← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

လောကိုးပါးမသေမျိုး

ဘာသာပြန် - အရှင်ငယ်

အခန်း ၁၀၁ - မသေမျိုးခတရားကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း

​ဖန်ချန်သည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ယူဆောင်လာသော စမ်းရေအချို့ကို ထုတ်ယူကာ ဖန်ချန်ဟိုင်နှင့် အခြားသူများကို တစ်ယောက်တစ်ခွက်စီ ပေးလိုက်သည်။

သူတို့သည် ထိုရေကို တစ်ငုံသောက်လိုက်သည်နှင့် တစ်ပြိုင်နက် လန်းဆန်းတက်ကြွသွားကြပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ပြည့်နှက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​အဘယ်ကြောင့်ဆိုသော် ဖန်ချန်သည် ထိုစမ်းရေကို ၎င်း၏ မြစ်ဖျားခံရာမှ တိုက်ရိုက် သိုလှောင်ခဲ့ခြင်းဖြစ်သောကြောင့် ဝိညာဉ်စွမ်းအင်များ အနည်းငယ်မျှ လွင့်စင်သွားခြင်း မရှိသောကြောင့် ဖြစ်သည်။

​ထို့နောက် ဖန်ချန်သည် ခရမ်းရောင်ချီကျမ်း ကို ထုတ်ယူကာ ဖန်ကျန့်ထျန်းကို ပေးအပ်လိုက်သည်။

ထိုကျမ်းကို သေသေချာချာ လေ့လာရန်နှင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းနိုင်မလား ကြည့်ရန် အဘိုးအိုကို ပြောလိုက်သည်။

​ဖန်ကျန့်ထျန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

ခဏအကြာတွင် သူသည် ဖန်ချန်ဟိုင်နှင့် ကျန်လူများကို ခေါ်ယူကာ ထိုကျမ်းအကြောင်း ပြောပြရန်နှင့် အားလုံး အတူတူ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

​လီတောက်ယဲ့သည် ဖန်ကျန့်ထျန်း၏ လက်ထဲရှိ ကျမ်းကို သတိပြုမိသွားပြီး အနီးကပ် ကြည့်လိုက်သည်။ ၎င်းကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားကာ အံ့အားသင့်သွားတော့သည်။

"ဒါ... ဒါက တောင်ပိုင်းကောင်းကင်ဂိုဏ်း ရဲ့ ခရမ်းရောင်ချီကျမ်း မဟုတ်လား"

ဟု သူ မယုံကြည်နိုင်စွာ မေးလိုက်သည်။

​ဖန်ချန်က ပြုံးလျက်

"အို... ခင်ဗျား သူတို့ကို သိတာလား"

​"ဘယ်လိုလုပ် မသိဘဲ နေမှာလဲ တောင်ပိုင်းကောင်းကင်ဂိုဏ်းဆိုတာ မီးတောက်အင်ပါယာ မှာ အလွန်နာမည်ကြီးတာ ငါ့ရဲ့ ရှစ်ထောင့်ဗေဒင် ဂိုဏ်း တောင် သူတို့လောက် အင်အားမကြီးဘူး"

ဟု တောက်ယဲ့လီက ထူးဆန်းသော မျက်နှာထားဖြင့် ပြောသည်။

"တကယ်လို့ သူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ မင်းတို့ မိသားစုက ဒီကျမ်းကို လေ့ကျင့်နေတာ သိသွားရင် သူတို့က မင်းတို့ကို သတ်ဖို့ လိုက်လံ ရှာဖွေကြလိမ့်မယ်"

​"မဟာရှရဲ့ အခု အခြေအနေနဲ့ဆိုရင် အဲဒီလိုကိစ္စတွေကို စိုးရိမ်နေဖို့ အချိန်မရှိပါဘူး"

ဟု ဖန်ချန်က ပြန်ပြောသည်။

"ငါတို့ နှစ်ယောက်လုံး ဘာမှမပြောသရွေ့ ဘယ်သူ သိမှာလဲ"

​လီတောက်ယဲ့မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ငါက မင်းကို အပြစ်တင်တာ မဟုတ်ပါဘူး သခင်လေးဖန်၊ ဒါပေမဲ့ ကျင့်ကြံသူတွေ လုပ်ရမှာက ရင်းမြစ်တွေကို တတ်နိုင်သမျှ များများ ရယူဖို့ပဲ ဒါပဲလေ။ ကိုယ့်ဘာသာ မရရင်တောင် လူအများဆီကနေ ခြွေတာပြီး ယူရတာမျိုးပေါ့ ငါ ဆိုလိုတာက ကျင့်ကြံသူဆိုတာ နည်းနည်းတော့ အတ္တကြီးရတယ်"

​"မဟာရှအင်ပါယာက သာမန်လူတွေအတွက်နဲ့ သွေးဝိညာဉ်ဂိုဏ်း ကို ရင်ဆိုင်ပြီး ကိုယ့်ရဲ့ မသေမျိုးလမ်းစဉ်ကို အန္တရာယ်ဖြစ်အောင် လုပ်ရတာ တန်ရဲ့လား ဒီလို အဆင့်(၉) အင်ပါယာမှာ မင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာတာက တကယ့်ကို ကံကောင်းလွန်းတာပါ အခုတော့ အဲဒီကံကောင်းမှုကို အလဟဿ ဖြုန်းတီးနေတာပဲ"

​ထိုအချိန်တွင် သီလရှင် ချင်းဟဲက ကြားဖြတ်ပြောလိုက်သည်

"သခင်လေးက သာမန်လူတွေကြားက မသေမျိုး တစ်ယောက် ဖြစ်ချင်တာပါ..."

