အခန်း (၃၁၀)
Vol. 28 Ch. 310
ထို့နောက် ကျန်ရှိနေသော အကြီးအကဲ ခုနစ်ဦးမှာလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
အကြီးအကဲချန်းမှာ ထိုသူများထံတွင်လည်း နတ်ဆေးလုံးနှင့် နတ်ဘုရားအဆင့် သိုင်းကျင့်စဉ်များ ရှိနေသည်ကို မြင်သောအခါ မနာလိုစိတ်ကြောင့် သွားရည် တမြားမြားဖြစ်လျက် မေးမြန်းရန်ပင် မစောင့်နိုင်တော့ဘဲ - "ကျုပ်တို့က အမြော်အမြင်ရှိလှပြီး စွမ်းအားကြီးမားတဲ့ အရှင်မင်းကြီးကို ဂါရဝပြုဖို့ မဟာရှကို ဘယ်တော့ သွားကြမှာလဲ" ဟု မေးလိုက်သည်။
"အရှင်မင်းကြီး" ဟု ခေါ်ဝေါ်လိုက်ပုံမှာ အလွန်ပင် ချောမွေ့လွန်းလှပေသည်။ ထို့ပြင် "အမြော်အမြင်ရှိပြီး စွမ်းအားကြီးမားသော" ဟူသည့် ဘွဲ့ထူးဂုဏ်ထူးများကိုပင် ထည့်သွင်းပြောဆိုသွားသေးသည်။
ဤမျှအထိ မြှောက်ပင်ဖားနားလုပ်နေသော အကြီးအကဲချန်းကို ကြည့်ပြီး ကျန်အကြီးအကဲ ရှစ်ဦးမှာလည်း မျက်နှာပျက်ကာ နှုတ်ခမ်းများပင် တွန့်သွားကြတော့သည်။
"အကြီးအကဲချန်း... အလောတကြီး မလုပ်ပါနဲ့ဦး"
ကျိုးတာ့အိုက ပြုံးလျက်ပြောလိုက်သည် - "ကျုပ်တို့မှာ တာဝန်ရှိသေးတယ်။ အရှင်မင်းကြီးက ကျုပ်တို့ကို တခြားအကြီးအကဲတွေကို သစ္စာခံလာအောင် စည်းရုံးဖို့နဲ့ သူဖုန်းစားဂိုဏ်းတစ်ခုလုံးကို သိမ်းပိုက်ဖို့ တာဝန်ပေးထားတာ"
"တာဝန်ပြီးမြောက်မှ ပြန်လို့ရမှာ။ အကြီးအကဲချန်းလည်း ကျုပ်တို့ကို ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရှင်မင်းကြီး သဘောကျသွားပြီဆိုရင်တော့ မင်းကို ထိုက်ထိုက်တန်တန် ဆုချမှာ မြေကြီးလက်ခတ်မလွဲပဲ"
"ဘာမှ ဆက်မပြောနဲ့တော့၊ ဘယ်သူပဲဖြစ်ဖြစ် အရှင်မင်းကြီးကို သစ္စာမခံဘူးဆိုရင် ငါနဲ့တွေ့မယ်၊ ငါကတော့ လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး" အကြီးအကဲချန်းက မျက်လုံးများ အရောင်တောက်လျက် ခက်ထန်စွာ ပြောလိုက်သည်။
ဤသို့ဖြင့် အကြီးအကဲချန်းသည်လည်း သူတို့အုပ်စုထဲသို့ ပါဝင်လာခဲ့သည်။
သူတို့အားလုံး စုပေါင်းပြီး ကျန်ရှိနေသော အကြီးအကဲများကို စည်းရုံးကြလေသည်။ အရာအားလုံးက ချောမွေ့နေပြီး တစ်ယောက်ပြီး တစ်ယောက် လင်းပိုင်ဖန်၏ လက်အောက်သို့ ရောက်ရှိလာကြသည်။
လဝက်ပင် မပြည့်သေးမီ သူဖုန်းစားဂိုဏ်း၏ အကြီးအကဲ ထက်ဝက်ကျော်မှာ လင်းပိုင်ဖန်၏ လူများ ဖြစ်ကုန်ကြပြီ ဖြစ်သည်။
ထို့နောက် သူတို့သည် လျှို့ဝှက်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြသည်။
