဲ"
ဒုခေါင်းဆောင်မှာ ဒေါသပေါက်ကွဲသွားလေတော့သည် - "ခွေးမသားတွေ၊ တကယ်ကို အတောမသတ်နိုင်တဲ့ ကောင်တွေပဲ။ အားလုံးက တစ်ယောက်ထက်တစ်ယောက် ပိုယုတ်မာတဲ့ အဂတိသမားတွေပဲ၊ သေကို သေသင့်တဲ့ကောင်တွေ၊ အဲဒီ အသုံးမကျတဲ့ ဧကရာဇ်ကရော သူတို့ကို ဘာလို့ အသေ မသတ်သေးတာလဲ။ ဒီလိုလူတွေကို ဘာလို့ ရာထူးမှာ ဆက်ထားနေတာလဲ"
အရင်ကတော့ မဟာရှနိုင်ငံမှာ အဂတိလိုက်စားတဲ့ အမတ်တွေ ဒီလောက်များနေတာကို မြင်ပြီး သူ ဝမ်းသာခဲ့မိသည်။ အဂတိသမား များလေလေ၊ သူတို့အတွက် အခွင့်အရေး များလေလေ မဟုတ်ပါလော။
ဒါပေမဲ့ အခုတော့ တိုင်းပြည်ရဲ့ ကပ်ဘေးဖြစ်တဲ့ ဒီလူတစ်စုကို သူ့လက်နဲ့ကိုယ်တိုင် သတ်ပစ်ချင်စိတ် ပေါက်နေပြီဖြစ်သည်။ သူတို့ကို အရေခွံခွာ၊ အပိုင်းပိုင်း ဆုတ်ပြီးမှ အသားကို တစ်စစီ လှီးဖြတ်တဲ့ အပြင်းထန်ဆုံး နှိပ်စက်နည်းတွေနဲ့ သတ်ပစ်ချင်နေမိသည်။ အဲဒီလိုမှ မဟုတ်ရင်တော့ သူ့ရင်ထဲက ဒေါသတွေ ပြေပျောက်မှာ မဟုတ်တော့ပေ။
"ဒုခေါင်းဆောင်... ပိုက်ဆံက ပေးရမလား၊ မပေးရဘူးလား" ရှုတုန်းက တိုးတိုးလေး မေးလိုက်သည်။
ဒုခေါင်းဆောင်မှာ ဒေါသတကြီးဖြင့် - "ပေးလိုက်၊ သူလိုချင်သမျှ ပေးလိုက်စမ်း၊ ဒီကိစ္စပြီးရင်တော့ သူ့ကို ငါကိုယ်တိုင် ရှင်းပစ်မယ်။ ပိုက်ဆံသာ ရသွားစေရမယ်၊ သုံးခွင့်တော့ မရှိစေရဘူး"
"ဟုတ်ကဲ့ပါ ဒုခေါင်းဆောင်"
ထို့နောက် သူတို့သည် နန်းတွင်းရှိ ရာထူးနိမ့် အရာရှိ အချို့ကိုလည်း လာဘ်ထိုးခဲ့ကြသည်။ သူတို့ကတော့ ရာထူးမကြီးသဖြင့် များများစားစား မတောင်းရဲကြပေ။ သို့သော် အကုန်လုံး စုပေါင်းလိုက်သောအခါ ငွေတေး နှစ်သန်းကျော် သွားပြန်သည်။
အရင်က ပေးခဲ့ရသည်များအပါအဝင် စုစုပေါင်း ငွေတေး ခုနစ်သန်းကျော် ကုန်ကျသွားခဲ့ပြီ ဖြစ်သည်။ သာမန်နိုင်ငံကြီးတစ်ခု၏ တစ်နှစ်တာ ဘဏ္ဍာငွေသည်ပင် ခုနစ်သန်းခန့်သာ ရှိတတ်ရာ၊ အင်အားကြီး အင်ပါယာဖြစ်သည့် သူတို့အတွက်တောင်မှ ဤပမာဏမှာ အတော်လေး ဝန်ပိစေခဲ့သည်။
ဤအချိန်တွင် ဒုခေါင်းဆောင်မှာ မဟာရှနိုင်ငံရှိ ဤကပ်ပါးကောင်များကို သူ့လက်ဖြင့်ပင် အမြစ်ဖြတ် သန့်စင်ပစ်ချင်နေတော့သည်။ သူတို့အတွက် တစ်ခုတည်းသော နှစ်သိမ့်မှုမှာ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် နန်းတွင်းအရာရှိ တစ်ဝက်ကျော်ကို စည်းရုံးနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သူတို့အားလုံးသာ တစ်ပြိုင်တည်း လှုပ်ရှားလိုက်လျှင် မဟာရှဧကရာဇ် အလွန်ယုံကြည်သော ကောင်းကင်၊ မြေပြင်နှင့် လူသားစစ်သူကြီး သုံးယောက်ပင်လျှင် သူတို့၏ ရာထူးကို ဆက်ထိန်းထားနိုင်မည် မဟုတ်တော့ပေ။ အသက်မသေလျှင်တောင် ရာထူးမှ ဖယ်ရှားခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထို့ပြင် ဧကရာဇ်နှင့် အမတ်များအကြား ယုံကြည်မှုမှာလည်း အရင်လို ခိုင်မြဲတော့မည် မဟုတ်ပေ။ ဒါက သူတို့အတွက် အခွင့်အရေးပင် ဖြစ်ချေသည်။
