← Chapters

အခန်း (၃၀၉)

Vol. 28 Ch. 309

အခန်း (၃၀၉)

Vol. 28 Ch. 309

“သူလား...”

အကြီးအကဲချန်းမှာ ရုတ်တရက် ဒေါသတကြီးဖြစ်သွားပြီး - "အကြီးအကဲကျိုး... ကျုပ်တို့က ဘာလို့ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ရမှာလဲ။ သူက အင်ပါယာတစ်ခုရဲ့ ဧကရာဇ်၊ ကျုပ်တို့က သိုင်းလောကသားတွေလေ၊ လမ်းစဉ်ချင်းမှ မတူတာ"

"ဒါ့အပြင် ငါတို့ဂိုဏ်းခေါင်းဆောင်က သူတို့လက်ထဲမှာ သေခဲ့ရတာ၊ သူက ငါတို့ရဲ့ မဟာရန်သူတော်ကြီးပဲ။ အဲဒီလိုလူမျိုးဆီမှာ ငါတို့က ဘယ်လိုလုပ် ခိုလှုံလို့ ဖြစ်မှာလဲ"

"အကြီးအကဲချန်း... အလောတကြီး မငြင်းပါနဲ့ဦး"

ကျိုးတာ့အိုက ပြုံးလျက် ပြောလိုက်သည် - "အရှင်မင်းကြီးဆီမှာ ခိုလှုံဖို့ ဆုံးဖြတ်ချက်က သေချာစဉ်းစားပြီးမှ လုပ်ခဲ့တာပါ။ ပထမဆုံးအချက်က ငါတို့ သူဖုန်းစားဂိုဏ်းမှာ အခု ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိတော့ဘူး။ ကောင်းကင်အဆင့် သိုင်းပညာရှင် မရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ မင်းလည်း သိတာပဲ"

"ဒါပေမဲ့ ငါတို့တွေ မဟာရှနိုင်ငံဆီမှာ ခိုလှုံလိုက်ရင်တော့ ဒီပြဿနာတွေ အားလုံးက ချက်ချင်း ပြေလည်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ မဟာရှမှာ ကောင်းကင်အဆင့် သိုင်းပညာရှင် ရှိရုံတင်မကဘူး၊ နတ်ဓားတစ်လက်လည်း ရှိသေးတယ်။ အဲဒီ နတ်ဓားကို ကိုင်ထားတဲ့ ဓားအဖိုးအိုကို ငါတို့ဂိုဏ်းခေါင်းဆောင်တောင် ယှဉ်နိုင်ခဲ့တာ မဟုတ်ဘူး"

အကြီးအကဲချန်းက အလွန်မကျေမနပ်ဖြစ်ကာ နှာခေါင်းရှုံ့လိုက်ပြီး - "ဒီလောကမှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေ အများကြီး ရှိတာပဲ၊ ဘာလို့ သူ့ဆီမှ သွားခိုလှုံရမှာလဲ။ မင်း ဘယ်လောက်ပဲ ပြောပြော ငါကတော့ လုံးဝ သဘောမတူနိုင်ဘူး"

ကျိုးတာ့အိုက အေးဆေးတည်ငြိမ်စွာပင် ဆက်ပြုံးနေပြီး - "ဒုတိယအချက်ကတော့ အရှင်မင်းကြီးဟာ အမြော်အမြင်ရှိပြီး တရားမျှတတဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပဲ။ သူက အရည်အချင်းရှိသူတွေကို တန်ဖိုးထားပြီး ထိုက်ထိုက်တန်တန် ဆုချတတ်တယ်။ သူ့ဆီမှာ အမှုထမ်းရတာက ငါ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် လေးစားခံရတယ်လို့ ခံစားရစေတယ်"

"သူက ဘာပေးနိုင်မှာလဲ။ ရာထူးဂုဏ်ဝါနဲ့ ရွှေ၊ ငွေ၊ ရတနာတွေထက် ဘာပိုမှာမို့လို့လဲ"

