ငါ နောက်ကျသွားပြီ
Vol. 3 Ch. 23
ကျီးပုဖန် စဉ်းစားနေစဉ်မှာပင် မြို့စားအိမ်တော် အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ မစ်ရှင်ကို ဘယ်သူ ပြီးမြောက်အောင် လုပ်သွားသလဲ ဆိုတာ သိချင်နေသည်။
အလောင်းကောင် သိမ်းဆည်းရေး အဖွဲ့သားများမှာ ဒုက္ခရောက်နေသည့် ပုံစံ ဖြစ်နေကြသည်။
"မြို့စားမင်း... ဒါက ကျွန်တော်တို့ကို တကယ် အခက်တွေ့စေပါတယ်..." အဘိုးအို တစ်ဦးက ငြင်းဆန်လိုသည့် ပုံစံဖြင့် ရှေ့တိုးမလာရဲ ဖြစ်နေသည်။
အလောင်းကောင် ကောက်ရတာက ပြဿနာ မရှိပေမဲ့... ကြမ်းပြင် တစ်ခုလုံး ပြန့်ကျဲနေတဲ့ ဦးနှောက် အပိုင်းအစတွေကို ရင်ဆိုင်ရတာကတော့ သူ တစ်ခါမှ မကြုံဖူးတဲ့ အရာပင်။
သူ အလောင်းကောင်တွေကို စောင့်လာတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပေမဲ့ ဒီအလုပ် ပြီးသွားရင်တော့ အိပ်မက်ဆိုးတွေ မက်ဦးမှာ သေချာသည်။
"ဒါ ခင်ဗျားတို့ အလုပ်ပဲ... ခင်ဗျားတို့ မလုပ်ရင် ဘယ်သူ လုပ်မှာလဲ..." လီတာဖုသည် ခေါင်းလွှဲထားလိုက်သည်။ ကြမ်းပြင်ပေါ်ရှိ အလောင်းကောင်... တိတိကျကျ ပြောရရင် တစ်စစီ ဖြစ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို သူပင် မကြည့်ရဲပေ။
နက်ရှိုင်းသော ကျင့်ကြံမှု ရှိသည့် ကျီးပုဖန်သည် သူတို့ ပြောစကားများကို အဝေးကပင် ကြားလိုက်ရသဖြင့် ရင်ခွဲရုံဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
အခန်းထဲ ရောက်ရောက်ချင်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အသားစများကို တွေ့လိုက်ရသော်လည်း သွေးမရှိပေ။
သေတာ ကြာပြီဖြစ်တဲ့ အလောင်းကောင် တစ်ခု တစ်စစီ ဖြစ်သွားသလိုမျိုးပင်။
"ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..." ကျီးပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ကြမ်းပြင်ပေါ်မှ အလောင်း အပိုင်းအစများက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ဟောက်ရန်ဂိုဏ်းသားလား...။
ဘာလို့ နောက်ထပ် တစ်ယောက် ရောက်လာပြန်တာလဲ... မစ်ရှင် ပြီးသွားပြီ မဟုတ်ဘူးလား...။
လီတာဖု သံသယ ဖြစ်သွားသော်လည်း ကျီးပုဖန်သည် သာမန် ဂိုဏ်းသား တစ်ယောက် မဟုတ်ကြောင်း သိသာသဖြင့် အမြန် ရှေ့တိုးသွားပြီး ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။
"ခင်ဗျား ဆိုလိုတာက... ဂိုဏ်းက ရောက်လာတဲ့ ဂိုဏ်းသားသစ် နှစ်ယောက်က... အလောင်းကို ကြည့်ရုံနဲ့ တရားခံ အစစ်ကို ခန့်မှန်းနိုင်ခဲ့ပြီး... လူသတ်သမားကို တစ်စစီ ဖြစ်အောင် ရိုက်သတ်သွားတယ် ပေါ့..."
