← Chapters

သင့်တော်တဲ့ဈေးနှုန်း

Vol. 9 Ch. 137

သင့်တော်တဲ့ဈေးနှုန်း

Vol. 9 Ch. 137

အရုဏ်ဦးရောင်ခြည်တန်းလေးများက ပင်လယ်ပြင်ပေါ် ဖြန့်ကျက်ထားပြီး ခံ့ညားတည်ငြိမ်သော ရွှီချင်းအပေါ်သို့လည်း ဖြာကျနေသည်။

ရွှီချင်းက အသက်ဝဝရှူသွင်းလိုက်သည်။ မိုးသောက်ယံ ရောက်သည်နှင့် ပင်လယ်အောက်ခြေမှ ထိုကြောက်မက်ဖွယ်သတ္တဝါကြီးက သူ့မြင်ကွင်းမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

နဂါးလှည်းပိုင်ရှင်ကို မဆိုထားဘိ ထိုဧရာမလူ့ဘီလူးကြီးက ဘာကောင်လဲဆိုသည်ကိုပင် ရွှီချင်း မသိချေ။ ပင်လယ်မှတ်တမ်းထဲတွင်လည်း ဖော်ပြမထားပေ။ သို့သော်လည်း ထိုဧရာမလူ့ဘီလူးကြီးအား အဝေးမှ ကြည့်ရုံဖြင့်ပင် သူ တုန်လှုပ်ချောက်ချားသွားရသည်။ ပင်လယ်အောက်ခြေက ထိုဧရာမသတ္တဝါကြီးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းနေမည်ကို စိတ်ကူးဖြင့်ပင် မှန်းဆကြည့်နိုင်သည်။

ထိုကဲ့သို့ အစွမ်းထက်သော သတ္တဝါကြီးအား နဂါးလှည်းကို ဆွဲခိုင်းစေသည်မှာ ထိုနဂါးလှည်းပိုင်ရှည်က မည်မျှ ကြီးကျယ်မြင့်မြတ်နေမည်ကို ရွှီချင်း မခန့်မှန်းတတ်ပေ။

ကံကောင်းထောက်မ၍ ထိုလူ့ဘီလူးကြီး၌ ဆိုးယုတ်သောစိတ်ထားများ ရှိနေဟန်မတူပေ။ သို့တည်းမဟုတ် ၎င်း၏အမြင်တွင် ရွှီချင်းက ဘာမှအရေးမပါဟန် ထင်နေသည်လည်း ဖြစ်ပေမည်။

“ တားမြစ်ပင်လယ် …”

ရွှီချင်း တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများထဲ သတိထားနေသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤတားမြစ်ပင်လယ်ထဲတွင် အန္တရာယ်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်ကို သူ ခံစားသိရှိနေသည်။ နောက်ရက်များတွင် သူသည် ပို၍ သတိထားလာပြီး ရေကြောင်းပြမြေပုံမှ လမ်းကြောင်းအတိုင်း တသွေမတိမ်း သွားလေသည်။

လျှပ်တစ်ပြက်အတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။

ထိုရက်များအတွင်း မည်သည့်သတ္တဝါကိုမျှ ရွှီချင်း မမြင်ခဲ့ရဘဲ တားမြစ်ပင်လယ်နှင့် တစတစ အသားကျလာခဲ့သည်။ ပင်လယ်သတ္တဝါများကို သူ ပို၍ ကြုံတွေ့လာရပြီး ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ရသည်။

သူ တိုက်ခိုက်ခဲ့သည့်အခါတိုင်း ကုန်ကြမ်းပစ္စည်းအနည်းအကျဉ်း ရခဲ့သည်။ သူ၏တားမြစ်ပင်လယ် ဝေလနဂါးကြီးသည်လည်း တိုက်ပွဲများတွင် များစွာ အထောက်အကူပေးခဲ့သည်။ ယင်းအပြင် ထိုတိုက်ပွဲများကြောင့် ပင်လယ်ထဲတွင် တိုက်ခိုက်ရသည့်အပေါ် သူ ပို၍ အသားကျလာခဲ့သည်။

ဧရာမလူ့ဘီလူးကြီးကဲ့သို့ ကြောက်မက်ဖွယ်သတ္တဝါများကို ရွှီချင်း နောက်တစ်ခေါက် မကြုံရတော့ပေ။

