အမှုဖြေရှင်းခြင်း
Vol. 3 Ch. 21
"စီနီယာအစ်ကိုကြီး... ဒီလူတွေရဲ့ အလောင်းတွေက မပုပ်မသိုး ရှိနေတာ မဟုတ်ဘူး... တစ်ယောက်ယောက်က သူတို့ကို ရုပ်သေး လုပ်ဖို့ သုံးနေတာလို့ ကျွန်တော်သံသယ ဖြစ်မိတယ်... ဒီအလောင်း ၄၀ ကျော်လုံးက သန်မာပြီး အားကောင်းနေတုန်းပဲ"
"ပြီးတော့ ရုပ်သေးဆရာ တွေက အလောင်းတွေ မပုပ်အောင် ထိန်းသိမ်းဖို့ အထူးနည်းလမ်းတွေ သုံးတတ်တယ် ဆိုတာ စာအုပ်ထဲမှာ ဖတ်ဖူးတယ်"
"ဒါ့အပြင် နောက်တစ်ခု ရှိသေးတယ်..." ချန်းဖုန်းက အခန်းထောင့်ရှိ ကြောင်မိစ္ဆာမြက်ပင်ကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"ဒီအရာက တော်တော်ကြီးကို တန်ဖိုးကြီးတယ်... အလောင်းတွေ မပုပ်အောင် ထိန်းသိမ်းဖို့ သုံးတယ် ဆိုတာ သိပ်ပြီး ဖြုန်းတီးရာ ရောက်လွန်းတယ်... ဒါ့အပြင် ကြောင်မိစ္ဆာမြက်ပင်က ယင်ချီစွမ်းအင် ကြွယ်ဝတဲ့ မှောင်မိုက် စိုစွတ်တဲ့ နေရာတွေမှာ ပေါက်ရောက်တာ... ဒါကအလောင်းတွေကို 'ပြန်လည် အသက်သွင်း' နိုင်စွမ်း ရှိတယ်..."
ချန်းဖုန်းက သူ့ခွဲခြမ်းစိတ်ဖြာချက်များကို တစ်ချက်ချင်း ရှင်းပြလိုက်သည်။
'တော်တယ်... တကယ် တော်တယ်... ငါချင်ထျန်း လိုချင်တဲ့ အဖွဲ့သား ပုံစံမျိုးပဲ... ကျပန်း ရွေးလိုက်တာတောင် ဒီလောက် တော်တဲ့လူ ပါလာလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး'
ချင်ထျန်းသည် အကြောင်းရင်းကို သေချာ နားမလည်သော်လည်း လေးစားအားကျသွားပြီး အတော်လေး အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။
" မင်း ဆိုလိုတာက... ဒီအလောင်းတွေကို ထိန်းသိမ်းထားတဲ့သူက တကယ် တရားခံဆိုတဲ့ သဘောလား..."
ချန်းဖုန်း ခေါင်းညိတ်လိုက်သည်။"ဒီလူတွေရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်တွေကို စစ်ဆေးကြည့်ဖို့ လိုသေးတယ်... အကယ်လို့ သူတို့ရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်တွေက ကျွန်တော် ထင်ထားသလို ကိုက်ညီနေပြီး အားလုံးက ယင်သဘာဝ ရှိနေမယ် ဆိုရင်... ဒီလူတွေ အသတ်ခံရတာက ယင်ရုပ်သေး ပြုလုပ်ဖို့ အတွက် ဆိုတာ သေချာသွားပြီ..."
"ကောင်းပြီ... ဒါဆို ခဏလောက် စောင့်ကြတာပေါ့..."
