အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၁၁၁ - ကောင်းကင်ယံကို ဖြတ်သန်းခုန်ပျံခြင်း
မဟာရှ အင်ပါယာ မြို့တော်၏ တောင်ဘက် ဆင်ခြေဖုံးတွင် ရာသီဥတုမှာ သာယာလှပနေပြီး နွေးထွေးသော နေရောင်ခြည်နှင့် လေပြည်အေးများ တိုက်ခတ်နေသည်။
မှူးမတ်မျိုးနွယ်များမှစ၍ သာမန်အရပ်သားများအဆုံး လူတိုင်းနီးပါး ထိုနေရာသို့ စုရုံးရောက်ရှိနေကြသဖြင့် မြို့ထဲတွင် လူသူကင်းမဲ့နေပြီး လူအနည်းငယ်ကိုသာ မြင်တွေ့ရတော့သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့်နေ့သို့ ရောက်ရှိလာပြီဖြစ်ရာ ပါဝင်ဆင်နွှဲသူ အရေအတွက် များပြားလှသဖြင့် ဧကရာဇ်မင်းမြတ်သည် စစ်သည်တော်များကို လေ့ကျင့်ရေးကွင်းအနီးတွင် လုံခြုံရေးစည်းများ ချထားရန် အမိန့်ပေးထားခဲ့သည်။
သတ်မှတ်ထားသော လေ့ကျင့်ရေးကွင်း၏ ပတ်ပတ်လည်တွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် စည်ကားနေသည်။
အထူးတည်ဆောက်ထားသော စင်မြင့်ထက်တွင် မဟာရှ ဧကရာဇ်၊ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ကုဟယ်၊ လုံတူး နှင့် ယီကျိုး အင်ပါယာများမှ သံတမန်များ နေရာယူထားကြသည်။
ထိုအင်ပါယာ သုံးခုမှ သံတမန်များသည် ကျိလင်ယွီ ၏ ဘေးတွင် ထိုင်နေကြပြီး သူ့ကို ဖားသည့်အနေဖြင့် ရံဖန်ရံခါ ချီးမွမ်းစကားများ ပြောနေကြသည်။ သူတို့သည် မဟာရှ ဧကရာဇ်ကိုမူ သိပ်ပြီး ဂရုစိုက်ပုံမရပေ။
ကျိချုံးယွန်း နှင့် ကျင့်ကြံသူသခင် ကျောက် တို့လည်း ရောက်ရှိနေကြသော်လည်း သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြသေးဘဲ ကျိလင်ယွီ ၏ ဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
အခြားသူများမှာ သူတို့က ဘယ်သူတွေလဲဆိုသည်ကို မသိကြသော်လည်း စပ်စုစူးစမ်းခြင်း မပြုရဲလောက်အောင်တော့ တော်ကြပေသည်။
အခြားတစ်ဖက်တွင်မူ ဖန့်ချန်၊ ဖန့်ချန်းယူ နှင့် လီတောက်ယဲ့ တို့သည် ဘေးချင်းယှဉ်ထိုင်နေကြပြီး သူတို့၏ မျက်နှာများတွင် အပြုံးများ ပြည့်နှက်နေသည်။ သူတို့သည် ပတ်ဝန်းကျင်ကို လေ့လာရင်း တစ်ဦးနှင့်တစ်ဦး စကားပြောနေကြသည်။
ရှမိန် (အိမ်ရှေ့မင်းသား) သည် ဖန့်ချန် ကို ကြည့်လိုက်တိုင်း သူ၏ မျက်လုံးများထဲတွင် ရယ်ချင်သော အရိပ်အယောင်များ ခဏခဏ လင်းလက်သွားတတ်သည်။
သူသည် ရှကျီ (တတိယမင်းသား) သေဆုံးသွားပြီဟူသော သတင်းကို ရရှိထားပြီးဖြစ်ရာ ထိုညက သူသည် အောင်ပွဲခံသည့်အနေဖြင့် မူးနေအောင် သောက်ခဲ့သည်။ ထိုသတင်းစကားမှာ သူ့အတွက်တော့ နားဝင်အချိုဆုံး ဂီတတစ်ခုပင်
ရှကျီ မရှိတော့သည့်အတွက် အိမ်ရှေ့မင်းသားနေရာကို သူ့ထံမှ လုယူမည့်သူ မရှိတော့ပေ
ရှမိန် ၏ အကြည့်သည် ဖန့်ချန် ထံမှ ခွာလိုက်ပြီး လီတောက်ယဲ့ ထံသို့ ရောက်ရှိသွားသည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ လင်းလက်သွားသည်။
"အဆင့်(၆)မီးတောက် အင်ပါယာက ကျင့်ကြံသူ လီတောက်ယဲ့... ဟွန်း"
ကျင့်ကြံသူဖြစ်နေတာက ဘာအရေးလဲ
