← Chapters

အခန်း (၃၀၂)

Vol. 28 Ch. 302

အခန်း (၃၀၂)

Vol. 28 Ch. 302

"ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ" သူဖုန်းစားဂိုဏ်း၏ အကြီးအကဲ ရှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ညီညာစွာ အော်ဟစ်လိုက်ကြပြီး သစ္စာတော်ခံယူလိုက်ကြတော့သည်။

“ဒင်! ကစားသမား၏ နိုင်ငံတော်အင်အား တိုးတက်လာမှုကြောင့် သင်၏ ခွန်အားမှာလည်း လိုက်လျောညီထွေစွာ တိုးမြင့်လာခဲ့သည်။ ဆုလာဘ်အဖြစ် 'ကရုဏာဓားကျမ်း' ကို ချီးမြှင့်လိုက်သည်”

'ကရုဏာဓားကျမ်း' သည် လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာရှင်ကြီးတစ်ဦး ဖန်တီးခဲ့သည့် အံ့မခန်း ဓားသိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းကျမ်းသည် 'ချီစွမ်းအင်သည် စိတ်ဝိညာဉ်နှင့် နှလုံးသားကို လွှမ်းမိုးခြင်း' ဆိုသည့် အဓိက အခြေခံမူ ၅ ချက်ပေါ်တွင် အခြေခံထားပြီး 'သက်တံရှည်ဓားချီ'၊ 'မြေကမ္ဘာကို လွှမ်းမိုးသောဓား'၊ 'စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံသော ဓားဝိညာဉ်'၊ 'အတ္တမဲ့ဓားနတ်ဘုရား' နှင့် 'ဓားနှလုံးသား နိုးကြားခြင်း' တို့ပင် ဖြစ်ကြသည်။

ထိုအံ့မခန်းဓားသိုင်းကျမ်း၏ အသိပညာဗဟုသုတများမှာ လင်းပိုင်ဖန်၏ စိတ်အာရုံထဲသို့ တစ်စီးတစ်သန့်တည်း စီးဝင်လာတော့သည်။

ခဏတာအတွင်းမှာပင် သူသည် ထိုပညာရပ်အားလုံးကို ကျွမ်းကျင်သွားခဲ့ပြီး အမြင့်ဆုံးအဆင့်ဖြစ်သော 'ဓားနှလုံးသား နိုးကြားခြင်း' အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ စွမ်းအားများသည်လည်း နောက်တစ်ကြိမ် ထပ်မံတိုးမြင့်သွားပြန်သည်။

"တကယ့်ကို အကျိုးအမြတ်များတဲ့ ရလဒ်ပဲ" လင်းပိုင်ဖန်က ပြုံးလျက် ရေရွတ်လိုက်သည်။

သူ့အတွက် သိပ်အရေးမပါလှသော အရာအချို့ကို ပေးကမ်းလိုက်ရုံဖြင့် ချီဖွဲ့တည်ခြင်းအဆင့်ရှိ အကြီးအကဲ ၈ ဦး၏ သစ္စာရှိမှုကို ရရှိခဲ့ရုံသာမက 'သက်ရှည်ကျင့်စဉ်' ထက်ပင် မလျော့သော ထိပ်တန်းသိုင်းကျမ်းသစ် တစ်အုပ်ကိုပါ ရရှိခဲ့သည်။ ဤသည်မှာ အလွန်ပင် တွက်ခြေကိုက်လှသော အလဲအလှယ်ပင် ဖြစ်သည်။

"ဟားဟား... အကြီးအကဲတို့... မောင်မင်းတို့က သိပ်ကို ယဉ်ကျေးလွန်းနေပါပြီ။ ဒီနေ့ကစပြီး ငါကိုယ်တော်တို့ အားလုံးဟာ မိသားစုတွေပဲ၊ ကဲ... ထိုင်ကြပါဦး" လင်းပိုင်ဖန်က အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" အကြီးအကဲများလည်း နေရာယူလိုက်ကြသည်။

ထိုစဉ် အကြီးအကဲတစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည် - "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို ခိုင်းစရာများ ရှိပါသလား။ မိန့်တော်မူရုံပါပဲ၊ ကျွန်တော်မျိုးတို့ဟာ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ၊ ဓားတောင်ပဲ ကျော်ရကျော်ရ ဘယ်တော့မှ နောက်တွန့်မှာ မဟုတ်ပါဘူး"

