ကျမ်းမြတ် ပျံ့နှံ့ခြင်း
Vol. 3 Ch. 28
"အစ်ကိုကြီးချင်။ ဒီလူက အနောက်ဘက်နယ်မြေ အပြင်ဂိုဏ်းရဲ့ ထိပ်သီး စီနီယာအစ်ကိုကြီးပါ။ သူက အရမ်း စွမ်းအားကြီးတယ်... အပြင်ဂိုဏ်းမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ရှားတယ်။"
"တောင်ဘက်နယ်မြေက ကျွန်တော်တို့ရဲ့ ထိပ်သီး စီနီယာအစ်ကိုကြီး ကျီးပုဖန် က ခင်ဗျား မစ်ရှင်သွားနေတုန်း အန္တရာယ် ဖြစ်မှာ စိုးလို့ တောင်ပေါ်က ဆင်းပြီး လိုက်ရှာနေတာ... အခုထိ ပြန်မရောက်သေးဘူး... ဒါကြောင့် ခင်ဗျား သူ့ကို သွားမရန်စပါနဲ့။"
"ငါ့ကို လိုက်ရှာနေတာ ဟုတ်လား။" ချင်ထျန်း နားမလည် ဖြစ်နေသည်။ ကျီးပုဖန် ဆိုတာ ဘယ်သူလဲ။
လီလင်းဖုန်းက အမြန် ရှင်းပြလိုက်သည်။ ကျီးပုဖန်သည် ချင်ထျန်းက ခက်ခဲအဆင့် မစ်ရှင်ကို မှားယွင်း လက်ခံသွားမည်ကို စိုးရိမ်သဖြင့် ခြောက်နှစ်လုံးလုံး တောင်ပေါ်မှ မဆင်းသော စံချိန်ကို ချိုးဖျက်ပြီး လိုက်ရှာခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလိုက်သည်။
ကျီးပုဖန် တောင်ပေါ်မှ ဆင်းခြင်းသည် လက်တွေ့တွင် အကျိုးမရှိခဲ့သော်လည်း ချင်ထျန်း သူ့အပေါ် အမြင်ကောင်းသွားသည်။
"ကိစ္စမရှိပါဘူး။ ငါ ကိုင်တွယ်နိုင်ပါတယ်။" ချင်ထျန်းက လက်ကာပြပြီး လီလင်းဖုန်းကို ဘေးဖယ်ခိုင်းလိုက်သည်။
လီလင်းဖုန်းက ပြုံးပြီး ဘေးဖယ်ပေးလိုက်သည်။ သူသည် ပထမနေ့က အငြိုးအတေးကို ဖြေရှင်းချင်နေကြောင်း ချင်ထျန်းကို သတိပေးလိုက်သည်။ မဟုတ်လျှင် ချင်ထျန်း လက်စားလာချေပါက ဒုက္ခရောက်ပေလိမ့်မည်။
ချင်ထျန်းက ချန်းလန်ရှင်းကို ထပ်မံ ရိုက်နှက်နေသည်ကို မြင်လိုက်ရခြင်းက သူ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့၏။
ဒီကောင်က လူရိုက်နေတာ မဟုတ်ရင် လူရိုက်ဖို့ သွားနေတာပဲ။ တစ်နေ့နေ့ ငါ ပျင်းနေလို့ သူ့အကြောင်း တွေးမိရင် ဒုက္ခရောက်မှာ သေချာတယ်။
ချင်ထျန်း၏ ဂရုမစိုက်သော ပုံစံကို မြင်သောအခါ ပိုင်လုံ ပို၍ ဒေါသထွက်သွားသည်။ ပိုင်လုံ ဆိုသော သူသည် ဘယ်တုန်းကများ ဒီလောက် မလေးမစား လုပ်ခံရဖူးလို့လဲ။ ဂိုဏ်းသားသစ်လေး တစ်ယောက်က သူ့ကို လုံးဝ ဂရုမစိုက်ဘူးတဲ့လား။
"မင်း တောင်ဘက်နယ်မြေက လူကို ဒဏ်ရာရအောင် လုပ်တာကို ငါ လျစ်လျူရှုထားပေးလို့ ရပါတယ်... ဒါပေမဲ့ ငါ့အနောက်ဘက်နယ်မြေက လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာကျတော့ ဘယ်လို လုပ်မလဲ။"
"ခင်ဗျားက ဘာလိုချင်လို့လဲ။" ချင်ထျန်း မငြင်းပေ။ သူ ရိုက်ခဲ့တာပဲလေ။
"မောက်မာလိုက်တာ။ နောင်တရတဲ့ စိတ်ကလေးတောင် မရှိဘူး။ ဒီနေ့... ဂိုဏ်းကိုယ်စား မင်းကို ပညာပေးရမယ်။"