အစေခံများကို ညွှန်ကြားပြီးနောက် မြို့စားမင်း သူ့အဆောင်သို့ ပြန်လာခဲ့သည်။
သူသည် ဂိုဏ်းသားသစ် နှစ်ယောက်ထက် ဝတ်ရုံနက် တာအိုဆရာဝူကို ပိုယုံကြည်သည်။
မည်သို့ပင် ဆိုစေကာမူ သူတို့ နှစ်ယောက်အနက် ချင်ထျန်းသည် မသေမျိုးသွေးကြောမှတ် ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း ခွန်အားမှာ သာမန်သာ ရှိသည်။
ချန်းဖုန်း ဆိုလျှင် မသေမျိုးသွေးကြောမှတ်ပင် မပွင့်သေးဘဲ သာမန်လူသား အဆင့်တွင်သာ ရှိသေးသည်။
"ဆရာဝူ... စောင့်ရတာ ကြာသွားလို့ တောင်းပန်ပါတယ်..." လီတာဖုက လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
"မြို့စားမင်း... ဟောက်ရန်ဂိုဏ်းက ဂိုဏ်းသားတွေကို ဧည့်ခံနေတာ မဟုတ်ဘူးလား..." ဝတ်ရုံနက် တာအိုဆရာက လီတာဖုကို ကြည့်လိုက်သည်။
"မပြောပါနဲ့တော့ဗျာ... လေ့ကျင့်တာ နှစ်ရက်ပဲ ရှိသေးတဲ့ လူသစ်နှစ်ယောက် ရောက်လာတာ... သူတို့က ဘာများ သိမှာလဲ... နောက်ဆုံးတော့ ဆရာ့ကိုပဲ အားကိုးရတော့မှာပါ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဝတ်ရုံနက် တာအိုဆရာ သက်ပြင်းချလိုက်ပြီး သူ၏ ကိုယ်ဟန်အနေအထားပင် ပိုမို ပေါ့ပါးသွားပုံ ရသည်။
"ဒါပေမဲ့ ဒီဂိုဏ်းသားသစ် နှစ်ယောက်က... ဘာတွေ တွေးနေလဲ မသိဘူး... သေဆုံးသူတွေရဲ့ မွေးသက္ကရာဇ်နဲ့ အချိန်တွေကို တောင်းနေတယ်... လူသတ်သမားက လူသတ်ဖို့အတွက် မွေးသက္ကရာဇ်နဲ့ အချိန်ကို သိဖို့ လိုလို့လားဗျာ..." လီတာဖုက အားကိုးရာမဲ့သည့်ပုံစံ ဖြစ်နေသည်။ ဂိုဏ်းစည်းကမ်း အရ သူ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးရုံသာ ရှိသည်။
"ဘာ..." တာအိုဆရာမှာ စိတ်လှုပ်ရှားပြီး ခုန်ပေါက်မတတ် ဖြစ်သွားသည်။
"ခေါင်းဆောင်ဝူ... ဘာလို့ ဒီလောက် လန့်သွားရတာလဲ"
"ဪ... ဘာမှ မဟုတ်ပါဘူး... ဒီဂိုဏ်းသား နှစ်ယောက်ရဲ့ တွေးခေါ်ပုံက တော်တော် ထူးဆန်းတယ်လို့ ခံစားမိလို့ပါ..." ဝတ်ရုံနက် တာအိုဆရာ၏ မျက်နှာထား တည်သွားသည်။
'ကံကောင်းလို့ လူသစ်နှစ်ယောက် ဖြစ်နေတာ... အမှားအယွင်း မရှိရအောင် သူတို့ကို ရှင်းပစ်မှရမယ်... အောင်မြင်ဖို့ က ရက်ပိုင်းပဲ လိုတော့တာ'
"လူငယ်တွေ ဆိုတော့ အမြင်မတူတာတွေ ရှိမှာပေါ့... ကျွန်တော် သွားတွေ့လိုက်ပါဦးမယ်" ဝတ်ရုံနက် တာအိုဆရာက ပြောလိုက်သည်။
"ဆရာ့သဘောပါ... ကျွန်တော် မွေးသက္ကရာဇ်နဲ့ အချိန်တွေ ရရင် ပြန်လာခဲ့ပါမယ်..."
