အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း ၁၀၇ - သူတို့ကို ကြိုဆိုကြစို့
ဖန့်ချန် သည် အဘိုးဖြစ်သူ ဖန့်ကျန့်ထျန်း နေထိုင်ရာ ဝန်းခြံလေးသို့ ရောက်ရှိလာသည်။
သူသည် အဘိုးအိုကို နှုတ်ဆက်လိုက်ပြီး၊ အဘိုး၏ မျက်နှာတွင် မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ပြုံးလျက် မေးလိုက်သည်။
"အဘိုး... ကျင့်ကြံခြင်းမှာ အခက်အခဲ တစ်ခုခုနဲ့ ရင်ဆိုင်နေရလို့လား"
ဖန့်ကျန့်ထျန်း ၏ နဖူးပေါ်ရှိ အရေးအကြောင်းများမှာ ပိုမိုနက်ရှိုင်းသွားပြီး သူက ဆိုသည်။
"လီတောက်ယဲ့ ပြောတာကတော့ ကျင့်ကြံခြင်းမှာ ဝိညာဉ်ကျောက်တုံး လို့ခေါ်တဲ့ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်တဲ့ ဒါပေမဲ့ ငါတို့ မဟာရှ မှာတော့ အဲဒီလိုအရာမျိုး မရှိဘူးထင်တယ် ငါတို့တင် မကပါဘူး ကုဟယ် တို့၊ လုံတူး တို့ ဒါမှမဟုတ် တခြားဘယ်အင်ပါယာမှာမှ ဝိညာဉ်ကျောက်တုံးအကြောင်း ငါမကြားဖူးဘူး။ မင်းမှာ အဖြေရှိလား"
ဖန့်ကျန့်ထျန်း ၏ စိတ်ဓာတ်အရ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချလိုက်ပြီဖြစ်ရာ၊ မဟာရှ ကို ကာကွယ်ရန်အတွက် ထိုလမ်းစဉ်၌ အစွမ်းကုန် ကြိုးစားလိုစိတ် ရှိနေခြင်းမှာ မဆန်းပေ။
နောက်ဆုံးတွင် သူတို့သည် သွေးဝိညာဥ်ဂိုဏ်း နှင့် ရင်ဆိုင်ကြရမည် မဟုတ်ပါလား။
ရှောင်လွှဲ၍မရသော တိုက်ပွဲအတွက် သူ အသင့်ပြင်ထားရမည်။
တကယ်လို့ ထိုဂိုဏ်းမှ ကျင့်ကြံသူများ၌ ဝိညာဉ်ကျောက်တုံးများ ရှိပြီး ဖန့်မိသားစု မှာ မရှိလျှင်၊ ၎င်းမှာ သူတစ်ဦးတည်းအတွက်သာမက ဖန့်ကျစ်ရွှယ် ကဲ့သို့သော နောက်မျိုးဆက်များအတွက်ပါ စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။
ထို့ပြင် တကယ်လို့ ဖန့်မိသားစု မှ ကျင့်ကြံသူ အနည်းငယ် ထပ်မံထွက်ပေါ်လာပါက သူတို့သည် ကျင့်ကြံရေးမျိုးနွယ်စု အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။
လီတောက်ယဲ့ ပြောခဲ့သလိုပင် ကျင့်ကြံခြင်းလောကသည် အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် တောရိုင်းဥပဒေအတိုင်းပင်။
သူတို့ တည်ရှိမှုကို မည်သူမျှ မသိရှိလျှင် ပြဿနာမရှိသော်လည်း၊ အခြားကျင့်ကြံသူများက သူတို့ကို သတိပြုမိသွားပါက ဘေးအန္တရာယ် ကျရောက်လာနိုင်ပေသည်။
ထိုသို့သောအခြေအနေမျိုးတွင် ဖန့်ကျန့်ထျန်း သည် ဖန့်မိသားစု ကို ကျင့်ကြံရေးမျိုးနွယ်စုအဖြစ် အနာဂတ်တွင် ခိုင်မာစေရန် ကြိုတင်တွက်ချက် စီစဉ်နေခြင်းဖြစ်သည်။
ရုတ်တရက် ဖန့်ချန် က သူ၏ နဖူးကို ရိုက်လိုက်သည်။
"ဒါကို ကျွန်တော် လုံးဝ မေ့သွားတာပဲ"
သူ၏ သိုလှောင်လက်စွပ်ထဲတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးရာကျော် ပြန့်ကျဲနေသည် မဟုတ်ပါလား။
သူသည် ကျောက်တုံး တစ်ရာကို ထုတ်ယူကာ ဖန့်ကျန့်ထျန်း ထံ ကမ်းပေးလိုက်သည်။
"အဘိုး ဒါတွေက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေပါ အခုလောလောဆယ် ဒါတွေကို သုံးထားပါ။ မလုံလောက်ရင် ကျွန်တော့်ကို ပြောပါ"
သူကိုယ်တိုင် ကျင့်ကြံရာတွင် ဝိညာဉ်ကျောက်တုံးများ မလိုအပ်သဖြင့် ၎င်းတို့ကို သူ မေ့နေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဖန့်မိသားစု သည် ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချခဲ့ပြီဖြစ်ရာ ဝိညာဉ်ကျောက်တုံးများ၏ အကူအညီဖြင့် ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်မည်ဖြစ်သည်။
"တစ်ရာတောင်လား"
ဖန့်ကျန့်ထျန်း သည် ဦးစွာ အံ့သြသွားပြီးနောက် စိတ်တိုသွားသည်။