"ခင်ဗျားကလား။" ချင်ထျန်းက အထင်သေးစွာ ပြောလိုက်သည်။
"ပိုင်လုံ.. လူသစ်တစ်ယောက်ကို အနိုင်ကျင့်တာ ဘာစွမ်းရည်မို့လို့လဲ။" ကျီးပုဖန်၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာသည်။
လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြသည်။
ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် မျက်လုံးများနှင့် သူသည် ရောက်လေရာ နေရာတိုင်းတွင် ထင်ပေါ်နေသည်။
ကျီးပုဖန်က ချင်ထျန်းကို မကျေမနပ် ကြည့်လိုက်၏။
ဒီကောင်နောက်ကို ဆယ်ရက်လုံး လိုက်နေတာတောင် ဘာမှ ဖြစ်မလာခဲ့ဘူး။
ချင်ထျန်းလည်း ကျီးပုဖန်ကို ကြည့်လိုက်သည်။ ဒါ ဟိုသဘောကောင်းတဲ့ လူလား။
"ကျီးပုဖန်။ မင်းလူက ငါ့တောင်ဘက်နယ်မြေက လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာ။ သူကိုယ်တိုင်လည်း ဝန်ခံပြီးပြီ... အပြစ်ပေးဖို့ လက်အပ်လိုက်ပါ။" ပိုင်လုံ၏ သဘောထားက ပြတ်သားသည်။
"ဂိုဏ်းသားအချင်းချင်း ပဋိပက္ခ ဖြစ်တာ ပုံမှန်ပါပဲ။ ပိုင်လုံက အရည်အချင်း မရှိလို့ သူများကို အပြစ်တင်နေတာလား။ လူတိုင်းက မနိုင်ရင် လူကြီးတွေကို သွားတိုင်ရမှာလား။" ကျီးပုဖန်က တိုးညှင်းစွာ ပြောလိုက်သည်။
အရင်ကသာဆိုလျှင် သူ ဤသို့ ပြောထွက်မည်မဟုတ်ပေ။ ချင်ထျန်းသည် ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် ထိုက်တန်သော အပြစ်ဒဏ်ကို ခံရမည်ဟုသာ ယူဆခဲ့ပေလိမ့်မည်။
သို့သော်လည်း ချင်ထျန်း၏ ထူးကဲလှသော ပါရမီကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ ကျီးပုဖန်၏ စိတ်ကူးတို့ ပြောင်းလဲသွားခဲ့လေသည်။ ဤကဲ့သို့သော ပါရမီရှင်မျိုးကိုသာ သေချာစွာ လမ်းမှန်ပြသပေးနိုင်ခဲ့လျှင် ဖြောင့်မတ်သောလမ်းစဉ်အတွက် ကြီးမားသည့် ခွန်အားသစ်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု သူ ခံစားလိုက်ရလေသည်။
"မင်းက သူ့ဘက်က ကာကွယ်ပေးချင်နေတာလား။"
ကျီးပုဖန် ဤသို့ ပြောထွက်လာလိမ့်မည်ဟု ပိုင်လုံ လုံးဝ ထင်မှတ်မထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျီးပုဖန်သည် ဂိုဏ်းသားအချင်းချင်း သွေးထွက်သံယို တိုက်ခိုက်ကြခြင်းကို အမုန်းတီးဆုံးသူ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
"ငတုံး...မကျေနပ်ရင် ဒီသခင်လေးဆီ လာခဲ့လေ" ချင်ထျန်း လက်ဝှေ့ယမ်းလိုက်သည်။ "ခင်ဗျားတို့နဲ့ လာရှုပ်နေဖို့ စိတ်မဝင်စားဘူး။"
ချင်ထျန်း ပြောပြီးသည်နှင့် လှည့်ထွက်သွားရာ လူတိုင်း ကြောင်ရပ်နေခဲ့ကြသည်။
သူ ကျင့်ကြံတာက လွတ်လပ်မှုနဲ့ စိတ်အလိုကျ လုပ်ဖို့အတွက်ပဲလေ။