"ကောင်းပါပြီ..." ဝတ်ရုံနက် တာအိုဆရာ မတ်တပ်ရပ်လိုက်သည်။
ဝတ်ရုံနက် တာအိုဆရာသည် အလောင်းများ ထားရှိရာ ခြံဝန်းသို့ ရောက်ရှိလာသည်။ သူ ချက်ချင်း ဝင်မသွားဘဲ ခြံဝန်း ပတ်လည်တွင် တစ်စုံတစ်ခုကို စီစဉ်လိုက်သည်။ နာရီဝက်ခန့် ကြာပြီးနောက်မှ ခြံဝန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
"ဆရာ ရောက်လာပြီလား... ဘာလို့ ဒီလောက် ကြာနေရတာလဲ... အခုမှ ဝင်တာလား..." မွေးသက္ကရာဇ်နှင့် အချိန် စာရင်းများကို ကိုင်ဆောင်ထားသော လီတာဖုသည် တံခါးဝသို့ ရောက်လာပြီး တာအိုဆရာ ခြံဝန်းထဲ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
သူ့တွင် လူအားလုံး၏ မွေးသက္ကရာဇ်နှင့် အချိန်များ မပါရှိပေ။ မလာခင် အနည်းငယ်ကိုသာ ကျပန်း ရွေးယူလာခဲ့ခြင်း ဖြစ်သည်။
ဝတ်ရုံနက် တာအိုဆရာ အခန်းထဲသို့ ဝင်လာလိုက်သည်။
ချင်ထျန်းသည် ဝင်လာသူကို ကြည့်လိုက်သည်။
[ တင်... အလောင်းကောင်တွေနဲ့ ကစားရတာကို နှစ်သက်တဲ့ ရုပ်သေးတစ်ရုပ်... လုံးဝ အားနည်းချက်ရှိ ]
[ မစ်ရှင် - အလောင်းကောင် ပုပ်စော် နံနေပြီး ရွံရှာဖွယ် ကောင်းသည်... တစ်စစီ ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက် ]
[ ဆုလာဘ် - မသေမျိုးသွေးကြောမှတ် တစ်ခု၊ ဟောက်ရန်ဖြောင့်မတ်ခြင်း ချီစွမ်းအင် အနည်းငယ် အောင်မြင်မှု အဆင့် ]
ချင်ထျန်း ရုတ်တရက် ရယ်မောလိုက်သည်။ မစ်ရှင် ထွက်လုပ်နေရင် မစ်ရှင် ပွင့်လာဖို့ ပိုလွယ်တယ် ဆိုတာ သေချာနေပြီပဲ။
ဒီမှာ အခွင့်အရေး ရောက်လာပြီ။
"အလောင်းကောင်တွေနဲ့ ကစားတယ်" ဆိုသည့် စကားလုံး သုံးလုံးတည်းနဲ့တင် လူသတ်မှု၏တရားခံက သည်လူပဲ ဆိုတဲ့ ချန်းဖုန်းရဲ့ ကောက်ချက် က မှန်ကန်ကြောင်း ချင်ထျန်း ဆုံးဖြတ်လိုက်သည်။
သူ လူသတ်သမား မဟုတ်ရင်တောင်မှ ချင်ထျန်း လှုပ်ရှားလိုက်မှာပဲ... ဘာပဲဖြစ်ဖြစ် ဒါက အရေးကြီးတဲ့ ဖြစ်ရပ်တစ်ခုလေ... မသေမျိုးသွေးကြောမှတ် ဆုရမှာကိုး။
ချင်ထျန်းသည် လက်သီးကို ဆုပ်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို အားပြုကာ ကျားတစ်ကောင်ကဲ့သို့ ခုန်ထွက်လိုက်သည်။
သူ့တစ်ကိုယ်လုံး ဝိညာဉ်စွမ်းအင်များ ဖုံးလွှမ်းနေသည်။ သူ လက်နက် သုံးရတာ မကြိုက်ချေ။ လက်သီးက သူ အကြိုက်ဆုံး တိုက်ခိုက်နည်းပင်။
"ဒီလူက ရုပ်သေးဆရာပဲ... စီနီယာအစ်ကိုကြီး သတိထား..." ဝင်လာသူကို မြင်သည်နှင့် ချန်းဖုန်းက သူ့ဝတ်စုံကို ကြည့်ပြီး ရုပ်သေးဆရာ ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
"စိတ်မပူနဲ့... စီနီယာအစ်ကိုကြီးက သူ့ကို ပညာပေးလိုက်မယ်..."
