အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း ၁၀၉ - စူးစမ်းလေ့လာခြင်း
ရှကျီ သည် သူကျင့်ကြံသူတစ်ဦး ဖြစ်လာသည်ကို ဖန့်ချန် အပါအဝင် လူတိုင်းထံမှ ဖုံးကွယ်ထားခဲ့သည်။
အကယ်၍ ဖန့်ချန် ကိုယ်တိုင်သာ ကျင့်ကြံသူတစ်ဦး မဟုတ်ခဲ့လျှင် ရှကျီ ကျင့်ကြံသူ ဖြစ်လာသည်ကို သိနိုင်မည်မဟုတ်ပေ။
သို့သော်လည်း ရှကျီ ၏ ကျင့်ကြံခြင်းအဆင့်မှာမူ အနည်းငယ် သာမန်ကာလျှံကာသာ ရှိပုံရသည်။
“ခင်ဗျား မျက်စိနဲ့တပ်အပ် မြင်ခဲ့ပြီပဲ စစ်သူကြီးရှောင်း
ရှကျီ က သူ့ဘာသာသူ ထွက်သွားတာခင်ဗျား သူ့ကို မတားနိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီကျေးဇူးက မရေတွက်ဘူး။ ခင်ဗျား ကျွန်တော့်ကို အကြွေးတစ်ခု တင်နေသေးတယ်”
ဟု ဖန့်ချန် က ဆိုသည်။
“သူက သိုင်းဂိုဏ်းတစ်ခုခုထဲ ဝင်သွားတာလား ဟိုလူက အဆင့်(၈) ဒါမှမဟုတ် အဆင့်(၇)အင်ပါယာကလား”
ဟု စစ်သူကြီးရှောင်း က အသံတိုးတိုးဖြင့် မေးသည်။
“ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ”
ဖန့်ချန် က ပြုံးလိုက်သည်။
“ကျွန်တော် ပြောခဲ့တာကို မှတ်ထားပါ။ ပြန်ရောက်ရင် ချင်စုန်း အင်ပါယာမှာ တစ်ခုခု မှားယွင်းနေတာ ရှိမရှိ သတိထားကြည့်ပါ။ အရင်တုန်းက သုံးကလောကတောင် မှာ ခင်ဗျားရဲ့ လူတွေ အတော်များများ သေခဲ့ရတယ် မဟုတ်လား”
“ငါ သတိထားပါ့မယ်။”
စစ်သူကြီးရှောင်း သည် ဖန့်ချန် ကို လေးနက်စွာ စိုက်ကြည့်ပြီးနောက် ရှောင်းနတ်သမီး နှင့်အတူ မြင်းစီးကာ ထွက်ခွာသွားတော့သည်။
သူတို့နောက်မှ စစ်သည် ရာဂဏန်းက ခြံရံလိုက်ပါသွားပြီး တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွားကြသည်။
ရွှီဂီ က အနည်းငယ် ဇဝေဇဝါဖြစ်ကာ မေးလိုက်သည။
“သခင်လေး... သူ့ကို ဘာလို့ အပြတ်မရှင်းခဲ့တာလဲ”
ဒါဟာ စစ်သူကြီးရှောင်း ကို ရှင်းပစ်ဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ပုံရသည်။
အကယ်၍ အခုသာ လုပ်ကြံလိုက်လျှင် ချင်စုန်း အင်ပါယာသည် သူတို့၏ အစွမ်းထက်ဆုံး စစ်သူကြီးကို ဆုံးရှုံးရမည်ဖြစ်ပြီး၊ ချီအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး သူတို့အင်အားစုထဲမှ ဒီအတိုင်း ပျောက်ကွယ်သွားပေလိမ့်မည်။
“စစ်မြေပြင်က ကိစ္စတွေကို စစ်မြေပြင်မှာပဲ ထားခဲ့ရမှာပေါ့”
ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါ့အပြင် ချင်စုန်း မှာ သွေးဝိညာဥ်ဂိုဏ်း က ကျင့်ကြံသူတွေ တကယ်ရှိမရှိကို အတည်ပြုပေးဖို့ သူ့ကို လိုအပ်သေးတယ်။ ရှစ်ထောင့်ဗေဒင်ဂိုဏ်း နဲ့ ယှဉ်ရင်တော့ စစ်သူကြီးရှောင်း က လူကောင်းတစ်ယောက်ပါ”
ရွှီဂီ က ခေါင်းငြိမ့်လိုက်သည်။ သွေးဝိညာဥ်ဂိုဏ်း ကိစ္စက တကယ်ကို ပိုပြီး ကြီးလေးလှသည်။
“တတိယမင်းသားအတွက်တော့ နှမြောစရာပဲ။”
ရွှီဂီ သက်ပြင်းချလိုက်သည်။
“ကျွန်တော်တို့က သူ့ကို လာကြိုတာကို၊ သူက တခြားတစ်ယောက်နဲ့ ပါသွားတယ်”
“သူ့အတွက် ဒါက ပိုကောင်းပါတယ်။ သူ ငါ့ကြောင့် ငါးနှစ်တောင် အချိန်ဖြုန်းခဲ့ပြီးပြီ။ နောက်ထပ် အချိန်မဖြုန်းသင့်တော့ဘူးလေ”
ဖန့်ချန် က ရယ်မောလိုက်သည်။
“ပြီးတော့... ငါတို့ ဒီကို လာတာလည်း အချိန်ဖြုန်းတာ မဟုတ်ပါဘူး အနည်းဆုံးတော့ သူ့ကို နှုတ်ဆက်ခွင့် ရခဲ့တာပဲ”
သူ ဒီကို အချိန်မီ ရောက်လာခဲ့သည့်အတွက် ဝမ်းသာမိသည်။
မဟုတ်လျှင် ရှကျီ ကို နောက်ဆုံးတစ်ခေါက် တွေ့ခွင့်ရမည် မဟုတ်ပေ။ စီနီယာအစ်ကို လျူ က စိတ်ရှည်မည့်ပုံ မပေါ်သောကြောင့်ဖြစ်သည်။