"အဲဒီကောင်လေး လီတောက်ယဲ့ ကတော့ ငါ့ကို လိမ်နေတာပဲ သူပြောတာကတော့ ပုံမှန်အားဖြင့် ကျင့်ကြံရေးဂိုဏ်းတွေမှာတောင် တပည့်တစ်ယောက်ကို တစ်လမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးတာတဲ့ ဒါက အရမ်း အဖိုးတန်တဲ့ ပစ္စည်းလို့ ငါထင်နေတာ"
ဖန့်ချန် က ပြုံးလိုက်သည်။
"အဘိုး... အဘိုး သူ့ကို အထင်လွဲနေတာပါ။"
ဟု ပြောကာ ထိုဝိညာဉ်ကျောက်တုံးများ ရရှိလာပုံကို ရှင်းပြလိုက်သည်။
ဖန့်ချန် ၏ ရှင်းပြချက်ကို ကြားသောအခါ ဖန့်ကျန့်ထျန်း သည် အားရပါးရ ရယ်မောလိုက်တော့သည်။
" ငါ နားလည်ပြီ"
သူက ဝမ်းသာအားရဖြင့် ဖန့်ချန် ၏ ပုခုံးကို ပုတ်လိုက်သည်။
"မင်းက ငါ့ရဲ့ မြေးကောင်းပဲဟေ့ ကျင့်ကြံသူဖြစ်တာနဲ့ ပြဿနာအားလုံးကို ရှင်းပေးနိုင်တာပဲ ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေရှိရင် ငါတို့ နှစ်အတော်ကြာ ကျင့်ကြံဖို့ ကုန်ကျစရိတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး"
ဖန့်ကျန့်ထျန်း မသိသည်မှာ လီတောက်ယဲ့ ပြောခဲ့သည်မှာ အမှန်တရားပင် ဖြစ်သည်။
ရှစ်ထောင့်ဗေဒင်ဂိုဏ်း တွင်ပင် တပည့်တစ်ဦးချင်းစီကို တစ်လလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ပေးခြင်းဖြစ်သည်။
လီတောက်ယဲ့ လည်း အပါအဝင်ပင်။
ပိုမိုရရှိလိုပါက ကိုယ်ပိုင်အရည်အချင်းဖြင့် ရှာဖွေရမည်၊ သို့မဟုတ် အခြားတပည့်များထံမှ လုယူရမည်ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အရင်းအမြစ်များမှာ ထိုမျှအထိ ရှားပါးလှသည်။ လုံလောက်သော ခွန်အားမရှိဘဲနှင့် သူတစ်ပါးက ကိုယ့်အပေါ် အမြတ်ထုတ်နေသည်ကို ငေးကြည့်နေရုံသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့ကိုယ်တိုင်အတွက်သာ ဦးစားပေးကြသည်။ ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်လာလျှင် သူတို့သည် သာမန်လူများထက်ပင် ပို၍ တွက်ကပ်တတ်ကြသည်။
ကိစ္စပြီးသွားသောအခါ ဖန့်ချန် သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဆွဲသီးကို ထုတ်ယူကာ အဘိုးထံ ပေးလိုက်သည်။
သူသည် ဆွဲသီးပေါ်ရှိ သူ၏ ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးထားပြီးဖြစ်သည်။
"အဘိုး... ဒါကို ယူထားပါ။ နောက်မှ အဘိုးရဲ့ ဝိညာဉ်စွမ်းအင်နဲ့ သန့်စင်လိုက်ပါ"
ဖန့်ကျန့်ထျန်း သည် ၎င်းကိုယူကာ လှည့်ပတ်ကြည့်ရှုနေသည်။
"ဒါက ရတနာ တစ်ခုပေါ့ ဟုတ်လား"
၎င်းအတွင်းရှိ ထူထပ်သော ဝိညာဉ်စွမ်းအင်ကို သူ ခံစားမိနေပြီး၊ အတွင်း၌ ဝိညာဉ်အမှတ်အသား အချို့ တောက်ပနေသည်ကိုလည်း သူ မြင်နေရသည်။
အကယ်၍ သူ၏ နေရာတွင် သိုင်းသမားတစ်ဦးသာဆိုလျှင် ၎င်းကို ခွဲကြည့်လျှင်ပင် မည်မျှ ထူးခြားကြောင်း မြင်နိုင်လိမ့်မည် မဟုတ်ပေ။
ဖန့်ချန် က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ဟုတ်ကဲ့၊ ဒါက ကာကွယ်ရေးရတနာတစ်ခုပါ"
ဟု အတည်ပြုပေးလိုက်သည်။ ထို့နောက် သူသည် ကျိုးရီဆင်း ထံမှ ရယူခဲ့သော ဓားကို ထုတ်ယူလိုက်သည်။
"ဒီဓားက သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူဆီက ရခဲ့တာပါ ဝိညာဉ်အမှတ်အသား ရှစ်ခု ပါဝင်တယ်တော်တော်လေး ကောင်းပါတယ် အဘိုး ဒါကိုလည်း သန့်စင်ကြည့်ပါဦး"
"ကောင်းတယ်... ကောင်းတယ်"
ဖန့်ကျန့်ထျန်း သည် ဓားရှည်ကို ပြုံးရွှင်စွာ လက်ခံလိုက်သည်။ သူသည် ဖန့်ချန် ထံမှ ဓားကိုယူပြီးနောက် ပြန်ချထားရန်ပင် ဝန်လေးနေပုံရသည်။
ရုတ်တရက် ရွှီဂီ ပေါ်လာပြီး အစီရင်ခံလိုက်သည်။
"သခင်လေး... အရေးကြီးသတင်း ရထားပါတယ်"