အကြီးအကဲချန်းက ကျိုးတာ့အိုကို စိတ်ပျက်လက်ပျက် ကြည့်ကာ - "အကြီးအကဲကျိုး... မင်း ပြောင်းလဲသွားပြီပဲ။ အရင်က မင်းမှာ သူဖုန်းစားဂိုဏ်းကို ပြန်လည် ဦးမော့လာအောင် လုပ်မယ်ဆိုတဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်တွေ ရှိခဲ့တာ မဟုတ်လား။ အခုတော့ ဘာလို့ ဒီလောက်တောင် အပေါ်ယံ ရုပ်ဝတ္ထုတွေအပေါ် မက်မောသွားရတာလဲ"

"ရွှေတွေ၊ ငွေတွေအတွက်ဆိုရင်တော့ ငါလည်း အရှင်မင်းကြီးဆီမှာ ခိုလှုံမှာ မဟုတ်ဘူး"

ကျိုးတာ့အိုက ရင်ဘတ်ထဲမှ သေတ္တာငယ်လေးတစ်လုံးကို ထုတ်ကာ ပစ်ပေးလိုက်သည် - "ဒါက အရှင်မင်းကြီးက ငါ့ကို ပေးထားတဲ့ ဆုလာဘ်ပဲ၊ ကြည့်လိုက်ဦး"

ချန်းယွမ်က ဖမ်းယူလိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည် - "ထဲမှာ ဘာရှိလို့လဲ"

"ဖွင့်ကြည့်လိုက်ရင် မင်း သိမှာပေါ့"

အကြီးအကဲချန်းက သေတ္တာကို ချက်ချင်းဖွင့်ကြည့်လိုက်ရာ မျက်လုံးအပြူးသား ဖြစ်သွားပြီး အသံများပင် တုန်ရင်လာတော့သည် - "ဒါ... ဒါက ဒဏ်ရာတွေကို ပျောက်ကင်းစေပြီး ခွန်အားကို တိုးစေတဲ့ 'ကျားနဂါးဆေး' မဟုတ်လား၊ သုံးလုံးတောင် ရှိတာပဲ"

"ပြီးတော့ စိတ်ကို တည်ငြိမ်စေပြီး သိုင်းကျင့်စဉ် ဖောက်ပြန်တာကို ကာကွယ်ပေးတဲ့ 'စိတ်ငြိမ်ဆေး' နှစ်လုံးလည်း ပါသေးတယ်"

"ဒါ... ဒါကတော့ ဒဏ္ဍာရီလာ 'မသေမျိုးဆေး' ပဲ"

"ဒီဆေးလုံးကို မြိုချထားရင် နောင်တစ်ချိန် အသက်အန္တရာယ်နဲ့ ကြုံလာရတဲ့အခါ ခန္ဓာကိုယ်ရဲ့ သွေးနဲ့ အတွင်းအားတွေကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးပြီး ဒဏ်ရာအားလုံးကို ကုသပေးနိုင်တယ်လို့ ကြားဖူးတယ်။ ဒါက လူတစ်ယောက်ကို အပို အသက်တစ်ချောင်း ပေးလိုက်သလိုပဲ"

ကျိုးတာ့အိုက ပြုံးလျက် - "ဗဟုသုတ ကြွယ်ဝတဲ့ အကြီးအကဲချန်းဆိုတော့လည်း အကုန်သိတာပေါ့"

"မင်းမှာ ဒီလောက် ကောင်းတဲ့ ဆေးလုံးတွေ ဘယ်လိုလုပ် အများကြီး ရှိနေရတာလဲ။ မဟာရှဧကရာဇ်အတွက် တစ်ခုခု စွမ်းဆောင်ပေးခဲ့လို့ သူက ဆုချလိုက်တာလား" အကြီးအကဲချန်းမှာ သေတ္တာထဲက နတ်ဆေးလုံးတွေကို ကြည့်ရင်း မျက်လုံးများ နီမြန်းလာကာ မိမိကိုယ်တိုင် ပိုင်ဆိုင်ချင်စိတ်များ ပေါက်လာတော့သည်။

ကျိုးတာ့အိုက ခေါင်းခါပြကာ - "ငါ ဘာမှ မစွမ်းဆောင်ရသေးပါဘူး။ အရှင်မင်းကြီးကို သစ္စာခံလိုက်တာနဲ့တင် သူက ဒီနတ်ဆေးလုံး သုံးမျိုးကို ပေးလိုက်တာပဲ။ တခြား ရှာရခက်တဲ့ နတ်ဆေးလုံးတွေ အများကြီး ရှိသေးတယ်၊ အဲဒါတွေကိုတော့ နောင်ကျရင် အမှုတော်ကို ထမ်းရွက်ပြီးမှ ရနိုင်လိမ့်မယ်"