"ဂျူနီယာမောင်လေး... ဘာလုပ်တာလဲ... ဒါ အမှုဖြေရှင်းဖို့ ကူညီပေးနေတဲ့ ခေါင်းဆောင်ဝူ လေ..." လီတာဖုက ကပျာကယာ တားမြစ်လိုက်သည်။
သို့သော် ချင်ထျန်း၏ လက်သီးက ကျရောက်သွားပြီ ဖြစ်သည်။
ဝတ်ရုံနက် တာအိုဆရာသည် သူ့စွမ်းရည်များကို ထုတ်သုံးချင်သော်လည်း ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားပြီး အလောင်းကောင် အစစ်အမှန် တစ်ခုကဲ့သို့ တောင့်တင်းသွားလေသည်။
"ဘုန်း"
ချင်ထျန်း၏ လက်သီးက ဝတ်ရုံနက် တာအိုဆရာ၏ ရင်ဘတ်ကို ထိုးဖောက်သွားရာ သတ္တုနှင့် ကျောက်တုံး ရိုက်ခတ်သကဲ့သို့ အသံထွက်ပေါ်လာပြီး ရင်ဘတ် ပေါက်ထွက်သွားလေသည်။
ချင်ထျန်း လက်သီးကို ပြန်ဆွဲထုတ်လိုက်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်"သွေးမထွက်ဘူး... မင်းက ဘာကောင်လဲ"
ရုပ်သေး။
ဟုတ်သားပဲ... စနစ်က "ရုပ်သေး" လို့ ပြထားသည်ကို ချင်ထျန်း သတိရသွားသည်။ ဒီကောင်က တကယ့် ရုပ်သေးရုပ်ကြီးကိုး။
ချင်ထျန်းက နွားသိုးကိုးကောင်ခွန်အား အကုန်ထုတ်ပြီး ထပ်မံ ကန်ကျောက်လိုက်သည်။ သတ္တု သို့မဟုတ် ကျောက်တုံးကို ကန်မိသကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်ပင် ထုံကျင်သွားရသည်။
"ဘုန်း" နောက်ထပ် သတ္တုသံ တစ်ချက် ထွက်ပေါ်လာပြီး ဝတ်ရုံနက် တာအိုဆရာ၏ ခါးပြတ်ထွက်သွားကာ အသားစများနှင့် ကလီစာများ နေရာအနှံ့ လွင့်စင်သွားလေသည်။
"အွတ်..." ချန်းဖုန်း ပျို့အန်ချင်စိတ် ဖြစ်သွားသည်။ ဒီလို ရက်စက်တဲ့ မြင်ကွင်းမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။
လီတာဖု၏ မျက်လုံးများ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ ချင်ထျန်း က ဟောက်ရန်ဂိုဏ်းသား မဟုတ်ပါလော။ သူ တိုက်ကွက်များက အဘယ်ကြောင့် ဤမျှ ရက်စက်ကြမ်းကြုတ်နေရသနည်း။ လက်သီးတစ်ချက်တည်းဖြင့် ကိုယ်လုံးကို ဖောက်ထွက်သွားစေပြီး ခြေတစ်ချက်တည်းဖြင့် ခါးကို ပြတ်ထွက်သွားအောင် ကန်ကျောက်နိုင်သည်တဲ့လား။ သူ ဟောက်ရန်ဂိုဏ်း၏ အရိပ်အာဝါသအောက်တွင် နေထိုင်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီဖြစ်သော်လည်း၊ ဟောက်ရန်ဂိုဏ်းသားများ ဤသို့ တိုက်ခိုက်သည်ကိုမူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ဝတ်ရုံနက်ကြီး မြေကြီးပေါ် ပြုတ်ကျသွားပြီး ချင်ထျန်းက တာအိုဆရာ၏ ဝါးဦးထုပ်ကို ဆွဲချွတ်လိုက်သည်... "သူ မသေသေးဘူးလား..."
တာအိုဆရာက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချင်ထျန်း အံ့ဩသွားသည်။
"သြော်... မင်းက ရုပ်သေးရုပ် ဆိုတာ မေ့သွားလို့..."