စိတ်မကောင်းစရာ တစ်ခုရှိသည်မှာ ရှကျီ သည် သူ မည်သည့်ဂိုဏ်းသို့ ဝင်ရောက်သွားသည်ကို မပြောခဲ့ခြင်းပင်။ အကယ်၍ ဂိုဏ်းအမည်ကို သိရလျှင် နောင်တစ်ချိန်တွင် သူ သွားရောက်လည်ပတ်ပြီး ပညာဖလှယ်နိုင်မည် ဖြစ်သည်။
သူတို့ လှေစီးသွားကြတယ်... ဒါက သဲလွန်စတစ်ခုပဲ။ ပြန်ရောက်ရင် လီတောက်ယဲ့ ကို မေးကြည့်ရမယ်။ လှေနဲ့သွားရင် ဘယ်နေရာတွေကို ရောက်နိုင်မလဲဆိုတာ သူ သိနိုင်တယ် ဟု ဖန့်ချန် စဉ်းစားလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး လှည့်ပြန်လာပြီး မြို့တော်သို့ ဦးတည်လိုက်ကြသည်။
နှစ်ရက် ကုန်ဆုံးသွားသည်။
မဟာရှ အင်ပါယာသည် နှင်းရေခဲ အင်ပါယာနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟူသော သတင်းသည် ကုဟယ်၊ လုံတူး နှင့် ယီကျိုး တို့ထံ ပျံ့နှံ့သွားခဲ့သည်။ ထိုနေ့မှာပင် အဆိုပါနိုင်ငံများမှ သံတမန်များသည် ထိပ်တန်းစစ်သည် ရာဂဏန်းနှင့်အတူ မဟာရှ သို့ ရောက်ရှိလာကြသည်။
တစ်ချိန်တည်းမှာပင် ရှကျီ သည် စစ်သူကြီးရှောင်း ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းမှာလည်း မြို့တော်အတွင်း တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
ဖန့်ချန် ထိုသတင်းကို ကြားသောအခါ ပြုံးမိသွားသည်။ ၎င်းမှာ စစ်သူကြီးရှောင်း က တမင်တကာ ဖြန့်ဝေလိုက်သည့် လျှို့ဝှက်ကျေးဇူးဆပ်မှု တစ်ခုဖြစ်ကြောင်း သူ ခန့်မှန်းမိသည်။
ထိုနည်းဖြင့် မဟာရှ အတွင်းရှိ ရှကျီ ကို ဒုက္ခပေးရန် ကြံစည်နေသူများသည် သူတို့၏ ရည်ရွယ်ချက်များကို ထုတ်ပြလာပေလိမ့်မည်။ ထို့ပြင် ၎င်းမှာ ရှကျီ ပျောက်ကွယ်သွားခြင်းအတွက် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်လည်း ဖြစ်သွားသည်။
လီတောက်ယဲ့ နှင့်အတူ ထိုင်နေစဉ် ဖန့်ချန် က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ညီအစ်ကို လီ... ကျင့်ကြံသူတွေက ခရီးဝေးသွားရင် လှေစီးဖို့ လိုအပ်လား”
“တစ်ခါတစ်ရံ လိုအပ်တာပေါ့။”
လီတောက်ယဲ့ က အနည်းငယ် ခေါင်းငြိမ့်ပြသည်။
“အချို့နေရာတွေက အရမ်းဝေးတော့ သာမန်ကျင့်ကြံသူတွေက ဓားပျံနဲ့ မသွားနိုင်ကြဘူး ဒါကြောင့် လှေစီးဖို့ လိုတာ ပင်လယ်ထဲမှာ သာမန်လှေလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ သင်္ဘောပေါ်ကလူတွေ အကုန်လုံးက ကျင့်ကြံသူတွေ ဖြစ်နေတာမျိုး မင်း မြင်ဖူးလိမ့်မယ် အဲဒီလှေတွေက ရှေးဟောင်းပုဂ္ဂိုလ်တွေ ထားခဲ့တဲ့ ပင်လယ်ပြင် စီရင်တွေကတစ်ဆင့် လိုရာခရီးကို မြန်မြန်ရောက်နိုင်တယ်”
ဟု သူက ရှင်းပြသည်။
“မဟာရှ ကနေ မီးတောက် အင်ပါယာကို သွားဖို့ဆိုရင်လည်း လှေစီးရတာပဲ။ တကယ်တော့ ငါနဲ့ သီလရှင်မလေး မင်းတို့ မဟာရှ ကို ရောက်ဖို့ လှေအတော်များများ စီးခဲ့ရတာ”
“ဗဟိုတိုက်ကြီး ကို သွားဖို့ဆိုရင်ရော”
ဖန့်ချန် က ထပ်မံ စုံစမ်းလိုက်သည်။
“ဗဟိုတိုက်ကြီး လား”
လီတောက်ယဲ့ အံ့သြသွားပြီး ဖန့်ချန် ကို တစ်ချက် ကြည့်လိုက်သည်။
“အဲဒါက ပထမဆင့် အင်ပါယာပဲ ငါတို့နဲ့ အရမ်းဝေးတယ် လှေစီးဖို့ ထားလိုက်ဦး၊ မင်း သွားရမယ့် လမ်းကြောင်းကိုတောင် သိမှာမဟုတ်ဘူး အရင်က ငါတို့ မီးတောက် အင်ပါယာက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဗဟိုတိုက်ကြီး ကို သွားဖို့ ကြိုးစားခဲ့ဖူးတယ်။ အနှစ်တစ်ရာ ကြာပြီးမှ သူ ပြန်လာခဲ့တယ်။ ဘာဖြစ်ခဲ့လဲ ခန့်မှန်းကြည့်မလား”
“ဘာဖြစ်ခဲ့လို့လဲ”
“သူ လမ်းပျောက်သွားတာလေ ဗဟိုတိုက်ကြီး ရဲ့ အရိပ်အယောင်တောင် မမြင်ခဲ့ရဘဲ အပြင်မှာ အနှစ်တစ်ရာကျော် လည်နေခဲ့တာ”