လီတောက်ယဲ့ က ဘယ်လောက်ပဲ အထင်ကြီးစရာကောင်းနေပါစေ၊ သူသည် နှင်းရေခဲ အင်ပါယာကို ထိုးနှက်ချက်တစ်ခုပေးရန်အတွက် ရှမိန် အသုံးချမည့် ခြေလှမ်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ကျင့်ကြံသူသခင် ကျောက် သည်လည်း လီတောက်ယဲ့ ကို အာရုံစိုက်နေသည်။ ကျင့်ကြံသူများအတွက် အရင်းအမြစ်များကို ရှာဖွေရန် ခဲယဉ်းလှရာ၊ ယခုအခါ ဂိုဏ်းဝင်တပည့်တစ်ဦးကို တွေ့လိုက်ရပြီး ထိုသူ၏ ကျင့်ကြံခြင်းကလည်း သိပ်မမြင့်လှသဖြင့် သူ့ရှေ့တွင် မြိန်ရှက်ဖွယ် ဟင်းလျာတစ်ခွက်ကို လာချထားပေးသကဲ့သို့ ခံစားနေရသည်။
လီတောက်ယဲ့ သည် ကျင့်ကြံသူသခင် ကျောက် ကို လှည့်မကြည့်သော်လည်း သူ၏ ထက်မြက်သော အာရုံခံစားမှုကြောင့် နီးကပ်လာသော အန္တရာယ်ကို သတိပြုမိနေပြီး သူ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။
" ဖန်ချန် မင်းပြောတာ မှန်တယ်ဗ၊ ငါ ဒီကို လာကတည်းက အဲဒီလူရဲ့ မျက်လုံးတွေက ငါ့ဆီကနေ မခွာတော့ဘူး"
ဖန့်ချန် က ပြုံးလိုက်သည်။
"စိတ်ပူစရာ ဘာမှမရှိပါဘူး"
ဟု သူက ဆိုသည်။
"မကြောက်ပါနဲ့၊ ဒီနေ့ မင်းက သားကောင် မဟုတ်ပါဘူး"
လီတောက်ယဲ့ ခေါင်းငြိမ့်လိုက်သည်။
သူ့ဘေးတွင် ဖန့်ချန် ရှိနေသည့်အတွက် သူ သိပ်ပြီး မစိုးရိမ်တော့ပေ။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ဘယ်လောက်ပဲ ကျင့်ကြံခြင်း မြင့်နေပါစေ၊ သူလုပ်ရမှာက ခရမ်းရောင်လျှပ်စီး အဆောင် တွေနဲ့ ပစ်ပေါက်ဖို့ပဲ မဟုတ်လား...
"သခင်ကြီး ကျိ... စစ်ရေးလေ့ကျင့်မှု ပြီးသွားရင် ကျွန်တော်တို့ရဲ့ ကုဟယ် အင်ပါယာကို လာလည်ဖို့ ဘယ်လိုလဲ ကျွန်တော်တို့ မကြာသေးခင်က သတ္တုတွင်း အသစ်အချို့ကို တွေ့ထားလို့ ခင်ဗျားဆီကနေ လမ်းညွှန်မှုအချို့ ရနိုင်ရင်တော့ အကောင်းဆုံးပါပဲ"
ဟု ကုဟယ် သံတမန်က ဖားလိုက်သည်။ ထိုစကားကြောင့် မဟာရှ အင်ပါယာမှ အရာရှိများနှင့် စစ်သူကြီးများကြားတွင် မကျေနပ်မှုများ ပေါ်ပေါက်လာသည်။
သူတို့ထက် အသာမပေးလိုသဖြင့် လုံတူး နှင့် ယီကျိုး အင်ပါယာမှ သံတမန်များကလည်း စစ်ရေးလေ့ကျင့်မှုအပြီးတွင် သူတို့၏ နယ်မြေများသို့ လာရောက်လည်ပတ်ရန် ကျိလင်ယွီ ကို အသီးသီး ဖိတ်ခေါ်ကြတော့သည်။
ကျိလင်ယွီ သည် မျက်နှာတွင် အပြုံးအနည်းငယ်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"အချိန်ရရင် သွားကြည့်ပေးပါ့မယ်"
ထို့နောက် သူသည် မဟာရှ ဧကရာဇ်ကို ကြည့်ကာ တိုက်တွန်းလိုက်သည်။
"အချိန်လည်း တော်တော်လင့်နေပြီ။ ငါတို့ မစသင့်သေးဘူးလား"
ဧကရာဇ်သည် ဖန့်ချန် ကို လှမ်းကြည့်လိုက်သည်။
ဖန့်ချန် ၏ မျက်နှာမှာ ပြုံးရွှင်နေသည်။
"ဟုတ်ကဲ့၊ အချိန်လည်း တော်တော်လင့်နေပါပြီ"
ဧကရာဇ်က ခေါင်းငြိမ့်လိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။
"ဒါဆိုရင် စလိုက်ကြရအောင်"
ထိုသို့ပြောပြီးသည်နှင့် ကျိလင်ယွီ သည် သူ၏လက်ကို အနည်းငယ် မြှောက်လိုက်သည်။
သူ ခေါ်ဆောင်လာသော အိပ်မက်ဆိုး မြင်းစီးစစ်သည် တစ်ရာကျော်သည် လေ့ကျင့်ရေးကွင်းအတွင်းသို့ တဖြည်းဖြည်း ချီတက်ဝင်ရောက်လာကြသည်။
အပြင်ဘက်မှ လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်သောအခါ ချက်ချင်း တိတ်ဆိတ်သွားကြသည်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ၊ တကယ့် ထိပ်တန်းသိုင်းသမားတွေပဲ။"
သိုင်းသမားတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အိပ်မက်ဆိုး မြင်းစီးစစ်သည် တစ်ယောက်ချင်းစီက ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်တဲ့ အဆင့်မှာ ရှိနေတယ်"