သူမက ခေါင်းကို အနည်းငယ် ခါလိုက်ရင်း

"ရှင် နားမလည်ပါဘူး"

​တောက်ယဲ့လီ၏ မျက်မှောင်များ ကြုံ့သွားသည်။

"သာမန်လူတွေကြားက မသေမျိုးလား မသေမျိုးနဲ့ သာမန်လူဆိုတာ ခြားနားချက် ရှိပါတယ် မသေမျိုးဖြစ်တာဟာ မသေမျိုးဖြစ်တာပဲ၊ သာမန်လူထဲက မသေမျိုးဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ"

​ဖန်ချန်က ပြုံးလျက်

"ဒါဆို ပြောပြစမ်းပါဦး၊ ပထမဆုံးသော မသေမျိုးက ဘယ်သူလဲ"

​"ပထမဆုံးသော မသေမျိုးလား"

တောက်ယဲ့လီ အနည်းငယ် ကြောင်သွားပြီး ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားနေသည်။ နောက်ဆုံးတွင် သူက လက်လျှော့သည့်ပုံစံဖြင့်

"ဘယ်သူက သိမှာလဲ..."

​"အတိအကျပဲ"

ဖန်ချန်က ရယ်မောလိုက်သည်။

"ကမ္ဘာကြီး စတင်ဖန်တီးစဉ်က မသေမျိုးဆိုတာ သေချာပေါက် မရှိခဲ့ဘူး ပထမဆုံးလူက မသေမျိုးအဆင့်ကို ရောက်ရှိသွားပြီးမှသာ မသေမျိုး ဆိုတဲ့ စကားလုံးက အဓိပ္ပာယ်ရှိလာတာ ဒါဆိုရင် ငါက ဘာလို့ ကိုယ်ပိုင် မသေမျိုး အဓိပ္ပာယ်ကို မသတ်မှတ်နိုင်ရမှာလဲ"

​"မင်း... မင်းကတော့..."

တောက်ယဲ့လီ အကြီးအကျယ် တုန်လှုပ်သွားသည်။

"မင်းက တကယ်ပဲ မသေမျိုးတရားကို အဓိပ္ပာယ်ဖွင့်ဆိုရဲတယ်ပေါ့ ဒါဟာ ကောင်းကင်ကို ဆန့်ကျင်နေတာပဲ"

​"ဒါပေမဲ့ ကောင်းကင်က ငါ့ကို ဒဏ်ခတ်တာလည်း မရှိဘူး၊ တားဆီးတာလည်း မရှိဘူးလေ"

ဟု ဖန်ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

​"အင်း... နောင်ကျရင်တော့ သေချာပေါက် ဒဏ်ခတ်ခံရမှာပါ"

ဟု လီတောက်ယဲ့က တိုးတိုးလေး ညည်းတွားလိုက်သည်။

​ဖန်ချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဘာပဲဖြစ်ဖြစ် မင်း လည်း အခု ငါတို့နဲ့ တစ်လှေတည်းစီးနေပြီပဲ လှေပေါ်က ဆင်းဖို့တော့ မစဉ်းစားနဲ့တော့ မင်းရဲ့ အကြီးအကဲ ပြန်လာရင် မင်းးကို ရှစ်ထောင့်ဗေဒင်ဂိုဏ်းကနေ ထုတ်ပစ်လိမ့်မယ်လို့ ငါ ထင်တယ် အခု ပြန်မသွားတာ ပိုကောင်းမယ်၊ သူတို့ဆီကို ပြဿနာတွေ သယ်မသွားချင်ဘူး မဟုတ်လား"

ဟု ပြောကာ

"သွားတော့... အဘိုးအိုနဲ့ ကျန်တဲ့သူတွေ ကျင့်ကြံနေတာကို စောင့်ကြည့်ပေးပြီး ပြဿနာရှိရင် လမ်းညွှန်ပေးလိုက်ပါ"

​ထိုသို့ပြောပြီးနောက် ဖန်ချန်သည် ထထွက်သွားတော့သည်။

သူသည် ရရှိထားသော ရတနာများကို သန့်စင်ရန်နှင့် ကျင့်ကြံခြင်း တိုးတက်စေရန် ခရမ်းရောင်လျှပ်စီးအဆောင်များကို ထပ်မံပြုလုပ်ရန် လိုအပ်နေသေးသည်။

ယနေ့တွင် သူ၏ ပဉ္စမမြောက် မသေမျိုးသွေးကြော ကို စုစည်းနိုင်မလားဆိုသည်ကို သူ စမ်းသပ်ချင်နေသည်။

​"ငါတော့ ရူးသွားပြီ ထင်တယ်..."

လီတောက်ယဲ့က ဖန်ကျန့်ထျန်းဆီသို့ လျှောက်သွားရင်း ခေါင်းခါလိုက်သည်။

"သူက ချီ သန့်စင်ခြင်းနယ်ပယ် မှာပဲ ရှိသေးတာကို သွေးဝိညာဉ်ဂိုဏ်းကို ရင်ဆိုင်ရဲတယ်၊ မသေမျိုး တရားကိုတောင် အဓိပ္ပာယ်ဖွင့်ဆိုရဲသေးတယ် သူက အရူးပဲ... တကယ့်အရူးပဲ... သူ့နောက်လိုက်နေရင်းနဲ့ ငါလည်း တစ်နေ့နေ့တော့ ရူးသွားမှာပဲ မဟုတ်ဘူးငါ အခွင့်အရေးရရင် သူ့ဆီကနေ ဝေးဝေးပြေးရမယ် ငါက လွတ်လွတ်လပ်လပ် သွားချင်တဲ့နေရာ သွားနိုင်တဲ့လူ ဖြစ်ချင်တာ"