လီတောက်ယဲ့ က ရယ်မောလိုက်သည်။ သူသည် ထိုကိစ္စကို တော်တော်လေး ရယ်စရာကောင်းသည်ဟု ထင်နေပုံရသည်။
“သူက တတိယဆင့် အင်ပါယာတစ်ခုကိုပဲ ရောက်ခဲ့ပြီး လူအချို့ကို သွားစော်ကားမိလို့ နောက်ဆုံး မီးတောက် အင်ပါယာကို ထွက်ပြေးလာခဲ့ရတာ”
ဖန့်ချန် ၏ မျက်နှာမှာ တောင့်တင်းသွားသည်။
အခု ပြန်စဉ်းစားကြည့်မှ စီနီယာ ယွမ်ဟယ် က ဗဟိုတိုက်ကြီး ကို ဘယ်လိုသွားရမလဲဆိုတာ ငါ့ကို တစ်ခါမှ မပြောခဲ့ပါလား...
လီတောက်ယဲ့ ပြောပုံအရဆိုလျှင် သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ပြီးနောက် ဗဟိုတိုက်ကြီး ရှိ တာအိုသုံးထောင်ဂိုဏ်း သို့ သွားပါမည်ဟူသော တာအိုဆရာ ယွမ်ဟယ် အပေါ် ပေးခဲ့သည့် ကတိကို တည်နိုင်မည် မဟုတ်ပေ။
ကတိမတည်နိုင်ခြင်းမှာ မကောင်းသော အရာဖြစ်ကြောင်း သူ သိထားသည်။
“စစ်သူကြီးဖန့်... ဗဟိုတိုက်ကြီး အကြောင်းကို မေ့လိုက်စမ်းပါ အဲဒါက သူတော်စင်တွေရဲ့ စံအိမ်ပဲ မင်း အဲဒီမှာ မွေးဖွားလာရင်တော့ တစ်မျိုးပေါ့၊ မဟုတ်ရင်တော့ အဲဒီကိုသွားဖို့ လမ်းရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ”
လီတောက်ယဲ့ က တဟဲဟဲ ရယ်လိုက်သည်။
“ငါ့အဖေ ပြောတာတော့ အဲဒီနေရာတွေမှာ သဘာဝရတနာတွေ၊ တာအိုတရားတွေနဲ့ ထိတွေ့မှုတွေ၊ မရေမတွက်နိုင်တဲ့ ဝိညာဉ်စမ်းရေတွင်းတွေနဲ့ မြင့်မြတ်တဲ့ တောင်တန်းတွေ ပြည့်နှက်နေတာတဲ့။ တကယ့် သူတော်စင်တွေရဲ့ မြေပဲ”
သူတို့နှစ်ဦး စကားပြောနေစဉ် ဖန့်အိမ်တော် အဝင်ဝသို့ လူနှစ်ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ သန်မာသော ခန္ဓာကိုယ်၊ ဆံပင်ဖြူနှင့် ထွက်ပြူးနေသော နားထင်ရှိသည်။
သူ၏ ကြွက်သားများမှာ စကျင်ကျောက်ကဲ့သို့ ကျစ်လစ်နေပြီး အလွန်အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။ အခြားတစ်ဦးမှာမူ လျှပ်ပေါ်လော်လီသော အကြည့်၊ ချွန်ထက်သော ပါးစပ်နှင့် မျောက်နှင့်တူသော ပုံစံရှိသည်။ သူ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သည့် အရိပ်အယောင်များ ရှိနေသည်။
“ဒါ ဖန့်အိမ်တော် ပါပဲ ကျင့်ကြံသူသခင် ကျွန်တော့်မြေး ပြောတာတော့ မီးတောက် အင်ပါယာက ကျင့်ကြံသူ ဒီမှာ နေထိုင်တယ်ဆိုပဲ”
ဟု သန်မာသော လူကြီးက ရိုသေစွာ ပြောလိုက်သည်။
“ကျိချုံးယွန်း... မင်းကို ငါ လေးစားလို့ လိုက်လာပေးတာနော် ငါ့ကို ရှင်းရှင်းပြောထားမယ်၊ တကယ်လို့ ဒီကျင့်ကြံသူက နောက်ခံအင်အား အကြီးကြီးရှိရင် ငါ မင်းရဲ့ ကိစ္စတွေထဲ ပါမှာ မဟုတ်ဘူး”
ဟု ပါးစပ်ချွန်နှင့်လူက အေးစက်စွာ ပြန်ပြောသည်။
ကျိချုံးယွန်း က ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော် နားလည်ပါတယ်”
“သွား... တံခါးခေါက်လိုက်”
ကျိချုံးယွန်း တံခါးဆီသို့ ချဉ်းကပ်ကာ ခေါက်လိုက်သည်။ ခဏအကြာတွင် အိမ်စေတစ်ဦးက သူတို့နှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ဘယ်သူတွေလဲ”
ကျိချုံးယွန်း က အိမ်စေကို ပြုံးပြလိုက်သည်။
“ဖန့်ကျန့်ထျန်း ကို သွားပြောလိုက်ပါ၊ ကျိချုံးယွန်း ရောက်လာပြီလို့”
၎င်းကို ကြားသောအခါ အိမ်စေသည် တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ချက်ချင်း သတင်းပို့ရန် ထွက်သွားတော့သည်။ သို့သော် သူသည် ဖန့်ကျန့်ထျန်း ကို သွားရှာမည့်အစား ဖန့်ချန် ကိုသာ သွားရှာလိုက်သည်။
“သခင်လေး အပြင်မှာ ကျိချုံးယွန်း ဆိုတဲ့လူ ရောက်နေပါတယ် အဘိုးကို တွေ့ချင်တယ်လို့ ပြောနေပါတယ်!”