အဖက်ဖက်က အဆင်သင့်ဖြစ်သောအခါ ရှုတုန်းက ချင်ဟွေ့ထံ တစ်ခေါက် ထပ်မံသွားရောက်ခဲ့သည်။
"အမတ်ချင်... အားလုံး အဆင်သင့်ဖြစ်ပါပြီ၊ အခု စတင်လို့ ရပါပြီ"
"ကောင်းပြီ၊ ငါ့ဆီက သတင်းကောင်းကိုသာ စောင့်နေတော့။ မင်းတို့ကို စိတ်မပျက်စေရဘူးလို့ အာမခံတယ်"
ဒုတိယနေ့တွင် လင်းပိုင်ဖန်သည် ခါတိုင်းနှင့်မတူဘဲ နံနက်ခင်း ညီလာခံသို့ တက်ရောက်လာခဲ့သည်။
ညီလာခံတွင် ချင်ဟွေ့က ငွေတေး ၂၀၀,၀၀၀ တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ကျယ်လောင်စွာ တင်ပြလေသည် - "အရှင်မင်းကြီးကို လျှောက်တင်လိုပါတယ်။ ယုံကြည်မှုကို ဖြိုခွဲတဲ့ အစီအစဉ် အောင်မြင်ပါပြီ၊ ကိစ္စပြီးမြောက်ရင် ကျွန်တော်မျိုးကို ငွေတေး ၅၀၀,၀၀၀ ပေးဖို့ သူတို့ ကတိပြုထားပါတယ်။ ဒါကတော့ သူတို့ရဲ့ စိတ်ရင်းမှန်ကို ပြတဲ့အနေနဲ့ ပေးထားတဲ့ စရန်ငွေ ၂၀၀,၀၀၀ ပါ၊ အရှင်မင်းကြီး စစ်ဆေးတော်မူပါ"
ယန်စန်းကလည်း ရှေ့သို့တက်လာကာ - "အရှင်မင်းကြီး... ကျွန်တော်မျိုးဘက်ကလည်း အောင်မြင်ပါတယ်၊ ကျွန်တော့်ကို ၆၀၀,၀၀၀ ပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါက စရန်ငွေ ၂၀၀,၀၀၀ ပါ"
လီလင်းဖူကလည်း - "အရှင်မင်းကြီး... ဒါကတော့ ကျွန်တော့်ကို ပေးထားတဲ့ စရန်ငွေ ၃၀၀,၀၀၀ ပါ၊ စစ်ဆေးတော်မူပါ"
နန်းတွင်းအရာရှိကြီးများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ကာ လက်နှစ်ဖက်ဖြင့် ငွေစက္ကူများကို ဆက်သကြလေသည်။
ကျန်ရှိနေသော အမတ်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
"ဒါ... ဒါတွေက ဘာဖြစ်နေတာလဲ"
"ဘာတွေဖြစ်ကုန်တာလဲ ငါတို့ နားမလည်နိုင်တော့ဘူး"
လင်းပိုင်ဖန်က စုဆောင်းရရှိလာသော ငွေစက္ကူများကို ကြည့်ကာ ကျေနပ်စွာ ရယ်မောလိုက်သည် - "ကောင်းတယ်၊ ကောင်းတယ်၊ အမတ်မင်းတို့ လုပ်တာကောင်းတယ်"
ထိုငွေစက္ကူများ၏ စုစုပေါင်းပမာဏမှာ သုံးသန်းနီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် လမ်းခရီးတွင် သယ်ဆောင်လာသော ငွေတေး လေးသန်းကျော်ကိုလည်း လင်းပိုင်ဖန်က ကြိုတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီးသား ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် ဤစစ်ဆင်ရေး တစ်ခုတည်းဖြင့် ငွေစင် ခုနစ်သန်းကျော်ကို အလွယ်တကူ ရရှိခဲ့ခြင်းပင် ဖြစ်သည်။
"ဒီကိစ္စတွေ ပြီးသွားရင်တော့ မောင်မင်းတို့ရဲ့ ကြိုးစားမှုအလိုက် ဆုလာဘ်တွေ ပေးသနားမယ်" လင်းပိုင်ဖန်က တက်ကြွစွာ မိန့်ကြားလိုက်သည်။
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ" အမတ်များမှာလည်း ဝမ်းသာအားရ ဖြစ်ကုန်ကြသည်။