လွန်ခဲ့သော ခြောက်နှစ်က နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့သော၊ ခရမ်းရောင် ဆံပင်၊ ခရမ်းရောင် မျက်လုံးများနှင့် ကျီးပုဖန်သည် ဂိုဏ်းသားများ၏ စိတ်ထဲတွင် အေးစက်တည်ငြိမ်သူ တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး စိတ်လှုပ်ရှားမှု ပြသခဲသူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခရမ်းရောင် မျက်ဝန်းများ ပိုမို တောက်ပလာသည်။
လက်မှုပညာရှင်တစ်ဦး၏ ရုပ်သေးရုပ်ဆိုသည်မှာ သေချာပေါက် သာမန်ရုပ်သေးမျိုးတော့ မဟုတ်နိုင်ပေ။
သာလွန်နယ်ပယ် သို့ မရောက်လျှင်တောင်မှ ချီပင်လယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်လောက်တော့ အနည်းဆုံး ရှိပေလိမ့်မည်။
ထိုကဲ့သို့သော အရာကို လက်သီးတစ်ချက်တည်းဖြင့် ကိုယ်လုံးဖောက်ထွက်သွားစေပြီး၊ ခြေတစ်ချက်တည်းဖြင့် ခန္ဓာကိုယ်ကြေမွသွားအောင် လုပ်နိုင်သည်တဲ့လော။
အမှန်တကယ်တော့ ရုပ်သေးရုပ်များ၏ အဓိက အားသာချက်မှာ မာကျောခိုင်ခံ့မှုပင် မဟုတ်ပါလော။
ဂိုဏ်းသားသစ် ဆိုတာ သေချာလို့လား...။
သူသာ ဒီမစ်ရှင်ကို တာဝန်ယူခဲ့ရင်တောင် လူသတ်သမားကို ရှာတွေ့ဖို့ ခက်ခဲဦးမှာ... လူသတ်သမားက သူတို့ မျက်စိရှေ့မှာတင် ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
"သူတို့ နှစ်ယောက် ဘယ်မှာလဲ..."
လွန်ခဲ့သည့် မိနစ်ပိုင်းခန့်ကမှ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ရာ... သူတို့နှစ်ဦး ဤနေရာဝန်းကျင်တွင် ရှိနေသင့်သေးပေသည်။
"မစ်ရှင် ပြီးသွားတာနဲ့... သူတို့နှစ်ယောက် ရုပ်သေးပညာရှင်ကို ရှာဖို့ ချက်ချင်း ထွက်သွားကြတယ်..."
"ဪ... ဒါနဲ့... ဒီ ရုပ်သေးရုပ်ကြောင့် ရုပ်သေးပညာရှင်က ဂျူနီယာညီလေး ချင်ထျန်းကို ခြိမ်းခြောက်လိုက်သေးတယ်... မင်း သေပြီမှတ် ဆိုပြီးတော့လေ... ဂျူနီယာညီလေး ချင်ထျန်းက ဒုက္ခရောက်မှာ စိုးလို့... ဒီနေ့ သူ့ကို ရှာမတွေ့ရင် ညဘက် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူးလို့ ပြောသွားတယ်..."
လီတာဖုက ချင်ထျန်း နောက်ပြောင်နေသည်ဟု ထင်ခဲ့သည်။
သူက လူယုတ်မာ လက်မှုပညာရှင်ကို သွားရှင်းပစ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်မှာပါ။
ပုံမှန်အားဖြင့် အေးစက်သော ကျီးပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြန်သည်။ အနောက်ဘက်နယ်မြေ ကိစ္စသာ မရှိခဲ့လျှင် သူလည်း ချင်ထျန်း နောက်ပြောင်နေသည်ဟု ထင်မိပေလိမ့်မည်။
သို့သော် အနောက်ဘက်နယ်မြေတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသောအခါ ချင်ထျန်း တကယ် သွားရှာပြီ ဆိုတာ သူ သေချာသွားသည်။
ရုပ်သေးပညာရှင်ဆိုသည်မှာ ဖူယောင်အဆင့် တာဝန်တစ်ခုဖြစ်ရာ... ၎င်းသည် အတွင်းစည်းဂိုဏ်းသားများ ယူရသည့် တာဝန်အဆင့်သို့ပင် ရောက်ရှိနေပေပြီ။ အပြင်စည်းဂိုဏ်းတာဝန်သာ ဆိုပါက ဤသည်မှာ ငရဲအဆင့်တာဝန်တစ်ခု သေချာပေါက် ဖြစ်နေပေလိမ့်မည်။
ဖူယောင်အဆင့်ဆိုသည်မှာ ခန္ဓာကိုယ်၏ စွမ်းအင်တံခါးပေါက်များကို ဖွင့်လှစ်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးအကြား လွတ်လပ်ပေါ့ပါးစွာ သွားလာနိုင်သည့် အဆင့်မျိုးဖြစ်သည်။