ဟု အိမ်စေက အပြေးအလွှား အစီရင်ခံလိုက်သည်။
ဖန့်ချန် ၏ မျက်လုံးများထဲတွင် ရယ်ချင်သော အရိပ်အယောင်များ လင်းလက်သွားသည်။
“သူ တစ်ယောက်တည်းလား?း”
ဟု မေးလိုက်သည်။
“မဟုတ်ပါဘူး၊ နောက်တစ်ယောက်လည်း ပါပါတယ်”
“သူတို့ကို အထဲဝင်ခိုင်းလိုက်”
ဟု ဖန့်ချန် က မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်။
အိမ်စေ ထွက်သွားသောအခါ ဖန့်ချန် သည် လီတောက်ယဲ့ ကို ကြည့်လိုက်သည်။
“ကျိလင်ယွီ နောက်ကွယ်က ကျင့်ကြံသူ ရောက်လာပြီ။ ငါတို့ကို လာစူးစမ်းတာပဲ။ အမှားမလုပ်နဲ့ဦး”
“စိတ်ချပါ။ သူက လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသရွေ့ ငါ ကြောက်စရာ မရှိဘူး။”
လီတောက်ယဲ့ က ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ လေလွင့်ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောကတွင် အဆင့်အတန်း နိမ့်ကျကြသည်။
အကြောင်းမှာ သူတို့တွင် နောက်ခံ၊ ထောက်ပံ့မှုနှင့် အရင်းအမြစ်များ မရှိသောကြောင့်ဖြစ်သည်။ သူတို့သည် သာမန်မိသားစုများထံမှ ပူဇော်သက္ကာများကိုသာ ရံဖန်ရံခါ လက်ခံရယူကြရသည်။ လီတောက်ယဲ့ သည် ထိုကဲ့သို့သော လူမျိုးများကို အမြဲတမ်း အထင်သေးလေ့ရှိသည်။
မကြာမီ ထိုနှစ်ဦးကို အိမ်စေက အဓိကခန်းမထဲသို့ ခေါ်ဆောင်လာသည်။ ပါးစပ်ချွန်နှင့်လူသည် လီတောက်ယဲ့ ကို ချက်ချင်း ကြည့်လိုက်သည်။ လီတောက်ယဲ့ ကလည်း ပြန်လည် စိုက်ကြည့်လိုက်သည်။
“ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်လား”
ပါးစပ်ချွန်နှင့်လူ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဝိညာဉ်အစွမ်း နှစ်ခုစလုံးမှာ လီတောက်ယဲ့ ထက် သာလွန်နေသည်။
သူသည် လီတောက်ယဲ့ ၏ ကျင့်ကြံခြင်းကို တစ်ချက်ကြည့်ရုံနှင့် ထိုးဖောက်မြင်နိုင်ခဲ့သဖြင့် သူ၏ မျက်လုံးများထဲရှိ နောက်ဆုံးသော သတိထားမှုမှာ ပျောက်ကွယ်သွားတော့သည်။
“ဒီလူက ငါ့ထက် ကျင့်ကြံခြင်း မြင့်တယ်”
ဟု လီတောက်ယဲ့ က ဖန့်ချန် နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။
“ဟဲဟဲ... မင်းက ဖန့်ကျန့်ထျန်း ရဲ့ မြေး ဖန့်ချန် လား”
ကျိချုံးယွန်း သည် ဖန့်ချန် ကို ထူးဆန်းသော အပြုံးဖြင့် ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ခပ်မှိန်မှိန် ထွက်ပေါ်လာသည်။
ကျိချုံးယွန်း သည် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း သူသည် ကမ္ဘာမြေ နဲသောအဆင့်အထွတ်အထိပ် သို့ ရောက်ရှိနေသူ ဖြစ်သည်။
အခန်း ၁၁၀ - နှမြောစရာကောင်းလိုက်တာ
ဖန့်ချန် သည် မတ်တပ်ထရပ်ကာ ပြုံးလိုက်သည်။
“နှင်းရေခဲ အင်ပါယာရဲ့ ကျိမိသားစု က စီနီယာ ကျိချုံးယွန်း လား”
သူက မေးလိုက်သည်။