မွန်းလွဲပိုင်းနေမင်းကြီးက အရှိန်တညီးညီး ပူပြင်းနေပြီး ပင်လယ်လေပြေက အပူဓာတ်ကို ဆောင်ကြဉ်းသွား၏။ ကျင့်ကြံခြင်းကို နားလိုက်ပြီဖြစ်သော ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ အကာအကွယ်အလွှာမှတစ်ဆင့် အဝေးသို့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

သူ၏ပန်းတိုင်က အနောက်ဘက်ကျောက်တန်းကျွန်းစုဖြစ်ပြီး ပင်လယ်ဖွတ်ကျွန်းက ထိုကျွန်းစုနောက်တွင် တည်ရှိသည်။ ရေကြောင်းပြမြေပုံတွင် ဖော်ပြချက်အရ ထိုနေရာသို့ ရောက်ရန် ခုနစ်ရက် လိုသေးသည်။

လက်ရှိသူရောက်နေသော နေရာသည် ရေကြောင်းပြမြေပုံအရ အနောက်ဘက်ကျောက်တန်းကျွန်းစုသို့ သွားသည့် ဘေးကင်းသောလမ်းကြောင်းတွင် တည်ရှိသည်။ သို့သော်လည်း သူ နီးကပ်လာသည်နှင့်အမျှ အနည်းငယ် စိတ်ရှုပ်သွားရသည်။

သူ၏ရှေ့ရှိ ပင်လယ်ထဲမှနေ၍ နွယ်ပင်အမြောက်အမြား တိုးထွက်နေပြီး အထဲတွင် နွယ်ပင်များ ပို၍ များသည်။ သူ့မျက်စိတစ်စုံးရှိ နွယ်တောထဲတွင် လှေအနည်းငယ် ပိတ်မိနေဟန်တူသည်။

သို့သော်လည်း ဝေးလွန်းလှသည့်အတွက်ကြောင့် လှေများကို သူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုနွယ်တော၏အစွန်အဖျား၌ နွယ်ပင်အနည်းအကျဉ်းသာ ရှိသည်။

မကြာသေးခင်က ၎င်းတို့သည် တစ်ခုခုကြောင့် ရှည်ထွက်လာကြဟန်တူပြီး ယခုအခါတွင် ပြန်လည်ငုပ်လျှိုးသွားကြဟန်တူသည်။

သို့သော် ရွှီချင်း၏လှေ ရောက်ရှိလာသောကြောင့် ထိုငုပ်လျှိုးနေခဲ့သော နွယ်ပင်များက ပစ်မှတ်အသစ်တစ်ခုကို တွေ့သွားကြပြီး ရွှီချင်း၏လှေဆီသို့ သာမန်မျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ချဉ်းကပ်လာကြသည်။

ရွှီချင်းက သတိထား၍ လှေထိပ်ဦးတွင် ရပ်နေရင်း လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ထို့နောက် ချဉ်းကပ်လာနေသော နွယ်ပင်များရန်မှ ရှောင်ရှားရန် မှော်လှေကို ထိန်းချုပ်၍ နောက်ဆုတ်လိုက်သည်။

သို့သော်လည်း နွယ်ပင်များက ကြောက်ခမန်းလိလိ မြန်ဆန်သည်။ ရွှီချင်းက နွယ်​တောထဲရောက်မသွားဘဲ အလျင်အမြန် နောက်ဆုတ်လိုက်သည့်တိုင်အောင် နွယ်ပင်အနည်းငယ်က သူ့လှေကို ရစ်ပတ်လာသေးသည်။

ထိုနွယ်ပင်များက မည်းနက်ပြီး လက်တစ်ဖက်စာ တုတ်သည်။ ၎င်းတို့ကိုကြည့်ရသည်မှာ ဆူးချွန်များနှင့် အလွန် အန္တရာယ်များဟန်တူသည်။ အံ့အားသင့်စရာအကောင်းဆုံးမှာ ထိုဆူးချွန်များ၌ စုပ်အားတစ်မျိုး ရှိနေခြင်းပင်။

ကံကောင်းထောက်မ၍ နွယ်ပင်များများစားစား ရှိမနေဘဲ ထိုနွယ်ပင်အနည်းငယ်က မှော်လှေ၏ အမြန်နှုန်းကို လျော့ကျမသွားစေခဲ့ပေ။ သို့သော်လည်း ထိုစုပ်အားမျိုးက ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းနှင့် ဆင်တူကြောင်း ရွှီချင်း ကောင်းစွာ သိလိုက်သည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး သူ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားမြှောင်တစ်လက်ပေါ်လာပြီး ချက်ချင်း သူ ခုန်ထွက်သွားသည်။ အေးစက်စက်အလင်းများ တဖျပ်ဖျပ် လက်သွားပြီး နွယ်ပင်များ တစ်ပင်ပြီးတစ်ပင် ဖြတ်တောက်ခံလိုက်ရသည်။ သူက မှော်လှေ၏အစွမ်းနှင့် ပေါင်းစပ်၍ ထိုနေရာမှ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့သည်။

