ချန်းဖုန်းကို ကန်ထုတ်ခြင်း
Vol. 3 Ch. 27
"စီနီယာအစ်ကိုကြီး... ကျွန်တော် သွားတော့မယ်..." ချန်းဖုန်းက ကပျာကယာ ပြောလိုက်ပြီး အနည်းငယ် တုန်လှုပ်နေပုံရသည်။
"သွားလေ..." ချင်ထျန်း လက်ဝှေ့ယမ်းပြလိုက်သည်။ "ဒီကောင်လေး ဘာလို့ ဒီလောက် တုန်လှုပ်နေရတာလဲ... ပုံမှန်ဆို တည်ငြိမ်နေကျ မဟုတ်ဘူးလား..." ဟု တွေးလိုက်မိသည်။
ချန်းဖုန်းသည် ကြောက်ရွံ့ထိတ်လန့်နေပြီး ခေါင်းငိုက်စိုက်ကျကာ သူ့ရှေ့မှ လူကို မကြည့်ရဲပေ။
"ချန်းဖုန်း... မင်း တော်တော် စွမ်းတာပဲ... ငါ့အမိန့်ကို လျစ်လျူရှုပြီး ဆယ်ရက်လောက် ကြာမှ သတင်း ပြန်ပို့တယ်ပေါ့..." ချန်းလန်ရှင်းသည် အထက်စီးမှ ထိုင်နေပြီး မျက်နှာထား အေးစက်ကာ ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည်။
"မစ်ရှင် သွားလုပ်နေလို့ ကြာသွားတာပါ... ဒီတစ်ခါ ခွင့်လွှတ်ပေးပါ အစ်ကိုကြီး..." ချန်းဖုန်း၏ အသံများ တုန်ယင်နေပြီး အထက်မှ လူငယ်ကို တစ်ချက်ကလေးမျှ မော့မကြည့်ရဲပေ။
"ငါ့ကို အစ်ကိုကြီးလို့ မခေါ်နဲ့..." ချန်းလန်ရှင်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မဲ့ပြုံး ပြုံးကာ အေးစက်စွာ ပြောလိုက်သည်။ "မင်းက အိမ်ဖော်က မွေးလာတာ... သဘာဝကျကျ မင်းလည်း အိမ်ဖော်ပဲ..."
"ခွင့်လွှတ်ပါ... သခင်လေး... ချန်းဖုန်း နောက်တစ်ခါ သခင်လေးရဲ့ အမိန့်ကို မလွန်ဆန်ရဲတော့ပါဘူး..." ချန်းဖုန်း ကြောက်ရွံ့တုန်လှုပ်နေသည်။ သူက နိမ့်ကျသော မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။
တိုက်ရိုက် သွေးမတော်ဆက်ကို အလုပ်အကျွေးပြုရန် မွေးဖွားလာသူ ဖြစ်သဖြင့် သခင်လေး ပေးသော တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်။ သို့မဟုတ်ပါက...
"ငါ့အလုပ်ကို ရှုပ်အောင် လုပ်ရင်... မိသားစု စည်းကမ်းအတိုင်း ကြိမ်ဒဏ် အချက် ၅၀ အပြစ်ပေးရမယ်..." ချန်းလန်ရှင်း မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ခံစားချက် ကင်းမဲ့နေပြီး သူ့ရှေ့မှ လူကို လူသားတစ်ယောက် အနေဖြင့် မမြင်ဘဲ တိရစ္ဆာန် တစ်ကောင်ကဲ့သို့ သဘောထားနေသည်။
ချန်းဖုန်း၏ ခန္ဓာကိုယ် တုန်ယင်နေပြီး အတိတ်က နာကျင်စရာ အမှတ်တရများကို ပြန်သတိရသွားသကဲ့သို့ ဖြစ်နေသည်။
"အစ်ကိုကြီး... ဒီတစ်ခါတော့ ချမ်းသာပေးပါ..." ချန်းဖုန်း မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး အသနားခံလိုက်သည်။
ကြိမ်ဒဏ် အချက် ၅၀ အရိုက်ခံရပြီးလျှင် သူ အသက်တစ်ဝက်လောက်ပဲ ကျန်တော့မည် ဖြစ်ကြောင်း သူ သိသည်။ ထိုသို့ ဖြစ်လျှင် စီနီယာအစ်ကိုကြီး ချင်ထျန်း၏ ယင်ရုပ်သေး အတွက် ဝယ်လက်ရှာပေးမည့် ကိစ္စ ကြန့်ကြာသွားပေလိမ့်မည်။
ချင်ထျန်းသည် သူ့အမေ ပြီးလျှင် သူ့အပေါ် အကောင်းဆုံး ဆက်ဆံပေးသော သူ ဖြစ်သဖြင့် ချင်ထျန်း စိတ်ပျက်အောင် သူ မလုပ်ချင်ပေ။
"ပထမဆုံး အကြိမ်မှ မဟုတ်တာ... ဘာကြောက်နေတာလဲ..." ချန်းလန်ရှင်းက ဂရုမစိုက်စွာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့... မသေပါဘူး..."
