အခန်း (၃၀၈)
Vol. 28 Ch. 308
ဤဖြစ်ရပ်က အုပ်စုပေါင်းစုံမှ စေလွှတ်ထားသော သူလျှိုများအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
မူလက ထိုသူလျှိုများသည်လည်း အရှုပ်အထွေးများထဲတွင် အခွင့်ကောင်းယူကာ ကောင်းကင်၊ မြေပြင်နှင့် လူသား စစ်သူကြီးသုံးဦးကို မိမိတို့ နိုင်ငံများဘက်ပါအောင် ဖိတ်ခေါ် ရန် ကြံစည်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း "ခေါင်းထွက်လာသူ အရင် အဖြတ်ခံရသည်" ဆိုသလိုပင် ဦးအောင်လှုပ်ရှားခဲ့သည့် မဟာကျင်းအင်ပါယာ၏ အရိပ်အဖွဲ့မှာ တစ်ဖွဲ့လုံး အမြစ်ပြတ် ချေမှုန်းခံလိုက်ရလေပြီ ဖြစ်သည်။
“ ဘုရားရေ... မဟာရှနိုင်ငံက လှုပ်ရှားလိုက်တာနဲ့ သူ့နယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ အရိပ်အဖွဲ့ကို အမြစ်ပါမကျန် လှန်ပစ်လိုက်တာပဲ"
"အရိပ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်တောင် သေသွားတယ်လို့ ကြားတယ်၊ မဟာကျင်းတော့ အထိနာသွားပြီ"
"မဟာရှက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ"
"မဟာရှကို သွားမစတာ အကောင်းဆုံးပဲ၊ အခုတော့ ငြိမ်ငြိမ်လေးနေပြီး ဒီမုန်တိုင်း ပြီးသွားအောင်ပဲ စောင့်ရတော့မယ်"
ထို့ကြောင့် အင်အားစုအသီးသီးတို့မှာ ခေါင်းမပြူရဲတော့ဘဲ ငြိမ်ကုပ်သွားကြတော့သည်။ ထိုသူများအားလုံး လိမ်လိမ်မာမာ ဖြစ်သွားသည်ကို မြင်သောအခါ လင်းပိုင်ဖန်ကလည်း ထပ်မံ ဖိအားမပေးတော့ဘဲ လွှတ်ထားလိုက်လေသည်။ ဤလူအုပ်စုကို ချန်ထားခြင်းက နောင်တစ်ချိန် အရေးကြုံလာပါက အသုံးချနိုင်ရန် ဖြစ်သည်။
ထိုအချိန်တွင် သူဖုန်းစားဂိုဏ်းမှ အကြီးအကဲများသည် မဟာရှနိုင်ငံမှ ထွက်ခွာလာခဲ့ကြပြီး အဖွဲ့ခွဲတစ်ခုသို့ ရောက်ရှိနေကြပြီဖြစ်သည်။
အကြီးအကဲ ရှစ်ဦးအနက် ဝါရင့်အကြီးအကဲ ကျိုးတာ့အိုက ဦးဆောင်ကာ ပြောလိုက်သည် - "ငါတို့ ဒီတစ်ခေါက် လာရတဲ့ အဓိကရည်ရွယ်ချက်က အရှင်မင်းကြီးကို သူဖုန်းစားဂိုဏ်း တစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ပဲ။ ပထမဆုံးအနေနဲ့ ငါတို့ စည်းရုံးလို့ရမယ့် အင်အားစုတွေကို စည်းရုံးရမယ်၊ အထူးသဖြင့် အခြေအနေအရပ်ရပ်ကို နားလည်တဲ့ အကြီးအကဲတွေကို ငါတို့ဘက်ပါအောင် အရင်ဆွဲရမယ်"
"အဲဒီနောက် အင်အားစုတွေ အားလုံးကို စုစည်းပြီးရင်တော့ ငါတို့စကား နားမထောင်တဲ့သူတွေကို အပြတ်ရှင်းရမယ်။ ဒီလိုဆိုရင် ဂိုဏ်းတစ်ခုလုံး ငါတို့လက်ထဲကို ရောက်လာလိမ့်မယ်၊ အဲဒီအခါကျရင် အရှင်မင်းကြီးကလည်း ငါတို့ကို သေချာပေါက် ဆုလာဘ်တွေ ပေးသနားမှာပဲ"