ကျိုးတာ့အိုက စတင်စကားဆိုလိုက်သည် - "အခုဆိုရင် ငါအပါအဝင် အကြီးအကဲ ၁၈ ယောက်က အရှင်မင်းကြီးကို အမှုထမ်းဖို့ ဆုံးဖြတ်ပြီးပြီ၊ ကျန်တာက ၁၄ ယောက်ပဲ ရှိတော့တယ်"
"ဒါပေမဲ့ အဲဒီထဲမှာ ၈ ယောက်က ဂိုဏ်းခေါင်းဆောင်ဟောင်းအပေါ် အလွန်သစ္စာရှိသူတွေဖြစ်လို့ စည်းရုံးဖို့ ခက်လိမ့်မယ်။ ကျန်တဲ့ ၆ ယောက်ကတော့ ဒုတိယဂိုဏ်းခေါင်းဆောင်ရဲ့ လူယုံတွေဖြစ်လို့ သူတို့လည်း မလွယ်ဘူး"
"မိတ်ဆွေ အကြီးအကဲတို့... မင်းတို့ ဘယ်လိုထင်ကြလဲ"
အကြီးအကဲချန်းယွမ်က တက်ကြွစွာ အကြံပြုလိုက်သည် - "အဲဒီအကြီးအကဲ ၈ ယောက်က ဂိုဏ်းခေါင်းဆောင်ဟောင်း ကိုယ်တိုင် မြှောက်စားခဲ့တာဆိုတော့ သူတို့က သစ္စာအရှိဆုံးပဲ။ တကယ်လို့ ဒီကိစ္စ ပေါက်ကြားသွားရင် သူတို့က ခေါင်းဆောင်အတွက် သွေးကြွေးပြန်ဆပ်ဖို့ ကြိုးစားကြမှာပဲ။ ဒါကြောင့် ဒီသစ္စာရှိ အုပ်စုအတွက် ငါတို့မှာ နည်းလမ်းတစ်ခုပဲ ရှိတယ်... အဲဒါက သတ်ပစ်ဖို့ပဲ"
အကြီးအကဲတစ်ဦးက တွန့်ဆုတ်စွာဖြင့် - "သူတို့အားလုံးကို သတ်ပစ်ဖို့ကတော့ နှမြောစရာပဲ၊ ငါတို့တွေ အတူတူ ရှိလာခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီပဲကို..."
အကြီးအကဲချန်းက စိတ်မရှည်စွာဖြင့် - "မသတ်လို့ မရဘူး၊ သူတို့ကို ချန်ထားရင် နောင်ကျရင် ပြဿနာတွေပဲ အဖတ်တင်လာလိမ့်မယ်။ အကောင်းဆုံး နည်းလမ်းကတော့ သူတို့ မရိပ်မိခင်မှာပဲ အပြတ်ရှင်းပစ်ဖို့ပဲ။ မင်းတို့က အရှင်မင်းကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ သူဖုန်းစားဂိုဏ်းကို ပေးချင်လို့လား"
"အကြီးအကဲချန်း ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ငါထောက်ခံတယ်"
"ဒီလူတွေကို သတ်မှဖြစ်မယ်"
"ငါတို့ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို အပျက်စီးမခံနိုင်ဘူး"
နောက်ဆုံးတွင် အကြီးအကဲအားလုံးက ခေါင်းဆောင်ဟောင်း၏ လူယုံများအတွက် "သေ" ဟူသော ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်လိုက်ကြသည်။ အမြစ်ပြတ်ရှင်းပစ်မှသာ နောင်ရေး စိတ်အေးရမည် မဟုတ်ပါလော။
"ဒါဆို... ဒုတိယဂိုဏ်းခေါင်းဆောင်ရဲ့ အုပ်စုကိုရော ဘယ်လိုလုပ်မလဲ"
အကြီးအကဲချန်းကပင် ဦးစွာ စကားဆိုပြန်သည် - "ပထမဆုံးအနေနဲ့ ဒုတိယဂိုဏ်းခေါင်းဆောင်ကိုလည်း သတ်ရမယ်၊ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း ရည်မှန်းချက်ကြီးတဲ့သူပဲ။ ခေါင်းဆောင်ဟောင်းရဲ့ ခွန်အားကြောင့်သာ ငြိမ်နေခဲ့တာ၊ အခု ခေါင်းဆောင် မရှိတော့ဘူးဆိုရင် သူကတော့ အာဏာကို အရယူမှာပဲ။ ဒါကြောင့် ဒီလူက သေကိုသေရမယ်"
အကြီးအကဲအားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။
"သူ့လက်အောက်ကလူတွေထဲမှာတော့ အချို့ကို သတ်ပြီး အချို့ကိုတော့ စည်းရုံးလို့ရနိုင်တယ်။ ဒါကိုတော့ ငါတို့ သေချာစဉ်းစားရလိမ့်မယ်"
အစီအစဥ်ဆွဲပြီးသည်နှင့် အကြီးအကဲများ ချက်ချင်း လှုပ်ရှားကြတော့သည်။ သူတို့သည် ခေါင်းဆောင်ဟောင်း၏ လူယုံ အကြီးအကဲများကို တစ်ယောက်ချင်းစီ အပြင်သို့ မြှူထုတ်ကာ အင်အားသုံး၍ ဝိုင်းဝန်းသတ်ဖြတ်ကြသည်။
သေခါနီးအချိန်အထိ ထိုအကြီးအကဲများမှာ သူတို့၏ လုပ်ဖော်ကိုင်ဖက်များက ဘာကြောင့် သူတို့ကို သတ်ရသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ကြဘဲ အသက်ပျောက်ကာ ခေါင်းဆောင်ဟောင်းရှိရာသို့ လိုက်သွားကြရရှာသည်။
နောက်တစ်ဆင့်အနေဖြင့် သူတို့သည် ဒုတိယဂိုဏ်းခေါင်းဆောင် "ဝမ်ထုံကျန်း" ကို ရှင်းပစ်ရန် ပြင်ဆင်ကြသည်။ ဝမ်ထုံကျန်းသည် အင်ပါယာချီအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
သူသည် သိုင်းပညာတင်မကဘဲ စီမံခန့်ခွဲမှုတွင်လည်း ထူးချွန်သူဖြစ်ကာ သူဖုန်းစားဂိုဏ်း၏ အတွင်းရေး ကိစ္စအားလုံးကို အမြဲတမ်း စနစ်တကျ ရှိအောင် ထိန်းသိမ်းထားနိုင်သူဖြစ်သည်။ ခေါင်းဆောင်ဟောင်းက အပြင်ကိစ္စကို စီမံလျှင် သူက အတွင်းရေးကို တာဝန်ယူရသူပင် ဖြစ်သည်။ သို့သော် ခွန်အားချင်း ယှဉ်ပါက ခေါင်းဆောင်ဟောင်းကို မမီသဖြင့် ဒုတိယနေရာတွင်သာ နေခဲ့ရခြင်းဖြစ်သည်။
တစ်နေ့တွင် ကျိုးတာ့အိုက ဝမ်ထုံကျန်းကို လူသူမနီးသည့် တောအုပ်တစ်ခုသို့ ဖိတ်ခေါ်လိုက်သည်။
"အကြီးအကဲကျိုး... မင်း ငါ့ကို ဒီနေရာအထိ ဘာလို့ ခေါ်တာလဲ" ဝမ်ထုံကျန်းက အံ့သြစွာ မေးလိုက်သည်။
ကျိုးတာ့အိုက လေးနက်သောမျက်နှာထားဖြင့် ဂါရဝပြုကာ - "ဒုတိယဂိုဏ်းခေါင်းဆောင်ကို အစီရင်ခံစရာ ရှိလို့ပါ။ ဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စပဲ"
"ဂိုဏ်းခေါင်းဆောင်က ဘာဖြစ်လို့လဲ" ဝမ်ထုံကျန်းမှာ ထိတ်လန့်သွားပြီး "ခေါင်းဆောင် ပျောက်နေတာ တစ်လရှိပြီ။ ငါ မင်းကို မဟာရှနိုင်ငံဆီ သွားစုံစမ်းခိုင်းထားတာ ဘာသတင်းရလဲ"
"အခြေအနေက အတော်လေး ဆိုးတယ်၊ ကြည့်လိုက်ပါဦး" ကျိုးတာ့အိုက ရှေ့သို့တိုးကာ အထုပ်တစ်ထုပ်ကို ကမ်းပေးလိုက်သည်။
ဝမ်ထုံကျန်းက ဖွင့်ကြည့်လိုက်ရာ ဖြူဖျော့နေသော လူခေါင်းတစ်လုံးကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားပြီး - "အမ်...၊ ဒါခေါင်းဆောင်ပဲ…၊ ဒါက ဘယ်လိုလုပ်ပြီး..."