အကြီးအကဲချန်းမှာ အသက်ရှူမှားသွားကာ - "သစ္စာခံရုံတင် ရှိသေးတယ်၊ ဒီနတ်ဆေးလုံး သုံးမျိုးလုံး ရတာလား"

ထိုအချိန်တွင် သူကိုယ်တိုင်ပင် မဟာရှနိုင်ငံဆီ ပြေးသွားပြီး သစ္စာခံချင်စိတ်များ ပေါက်လာတော့သည်။

"ဒီဆေးလုံးတွေက ဆုလာဘ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်၊ တခြား ဆုလာဘ်တွေကလည်း ဒီဆေးလုံးတွေထက် မနိမ့်ဘူး"

"သူက တခြား ဘာတွေ ဆုချသေးလို့လဲ။ မြန်မြန် ပြောစမ်းပါဦး" အကြီးအကဲချန်းမှာ လောကြီးနေပြီ ဖြစ်သည်။

"အရှင်မင်းကြီးက နတ်ဘုရားအဆင့် သိုင်းကျင့်စဉ်တွေကိုလည်း ချီးမြှင့်သေးတယ်"

အကြီးအကဲချန်းမှာ မှင်တက်သွားကာ - "ဘာ…! မင်းကို သိုင်းကျင့်စဉ် ကျမ်းစာတွေပါ ပေးတယ် ဟုတ်လား"

"ဟုတ်တယ်"

ကျိုးတာ့အိုက ပြန်လည် အမှတ်ရဟန်ဖြင့် - "ယင်ကိုးပါးသိုင်းကျမ်း ၊ ယန်ကိုးပါးသိုင်းကျမ်း ၊ အကြောခြောက်သွယ် နတ်ဓားသိုင်း... အားလုံးပေါင်း ၂၀ ကျော်လောက် ရှိတယ်။ တစ်ခုချင်းစီက ငါတို့ရဲ့ 'နဂါးနိုင် လက်ဝါး' ထက် မနိမ့်ဘူး။ ငါဆိုရင် အကုန်လုံးကို သင်ချင်နေမိတာ"

"မင်း လိမ်နေတာပဲ၊ ငါ လုံးဝမယုံဘူး" အကြီးအကဲချန်းက နှာခေါင်းရှုံ့လိုက်သည်။

အမှန်စင်စစ် နတ်ဘုရားအဆင့် ပြိုင်ဘက်ကင်း သိုင်းကျမ်းများမှာ ဂိုဏ်းတစ်ခု၏ အခြေခံ အုတ်မြစ်များ ဖြစ်သည်။ သူဖုန်းစားဂိုဏ်းမှာပင် 'နဂါးနိုင် လက်ဝါး' နှင့် 'ခွေးရိုက်တုတ်' သိုင်းကျမ်းလောက်သာ နတ်ဘုရားအဆင့် ရှိသည်။ ရှောင်လင်နှင့် ဝူတန်တို့လို ရှေးဟောင်း ဂိုဏ်းကြီးများတွင်ပင် သိုင်းကျမ်း အနည်းငယ်သာ ရှိသည် မဟုတ်ပါလော။ အသစ်တည်ထောင်ထားသော အင်ပါယာတစ်ခုတွင် ဤမျှများပြားသော သိုင်းကျမ်းများ မည်သို့ရှိနိုင်မည်နည်း။

"မင်း မယုံဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင် လာကြည့်ရင် ငါပြောတာ အမှန်လား၊ အမှားလား သိရမှာပေါ့" ကျိုးတာ့အိုက လက်ကမ်းပေးလိုက်သည်။

အကြီးအကဲချန်းမှာ သံသယရှိနေသော်လည်း စပ်စုချင်စိတ်ကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူက ရှေ့သို့ လှမ်းတက်လာပြီး ကျိုးတာ့အို၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ စစ်ဆေးကြည့်လိုက်သည်။

ထိုခဏ၌ သူ၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး - "မင်းရဲ့ အကြောတွေနဲ့ အရိုးတွေက... ပြန်ပွင့်လာတာလား"