လုံးဝ နားမလည်နိုင်ဖြစ်နေသော လူသားစစ်သူကြီးက ရှေ့သို့တက်ကာ - "ဘာတွေ ဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက်လောက် ရှင်းပြပေးလို့ ရမလား"
ချောင်ချောင်က ရယ်မောရင်း ပြောလိုက်သည် - "စစ်သူကြီးတို့... ခင်ဗျားတို့ကို လျှို့ဝှက်ပြီး လုပ်ကြံနေတဲ့သူကို ရှာနေကြတာ မဟုတ်လား"
"ဟုတ်ပါတယ်" စစ်သူကြီးသုံးယောက်က အငြိုးအတေးများဖြင့် ခေါင်းညိတ်ကြသည် - "ဒါပေမဲ့ အဲဒီနောက်ကွယ်ကလူက အရမ်းပုန်းလျှို့လွန်းတယ်။ ကျွန်တော်တို့ အစွမ်းကုန် ရှာဖွေခဲ့ပေမဲ့ အကောင်သေးလေးတွေပဲ မိတယ်၊ တကယ့်ကို စိတ်ပျက်ဖို့ကောင်းပါတယ်"
"တကယ်တော့ အရှင်မင်းကြီးက သူတို့ကို ရှာတွေ့ပြီးသားပါ။ အဲဒါက တခြားသူမဟုတ်ဘူး၊ မဟာကျင်းအင်ပါယာရဲ့ အရိပ်အဖွဲ့ပဲ။ သူတို့က ခင်ဗျားတို့ သုံးယောက်ကို စည်းရုံးဖို့ ကြိုးစားခဲ့ကြတာ။ တစ်ခုမအောင်မြင်တော့ နောက်တစ်နည်းနဲ့ ထပ်ကြိုးစားကြတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သူတို့ရဲ့ အကြံကို ကြိုတင်သိမြင်ပြီး နည်းလမ်းပြန်သုံးလိုက်တာကြောင့် သူတို့ဆီက ငွေတေး ခုနစ်သန်းကျော်ကို အေးအေးဆေးဆေး ပြန်ထုတ်ယူနိုင်ခဲ့တာပေါ့"
"တကယ်လား... အရှင်မင်းကြီးက တကယ်ကို အံ့သြဖို့ကောင်းတာပဲ" လူသားစစ်သူကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အရှင်မင်းကြီး... သူတို့ ဘယ်မှာလဲ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် အခုချက်ချင်း သွားဖမ်းပါ့မယ်" ဟု မြေပြင်စစ်သူကြီးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကောင်းကင်စစ်သူကြီးက စကားမပြောသော်လည်း လင်းပိုင်ဖန်ကို မျှော်လင့်တကြီး ကြည့်နေသည်။
လင်းပိုင်ဖန်က ချက်ချင်းပင် အမိန့်ပေးလိုက်သည် - "ကောင်းပြီ! စစ်သူကြီးတို့... မဟာရှထဲမှာ ခိုအောင်းနေတဲ့ မဟာကျင်းရဲ့ အရိပ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ ငါကိုယ်တိုင် အမိန့်ပေးလိုက်တယ်။ ဒါ့အပြင် ဟန်နှင့်ဟာ စစ်သူကြီး၊ သေမင်းတမန်ကျောင်းတော်သား၊ လက်ဗလာဆရာကြီးနဲ့ နတ်ခွေးစုံထောက်တို့ကိုပါ အားဖြည့်ပေးမယ်။ တစ်ယောက်မှ မလွတ်စေနဲ့၊ အရှင်ရရ အသေရရ အကုန်ဖမ်းခဲ့ကြ"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" စစ်သူကြီးသုံးယောက်က တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။
ထို့နောက် နန်းတွင်းသိုင်းပညာရှင်များသည် လျင်မြန်စွာ လှုပ်ရှားကြတော့သည်။
သိုင်းပညာရှင် ရှစ်ယောက်သည် အရိပ်အဖွဲ့ ခိုအောင်းနေသော အိမ်တော်ကို ရှစ်ဖက်ရှစ်တန်မှ ဝိုင်းရံကာ သွေးချောင်းစီးအောင် ချေမှုန်းလိုက်ကြရာ တစ်ယောက်မျှ မလွတ်မြောက်နိုင်ခဲ့ပေ။
အရိပ်အဖွဲ့၏ အစွမ်းအထက်ဆုံးဖြစ်သော ဒုခေါင်းဆောင်ပင်လျှင် ထိုတိုက်ပွဲအတွင်း အပိုင်းပိုင်း ခုတ်ထစ်ခံရကာ သေဆုံးသွားခဲ့ရလေသည်။