၎င်းကို မြင်သောအခါ ဖန့်ကျန့်ထျန်း က ရယ်မောရင်း ပြောလိုက်သည်။
"သွား... မင်းရဲ့ ကိစ္စတွေကို သွားလုပ်တော့ ငါကတော့ ကျင့်ကြံခြင်းကို ဆက်လုပ်ဦးမယ်"
ဝန်းခြံလေးထဲမှ ထွက်လာသောအခါ ရွှီဂီ သည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ဖန့်ချန် ၏ နားနားတွင် စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။
"အို... တတိယမင်းသားက ချင်စုန်း အင်ပါယာကနေ လွတ်လာပြီလား"
ဖန့်ချန် ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
"ဒါဆိုရင် သူ့ကို သွားကြိုကြစို့"
တစ်ချိန်တည်းမှာပင် ရှောင်းနတ်သမီး သည် ဖန့်အိမ်တော် ၌ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လူအနည်းငယ်သာ သိရှိသည်အထိ အလွန်ပင် ငြိမ်သက်စွာ နေထိုင်နေခဲ့သည်။
လွန်ခဲ့သည့်ရက်က ထာဝရငြိမ်းချမ်းရေး ခန်းမ ၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိတိုင်း သူမ၏ စိတ်အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေတတ်သည်။
ရုတ်တရက် ဖန့်ချန် ပေါ်လာသည်။
"ရှောင်းနတ်သမီး... ဘာတွေ တွေးနေတာလဲ"
ဟု ပြုံးလျက် မေးလိုက်သည်။
ရှောင်းနတ်သမီး သည် အတင်းအပြုံးဖြင့် ပြန်လည်နှုတ်ဆက်လိုက်ရသည်။
"ဖန့်... ဖန်ချန်"
သူမသည် မဟာရှ သည် သူမ၏ ချင်စုန်း အင်ပါယာက လွယ်လွယ်ကူကူ ကြိုးကိုင်နိုင်သည့် အခြေအနေတွင် မရှိတော့ကြောင်း သဘောပေါက်သွားပြီဖြစ်သည်။
လီတောက်ယဲ့ သည် အဆင့်(၆)မီးတောက် အင်ပါယာမှ လာသူဖြစ်ပြီး၊ အရေးကြီးဆုံးမှာ သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင် သူတစ်ယောက်တည်းနှင့်ပင် ချင်စုန်း အနေဖြင့် မဆင်မခြင် မလုပ်ရဲအောင် တားဆီးရန် လုံလောက်နေပြီဖြစ်သည်။
"တတိယမင်းသားက ချင်စုန်း အင်ပါယာကနေ ထွက်လာပြီ မင်းလည်း ဖန့်အိမ်တော် မှာ နေတာ တော်တော်ကြာပြီဆိုတော့ ပြန်ရမယ့်အချိန် ရောက်ပြီ"
ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကျွန်မ... ကျွန်မ ပြန်မသွားချင်သေးဘူး..."
ဟု ရှောင်းနတ်သမီး က မသိစိတ်ဖြင့် ပြန်ပြောလိုက်မိသည်။
"မင်းက စစ်သူကြီးရှောင်း ရဲ့ သမီးလေ အကယ်၍ မင်း ပြန်မလာဘူးဆိုရင် မင်းအဖေက ငါ မင်းကို သတ်လိုက်ပြီလို့ ထင်နေလိမ့်မယ်"
ဟု သူက ဆိုသည်။
"ကျွန်မ အဖေ့ဆီ စာရေးလိုက်ပါ့မယ်။ သူ့ကို ရှင်းပြပြီးရင်..."
ဟု သူမက အကြံပြုလိုက်သည်။
"...ပြီးရင် ဖန့်အိမ်တော် မှာ ဆက်နေပြီး ကျင့်ကြံခြင်းအကြောင်း လေ့လာဖို့ အခွင့်အရေးကို စောင့်မလို့လား"
ရှောင်းနတ်သမီး ၏ မျက်နှာမှာ ရှက်လွန်း၍ ချက်ချင်း နီမြန်းသွားသည်။ သူမ၏ အတွေးများကို သူက အကဲခတ်မိသွားပြီဖြစ်သည်။
သို့သော် ခဏအကြာတွင် သူမ စိတ်ကို ခိုင်ခိုင်ထားလိုက်သည်။ ဒါဟာ သူမ လက်မလွှတ်ချင်သော ရှားပါးသည့် အခွင့်အရေးတစ်ခု မဟုတ်ပါလား။
ဖန့်ချန် ၏ မျက်နှာမှာ လေးနက်သွားသည်။
"ပထမအချက်က ထာဝရရှင်သန်ခြင်း လမ်းစဉ်ပေါ် ခြေချခွင့်ရဖို့ဆိုတာ အလွန်ပဲ ရှားပါးလှတယ် ဒုတိယအချက်က မင်းက ချင်စုန်း အင်ပါယာက ဖြစ်နေတာပဲ မင်းမှာ ပါရမီရှိရင်တောင် ငါက မင်းကို ကျင့်ကြံခြင်းနဲ့ ထိတွေ့ခွင့် ပေးမှာမဟုတ်ဘူး ငါ ဘာကြောင့် ပြောရသလဲဆိုတာ မင်း နားလည်သင့်ပါတယ် မင်း ဖန့်အိမ်တော် မှာ နေဖို့ အကြောင်းပြချက် မရှိတော့ဘူး ချင်စုန်း ကို ပြန်သွားပြီး မင်းအဖေနဲ့ သေသေချာချာ စကားပြောလိုက်တာက ပိုကောင်းပါလိမ့်မယ် ငါ ချင်စုန်း နဲ့ ထပ်ပြီး မပတ်သက်ချင်တော့ဘူး ငါ့မှာ လုပ်စရာ ပိုအရေးကြီးတဲ့ အလုပ်တွေ ရှိတယ်"
"ဒါပေမဲ့..."