"ဒီကိစ္စက အတော်လေး ခက်ခဲလိမ့်မယ်၊ ဒါကြောင့် အကြီးအကဲတို့အားလုံး ဝိုင်းဝန်းကူညီပေးကြပါဦး"
ကျန်ရှိသော အကြီးအကဲ ခုနစ်ဦးက ခေါင်းညိတ်လိုက်ကြပြီး - "အကြီးအကဲကျိုး... ခင်ဗျားကလည်း အားနာစရာတွေ ပြောနေပြန်ပြီ၊ ဒါက ကျုပ်တို့အားလုံးရဲ့ တာဝန်ပဲလေ"
"ကောင်းပြီ... ဒါဆိုရင် အကြီးအကဲ ချန်းယွမ်ကနေ စကြတာပေါ့"
ကျိုးတာ့အိုက ပြုံးလျက် ပြောလိုက်သည် - "အကြီးအကဲချန်းက ငါတို့အဖွဲ့ထဲမှာ ကြာနေပြီ၊ သူက ကြည့်ရတာ ရိုးရိုးသားသားနဲ့ ပွင့်လင်းပုံရပေမဲ့ တကယ်တော့ မြေခွေးအိုကြီးလို အရမ်းပါးနပ်တဲ့သူပဲ။ သူက ဘယ်ဘက်က အင်အားကြီးလဲဆိုတာ ကြည့်ပြီးမှ ကပ်တတ်တဲ့သူ ဆိုတော့ အခြေအနေကို ကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ သူ ကောင်းကောင်း သိမှာပါ"
"ဟုတ်တယ်" ကျန်အကြီးအကဲများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
အစီအစဉ်ကို အတည်ပြုပြီးနောက် ထိုနေ့၌ပင် ကျိုးတာ့အိုသည် အကြီးအကဲချန်းယွမ်ကို လူသူမနီးသော တောအုပ်တစ်ခုသို့ ဖိတ်ခေါ်လိုက်သည်။
"အကြီးအကဲကျိုး... အခန်းထဲမှာ ပြောလို့မရဘဲ ဒီအထိတောင် ဘာလို့ ခေါ်လာရတာလဲ" ချန်းယွမ်က မကျေမနပ် ပြောဆိုရင်း ကျိုးတာ့အိုနှင့် ပေ ၁၀၀ ခန့်အကွာတွင် ရပ်လိုက်သည်။
ဤအကွာအဝေးမှာ ဘေးကင်းသော အကွာအဝေး ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက တိုက်ခိုက်လာပါက သူ ချက်ချင်း တုံ့ပြန်နိုင်သည်။ ချန်းယွမ်သည် အလွန်အမင်း သတိကြီးသူဖြစ်ကြောင်း သိသာလှပေသည်။
ကျိုးတာ်အိုက သူ၏ အတွေးများကို တချက်ကြည့်ရုံနှင့် သိသော်လည်း စိတ်ထဲမထားပေ။ ချန်းယွမ်သည် သတိကြီးလွန်းသော မြေခွေးအိုကြီးဖြစ်ပြီး အရာရာတွင် သတိကြီးလွန်းသောကြောင့်သာ ယနေ့ထက်ထိ အသက်ရှင်ကာ ဝါရင့်အကြီးအကဲ ဖြစ်လာရခြင်း ဖြစ်သည်။
"ဒီကိစ္စက အလွန်အရေးကြီးပြီး ပြင်ပလူတွေကို မသိစေချင်လို့ ဒီကို ခေါ်လိုက်ရတာ"
ချန်းယွမ်၏ မျက်နှာထားမှာလည်း လေးနက်သွားကာ - "တကယ်တော့ ဘာကိစ္စလဲ။ မင်းတို့ အရင်က အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်ပြီး မဟာရှကို သွားစုံစမ်းတာဆိုတော့ ခေါင်းဆောင်နဲ့ ပတ်သက်နေတာလား။ သူ့မှာ တစ်ခုခု ဖြစ်လို့လား"
ကျိုးတာ့အိုက လေးနက်စွာ ခေါင်းညိတ်ပြလိုက်ကာ - "ဟုတ်တယ်၊ အဖွဲ့ခေါင်းဆောင်မှာ တစ်ခုခု ဖြစ်သွားပြီ"