"ထွက်ပြေးဖို့ ကြိုးစားနေတာလား။" ပိုင်လုံ ဒေါသထွက်သွားသည်။ ဒီကောင်က မောက်မာလွန်းတယ်။ ကိစ္စတောင် မပြီးသေးဘူး... ထွက်သွားဖို့ ကြိုးစားနေပြီ။
"ဖမ်းလိုက်စမ်း။" ပိုင်လုံ အမိန့်ပေးလိုက်ရာ ဂိုဏ်းသား ထောင်ပေါင်းများစွာ ချင်ထျန်းဆီ ပြေးဝင်သွားကြသည်။
"ဒီနေ့ ရန်ဖြစ်ပြီးသွားပြီ... ထပ်မဖြစ်ချင်တော့ဘူး။ ဒါပေမဲ့ မင်းတို့က ဖြစ်ချင်နေမှတော့... ဒီသခင်လေး ယဉ်ကျေးမနေတော့ဘူးနော်။" ချင်ထျန်း လက်သီးဆုပ်လိုက်သည်။
"ရပ်လိုက်ကြ" ခန့်ညားထည်ဝါသော အသံတစ်သံ ထွက်ပေါ်လာသည်။
တောင်ဘက်နယ်မြေ၏ တာဝန်ခံသည် လေထဲတွင် လက်ပိုက်လျက် ပေါ်လာသည်။
"ဘာလုပ်နေကြတာလဲ... လူအုပ်လိုက် ရန်ဖြစ်နေကြတာလား။" တောင်ဘက်နယ်မြေ တာဝန်ခံက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဂါရဝပြုပါတယ် တာဝန်ခံအကြီးအကဲ။ ဒီလူက ကျွန်တော်တို့ အနောက်ဘက်နယ်မြေ ဂိုဏ်းသားကို ဒဏ်ရာရအောင် လုပ်ခဲ့လို့ပါ။ တရားမျှတမှု လာတောင်းတာပါ။" ပိုင်လုံက ဦးညွတ်ပြီး ချင်ထျန်းကို လက်ညှိုးထိုးပြလိုက်သည်။
တောင်ဘက်နယ်မြေ တာဝန်ခံက ချင်ထျန်း လက်သီးဆုပ်ထားပြီး တိုက်ပွဲကို မျှော်လင့်နေသကဲ့သို့ စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။
"ဘိုးဘေးပေါက်စ။" ဒီရက်ပိုင်း ဂိုဏ်းခေါင်းဆောင်ပိုင်း အားလုံးနီးပါး ချင်ထျန်းအကြောင်း သိနေကြပြီ ဖြစ်ရာ သူလည်း ခြွင်းချက် မဟုတ်ပေ။
အထူးသဖြင့် ချင်ထျန်း၏ ပုံတူကို အဆင့်မြင့် အကြီးအကဲတိုင်းဆီ ဖြန့်ဝေထားပြီး သူ့လုံခြုံရေးကို အာမခံရမည်ဟု မဟာအကြီးအကဲက ညွှန်ကြားထားသည်။
"ကဲ... ဂိုဏ်းသားတွေကြား အသေးအဖွဲ ရန်ဖြစ်တာလေးပါပဲ... အားလုံး လူစုခွဲကြတော့။" တောင်ဘက်နယ်မြေ တာဝန်ခံက လက်ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အနောက်ဘက်နယ်မြေ ဂိုဏ်းသားများ ယိမ်းထိုးသွားကြသည်။
ချင်ထျန်း စိတ်ပျက်လက်ပျက်ဖြင့် နေအိမ်သို့ ပြန်လာခဲ့သည်။
ချင်ထျန်းလည်း ပင်ပန်းနေပြီ ဖြစ်သဖြင့် မကြာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။
ကျင့်ကြံအားထုတ်ရန်အတွက်မူ သီးသန့် လိုအပ်တော့မည် မဟုတ်ပေ။ ယခုအခါ ချင်ထျန်း၌ မသေမျိုးသွေးကြောမှတ် သုံးခုပင် ရှိနေပြီ ဖြစ်လေသည်။ ထို့ပြင် ကိုယ်တိုင် ကျင့်ကြံနေခြင်းထက် ဆုလာဘ်များ ရယူခြင်းက ပို၍ မြန်ဆန်ပေသည်။ ထို့ကြောင့် ပင်ပန်းခံကာ ကျင့်ကြံနေမည့်အစား၊ ကောင်းစွာ အနားယူရင်း ခွန်အားများ ပြန်လည်ဖြည့်တင်းနေခြင်းကသာ ဆုလာဘ်များ ပွင့်ထွက်လာစေရန်အတွက် ပို၍ အထောက်အကူ ပြုပေလိမ့်မည်။
နောက်တစ်နေ့...နေ့လည်ခင်း။