သူ အဝေးသို့ ရောက်သောအခါ နွယ်တာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လှေပျဉ်များပေါ် သူ အကြည့်ရောက်သွားသည်။

ထိုနေရာ၌ ပင်လယ်မြွေများပမာ တွန့်လိမ်နေသော သူ ဖြတ်တောက်ထားခဲ့သည့် နွယ်ပင်အပိုင်းအစများ ရှိနေသည်။ ထိုနွယ်ပင်အပိုင်းအစများမှ အစိမ်းရောင်အရည်များ စီးကျနေပြီး လှေပျဉ်ချပ်ပေါ် ကျသွားသောအခါတွင် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။

ရွှီချင်း၏မျက်နှာ ရှုံ့မဲ့သွားသည်။ နွယ်ပင်များကို သူ ဖြတ်ခဲ့စဉ်အခါက နွယ်ပင်များက အလွန် မာကြောသည်ဟု ခံစားခဲ့ရသည်။ သူ၏ခွန်အားကိုပင် အပြည့်အဝသုံးခဲ့ရသည်။

အတန်ငယ် သူ စဉ်းစားကြည့်ပြီးနောက် လက်ဟန်ဖော်လိုက်ရာ သူ့ခြေထောက်အောက်ရှိ မန္တန်အစီအရင်မှာ ဝင်းလက်သွားပြီး မန္တန်အစီအရင်၏ အလယ်ဗဟိုပေါ်လာသည်။

ရွှီချင်း လှမ်းကြည့်လိုက်ရာ ထိုအလယ်ဗဟိုရှိ ဝိညာဉ်ကျောက်တုံးသုံးတုံးက စုပ်ယူခံလိုက်ရသည့်အလား အလင်းဖျော့ဖျော့သာ ထုတ်လွှတ်နေသည်ကို သူ တွေ့လိုက်ရသည်။

“ ခန့်မှန်းထားသလို ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတာပဲ ”

ရွှီချင်းမှာ အတော်လေး စိတ်ပူသွားရသည်။

ပင်လယ်မှတ်တမ်းထဲ၌ နွယ်ပင်အမျိုးအစား တစ်ရာကျော်အကြောင်း ဖော်ပြထားပြီး နွယ်ပင်အများစုက ဆင်တူပြီး ရွှီချင်းအတွက် ချက်ချင်း မှန်မှန်ကန်ကန် ခွဲခြားနိုင်ရန် အလွန် ခက်သည်။

အထူးသဖြင့် ဤနွယ်တောထဲ၌ ဖြစ်သည်။ ဂိုဏ်း၏ရေကြောင်းပြမြေပုံ၌ဖြစ်စေ၊ ရေသူထီးလူငယ်ထံမှ သူ ရခဲ့သော ရေကြောင်းပြမြေပုံ၌ဖြစ်စေ မည်သည့်နွယ်ပင်အမှတ်အသားမျှ မပါချေ။

“ အရင်တုန်းက ဘာနွယ်ပင်မှ မရှိဘူးဆိုရင် သူ့ဘာသာ ရွှေ့လာတဲ့နွယ်ပင်တွေဖြစ်မယ်။ ပြီးတော့ ဒီနွယ်ပင်တွေက ဝိညာဉ်စွမ်းအားတွေကိုလည်း ကြိုက်တဲ့ ဝိညာဉ်ဝါးမျိုနွယ်ပင်တွေပဲ ဖြစ်မယ် ”

ရွှီချင်းက ပင်လယ်မှတ်တမ်းထဲရှိ စာသားများကို စဉ်းစားကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