"သူတို့အားလုံးက ချီထိန်းချုပ်ခြင်းအဆင့် ရဲ့ အထွတ်အထိပ်မှာ ရှိနေကြတာ။ ငါတို့ မြို့တော်မှာ အဲဒီလိုလူမျိုး ဘယ်နှစ်ယောက်ရှိလို့လဲ ဒီမှာ အနည်းဆုံး တစ်ရာကျော် ရှိနေတာပဲ၊ နှင်းရေခဲ အင်ပါယာမှာဆိုရင် ဒီထက်မက ရှိသေးတယ်လို့ ငါကြားဖူးတယ်"
အခြားသိုင်းသမားတစ်ဦးက ခေါင်းခါရင်း ပြောသည်။
"စစ်သူကြီး ဖန့် ကတော့ ဒီတစ်ခါ တော်တော်လေးကို မဆင်မခြင် လုပ်မိသွားပြီ။ ငါ့အမြင်အရဆိုရင် သူ့အိမ်တော်က အစောင့်တွေဟာ အကုန်အပြတ်ရှင်းခံရလိမ့်မယ်၊ တစ်ချက်တည်းနဲ့တင် သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
"ဒါပေါ့ တကယ်လို့ ဖန့်ချန် ကိုယ်တိုင် ဦးဆောင်ရင်တော့ တစ်မျိုးပေါ့ ဒါပေမဲ့ နှင်းရေခဲ အင်ပါယာက ခေါင်းဆောင်က မြေကမ္ဘာအဆင့် မှာ ရှိတယ်လို့ ပြောကြတယ်..."
မဟာရှ ၏ သိုင်းသမားများသည် နှစ်ဖက်စလုံး၏ အင်အားကို အသိဆုံးဖြစ်သော်လည်းမင်းမျိုးမင်းနွယ် လူငယ်များမှာမူ ကိုယ်ပိုင်အမြင်များ ရှိကြသည်။
ဖန့်ချန် အပေါ် သံသယပွားနေကြစဉ် အေးစက်သော အသံတစ်ခု လေထဲတွင် ပျံ့လွင့်လာသည်။ာ
"ဖန့်ချန် က အရှုံးပေးမှာ မဟုတ်ဘူး"
လူတိုင်းက ဖန့်ချန် အတွက် စိုးရိမ်နေကြစဉ် ထိုအေးစက်သော အသံသည် ကွင်းပြင်အတွင်းသို့ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် လူများမှာ ကြက်သီးမွှေးညင်းများ ထသွားကြပြီး အသံလာရာဆီသို့ လှည့်ကြည့်မိကြသည်။
ထိုသူမှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူတို့၏ မျက်လုံးများတွင် အံ့သြမှုများ လင်းလက်သွားသည်။
"ဒါ နတ်သမီးယွီ မဟုတ်လား"
"ဟုတ်တယ်၊ သူမပဲ သူမ မျက်နှာဖုံးစွပ်ထားပေမဲ့ သူမရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားလို့ မရဘူးမြို့တော်မှာ ဒီလိုအရှိန်အဝါမျိုး ဘယ်သူ့မှာမှ မရှိဘူး"
လူအုပ်ကြီးသည် သူမကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားကြသည်။
ယွီနတ်သမီး နှင့်အတူ ကျောက်စိမ်းနတ်သမီး လှေ မှ အမျိုးသမီး အုပ်စုကြီးလည်း ပါလာကြသည်။
ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးများ၏ စီတန်းလှည့်လည်မှုက လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်ပြီး၊ သူတို့၏ ပတ်ဝန်းကျင်တွင် လူများက မသိစိတ်ဖြင့် နေရာလွတ်တစ်ခု ဖယ်ပေးလိုက်ကြသဖြင့် ပတ်ဝန်းကျင်မှာ လူမကျပ်သလို ဖြစ်သွားသည်။
ကျောက်စိမ်းနတ်သမီး လှေ အပြင်၊ မဟာရှ မြစ်ကမ်းနားရှိ အခြားသော လှေအိမ်များမှ အမျိုးသမီးများလည်း ရောက်ရှိလာကြသဖြင့် အလွန်ပင် စည်ကားနေသည်။
ဖန့်ချန် သည် မြစ်ကမ်းနားတွင် နယ်စား ရှန်းယွီ ကို သတ်လိုက်ကတည်းက၊ သူသည် ထိုအမျိုးသမီးများ၏ နှလုံးသားထဲတွင် အိုင်ဒေါ တစ်ဦး ဖြစ်လာခဲ့သည်။
ယခု ဖန့်ချန် ၏ လူများက နှင်းရေခဲ အင်ပါယာနှင့် စစ်ရေးလေ့ကျင့်မည် ဖြစ်ရာ၊ သူတို့သည် သဘာဝကျစွာပင် အားပေးရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