“စနစ်တကျ မကြိုဆိုနိုင်ခဲ့တာ တောင်းပန်ပါတယ်ခင်ဗျာ”
ကျိချုံးယွန်း သည် လီတောက်ယဲ့ ကို တစ်ချက်ကြည့်ပြီးနောက် ဖန့်ချန် ကို အကဲခတ်လိုက်သည်။
“အခု ဖန့်မိသားစု ကို မင်းပဲ အုပ်ချုပ်နေတာလား ဖန့်ကျန့်ထျန်း ကော ဘယ်မှာလဲ ငါ သူနဲ့ အရင်က တစ်ခါတွေ့ဖူးပေမဲ့ အဲဒါက နှစ်အတော်ကြာခဲ့ပြီ သူ့ကို ထွက်လာခိုင်းပြီး ငါနဲ့ တွေ့ခိုင်းလိုက်ပါဦး အရင်တုန်းက အကြောင်းတွေ ပြန်ပြောချင်လို့ပါ”
ဖန့်ချန် က အားနာသည့်မျက်နှာဖြင့် ခေါင်းခါပြလိုက်သည်။
“အဘိုးက နေမကောင်းလို့ အနားယူနေပါတယ် အခုလောလောဆယ် ဧည့်သည်တွေကို တွေ့ဖို့ မဖြစ်နိုင်ပါဘူး စီနီယာ... အခု ဖန့်မိသားစု ကို ကျွန်တော်ပဲ ဦးဆောင်နေတာပါ ဒီနေ့ ခင်ဗျားတို့ ရောက်လာတဲ့ အကြောင်းရင်းကို သိပါရစေ”
“ဘာမှမဟုတ်ပါဘူး ငါ့မြေးက ငါ့ကိုပြောတာက ဖန့်အိမ်တော် ကို ကျင့်ကြံသူတစ်ယောက် ရောက်နေတယ်ဆိုလို့၊ ငါတို့ ကျိမိသားစု ရဲ့ ကျင့်ကြံသူကို ခေါ်လာပြီး သူ့ကို စကားလာပြောခိုင်းတာပါ”
ကျိချုံးယွန်း သည် လီတောက်ယဲ့ ဘက်သို့ လှည့်ကာ လက်အုပ်ချီနှုတ်ဆက်လိုက်သည်။
“ခင်ဗျားက မီးတောက် အင်ပါယာက လာတဲ့ လေးစားအပ်တဲ့ ကျင့်ကြံသူသခင်လား မသိနားမလည်တာရှိရင် တောင်းပန်ပါတယ်ခင်ဗျာ”
လီတောက်ယဲ့ စကားပြောရန် ပြင်လိုက်သော်လည်း မျောက်နှင့်တူသော မျက်နှာရှိသူ၏ ရယ်မောသံက ကြားဖြတ်ဝင်လာသည်။
“ချီသန့်စင်ခြင်း တတိယအဆင့်လား မင်းရဲ့ ကျင့်ကြံခြင်းက မြင့်လည်းမမြင့်သလို နိမ့်လည်းမနိမ့်ပါဘူး မင်းက ဖန့်မိသားစု ကိုပဲ ပစ်မှတ်ထားတာလား၊ ဒါမှမဟုတ် မဟာရှ အင်ပါယာ တစ်ခုလုံးကိုလား”
“စီနီယာက တကယ့်ကို မျက်စိလျင်တာပဲ။”
လီတောက်ယဲ့ ပြုံးလိုက်သည်။ယ
“စီနီယာရဲ့ ကျင့်ကြံခြင်းအဆင့်ကို သိပါရစေ”
မျောက်မျက်နှာနှင့်လူက ထိုစကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ ငါ့ရဲ့ ပါရမီက အတော်လေး ညံ့ဖျင်းပါတယ်”
ဟု သူက ဆိုသည်။
“ငါ ကျင့်ကြံလာတာ အနှစ်ခုနစ်ဆယ်ကျော်ပြီ၊ ဒါပေမဲ့ ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့် (အဆင့် ၆) ကိုပဲ ရောက်နိုင်ခဲ့တယ်။”
သူ၏ လေသံမှာ ညည်းတွားနေသော်လည်း မျက်လုံးထဲတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ လင်းလက်နေသည်။
အဆင့် ၆ ခွန်အားမှာ သေးငယ်သော ဒေသတစ်ခုကို စိုးမိုးရန် လုံလောက်လှသည်။ မီးတောက် အင်ပါယာမှာပင် သူသည် အမည်မသိ လူညံ့တစ်ယောက် မဟုတ်ပေ။
ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်လား
လီတောက်ယဲ့ ၏ မျက်လုံးထဲတွင် သတိထားရမည့် အရိပ်အယောင်များ ပေါ်လာသည်။
ဒါက အနည်းငယ် ဒုက္ခများနိုင်တယ် ဟု စဉ်းစားရင်း ဖန့်ချန် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“လူငယ်လေး...”