အခြားအကြီးအကဲများကလည်း ဝိုင်းဝန်း ထောက်ခံလိုက်ကြသည်။

"ဘုရင့်ရဲ့ ဆန်ကိုစားရင် ဘုရင့်ရဲ့ ပူပန်မှုကို ကူရမယ်လို့ ဆိုရိုးရှိပါတယ်။ ဒီလောက် ကောင်းမွန်တဲ့ ဆုလာဘ်တွေကို ရရှိထားပြီးပြီဆိုမှတော့ ကျွန်တော်မျိုးတို့ဟာ အရှင်မင်းကြီးအတွက် မြင်းလို၊ ခွေးလို အပင်ပန်းခံ အမှုတော်ထမ်းဖို့ အသင့်ပါပဲ"

"အရှင်မင်းကြီး... အမိန့်ပေးတော်မူပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားပါ့မယ်"

ဤမျှ အဖိုးတန်သော အရာများကို လက်ခံရရှိထားသော်လည်း အပြန်အလှန်အားဖြင့် ဘာမှ မလုပ်ပေးရသေးသည့်အတွက် အကြီးအကဲများမှာ စိတ်ထဲတွင် အားနာသလို ခံစားနေရသည်။ ထို့ကြောင့် သူတို့သည် လင်းပိုင်ဖန်အတွက် တစ်ခုခုကို အမြန်ဆုံး လုပ်ပေးချင်နေကြတော့သည်။ ၎င်းအပြင် အမှုတော်ကို ကောင်းကောင်းထမ်းဆောင်နိုင်ပါက ရွှေငွေရတနာများ၊ ရာထူးများ၊ လျှို့ဝှက်သိုင်းကျမ်းများနှင့် နတ်ဆေးလုံး၊ နတ်လက်နက်များကိုပါ ထပ်မံရရှိနိုင်ဦးမည် မဟုတ်ပါလော။

လင်းပိုင်ဖန်က အကြီးအကဲများ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည် - "အကြီးအကဲတို့... မလောကြပါနဲ့ဦး။ အခုလောလောဆယ်တော့ မောင်မင်းတို့ကို အပ်နှံချင်တဲ့ အရေးကြီးတဲ့ အလုပ်တစ်ခု ရှိတာတော့ အမှန်ပဲ။ ဒီအလုပ်က မင်းတို့အတွက်တော့ ရိုးရှင်းပေမဲ့ သေချာလုပ်နိုင်ရင်တော့ တကယ့်ကို ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ဖြစ်လာလိမ့်မယ်"

မိမိတို့အတွက် ရိုးရှင်းပြီး အောင်မြင်ပါက ကြီးမားသော အကျိုးကျေးဇူးရမည့် အလုပ်တဲ့လား? အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ဝမ်းသာအားရ ကြည့်လိုက်ကြပြီး - "အရှင်မင်းမြတ်... အမိန့်ပေးတော်မူပါ"

"ငါကိုယ်တော်ရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ မောင်မင်းတို့ သိကြသလား" လင်းပိုင်ဖန်က မေးလိုက်သည်။

"ကျွန်တော်မျိုးတို့ မသိပါဘူး အရှင်မင်းကြီး... မိန့်တော်မူပါဦး"

"ငါ့ရဲ့ ရည်မှန်းချက်ကတော့..." လင်းပိုင်ဖန်က သူ၏ ဦးခေါင်းကို မော့လိုက်ပြီး မြင့်မြတ်သော အမူအရာဖြင့် - "...ဒီလောကကြီးမှာ သူတောင်းစား မရှိတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ပဲ"

"သူတောင်းစားမရှိတဲ့ ကမ္ဘာ ဟုတ်လား" အကြီးအကဲများ ဇဝေဇဝါ ဖြစ်သွားကြသည်။

"ငါကိုယ်တော်က သူတောင်းစားတွေ မရှိဘဲ ပြည်သူတွေအားလုံး ဝတ်ကောင်းစားလှတွေ ဝတ်နိုင်၊ စားကောင်းသောက်ဖွယ်တွေ စားနိုင်ပြီး အားလုံး အေးအေးချမ်းချမ်းနဲ့ အလုပ်အကိုင် အခြေတကျ ရှိနိုင်မယ့် ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ချင်တာ"