"ဒါပေမဲ့ မရှိဘူး၊ သွားရမယ့် အချိန်ရောက်ပြီ"
ဖန့်ချန် သည် ရှောင်းနတ်သမီး ကို ထပ်မံ ပြောဆိုခွင့် မပေးတော့ဘဲ ရွှီဂီ ကို သူမအား ခေါ်ထုတ်သွားခိုင်းလိုက်သည်။
သူမ ထွက်သွားပြီးနောက်၊ ဖန့်ချန် သည် ရုပ်ဖျက်လိုက်ပြီး မဟာရှ လျှို့ဝှက်အစောင့်တပ်ဖွဲ့နှင့် ညှိနှိုင်းကာ မည်သူမျှ သတိမပြုမိခင် ညသန်းခေါင်ယံ၌ မြို့တော်မှ ထွက်ခွာသွားခဲ့သည်။
အဖက်ဖက်မှ စောင့်ကြည့်နေသူများ များပြားလှသည်။ အထူးသဖြင့် ကျိလင်ယွီ အပါအဝင် ဖန့်အိမ်တော် ကို စောင့်ကြည့်နေသူများစွာ ရှိနေသဖြင့်၊ သူ မြို့ပြင်သို့ ထွက်သွားသည်ကို မည်သူ့ကိုမျှ မသိစေလိုခြင်း ဖြစ်သည်။
ရက်အနည်းငယ် ကြာပြီးနောက်... ကျားဖြတ်ကျော်တောင်ကြား အပြင်ဘက်တွင်။
အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ဦးသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ကာ မြင်းကို အရှိန်ပြင်းပြင်း စီးနင်းလာပြီး သူ၏ နောက်ကွယ်၌ ဖုန်မှုန့်များ ထနေသည်။
သူ၏နောက်တွင် ဝံပုလွေစစ်တပ် မှ ထိပ်တန်းစစ်သည် တစ်ရာခန့်က ကပ်လျက် လိုက်ပါလာကြသည်။
အကယ်၍ မဟာရှ စစ်တပ်မှ ဝါရင့်စစ်သည်များသာ ရှိနေပါက၊ ယခု ဝံပုလွေစစ်တပ် ကို ဦးဆောင်လာသည့် တပ်မှူးကို မြင်လျှင် အကြီးအကျယ် အံ့အားသင့်သွားကြပေလိမ့်မည်။
ထိုသူသည် အသက် ၄၀ ကျော်ခန့် ရှိပုံရပြီး လောကဓံကို အတွေ့အကြုံများစွာ ရှိသောသူ ဖြစ်ပုံရသည်။
သူ၏ မျက်ခုံးများမှာ ထူထဲပြီး၊ ပြတ်သားသော မျက်လုံးများအတွင်း၌ တစ်ခါတစ်ရံ အေးစက်ထက်ရှသော အလင်းရောင်များ လင်းလက်နေတတ်သည်။
သူသည် အခြားသူမဟုတ် လွန်ခဲ့သောအချိန်က သုံးလောက တောင် ၌ ဖန့်ချန် ကို အနိုင်ယူခဲ့ဖူးသည့် ကျော်ကြားလှသော ဝံပုလွေစစ်သူကြီး ရှောင်းလန် ပင် ဖြစ်သည်။
"ဟားဟားဟား... စစ်သူကြီးရှောင်း၊ ဘာလို့ ငါ့နောက်ကို ဒီလောက်အထိ အသည်းအသန် လိုက်နေတာလဲ ငါ သွားချင်ရင် သွားမယ်၊ နေချင်ရင် နေမယ်။ ခင်ဗျား ငါ့ကို တားလို့မရဘူး"
အဖြူရောင် အဝတ်အစားနှင့် လူငယ်၏ ရယ်မောသံမှာ ပွင့်လင်းလှသည်။
စစ်သူကြီးရှောင်း ၏ လက်အောက်ငယ်သားများမှာ ထိုစကားကြောင့် ဒေါသထွက်နေကြသော်လည်း၊ စစ်သူကြီး၏ မျက်နှာမှာမူ မည်သည့်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေသည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ချီအမြုတေအဆင့် ကျွမ်းကျင်သူ ဖြစ်နေတာက ငါ့ရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်နေပေမဲ့ ဒါက အရေးမကြီးပါဘူး မင်းရဲ့ မြင်းက နေ့ရောညပါ အနားမရဘဲ ပြေးနေရတာ၊ အခုတော့ လဲကျတော့မှာပဲ။ မင်းကို ဖမ်းဖို့က ခက်ခဲလိမ့်မှာ မဟုတ်ဘူး"
သူ့စကားကို သက်သေပြလိုက်သကဲ့သို့ပင်၊ လူငယ်၏ မြင်းမှာ ဒူးညွတ်ကျသွားပြီး ဖုန်မှုန့်များကြားတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။ လူငယ်မှာ လေထဲသို့ လွင့်စင်သွားသော်လည်း သူ၏ ထူးခြားလှသော သွက်လက်မှုကြောင့် မြေပြင်ပေါ်သို့ အဆင်းလှလှဖြင့် ဆင်းသက်နိုင်ခဲ့သည်။
"တောက်"
လူငယ်က တံထွေးတစ်ချက် ထွေးလိုက်သည်။
မြင်းစီးပြီး သူတို့ကို မလွတ်နိုင်တော့မှန်း သိလိုက်သဖြင့် သူက လှည့်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ ပါးစပ်ကတော့ တကယ့်ကို ကျိန်စာသင့်နေတာပဲ။ ခင်ဗျား အဲဒီပါးစပ်နဲ့ပဲ အရင်တုန်းက ဖန့်ချန် ကို နိုင်ခဲ့တာလား"