ချင်ထျန်း အကြောဆန့်ကာ သမ်းဝေလိုက်လေသည်။ ဆယ်နာရီကျော်ကြာမျှ အိပ်စက်အနားယူလိုက်ရသဖြင့် နေလို့ထိုင်လို့ အလွန်ကောင်းသွားကာ၊ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာပြီး ခွန်အားသစ်များ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရပေသည်။
"စီနီယာအစ်ကိုကြီး... နိုးပြီလား" ချန်းဖုန်း တံခါးခေါက်ပြီး တွန်းဖွင့်ဝင်လာကာ ထမင်းချိုင့်တစ်လုံး ကိုင်ဆောင်ထားသည်။
"ရှောင်ဖုန်း..ဘာကိစ္စရှိလို့လဲ" ချင်ထျန်း ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ချန်းဖုန်းက ထမင်းချိုင့်ထဲမှ အစားအစာများကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်... "စီနီယာအစ်ကိုကြီး။ ဂိုဏ်းစားသောက်ဆိုင်ကနေ မနက်စာ သွားဝယ်လာပေးတာပါ"
အရင်တုန်းကတော့ ချန်းလန်ရှင်း အတွက် ပြင်ဆင်ပေးနေကျ... အခုတော့ မဟုတ်တော့ဘူး။
"ကျေးဇူးပါပဲ ရှောင်ဖုန်း။"
ချင်ထျန်း အနံ့ရလိုက်သည်နှင့် ဘာမှ ဆက်မပြောတော့ဘဲ ချက်ချင်း ဝင်ထိုင်လိုက်သည်။
သူ တကယ် ကောင်းကောင်းမွန်မွန် မစားရသေးဘူး။ လမ်းမှာတုန်းက ပိုက်ဆံ သိပ်မကျန်တော့လို့ ဗိုက်ဝရုံပဲ စားခဲ့ရတာ။
ဂိုဏ်းထဲ ဝင်ဖို့ အချိန်တောင် မရလိုက်ဘူး... မစ်ရှင်တွေ ဆက်တိုက် လုပ်နေရတာလေ။
"မွှေးလိုက်တာ။" အစားအစာတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ အရောင်အဆင်းနဲ့ မွှေးကြိုင်တဲ့ အနံ့ကြောင့် ချင်ထျန်း မချီးကျူးဘဲ မနေနိုင်တော့ဘူး။
ချန်းဖုန်းက ဟင်းပွဲကို လက်ညှိုးထိုးပြပြီး မိတ်ဆက်ပေးသည်... "စီနီယာအစ်ကိုကြီး။ ဒါ အာခါလ်တက်ကီ အမဲသားပါ။ အနံ့ အရမ်းမွှေးပြီး စားသောက်ဆိုင်ရဲ့ အထူးဟင်းလျာ တစ်ခုပါ။"
"ဒါကတော့ ဝူလင်းကြက်သားပါ... အရမ်း စားကောင်းတယ်... ကျင့်ကြံသူတွေ အကြိုက်ဆုံး ဝိညာဉ်အစားအစာလေ။"
ချင်ထျန်း ကြက်ပေါင်တစ်ချောင်း ဆွဲဖြုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ မွှေးတယ်... လတ်ဆတ်တယ်... နူးညံ့တယ်... ချင်ထျန်း စဉ်းစားလို့ရသမျှ စကားလုံးတွေ အကုန် သုံးပြီး ချီးကျူးလိုက်သည်။
"လာ... ရှောင်ဖုန်း... အတူတူ စားကြစို့။" ချင်ထျန်း နောက်ထပ် ကြက်ပေါင်တစ်ချောင်း ဆွဲဖြုတ်ပြီး ချန်းဖုန်းကို ကမ်းပေးလိုက်သည်။
"ဟုတ်ကဲ့။ စီနီယာအစ်ကိုကြီး။" ချန်းဖုန်းက အားနာမနေဘဲ အားရပါးရ ဝင်စားလိုက်သည်။
"ဒီဝိညာဉ်အစားအစာတွေက ဈေးကြီးမှာပဲနော်။" ချင်ထျန်း စားသောက်ပြီးနောက် နောင်ကို ပိုစားရမယ်လို့ တွေးလိုက်မိသည်။