ထို့နောက်တွင် လင်းပိုင်ဖန်သည် အကြီးအကဲ လိုင် ကို စည်းရုံးခဲ့စဉ်က ပြောခဲ့သည့် စကားများအတိုင်း ထိုအကြီးအကဲများကိုပါ ဆက်လက်စည်းရုံးလိုက်သည်။ လင်းပိုင်ဖန်၏ စကားများကို နားထောင်ပြီးနောက် သူဖုန်းစားဂိုဏ်း အကြီးအကဲများမှာ ထိုရည်မှန်းချက်သည် အိပ်မက်တစ်ခုလို ဖြစ်နိုင်ခြေနည်းသည်ဟု ထင်ရသော်လည်း အရှင်မင်းကြီး၏ မြင့်မြတ်သော စိတ်ထားနှင့် ခိုင်မာသော ယုံကြည်ချက်ကြောင့် စိတ်လှုပ်ရှားကာ ကြည်ညိုလေးစားသွားကြတော့သည်။

အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် စကားသက်သက် ပြောနေခြင်း မဟုတ်ဘဲ သူ၏ တိုင်းပြည်အတွင်းမှာပင် သူတောင်းစားများ မရှိတော့အောင် လက်တွေ့ ဖန်တီးပြထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဤအချက်ကပင် သူ့ကို အခြားသော ဧကရာဇ်များထက် ပိုမိုထူးကဲစေသည်။

"အကြီးအကဲတို့... မောင်မင်းတို့ရဲ့ သူဖုန်းစားဂိုဏ်းဝင် ညီအစ်ကိုတွေကိုလည်း အခုလို ကောင်းမွန်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်စေချင်မှာပဲ မဟုတ်လား" လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။

"ဒါပေါ့... အရှင်မင်းကြီး... ဒါဟာ ကျွန်တော်မျိုးတို့ ဂိုဏ်းအကြီးအကဲတွေရဲ့ တာဝန်ပဲ မဟုတ်လား" အကြီးအကဲများက မဆိုင်းမတွ ပြန်ဖြေလိုက်ကြသည်။

"အခု အခွင့်အရေးက ရောက်လာပြီ" လင်းပိုင်ဖန်က ဆိုလိုက်သည်။ "ငါကိုယ်တော်ပေးမယ့် တာဝန်ကတော့... သူဖုန်းစားဂိုဏ်းဝင်တွေကို တတ်နိုင်သမျှ များများ 'မဟာရှ' နိုင်ငံကို ခေါ်ဆောင်လာဖို့ပဲ။ ဒီကိုရောက်လာရင် သူတို့ဟာ ကိုယ့်လက်၊ ကိုယ့်ခြေနဲ့ကိုယ် ဆင်းရဲတွင်းက လွတ်အောင် ရုန်းထွက်နိုင်ပြီး သူတို့ အလိုရှိတဲ့ ဘဝကို တည်ဆောက်နိုင်လိမ့်မယ်။ ဒီနည်းနဲ့ ဂိုဏ်းသားတွေအားလုံး ဘဝကောင်းကို ပိုင်ဆိုင်နိုင်ကြမှာဖြစ်သလို မင်းတို့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ကြမှာပဲ"

"ဒါကတော့..." အကြီးအကဲများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ဂိုဏ်းသားအားလုံးကို မဟာရှနိုင်ငံသို့ ခေါ်ဆောင်လာလျှင် ဆင်းရဲတွင်းက လွတ်နိုင်သည်မှာ အမှန်ဖြစ်သော်လည်း ထိုသို့ဆိုလျှင် သူဖုန်းစားဂိုဏ်းကြီး ပျက်စီးသွားနိုင်သည် မဟုတ်ပါလော။ သူတို့သည် ဂိုဏ်းအတွက် သူတို့ဘဝ၏ အချိန်အတော်များများကို ပေးဆပ်ခဲ့ကြသူများဖြစ်ရာ ဂိုဏ်းကို သံယောဇဉ်ကြီးလှသည်။ သစ္စာပြောင်းလိုက်သည်မှာ မှန်သော်လည်း ဂိုဏ်းကြီး ပျက်စီးသွားမည်ကိုမူ မမြင်လိုကြပေ။

ထိုအခါ လင်းပိုင်ဖန်က ရယ်မောလျက် - "အဲဒီကိစ္စကို ငါကိုယ်တော် စဉ်းစားပြီးသားပါ။ ဂိုဏ်းသားတွေကို နှစ်စုခွဲလို့ရတာပဲ။ တစ်စုက မဟာရှနိုင်ငံကိုလာပြီး ဘဝသစ်ထူထောင်မယ်၊ ကျန်တဲ့တစ်စုကတော့ သူဖုန်းစားဂိုဏ်းအနေနဲ့ပဲ ဆက်လက် ရှင်သန်မယ်။ ဂိုဏ်းမှာ ကျန်ခဲ့တဲ့သူတွေထဲကမှ ငါကိုယ်တော်အတွက် အမှုတော်ကို ကောင်းကောင်းထမ်းဆောင်တဲ့သူတွေကိုလည်း ငါကိုယ်တော်က ဆုလာဘ်တွေ ထိုက်ထိုက်တန်တန် ချီးမြှင့်မှာပါ"