​ဝင်းငယ်လေးအတွင်း၌ ဖန်ချန်သည် တည်ငြိမ်သော လက်လှုပ်ရှားမှုများဖြင့် သူ၏ အားကောင်းသော ဝိညာဉ်စွမ်းအင်များကို အဆောင်စာရွက်အတွင်းသို့ ထည့်သွင်းနေသည်။

သူ၏ ဝိညာဉ်စွမ်းအင်များသည် အဆောင်စာရွက်အတွင်းသို့ စီးဆင်းသွားပြီး ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို ဖော်ဆောင်သော ထူးခြားသည့် ပုံစံများမှတစ်ဆင့် နောက်ဆုံးတွင် ပြည့်စုံသော ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​သူ၏ ဆန့်ကျင်ဘက်တွင် သီလရှင် ချင်းဟဲ ထိုင်နေသည်။

သူမသည် သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ သူ အလုပ်လုပ်နေသည်ကို အလေးအနက် စောင့်ကြည့်နေသည်။

သူ အဆောင်ကို အောင်မြင်စွာ ပြုလုပ်နိုင်သည့်အခါတိုင်း သူမမှာ အနည်းငယ် တုန်လှုပ်မိသည်။

​သူမသည် စိန်ကိုယ်ထည် အဆောင် နှင့် အမြန်နှုန်းအဆောင်များကို ပြုလုပ်တတ်သော်လည်း ခရမ်းရောင်လျှပ်စီး အဆောင်ကဲ့သို့ ပိုမိုအားကောင်းသော အဆောင် များသည် ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးရုံသာမက ပြုလုပ်သူအနေဖြင့် ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုကို အလွန်ပင် တိကျရမည်ဖြစ်ကြောင်း သူမ သိထားသည်။

လက်ကလေး တစ်ချက် တုန်သွားရုံဖြင့် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသွားနိုင်ပြီး ကျရှုံးမှုများစွာ ဖြစ်ပေါ်နိုင်သည်။

ဖန်ချန်၏ အဆောင် ပြုလုပ်ပုံမှာ သူမ၏ အကြီးအကဲများထက်ပင် ပိုမို နက်ရှိုင်းလှသည်

​ထိုမျှ ခက်ခဲသော ခရမ်းရောင်လျှပ်စီးအဆောင်ကို သူက အားစိုက်စရာမလိုဘဲ ပြုလုပ်နိုင်ခဲ့သည်။

ထို့အပြင် ဖန်ချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်မှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေသည်ကိုလည်း သူမ သတိပြုမိသည်။

​"သူက မျက်စိမမြင်ရတာတောင် ခရမ်းရောင်လျှပ်စီးအဆောင်တွေကို အေးအေးဆေးဆေး လုပ်နိုင်နေတာပဲ။ ဂိုဏ်းက အကြီးအကဲတွေရဲ့ စကားနဲ့ ပြောရရင် သခင်လေးဟာ ကျင့်ကြံခြင်းအတွက် မွေးရာပါ ပါရမီရှင်ပဲ"

သီလရှင် ချင်းဟဲသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

​"သီလရှင် ချင်းဟဲ... မင်းတို့ရဲ့ ဂိုဏ်းကလည်း မီတောက်အင်ပါယာမှာပဲ ရှိတာလား"

နောက်ထပ် အဆောင်တစ်ခုကို ပြုလုပ်နေရင်း ဖန်ချန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

​သီလရှင် ချင်းဟဲက ခေါင်းငြိမ့်ပြကာ

"ဟုတ်ကဲ့၊ လမင်းပုန်းကျောင်းဆောင် က ရှစ်ထောင့်ဗေဒင် ဂိုဏ်းနဲ့ မိုင် ၈၀၀ လောက်ပဲ ဝေးပါတယ်။ တောင်တန်းတစ်ခုပဲ ခြားနေတာပါ"

ဟု အတည်ပြုသည်။

"အရင်က ကျွန်မတို့ ဂိုဏ်းက အကြီးအကဲတွေနဲ့ ရှစ်ထောင့်ဗေဒင်ဂိုဏ်းကြားမှာ ပဋိပက္ခတွေ ခဏခဏ ဖြစ်ခဲ့ဖူးတယ် ကျွန်မရဲ့ ဆရာက ရှစ်ထောင့်ဗေဒင်ဂိုဏ်းကလူတွေကို သတိထားဖို့ အမြဲမှာတယ်၊ သူတို့က တကယ့်ကို ကောက်ကျစ်စဉ်းလဲကြတာတဲ့..."

​ဖန်ချန်က ခေါင်းငြိမ့်လျက် သဘောတူလိုက်သည်။

"မှန်တယ်"

​ထို့နောက် သူက နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်

"တောင်ပိုင်းကောင်းကင်ဂိုဏ်းက မင်း တို့နဲ့ ဘယ်လောက်ဝေးလဲ ပြီးတော့ မီးတောက်အင်ပါယာမှာ ကျင့်ကြံသူတွေရဲ့ အင်အားဖြန့်ကျက်မှုက ဘယ်လိုရှိလဲ"