ချန်းလန်ရှင်းက ကြိမ်လုံးကို ဝှေ့ယမ်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာသည်။
"မသေဘူး ဟုတ်လား... ဒါဆို မင်းလည်း စမ်းကြည့်လိုက်လေ..."
"ဝုန်း..."
ချင်ထျန်းသည် ချန်းလန်ရှင်း၏ တံခါးကို ကန်ဖွင့်လိုက်ပြီး မှုန်ကုပ်နေသော မျက်နှာဖြင့် ဝင်လာလိုက်သည်။ "ရှောင်ဖုန်း... ထလိုက်စမ်း..."
ချင်ထျန်း စိတ်တိုနေပြီ။ ဒီကောင်စုတ်က ချန်းဖုန်းကို ရိုက်ရဲတယ်ပေါ့။
ချန်းဖုန်း၏ တုန်လှုပ်နေသော အမူအရာကို မြင်ကတည်းက တစ်ခုခု မှားနေကြောင်း သူ ရိပ်မိလိုက်သည်။
လမ်းခရီး တစ်လျှောက်လုံး ချန်းဖုန်းသည် သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး ပစ်မှတ်ကို ကောက်ချက်ချရာတွင် ထိတ်လန့်မှု လုံးဝ မပြသခဲ့ပေ။
ဂိုဏ်းပြန်ရောက်မှ ထိတ်လန့်နေခဲ့သည်။
ချင်ထျန်းသည် သိပ်စဉ်းစားတတ်သူ မဟုတ်သော်လည်း သူ သဘောကျသော လူတစ်ယောက်က ပုံမှန်မဟုတ်သော အပြုအမူ ပြလာလျှင် သေချာပေါက် သတိထားမိသည်။
"စီနီယာအစ်ကိုကြီး..." ချန်းဖုန်း၏ မျက်လုံးများထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်း မျက်နှာပျက်သွားသည်။ သူက ကပျာကယာ ပြောလိုက်သည်... "စီနီယာအစ်ကိုကြီး... ဒါ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စပါ... ဝင်မပါပါနဲ့..."
ချင်ထျန်း ပေါ်လာသည်နှင့် မူလက အေးစက်မောက်မာနေသော ချန်းလန်ရှင်းသည် ရုတ်တရက် ထိတ်လန့်သွားသည်။
ဤသည်မှာ သူ တစ်ခါမျှ မကြုံဖူးသော အရာဖြစ်သည်။ မတတ်နိုင်ပေ... ချင်ထျန်း၏ ဂုဏ်သတင်းက ကြီးလွန်းလှသည်။
ဒီကောင်က လှုပ်ရှားဖို့ ဘယ်တော့မှ တွန့်ဆုတ်မနေဘူး... အချိန်လည်း မဆွဲဘူး။
"ဘိုးဘေးပေါက်စချင်... ဒါ ကျွန်တော်တို့ မိသားစု ကိစ္စပါ... ခင်ဗျား..." ချန်းလန်ရှင်းလည်း ချင်ထျန်းကို ကြောက်နေသည်
။
"ခင်ဗျား... ဘာ ခင်ဗျား လဲ... ခွေးကောင်..." ချင်ထျန်း စတင် ဆဲဆိုလိုက်သည်။
ချန်းလန်ရှင်း၏ မျက်နှာ မည်းမှောင်သွားသည်။ သူ တစ်ခါမျှ ဤကဲ့သို့ အဆဲမခံခဲ့ရဖူးပေ။
"ဘာကြည့်တာလဲ... ဘာလဲ... မကျေနပ်ဘူးလား... ဒီနေ့ မင်းကို ထပ်ရိုက်ရသေးတာပေါ့ကွာ" ချင်ထျန်း ဒေါသထွက်နေ၏။ ချန်းဖုန်း ကြောက်ရွံ့တုန်လှုပ်နေသည်ကို မြင်လိုက်ရခြင်းက သူ့ဒေါသကို ပိုမို လောင်မြိုက်စေခဲ့သည်။
ချင်ထျန်း လက်သီးဆုပ်ပြီး ပြေးဝင်သွားသည်။
ချန်းဖုန်းက ဒေါသထွက်နေသော ချင်ထျန်းကို အမြန် ဖက်ထားလိုက်ပြီး"စီနီယာအစ်ကိုကြီး... သူက ကျွန်တော့်အစ်ကိုပါ... ထားလိုက်ပါ..."