ဝံပုလွေစစ်တပ် မှ စစ်သည်များက သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြသည်။
အဖြူရောင်အဝတ်နှင့် လူငယ်ကို စိုက်ကြည့်ရင်း စစ်သူကြီးရှောင်း က ဟောက်လိုက်သည်။
"ဖန့်ချန် က ငါ့သမီး မဟာရှ ကို သွားတုန်းက သတ်ခဲ့တယ်။ အဲဒီအတွက် မင်းရဲ့ အသက်ကို ဒီမှာ ထားခဲ့ရလိမ့်မယ်"
အခန်း ၁၀၈ - ငါးနှစ်တောင် ကြာသွားခဲ့ပြီ
အဖြူရောင်အဝတ်အစားနှင့် လူငယ်က အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါ့အသက်ကို ဒီမှာ ထားခဲ့ရမယ် ဟားဟား ခင်ဗျား တော်တော် စကားကြီး ပြောတာပဲ။ ကိုယ့်လျှာကိုယ် ပြန်ကိုက်မိမှာ မကြောက်ဘူးလား”
သူက ဆက်ပြောသည်။
“ခင်ဗျားမှာ ငါ့ကို တားနိုင်တဲ့ စွမ်းရည်ရှိရင် ချင်စုန်း ကနေ ဒီအထိ တစ်လမ်းလုံး လိုက်နေမှာ မဟုတ်ဘူး။ ခင်ဗျားနဲ့အတူ ပါလာတဲ့ ဒီစစ်သားအနည်းငယ်နဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ တကယ် ထင်နေတာလား ငါက မဟာရှ အင်ပါယာရဲ့ တတိယမင်းသားကွဟက် ပြန်စဉ်းစားကြည့်ဦး ခင်ဗျား ငါ့ရဲ့ အရည်အချင်းအစစ်ကို မမြင်ဖူးသေးဘူး”
“မင်းက အချိန်ဆွဲနေတာပဲ မဟုတ်လား”
စစ်သူကြီးရှောင်း က ရုတ်တရက် ရယ်မောလိုက်သည်။
“ဖန့်ချန် ဆီက သတင်းရပြီလား သူ အခု ဒီကို လာနေပြီလား”
“ဘာဖြစ်လဲ”
အဖြူရောင်အဝတ်နှင့် လူငယ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ဖန့်ချန် လာနေပြီဆိုတာ သိတာတောင် မပြေးဘူးလား သူ ကျင့်ကြံခြင်း ပြန်ကောင်းလာပြီလို့ ငါကြားတယ်။ ငါတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် ခင်ဗျား ငါတို့ရဲ့ ပြိုင်ဘက် ဖြစ်မယ်လို့ တကယ် ထင်နေတာလား”
သူက အေးအေးဆေးဆေး ပြုံးပြလိုက်သည်။
“ငါ သူ့ရဲ့ ချီပင်လယ်ကို ရိုက်ခွဲခဲ့တာ။ သူ့ရဲ့ ကျင့်ကြံခြင်းက ပြန်ကောင်းလာစရာ အကြောင်းမရှိဘူး။ မဟာရှ ဧကရာဇ်က ဘာတွေ ကြံစည်နေတာလဲ ငါမသိဘူး၊ ငါ့ရဲ့ ချင်စုန်း အင်ပါယာက သိုင်းသမားတွေကို သတ်တယ်၊ ပြီးတော့ ငါ့သမီးကို သတ်တယ်သူက ငါ့ရဲ့ စစ်တပ်ကို စေလွှတ်ဖို့ စိန်ခေါ်နေတာလား အဲဒါလား”
စစ်သူကြီးရှောင်း က ဟောက်လိုက်သည်။
အဖြူရောင် အဝတ်နှင့် လူငယ်က သက်ပြင်းချလိုက်ပြီး ပြောသည်။
“အမှန်အတိုင်း ပြောရရင် ဖန့်ကြီး ဘာလို့ အဲဒီလို လုပ်ခဲ့လဲဆိုတာ ငါမသိဘူး။ သူလည်း ကိစ္စတွေ ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်မှာ မဟုတ်ပါဘူး။ ငါပြန်သွားရင် သူ့ကို သေချာ မေးကြည့်လိုက်ဦးမယ်။ ပြီးရင် အသေးစိတ်ကို ခင်ဗျားဆီ စာရေးလိုက်မယ်။ ဘယ်လိုလဲ”
စစ်သူကြီးရှောင်း က မဲ့ပြုံး ပြုံးလိုက်သည်။
“မင်း ငါ့ကို လူအလို့ ထင်နေတာလား”
“အို... ကျွန်တော် မဝံ့ရဲပါဘူး ခင်ဗျားက ချင်စုန်း အင်ပါယာရဲ့ အကြီးကျယ်ဆုံး စစ်သူကြီးပဲဥစ္စာ”
ဖြူလွလွ အဝတ်နှင့် လူငယ်က ရယ်မောလိုက်သည်။
“တခြားသူကို လူအလို့ ထင်ရင်တောင် ခင်ဗျားကိုတော့ အဲဒီလို မထင်ပါဘူး။ ငါ အချိန်ဆွဲနေမှန်း သိရဲ့သားနဲ့ ဘာလို့ ငါ့သဘောအတိုင်း ခွင့်ပြုထားရတာလဲ”
ရုတ်တရက် ရယ်မောသံတစ်ခု ပေါ်ထွက်လာပြီး၊ ကျားဖြတ်ကျော်တောင်ကြား ဘက်မှ လူရိပ်အချို့ သူတို့အုပ်စုထံသို့ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
“သူက မင်းကို ချင်စုန်း အင်ပါယာမှာ ထိန်းသိမ်းထားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူးလေ”
“ဖန့်ကြီး”