“ ဝိညာဉ်ဝါးမျိုနွယ်ပင်တွေက ဝိညာဉ်စွမ်းအားတွေကို သဘောကျတယ်။ မန္တန်အစီအရင်တွေနဲ့ အဲဒါတွေကို ဖျက်ဆီးလို့မရဘူး။ ခွန်အားနဲ့ပဲ ဖျက်ဆီးလို့ရမယ်။ အဲဒီနွယ်ပင်တွေက မှော်လှေတွေရဲ့ စွမ်းအားတွေနဲ့ ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကို ဝါးမျိုနိုင်တယ်။ အဲဒီနွယ်ပင်တွေထဲ ပိတ်မိသွားရင် ဆိုးဆိုးဝါးဝါး သေသွားရမယ်။ အဲဒီနွယ်ပင်တွေက ဓာတ်နှောတွေကို ကြောက်တယ်။ ပြီးတော့ တားမြစ်ပင်လယ်ထဲ လှည့်ပတ်သွားလာနေတာ။ ဓာတ်နှောပမာဏနည်းပါးတဲ့နေရာတွေမှာပဲ အဲဒီနွယ်ပင်တွေကို တွေ့နိုင်တယ် ”

ရွှီချင်းသည် ငြိမ်သက်နေပြီးနောက် ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။

ဤလမ်းသည် အနောက်ဘက်ကျောက်တန်းကျွန်းစုသို့ သွားနိုင်သည့် အနီးဆုံးလမ်းဖြစ်သည်။ သူ ကွေ့ပတ်သွားပါက သူ အချိန်များစွာ ကုန်သွားမည်ဖြစ်သည်။

အထူးသဖြင့် ထိုနွယ်တောက မည်သည့်နယ်နိမိတ်အထိ ကျယ်ပြန့်သည်ကို မသိပေ။ ပင်လယ်မှတ်တမ်းထဲတွင် ဖော်ပြချက်အရ ထိုဝိညာဉ်ဝါးမျိုနွယ်ပင်များက အုပ်စုလိုက်နေကြပြီး ၎င်းတို့၏ပိုင်နက်က အလွန်ကျယ်ပြန့်သည်။

“ ငါ ကွေ့ပတ်သွားရင် အချိန်ကြာသွားမယ်။ ဒီဝိညာဉ်စုပ်ယူနွယ်ပင်တွေကို ငါ ဖြေရှင်းနိုင်လောက်တယ် ”

ရွှီချင်းက တွေးတောလိုက်ပြီး မျက်လုံးများ မှေးသွားသည်။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲ မည်းနက်နေသော ဆေးလုံးတစ်လုံး ပေါ်လာသည်။

ထိုဆေးလုံးသည် ဓာတ်နှောပမာဏသိပ်သည်းထူထပ်စွာ ရှိနေသော အနက်ရောင်ဆေးလုံးမှလွဲ၍ တခြားမဟုတ်ချေ။

ရွှီချင်းက အနက်ရောင်ဆေးလုံးကို ကိုင်၍ လှေဦးတွင် မတ်တတ်ရပ်ကာ မှော်လှေကို နွယ်ပင်များရှိနေသည့်နေရာသို့ ထိန်းချုပ်၍ မောင်းလိုက်သည်။

မကြာခင် ပင်လယ်ပြင်မှ တပွက်ပွက်မြည်သံများ လွင့်ပျံလာပြီး ပင်လယ်ထဲမှ နွယ်ပင်အမြောက်အမြား ထွက်ပေါ်လာကာ ရွှီချင်း၏ မှော်လှေကလေးဆီသို့ အလုအယက် ပြေးဝင်လာကြသည်။

သို့သော်လည်း ၎င်းတို့ နီးကပ်လာသည့်အခိုက် ရွှီချင်းက အနက်ရောင်ဆေးလုံးကို တည်ငြိမ်စွာ ပစ်ထည့်လိုက်သည်။ ပင်လယ်ထဲသို့ အနက်ရောင်ဆေးလုံး ကျသွားပြီး အရည်ပျော်သွားသည်နှင့် ဓာတ်နှောများ ရုတ်တရက် ထူထပ်သိပ်သည်းလာသည်။

လျှပ်တစ်ပြက်အတွင်း ဘေးပတ်ဝန်းကျင်မှ နွယ်ပင်များအားလုံး ၎င်းတို့ အမုန်းတီးဆုံး အရာတစ်ခုခုနှင့် ကြုံတွေ့လိုက်ရသည့်အလား တုန်ခါသွားကြသည်။ ၎င်းတို့မှာ နောက်သို့ ချက်ချင်း ဆုတ်သွားကြပြီး ရွှီချင်း၏မှော်လှေ သွားလာနိုင်စေရန် လမ်းဖွင့်ပေးလိုက်ကြသည်။