​"တောင်ပိုင်းကောင်းကင်ဂိုဏ်းက မီးတောက်အင်ပါယာရဲ့ တောင်ပိုင်းဒေသမှာ အဓိကဂိုဏ်းကြီး တစ်ခုပါ သူတို့က မြောက်ပိုင်းမှာရှိတဲ့ သားရဲဝိညာဉ်တောင်ကြား နဲ့အတူ အင်အားအကြီးဆုံး အဖွဲ့အစည်း နှစ်ခုလို့ သတ်မှတ်ခံရပါတယ် ဂိုဏ်းတစ်ခုချင်းစီမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ်မှာ ရှိတဲ့ ဘိုးဘေးတွေ ရှိကြတယ် ကျွန်မတို့ရဲ့ လမင်းပုန်းကျောင်းဆောင်နဲ့ ရှစ်ထောင့်ဗေဒင်ဂိုဏ်းကတော့ မီးတောက်အင်ပါယာမှာ အလယ်အလတ်အဆင့် အဖွဲ့အစည်းတွေလို့ပဲ သတ်မှတ်လို့ ရပါတယ် ကျန်တဲ့ ဂိုဏ်းတော်တော်များများကတော့ ကျီသန့်စင်ခြင်းနယ်ပယ် ပညာရှင်တွေပဲ အုပ်ချုပ်ကြတာပါ"

ဟု ချင်းဟဲက ရှင်းပြသည်။

​"အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် အထွတ်အထိပ်..."

ဖန်ချန်က ပြန်တွေးလိုက်သည်။

​ကြည့်ရသည်မှာ အဆင့်(၆) အင်ပါယာနှင့် အဆင့် (၇)အင်ပါယာကြားရှိ အင်အားကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှသည်။ အဆင့်(၇) အင်ပါယာတွင် ကိုယ်ခံပညာရှင်များအတွက် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်နက်နဲမှုနယ်ပယ်သာ ဖြစ်သည်။

​စီနီယာယွမ်ဟမ် က တစ်ခါက ပြောခဲ့ဖူးသည်မှာ ကိုယ်ခံပညာရှင်များကို ချီသန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်ရှိ ကျင့်ကြံသူများနှင့်သာ နှိုင်းယှဉ်နိုင်ပြီး တကယ့် တိုက်ပွဲတွင်မူ ကျင့်ကြံသူက ပိုမို အားကောင်းလိမ့်မည်ဟု ဆိုသည်။

​သီလရှင် ချင်းဟဲသည် ဖန်ချန်၏ စိတ်ထဲရှိသည်ကို သိရှိနေသကဲ့သို့ ရှင်းပြသည်

"သခင်လေး မီးတောက် အင်ပါယာက အဆင့် (၆)အင်ပါယာတွေထဲမှာ အားနည်းတဲ့အထဲ မပါပါဘူး& အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် ပညာရှင် လေးဦးနဲ့အထက် ရှိတဲ့ အင်ပါယာဆိုရင် ၆ ဆင့် အင်ပါယာ အဆင့်အတန်းထဲကို ဝင်ရောက်နိုင်ပါပြီ"

​"လေးဦးနဲ့အထက် ဟုတ်ပြီ ကျွန်တော် သိချင်တာက ဒီအင်ပါယာတွေရဲ့ အဆင့်အတန်း တွေကို ဘယ်သူက သတ်မှတ်တာလဲ"

ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​သီလရှင် ချင်းဟဲ၏ မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လာသည်။

"အင်း... ဖြစ်နိုင်တာက... ဟင့်အင်း... ဒါမှမဟုတ်... ဖြစ်နိုင်တာကတော့..."

သူမသည် အကြိမ်ကြိမ် ကြိုးစားဖြေဆိုသော်လည်း မသေချာပေ။ နောက်ဆုံးတွင် သူမ အဖြေကို ရှာမတွေ့ခဲ့ပေ။

​"တစ်စုံတစ်ယောက်က အရင်က အဲဒီလို သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ အားလုံးက လက်ခံသွားကြတာ ဖြစ်မှာပါ"

ဟု ဖန်ချန်က အကြံပြုလိုက်သည်။

​"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့"

သီလရှင် ချင်းဟဲက စပါးစေ့ကောက်နေသော ကြက်ကလေးနှယ် ခေါင်းကို အကြိမ်ကြိမ် ငြိမ့်လိုက်သည်။

​"အော်... ဒါနဲ့... မီးလတောက်အင်ပါယာမှာရော မသေမျိုး တွေကို ကိုးကွယ်ကြတာလား"

ဖန်ချန်က ရုတ်တရက် မေးလိုက်သည်။

​မဟာရှအင်ပါယာသည် နတ်ဘုရားတစ်ပါးကို ကိုးကွယ်ကြပြီး ၎င်းကို 'း မသေမျိုးအရှင် ပုဒု ဟု ခေါ်ကြသည်။

ကျောင်းဆောင်တိုင်းတွင် မျောက်နှင့်တူပြီး လက် ၃ စုံရှိသော မသေမျိုးအရှင် ပုဒု ၏ ရုပ်ထု ရှိကြသည်။

​ထူးဆန်းသည်မှာ ကုဟယ်၊ လုံတု ၊ ယီကျိုး နှင့် ချင်းဆုန်း တို့တွင်သာမက ၈ ဆင့် အင်ပါယာဖြစ်သော နှင်းခဲရေ အင်ပါယာ တို့တွင်ပင် အခြားသော နတ်ဘုရားကို ကိုးကွယ်ကြခြင်း ဖြစ်သည်။

​ဖန်ချန်သည် ထိုအကြောင်းကို စိတ်ဝင်စားနေသည်မှာ ကြာပြီ ဖြစ်သည်။

​သီလရှင် ချင်းဟဲက ခေါင်းငြိမ့်ပြကာ

"ဟုတ်ကဲ့ မီးတောက်အင်ပါယာမှာတော့ ကျွန်မတို့က မသေမျိုးဘုရင် ဟွာတောက် ကို ကိုးကွယ်ကြပါတယ်"