ချန်းလန်ရှင်း ထိတ်လန့်နေပြီး သူ့မျက်နှာ ရှုံ့မဲ့နေ၏။ ချင်ထျန်းက လွန်လွန်းသည်။
သူက ချန်းမိသားစု၏ ခေါင်းဆောင် ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်း ရှိသူ ဖြစ်သည်။ ဘယ်တုန်းကများ ဒီလို ဆက်ဆံခံခဲ့ရဖူးလို့လဲ...။
"မင်းအမေအတွက် စိုးရိမ်နေတာလား..." ချင်ထျန်း သူတို့ ပြောစကားများကို ကြားခဲ့သည်။ ချန်းဖုန်းက အိမ်ဖော်က မွေးလာတာ ဖြစ်ပြီး ချန်းလန်ရှင်းကို သခင်လေး ဟု ခေါ်သည်။
ထို့အပြင် ဤလောကကြီး၌ သူ့အပေါ် အကောင်းဆုံးသူမှာ သူ၏ မိခင်တစ်ဦးတည်းသာ ရှိပြီး၊ ဖခင်ဖြစ်သူမှာမူ သူ၏ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင် ပေါ်မလာခဲ့ဖူးကြောင်း လမ်းခရီးတွင် သူ ပြောပြခဲ့ဖူးလေသည်။
ချင်ထျန်း ရှုပ်ထွေးသော မိသားစု ပြဿနာများကို ချက်ချင်း ကောက်ချက်ချလိုက်သည်။
ချန်းဖုန်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုများ ပြည့်နှက်နေခဲ့သည်။
"စိတ်မပူပါနဲ့... မင်းရဲ့ စီနီယာအစ်ကိုကြီးက အမြဲတမ်း ယုံကြည်အားကိုးလို့ ရပါတယ်..." ချင်ထျန်းက ချန်းဖုန်းကို ပုတ်ပေးလိုက်ပြီး စိတ်ချရန် အချက်ပြလိုက်သည်။
ချန်းဖုန်း လက်လွှတ်လိုက်၏။
ချင်ထျန်း ရုတ်တရက် ပြေးဝင်သွားသည်။ သူ့အရှိန်က မြန်လွန်းသဖြင့် ချန်းဖုန်း တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
ချန်းလန်ရှင်းလည်း ထိုနည်းတူပင်။
ချင်ထျန်းက ချန်းလန်ရှင်း၏ ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ရာ လေထဲသို့ လွင့်စင်သွားပြီး သစ်သားအိမ်ကို ဖောက်ထွက်ကာ လမ်းမပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ကျယ်လောင်သော အသံကြောင့် လူအများအပြား လန့်ဖျပ်သွားကြ၏။ ပထမဆုံး ရောက်လာသူများမှာ အနီးနားတွင် ရှိနေသော ဂိုဏ်းသားသစ်များ ဖြစ်ကြသည်။ ဂိုဏ်းသားဟောင်းများလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
"တောင်ဘက်နယ်မြေမှာ ဘယ်သူက အကြမ်းဖက်ရဲတာလဲ..." ဂိုဏ်းသားဟောင်း အများအပြား ရှေ့ထွက်လာကြသည်။
ဂိုဏ်းသားသစ်များလည်း အံ့ဩနေကြသည်။ ဒါ ပဉ္စမအကြီးအကဲရဲ့ တပည့်လေ။