ထိုအခိုက်တွင် ကျိုးတာ့အိုက မထင်မှတ်ဘဲ ဝမ်ထုံကျန်း၏ ဝမ်းဗိုက်သို့ လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။ သို့သော် ဝမ်ထုံကျန်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ အတွင်းအားဖြင့် ခုခံကာ ကျိုးတာ့အိုကို ပေအနည်းငယ်အကွာသို့ တွန်းထုတ်လိုက်သည်။
ယခုအခါ အံ့သြရသူမှာ ကျိုးတာ့အို ဖြစ်သွားသည် - "မင်းက ဘယ်လိုလုပ်..."
"ဟ...! ငါက ကြိုတင်သတိထားနေလို့ပေါ့"
ဝမ်ထုံကျန်းက နှာခေါင်းရှုံ့လျက် - "မင်း ပြန်ရောက်လာကတည်းက အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားတာ။ အဲဒီလူတွေအားလုံးက ခေါင်းဆောင်ဟောင်းရဲ့ လူတွေချည်းပဲဆိုတာ ငါ သတိထားမိခဲ့တာ ကြာပြီ"
"ဒုတိယဂိုဏ်းခေါင်းဆောင်ဆိုတဲ့အတိုင်းပဲ၊ လေးစားပါတယ်" ကျိုးတာ့အိုက ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ထုံကျန်းက ကျယ်လောင်စွာ ဟောက်လိုက်သည် - "ပြောစမ်း.. မင်း ဘာလို့ ငါနဲ့ တခြားအကြီးအကဲတွေကို လုပ်ကြံရတာလဲ။ ပြီးတော့ ခေါင်းဆောင် ဘယ်လိုသေခဲ့တာလဲ။ အမှန်အတိုင်း အကုန်ပြောစမ်း"
"ဘာလို့လဲဆိုတော့ မင်းတို့အားလုံး သေဖို့ လိုအပ်နေလို့ပဲ"
ကျိုးတာ့အိုက အကြောင်းစုံကို အတိုချုပ် ရှင်းပြလိုက်သည်။
ဝမ်ထုံကျန်းက နားထောင်ပြီးနောက် ဒေါသတကြီးဖြင့် - "ကောင်းပြီ... ကျိုးတာ့အို။ ငါတို့ဂိုဏ်းခေါင်းဆောင်က မဟာရှလက်ထဲမှာ သေခဲ့ရတာ၊ သူက ငါတို့ရန်သူပဲ။ အခု မင်းက ရန်သူ့ဘက်ကနေ ရပ်တည်နေတာလား။ ဒါက ကိုယ့်နိုင်ငံကို ရောင်းစားပြီး ရန်သူကို အဖေခေါ်နေတာပဲ မဟုတ်လား"
ကျိုးတာ့အိုက အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး - "မှန်ပါတယ်၊ ဒါက မှားနေတာပဲ။ ဒါပေမဲ့ ခေါင်းဆောင်က သူ့အပြစ်နဲ့သူ သေခဲ့တာ။ သူက မဟာရှရဲ့ စားနပ်ရိက္ခာတွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။ တကယ်လို့ သူ အောင်မြင်သွားရင် အပြစ်မဲ့တဲ့ ပြည်သူ ဘယ်လောက်တောင် ငတ်ပြတ်ပြီး သေကြရမလဲ။ သူက သိုင်းလောကရဲ့ ကျင့်ဝတ်ကို အရင်ချိုးဖောက်ခဲ့တာမို့ သေထိုက်တယ်။ ဒါက ဘယ်သူ့အပြစ်မှ မဟုတ်ဘူး၊ အရှင်မင်းကြီးရဲ့ အပြစ်လည်း မဟုတ်ဘူး"