အမျိုးသမီးများက ဖန့်ချန် အပေါ် မဖုံးကွယ်နိုင်သော အားကျနှစ်သက်မှုများဖြင့် စကားပြောနေကြသည်ကို ကြားသောအခါ၊ မင်းမျိုးမင်းနွယ် လူငယ်အများအပြား၏ မျက်လုံးများတွင် မနာလိုမှုနှင့် မနာလိုစိတ်များ ပြင်းထန်စွာ ပေါ်လာတော့သည်။
"ယွီနတ်သမီး... စစ်သူကြီး ဖန့် က သန်မာပေမဲ့၊ နှင်းရေခဲ အင်ပါယာနဲ့ ယှဉ်ရင်တော့ အများကြီး လိုအပ်ပါသေးတယ် မင်းက သူ့အပေါ် ဒီလောက်အထိ မျှော်လင့်ချက်တွေ ထားနေမယ်ဆိုရင် သူက မင်းကို စိတ်ပျက်စေမှာ အသေအချာပါပဲ"
ချောမောသော လူငယ်တစ်ဦးက ယွီနတ်သမီး ကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ယွီနတ်သမီး က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"အဲဒီလိုလား"
ဟု ပြောကာ အသာအယာ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီ... ငါကတော့ အဲဒီလို မထင်ဘူး"
ယွီနတ်သမီးက ငါ့ကို စကားပြောတယ်
ထိုလူငယ်မှာ အလွန် စိတ်လှုပ်ရှားသွားပြီး၊ သူ့ဘေးမှ လူငယ်များကလည်း သူတို့ကိုယ်တိုင် ယွီနတ်သမီး နှင့် စကားပြောခဲ့ရလျှင် ကောင်းမှာပဲဟု မနာလိုစွာ ကြည့်နေကြသည်။
ထိုလူငယ်က သူ၏ ပျော်ရွှင်မှုကို ထုတ်မပြဘဲ တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ယွီနတ်သမီး... ကျွန်တော်က စစ်သူကြီး ဖန့် ကို အထင်သေးတာ မဟုတ်ပါဘူး ဒါပေမဲ့ နှင်းရေခဲ အင်ပါယာရဲ့ အိပ်မက်ဆိုး မြင်းစီးစစ်သည် တွေက တကယ်ကို အစွမ်းထက်လှပါတယ်။ ဒါ့အပြင် သခင်ကြီး ကျိလင်ယွီ ကလည်း ချီအမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတယ် တကယ်လို့သူသာ လှုပ်ရှားလိုက်မယ်ဆိုရင်..."
သူ၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမှာ ယွီနတ်သမီး သည် သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ စင်မြင့်ထက်သို့သာ ကြည့်နေပြီး ဖန့်ချန် ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသောကြောင့်ဖြစ်သည်။
ထိုလူငယ်၏ မျက်နှာပေါ်တွင် ရှက်ကိုးရှက်ကန်း အပြုံးတစ်ခု ပေါ်လာပြီး၊ သူပြောလိုက်သည့် စကားများ မကြာခင် အမှန်ဖြစ်လာတော့မည်ဟု သူ့ဘာသာ တွေးရင်း ဘေးသို့ တစ်လှမ်းဆုတ်လိုက်သည်။
မြင်းများကို စီးနင်းထားသော အိပ်မက်ဆိုး မြင်းစီးစစ်သည် တစ်ရာကျော်တို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဂုဏ်ယူစွာ ရပ်တည်နေကြသည်။ သူတို့၏ အကြည့်များမှာ ကျိလင်ယွီ ထံသို့ တိုက်ရိုက် ဦးတည်နေသည်။
ကျိလင်ယွီ သည် အသာအယာ ပြုံးလိုက်ပြီးနောက် စင်မြင့်ထက်မှ ခုန်ဆင်းလိုက်သည်။
သူသည် ကောင်းကင်ယံကို ဖြတ်သန်းခုန်ပျံကာ ပေငါးဆယ်ကျော်ဝေးသော အကွာအဝေးကို တစ်ချက်တည်းနှင့် ကျော်ဖြတ်လိုက်သည်။
နေရောင်ခြည်၏ နောက်ခံနှင့်အတူ သူ၏ ပုံရိပ်မှာ လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
နောက်တစ်ခဏတွင် မြင်းတစ်ကောင်၏ ဟီသံနှင့်အတူ ကျိလင်ယွီ သည် မြင်းကျောပေါ်သို့ လှပစွာ ဆင်းသက်လိုက်သည်။
သူသည် မြင်းကို ရှေ့သို့ မောင်းနှင်လိုက်ပြီး ဖန့်ချန် ထံသို့ အကြည့်ကို လွှဲလိုက်သည်။
"သူ... သူက လေထဲမှာ ပေငါးဆယ်ကျော်ကို တစ်ခါတည်း ခုန်ပျံသွားတာလား"
"ဒီလို ကိုယ်ဖော့ပညာမျိုးက ချီအမြုတေအဆင့် သိုင်းသမားတွေထက်တောင် အများကြီး သာလွန်နေတာပဲ"
"ဒါကို ငါတို့ ဘယ်လိုတောင် ယှဉ်တိုက်ရမှာလဲ...