ချင်ထျန်းသည် တတိယထပ်မှ ခုန်ချလိုက်ပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်လာသည်။ ချန်းလန်ရှင်းသည် ဗိုက်ကို နှိပ်ကာ မျက်နှာ ရှုံ့မဲ့နေပြီး မျက်လုံးများထဲတွင် အငြိုးအတေးများ ပြည့်နှက်နေခဲ့သည်။
"သူ ဘယ်လိုလုပ် ရဲရတာလဲ... ငါက ချန်းမိသားစုရဲ့ သခင်လေးလေ" ငယ်စဉ်ကတည်းက မြင့်မြတ်သော နေရာတွင်သာ နေခဲ့ရသော ချန်းလန်ရှင်းသည် ဤကဲ့သို့ အရှက်ခွဲခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးပေ။
ချင်ထျန်း၏ လက်သီးချက်ကြောင့် သူ့နံရိုးအချို့ ကျိုးသွားခဲ့ပြီး ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်နေခဲ့သည်။
"ဘာအကြည့်တာလဲ..." ချင်ထျန်းက စိုက်ကြည့်လိုက်ရာ နဖူးပေါ်တွင် သွေးကြောများ ထောင်ထလာပြီး မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေကာ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ချန်းလန်ရှင်း ကြောက်လန့်သွား၏။ နာကျင်မှုကြောင့်လား၊ ကြောက်ရွံ့မှုကြောင့်လား မသိဘဲ ခန္ဓာကိုယ် တုန်ယင်လာသည်။
"ဒီနေ့ မင်းကို မသတ်ဘူး... ဒါပေမဲ့ ငါ့ဂျူနီယာညီလေး ချန်းဖုန်း ဒါမှမဟုတ် သူ့မိသားစုက တစ်ယောက်ယောက်ရဲ့ ဆံပင်တစ်မျှင်လောက် ထိခိုက်သွားတာနဲ့... မင်းအရိုးတွေကို တစ်စစီ ချိုးပစ်မယ်..." ချင်ထျန်းက ထပ်မံ စိုက်ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။
"ကြားလား..."
"ကြား... ကြားပါတယ်... ဘိုးဘေးပေါက်စ..." ချန်းလန်ရှင်း ကြောက်လန့်နေပြီး ဒီနေ့ အသတ်ခံရတော့မည်ဟု ထင်နေသည်။
"မင်းက ရက်စက်တယ်... လက်စားချေချင်တယ် ဆိုတာ ငါ သိတယ်... ငါ မင်းကို အခွင့်အရေး ပေးမယ်... ငါ့ဆီ အချိန်မရွေး လာခဲ့... ဒါပေမဲ့ မင်းက မဆိုင်တဲ့သူတွေကို လက်ပါရဲရင်... ဟောက်ရန်ဂိုဏ်းထဲမှာ ရှိနေရင်လည်း ငါမင်းကို သတ်မယ်... ဂိုဏ်းပြင်ပ ရောက်နေရင်လည်း လိုက်ရှာပြီး သတ်မယ်"
"ဟုတ်... ဟုတ်ကဲ့ပါ..." ချန်းလန်ရှင်း ကပျာကယာ ပြန်ဖြေလိုက်သည်။
ချင်ထျန်း၏ ကြမ်းတမ်းသော ခြိမ်းခြောက်မှုကြောင့် ဒေါသထွက်နေကြသော ဂိုဏ်းသားဟောင်းများ ငြိမ်ကျသွားကြသည်။
"ဂလု... ဂလု..." တံတွေးမြိုချသံများ ကြားလိုက်ရသည်။ ဒါ တကယ်ရော ဟောက်ရန်ဂိုဏ်းသား ဟုတ်ရဲ့လား...။
သူ့ရဲ့ သွေးဆာမှုက မိစ္ဆာကျင့်ကြံသူတွေထက်တောင် ပိုဆိုးနေသေး၏။