အဖြူရောင် အဝတ်နှင့် လူငယ်က အားရပါးရ ရယ်မောလိုက်သည်။ ဖန့်ချန် သူတို့ဆီ ရောက်လာသောအခါ ထိုလူငယ်က သူ့ကို ပြေးဖက်လိုက်သည်။
ရွှီဂီ ကတော့ အနားမှာ အပြုံးကြီးဖြင့် ရပ်နေသည်။
ရှောင်းနတ်သမီး သည် စစ်သူကြီးရှောင်း ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။
ဝံပုလွေစစ်တပ် မှ စစ်သည်များမှာမူ ရှောင်းနတ်သမီး အသက်ရှင်လျက် ဘေးကင်းစွာ ရှိနေသည်ကို မြင်သောအခါ အံ့သြမှင်တက်သွားကြသည်။
ရှကျီ ကို ကြည့်ရင်း ဖန့်ချန် ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားပြီး ပြောလိုက်သည်။
“ဒီနှစ်တွေအတွင်း ချင်စုန်း မှာ နေရတာ ဘယ်လိုလဲ”
“အရမ်းကောင်းတာပေါ့ စားစရာ၊ သောက်စရာနဲ့ မိန်းမတွေ... ငါလိုချင်တာ အကုန်ရတယ်”
ရှကျီ က မသိစိတ်ဖြင့် ပြန်ဖြေလိုက်ပြီး လွမ်းဆွတ်နေသော အမူအရာ ပြလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ ခဏကမှ စစ်သူကြီးရှောင်း က ငါ့ကို သတ်ချင်နေတယ်ဆိုတာ သိလိုက်ရလို့ ထွက်ပြေးလာတာ”
ဖန့်ချန် သည် စစ်သူကြီးရှောင်း ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“တခြားတစ်နေရာမှာ စကားပြောကြရအောင်”
စစ်သူကြီးရှောင်း သည် သူ၏ မီးခိုးဖြူရောင် မျက်ဝန်းများကို ကြည့်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ဝံပုလွေစစ်တပ် မှ တပ်မှူးတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“စစ်သူကြီးရှောင်း”
“စစ်သူကြီး... သတိထားပါ ဒါက ထောင်ချောက် ဖြစ်နိုင်ပါတယ်”
စစ်သူကြီးရှောင်း က ခေါင်းခါလိုက်ပြီး
“ကိစ္စမရှိဘူး”
ဟု ဆိုကာ၊ ခပ်လှမ်းလှမ်းသို့ ထွက်သွားသည့် ဖန့်ချန် တို့အုပ်စုနောက်သို့ မြင်းကို ဒုန်းစိုင်းစီးကာ လိုက်သွားတော့သည်။
သူတို့သည် ဝံပုလွေစစ်သည် များနှင့် ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုတွင် ရပ်လိုက်ကြသည်။
ရှကျီ ကတော့ ဇဝေဇဝါဖြစ်နေပုံရပြီး မျက်မှောင်ကြုတ်လိုက်သည်။
“မင်းတို့တွေ ဘာဖြစ်နေကြတာလဲ”
သူက ဖန့်ချန်၊ စစ်သူကြီးရှောင်း နှင့် ခပ်လှမ်းလှမ်းမှ စစ်သည် ရာဂဏန်းတို့ကို လှည့်ပတ်ကြည့်လိုက်သည်။
စစ်သူကြီးရှောင်း က ဖန့်ချန် ကို စိုက်ကြည့်လိုက်သည်။
“မြို့တော်က တစ်ယောက်ယောက်က မင်းတို့ရဲ့ တတိယမင်းသားကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ် ချင်စုန်း ကို အပြစ်ပုံချဖို့ ဖြစ်မှာပေါ့ သူတို့က မင်းတို့ မဟာရှ အင်ပါယာက လူတွေပဲ ဖြစ်ပုံရတယ် ဒါကြောင့် ငါက သူ့ကို မြို့ပြင်အထိ လိုက်ဖမ်းပေးလိုက်တာ ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို အကြွေးတစ်ခု တင်သွားပြီ”
ဟု သူက တည်ငြိမ်စွာ ဆိုသည်။
“ခင်ဗျား ဘာတွေ ပြောနေတာလဲ”
ဖန့်ချန် က ရှောင်းနတ်သမီး ကို လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်တော် ခင်ဗျားသမီးကို ကယ်ပေးခဲ့တယ် ဒါက အကြွေးကျေဖို့ လုံလောက်ပြီ မဟုတ်လား”
“ဟက်”
စစ်သူကြီးရှောင်း က နှာခေါင်းရှုံ့လိုက်သည်။
“မင်း ကယ်ခဲ့တာကတော့ မှန်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက ငါ မင်းအသက်ကို ချမ်းသာပေးခဲ့တာလေ”
ရှကျီ က အံ့အားသင့်စွာဖြင့်
“မင်း... မင်း... ဖန့်ကြီး၊ မင်းက စစ်သူကြီးရှောင်း နဲ့ တစ်ဖွဲ့တည်းလား သူ... သူက ငါ့ကို တမင် လွှတ်ပေးလိုက်တာလား”
ဟု မေးလိုက်သည်။