ထိုအဆင့်သို့ရောက်လျှင် ဝိညာဉ်စွမ်းအင်ကို သာမန်ကာလျှံကာ အသုံးပြုရုံမျှမဟုတ်တော့ဘဲ ကျင့်စဉ်များ၊ လျှို့ဝှက်သိုင်းကျမ်းများနှင့် ပေါင်းစပ်အသုံးပြုလိုက်သောအခါ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ နှစ်ဆမက တိုးပွားလာကာ သာမန်လူသားအဆင့်မှ ကျော်လွန်သွားလေပြီ။ ထို့ကြောင့်ပင် ၎င်းကို သာလွန်နယ်ပယ် ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ချီပင်လယ်နယ်ပယ်နှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ လုံးဝကို ကွာခြားသွားပြီ ဖြစ်ပေသည်။"
"မဖြစ်ဘူး... ငါ သူတို့ကို ရှာမှ ဖြစ်မယ်... မဟုတ်ရင် သူတို့ လက်မှုပညာရှင်နဲ့ တွေ့သွားရင် သေချာပေါက် ဒုက္ခရောက်တော့မယ်..." ကျီးပုဖန် အချိန်မဆွဲရဲတော့ဘဲ မြို့ပြင်သို့ ချက်ချင်း ပြေးထွက်သွားသည်။
ဒီကောင်နှစ်ကောင်က ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် ပြေးရတာလဲ...။
ကျီးပုဖန်လည်း အားကိုးရာမဲ့ ဖြစ်နေသည်။ ခရီးပန်းလာသော်လည်း နားချိန်မရှိဘဲ ချက်ချင်း ပြန်ထွက်ရတော့မည်။ တစ်လှမ်းသာ နောက်ကျသွားပါ သူတို့နှစ်ယောက် ကံဆိုးမိုးမှောင် ကျသွားနိုင်၏။
...
ထင်းဖုန်းမြို့ ပြင်ပရှိ ဂူတစ်ခု၌
ဂူ၏ အပြင်ဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေသည်။ မိုင်အနည်းငယ် ပတ်လည် အတွင်း၌ မိစ္ဆာသားရဲ တစ်ကောင်မှ မရှိသလို သာမန် တိရစ္ဆာန် သို့မဟုတ် ငှက်တစ်ကောင်မျှပင် မရှိပေ။
ဂူနှင့် မလှမ်းမကမ်းတွင် လူငယ် သုံးလေးယောက်... အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်တို့ သစ်တောထဲတွင် ဆော့ကစားနေကြသည်။ မိန်းကလေး တစ်ယောက်က ပတ်ဝန်းကျင်ကို သတိထား ကြည့်ရှုရင်း ပြောလိုက်သည်"ဒီနေရာကြီးက ခြောက်ခြားစရာ ကောင်းလိုက်တာ... တစ်ခုခုတော့ မှားနေပြီ... ပြန်ကြရအောင်..."
"ဘာကြောက်စရာ ရှိလို့လဲ... ငါတို့ အရင်ကလည်း ဒီကို လာဖူးတာပဲကို" မိန်းကလေး၏ လက်ကို ကိုင်ထားသော ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူက နောက်ပြန်မဆုတ်ဘဲ မိန်းကလေးကို အတွင်းဘက်သို့ ဆွဲခေါ်သွားသည်။
"ငါတို့ ပြန်ကြရင် မကောင်းဘူးလား..." နောက်ထပ် စုံတွဲ တစ်တွဲလည်း တစ်ခုခု မှားနေသည်ဟု ခံစားနေရသည်။ ဒီနေရာက တိတ်ဆိတ်လွန်းပြီး ပုပ်စော် နံနေသည်။
"မကြောက်ပါနဲ့... ဘာမှားစရာ ရှိလို့လဲ... ကြည့်စမ်း... ဟိုမှာ လူတစ်ယောက် ရှိတယ် မဟုတ်လား..." ကောင်လေးက ရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့ ရှေ့ မလှမ်းမကမ်းတွင် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး မလှုပ်မယှက် ရပ်နေသည်။
"ဦးလေး... ဒီမှာ ဘာလုပ်နေတာလဲ..." ကောင်လေးက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်ပြီး သူ့အဖွဲ့သားများကို ဘေးကင်းကြောင်း အချက်ပြလိုက်သည်။
"ဝါး..." မလှုပ်မယှက် ရပ်နေသော လူလတ်ပိုင်း အမျိုးသားသည် ရုတ်တရက် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး စိမ်းဖန့်ဖန့် မျက်လုံးများဖြင့် ထိုလူစုကို ကြည့်လိုက်သည်။
လူလတ်ပိုင်း အရွယ် ရုပ်သေးရုပ်သည် ရုတ်တရက် ခုန်တက်လိုက်ပြီး လူအုပ်စု အပေါ်သို့ ခုန်အုပ်လိုက်ရာ သူ့ခန္ဓာကိုယ် ပေါ်မှ လောက်ကောင်များ ပြုတ်ကျလာသည်။
ထို ဖြူဖွေးဝဖြိုးသော လောက်ကောင်များသည် မြေကြီးပေါ်တွင် တွန့်လိမ်နေကြသည်။
လူငယ်အုပ်စု၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားကြသည်။
"ပြေး.''