ဟု ဖြေကြားလိုက်သည်။

အခန်း ၁၀၂ - စစ်မှန်သော မသေမျိုး မျိုးစေ့

​"မသေမျိုးဘုရင် ဟွာ တောက် မီးတောက်အင်ပါယာအပြင် တခြားဘယ်အင်ပါယာတွေက သူတို့ကို ကိုးကွယ်ကြသေးလဲ"

ဟု ဖန်ချန်က မေးလိုက်သည်။

​သီလရှင် ချင်းဟဲက ခေါင်းငြိမ့်ပြကာ

"တော်တော်များများ ရှိပါတယ်"

ဟု ဆိုသည်။

​ဖန်ချန်သည် တဖြည်းဖြည်း နားလည်လာခဲ့သည်။

ထိုမသေမျိုးများသည် အတိတ်က အမှန်တကယ် တည်ရှိခဲ့ပြီး ကိုးကွယ်ထိုက်သော ဒဏ္ဍာရီများကို ချန်ထားရစ်ခဲ့ခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ်လျှင်လည်း မသေမျိုးတစ်ပါးကို ကိုးကွယ်ခဲ့သော အင်ပါယာတစ်ခုသည် အတိတ်က ပြိုကွဲသွားပြီး အခြားသော အင်ပါယာငယ်လေးများ ဖြစ်လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

​"ဒီနေ့တော့ အနားယူလိုက်ပါဦး မနက်ဖြန်ကျရင် မီးလျှံအင်ပါယာကို သွားဖို့ ထျဲ့မ ကို မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်"

ဟု ဖန်ချန်က ပြောကာ

"အသွားအပြန် ဘယ်လောက်ကြာမလဲ"

ဟု မေးသည်။

​"နှစ်လကနေ သုံးလလောက်ဆိုရင် လုံလောက်ပါတယ်၊ ကျွန်မ ဖြတ်လမ်းအချို့ သိပါတယ်"

ဟု သီလရှင် ချင်းဟဲက ပြန်ဖြေသည်။

​ဖန်ချန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် လက်ထဲမှ စုတ်တံကို စားပွဲပေါ်တင်ကာ သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းမှာ တောင်ပိုင်းကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများ မသေဆုံးမီက သူ့ထံ ပေးအပ်ခဲ့သော ကျောက်စိမ်းပြား ဖြစ်သည်။

သီလရှင် ချင်းဟဲ သွားသည့်လမ်းတွင် ၎င်းကို ထိုဂိုဏ်းထံ ပို့ဆောင်ပေးရန် သူ စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် မပို့မီ ထိုကျောက်စိမ်းပြားအတွင်း ဘာတွေပါသလဲဆိုသည်ကို အသေအချာ သိရှိနိုင်ရန် သူကိုယ်တိုင် အရင်ကြည့်ရှုရန် လိုအပ်သည်။

​သူ့စိတ်ကူးအတိုင်း ဝိညာဉ်စွမ်းအင်များကို ကျောက်စိမ်းပြားအတွင်းသို့ ထည့်သွင်းလိုက်သည်။

ထိုအခါမှသာ ကျောက်စိမ်းပြားပေါ်တွင် အခြားသူများ မကြည့်ရှုနိုင်ရန် တားဆီးထားသော အားနည်းသည့် ဝိညာဉ်စွမ်းအင် အတားအဆီးတစ်ခု ရှိနေကြောင်း ဖန်ချန် သိရှိသွားသည်။

သို့သော် ထိုအားနည်းသော ဝိညာဉ်စွမ်းအင်မှာ ဖန်ချန်အတွက် ဘာမှမဟုတ်ပေ။ ပါးလွှာသော ဖန်သားပြင်တစ်ခုကဲ့သို့ အလွယ်တကူ ကွဲကြေသွားပြီး အတွင်းမှ အချက်အလက်များ ပေါ်ထွက်လာသည်။

​"စီနီယာအစ်ကိုကြီး... ကျွန်တော်တို့ ကျိုးရီဆန်း ကို ဝေးလံတဲ့ နေရာတစ်ခုအထိ လိုက်ဖမ်းခဲ့ပြီး သူက သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ် ကျွန်တော်တို့ သူ့ကို မယှဉ်နိုင်ဘဲ သူ့လက်ထဲမှာပဲ သေဆုံးခဲ့ရပါပြီ စီနီယာအစ်ကိုကြီး ကျွန်တော်တို့အတွက် ကလဲ့စားမချေပါနဲ့ ဒါပေမဲ့ ကျွန်တော်တို့ ကျိုးရီဆန်းကို လိုက်ဖမ်းခဲ့တဲ့ နေရာမှာ ဝိညာဉ်တံဆိပ် ၁၂ ခု ပါတဲ့ ရတနာတစ်ပါးကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူ တစ်ယောက် ရှိနေပါတယ် တကယ်လို့ အဲဒီရတနာကို စီနီယာ ရနိုင်ခဲ့ရင် ဂိုဏ်းတွင်းပြိုင်ပွဲမှာ ပထမဆုကို အလွယ်တကူ ရနိုင်မှာပါ ဒီလက်နက် အခြားသူတွေလက်ထဲ မရောက်ခင် အမြန်ဆုံး လာရောက် သိမ်းယူပေးပါ"

​ဖန်ချန်၏ မျက်နှာမှာ ပျက်သွားတော့သည်။

​သေခါနီးအချိန်မှာပင် ထိုခေါင်းဆောင်သည် တောင်ပိုင်းကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများကို သွေးဝိညာဉ်ဂိုဏ်းကို ကလဲ့စားမချေရန် သတိပေးခဲ့သော်လည်း သူ၏ စီနီယာအစ်ကိုကြီးကိုမူ ဖန်ချန်၏ လက်နက်ကို လာရောက် လုယူရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

