← Chapters

အံ့ဩသွားကြသော ဂိုဏ်းသားများ

Vol. 3 Ch. 26

အံ့ဩသွားကြသော ဂိုဏ်းသားများ

Vol. 3 Ch. 26

သူတို့နှစ်ဦးသည် ပျံသန်းလှေဖြင့် တောင်တံခါးဝသို့ ပြန်ရောက်လာကြသည်။

ထိုနေရာမှ စတင်၍ ပျံသန်းလှေ စီးခွင့် မရှိတော့သဖြင့် မစ်ရှင်ခန်းမဆောင်သို့ လမ်းလျှောက်သွားကြရသည်။

တောင်ဘက်နယ်မြေမှ ဂိုဏ်းသား အများအပြားသည် ချင်ထျန်း ပြန်ရောက်လာသည်ကို တွေ့သောအခါ ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး သူတို့၏ သူငယ်ချင်းများကို အလျင်အမြန် သတင်းပို့လိုက်ကြသည်။

သူငယ်ချင်းများမှတစ်ဆင့် တစ်စတစ်စ ပျံ့နှံ့သွားရာ မကြာမီ တောင်ဘက်နယ်မြေ တစ်ခုလုံး သတင်းပြန့်သွားလေသည်။

"သူ အသက်ရှင်လျက် ပြန်ရောက်လာတယ်တဲ့... အဲဒါ ငရဲခက်ခဲအဆင့် မစ်ရှင်ကြီးလေ"

"ငါ အဲဒီမစ်ရှင် အကြောင်း ကြားဖူးတယ်... အစက သာမန် မစ်ရှင် အဆင့်ပဲ... ဒါပေမဲ့ ဂိုဏ်းသား နှစ်သုတ်လောက် သွားတာတောင် အမှုမဖြေရှင်းနိုင်လို့... အခက်အခဲကြောင့် ခက်ခဲအဆင့် မစ်ရှင် အဖြစ် တိုးမြှင့်လိုက်တာ..."

ချင်ထျန်းနှင့် သူ့အဖော် မစ်ရှင်ထွက်သွားသည်မှာ ဆယ်ရက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း အားလုံး သိထားကြသည်။

"သေချာပေါက် ကျရှုံးခဲ့တာပဲ ဖြစ်မှာပါ... ဒါပေမဲ့ ခက်ခဲအဆင့် မစ်ရှင်ကို သွားလုပ်ပြီး အသက်ရှင်လျက် ပြန်လာနိုင်တာကပဲ လူသစ်တွေ အနေနဲ့ တော်တော် ကံကောင်းတယ် ပြောရမယ်..."

ချင်ထျန်းနှင့် ချန်းဖုန်းတို့သည် မစ်ရှင်ခန်းမဆောင်သို့ လျှောက်လာကြသည်။

ချင်ထျန်းကို မစ်ရှင် ချပေးခဲ့သော အမျိုးသမီး မစ်ရှင်တာဝန်ခံသည် မျက်လုံးများ ပြူးကျယ်သွားသော်လည်း တစ်ချိန်တည်းမှာပင် သက်ပြင်းချကာ စိတ်အေးသွားရသည်။

အကယ်၍သာ သူတို့နှစ်ဦး သေဆုံးသွားခဲ့လျှင် သူမ ဒုက္ခရောက်ပေလိမ့်မည်။

အမျိုးသမီး မစ်ရှင်တာဝန်ခံသည် လက်ပိုက်လိုက်ပြီး ချင်ထျန်းကို ကျေနပ်အားရသော အမူအရာဖြင့် ကြည့်လိုက်သည်"မစ်ရှင်တွေက ပိုပို ခက်လာတယ် ဆိုတာ သိပြီ မဟုတ်လား... နှိမ့်ချပြီး ယဉ်ကျေးသိမ်မွေ့စွာနဲ့ သင်ယူလိုစိတ် ရှိသင့်တယ်... ဒါဆိုရင် ငါက အစ်မကြီး တစ်ယောက် အနေနဲ့ လွယ်ကူတဲ့ မစ်ရှင်လေးတွေ ရွေးပေးမှာပေါ့..."

"စကားတွေ များလိုက်တာ... ဒီလောက် မစ်ရှင်လေး တစ်ခုလောက်နဲ့ ဒီသခင်လေးက ဒုက္ခရောက်ပါ့မလား..." ချင်ထျန်းက စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ "ဒီသခင်လေးရဲ့ မစ်ရှင်ကို အတည်ပြုပေးစမ်း..."