သိုင်းပညာတွင် ခန္ဓာကိုယ်မှာ အခြေခံဖြစ်ပြီး အရိုးအကြောများမှာ အဓိက သော့ချက်ဖြစ်သည်။ အသက်ကြီးလာပြီး အရိုးအကြောများ အသားကျသွားပါက တိုးတက်မှုနှုန်း ရပ်တန့်သွားလေ့ ရှိသည်။ ကျိုးတာ့အိုမှာ အသက် ၈၀ ကျော်နေပြီဖြစ်ရာ အရိုးအကြောများ အသားကျနေသည်မှာ ဆယ်စုနှစ်ချီနေပြီ ဖြစ်သော်လည်း ယခုအခါ ပြန်ပွင့်လာခြင်းမှာ မယုံနိုင်စရာပင်။ တစ်ခုခုကို လေ့ကျင့်ထားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

"မှန်တယ်"

ကျိုးတာ့အိုက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ဂုဏ်ယူစွာ ပြုံးလိုက်သည် - "ငါ အခု ယင်ကိုးပါးကျမ်းထဲက အရိုးအကြော ပြုပြင်တဲ့ ပညာရပ်ကို လေ့ကျင့်နေတာ။ ရက်အနည်းငယ်အတွင်းမှာတင် သိသိသာသာ ထူးခြားလာတယ်။ ဆက်ပြီး လေ့ကျင့်သွားရင် ငါ့ရဲ့ အရိုးအကြောတွေကို အသစ်ပြန်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ အဲဒီအခါကျရင် ငါ့ရဲ့ ခွန်အားကလည်း ထပ်တိုးလာပြီး ကောင်းကင်အဆင့် သိုင်းပညာရှင် အဆင့်ကို မြင်နိုင်ပြီပေါ့။ ဟားဟား..."

ထိုအချိန်တွင် အကြီးအကဲချန်းမှာ မနာလိုစိတ်ကြောင့် ရူးမတတ် ဖြစ်သွားတော့သည်။ သူသိထားသလောက် အရိုးအကြောကို ပြန်ပွင့်စေနိုင်သည့် ကျင့်စဉ်မှာ ရှောင်လင်ကျောင်းတော်၏ 'အကြောပြောင်းကျမ်း' နှင့် 'ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းကျမ်း' သာ ရှိသည်။ ယခု ယင်ကိုးပါးကျမ်းကလည်း ထိုသို့ လုပ်နိုင်သည်ဆိုလျှင် ၎င်းသည် နတ်ဘုရားအဆင့် သိုင်းကျမ်း မဟုတ်ရင် အဘယ်နည်း။

"အကြီးအကဲကျိုး... ကျေးဇူးပြုပြီး ဒီသိုင်းကျင့်စဉ်ကို ငါ့ကို သင်ပေးပါဦး"

အကြီးအကဲချန်းက စိတ်လှုပ်ရှားစွာဖြင့် - "မင်းသာ ငါ့ကို ဒီကျင့်စဉ် သင်ပေးမယ်ဆိုရင် မင်းခိုင်းတာ အကုန်လုပ်ပါ့မယ်"

ကျိုးတာ့အိုက ခေါင်းခါလိုက်ပြီး - "အဲဒါတော့ မရဘူး။ ငါ့သဘောနဲ့ငါ တိတ်တဆိတ် လက်ဆင့်ကမ်းခွင့် မရှိဘူး။ မင်းကိုယ်တိုင် အရှင်မင်းကြီးဆီမှာ သစ္စာခံပြီး ခွင့်ပြုချက်ရမှသာ သူက ဒီကျင့်စဉ်ကို ချီးမြှင့်မှာ"

"ကောင်းပြီ၊ ငါ အခုပဲ သစ္စာခံမယ်။ အရှင်မင်းကြီးကို ဂါရဝပြုဖို့ မဟာရှကို ဘယ်တော့ သွားကြမလဲ" အကြီးအကဲချန်းက မဆိုင်းမတွပင် ပြောလိုက်သည်။

သူ၏ ချက်ချင်းကြီး ပြောင်းလဲသွားသော သဘောထားကြောင့် ကျိုးတာ့အိုပင် မှင်တက်သွားရသည်။

"အကြီးအကဲချန်း... မင်းပဲ ပြောတော့ သူက ဧကရာဇ်၊ ငါတို့က သိုင်းလောကသားတွေမို့ လမ်းစဉ်ချင်း မတူဘူးဆို"