ရွှီချင်းမှာ စိတ်သက်သာရာရသွားပြီး မှော်လှေကို ထိန်းချုပ်၍ အမြန်ဆုံးနှုန်းဖြင့် မောင်းလိုက်သည်။ သို့သော်လည်း နေရာတစ်ခုလုံး နွယ်ပင်များဖြင့် ပြည့်နှက်နေသည့်အတွက် အနက်ရောင်ဆေးလုံးတစ်လုံးပြီးတစ်လုံး သူ ပစ်ပေါက်လိုက်ရာ သူ့အနီးအနားတစ်ဝိုက်ရှိ နွယ်ပင် တစ်ပင်ပြီးတစ်ပင် အဝေးသို့ ဆုတ်ခွာသွားကြသည်။

ထိုသို့ဖြင့် ရွှီချင်း၏မှော်လှေက ရှေ့သို့ ခရီးဆက်နေသည်။ အနက်ရောင်ဆေးလုံးများကို သူ ပစ်ပေါက်နေသည့်အတွက်ကြောင့် မှော်လှေ၏ပတ်လည်တွင် ထူထပ်သိပ်သည်းသော ဓာတ်နှောများဖြင့် ပြည့်နှက်နေတော့သည်။ တဖြည်းဖြည်းနှင့် အနက်ရောင်ဆေးလုံးများကို သူ ဆက်လက်ပစ်ပေါက်နေရန် မလိုတော့ဘဲ ဘေးပတ်ဝန်းကျင်မှ နွယ်ပင်များက အလိုလို ဆုတ်ခွာသွားကြ၏။

ရွှီချင်း၏မှော်လှေက အဝေးတစ်နေရာရှိ နွယ်ပင်များထဲ ပိတ်မိနေသော မှော်လှေများဆီသို့ နီးကပ်သည်ထက် နီးကပ်လာပြီး ပင်လယ်လေပြေက စကားသံများကို ဆောင်ကြဉ်းလာ၏။

ထိုစကားသံများက ခပ်သဲ့သဲ့သာ ဖြစ်ပါသော်လည်း ကျင့်ကြံသူများအနေဖြင့် ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

“ ကျောက်ကျုံးဟန်၊ နင် ငါတို့ကို ဘယ်လမ်းကနေ ခေါ်လာတာတုံး ”

“ ဂိုဏ်းတူအစ်မတင်း၊ စိတ်အေးအေးထားပေးပါ။ ဒီမှာ အရင်က နွယ်ပင်တွေ မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်ကမှ ရွှေ့လာတာဖြစ်မယ်။ အဲဒါကို ကျနော်လဲ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဒါပေမဲ့ ကျနော့်အဘိုးကို အကူအညီတောင်းထားပြီးပါပြီ။ သူ မကြာခင် ကျနော်တို့ကို ကူညီပေးဖို့ လူတစ်ယောက် လွှတ်ပေးလိုက်မှာပါ ”

ပြန်ဖြေလိုက်သည့်လူက ကျောက်ကျုံးဟန်မှလွဲ၍ တခြားလူမဟုတ်ချေ။ ထိုအချိန်၌ သူ၏မှော်လှေသည် နွယ်ပင်များထဲ လုံးလုံးလျားလျား ပိတ်မိနေသည်။ နွယ်ပင်အမြောက်အမြားက ရစ်ပတ်ထားကြသည်ဖြစ်၍ မှော်လှေမှာ ရှေ့သို့ ခက်ခက်ခဲခဲ သွားနေရသည်။

သူ့နောက်လိုက်များ၏ လှေများသည်လည်း ဘေးပတ်လည်တွင် ပိတ်မိနေသည်။ သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေကြပါသော်လည်း နွယ်ပင်များကို အတတ်နိုင်ဆုံး ဖြတ်တောက်ပစ်ရန်မှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။

ကျောက်ကျုံးဟန်သည်လည်း စိတ်တိုနေသည်။ ဤနေရာတွင် နွယ်ပင်များက သူ မျှော်လင့်ထားသည်ထက် များစွာ ရှိနေသည်။ လက်ရှိအချိန်တွင် ဖီးနစ်လှေကို ဤနေရာမှ အမြန်ဆုံး ထွက်ခွာနိုင်ရန်သာ သူ ကြိုးစားနေရသည်။ ဘေးရှိ ဂိုဏ်းတူအစ်မ၏ ရှုံ့မဲ့နေသော မျက်နှာကိုကြည့်၍ သူ တောင်းပန်ရုံသာ တတ်နိုင်သည်။ ထိုသို့ သူ အောက်ကျို့နေရခြင်းမှာ ဂိုဏ်းတူအစ်မအား သူ သဘောကျနေသည့်အတွက်ကြောင့် ဖြစ်ပြီး တခြားတစ်ဖက်တွင် ဂိုဏ်းတူအစ်မ၏ နောက်ခံအင်အားက တောင့်တင်းသောကြောင့် ဖြစ်သည်။

သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို ခပ်မြန်မြန်ထုတ်၍ ဂိုဏ်းတူအစ်မကို ပေးလိုက်သည်။

“ ဂိုဏ်းတူအစ်မတင်း၊ ဒေါသမထွက်ပါနဲ့နော်။ ကျနော့်ကို ယုံပေးပါ။ ဘာမှမဖြစ်စေရဘူး။ အစ်မကို အနောက်ဘက်ကျောက်တန်းကျွန်းစုဆီ ကျနော် သေချာပေါက် ပို့ပေးမှာပါ။ ဒီစိတ်ကြည်ဆေးက ဝိညာဉ်ကို အားဖြည်ပေးနိုင်တဲ့ ရှားပါးဆေးပါ။ ကျနော့်အဘိုးက ကျနော့်ကို ပေးထားတာ။ ဒါကို တောင်းပန်လက်ဆောင်အနေနဲ့ အစ်မ လက်ခံပေးပါ ”

ဘေးရှိ ခရမ်းရောင်ဖျော့ဖျော့ဝတ်ရုံဝတ် မိန်းမလှလေးသည် သည်းခံနိုင်စွမ်း ကုန်ဆုံးနေဟန်တူသည်။ သူမသည် မျက်မှောင်ကြုတ်၍ ကျောက်ကျုံးဟန်၏လက်ထဲရှိ ကျောက်စိမ်းသေတ္တာလေးကို ကြည့်လိုက်သည်။ ထိုသေတ္တာလေးကို ယူလိုက်ပြီးနောက် သူမကိုယ်သူမ တည်ငြိမ်အောင် ဖိအားပေးလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။

ထိုအချိန်၌ အဝေးတစ်နေရာမှ မှော်လှေတစ်စီး၏ တရွှီရွှီခုတ်မောင်းသံ လွင့်ပျံလာပြီး သူမ အလိုလို လှမ်းကြည့်လိုက်ရာ မှော်လှေတစ်စီးကို မြင်လိုက်ရသည်။ ၎င်းက လေဟုန်စီး၍ ရေလှိုင်းများကို ထိုးခွင်းကာ ခုတ်မောင်းနေသည်။

မှော်လှေပေါ်တွင် လူတစ်ယောက်က မားမားမတ်မတ်ရပ်နေသည်။ သူ၏မီးခိုးရောင်တာအိုဝတ်ရုံက လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး နေရောင်ခြည်တန်းများက သူ့ဆံပင်ရှည်များပေါ် ဖြာကျနေပေရာ ရောင်စုံကွန်ခြာတစ်ခုသဖွယ် ဖြစ်နေသည်။

ထိုအလင်းတန်းများ၏အောက်တွင် အမျိုးသမီးများကို ရင်ခုန်နှုန်းမြန်သွားစေနိုင်သည့် အေးတိအေးစက်မျက်နှာတစ်ခု ရှိနေသည်။ ထိုမျက်နှာက အပြစ်ဆိုရက်စရာမရှိအောင် ချောမော၍ နွယ်ပင်များသည်ပင် ထိုလှေနှင့်ဝေးရာသို့ ရှောင်ကွင်းနေကြဟန်တူသည်။ ထိုယောက်ျားပီသကာ ချောမောသော မျက်နှာသည် ၎င်းတို့အတွက် အဆိပ်သဖွယ်ဖြစ်နေ၍ အလိုလို နောက်ဆုတ်သွားကြသည့်အလားပင်။

ထိုမြင်ကွင်းကြောင့် မိန်းမပျို၏မျက်လုံးများ ဝင်းလက်သွားပြီး မျက်နှာပေါ်တွင် ချစ်စရာကောင်းသော အပြုံးတစ်စ ဖြစ်တည်လာကာ ရွှီချင်းကို အော်ခေါ်လိုက်သည်။

“ ဂိုဏ်းတူမောင်လေး၊ အဲဒီနွယ်ပင်တွေ ဆုတ်သွားအောင် ဘာနည်းလမ်း သုံးလိုက်တာလဲဟင်။ အစ်မကို ကူညီပေးနိုင်မလား ”