"ကောင်စုတ်... မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့... မင်း သေပြီမှတ်..." တာအိုဆရာ၏ မျက်နှာမှာ ပိန်ချုံးနေပြီး မျက်လုံးများ ချိုင့်ဝင်နေသဖြင့် ကြောက်မက်ဖွယ် ကောင်းနေသည်။
သူ့ဝိညာဉ်စွမ်းအင်တွေ ဘာလို့ ရုတ်တရက် ပျောက်သွားသလဲ ဆိုတာ သူ နားမလည်နိုင် ဖြစ်နေသည်။ ဒီလူ့ဆီမှာ လျှို့ဝှက် ရတနာ တစ်ခုခုများ ပါလာတာလား...။
"ဒီလူတွေကို မင်း သတ်လိုက်တာ မဟုတ်လား..." ချင်ထျန်းက စီတန်းထားသော အလောင်းများကို လက်ညှိုးထိုးပြလိုက်သည်။
လီတာဖု၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားပြီး သူ့ရှေ့မှ တာအိုဆရာသည် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
"ဟုတ်တယ်... ငါ သတ်တာ... အောင်မြင်ခါနီးမှ နောက်ဆုံးမိနစ်မှာ ကျရှုံးသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး... မင်းတို့ ဂျူနီယာ နှစ်ယောက်က ငါ့အစီအစဉ်ကို ရိပ်မိသွားကြတာကိုး..."
"မင်းက တော်တော် သတ္တိရှိတာပဲ... မြို့ထဲမှာ လူသတ်ပြီးတော့ ကူညီချင်ယောင် လာဆောင်နေတယ်..."
သူသည် အလောင်းကိုပင် ယူဆောင်မသွားဘဲ၊ မြို့စားအိမ်တော်အတွင်း၌ပင် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲရန် ရဲတင်းစွာ သန့်စင်နေခဲ့လေသည်။
"အန္တရာယ် အများဆုံး နေရာက ဘေးအကင်းဆုံး နေရာပဲလေ... မင်းတို့နှစ်ယောက်သာ မရောက်လာရင် ငါ အောင်မြင်နေပြီ..." ရုပ်သေး တာအိုဆရာက မကျေမနပ် ပြောလိုက်သည်။
"အဲဒါကြောင့်တင် မဟုတ်ဘူးလေ... ခင်ဗျား လုပ်နေတဲ့ ရုပ်သေးက သာမန် ရုပ်သေးနဲ့ မတူဘူး... ကျွန်တော် မမှားဘူး ဆိုရင် ယင်ရုပ်သေး ဖြစ်လောက်တယ်... ယင်ရုပ်သေး လုပ်ဖို့က အရမ်း ခက်ခဲတယ်... အထူး စီစဉ်မှုတွေ လိုအပ်ပြီး လုပ်နေတဲ့ အချိန်မှာ ရွှေ့ပြောင်းလို့ မရဘူး..."
လူကိုသတ်ပြီး အလောင်းကိုပါ ခိုးယူသွားမည်ဆိုလျှင် နောက်ယောင်ခံလိုက်ခံရမည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍သာ အဖမ်းခံရပါက သူ ကြိုးပမ်းအားထုတ်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"လူကိုသတ်၊ အလောင်းကို ထားခဲ့... ပြီးမှ လူသတ်သမားကို ဖမ်းဖို့ လာကူညီတဲ့ သူတော်ကောင်း ယောင်ဆောင်... ပြီးတော့ မြို့စားအိမ်တော်ထဲမှာပဲ အလောင်းကို သုံးပြီး ရုပ်သေး လုပ်တာက ပိုကောင်းတာပေါ့..." ချန်းဖုန်းက ကြိုတင် တွေးတောထားပြီး ဖြစ်သော်လည်း တာအိုဆရာ ပေါ်လာမှ သူ၏ ဆုံးဖြတ်ချက် ပိုခိုင်မာသွားခြင်း ဖြစ်သည်။
မြို့စားမင်း၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ရှက်ရွံ့နေသည်။
ဤမျှကာလပတ်လုံး လူသတ်သမားသည် မြို့စားအိမ်တော်ထဲတွင် ရှိနေခဲ့သည်သာမက၊ သူ့ကိုပင် လိုလေသေးမရှိ ကောင်းမွန်စွာ ဧည့်ခံပြုစုထားခဲ့မိလေသည်။