​ဖန်ချန်သည် ကျိုးရီဆန်းကို သတ်ပေးခြင်းဖြင့် သူတို့အတွက် တရားမျှတမှုကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆောင်ကြဉ်းပေးခဲ့သည်။

သို့သော် ထိုကျင့်ကြံသူမှာ ကျေးဇူးတရားကို ရန်ငြိုးဖြင့် တုံ့ပြန်ခဲ့ခြင်းမှာ ထင်ရှားလှသည်။

​ဖန်ချန်သည် လီတောက်ယဲ့၏ စကားများကို ရုတ်တရက် သတိရသွားပြီး ခေါင်းကို ခပ်ဖွဖွ ခါလိုက်မိသည်။

"ကျင့်ကြံသူတွေဟာ တကယ်ပဲ အတ္တကြီးပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်တဲ့ အောက်တန်းစားတွေပဲ သူတို့က ရနိုင်သမျှ ရင်းမြစ်တွေကို ရယူချင်ကြပြီး လူအများကို သတ်ရမှာကိုလည်း ဝန်လေးကြတာ မဟုတ်ဘူး..."

​ထိုသို့ပြောရင်း သူ၏ လက်ထိပ်များဖြင့် အားစိုက်လိုက်ရာ ကျောက်စိမ်းပြားမှာ အမှုန့်အဖြစ် ကြေမွသွားတော့သည်။

​"ကျင့်ကြံခြင်းလောကဟာ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တဲ့ နိယာမကို အစွန်းရောက်အောင် ကျင့်သုံးပုံရတယ်၊ ရိုးသားတဲ့သူဆိုတာ မရှိသလောက်ပဲ"

ဟု ဖန်ချန်က မိမိကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ တိုးတိုးလေး ရေရွတ်လိုက်သည်။

၎င်းမှာ သူ့အတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့ပြီး နောင်တွင် ထိုကဲ့သို့သော ကိစ္စများကို ပိုမို သတိထားရန် သူ ဆုံးဖြတ်လိုက်သည်။

​သီလရှင် ချင်းဟဲမှာ ကျောက်စိမ်းပြား၏ အရင်းအမြစ်ကို အနည်းငယ် စိတ်ဝင်စားနေသော်လည်း အသေးစိတ်ကို မမေးမြန်းခဲ့ပေ။

ဖန်ချန်သည် အလုပ်ပြန်စပြီး နောက်ထပ် အဆောင်တစ်ခု ပြုလုပ်တော့မည်ကို မြင်သောအခါ သူမသည် စိတ်ဝင်တစားဖြင့် ဆက်လက် စောင့်ကြည့်နေပြန်သည်။

သူ အလုပ်လုပ်နေသော ပုံစံမှာ သူမ၏ မျက်စိထဲတွင် အလွန် ကြည့်ကောင်းနေပေသည်။

​နေထွက်လာချိန်တွင် ဖန်ချန်၏ ရှေ့၌ ခရမ်းရောင်လျှပ်စီးအဆောင် ပုံကြီးတစ်ခု ပေါ်လာသည်။

​ထိုအချိန်မှာပင် မမြင်ရသော ဝိညာဉ်စွမ်းအင်များသည် ဖန်ချန်၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်သွားပြီး နောက်ဆုံးတွင် သူ၏ ပဉ္စမမြောက် မသေမျိုးသွေးကြော မှာ စုစည်းသွားတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် မြင့်တက်လာပြီး အဆပေါင်းများစွာ တိုးပွားသွားသည်။

​"ဂုဏ်ယူပါတယ် သခင်လေး"

ဟု သီလရှင် ချင်းဟဲက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

သူမသည် နေရာမှ ထရပ်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားသည်။

ကျင့်ကြံသူတစ်ဦးအတွက် ကျင့်ကြံခြင်းအဆင့် တက်လှမ်းခြင်းမှာ မင်္ဂလာဆောင်ခြင်း သို့မဟုတ် အသက်ရာကျော် ရှည်ခြင်းကို ကျင်းပရခြင်းကဲ့သို့ပင် အလွန် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သည်။

၎င်းမှာ အမှန်တကယ် ပျော်ရွှင်စရာ ကောင်းသော အချိန်အခါပင် ဖြစ်သည်။

​"သီလရှင် ချင်းဟဲ... အခု ခရမ်းရောင်လျှပ်စီးအဆောင်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ပိုပြီး နားလည်သွားပြီလား"

ဟု ဖန်ချန်က ပြုံးလျက် မေးလိုက်သည်။

​"ကျွန်မ အချို့ကိုတော့ မှတ်မိသွားပါပြီ... အဲ... ဒါပေမဲ့ သခင်လေး... ကျွန်မက သခင်လေးရဲ့ နည်းလမ်းတွေကို မှတ်သားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူးနော်"

ဟု သူမက ထိတ်လန့်တကြား ထပ်ပြောလိုက်သည်။

​"စိတ်မပူပါနဲ့"

ဖန်ချန်က ပြန်လည် စိတ်အေးအောင် လုပ်ပေးလိုက်သည်။

"မင်းရဲ့ ဆရာကို ငါ ကူညီခိုင်းချင်ရင် တစ်ခုခု ပြန်ပေးဖို့ လိုအပ်တာပေါ့"

​ဖန်ချန်က ရယ်မောလိုက်သည်။

သူသည် သီလရှင် ချင်းဟဲနှင့် သူမ၏ ဂိုဏ်းကို သွေးဝိညာဉ်ဂိုဏ်းအား ရင်ဆိုင်ရာတွင် အကူအညီတောင်းရန် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သော်လည်း ယခုမူ မတွန့်ဆုတ်တော့ပေ။