"ချင်ထျန်း ဆိုတာ ဘယ်ကောင်လဲ..." ကျယ်လောင်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။
တောင်ဘက်နယ်မြေ၏ အစွန်အဖျားတွင် အနောက်ဘက်နယ်မြေမှ ဂိုဏ်းသား ထောင်ပေါင်းများစွာ ခမ်းနားစွာ ချီတက်လာကြသည်။ ဦးဆောင်လာသူမှာ အနောက်ဘက်နယ်မြေ၏ ထိပ်သီး စီနီယာအစ်ကိုကြီး ပိုင်လုံ ပင်။
ချင်ထျန်း မစ်ရှင်ဌာနသို့ သွားပြီး မစ်ရှင် အပ်သည်ကို အနောက်ဘက်နယ်မြေ ဂိုဏ်းသားများ မြင်လိုက်ကြသည်။ ထို့နောက် အနောက်ဘက်နယ်မြေ ခေါင်းဆောင်ထံ သတင်းပို့လိုက်ကြသည်။
ပိုင်လုံသည် ဂိုဏ်းသားများကို ချက်ချင်း စုရုံးပြီး ချင်ထျန်းထံမှ ဖြေရှင်းချက် တောင်းရန် ရောက်လာခြင်း ဖြစ်သည်။
ပိုင်လုံ မျက်မှောင်ကြုတ်လိုက်သည်။ တောင်ဘက်နယ်မြေမှာ နောက်ထပ် ရန်ပွဲ ဖြစ်နေပြန်ပြီလား...။
"ဒီသခင်လေးကို ရှာနေတာလား" သူ့နာမည် ခေါ်သံ ကြားလိုက်ရသဖြင့် ချင်ထျန်း ချက်ချင်း ပြန်ထူးလိုက်သည်။
"ဒုက္ခပဲ... အနောက်ဘက်နယ်မြေ ခေါင်းဆောင်က လူတွေခေါ်ပြီး ရောက်လာပြီ... စီနီယာအစ်ကိုကြီး ကျီးပုဖန် က ချင်ထျန်းကို လိုက်ရှာနေတာ ပြန်မရောက်သေးဘူး..."
"မင်းက ချင်ထျန်း ပေါ့... တကယ့် လူယုတ်မာပဲ... ပြန်ရောက်ရောက်ချင်း ဂိုဏ်းတူတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ပြန်ပြီ..." ပိုင်လုံက မကျေနပ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ဖြောင့်မတ်သော စိတ်ဓာတ်များ သူ့ရင်ထဲတွင် တက်ကြွလာသည်။
"မင်းအပူ မပါပါဘူး..."
ချင်ထျန်း ရှေ့တွင် စာသားများ ပေါ်လာသည်။
[ တင်... မကောင်းမှုကို မုန်းတီးပြီး အမြဲတမ်း ဖိနှိပ်ခံနေရသော၊ အမြဲတမ်း ဒုတိယသာ ရသော စာပေပညာရှင်... အလွယ်တကူ ကိုင်တွယ်နိုင်သည် ]
ဒါကို မြင်လိုက်ရတော့မှ ချင်ထျန်း စိတ်အေးသွားသည်။
ဒီကောင်သာ ပွစိပွစိ လာလုပ်ရဲရင်... သူများကိစ္စ ဝင်ပါတာ ဘယ်လို အကျိုးဆက် ရှိလဲ ဆိုတာ သိရတော့မယ်။
"ရိုင်းစိုင်းလိုက်တာ... ကိုယ်ကျင့်တရား မရှိဘူး... ကြင်နာမှုလည်း ကင်းမဲ့တယ်..."
"ဟောက်ရန်ဂိုဏ်းက မင်းလို လူယုတ်မာမျိုးကို ဆက်ထားလို့ မဖြစ်ဘူး..." ပိုင်လုံ၏ အသံမှာ နက်ရှိုင်းနေသည်။
အရင်တစ်ခါ အရိုက်ခံခဲ့ရတဲ့ လီလင်းဖုန်းက ကပျာကယာ ရှေ့တိုးလာပြီး ချင်ထျန်းနား ကပ်ကာ ပြောလိုက်သည်။