ထိုလူက ရုတ်တရက် ပြုံးလျက် ခေါ်လိုက်သည်။
“ငါတို့ ကျင့်ကြံသူတွေဟာ ထာဝရအရှင်ဖြစ်ဖို့ တာအိုတရားကို လိုက်စားကြတာ။ လောကီကိစ္စတွေမှာ အရမ်းကြီး မပတ်သက်တာ အကောင်းဆုံးပဲ။ မင်းရဲ့ ဂိုဏ်းထဲက လူကြီးတွေ မင်းကို သတိမပေးကြဘူးလား”
“ကျွန်တော်က စိတ်ပါတဲ့အခါမှပဲ ပတ်သက်တာပါ”
လီတောက်ယဲ့ က ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်ပြီးနောက် တစ်ပြန်ပြန်တိုက်ခိုက်လိုက်သည်။
“စီနီယာရဲ့ ကျင့်ကြံခြင်းက ကျွန်တော့်ထက် မြင့်နိုင်ပေမဲ့၊ စီနီယာက လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲ မဟုတ်လား”ာ
မျောက်မျက်နှာနှင့်လူမှာ အနည်းငယ် အံ့အားသင့်သွားပြီး မျက်နှာပေါ်တွင် ရှက်ရိပ်အချို့ ဖြတ်ပြေးသွားသည်။
“မင်းက ဘယ်ဂိုဏ်းကလဲ လူငယ်လေး”
“မီးတောက် အင်ပါယာက ရှစ်ထောင့်ဗေဒင်ဂိုဏ်း ပါ”
ဟု လီတောက်ယဲ့ က ဂုဏ်ယူစွာ ပြောလိုက်သည်။
“ရှစ်ထောင့်ဗေဒင်ဂိုဏ်း တစ်ခါမှ မကြားဖူးဘူး”
ပါးစပ်ချွန်နှင့်လူ သည် သက်ပြင်းချကာ စိတ်အေးသွားသည်။ တကယ်လို့ ၎င်းမှာ ဂိုဏ်းငယ်လေးတစ်ခုသာဆိုလျှင် သူ သတိထားနေစရာ အကြောင်းမရှိပေ။ အချို့ဂိုဏ်းများမှာ လေလွင့်ကျင့်ကြံသူဖြစ်သည့် သူ့ထက်ပင် နိမ့်ကျကြသည်။
“ငါက လေလွင့်ကျင့်ကြံသူ ဆိုပေမဲ့ ငါ့ရဲ့ ကျင့်ကြံခြင်းကြောင့် မီးတောက် အင်ပါယာမှာတောင် လေးစားခံရတယ်”
သူက ခဏရပ်ပြီး ဆက်ပြောသည်။
“ငါ့စကားကို နားထောင်ပါ။ သူတို့ရဲ့ လောကီကိစ္စတွေကို သူတို့ဘာသာ ရှင်းပါစေ။ မဟုတ်ရင် မင်းနဲ့ငါ အပြင်းအထန် တိုက်ခိုက်ရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ပါးစပ်ချွန်နှင့်လူသည် ဖန့်ချန် ကို ပြုံးပြပြီး လှည့်ထွက်သွားတော့သည်။
ကျိချုံးယွန်း က ဖန့်ချန် ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး
“နှမြောစရာကောင်းလိုက်တာ၊ မင်းပုံစံက အရင်တုန်းက ဖန့်ကျန့်ထျန်း နဲ့ တော်တော်တူတာပဲ။”
ဟု ဆိုကာ ခေါင်းကို အသာခါယမ်းလျက် ထိုလူနောက်သို့ လိုက်သွားသည်။
သူတို့နှစ်ဦး ထွက်သွားသောအခါ လီတောက်ယဲ့ က မျက်နှာပုပ်ပုပ်ဖြင့် စတင်ပွစိပွစိ လုပ်တော့သည်။
“အဲဒီလူကြီးက တော်တော် မောက်မာတာပဲ”
ဖန့်ချန် က သူ့ကို ကြည့်လိုက်သည်။
“ဒါက မင်းက ချီသန့်စင်ခြင်း တတိယအဆင့်မှာရှိတဲ့ အားနည်းသူတစ်ယောက် ဖြစ်နေလို့လေ မင်းမှာ နောက်ခံရှိရင်တောင် မီးတောက် အင်ပါယာက မဟာရှ အင်ပါယာနဲ့ ဘယ်လောက်ဝေးသလဲ မင်း သတင်းလည်း အချိန်မီ ပို့နိုင်မှာ မဟုတ်သလို စစ်ကူလည်း ခေါ်နိုင်မှာ မဟုတ်ဘူး”
ဖန့်ချန် က မဲ့ပြုံးလေးဖြင့် ဆိုသည်။
“သူ မင်းကို ခြိမ်းခြောက်တာက ပုံမှန်ပါပဲ သူ ဒီနေ့ ဒီကို ရောက်လာကတည်းက လက်ဗလာနဲ့ ပြန်သွားမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ မဟာရှ မှာ သူ စိတ်ဝင်စားစရာ ဘာမှမရှိနိုင်ပေမဲ့ မင်းကတော့ မတူဘူး။ မင်းက ကျင့်ကြံသူတစ်ဦးပဲ ကျင့်ကြံသူအချင်းချင်းကြားမှာ အဖြစ်အများဆုံးက ဘာလဲ”
“သူ ငါ့ဆီက ရတနာတွေကို လုဖို့ ငါ့ကို သတ်လိမ့်မယ်လို့ မင်းထင်တာလား”
လီတောက်ယဲ့ အနည်းငယ် အံ့သြသွားပြီးမှ အေးစက်သော လေကို ရှူသွင်းလိုက်မိသည်။
“ဒါပေမဲ့ အဲဒီလူကြီးဆီက သတ်ဖြတ်လိုတဲ့ အငွေ့အသက်မျိုး ငါ လုံးဝ မခံစားရပါဘူး”
“သူက အရမ်း သတိကြီးတယ်။”
ဖန့်ချန် က ဆိုသည်။