အကြီးအကဲချန်းက ချက်ချင်းပင် ဆင်ခြေပေးလိုက်သည် - "ငါ ပြောခဲ့တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ငါတို့က စိတ်တူကိုယ်တူတွေပဲလေ။ သူဖုန်းစားဂိုဏ်းဆိုတဲ့ နာမည်မှာ 'ဂိုဏ်း' ပါပေမဲ့ တကယ်တော့ ငါတို့က သူတောင်းစားတွေပဲ မဟုတ်လား။ အခြေခံအားဖြင့်တော့ ဘုရင်ရဲ့ လက်အောက်ခံတွေပါပဲ။ အရှင်မင်းကြီးဆီမှာ အမှုထမ်းတာ ဘာမှားလို့လဲ"

"အကြီးအကဲချန်း... မင်းပဲ ပြောတော့ သူက ဂိုဏ်းခေါင်းဆောင်ကို သတ်ထားတဲ့ မဟာရန်သူတော်ကြီးမို့ ခိုလှုံလို့ မဖြစ်ဘူးဆို"

အကြီးအကဲချန်းက ဆက်ပြီး ဆင်ခြေတက်ပြန်သည် - "ငါတို့မှာ သွေးကြွေးရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ရှေးလူကြီးတွေ ပြောသလိုပဲ 'ရန်ကို ရန်ချင်း မတုံ့ပြန်နဲ့' ဆိုတာ ရှိသားပဲ။ ရန်ငြိုးတွေက ဘယ်တော့မှ အဆုံးသတ်မှာလဲ။ ဒါကြောင့် အတိတ်က ကိစ္စတွေကို ဘေးဖယ်ထားပြီး ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲသင့်တယ်။ အရှင်မင်းကြီးဆီမှာ သစ္စာခံတာက ဒီရန်ငြိုးတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ ဒါကိုသာ ဂိုဏ်းခေါင်းဆောင် သိရင်လည်း သူ သေပျော်မှာပါ”

"အကြီးအကဲချန်း... မင်းပဲ ပြောတော့ ငါ ဘယ်လောက်ပြောပြော မင်း လုံးဝ သဘောမတူနိုင်ဘူးဆို"

အကြီးအကဲချန်းမှာ နောက်ထပ် ဆင်ခြေတစ်ခု ပေးပြန်သည် - "ပြဿနာက မင်းက တစ်သက်လုံး ထိုင်ပြောနေတာမှ မဟုတ်တာ။ မင်း ပြောတာ ရပ်သွားပြီဆိုတော့ ငါက သဘောတူလိုက်တာပေါ့၊ အဆင်ပြေတယ်မလား"

"အကြီးအကဲချန်း..."

အကြီးအကဲချန်းက ဒေါသထွက်ဟန်ဖြင့် - "တော်စမ်း..၊ အကြီးအကဲကျိုး... မင်း ဘယ်လောက်တောင် ပြောဦးမှာလဲ။ ငါက အရှင်မင်းကြီးအတွက် တစ်ခုခု စွမ်းဆောင်ပေးချင်နေတာကို မင်းက ဘာလို့ ထပ်ခါတလဲလဲ တားဆီးနေရတာလဲ။ မင်း ဘာရည်ရွယ်ချက် ရှိလို့လဲ။ အရှင်မင်းကြီးရဲ့ အစီအစဉ်တွေ ပျက်သွားရင် မင်း တာဝန်ယူနိုင်လား"

ကျိုးတာ့အို : "..."

တစ်ဖက်လူက ဤမျှအထိ ပြောလာမှတော့ ကျိုးတာ့အိုလည်း သဘောတူရုံမှတစ်ပါး အခြားမရှိတော့ပေ။ ကျိုးတာ့အိုက အကြီးအကဲချန်းကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူဖုန်းစားဂိုဏ်း၏ နာမည်ကျော် 'မြေခွေးအိုကြီး' ဟူသော ဂုဏ်သတင်းနှင့်အညီ အကျိုးအမြတ်ကို မြင်သည်နှင့် နောက်လှည့်မကြည့်ဘဲ အမြန်ဆုံး ခုန်ဝင်တော့သည်ပင်။

All Chapters