"ဘာတွေ လေကြီးနေတာလဲ... ခက်ခဲအဆင့် မစ်ရှင်ကို ပြီးမြောက်ခဲ့တယ်လို့ ထင်နေတာလား... ပြီးမြောက်တယ် ဆိုရင် သက်သေ ဘယ်မှာလဲ..." အမျိုးသမီး မစ်ရှင်တာဝန်ခံမှာ ရယ်ချင်စိတ် ဖြစ်သွားသည်။ ဒီလူက မျက်တောင်မခတ်ဘဲ လိမ်နေတာပဲ။

"ဘာသက်သေ လိုသေးလို့လဲ..." ချင်ထျန်းက စားပွဲကို ထပ်မံ ရိုက်ချလိုက်ပြီး အမျိုးသမီး၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒီသခင်လေးကို အခက်အခဲ ဖြစ်အောင် လုပ်ရဲရင်... မင်းကို ရိုက်သတ်ပစ်မယ်..."

"ဒီမှာ သက်သေပါ..." ချန်းဖုန်းက အလျင်အမြန် ရှေ့တိုးလာပြီး မြို့စားမင်း လီတာဖု တံဆိပ်တုံး ထုပေးလိုက်သော စာရွက်ကို ကမ်းပေးလိုက်သည်။

အမျိုးသမီး မစ်ရှင်တာဝန်ခံသည် စာရွက်ကို ယူလိုက်ပြီး အံ့ဩသွားသည်။

"ပြီးတော့ ဒါက မစ်ရှင် အစီရင်ခံစာပါ..." ချန်းဖုန်းက လမ်းခရီးတွင် ရေးမှတ်ထားသော မစ်ရှင် အစီရင်ခံစာကိုပါ ထပ်မံ ပေးအပ်လိုက်သည်။

"တကယ်ကြီး ပြီးမြောက်ခဲ့တာလား..." အမျိုးသမီး မစ်ရှင်တာဝန်ခံ အံ့ဩသွားသည်။ ဒါက ခက်ခဲအဆင့် မစ်ရှင်လေ။

"လက်မှုပညာရှင် လက်ချက်တဲ့လား..." အစီရင်ခံစာကို ဖတ်ပြီးနောက် အမျိုးသမီး မစ်ရှင်တာဝန်ခံ အာမေဋိတ်သံ ထွက်သွားသည်။

"လက်မှုပညာရှင်... ဟို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရုပ်သေးဆရာ မဟုတ်လား..."

မစ်ရှင်ခန်းမဆောင်သည် တစ်ခုတည်းသော နေရာ ဖြစ်သဖြင့် နေ့စဉ် ဂိုဏ်းသား အများအပြား လာရောက်လေ့ ရှိသည်။

လူအများအပြားလည်း ကြားလိုက်ရသည်။

"လူသစ် နှစ်ယောက်က လက်မှုပညာရှင်ရဲ့ ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်တဲ့လား..."

"ဒါက ယုံနိုင်စရာ မရှိဘူး..."

လူအုပ်ကြီးက တီးတိုး ပြောဆိုနေကြပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။

"အစီရင်ခံစာ ပြပါဦး..." ဝါရင့် အပြင်ဂိုဏ်းသား တစ်ဦးက မစ်ရှင်တာဝန်ခံထံမှ အစီရင်ခံစာကို တောင်းကြည့်လိုက်သည်။

လျှို့ဝှက် အချက်အလက် အချို့မှ လွဲ၍ မစ်ရှင် အစီရင်ခံစာ အားလုံးသည် ဂိုဏ်းသားအများ ကြည့်ရှုခွင့် ရှိသည်။ အပြင်ဂိုဏ်းသားများ အနေဖြင့် လွတ်လပ်စွာ ကြည့်ရှုနိုင်ပြီး ဤနည်းအားဖြင့် အတွေ့အကြုံများ စုဆောင်းစေလိုသော ဂိုဏ်း၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။

"ယင်ရုပ်သေး လုပ်ဖို့ ကြိုးစားနေတာတဲ့..."

"လက်မှုပညာရှင်က တကယ့် လူယုတ်မာပဲ..."