ရှောင်းနတ်သမီး လည်း အတော်လေး ဇဝေဇဝါ ဖြစ်သွားသည်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ
“မင်း ငါ့ဆီ ပို့လိုက်တဲ့ သတင်းက... အမှန်ပဲလား”
စစ်သူကြီးရှောင်း ၏ အသံမှာ လေးနက်နေသည်။
“သူ သိပါတယ်”
ဖန့်ချန် က ရှောင်းနတ်သမီး ကို တစ်ချက်ကြည့်လိုက်သည်။
“ခင်ဗျား ပြန်ရောက်ရင် သမီးနဲ့ အေးအေးဆေးဆေး ဆွေးနွေးလိုက်ပါ ဒီသတင်းက နောက်ဆုံး ကျန်နေတဲ့ ကျေးဇူးကြွေးကို အစားထိုးလိုက်ပြီ။ အခု ငါတို့ ကြွေးကျေသွားပြီ။”
ဖန့်ချန် က ပြုံးလိုက်သည်။
“ဒါဆို... သူ့ကို အင်ပါယာထဲက လွှတ်ပေးလိုက်တာကိုကော”
စစ်သူကြီးရှောင်း က ရှကျီ ကို လက်ညှိုးထိုးပြသည်။
“အဲဒါကို ဘာနဲ့ တွက်မှာလဲ”
“ခင်ဗျား သူ့ကို ‘းပို့ဆောင် မပေးခဲ့ရင်တောင် သူက သူ့ဘာသာ ထွက်ပြေးနိုင်မှာပါ ခင်ဗျားကို အသိအမှတ်ပြုပေးရမှာက တစ်ယောက်ယောက်ကို လွှတ်ပြီး ငါ့ကို သတင်းပေးခိုင်းတာပဲ ဒါပေမဲ့ ဒါကလည်း မရေတွက်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ တတိယမင်းသားက သူ့လူနဲ့သူ ငါ့ဆီ သတင်းပို့ပြီးသားမို့လို့လေ။”
ဖန့်ချန် က မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်။
ရှကျီ ကတော့ အနည်းငယ် စိတ်တိုလာပြီး
“မင်းတို့တွေ ဘာတွေ ကစားနေကြတာလဲ”
ဟု ကြားဖြတ်ပြောလိုက်သည်။
ဖန့်ချန် က ပြုံးပြီး
“ပြန်ရောက်မှ အေးဆေး ပြောကြတာပေါ့”
ဟု ဆိုသည်။
“ပြန်ရောက်မှ”
ရှကျီ ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာပြီး သူက ဆိုသည်။
“ဒါပေမဲ့ ဖန့်ကြီး ငါ အခု မဟာရှ ကို ပြန်ဖို့ အစီအစဉ် မရှိဘူး...”
ဖန့်ချန် က မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ပြန်မလာဘူးလား မင်းရဲ့ အစ်ကိုကြီးကို အိမ်ရှေ့မင်းသား နေရာမှာ ထာဝရ ထိုင်ခိုင်းထားတော့မလို့လား”
“သူက သားဦးပဲလေ၊ အိမ်ရှေ့မင်းသား ဖြစ်ဖို့ အရည်အချင်းရှိတာပေါ့။ ငါကတော့...”
ရှကျီ ၏ မျက်လုံးများတွင် ဝန်လေးမှုများ ရှိနေသည်။
“ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်”
ဟု သူက ဆိုသည်။
“မကြာခင် တစ်ယောက်ယောက် ငါ့ကို လာခေါ်လိမ့်မယ် ငါ ပြန်မလာဖြစ်တာ နှစ်အတော်ကြာနိုင်တယ် ငါ ဒီအခွင့်အရေးကို သုံးပြီး မင်းကို နှုတ်ဆက်ချင်ရုံပါ”
ဖန့်ချန် တိတ်ဆိတ်သွားသည်။
စစ်သူကြီးရှောင်း ကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ရှကျီ ဒီရောက်နေတာက သူ တစ်လမ်းလုံး လိုက်ဖမ်းလာလို့ဖြစ်သလို၊ ဖန့်ချန် ဒီအချိန်မှာ ရောက်လာတာကလည်း သူတို့ရဲ့ လျှို့ဝှက်ဆက်သွယ်ရေးကတစ်ဆင့် သူကိုယ်တိုင် စီစဉ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ ရှကျီ ပြောပုံအရဆိုရင် ဒါတွေအားလုံးက သူကိုယ်တိုင် ကြိုတင်စီစဉ်ထားသလို ဖြစ်နေသည်။
“ညီငယ် ရှ၊ အချိန်တန်ပြီ မဟုတ်လား ဆရာက မင်းကို စောင့်နေတာ ငါးနှစ်တောင် ရှိပြီ။ မင်းရဲ့ လောကီရေးရာတွေကို ရှင်းလင်းဖို့ အချိန်တန်ပါပြီ။”
အနီးအနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ဖက်လူက ထိုသစ်ပင်ပေါ်တွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်းပင် ချီအမြုတေအဆင့် ကျွမ်းကျင်သူဖြစ်သည့် စစ်သူကြီးရှောင်း တောင်မှ ထိုသူကို လုံးဝ သတိမထားမိခဲ့ပေ ၄င်းမှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းက မနိမ့်ကျကြောင်း သက်သေပြနေသည်ထို့ပြင် ရှကျီ ကို ညီငယ် ဟု ခေါ်ခြင်းကလည်း ထိုအချက်ကို အတည်ပြုပေးနေသည်။