ချန်းယွမ်မှာ စိုးရိမ်တကြီးဖြင့် - "ခေါင်းဆောင်မှာ မတော်တဆဖြစ်တယ် ဟုတ်လား။ သူက ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပဲလေ၊ အင်အားကြီးတဲ့ သူတစ်ယောက်ကို။ တခြား ကောင်းကင်အဆင့် သိုင်းပညာရှင်တွေ ဝိုင်းတိုက်တာ ဒါမှမဟုတ် ပိုမြင့်တဲ့ မဟာကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက် လှုပ်ရှားတာ မဟုတ်ရင် သူ့ကို ဘယ်သူမှ မတားနိုင်ဘူး။ ဘာဖြစ်သွားလို့လဲ"
"ကိုယ့်ဘာသာကိုယ်ပဲ ကြည့်လိုက်ပါ" ကျိုးတာ့အိုက အဝတ်ဖြင့် ထုပ်ထားသော လုံးဝန်းသည့် အထုပ်တစ်ထုပ်ကို ပစ်ပေးလိုက်သည်။
ချန်းယွမ်က စိုးရိမ်တကြီးဖြင့် အထုပ်ကို ဖြေကြည့်လိုက်ရာ၊ မျက်လုံးအပြူးသားနှင့် ဖြူလျော်နေသော ဦးခေါင်းပြတ်ကြီးကို မြင်လိုက်ရသဖြင့် လန့်ဖျပ်ကာ အော်ဟစ်လိုက်မိသည်။
"ခေါင်းဆောင်… ဂိုဏ်းခေါင်းဆောင်ရဲ့ ဦးခေါင်းက ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေတာလဲ။ ခေါင်းဆောင်..."
"မင်း မျက်စိမှားတာ မဟုတ်ဘူး၊ အဲဒါ ငါတို့ ဂိုဏ်းခေါင်းဆောင်ရဲ့ ဦးခေါင်းပဲ"
"ခေါင်းဆောင်... သူ ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ" ချန်းယွမ်မှာ လုံးဝကို ပျာယာခတ်သွားတော့သည်။
သူဖုန်းစားဂိုဏ်း သိုင်းလောကအလယ်တွင် နာမည်ကျော်ကြားလာရခြင်းမှာ ဂိုဏ်းခေါင်းဆောင်ကြောင့်သာ ဖြစ်သည်။ သူသည် ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သဖြင့် အင်အားစုအားလုံးက ရိုသေကြပြီး ဂိုဏ်းကို အလွယ်တကူ မစော်ကားရဲကြခြင်း ဖြစ်သည်။
သို့သော်လည်း ဂိုဏ်း၏ သြဇာအရှိန်အဝါ အမြင့်ဆုံး အချိန်တွင် ခေါင်းဆောင်မှာ မမျှော်လင့်ဘဲ သေဆုံးသွားခဲ့လေပြီ။ ဤသည်မှာ မကြုံစဖူးသော အဖြစ်အပျက်ကြီးပင်။
ကျောထောက်နောက်ခံပြုပေးမည့် ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိတော့ပါက ဂိုဏ်းမှာ ပြိုကွဲသွားပြီး ဒုတိယတန်းစား အဖွဲ့အစည်းအဖြစ်သို့ အလျင်အမြန် ကျဆင်းသွားတော့မည် ဖြစ်သည်။ ထိုအခါ ၎င်းတို့ကဲ့သို့ အကြီးအကဲများ၏ ကောင်းစားသည့်နေ့ရက်များမှာလည်း ကုန်ဆုံးသွားပေတော့မည်။
ကျိုးတာ့အိုက လေးနက်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည် - "ခေါင်းဆောင်က မဟာရှနိုင်ငံရဲ့ စားနပ်ရိက္ခာတွေကို မီးရှို့ဖို့ ကြံစည်နေတုန်းမှာ သူတို့ဆီက လူတွေက သိသွားခဲ့တယ်။ မဟာရှဧကရာဇ်က အကြီးအကျယ် ဒေါသထွက်ပြီး ခေါင်းဆောင်ကို မရရအောင် သတ်ပစ်လိုက်တာပဲ"