"ဒီမြို့စားမင်းကလည်း ငတုံးပဲ... ဝံပုလွေကို အိမ်ထဲ ခေါ်ထားပြီး လူသတ်သမားကိုမှ သူကောင်းပြုထားရတယ်လို့"

"သက်သေလည်း ရှိနေတာပဲ... အစီရင်ခံစာ ရေးနေရသေးတယ်... ရှုပ်ရှုပ်ရှက်ရှက်..." ချင်ထျန်း ညည်းညူလိုက်သည်။

"ချန်းဖုန်းက တော်တော် စေ့စပ်တာပဲ... ငါဆို ဒါတွေ ဘယ်သိမှာလဲ..."

"မစ်ရှင် အောင်မြင်ကြောင်း သတ်မှတ်ပေးလို့ ရပြီလား..."

"ချက်ချင်း လုပ်ပေးပါမယ်..." အမျိုးသမီး မစ်ရှင်တာဝန်ခံ၏ လေသံမှာ များစွာ ပြောင်းလဲသွားသည်။ ပထမဆုံး အကြိမ်မှာပင် ခက်ခဲအဆင့် မစ်ရှင်ကို ပြီးမြောက်အောင် လုပ်နိုင်သူသည် နောက်ဆုံးတွင် အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်မည်မှာ သေချာသည်။

"ဒါက အပြင်ဂိုဏ်း ခက်ခဲအဆင့် မစ်ရှင်ပါ... သာမန် ဝိညာဉ်ကျောက်တုံး ၁၀ ပိဿာနဲ့ ဂိုဏ်းအမှတ် ၁၀ ရပါတယ်..."

အမျိုးသမီး မစ်ရှင်တာဝန်ခံက ပြုံးပြပြီး ဝိညာဉ်ကျောက်တုံး ၁၀ ပိဿာနှင့် ကျောက်စိမ်းပြား နှစ်ခုကို ထုတ်ပေးလိုက်သည်။

(အရင်အပိုင်းတွေမှာ တုံးနဲ့သုံးခဲ့တာမှားသွား၏။ ပိဿနဲ့ပြန်သုံးပါမယ်)

"ဒီကျောက်စိမ်းပြားတွေထဲမှာ မောင်လေးတို့ရဲ့ ဂိုဏ်းအမှတ်တွေကို မှတ်တမ်းတင်ထားပါတယ်... အချိန်မရွေး ဂိုဏ်းက ပစ္စည်းတွေနဲ့ လဲလှယ်လို့ ရပါတယ်..."

"၁၀ မှတ်တည်းလား... နည်းလိုက်တာ... ဘာနဲ့ လဲလို့ ရမှာလဲ..." ချင်ထျန်း ခေါင်းခါလိုက်သည်။ ဂိုဏ်းက ကပ်စေးနည်းလွန်းတယ်ဟု ခံစားလိုက်ရသည်။

"စီနီယာအစ်ကိုကြီး... ဂိုဏ်းအမှတ်တွေက တန်ဖိုးကြီးပါတယ်... ၁၀ မှတ်ဆိုတာ မနည်းပါဘူး..." ချန်းဖုန်းက ရှင်းပြလိုက်သည်။

"ဂိုဏ်းအမှတ် တစ်မှတ်က ဝိညာဉ်ကျောက်တုံး တစ်ပိဿာနဲ့ ညီမျှတယ်လို့ ပြောကြပေမဲ့... ဂိုဏ်းထဲမှာ ဝယ်ရင် ၅၀ ရာခိုင်နှုန်း လျှော့ဈေး ရပါတယ်... ဒါကြောင့် ၁၀ မှတ်ဆိုတာ ဝိညာဉ်ကျောက်တုံး ပိဿာ ၂၀ နဲ့ ညီမျှပါတယ်..."

ချန်းဖုန်းက နောက်တစ်ချက်ကိုလည်း ပြောပြလိုက်သည်။ ဂိုဏ်းတွင် အရင်းအမြစ်များ စုံလင်ပြီး ပစ္စည်းအမျိုးအစား များပြားသည်။ အပြင်ထွက်ပြီး ဝိညာဉ်ကျောက်တုံးနှင့် ဝယ်ယူခြင်းထက် များစွာ အဆင်ပြေသည်။

"ကောင်းပြီလေ... ချန်းဖုန်းနဲ့ ငါ တစ်ယောက် တစ်ဝက် ခွဲယူလိုက်မယ်..."

ချင်ထျန်းက လက်ကမ်းလိုက်သည်။ ချန်းဖုန်း ငြင်းမည်ကို သူ သိသည်။ "ဒီနေ့ကစပြီး ငါက တာဝန်ယူမယ်..."