"တကယ့်ကို အင်အားကြီးတဲ့ အင်ပါယာက လာတဲ့သူဆိုတာ ထိုက်တန်ပါတယ်။ ငါတို့ မဟာရှ က နှစ်ပေါင်း ရာနဲ့ချီ တည်ရှိနေပေမဲ့ ဒါမျိုးနဲ့တော့ မနှိုင်းယှဉ်နိုင်သေးဘူး"
ပတ်ဝန်းကျင်မှ အရပ်သားများသာမက၊ စင်မြင့်ထက်မှ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများပင် ကျိလင်ယွီ ၏ သွက်လက်မှုကို မြင်တွေ့လိုက်ရသဖြင့် တိတ်တဆိတ် အံ့အားသင့်သွားကြသည်။
နောက်တစ်ခဏတွင် သူတို့၏ အကြည့်များအားလုံး ဖန့်ချန် ထံသို့ ကျရောက်သွားတော့သည်။
အခန်း ၁၁၂ - မြေကမ္ဘာအဆင့်လား... ပြောပလောက်တာ မဟုတ်ပါဘူး
ဖန့်ချန် သည် ပေါ့ပေါ့ပါးပါး အပြုံးတစ်ခုဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး စင်မြင့်ထက်မှ လေ့ကျင့်ရေးကွင်းအတွင်းသို့ သာမန်အတိုင်း တစ်လှမ်းချင်း ဆင်းလာခဲ့သည်။
ဖန့်အိမ်တော် မှ အစောင့်အကြပ်များသည်လည်း သူ့နောက်မှ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြသည်။
ကျိလင်ယွီ ၏ ဘက်နှင့် နှိုင်းယှဉ်လျှင် ဖန့်အိမ်တော် အုပ်စုမှာ စစ်တပ်နှင့် မတူဘဲ သခင်လေးတစ်ဦး အပျော်ခရီးထွက်လာသည့် ပုံစံမျိုးသာ ပေါက်နေသည်။ စစ်ရေးအရှိန်အဝါ လုံးဝ ကင်းမဲ့နေခြင်းပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မဟာရှ နိုင်ငံသားများ၏ နှလုံးသားမှာ တဖြည်းဖြည်း လေးလံသွားတော့သည်။
"သူတို့ စစ်မြင်းတွေတောင် ပြင်မထားကြဘူး..."
"ပြင်ထားလည်း ထူးမှာမဟုတ်ပါဘူး အိပ်မက်ဆိုး မြင်းစီးစစ်သည် တွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ အဲဒီစစ်မြင်းတွေရဲ့ ကန်ချက်တစ်ချက်တည်းနဲ့တင် ချီပေါက်ကွဲခြင်းအဆင့် သိုင်းသမားတစ်ယောက် သေသွားနိုင်တယ်"
"ငါတို့ မဟာရှ နဲ့ နှင်းရေခဲ အင်ပါယာကြားက ကွာခြားချက်က အဆုံးမှာတော့ အရမ်းကြီးမားလွန်းနေတာပဲ..."
လူအုပ်ကြားတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ပျံ့နှံ့သွားသည်။
မြင်းပေါ်မှနေ၍ ဖန့်ချန် ကို ငုံ့ကြည့်ရင်း ကျိလင်ယွီ က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"သခင်လေး ဖန့်... မင်းမှာ သင့်တော်တဲ့ လက်နက်တောင် အဆင်သင့်မရှိပါလား။ မင်း တကယ်ပဲ စစ်ရေးလေ့ကျင့်ဖို့ လာတာ ဟုတ်ရဲ့လား"
"ဖန့်ချန် က သူရှုံးမှာကို သိနေလို့ ပြင်ဆင်မနေတော့တာ ရှင်းနေတာပဲ"
"မှန်တယ်! ဘာပြင်ပြင် အပိုပဲ ဖြစ်မှာ"
"မဟာရှ ကတော့ လွန်ခဲ့တဲ့ ငါးနှစ်က ဖြစ်ရပ်ကနေ ဘာမှ သင်ခန်းစာ မယူသေးပါလား"
အခြားနိုင်ငံ သုံးခုမှ သံတမန်များ၏ စကားများတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
ရှမိန် သည် ရဲ့ချင်ဟဲ ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ ရဲ့ချင်ဟဲ ကလည်း အသာအယာ ခေါင်းငြိမ့်ပြသည်။ ထို့နောက် သူသည် မိန်းမစိုးတစ်ဦးကို လူတိုင်းအား လက်ဖက်ရည် တည်ခင်းရန် အမိန့်ပေးလိုက်သည်။
မကြာမီ လူတိုင်း၏ရှေ့တွင် လက်ဖက်ရည်ခွက်များကို ချထားပေးလိုက်ရာ လီတောက်ယဲ့ နှင့် ဖန့်ချန်းယူ တို့လည်း အပါအဝင်ဖြစ်သည်။
မိမိရှေ့ရှိ လက်ဖက်ရည်ခွက်ကို မြင်သောအခါ လီတောက်ယဲ့ သည် ဖန့်ချန် ၏ ညွှန်ကြားချက်ကို ချက်ချင်း သတိရလိုက်သည်။
သူသည် ၎င်းကို ခဏမျှသာ ကြည့်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်သည်။ သူသည် တစ်ငုံမျှပင် သောက်ရန် စိတ်ဝင်စားပုံမရပေ။
၎င်းကို မြင်လိုက်ရသောအခါ ရှမိန် ၏ မျက်လုံးများတွင် စိတ်ပျက်မှုများ လင်းလက်သွားသည်။
