← Chapters

လူသတ်မှု

Vol. 3 Ch. 24

လူသတ်မှု

Vol. 3 Ch. 24

ဂူအတွင်း၌။

"မင်းရဲ့ ပုပ်ပွနေတဲ့ အလောင်းကောင်က ပြဿနာ ရှာပြန်ပြီ... ငါတို့ ပုန်းနေတဲ့ နေရာကို လူမသိစေနဲ့..."

"အစီအစဉ်က ပျက်သွားပြီပဲ... သိသွားတော့ကော ဘာဖြစ်မှာမို့လဲ..."

မည်းနက်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာပိန်ချုံးကာ မျက်လုံးပြူးကျယ်နေသည့် အဘိုးအို တစ်ဦးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ဘေးနားရှိ လူတစ်ပိုင်းခန့် မြင့်သော ကျောက်တုံးကြီးကို လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်သည်။

"သောက်ကျိုးနည်း... မင်း ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်ပြီ... ယင်ရုပ်သေး လုပ်ဖို့ အောင်မြင်လုနီးပါး ဖြစ်နေပြီကို..."

"ငါ့အစီအစဉ်က လုံလောက်ပြီ ထင်ခဲ့တာ... လူငယ်လေး နှစ်ယောက်ကြောင့် ပျက်စီးသွားရတယ်လို့" ရုပ်သေးရုပ် ပျက်စီးသွားပြီ ဖြစ်သော်လည်း အဓိက ခန္ဓာကိုယ်သည် ရုပ်သေးရုပ်ထံမှ သတင်းစကားကို လက်ခံ ရရှိလိုက်သည်။

ရုပ်သေးပညာရှင်၏ မျက်လုံးများထဲတွင် မီးများ တောက်လောင်နေသကဲ့သို့ ဖြစ်နေသည်။

သူတစ်ပါး သံသယ မဖြစ်စေရန် ဂရုတစိုက် စီစဉ်ခဲ့သော အစီအစဉ်သည် နောက်ဆုံး အဆင့်တွင် ကျရှုံးသွားခဲ့သည်။

သူ လူသတ်ပြီး အလောင်းကို ယူသွားခဲ့သည်။ ဒါက သူ့ကို သံသယဝင်စရာ အလွယ်တကူ ဖြစ်စေသည်။

သူသည် လက်မှုပညာရှင် ဖြစ်ပြီး ရုပ်သေးဆရာ အဖြစ် ကျော်ကြားသူ ဖြစ်သည်။ အလောင်း တစ်လောင်း ပျောက်ဆုံးသွားသည်နှင့် လူတွေက သူ့ကို လာရှာကြတော့မည် ဖြစ်သည်။

ဒီတစ်ခါတော့ ယင်နေ့၊ ယင်အချိန်မှာ မွေးဖွားလာသည့် အလောင်း ၄၉ လောင်း လိုအပ်၏။

ယခု သူ့ကို ပြဿနာ လာရှာနေသူများမှာ သာလွန်နယ်ပယ်ကျင့်ကြံသူများ ဖြစ်ကြပြီး ဖူယောင်အဆင့် မှ စတင်ကာ ခွန်လင်းအဆင့် ကျွမ်းကျင်သူများကပင် သူ့ကို သတ်ချင်နေကြသည်။

"ဘယ်လို လုပ်ကြမလဲ... အစီအစဉ် ပျက်သွားပြီ... ယင်ရုပ်သေးလည်း အခိုးခံလိုက်ရပြီ... ပြန်လုပ်ဖို့ က အချိန် မရှိတော့ဘူး..." လက်မှုပညာရှင်၏ ဘေးနားမှ ကြောင်မျက်လုံးနှင့် အမြီးပွပွ ပါရှိသော အမျိုးသမီးက ပြောလိုက်သည်။

"ယင်ရုပ်သေး မပါဘဲနဲ့... သခင်လေးကို ငါ ဘယ်လို ရှင်းပြရမလဲ..." ကြောင်မျက်လုံး အမျိုးသမီးက တီးတိုး ရေရွတ်လိုက်သည်။

"မတတ်နိုင်တော့ဘူး... အစီအစဉ် ပျက်သွားပြီ ဆိုတော့... အောင်မြင်လုနီးပါး ဖြစ်နေတဲ့ ရုပ်သေးရုပ်ကိုပဲ ပြန်ယူဖို့ ကြိုးစားရတော့မယ်... မပြီးသေးပေမဲ့ ဘာမှ မရှိတာထက်စာရင် ပိုကောင်းပါသေးတယ်... အောင်မြင်ဖို့ အခွင့်အလမ်း ပိုများလာမှာပေါ့..." လက်မှုပညာရှင်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။

"ဒါတွေက အဲဒီကောင်စုတ်ကြောင့် အကုန် ဖြစ်ရတာ... ငါ သူ့ကို ရှာတွေ့ရင် အရှင်လတ်လတ် အလောင်းကောင် ဖြစ်အောင် လုပ်ပြီး နေ့တိုင်း နှိပ်စက်ပစ်မယ်..."