သာမန်လူတစ်ယောက်ဖြစ်ခဲ့သော ရှကျီ သည် ချီအမြုတေအဆင့် သိုင်းသမားနှင့် တူညီသော စွမ်းရည်များကို ရုတ်တရက် ရရှိလာခြင်းမှာ ယခု ပေါ်လာသည့်သူနှင့် ပတ်သက်နိုင်ပေသည်။
ရှကျီ သည် ထိုသူကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားပုံရသည်။
“စီနီယာအစ်ကို လျူ လား ဆရာက စီနီယာအစ်မ ဝူ ကို မလွှတ်လိုက်ဘူးလား”
“ငါက မင်းကို လာခေါ်တာလေ မင်းက စီနီယာအစ်မ ဝူ ကိုပဲ မျှော်နေတာလား”
လူသစ်က မကျေမနပ် ဖြစ်ကာ သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်။ သူ လျှောက်လာသည့် ခြေလှမ်းတိုင်းမှာ မြေပြင်က ကျုံ့သွားသလိုပင်။
သူ၏ ညာလက်တွင်ရှိသော ဗူးကြီးထဲမှ ဝိုင်ကို တစ်ငုံ သောက်လိုက်ရာ ဝိုင်နံ့များ လေထဲတွင် ပြန့်လွင့်သွားသည်။
သူသည် ဗူးကို ပါးစပ်မှ ခွာလိုက်သောအခါ ကျေနပ်သည့် လေတက်သံတစ်ခု ထွက်လာသည်။
သူသည် အနားရှိ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ရှကျီ ကို စိတ်မရှည်စွာ ပြောလိုက်သည်။
“မြန်မြန်လုပ်၊ အဓိကအချက်ကိုပဲ ပြော မင်း ပြောစရာ ရှိတာ ပြောပြီးပြီမို့လား သွားရမယ့် အချိန်တန်ပြီ။ နောက်ကျရင် လှေမီမှာ မဟုတ်ဘူး”
ရှကျီ က အားကိုးရာမဲ့စွာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီ... ကောင်းပါပြီ”
သူသည် ဖန့်ချန် ကို နောက်ဆုံးတစ်ကြိမ် ပြင်းပြင်းထန်ထန် ဖက်လိုက်ပြီး ပြောသည်။
“ဖန့်ကြီး... ငါ့ညီကောင်း ငါ အဝေးတစ်နေရာကို ခဏသွားရဦးမယ် မဟာရှ က ကိစ္စတွေကိုတော့ မင်းလက်ထဲပဲ အပ်ခဲ့မယ် အခြေအနေကို ထိန်းထားပေးဦး ငါ လုပ်စရာတွေ ပြီးလို့ ပြန်လာတဲ့အခါကျရင် ငါတို့ လမ်းမှာ ရှိသမျှ အရာအားလုံးကို ရှင်းပစ်ကြတာပေါ့”
ဖန့်ချန် ၏ မျက်မှောင်များ ကြုတ်သွားသည်။
“မင်း တကယ်ပဲ ဘယ်ကို သွားမှာလဲ”
“သူ ဘယ်သွားမလဲဆိုတာ မင်း စိတ်ပူနေစရာ မလိုပါဘူး။ အခုအချိန်ကစပြီး မင်းနဲ့ သူဟာ အဆင့်အတန်းချင်း တူတော့မှာ မဟုတ်ဘူး။”
စီနီယာအစ်ကို လျူ က ဖန့်ချန် ကို လှောင်ပြောင်လိုက်သည်။
“မင်းသာ မရှိရင် သူ ဒီမှာ ဒီလောက်ကြာကြာ နေမှာ မဟုတ်ဘူး”
သူသည် အားနာခြင်းမရှိဘဲ ရှကျီ ကို ဆွဲခေါ်ကာ လျင်မြန်သော လှုပ်ရှားမှုများဖြင့် သူတို့မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ သွက်လက်မှုပဲ။”
စစ်သူကြီးရှောင်း ၏ မျက်မှောင်များ အလွန် ကြုတ်သွားသည်။
သူသည် ထိုမျှ ကြောက်စရာကောင်းသော အရှိန်မျိုး တစ်ခါမှ မမြင်ဖူးပေ။ အဆင့်(၈) အင်ပါယာမှ အားအင်ကြီးမားသူများတောင် ထိုသူနှင့် မနှိုင်းယှဉ်နိုင်ပေ။
“ဒီကောင်လေးက လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သူ့ရဲ့ အခွင့်အရေးကို ရှာတွေ့ခဲ့တာပဲ။”
ဖန့်ချန် က ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးလိုက်သည်။
“ဒါပေမဲ့ သူက ငါ့ရဲ့ ကျင့်ကြံခြင်း ပြန်ကောင်းလာတဲ့အထိ စောင့်ပြီးမှ ထွက်သွားတာ... ငါးနှစ်တောင် သူ စောင့်ခဲ့တာပဲ”
စီနီယာအစ်ကို လျူ မည်မျှ သန်မာကြောင်း သူ ခန့်မှန်း၍မရသော်လည်း၊ လွန်ခဲ့သော ခဏက ရှကျီ ကို ဖက်လိုက်စဉ် သူ၏ ကိုယ်ပေါ်မှ အားနည်းသော ဝိညာဉ်စွမ်းအင်ကို သူ ခံစားမိခဲ့သည်။
ရှကျီ... သူ... ကျင့်ကြံရေးဂိုဏ်း တစ်ခုခုထဲ ဝင်သွားခဲ့တာ သေချာပြီ။