တကယ်လို့ လီတောက်ယဲ့ သာ လက်ဖက်ရည်ကို မသောက်ပါက သူ၏ အစီအစဉ်မှာ ကျရှုံးမည်ဖြစ်ပြီး၊ လီတောက်ယဲ့ သည် ဖန့်အိမ်တော် ၌ ဆက်ရှိနေမည်ဖြစ်သည်။
သူသည် ဆက်လက်၍ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဦးမည် မဟုတ်ပါလား
ဖန့်ချန် သည် ကျိလင်ယွီ ကို စိုက်ကြည့်လိုက်သည်။
"ခင်ဗျားတို့ကို တိုက်ဖို့ လက်နက်တွေ သုံးမှာမဟုတ်ဘူး"
ဟု သူက ပြုံးလျက် ခေါင်းခါပြလိုက်သည်။
"လက်နက်တွေ မသုံးဘူး ဟုတ်လား"
ကျိလင်ယွီ သည် စင်ပေါ်ရှိ လီတောက်ယဲ့ ကို တစ်ချက်လှမ်းကြည့်ကာ ဖန့်ချန် ထံ အကြည့်ပြန်လွှဲလိုက်သည်။
"မင်းအိမ်တော်မှာ ကျင့်ကြံသူတစ်ယောက် ရှိနေပေမဲ့ သူက သူပဲ၊ မင်းက မင်းပဲလေ။ မင်းရဲ့ ယုံကြည်မှုက ဘယ်က ရလာတာလဲ"
"စမ်းကြည့်လိုက်ရင် သိရမှာပေါ့"
ဟု ဖန့်ချန် က ပြုံးလျက် ပြန်ဖြေသည်။
ကျိလင်ယွီ ၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ကောင်းပြီလေ"
နောက်တစ်ခဏတွင် ချီအမြုတေအဆင့် သိုင်းသမားတစ်ဦး ပိုင်ဆိုင်သည့် စွမ်းအားထက် အဆပေါင်းများစွာ သာလွန်သော အတွင်းအားများ သူ၏ကိုယ်မှ ထွက်ပေါ်လာသည်။
ထိုစွမ်းအားများသည် သူ့ကို ပတ်ရံသွားပြီး ခြေဆုံးခေါင်းဆုံး ဖုံးအုပ်ထားသည့် ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပုံဖော်လိုက်သည်။
သူ၏ အတွင်းအားများသည် သူ့ကိုယ်တိုင်တင်မက သူစီးနင်းထားသော စစ်မြင်းကိုပါ ဖုံးအုပ်သွားသည်။ လူနှင့်မြင်း၊ နှစ်ဦးစလုံးမှာ ချပ်ဝတ်များ ဝတ်ဆင်ထားသကဲ့သို့ နေရောင်အောက်တွင် တောက်ပနေပြီး မြင့်မြတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သွားတော့သည်။
သိုင်းပညာ ကျင့်ကြံခြင်းကို လူသားအဆင့် ၊ မြေကမ္ဘာအဆင့် နှင့် ကောင်းကင် အဆင့် ဟူ၍ သုံးမျိုး ခွဲခြားထားသည်။
မြေကမ္ဘာအဆင့်ကို ထပ်မံ၍ အဆင့်ငယ် လေးဆင့် ခွဲခြားထားရာ ပထမအဆင့်မှာ ကိုယ်တွင်း ချီ ၊ ဒုတိယအဆင့်မှာ မွေးရာပါချီ ၊ ထို့နောက် အနှစ်သာရပြန်လည်ရောက်ရှိခြင်းချီ နှင့် နောက်ဆုံးတွင် အသက်ရှည်ခြင်းချီ တို့ ဖြစ်ကြသည်။
ကိုယ်တွင်း ချီ ပိုင်ဆိုင်သူများသည် ကြယ်တာရာများကဲ့သို့ ကျယ်ပြောလှသော အတွင်းအား ရှိကြသည်။
သူတို့သည် ထူးကဲသော တိုက်ခိုက်ရေးစွမ်းအားနှင့် အံ့မခန်း ကာကွယ်ရေး စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ လူသားအဆင့် သိုင်းသမား မည်သူမျှ သူတို့ကို ယှဉ်နိုင်စွမ်း မရှိပေ ၎င်းမှာ အငြင်းပွားဖွယ်မရှိသော အမှန်တရားပင်
"ဒါ... ဒါက ဒဏ္ဍာရီလာ မြေကမ္ဘာ ကိုယ်တွင်းချီအဆင့် ပဲ"
စင်မြင့်ထက်မှ အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။
အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် ထိုအဆင့်၏ အဓိပ္ပာယ်ကို ကောင်းစွာ သိရှိကြသည်။ သူတို့သည် ကျိလင်ယွီ ၏ အောင်မြင်မှုကို တကယ်ပင် အံ့သြသွားကြသည်။
သူ၏ ကိုယ်ပတ်လည်ရှိ အရှိန်အဝါကို ခံစားရင်း၊ ကျိလင်ယွီ သည် ငယ်ရွယ်သော်လည်း မဟာရှ အင်ပါယာရှိ သိုင်းသမားများ ရာစုနှစ်ပေါင်းများစွာအတွင်း မရောက်ရှိနိုင်ခဲ့သော အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့သည်။
ကိုယ်တွင်းချီ ရှိသူများသည် သိုင်းပညာ၏ တကယ့် ကျွမ်းကျင်သူများဟု သတင်းကြီးသည်။
သူတို့သည် စစ်သည်တော် တစ်သိန်းကြားထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်သလို ပြန်လည် ထွက်ခွာနိုင်စွမ်းလည်း ရှိကြသည်
"တကယ့်ကို အံ့သြစရာကောင်းတဲ့ သိုင်းသမားပဲ... နှင်းရေခဲ အင်ပါယာမှာ ဒီလိုလူမျိုး တစ်ယောက်ထက်မက ရှိနေတာကို တွေးကြည့်စမ်း..."