"ဟုတ်ကဲ့... စီနီယာအစ်ကိုကြီး..." ချန်းဖုန်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထို့နောက် အမျိုးသမီး မစ်ရှင်တာဝန်ခံဘက်သို့ လှည့်ကာ မေးလိုက်သည်... "စီနီယာအစ်မ... လက်မှုပညာရှင်ကို သတ်တဲ့ မစ်ရှင် ရှိပါသလား..."

"လက်မှုပညာရှင် မစ်ရှင် ဟုတ်လား..." အမျိုးသမီး မစ်ရှင်တာဝန်ခံ ကြောင်သွားသည်။ "အဲဒီမစ်ရှင်က မပြီးမြောက်သေးလို့ အတွင်းဂိုဏ်းကို လွှဲပြောင်းပေးလိုက်ပြီလေ... ဂျူနီယာမောင်လေးက ဘာလို့ မေးတာလဲ..."

"လက်မှုပညာရှင် သေသွားပြီ... ဒါက သူ့ရဲ့ ချီပင်လယ် မြုတေ ပါ..." ချန်းဖုန်းက ကြည်လင်သော မြုတေလုံး နှစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။

တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။

"လက်မှုပညာရှင် အတွက်လည်း မစ်ရှင် ရှိတာကိုး... ချန်းဖုန်းက တော်တော် စေ့စပ်တာပဲ..." ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ မစ်ရှင် ဆုလာဘ် ရှိမှတော့ ဘာလို့ မယူဘဲ နေမှာလဲ...။

"ဒါ... ဒါ... မင်းတို့ လက်မှုပညာရှင်ကို သတ်ခဲ့တာလား..." အမျိုးသမီး မစ်ရှင်တာဝန်ခံ အသက်ရှူ မြန်လာပြီး အသံများ တုန်ယင်နေသည်။ ဒါ လက်မှုပညာရှင် လေ...။

နှစ်ပေါင်းများစွာ အပြင်ဂိုဏ်းသား ဘယ်သူမှ မလုပ်နိုင်ခဲ့လို့ အတွင်းဂိုဏ်းကို လွှဲပေးလိုက်ရတာ... အတွင်းဂိုဏ်းသားတွေလည်း နှစ်အတော်ကြာ မလုပ်နိုင်ခဲ့ကြဘူး။

အခုတော့ လူသစ် နှစ်ယောက် လက်ချက်နဲ့ ပြီးမြောက်သွားပြီတဲ့လား။

ချီပင်လယ် မြုတေ ဆိုတာ ချီပင်လယ်အဆင့် ကျင့်ကြံသူတိုင်းမှာ ရှိတဲ့ ထူးခြားတဲ့ အရာတစ်ခုပါ... ဘယ်သူမှ အတုလုပ်လို့ မရပါဘူး။

အမျိုးသမီး မစ်ရှင်တာဝန်ခံက ကောက်ယူ စစ်ဆေးလိုက်ရာ အမှန်တကယ်ပင် လက်မှုပညာရှင်၏ မြုတေ ဖြစ်ကြောင်းနှင့် သေဆုံးချိန်က နာကျည်းချက်များ ကျန်ရှိနေသေးကြောင်း တွေ့ရှိလိုက်ရသည်။

အခြားသော မစ်ရှင် ဝန်ထမ်းများလည်း မတ်တပ်ရပ်လိုက်ကြသည်။

လက်မှုပညာရှင်ကို သတ်ဖြတ်ခြင်းသည် မူလက အပြင်ဂိုဏ်း၏ ငရဲအဆင့် မစ်ရှင် ဖြစ်သည်။

ဒါပေမဲ့ အခုက အတွင်းဂိုဏ်းကို လွှဲပေးလိုက်ပြီ ဆိုတော့... ဘယ်လို စာရင်းရှင်းပေးရမလဲ...။

ဒီလို အခြေအနေမျိုး သူတို့ ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။

ဆုလာဘ် ပေးတာက ပြဿနာ မရှိပေမဲ့... ဒီမစ်ရှင်ကို အပြင်ဂိုဏ်း မစ်ရှင် လို့ သတ်မှတ်မှာလား... အတွင်းဂိုဏ်း မစ်ရှင် လို့ သတ်မှတ်မှာလား...။

"လက်မှုပညာရှင်ကို တကယ်ကြီး သတ်ခဲ့တာလား..." အမျိုးသမီး မစ်ရှင်တာဝန်ခံ မယုံကြည်နိုင် ဖြစ်နေဆဲပင်။