"ဘယ်သူ့ကို အရှင်လတ်လတ် အလောင်းကောင် ဖြစ်အောင် လုပ်ချင်တာလဲ..."

ချင်ထျန်း စိတ်အခြေအနေ ဆိုးရွားနေသည်။ ဒီကောင်က သူ့ကို ခြိမ်းခြောက်ရုံတင် မကဘူး... အသားပုပ်တွေ ဖုံးလွှမ်းနေတဲ့ ဘီလူးတစ်ကောင် ဖြစ်အောင်ပါ လုပ်ချင်နေသေးတယ်။

ချင်ထျန်း အကြောင်းကြားစာ ရရှိထားသည်။

မဟုတ်ရင် သူ ဘယ်တော့မှ ဝင်လာမှာ မဟုတ်ချေ။

[ တင်... အလောင်းကောင်တွေကို ကစားရတာ နှစ်သက်သော ရွံရှာဖွယ် အဘိုးအို တစ်ဦး... လက်သီးတစ်ချက်တည်းနှင့် သတ်ဖြတ်ရန် လုံလောက်သည် ]

[ တင်... မိစ္ဆာမျိုးနွယ်စုမှ ကြောင်ပေါက်စ တစ်ကောင်... ကြောင်တစ်ကောင်ကို နင်းခြေရသကဲ့သို့ လွယ်ကူသည် ]

သတိပေးချက် ရပြီးနောက် ချင်ထျန်းသည် ဟန်ပါပါဖြင့် ဝင်လာလိုက်သည်။ မဟုတ်လျှင် သူ ပျံသန်းလှေပေါ် တက်ပြီး ထွက်ပြေးနေလောက်ပြီ ဖြစ်သည်။

"မင်း... မင်း သူခိုးကောင်လေး..." လက်မှုပညာရှင်က ချင်ထျန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် အရိုးအက်သံများပင် ထွက်ပေါ်လာသည်။

ထိုရုပ်သေးရုပ်ထဲတွင် သူ၏ အာရုံခံစိတ်စွမ်းအင် အနည်းငယ် ပါဝင်နေပြီး မသေဆုံးမီ သူ့ထံ သတင်းပို့နိုင်ခဲ့သည်။

ရင်ဘတ် ပေါက်ထွက်သွားခြင်းနှင့် ခန္ဓာကိုယ် ကန်ကျောက်ခံရခြင်းမှ ရရှိသော နာကျင်မှုများကိုလည်း သူ ခံစားလိုက်ရသည်။

လက်မှုပညာရှင် တစ်ယောက် အနေဖြင့် သူသည် တစ်ခါမျှ ဤကဲ့သို့ အရှုံးကြီးကြီးမားမား မကြုံဖူးခဲ့ပေ။ အထူးသဖြင့် အတွေ့အကြုံ မရှိသေးသော လူသစ်တစ်ယောက်၏ လက်ချက်ဖြင့် ခံရခြင်း ဖြစ်သည်။

သူ ဟောက်ရန်ဂိုဏ်း အကြောင်း ကောင်းကောင်း သိသည်။ ဒီကောင်လေးက ဟောက်ရန်ဂိုဏ်းက ဂိုဏ်းသားသစ်လေး တစ်ယောက်သာပင်။

"ငါက မင်းကို လာရှာမလို့ လုပ်နေတာ... မင်းက ကိုယ့်ခြေထောက်နဲ့ကိုယ် လာလိမ့်မယ်လို့ ထင်မထားဘူး... ငါ့အလုပ်တောင် သက်သာသွားသေးတယ်..."

ကြောင်မိစ္ဆာမလေးက တည်ငြိမ်နေသည်။ ချင်ထျန်း၏ နဖူးပေါ်တွင် အစက်သုံးစက်... မသေမျိုးသွေးကြောမှတ် သုံးခု ပေါ်လာသည်။ ဂိုဏ်းသားသစ် တစ်ယောက် အနေဖြင့် မသေမျိုးသွေးကြောမှတ် သုံးခု ဖွင့်လှစ်နိုင်ခြင်းသည် ပါရမီ ထူးကဲသည်ဟု သတ်မှတ်နိုင်သည်။

သို့သော် ပါရမီရှင် ဖြစ်နေလျှင်ပင် မသေမျိုးသွေးကြောမှတ် အဆင့်သာ ရှိသေးသည်။ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးပစ်နိုင်၏။

"ကောင်လေး... ယင်ရုပ်သေး အလောင်းကောင်ကို ပြန်ပေး... မင်းကို အမြန်ဆုံး သေခွင့်ပေးမယ်..."