"နှင်းရေခဲ အင်ပါယာက သူတို့လိုလူ ဆယ်ယောက်လောက် လွှတ်လိုက်ရင်တင် အဆင့်(၉) အင်ပါယာ ဘယ်ခုကိုမဆို လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မှာပဲ..."
လီကော်ကျူး သည် ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ပုံမှန်အားဖြင့် ပြည်တွင်း နိုင်ငံရေးပဋိပက္ခများနှင့် ပြည်သူတို့၏ စားဝတ်နေရေးကိုသာ ပို၍ အာရုံစိုက်လေ့ရှိသည်။
သို့သော် ကျိလင်ယွီ ၏ စွမ်းအားပြမှုကို မြင်သောအခါ သူသည် မဟာရှ ၏ အနာဂတ်အတွက် မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။
အခုလို အဆင့်မြင့် အင်ပါယာတစ်ခုကို စော်ကားမိပြီဆိုတော့... နောင်အနာဂတ်မှာ မဟာရှ အင်ပါယာ ဘယ်လို ဆက်လက် ရှင်သန်နိုင်မှာလဲ
မြို့တော်မှ သိုင်းသမားများမှာလည်း မှင်တက်သွားကြပြီး သူတို့၏ မျက်လုံးထဲတွင် နက်ရှိုင်းသော ရိုသေမှုများ ရှိနေသည်။
ကျိလင်ယွီ သည် သူတို့အင်ပါယာမှ မဟုတ်သော်လည်း၊ သိုင်းပညာသည် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပေသည်။
ကျိလင်ယွီ ၏ သိုင်းပညာ အောင်မြင်မှုမှာ မည်သည့်သိုင်းသမားမဆို သူ့ကို လေးစားရန် လုံလောက်လှသည်။
"ဒီအဆင့်မှာရှိတဲ့ သိုင်းသမားတစ်ယောက်က သာမန် ဧကရာဇ်အာဏာထက်တောင် ကျော်လွန်နေပြီ..."
ဟု ထောင်ယွီ က သူ့ဘာသာ ရေရွတ်လိုက်သည်။
အသိပညာ အကြွယ်ဝဆုံး ပညာရှင်များပင်လျှင် ထိုကဲ့သို့သော သိုင်းသမားကို သူတို့၏ စကားအရာဖြင့် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ယွီနတ်သမီး အနားတွင် ရပ်နေသော လူငယ်မှာ သက်ပြင်းချရင်း ထပ်မံ ပြောလိုက်သည်။
"ယွီနတ်သမီး... မြင်တယ်မလား ဖန့်ချန် က ဘယ်လောက်ပဲ သန်မာပါစေ၊ ကျိလင်ယွီ နဲ့ ယှဉ်ရင်တော့ အားနည်းလွန်းနေတုန်းပါပဲ..."
သူက ခေါင်းခါရင်း နှမြောတသဟန် ပြလိုက်သည်။
ယွီနတ်သမီး ၏ မျက်လုံးများထဲတွင် မသိမသာ လှောင်ပြုံးတစ်ခု လင်းလက်သွားသည်။
ကျိလင်ယွီ မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပြီး ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသော်လည်း၊ သူမသည် ခရမ်းရောင်လျှပ်စီး အဆောင် တစ်ခုတည်းနှင့်ပင် သူ့ကို လွယ်ကူစွာ အနိုင်ယူနိုင်သည်။ ထိုအဆောင်များကို ဖန်တီးခဲ့သည့် ဖန့်ချန် အတွက်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ယွီနတ်သမီး ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ရှိနေသည်။ ဖန့်ချန် သည် ကျိလင်ယွီ ကို ဘယ်လို ကိုင်တွယ်မလဲဆိုသည်ကို သူမ မြင်လိုလှသည်။
ကျိလင်ယွီ ၏ စွမ်းဆောင်မှုမှာ ရောက်ရှိနေသူ အများစုကို အထင်ကြီးစေခဲ့ပြီးဖြစ်သည်။
သူ၏ကိုယ်မှ ထွက်ပေါ်နေသော တောက်ပသည့် ရွှေရောင်အလင်းတန်းများကြောင့် မဟာရှ မှ လူငယ်များမှာ အားကျနှစ်သက်စွာ သက်ပြင်းချနေကြသည်။ ထိုကဲ့သို့သော ထိပ်တန်းဆရာသခင်နှင့် ရင်ဆိုင်ရလျှင် မဟာရှ တွင် ခုခံနိုင်စွမ်း လုံးဝ မရှိပေ။
သူတို့၏ အကြည့်များမှာ ဖန့်ချန် ထံသို့ မလွဲမသွေ ကျရောက်သွားကြသည်။
ထိုသို့ စွမ်းအားပြပြီးနောက် ကျိလင်ယွီ က ပြုံးလျက် ပြောလိုက်သည်။