သူမ၏အပြုံးက ချစ်စရာကောင်းသလို သူမ၏အသံသည်လည်း ချိုသာနေသည်။ သူမက ချစ်စဖွယ် မိန်းကလေးတစ်ယောက်အသွင် ပြောင်းလဲသွားသည့်အတွက်ကြောင့် ရွှီချင်းကို ကြည့်နေသော ကျောက်ကျုံးဟန်မှာ အလွန် စိတ်မသက်မသာ ဖြစ်သွားရသည်။

သူသည် လမ်းတစ်လျှောက်တွင် သူမကို အကြိမ်မရေမတွက်နိုင်လောက်အောင် ဂရုစိုက်ပေးခဲ့ပြီး စိတ်ဝင်စားသည့်အရိပ်အယောင်များ ပြသခဲ့ပါသော်ငြးာ သူမက သူ့အား ယခုလို ပြုံး၍ စကားဆိုသည်ကို တစ်ခါမှ မကြုံခဲ့ရချေ။

ထိုခံစားချက်ကြောင့် ကျောက်ကျုံးဟန် စိတ်ပျက်လက်ပျက်ဖြစ်သွားရပြီး ရင်ထဲတွင် ဒေါသစိတ်အနည်းငယ် ဖြစ်လာကာ ရွှီချင်းကို သူ ကြည့်လိုက်သည်။

သူ ရွှီချင်းကို ကြည့်လိုက်သည်နှင့် အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရပြီးနောက် ချက်ချင်းပင် မှတ်မိသွားသည်။

“ မင်းကိုး ”

တခြားတစ်ယောက်သာဆိုပါက သူ မေ့သွားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သို့သော် ရွှီချင်း၏မျက်နှာကို တစ်ခါမြင်ပြီးနောက် မေ့သွားမည့်လူ အနည်းအကျဉ်းသာ ရှိလိမ့်မည်။

ယခုအခါ ကျောက်ကျုံးဟန်က ရွှီချင်းကို သိသွားပြီး ရွှီချင်းထံမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို ချက်ချင်း အာရုံခံကြည့်လိုက်သည်။ ယခင်တစ်ခေါက် သူ တွေ့ခဲ့သည့်အချိန်တုန်းကထက် များစွာ အစွမ်းထက်လာဟန်တူသည်။ သို့သော်လည်း အဓိကဂိုဏ်းသားတစ်ယောက်ဖြစ်သော သူ့အတွက် သူ၏အဆင့်အတန်းက သာမန်ဂိုဏ်းသားများကို အထက်စီးမှဆက်ဆံရန် လုံလောက်သည်။

ကျောက်ကျုံးဟန်က အေးတိအေးစက်ကြည့်၍ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

“ ဒီလာခဲ့။ မင်းရဲ့နည်းလမ်းနဲ့ငါတို့ကို လမ်းဖွင့်ပေးဦး ”

များသောအားဖြင့် သူသည် မီးခိုးရောင်ဝတ်ရုံဝတ်ဂိုဏ်းသားများကို အထက်စီးမှ ဆက်ဆံလေ့ရှိပြီး ယခုအခါတွင်လည်း ထိုနည်းတူပင်။ သူ သိရသရွေ့ မီးခိုးရောင်ဝတ်ရုံဝတ်ဂိုဏ်းသားများ သူ့ကို မြင်သည့်အခါ ကြောက်ရွံ့တုန်လှုပ်ကာ သူ့စကား နားထောင်ရမည်သာ ဖြစ်သည်။

ရွှီချင်းသည် အစောကတည်းက ဖီးနစ်လှေကြီးကို သတိထားမိခဲ့ပြီး လှေကြီးပေါ်ရှိ အဓိကဂိုဏ်းသားနှစ်ယောက်ကိုလည်း မြင်ခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့ကို စိတ်မဝင်စား၍ သူ၏မှော်လှေကိုသာ မူလအရှိန်အတိုင်း မောင်းနှင်သွားသည်။

“ ဟမ် … မင်း နားကန်းနေလား။ ငါတို့ပြောတာ မကြားဘူးလားကွ ”

ကျောက်ကျုံးဟန်မှာ သုန်မှုန်နေတော့သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ရေစက်ကလေးများ ပေါ်ထွက်လာပြီး ရေဓားတစ်လက်အသွင် စုစည်းသွားကာ ရွှီချင်း၏ မှော်လှေထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