ချင်ထျန်း စကားတစ်ခွန်းမှ မပြောဘဲ ရှေ့သို့ တိုးလာပြီး သူတို့နှစ်ဦးထံ တန်းတန်းမတ်မတ် ဝင်တိုက်လိုက်သည်။

"မောက်မာလိုက်တာ... ငါက ခန္ဓာကိုယ် တံခါးတွေ ဖွင့်ပြီးသား... တောင်တွေကို ဖြိုဖျက်နိုင်တဲ့ အဆင့် ရောက်နေပြီ... မင်းက ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား..." လက်မှုပညာရှင်က မဲ့ပြုံး ပြုံးလိုက်ပြီး လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။ သူ အကုန်အစင် အားမစိုက်ခဲ့ပေ။ မဟုတ်လျှင် ချင်ထျန်း၏ အလောင်းကောင်ပင် ကျန်မှာ မဟုတ်ဘူး။

လက်သီးနှစ်ဖက် ထိပ်တိုက် တွေ့ဆုံသွားပြီး လက်မှုပညာရှင်၏ လက်သီးသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ လက်ရိုးများ ကြေမွသွားပြီး အရိုးစများ လွင့်စင်သွားကာ လက်မောင်းတစ်ခုလုံး အသားစများ အဖြစ် ပြောင်းလဲသွားလေသည်။

"အား..." လက်မှုပညာရှင်သည် လက်မောင်း ကြေမွသွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက ဘယ်လိုလုပ် ငါ့လက်မောင်းကို ကြေမွသွားအောင် လုပ်နိုင်တာလဲ..." လက်မှုပညာရှင် ရူးမတတ် အော်ဟစ်လိုက်သည်။

သူ့လက်သီးက ချင်ထျန်းနဲ့ ထိလိုက်တဲ့ အချိန်မှာ... သူ သာမန် အဘိုးကြီး တစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။

"မင်းကို သတ်ပစ်မယ်..." လက်မှုပညာရှင် ဒေါသထွက်နေသည်။ လက်တစ်ဖက် ဆုံးရှုံးသွားပြီ ဆိုတော့... သူ ဘယ်လိုလုပ် အလောင်းကောင်တွေ ထပ်လုပ်နိုင်တော့မှာလဲ။

ချင်ထျန်းက သူ့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကို ဖျက်ဆီးပစ်လိုက်၏။

လက်မှုပညာရှင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ရုပ်သေးရုပ် အများအပြား ပေါ်ထွက်လာပြီး အချိန်တိုအတွင်း အရေအတွက် နှစ်ဆယ်ကျော်သွားသည်။

"ဟင်းလင်းပြင် ရတနာ..."

ချင်ထျန်း ပြုံးလိုက်သည်။ ချန်းဖုန်း ပြောပြဖူးသော ပစ္စည်းသိမ်းဆည်းနိုင်သည့် မှော်ရတနာ အကြောင်း သူ ကြားဖူးသည်။ ဒီအရာက တော်တော် တန်ဖိုးကြီးတယ်... အညံ့စား တစ်ခုတောင် ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ တန်တယ်။ သာမန် ကျင့်ကြံသူတွေ မဝယ်နိုင်ဘူး။

[ တင်... ရွေ့လျားနေသော အလောင်းကောင် တစ်အုပ်... တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိ ]

သတိပေးချက်ကို မြင်လိုက်ရသောအခါ ချင်ထျန်း တုံ့ဆိုင်းခြင်း မရှိဘဲ ရှေ့တိုးဝင်လိုက်သည်။

နွားသိုးကိုးကောင်ခွန်အား အပြည့်အဝ ထုတ်သုံးလိုက်ရာ လက်သီးတစ်ချက်တည်းဖြင့် ရုပ်သေးရုပ် တစ်ရုပ်ကို တစ်စစီ ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်သည်။

အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက မသေမျိုးသွေးကြောမှတ် အဆင့်ပဲ ရှိသေးတာလေ..." လက်မှုပညာရှင် ကြောက်လန့်သွားသည်။ ဒီကောင်လေးဆီမှာ ဆိုးရွားတဲ့ အရှိန်အဝါ တစ်ခု ရှိနေတယ်။