လူအများအပြား အော်ဟစ်လိုက်ကြစဉ် ချင်ထျန်းသည် ပျံသန်းလှေဖြင့် ခေါင်းပေါ်မှ ဖြတ်ပျံသွားသည်။
"စီနီယာအစ်ကိုကြီး... ရုပ်သေးပညာရှင်က ဂူထဲမှာ ပုန်းနေတာ သေချာတယ်... ဂူတွေ များတဲ့ နေရာဘက် သွားကြည့်ရင် သူ့ကို တွေ့နိုင်လောက်တယ်..." ချန်းဖုန်းက သုံးသပ်ပြလိုက်သည်။
"ရုပ်သေး လုပ်တဲ့သူတွေက မှောင်မိုက်တဲ့ နေရာတွေမှာ အလုပ်လုပ်ရတာ ကြိုက်တယ်... ဂူတွေက အကိုက်ညီဆုံးပဲ..."
"ဒီနေရာက တိတ်ဆိတ်လွန်းတယ်... တစ်ခုခုတော့ သေချာပေါက် မှားနေပြီ..." ချန်းဖုန်းက အောက်ဘက်ကို ဆက်တိုက် ကြည့်ရှုနေပြီး လူပုန်းခိုနိုင်မည့် ဂူများကို ရှာဖွေနေသည်။
ချင်ထျန်း ခေါင်းညိတ်လိုက်သည်။ ချန်းဖုန်း၏ သုံးသပ်ချက်က အတော်လေး ကျိုးကြောင်းဆီလျော်သည်ဟု ယူဆပြီး ဤအဖွဲ့သားကို ပိုမို သဘောကျလာသည်။
"ဘာအသံလဲ..." ချင်ထျန်း အောက်ကို ငုံ့ကြည့်လိုက်ရာ တောထဲတွင် လူရိပ် အနည်းငယ် ပြေးလွှားနေသည်ကို ဝေဝါးဝါး မြင်လိုက်ရသည်။ "ဆင်းကြည့်ရအောင်..."
ချန်းဖုန်းက ပျံသန်းလှေကို မြေပြင်သို့ ဆင်းသက်လိုက်သည်။
"စီနီယာအစ်ကိုကြီး... သက်ရှိလူသားနဲ့ လုပ်ထားတဲ့ ရုပ်သေးရုပ်ပဲ... ပုပ်ပွနေတဲ့ အလောင်းကောင် ဖြစ်သွားပြီ... ရုပ်သေးပညာရှင် ဒီနားမှာ ရှိကို ရှိရမယ်..."
ရုပ်သေးပညာရှင်သည် သက်ရှိလူသားများကို အသုံးပြု၍ အလောင်းကောင်များ ပြုလုပ်ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ချင်ထျန်းသည် ပျံသန်းလှေပေါ်မှ ခုန်ဆင်းလိုက်ပြီး ဖြစ်သည်။
ချန်းဖုန်းက လှုပ်ရှားခြင်း မပြုပေ။ တိုက်ခိုက်ခြင်းသည် သူ့အလုပ် မဟုတ်သလို သူ့ကိုယ်သူ ကောင်းစွာ နားလည်ထားသည်။
စွမ်းရည် မရှိရင် ငြိမ်ငြိမ်နေ... ပြဿနာ မရှာရ။
"နံလိုက်တာ... ရွံစရာကြီး... အဲဒီ ရုပ်သေးပညာရှင် သေသင့်တယ်..." ချင်ထျန်း နှာခေါင်းပိတ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ချင်ထျန်း ရှေ့သို့ မတိုးတော့ပေ။ ထိုအလောင်းကောင်ကြီးကိုသာ လက်သီးဖြင့် သွားထိုးမိပါက၊ သူ ညပေါင်းများစွာတိုင်အောင် အော့အန်ချင်စိတ်များ ဖြစ်နေပေလိမ့်မည်။
"မျှော်လင့်ချက် ရှိပြီဟေ့... ဟောက်ရန်ဂိုဏ်းက ဂိုဏ်းသားပဲ..."