"ဟုတ်ပါတယ်... စီနီယာအစ်ကိုကြီး သတ်လိုက်တာပါ..." ချန်းဖုန်းက ဖြေလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

အမျိုးသမီး မစ်ရှင်တာဝန်ခံ သာမက ဘေးမှ ကြည့်နေကြသော ဂိုဏ်းသားဟောင်းများပါ မယုံကြည်နိုင် ဖြစ်နေကြသည်။

ချင်ထျန်း သတ်သည် ဟုတ်မဟုတ် အရေးမကြီးဘဲ... မစ်ရှင် ပြီးမြောက်သွားပြီ ဆိုတာက အမှန်တရားပင်။

"ခဏ စောင့်ပါ... တာဝန်ခံကို မေးကြည့်လိုက်ပါဦးမယ်..."

အမျိုးသမီး မစ်ရှင်တာဝန်ခံက သူမ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို အသုံးပြု၍ မစ်ရှင်ခန်းမဆောင် တာဝန်ခံကို ဆက်သွယ်လိုက်သည်။

"ဂျူနီယာမောင်လေး... မစ်ရှင် ဆုလာဘ်ကို အတွင်းဂိုဏ်း ဆုလာဘ် အတိုင်း ပေးပါမယ်... ပြီးတော့ ဒီမစ်ရှင်ကို ငရဲအဆင့် မစ်ရှင် တစ်ခု ပြီးမြောက်တယ်လို့ သတ်မှတ်ပေးပါမယ်... ဘယ်လိုလဲ..."

"ကောင်းပြီလေ... ရှင်းပေးလိုက်ပါ..." ချင်ထျန်း သိပ်ဂရုမစိုက်ပေ... ဘာပဲဖြစ်ဖြစ် ဒါက ခဏလေးနဲ့ ပြီးသွားတဲ့ ကိစ္စပဲလေ။

"လက်မှုပညာရှင် မစ်ရှင် ပြီးမြောက်ပါပြီ... သာမန် ဝိညာဉ်ကျောက်တုံး ပိဿာ ၁၀၀ နဲ့ ဂိုဏ်းအမှတ် ၁၀၀..."

"မဆိုးဘူး..." ချင်ထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဒါမှ ဟုတ်တာ... ဒီခရီးက အလကား မဖြစ်တော့ဘူး။ ကြည့်ရတာ မစ်ရှင်တွေ ပိုလုပ်ဖို့ လိုမယ် ထင်တယ်။

စနစ် မစ်ရှင်တွေ ပွင့်လာနိုင်သလို... ပစ္စည်းတွေလည်း ကောက်လို့ ရမယ်... ဂိုဏ်းပြန်ရောက်ရင် ဆုလာဘ်တွေလည်း ရဦးမယ်။

အဓိက အချက်က မဟာအကြီးအကဲ နေရာနဲ့ ပိုနီးစပ်လာတာပေါ့။ အကြီးအကဲ ဖြစ်ဖို့ ဆိုရင် မစ်ရှင် ဒါဇင်နဲ့ချီပြီး ပြီးမြောက်အောင် လုပ်ရမှာကိုး။

ချင်ထျန်းနှင့် ချန်းဖုန်းတို့ တစ်ယောက်လျှင် ဝိညာဉ်ကျောက်တုံး ၅၅ ပိဿာနှင့် ဂိုဏ်းအမှတ် ၅၅ မှတ်စီ ရရှိလိုက်ကြသည်။

ဒါက ချင်ထျန်းအတွက် အတော်အတန် များပြားသော ပမာဏ ဖြစ်သော်လည်း ချန်းဖုန်းအတွက်မူ တစ်သက်လုံး စိတ်ကူးပင် မယဉ်ဖူးသော ပမာဏ ဖြစ်သည်။

"ရှောင်ဖုန်း... ယင်ရုပ်သေး ရောင်းတဲ့ ကိစ္စ မင်းကိုပဲ အပ်လိုက်မယ်..."

"ဟုတ်ကဲ့... စီနီယာအစ်ကိုကြီး..." ချန်းဖုန်းက စိတ်အားထက်သန်စွာဖြင့် ချင်ထျန်း အတွက် အလုပ်လုပ်ပေးရန် ပျော်ရွှင်နေသည်။

နေဦး... သူ တစ်ခုခု မေ့နေသလိုပဲ။

"မစ်ရှင် သတင်းအချက်အလက် အကျဉ်းချုပ်ကို သခင်လေးဆီ သွားပို့လိုက်ပါဦး..."

All Chapters