"ငါ သူ့အစွမ်းကို စမ်းကြည့်လိုက်မယ်..." ကြောင်မိစ္ဆာမလေး မယုံနိုင် ဖြစ်နေသည်။ လက်မှုပညာရှင်က သူမကို တမင် စနောက်နေသည်ဟု ထင်နေသည်။

မသေမျိုးသွေးကြောမှတ် အဆင့် ကျင့်ကြံသူ တစ်ယောက်က... ခန္ဓာကိုယ်တံခါးတွေ ဖွင့်ထားတဲ့ ဖူယောင်အဆင့် လက်မှုပညာရှင် တစ်ယောက်ရဲ့ လက်မောင်းကို ဘယ်လိုလုပ် ကြေမွသွားအောင် လုပ်နိုင်မှာလဲ...။

ချင်ထျန်းက ကြောင်မိစ္ဆာမလေးကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ မိန်းမမို့လို့ မရိုက်ဘူး ဆိုတာမျိုး မရှိပေ။ ပြောရမယ် ဆိုရင် မိန်းမတွေရဲ့ ခန္ဓာကိုယ်က ပိုပျော့ပျောင်းတော့ ရိုက်ရတာ ပိုလွယ်ပြီး ပိုကောင်းသေးတယ်။

"ဘုန်း..." ကြောင်မိစ္ဆာမလေး၏ လက်မောင်း ချက်ချင်း ပေါက်ကွဲသွားသည်။ ချင်ထျန်း၏ လက်သီးသည် အရှိန်မသေဘဲ သူမ၏ ရင်ဘတ်ကို ဖောက်ဝင်သွားပြီး လွင့်စင်သွားစေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ကြောင်မိစ္ဆာမလေး မယုံနိုင်စွာ အော်ဟစ်လိုက်သည်။ သူမက ဖူယောင်အဆင့် ကျင့်ကြံသူလေ။

ချင်ထျန်း သူမဆီသို့ အေးအေးလူလူ လျှောက်သွားလိုက်သည်။

"ငါ့ကို မသတ်ပါနဲ့..." ကြောင်မိစ္ဆာမလေး ကပျာကယာ တောင်းပန်လိုက်သည်။

သူမသည် အချုပ်အနှောင်မှ ရုန်းထွက်လွတ်မြောက်သွားလေပြီ။ သူမ၏ ခန္ဓာကိုယ်မှာ အလွန်တရာ မာကျောခိုင်ခံ့လွန်းလှရာ၊ ရင်အုံကို ဖောက်ထွင်းခံရလျှင်တောင်မှ သေဆုံးနိုင်မည် မဟုတ်ပေ။

"ကျွန်မ ရှင်ခိုင်းတာ အကုန် လုပ်ပေးပါ့မယ်..." ကြောင်မိစ္ဆာမလေးက သူမ၏ ရှည်လျားသွယ်လျသော ခြေတံဖြူဖြူများကို လှုပ်ရှားပြလိုက်ပြီး ဆွဲဆောင်မှု ရှိသော ကြောင်မျက်လုံးများက မည်သူ့ကိုမဆို သွေးဆူသွားစေနိုင်သည်။

ချင်ထျန်း ရပ်တန့်လိုက်သည်။

ကြောင်မိစ္ဆာမလေး တိတ်တဆိတ် ဝမ်းသာသွားသည်။ ထင်ထားတဲ့ အတိုင်းပဲ... လူသား ယောကျ်ားတွေက သူမလို ကြောင်မိစ္ဆာမျိုးနွယ်ရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။

"ရွံစရာကြီးကွာ..." ချင်ထျန်း နှာခေါင်းရှုံ့လိုက်ပြီး လက်သီးဖြင့် ထပ်မံ ထိုးချလိုက်ရာ ကြောင်မိစ္ဆာမလေး၏ ရင်ဘတ် တစ်ခုလုံး ကြေမွသွားပြီး နှလုံးသားမှာ အသားစ အပုံလိုက် ဖြစ်သွားလေသည်။

"သွေးတွေနဲ့... ရွံစရာ ကောင်းလိုက်တာ... နည်းနည်းလေးမှ မသန့်ရှင်းဘူး..."

"ရှင်... ရှင်..." ကြောင်မိစ္ဆာမလေး၏ မျက်လုံးများ မှေးမှိန်သွားပြီး မသေခင် သူမ၏ နောက်ဆုံး အတွေးမှာ"ဒီသွေးတွေ အကုန်လုံး နင်လုပ်လို့ ဖြစ်တာ မဟုတ်ဘူးလား..." ဟူ၍ ဖြစ်သည်။

"ကဲ... အဘိုးကြီး... ခင်ဗျား အလှည့် ရောက်ပြီ... နောက်ဘဝကျရင် လူတွေကို လိုက်မခြိမ်းခြောက်နဲ့တော့... ငါ ဂိုဏ်းပြန်တော့မလို့ လုပ်နေတာ... ခင်ဗျား ခြိမ်းခြောက်လိုက်လို့ အချိန်တွေ အများကြီး အကုန်ခံပြီး ခင်ဗျားကို လာသတ်ရတာ..."