​အကျိုးအမြတ်အချို့ ပြန်ပေးရမည့် အချိန်တွင် သူသည် လက်နှေးနေလိမ့်မည် မဟုတ်ပေ။

​"ချင်းဟဲ ဒီမှာ ခရမ်းရောင်လျှပ်စီးအဆောင် အခု ၅၀ ရှိတယ်၊ ဒါတွေကို အလယ်အလတ်အဆင့် အဆောင်တွေလို့ ယူဆလို့ရတယ် မင်းရဲ့ ဂိုဏ်းကို ရောက်တဲ့အခါ အကြီးအကဲတွေကို ပြောလိုက်ပါ၊ ငါက ဒီအဆောင်တွေကို သူတို့နဲ့ လဲလှယ်ဖို့ ဆန္ဒရှိတယ်လို့ပေါ့"

ဟု ဖန်ချန်က ဆက်ပြောသည်။

​သီလရှင် ချင်းဟဲမှာ အံ့အားသင့်သွားသည်။

"သခင်လေး... အဲဒါက ဘာကို ဆိုလိုတာလဲ..."

​"ငါ မင်းကို ခရမ်းရောင်လျှပ်စီးအဆောင် ပြုလုပ်ပုံကို သင်ပေးမယ် ကြည့်နေရုံနဲ့တင် မလုံလောက်ဘူး ဘယ်နေရာမှာ အားပိုစိုက်ရမလဲ၊ ဘယ်နေရာမှာ ပိုပြီး သေသပ်ရမလဲဆိုတာ လမ်းညွှန်မှု လိုအပ်တယ်"

ဟု ဖန်ချန်က ပြုံးလျက် ရှင်းပြသည်။

​"အဆောင်ပြုလုပ်နည်း အမွေအနှစ်ကို လက်ဆင့်ကမ်းပေးတာဟာ အလွန်တန်ဖိုးရှိပါတယ် သခင်လေး။ သေသေချာချာ စဉ်းစားပြီးပြီလား"

ဟု သီလရှင် ချင်းဟဲက တိုးတိုးလေး မေးလိုက်သည်။

​ခရမ်းရောင်လျှပ်စီးအဆောင်များသည် သာမန်အဆောင်များ မဟုတ်ပေ။

၎င်းတို့ကို ပြုလုပ်နိုင်သောသူများသည် မည်သည့်နေရာသို့ ရောက်ရောက် အလွန် အလေးထားခြင်း ခံရသည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ခရမ်းရောင်လျှပ်စီးအဆောင် တစ်ခု၏ စွမ်းအားမှာ ချီသန့်စင်ခြင်းနယ်ပယ် အထွတ်အထိပ်ရှိ ပညာရှင်တစ်ဦး၏ အပြည့်အဝ တိုက်ခိုက်မှုနှင့် ညီမျှသောကြောင့် ဖြစ်သည်။

အကယ်၍ လမင်းပုန်းကျောင်းဆောင်သည် ခရမ်းရောင်လျှပ်စီးအဆောင် ပြုလုပ်နည်း အမွေအနှစ်ကို ရရှိခဲ့ပါက ၎င်းမှာ ဂိုဏ်း၏ အင်အားကို သိသိသာသာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

​အစောပိုင်းက သီလရှင် ချင်းဟဲသည် သူမ၏ ဆရာက ကူညီရန် ဆန္ဒရှိမရှိ စိုးရိမ်နေခဲ့သော်လည်း ခရမ်းရောင်လျှပ်စီးအဆောင်များကို လဲလှယ်မှုအဖြစ် ကမ်းလှမ်းလိုက်သောအခါ သူမ၏ ဆရာသည် မြို့တော်သို့ လာရောက်ရန် သေချာပေါက် သဘောတူလိမ့်မည်ဟု သူမ ခံစားလိုက်ရသည်။

​"သေချာပေါက် စဉ်းစားပြီးပါပြီ ဒီခရမ်းရောင်လျှပ်စီးအဆောင်တွေဟာ ငါ့ရဲ့ ဂိုဏ်းကနေ ဆင်းသက်လာတာပါ နောင်တစ်ချိန်မှာ ငါကိုယ်တိုင် သွားပြီး တောင်းပန်ပါ့မယ် စိတ်ချပါ မင်းတို့ဆီကို ဘာပြဿနာမှ ရောက်လာမှာ မဟုတ်ဘူး"

ဟု ဖန်ချန်က ပြုံးလျက် အတည်ပြုလိုက်သည်။

"ဒါပေမဲ့ ငါ ဒါကို မင်းကိုပဲ လက်ဆင့်ကမ်းပေးမှာပါ၊ မင်းကလည်း မင်းရဲ့ တပည့်တွေကိုပဲ ထပ်ပြီး လက်ဆင့်ကမ်းပေးနိုင်မယ် အဲဒါက ငါ့ရဲ့ စည်းကမ်းချက်ပဲ"

​သီလရှင် ချင်းဟဲက ခေါင်းငြိမ့်လိုက်သည်။

"နားလည်ပါပြီ"

​ထို့နောက် ဖန်ချန်သည် ထျဲ့မကို ခေါ်ယူကာ သီလရှင် ချင်းဟဲနှင့်အတူ လိုက်သွားရန် ညွှန်ကြားလိုက်သည်။

ထျဲ့မသည် သူတို့ မီးလတောက်အင်ပါယာသို့ သွားမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ၏မျက်နှာတွင် တွန့်ဆုတ်မှု အနည်းငယ် ပေါ်လာသည်။

​"ငါ့ဘေးမှာ ဟွမ်စီဟိုင် နဲ့ တခြားလူတွေ ရှိနေတာပဲ မင်း စိုးရိမ်နေစရာ မလိုပါဘူး"