"မသေမျိုးဆရာသခင်... ကယ်ကြပါဦး" လူတစ်စုက ချင်ထျန်းဆီ အမြန် ပြေးလာကြသည်။
ချင်ထျန်း သူတို့ကို ဂရုမစိုက်ပေ။ သူက လူကောင်းချေ။
သို့သော် ဤပုပ်ပွနေသော အလောင်းကောင်ကို ဆက်ထား၍ မဖြစ်ပေ... ရွံစရာ ကောင်းလွန်းသည်။
ချင်ထျန်းသည် ခါးထက် တုတ်သော သစ်ပင်တစ်ပင်ကို လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းလိုက်ရာ သင့်တော်သော တုတ်တစ်ချောင်း လက်ထဲ ရောက်လာသည်။
"ကြည့်ရတာ လက်နက် အနည်းငယ်လောက် ဆောင်ထားမှ ဖြစ်မယ်... မဟုတ်ရင် ဒီလို အခြေအနေမျိုးမှာ လှုပ်ရှားရတာ တကယ်ကြီး ခက်တယ်..."
ချင်ထျန်းသည် သစ်ပင်ကြီးကို မလိုက်ပြီး ရိုက်ချလိုက်သည်။
နွားသိုးကိုးကောင်ခွန်အား ပိုင်ဆိုင်ထားသဖြင့် သူ၏ ခွန်အားမှာ အံ့မခန်း ဖြစ်သည်။
"ဘုန်း..." သစ်ပင်ကြီး ပြိုကျလာပြီး သစ်စများနှင့်အတူ ရွံရှာဖွယ် အသားစများ လွင့်စင်သွားသည်။ ပုပ်ပွနေသော အလောင်းကောင်သည် ချက်ချင်းပင် အသားပုံကြီး ဖြစ်သွားသည်။
"အခုမှ ခံစားလို့ ကောင်းသွားပြီ" ပုပ်ပွနေသော အလောင်းကောင် မလှုပ်ရှားတော့သည်ကို မြင်လိုက်ရမှ ချင်ထျန်း စိတ်ရောကိုယ်ပါ သက်သာရာ ရသွားသည်။
"ကျေးဇူးတင်ပါတယ်... မသေမျိုးဆရာသခင်" လူအများအပြားက ကျေးဇူးတင်စကား ဆိုရန် ရှေ့တိုးလာကြသည်။
ဟောက်ရန်ဂိုဏ်းသားများ ဖြစ်သည် မဟုတ်ပါလော။ ဟောက်ရန်ဂိုဏ်းသားများသည် နူးညံ့သိမ်မွေ့ပြီး သာမန်လူများအပေါ် အလွန် ဖော်ရွေသည်ဟု ပြောကြသည်။
ချင်ထျန်း၏ မျက်နှာထား က တင်းမာသွားသည်။ "ဖယ်ကြစမ်း... ငတုံးကောင်တွေ... ဒီသခင်လေး လူရှာနေတာကိုမသိဘူးလား... လမ်းမပိတ်နဲ့"
ချင်ထျန်း ရွံရှာစွာ ကြည့်လိုက်သည်။
ဤငမိုက်သားများ... သာမန်လူတစ်ယောက်သာဆိုလျှင် ဤနေရာတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို ချက်ချင်း ရိပ်မိပေလိမ့်မည်။ သို့သော် သူတို့က မသိနားမလည်စွာ ဆက်လက် လျှောက်သွားနေကြဆဲ ဖြစ်သည်။ အမှန်တကယ်ပင် သေလမ်းကို ရှာနေသည့် လူစားမျိုးပင်။
ချင်ထျန်းသည် ငတုံးများအတွက် စကားကောင်းတစ်ခွန်းမှ မပြောတတ်ပေ။
လူအုပ်စု၏ မျက်နှာများ တောင့်တင်းသွားသည်။ ဟောက်ရန်ဂိုဏ်းက မသေမျိုးဆရာသခင်က ဒီလောက် ရိုင်းစိုင်းလိမ့်မယ်လို့ ထင်မထားခဲ့ကြချေ။
"စီနီယာအစ်ကိုကြီး... ဟိုမှာ မသေမျိုးဂူ တွေ့ပြီ... ငါးမိုင်လောက်ပဲ ဝေးတော့တယ်" ချန်းဖုန်းက ပျံသန်းလှေပေါ်မှနေ၍ လက်ညှိုးထိုးပြလိုက်သည်။