"မဈေးကြီးပါဘူး။" ချန်းဖုန်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"စီနီယာအစ်ကိုကြီး။ ခင်ဗျားနဲ့ ပတ်သက်ပြီး ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်နေတယ်။"
"ဘာဖြစ်လို့လဲ။"
ချန်းဖုန်းက ပြောပြသည်"စီနီယာအစ်ကိုကြီး ရေးခဲ့တဲ့ ကျမ်းမြတ်က အရှေ့ပိုင်း မြေရိုင်းဒေသ တစ်ခုလုံး နာမည်ကြီးနေပြီ။ ကျွန်တော်တို့ မစ်ရှင် သွားနေတဲ့ ရက်ပိုင်းအတွင်းမှာ အရှေ့ပိုင်း မြေရိုင်းဒေသက ဂိုဏ်းအသီးသီးက အဆင့်မြင့် ခေါင်းဆောင်တွေ ဟောက်ရန်ဂိုဏ်းကို ရောက်လာကြပြီး ဒီကျမ်းမြတ်ကို လိုချင်နေကြတယ်။"
"သောက်ကျိုးနည်း။ ငါ အလကား ပေးလိုက်ရပြန်ပြီလား။" ချင်ထျန်း လိမ်ခံလိုက်ရသလို ခံစားနေရပြီး နောင်တရနေသည်။
"မဟုတ်ပါဘူး။ အင်အားကြီး ဂိုဏ်းတွေက ဟောက်ရန်ဂိုဏ်းကို စုပေါင်း လျော်ကြေးပေးပြီး ကျမ်းမြတ်ကို ဖြန့်ဝေပေးဖို့ တောင်းဆိုခဲ့ကြတာပါ။"
"သဘောတူလိုက်လား။"
"သဘောတူလိုက်ပါတယ်။ ဟောက်ရန်ဂိုဏ်း ခေါင်းဆောင်တွေက ဒီကျမ်းစာမှာ လူတိုင်းကို ပညာပေးနိုင်တဲ့ စွမ်းအား ရှိတယ်လို့ ယုံကြည်ကြတယ်။ ပြီးတော့ ပါဝင်တဲ့ အကြောင်းအရာ အများစုက သူတော်စင်ရဲ့ စကားတွေလေ... လူတွေ သင်ယူနိုင်ရင် ပဋိပက္ခတွေ လျော့နည်းသွားနိုင်တယ်ပေါ့။"
"ဒါကြောင့် စီနီယာအစ်ကိုကြီး ရေးတဲ့ ကျမ်းမြတ်က ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့တာပါ။"
"ဒါပေမဲ့ ဂိုဏ်းက ဘယ်သူ ရေးတယ် ဆိုတာ ထုတ်မပြောခဲ့ဘူး... စီနီယာအစ်ကိုကြီးရဲ့ လုံခြုံရေး အတွက် ဖြစ်လောက်တယ်။"
မည်သို့ပင်ဆိုစေကာမူ ကျမ်းမြတ်တစ်စောင်ကို ကိုယ်တိုင်ရေးသားနိုင်စွမ်းရှိသည့် လူငယ်တစ်ယောက်ဆိုသည်မှာ အလွန်ပင် အံ့မခန်းဖြစ်လွန်းလှပေသည်။ အကယ်၍ မိစ္ဆာလမ်းစဉ်မှ လူများကသာ သူ့ကို ပစ်မှတ်ထားလာပါက ကြီးစွာသော ဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။
"ပြီးတော့ အင်အားကြီး ဂိုဏ်းတွေက ကျမ်းမြတ် ရေးသားသူကို ကွန်ဖြူးရှပ်သူတော်စင်သစ် အဖြစ် လေးစားနေကြတယ်။ စီနီယာအစ်ကိုကြီး အခု တော်တော် နာမည်ကြီးနေပြီ... လူတွေက ခင်ဗျားကို ကွန်ဖြူးရှပ်သူတော်စင် လို့ ခေါ်နေကြတယ်။"
ထို့အပြင် 'သူတော်စင်' ဟူသော ဘွဲ့အမည်မှာ ဟောက်ရန်ဂိုဏ်းချုပ်ထက်ပင် သာလွန်မြင့်မြတ်နေသေးသည် မဟုတ်ပါလော။
ချင်ထျန်း၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူက ရွှေတောင်ကြီး တစ်ခုလုံးကို ဂေါ်ဖီထုပ်တွေနဲ့ လဲလိုက်မိသလို ဖြစ်သွားချေပြီ။
"သောက်ကျိုးနည်း... ဒီကောင်တွေ... ငါ့ကို တစ်ဝက်လောက်တော့ ပြန်ပေးသင့်တာ မဟုတ်ဘူးလား။"
ချင်ထျန်းက သူ့အစ်ကိုကြီးနဲ့ နောက်တစ်ခါ တွေ့ရင် အမြတ်ဝေစု တောင်းရမယ်လို့ ဆုံးဖြတ်လိုက်သည်။