“သူက အစကနေ အဆုံးအထိ မင်းကို သတ်မယ့် ရည်ရွယ်ချက်ကို လုံးဝ ထုတ်မပြခဲ့ဘူး။ ဒါပေမဲ့ ငါသာ သူ့နေရာမှာဆိုရင် မင်းက ငါ့အတွက် ဘာမှ ခြိမ်းခြောက်မှု မရှိဘူးလို့ အတည်ပြုပြီးတာနဲ့ မင်းကို သတ်ပြီး မင်းဆီမှာရှိတဲ့ အရင်းအမြစ်အားလုံးကို လုဖို့ပဲ ငါစဉ်းစားမှာ”
လီတောက်ယဲ့ မသိသည်မှာ ရှယွီ (ဒုတိယမင်းသား) ကလည်း သူ့ကို အဆိပ်ခတ်ရန် ကြံစည်ခဲ့ဖူးခြင်းပင်။
“စစ်သူကြီးဖန့်... ကျွန်တော့်ကို ကာကွယ်ပေးရမယ်နော်”
လီတောက်ယဲ့ အထိတ်တလန့် ပြောလိုက်သည်။
“မင်း ခရမ်းရောင်လျှပ်စီး အဆောင် အကြောင်း မေ့သွားပြီလား”
ဖန့်ချန် ရယ်မောလိုက်သည်။
“သူက ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်ပဲ ရှိသေးတာ။ အဲဒီ အဆောင် ဘယ်နှစ်ခုလောက်ကို သူ ခံနိုင်ရည် ရှိမယ် ထင်လို့လဲ”
၎င်းကို ကြားသောအခါ လီတောက်ယဲ့ ၏ မျက်လုံးများ တောက်ပသွားပြီး ယုံကြည်မှု ပြန်ရလာသည်။
“ဟုတ်သားပဲ”
သူက ဝမ်းသာအားရ အော်လိုက်သည်။ သူ၏ လက်ထဲတွင် ထိုလက်ဖွဲ့ရှိနေလျှင် ချီသန့်စင်ခြင်း အဆင့် ၆ ပဲဖြစ်ဖြစ်၊ အဆင့် ၇ ပဲဖြစ်ဖြစ် ပြဿနာမရှိဘဲ သူ ရှင်းနိုင်ပေလိမ့်မည်။
ဖန့်အိမ်တော် အပြင်ဘက်တွင်။
“ဖန့်ချန် က ကျင့်ကြံသူ တစ်ဦးလား”
ကျိချုံးယွန်း က တိုးတိုးလေး မေးလိုက်သည်။
“လုံးဝ မဟုတ်ဘူး”
ပါးစပ်ချွန်နှင့်လူ က နှာခေါင်းရှုံ့လိုက်သည်။
“ကျင့်ကြံခြင်း နည်းစနစ်တွေဆိုတာ လွယ်လွယ်နဲ့ လက်ဆင့်ကမ်းလို့ ရတာမဟုတ်ဘူး အကယ်၍ အဲဒီလူက ဂိုဏ်းတစ်ခုခုက တကယ်လာတာဆိုရင် သူတစ်ပါးကို နည်းစနစ် သင်ပေးဖို့ စည်းကမ်းတွေက ပိုပြီး တင်းကျပ်တယ် ဂိုဏ်းရဲ့ ခွင့်ပြုချက်မပါဘဲ လျှို့ဝှက်ချက်တွေ ပေါက်ကြားရင် ကျင့်ကြံခြင်းကို အဖျက်ဆီးခံရလိမ့်မယ်”
သူက ခေတ္တရပ်ပြီး ဆက်ပြောသည်။
“မင်းက ကျင့်ကြံသူတွေက အရမ်းရှားပါးတယ်လို့ ထင်နေပေမဲ့ လောကမှာရှိတဲ့ အရင်းအမြစ်တွေက ပိုပြီး ရှားပါးတယ် ဂိုဏ်းကြီးတွေတောင် အသုံးစရိတ် လျှော့ချနေရပြီး တပည့်တွေကို လွယ်လွယ်နဲ့ လက်မခံတော့ဘူး ကျင့်ကြံသူတွေ များလေလေ ခွဲဝေရမယ့် အရင်းအမြစ်တွေ နည်းလေလေပဲ”
သူသည် ခေါင်းကို လှည့်ကြည့်ကာ ဖန့်အိမ်တော် ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
အရင်းအမြစ်များမှာ အလွန်ရှားပါးလှရာ ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦးနှင့် ဆုံရခြင်းမှာ ရှားပါးသော အခွင့်အရေးပင်။ ထိုအခွင့်အရေးကို သူ ဘယ်လို လက်လွတ်ခံနိုင်မည်နည်း
ကျိလင်ယွီ သည် သူတို့၏ တည်းခိုရာနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။
ကျိချုံးယွန်း နှင့် ကျင့်ကြံသူကျောက် တို့ကို မြင်သောအခါ သူ စိတ်အေးသွားပြီး မြင်းတပ်ဖွဲ့ ကို ဦးဆောင်ကာ သူတို့ကို ကြိုဆိုလိုက်သည်။
“အဘိုး... ကျင့်ကြံသူသခင် ကျောက်”
ဟု ကျိလင်ယွီ က ရိုသေစွာ နှုတ်ဆက်သည်။
တစ်ဦးမှာ ကျိမိသားစု ၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပြီး၊ အခြားတစ်ဦးမှာ ကျိမိသားစု က ထောက်ပံ့ထားသော ကျင့်ကြံသူ ဖြစ်သည်။ သူတို့သည် ကျိမိသားစု တွင် အာဏာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ကျင့်ကြံသူသခင် ကျောက် က သွားကြည့်ပြီးပြီ။ ဖန့်အိမ်တော် က ကျင့်ကြံသူက သခင်ကျောက် ထက် အများကြီး နိမ့်ကျပါတယ်။ မင်း စစ်ရေးလေ့ကျင့်မှုကို ယုံကြည်မှုရှိရှိ ဆက်လုပ်လို့ရပြီ”
ဟု ကျိချုံးယွန်း က ပြုံးလျက် အားပေးလိုက်သည်။