လင်းပိုင်ဖန်သည် သူဖုန်းစားဂိုဏ်း၏ ကြီးမားသော ဩဇာအာဏာကို လက်လွှတ်ခံမည် မဟုတ်ပေ။ ဂိုဏ်းချုပ် မရှိတော့သဖြင့် အင်အား အနည်းငယ် လျော့သွားနိုင်သော်လည်း သူဖုန်းစားဂိုဏ်း၏ အားသာချက်မှာ ကမ္ဘာအနှံ့တွင် ပျံ့နှံ့နေသော ဂိုဏ်းသား သန်း ၂၀ ကျော် ရှိနေခြင်းပင် ဖြစ်သည်။ သတင်းအချက်အလက် ရယူရာတွင် သူတို့ကို မည်သူမျှ မယှဉ်နိုင်ပေ။

လင်းပိုင်ဖန်၏ အကြံအစည်ကို ကြားသောအခါ အကြီးအကဲများမှာ ကန့်ကွက်စရာ မရှိတော့ပေ။ ဘဝသစ်ကို လိုချင်သူက မဟာရှနိုင်ငံသို့ လာနိုင်ပြီး၊ ဂိုဏ်းမှာ ဆက်နေချင်သူကလည်း အရှင်မင်းကြီးထံမှ ဆုလာဘ်များ ရနိုင်ဦးမည်ဆိုလျှင် နှစ်ဖက်စလုံးအတွက် အဆင်ပြေလှသည် မဟုတ်ပါလော။

"ပြီးတော့ တခြား အကြီးအကဲတွေကိုလည်း ငါကိုယ်တော့် ဘက်ပါလာအောင် စည်းရုံးပေးကြဦး။ ငါကိုယ်တော်အတွက် အမှုတော်ထမ်းရွက်မယ့် သူတွေကို ငါကိုယ်တော်က ဘယ်တော့မှ လက်တွန့်မှာ မဟုတ်ဘူး" လင်းပိုင်ဖန်က ထပ်လောင်းပြောလိုက်သည်။

ကမ္ဘာ့အကြီးဆုံးဂိုဏ်းကြီး ဖြစ်သဖြင့် ' ချီဖွဲ့တည်ခြင်း' အဆင့် သိုင်းပညာရှင် ၃၀ ကျော် ရှိနေသည်။ ထိုသူများသာ လင်းပိုင်ဖန်၏ လက်အောက်သို့ ရောက်လာလျှင် မဟာရှနိုင်ငံ၏ အင်အားမှာ မည်မျှ ကြီးမားသွားမည်နည်း။

အကြီးအကဲများသည်လည်း ဝါရင့်သိုင်းသမားများဖြစ်ရာ လင်းပိုင်ဖန်၏ ဆိုလိုရင်းကို ကောင်းကောင်း နားလည်ကြသည်။ သူသည် သူဖုန်းစားဂိုဏ်းတစ်ခုလုံးကို သိမ်းသွင်းလိုနေခြင်းပင် ဖြစ်သည့။ သို့သော် ၎င်းသည် ဂိုဏ်းအတွက် မဆိုးလှပေ။ ဂိုဏ်းချုပ် သေဆုံးသွားသည့် သတင်းသာ ပေါက်ကြားသွားပါက ဂိုဏ်းမှာ ပြိုကွဲပြီး အခြားရန်သူများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်ရာ အင်အားကြီးသော ကျောထောက်နောက်ခံတစ်ခု လိုအပ်နေသည်။

လင်းပိုင်ဖန်သည် ချမ်းသာကြွယ်ဝပြီး အင်အားကြီးသော ဧကရာဇ်ဖြစ်သလို ပြိုင်ဘက်ကင်း ဓားသိုင်းပညာကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏ အကာအကွယ်အောက်တွင် ဂိုဏ်းမှာ ဘေးကင်းနိုင်သလို အကြီးအကဲများအတွက်လည်း ရာထူး၊ အာဏာနှင့် အဖိုးတန်သိုင်းကျမ်းများ၊ ဆေးလုံးများကို ဆက်လက် ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စပင် ဖြစ်နေတော့သည်။

All Chapters