"ကောင်းပြီ... အဲဒါက အဓိပ္ပာယ်ရှိတယ်ပဲ ထားဦး၊ အဆိုးဆုံးအနေနဲ့ မဟာရှနဲ့ အဆက်အသွယ် ဖြတ်လိုက်ရင် ရတာပဲ။ ဒါပေမဲ့ မင်းက သူတို့ဘက်ကိုပါ ကူးသွားတယ်ဆိုတော့ မင်းရဲ့ သိက္ခာတရားတွေကို ခွေးစားသွားပြီလား။ အဲဒီ စည်းစိမ်ဥစ္စာတွေက မင်းအတွက် ဒီလောက်တောင် အရေးကြီးနေလို့လား" ဟု ဝမ်ထုံကျန်းက အော်ဟစ်လိုက်သည်။
"ငါ အရှင်မင်းကြီးဆီမှာ ခိုလှုံတာက ငါ့အတွက်တင် မဟုတ်ဘူး၊ သူဖုန်းစားဂိုဏ်းက ညီအစ်ကိုတွေ အားလုံးအတွက်ပဲ"
ကျိုးတာ့အိုက သက်ပြင်းချကာ - "ငါတို့ သူဖုန်းစားဂိုဏ်းက သိုင်းလောကမှာ အင်အားကြီးတယ်ဆိုပေမဲ့ တကယ်တော့ ငါတို့အားလုံးက သနားစရာကောင်းတဲ့ သူတောင်းစားတွေပဲ မဟုတ်လား။ ငတ်ပြတ်ပြီး ခက်ခက်ခဲခဲ ရှင်သန်နေရတာပဲ"
"ညီအစ်ကိုတွေအတွက် တကယ်ကို ခက်ခဲလွန်းတယ်၊ ငါတို့ အကြီးအကဲတွေက သူတို့ရဲ့ ဘဝကို ဘာမှ မပြောင်းလဲပေးနိုင်ဘူး။ ဒါကို မြင်တိုင်း ငါ အားငယ်ပြီး အပြစ်မကင်းသလို ခံစားရတယ်"
"ဒါပေမဲ့ သူဖုန်းစားဂိုဏ်းသာ အရှင်မင်းကြီးရဲ့ လက်ထဲရောက်သွားရင် မတူတော့ဘူး"
ကျိုးတာ့အို၏ မျက်လုံးများ အရောင်တောက်လာပြီး - "အရှင်မင်းကြီးမှာ 'လောကမှာ သူတောင်းစား မရှိစေရ' ဆိုတဲ့ မြင့်မြတ်တဲ့ ရည်မှန်းချက်ရှိတယ်။ သူက အဲဒါကို လက်တွေ့လည်း အကောင်အထည်ဖော်နေတာ"
"ဒါကြောင့် ဂိုဏ်းကို သူ့လက်အပ်လိုက်ရင် ငါတို့ညီအစ်ကိုတွေ အားလုံးရဲ့ ရှေ့ရေး ကောင်းသွားလိမ့်မယ်။ ဒါကြောင့် ငါ အရှင်မင်းကြီးဆီမှာ သစ္စာခံတာဟာ ဂိုဏ်းအတွက်ပဲ"
ဝမ်ထုံကျန်းက နှာခေါင်းရှုံ့လိုက်ကာ - "မင်း ဘယ်လောက်ပဲ ကောင်းအောင် ပြောပြော၊ ဂိုဏ်းကို သစ္စာဖောက်တာကတော့ အမှန်တရားပဲ။ ငါကတော့ မင်းကို အပြစ်ပေးရလိမ့်မယ်"
"ဒုတိယဂိုဏ်းခေါင်းဆောင်... မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား" ကျိုးတာ့အိုက ဆိုလိုက်သည်။
"ဘာလဲ... မင်းရဲ့ ခွန်အားလောက်နဲ့ ငါ့ကို တားနိုင်မယ် ထင်နေတာလား" ဝမ်ထုံကျန်းက ပြန်ခနဲ့လိုက်သည်။
ထိုစဥ် ကျိုးတာ့အိုက ကောင်းကင်သို့ မီးရှူးမီးပန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ခဏအကြာတွင်ပင် လေတိုးသံများနှင့်အတူ သူဖုန်းစားဂိုဏ်း အကြီးအကဲ တစ်ဒါဇင်ကျော်မှာ ကိုယ်ဖော့ပညာများဖြင့် ရောက်ရှိလာကြပြီး ဝမ်ထုံကျန်းကို ဝိုင်းရံထားလိုက်ကြသည်။