ကျိလင်ယွီ ဝမ်းသာသွားသည်။
“ဒါ တကယ် ကောင်းတာပဲ”
သူ၏ ရင်ထဲက အလေးကြီး ကျသွားတော့သည်။ ဖန့်အိမ်တော် မှ ကျင့်ကြံသူသည် သူတို့ဘက်မှ ကျင့်ကြံသူလောက် မသန်မာပေ။ ၎င်းမှာ သတင်းကောင်းပင်
ကျိလင်ယွီ သည် ကောက်ကျစ်သော အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။
ထာဝရငြိမ်းချမ်းရေး ခန်းမ တွင် သူ ခံခဲ့ရသည့် အရှက်ကွဲမှုအတွက် လက်စားချေရမည်။ သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူချင်ရုံတင်မကဘဲ၊ ဖန့်ချန် ကို အဆပေါင်းများစွာ ပြန်လည် အရှက်ခွဲလိုနေခြင်း ဖြစ်သည်။
“ငါ ဆက်ပြီး ကျင့်ကြံဦးမယ်။ အချိန်တန်ရင် ငါ့ကို လာခေါ်လိုက်။”
ကျင့်ကြံသူသခင် ကျောက် က အေးစက်စွာ ပြောပြီး ထွက်သွားတော့သည်။
သူ ထွက်သွားပြီးနောက် ကျိလင်ယွီ က ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။
“အဘိုး... ကျွန်တော်တို့ သခင်ကျောက် ကို ထောက်ပံ့လာတာ နှစ်အတော်ကြာပြီ အဲဒီနေရာမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှာတွေ့ခဲ့တယ် ဒီအချိန်အတွင်းမှာ ကျိမိသားစုဝင် အတော်များများ သေကြေ ဒဏ်ရာရခဲ့ကြတယ် သခင်ကျောက် က ဘယ်တော့မှ သူ့ရဲ့ ကတိကို တည်ပြီး ကျွန်တော်တို့ မိသားစုကို ကျင့်ကြံခြင်း နည်းစနစ်တွေ သင်ပေးမှာလဲ”
“စိတ်မပူပါနဲ့ သခင်ကျောက် က ငါတို့ကို ကတိပေးထားပြီးသားဆိုတော့ ခဏလောက် ထပ်စောင့်ရမှာပေါ့။ ငါကတော့ အဲဒီနေ့ကို မမြင်နိုင်တော့ပေမဲ့ မင်းမှာ အခွင့်အရေး ရှိပါသေးတယ်။ မင်း မမြင်ရရင်တောင် မင်းရဲ့ သားမြေးတွေကတော့ အခွင့်အရေး ရနိုင်တာပေါ့”
ဟု ကျိချုံးယွန်း က ဆိုသည်။
“ဘယ်လောက်တောင် ထပ်စောင့်ရဦးမှာလဲ”
ာကျိလင်ယွီ က ရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော အကြည့်များ ဖြတ်ပြေးသွားသည်။
“အဘိုး... အဘိုးက ကမ္ဘာမြေ အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာပဲ အဘိုးမှာ ရှိသမျှ အစွမ်းကုန် သုံးလိုက်ရင် သခင်ကျောက် ထက် မနိမ့်နိုင်ပါဘူး။ ငါတို့ ဘာလို့...”
ကျိချုံးယွန်း က သူ၏ ပုခုံးကို ပုတ်ကာ စကားဖြတ်လိုက်သည်။
“မင်း စိတ်ရှည်ဖို့ လိုတယ် လင်ယွီ မင်းမှာ စိတ်ရှည်မှု မရှိရင် ဒီကိစ္စကို မင်းရဲ့ မောင်နှမတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက်ရလိမ့်မယ်”
ကျိလင်ယွီ ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ရုတ်တရက် အစေခံတစ်ဦး အပြေးအလွှား ရောက်လာပြီး မဟာရှ ဧကရာဇ်က စစ်ရေးလေ့ကျင့်မှု အကြောင်း ဆွေးနွေးရန် နန်းတော်သို့ ဖိတ်ကြားထားကြောင်း သတင်းပို့သည်။
အခြားအင်ပါယာများမှ သံတမန်များမှာလည်း ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
၎င်းတို့ အားလုံးကို သူ၏ ဝိညာဉ်အာရုံဖြင့် စောင့်ကြည့်နေသော ဖန့်ချန် သည် စဉ်းစားခန်း ဝင်သွားသည်။ ကျိမိသားစု သည် ကျင့်ကြံသူသခင် ကျောက် ကို စည်းရုံးရန်အတွက် တော်တော်လေး ပေးဆပ်ခဲ့ရပုံရသည်။ မဟုတ်လျှင် အငယ်တန်းဖြစ်သော ကျိလင်ယွီ က ကျင့်ကြံသူတစ်ဦးကို အရေးယူရန် ကျိချုံးယွန်း ကို ဘာကြောင့် အကြံပေးရမည်နည်း
ကြည့်ရတာ ကျိမိသားစု က ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေကို ရှာတွေ့နိုင်မယ့် နည်းလမ်းတစ်ခုခုကို သိထားပုံရတယ်။ ဒါပေမဲ့ အဲဒီမှာ အန္တရာယ်တွေ ရှိနေတယ် ထင်တယ်... ဟု ဖန့်ချန် တွေးလိုက်သည်။