သို့သော်လည်း ထိုဓား နီးကပ်လာသည့်အခိုက် လေထဲတွင် ရေကန့်လန့်ကာတစ်ခု ပေါ်လာကာ ဓားကို ဟန့်တားလိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရေဓား ပြိုကွဲသွားသည်။

ရွှီချင်း၏ မှော်လှေက ချက်ချင်း ရပ်သွားပြီး ကျောက်ကျုံးဟန်ကို သူ အေးတိအေးစက် လှည့်ကြည့်လိုက်သည်။ ပင်လယ်ပြင်တစ်ခုလုံး ရုတ်ခြည်း ပေါက်ကွဲလာသည့်အလား ရေလှိုင်းများ တလိပ်လိပ်ထလာသည်။ ထိုရေလှိုင်းများထဲတွင် ဧရာမတားမြစ်ပင်လယ်ဝေလနဂါးကြီး၏ ခန္ဓာကိုယ်အောက်ပိုင်း နစ်မြှုပ်နေပြီး ခန္ဓာကိုယ်တစ်ပိုင်းက လေထဲပေါ်နေသည်။ နေရောင်ခြည်အောက်၌ ၎င်းက ပြိုးပြိုးပြက်ပြက်ဝင်းလက်နေ၏။

၎င်းက ကောင်းကင်တုန်ခါသွားစေနိုင်လောက်အောင် ဟိန်းလိုက်ပြီး ပင်လယ်ပြင်ကို ကြမ်းကြမ်းတမ်းတမ်း ပုတ်ကာ ပြန်လည်ငုပ်လျှိုးသွားသည်။ သို့သော် ၎င်း၏ ပြင်းထန်သော အရှိန်အဝါများက အပြင်ဘက်သို့ လွင့်ပျံနေ၏။

ထိုမြင်ကွင်းက ကျောက်ကျုံးဟန်ကို သိသိသာသာ မျက်နှာပျက်သွားစေသည်။ သူ့နောက်မှ နောက်လိုက်နှစ်ယောက်သည်လည်း မျက်လုံးများ ပြူးကျယ်နေပြီး ရင်ထဲတွင် ခံစားချက်လှိုင်းများ မြင့်တက်လာ၏။ ဂိုဏ်းတူအစ်မသည်ပင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“ တားမြစ်ပင်လယ် ဝေလနဂါး ”

ကျောက်ကျုံးဟန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ရွှီချင်းကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။ သူသည် အဓိကဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး အဆင့်အတန်းအားဖြင့် သာမန်ဂိုဏ်းသားများကို နင်းချေခွင့်ရှိပါသော်ငြား သာမန်ဂိုဏ်းသားအကုန်လုံးကိုတော့ ထိုသို့ မလုပ်နိုင်ပေ။

သာမန်ဂိုဏ်းသားများအနက် ပင်လယ်အသွင်ပြောင်းပညာရပ်အဆင့်ရှစ်တွင် တားမြစ်ပင်လယ်ဝေလနဂါးကို ကျင့်ကြံနိုင်ခဲ့သော သာမန်ဂိုဏ်းသားများသည် အံ့သြစရာကောင်းလောက်အောင် ပါရမီထူးချွန်ပြီး နောင်တချိန်တွင် အခြေတည်အဆင့်ကို ရောက်ရန် အခွင့်အလမ်းများသည်။

အဓိကဂိုဏ်းသားများသည်ပင် ထိုကဲ့သို့ လူတစ်ယောက်ကို ရန်မစချင်ကြဘဲ မိတ်ဆွေဖြစ်ရန်သာ ကြိုးစားတတ်ကြသည်။ ထိုလူသာ အခြေတည်အဆင့်သို့ ရောက်သွားပါက သူ၏အဆင့်အတန်းသည်လည်း တဟုန်ထိုး မြင့်တက်သွားမည်ဖြစ်ပြီး သူတို့သည်ပင် သူ့ကို လေးလေးစားစား နှုတ်ဆက်ကြရမည်ဖြစ်သည်။

ရွှီချင်းသည် သိသိသာသာ မျက်နှာပျက်နေသော ကျောက်ကျုံးဟန်ကို အေးတိအေးစက်ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ လှေတစ်စီးကို ဝိညာဉ်ကျောက်တုံးနှစ်ဆယ်။ ခင်ဗျားလှေကတော့ ဝိညာဉ်ကျောက်တုံးတစ်ရာ ကျမယ် ”

All Chapters