ချင်ထျန်းက လက်မှုပညာရှင်၏ ခေါင်းကို လက်သီးဖြင့် ထိုးလိုက်ရာ ခေါင်းပြတ်ထွက်သွားပြီး မျက်လုံးများ ပြူးကျယ်လျက် ကျန်ရစ်ခဲ့သည်။

"သူ ခြိမ်းခြောက်လိုက်ရုံနဲ့... မင်း လာသတ်တာလား..."

သူက ဒီတိုင်း ပါးစပ်သရမ်းပြီး ပြောလိုက်တာလေ...လက်စားချေမယ် ဆိုရင်တောင် အကြာကြီး နေမှ ဖြစ်မှာ... ဘာလို့ ဒီနေ့ချင်း ချက်ချင်း ရောက်လာရတာလဲ...။

လက်မှုပညာရှင်၏ မျက်လုံးများ အလင်းရောင် ပျောက်ကွယ်သွားသည်။ ထို ရိုင်းစိုင်းသော စကားလုံးများကြောင့် သူသေဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိပေ။

ချင်ထျန်းသည် လက်မှုပညာရှင်၏ ခါးမှ ပစ္စည်းသိမ်းအိတ် ကို ယူလိုက်သည်။

အထဲတွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာရှိပုံရသည်။

"သောက်ကျိုးနည်း... သူတောင်းစားကောင်..." ချင်ထျန်း ဒေါသထွက်သွားပြီး လက်မှုပညာရှင်၏ ခေါင်းကို ကန်ထုတ်လိုက်သည်။

သူ့ခေါင်းက ဂူနံရံထဲ စိုက်ဝင်သွားသည်။

ချင်ထျန်းသည် ကြောင်မိစ္ဆာမလေးဆီမှ ဝိညာဉ်ကျောက်တုံး ၁၀ ပိဿာခန့် ရရှိလိုက်ပြီးနောက် ဂူထဲမှ ထွက်လာခဲ့သည်။

ချန်းဖုန်း အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်နေသည်။ သူ ချင်ထျန်းကို ယုံကြည်သော်လည်း လက်မှုပညာရှင်သည် ရက်စက်သော နည်းလမ်းများကြောင့် နာမည်ကြီးသူ ဖြစ်သည်။

"ရှောင်ဖုန်း... ပြန်ကြရအောင်..." ချင်ထျန်း ဂူထဲမှ ထွက်လာသည်နှင့် ချန်းဖုန်းကို လှမ်းခေါ်ပြီး ဂိုဏ်းပြန်ရန် ပြင်ဆင်လိုက်သည်။ ပထမဆုံး မစ်ရှင် ပြီးဆုံးသွားပြီ ဖြစ်သည်။

ချန်းဖုန်းသည် ချင်ထျန်း ထွက်လာသည်ကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ "နာမည်ကျော် လက်မှုပညာရှင်က... စီနီယာအစ်ကိုကြီး လက်ချက်နဲ့ ရှုံးနိမ့်သွားတယ်တဲ့လား... စီနီယာအစ်ကိုကြီးက ဘယ်လို သရဲသဘက်မျိုးလဲ..."

"အမှိုက်ကောင်ပါကွာ... ဒီ ရုပ်သေးဆရာက သိပ်လည်း မစွမ်းပါဘူး..." ချင်ထျန်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ရုပ်သေးရုပ်များက သာမန်လူများကဲ့ ပျော့ညံ့လွန်း၏။လက်သီးတစ်ချက်တည်းနှင့် သေသွားသည်။

စီနီယာအစ်ကိုကြီး... ခင်ဗျားက မသေမျိုးသွေးကြောမှတ် အဆင့်ပဲ ရှိသေးတာ မဟုတ်ဘူးလား...။

ကြည့်ရသည်မှာ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များသည် ချင်ထျန်းအပေါ်တွင် အကျုံးဝင်ပုံမရပေ။

"စီနီယာအစ်ကိုကြီး... ခဏလေး..." ချန်းဖုန်း ဂူပေါ်မှ ခုန်ဆင်းပြီး ဂူထဲသို့ ဝင်သွားလိုက်သည်။

...

All Chapters