​ထျဲ့မက ခေါင်းငြိမ့်လိုက်ပြီး

"သခင်လေး... ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်"

ဟု ကတိပေးလိုက်သည်။

​ထို့နောက် ဖန်ချန်သည် သီလရှင် ချင်းဟဲကို ကြည့်ကာ နောက်ဆုံးအကြံပေးချက် ပေးလိုက်သည်။

"မင်းက ကျင့်ကြံသူ တစ်ယောက်ဖြစ်ပေမဲ့ ဘဝအတွေ့အကြုံကတော့ အနည်းငယ် လိုအပ်နေသေးတယ်။ ခရီးမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး သတိထားပါ"

​သီလရှင် ချင်းဟဲသည် လေးနက်သော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမနှင့် ထျဲ့မသည် ဖန်အိမ်တော်မှ တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။

​သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် ရွှီဂီသည် အပြေးအလွှား ရောက်လာသည်။

"သခင်လေး... တောက်ယဲ့က သခင်လေးကို လာခဲ့ဖို့ ဖိတ်ခိုင်းလိုက်ပါတယ်"

​အေးချမ်းသော ဝင်းတစ်ခုအတွင်း၌ ဖန်ချန်သည် မြေပြင်ပေါ်တွင် တရားထိုင်နေသော ဖန်ကျန့်ထျန်းကို မြင်လိုက်ရသည်။

သူ၏ မျက်နှာပေါ်တွင် နီမြန်းသောအလင်းတန်း အနည်းငယ် ပေါ်နေပြီး ခရမ်းရောင် အရှိန်အဝါ အားနည်းနည်းက သူ့ကို ဝန်းရံထားသည်။

​သူ့အနားတွင် ဝိညာဉ်စွမ်းအင်များမှာ တုန်ခါနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်။ ဖန်ချန်ဟိုင်၊ ဖန်ချန်ယု၊ ဖန်ချန်၏ မိခင်၊ ဖန်ကျစ်ရွှယ် နှင့် အခြားသူများစွာမှာ အနီးနားတွင် ရပ်ကြည့်ရင်း ထိုမြင်ကွင်းကို အံ့အားသင့်နေကြသည်။

သူတို့သည် ဝိညာဉ်စွမ်းအင်များကို မမြင်နိုင်၊ မခံစားနိုင်သော်လည်း ဖန်ကျန့်ထျန်း၏ မျက်နှာပေါ်မှ နီမြန်းသောအလင်းတန်းကိုမူ မြင်တွေ့နိုင်ကြသည်။

​ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ထူးခြားလှသည်

​"မင်း ရောက်လာတာ အချိန်ကိုက်ပါပဲ ဒါဟာ မယုံနိုင်စရာပဲ တကယ်ကို မယုံနိုင်စရာပဲ တစ်ရက်တည်းနဲ့ သူက မသေမျိုးသွေးကြော တစ်ခုကို စုစည်းနိုင်ခဲ့တယ် မင်းရဲ့ အဘိုးဟာ စစ်မှန်တဲ့ မသေမျိုးမျိုးစေ့ ပဲ!"

ဟု လီတောက်ယဲ့က အော်ဟစ်လိုက်ပြီး ဖန်ချန်၏ လက်အင်္ကျီကို ဆွဲကာ ပြောလိုက်သည်။

"ငါ ရှစ်ထောင့်ဗေဒင်ဂိုဏ်းကို ပြန်သွားလို့ ရမလား ငါ့အဖေကို မင်းရဲ့ အဘိုးကို တပည့်အဖြစ် လက်ခံဖို့ ငါကိုယ်တိုင် သွားပြီး ဖိတ်ခေါ်ချင်တယ်"

​ဖန်ချန်မှာ အံ့အားသင့်သွားပြီး သူ၏ မျက်နှာထားမှာ ထူးဆန်းသွားသည်။

"အဲဒီလိုသာ ဖြစ်လာရင် ငါ ခင်ဗျားကို ဘယ်လို ခေါ်ရမှာလဲ"

​"မင်းးရဲ့ အဘိုးက ငါ့ရဲ့ ဂျူနီယာညီလေး ဖြစ်လာမှာဆိုတော့... သဘာဝကျကျပဲ မင်းးက ငါ့ကို ဦးလေးလို့ ခေါ်ရမှာပေါ့"

ဟု လီတောက်ယဲ့က ပြောလိုက်သော်လည်း ဖန်ချန်က သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သောအခါ သူ ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။

​လီတောက်ယဲ့ကို လျစ်လျူရှုကာ ဖန်ချန်သည် ဖန်ကျန့်ထျန်းကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ့လိုပဲ သူ၏ အဘိုးသည်လည်း တစ်ရက်တည်းနှင့် မသေမျိုးသွေးကြောကို စုစည်းနိုင်ခဲ့သည်။

​သို့သော် ဖန်ကျန့်ထျန်းနှင့် သူ၏ကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။ ဖန်ကျန့်ထျန်းတွင် ဖန်ချန်ကဲ့သို့ မူလ ဝိညာဥ် မရှိပေ။

ဖန်ချန်သည် ထိုစွမ်းအားကို သုံးလောကတောင်တန်းတွင် ထိုမသေမျိုးနှင့် တွေ့ဆုံပြီးမှသာ ရရှိခဲ့ခြင်း ဖြစ်သည်။

​ထို့ကြောင့် အရာအားလုံးက ဖန်ချန်၏ အဘိုးသည် စစ်မှန်သော၊ စစ်မှန်သော မသေမျိုးမျိုးစေ့၊ ကျင့်ကြံခြင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ညွှန်ပြနေပေတော့သည်။

All Chapters