ချန်းယွမ်သည် ပါးစပ်ဟကာ ကလဲ့စားချေဖို့ စကားအချို့ ပြောရန် ကြံလိုက်သော်လည်း လက်ထဲရှိ ဖြူလျော်နေသော ခေါင်းပြတ်ကြီးကို ကြည့်ကာ ပြောစကာ စကားလုံးများ ပျောက်ဆုံးသွားရသည်။
ခေါင်းဆောင်ပင်လျှင် မဟာရှလက်ထဲတွင် သေဆုံးခဲ့ရာ၊ သူ့တွင်ရော ဘာအရည်အချင်းရှိလို့ ကလဲ့စား ချေနိုင်မည်နည်း။ သွားလုပ်လျှင်လည်း အလဟဿ အသက်ပေးရုံသာ ရှိပေမည်။ သေသွားသောလူအတွက် သူ အသက်အန္တရာယ် မစွန့်ချင်ပေ။
"အကြီးအကဲကျိုး... ခေါင်းဆောင် မရှိတော့ဘူးဆိုတော့ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ငါတို့ဂိုဏ်းကရော ဘာဖြစ်သွားမလဲ" ချန်းယွမ်မှာ ဘာလုပ်ရမှန်းမသိဘဲ မေးလိုက်သည်။
"အခု ငါ မင်းနဲ့ ဆွေးနွေးမယ့် ဒုတိယအရေးကြီးဆုံး ကိစ္စက အဲဒါပဲ"
ကျိုးတာ့အိုက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည် - "လောလောဆယ် ခေါင်းဆောင် သေဆုံးတဲ့ သတင်းကို ဘယ်သူမှ မသိအောင် ငါတို့ လျှို့ဝှက်ထားရမယ်"
"ဟုတ်တယ်၊ ဘယ်သူမှ မသိစေနဲ့" ချန်းယွမ်က ချွေးများပြန်လျက် သဘောတူလိုက်သည်။
ရှင်းနေသည်ပင်၊ ဤသတင်းသာ ပေါက်ကြားသွားပါက သူဖုန်းစားဂိုဏ်းမှာ ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။
"ဒါပေမဲ့ အဖွဲ့မှာ ခေါင်းဆောင်မရှိလို့ မရဘူး၊ ဒါကြောင့် ငါတို့ကို ဦးဆောင်ပေးမယ့်သူ တစ်ယောက်ကို ရွေးချယ်ရမယ်" ဟု ကျိုးတာ့အိုက ဆက်ပြောလိုက်သည်။
"ဟုတ်တယ်! မင်း ပြောတာ မှန်တယ်" ချန်းယွမ်ကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို မေးစရာရှိတာက ငါတို့အဖွဲ့ထဲက ဘယ်သူဟာ ဒီခေါင်းဆောင် နေရာအတွက် အရည်အချင်း ပြည့်မီသလဲ ဆိုတာပဲ"
ချန်းယွမ်က ဂိုဏ်းအတွင်းရှိ ဒုခေါင်းဆောင်များနှင့် အခြားအကြီးအကဲများကို စဉ်းစားကြည့်သော်လည်း မည်သူတက်တက် ဂိုဏ်းကို အရင်လို အခြေအနေမျိုး ပြန်ရောက်အောင် လုပ်နိုင်မည် မဟုတ်ကြောင်း ဝမ်းနည်းစွာ သိလိုက်ရသည်။ ထို့ပြင် ထိုသူများမှာလည်း အားလုံးက လက်ခံလောက်သည့် သြဇာမရှိသဖြင့် အခက်တွေ့နေရသည်။
ထို့ကြောင့် သူက ထိုပြဿနာကို ပြန်မေးလိုက်သည်။
"ငါတို့ဂိုဏ်းထဲမှာတော့ သင့်တော်တဲ့သူ မရှိဘူး၊ ဒါပေမဲ့ အပြင်လူကိုတော့ ကြည့်လို့ရတယ်လေ"
"အပြင်လူလား" ချန်းယွမ်က တည်ငြိမ်နေသော ကျိုးတာ့အိုကို ကြည့်ကာ ချက်ချင်းပဲ - "မင်း လူရှာတွေ့ထားပြီးသားလား"
"ဒါပေါ့" ကျိုးတာ့အိုက ခေါင်းညိတ်ပြလိုက်သည်။
"ဘယ်သူလဲ" ချန်းယွမ်က လောကြီးစွာ မေးလိုက်သည်။
"မဟာရှ နိုင်ငံရဲ့ ဧကရာဇ် - လင်းပိုင်ဖန် ပဲ"