"စစ်သူကြီး ဖန့်... မင်းကို မဟာရှ အင်ပါယာရဲ့ နံပါတ်တစ် သိုင်းသမားလို့ ပြောကြတယ် စစ်တပ်နှစ်ခု မတိုက်ခိုက်ခင်မှာ ငါတို့နှစ်ယောက် အရင်ဆုံး ချစ်ကြည်ရေး လက်ရည်စမ်းပွဲလေး တစ်ပွဲလောက် လုပ်ကြရင် ဘယ်လိုလဲ"
၎င်းကို ကြားသောအခါ လူတိုင်းက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသော ကျိလင်ယွီ ကို တစ်ချက်ကြည့်လိုက်ပြီး၊ မျက်လုံးနှစ်လုံးကို မှိတ်ကာ တည်ငြိမ်စွာ ရပ်နေသော ဖန့်ချန် ကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
လူတိုင်းက ခေါင်းခါလိုက်ကြမိသည်။
ချီအမြုတေအဆင့် နှင့် ကိုယ်တွင်းချီအဆင့် ကျွမ်းကျင်သူ... အနိုင်ရဖို့ အခွင့်အလမ်း လုံးဝ မရှိပေ။
ဖန့်ချန် က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ကောင်းပါပြီ၊ တပ်မှူးနှစ်ယောက်ရဲ့ တိုက်ပွဲက စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တာပေါ့"
ဟု သူက ဆိုသည်။
ထို့နောက် သူသည် ကျိလင်ယွီ ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
ဖန့်ချန် က လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို မြင်သောအခါ ကြည့်ရှုသူများမှာ သူ့အတွက် ချွေးပြန်သွားကြသည်။
သို့သော် သူသည် ကျိလင်ယွီ ဆီသို့ ကိုယ်တိုင် ဦးတည်သွားနေသည်ကို မြင်သောအခါ လူတိုင်း မှင်တက်သွားကြတော့သည်
ကျိလင်ယွီ က မြင်းပေါ်တွင် ရှိနေပြီး ဖန့်ချန် က ခြေကျင် ဖြစ်နေသည်။ သူတို့ ဘယ်လိုတိုက်ကြမှာလဲ
ကျိလင်ယွီ သည် ဖန့်ချန် ကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။ စိတ်ကူးတစ်ခုနှင့်အတူ သူသည် သူ၏ စစ်မြင်းကို နှိုးဆော်လိုက်သည်။
မြင်းသည် မိုးကြိုးပစ်သံကဲ့သို့ ဟီလိုက်ပြီး ဖန့်ချန် ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
အစွမ်းထက်သော မြင်းခွာသံများ လေထဲတွင် ဟိန်းထွက်သွားပြီး မြင်းပြေးသွားသည့် ခြေလှမ်းတိုင်းတွင် မြေပြင်မှာ အသာအယာ တုန်ခါနေသည်။
ကြည့်ရှုသူများ၏ မျက်လုံးထဲတွင် ထိုအခိုက်အတန့်၌ ကျိလင်ယွီ သာ ရှိနေတော့သည်။ သေးငယ်လှသော ဖန့်ချန် မှာမူ သူတို့၏ အာရုံထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
စစ်မြင်းကို ခုန်တက်စေလိုက်ရာ ကျိလင်ယွီ သည် လေထဲသို့ ပျံတက်သွားသော နတ်ဘုရားတစ်ပါးနှင့် တူလှသည်။
မြင်းခွာများမှာ ဖန့်ချန် ထံသို့ ဦးတည်ထားပြီး သူ့ကို နင်းခြေသတ်ပစ်ရန် ရည်ရွယ်ထားခြင်းပင်
လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြသည်။
အချိန်များမှာ နှေးကွေးသွားသလိုပင်။
ဝုန်း
ပြင်းထန်သော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။
မြင်းခွာများသည် ဖန့်ချန် ထံသို့ မရောက်ရှိမီ တစ်ခုခုနှင့် တိုက်မိသွားသလို ဖြစ်သွားပြီး၊ မြင်း၏ခြေထောက်များမှာ ထိတွေ့မှုကြောင့် ကျိုးသွားတော့သည်။
ကြည့်ရှုသူများ ဘာဖြစ်သွားမှန်း မသိခင်မှာပင် ဖန့်ချန် ၏ ပေါ့ပါးသော လက်ဝါးချက်သည် ကျိလင်ယွီ ၏ ရင်ဘတ်ကို ထိမှန်သွားပြီး၊ သူ့ကိုယ်ပတ်လည်ရှိ ရွှေရောင်အရှိန်အဝါများမှာ ချက်ချင်း ကွဲအက်သွားကာ သူ ဖန်တီးထားသော မြင့်မြတ်သည့် အငွေ့အသက်များမှာလည်း လွင့်စင်သွားတော့သည်။
သူသည် သွေးများ အန်ထုတ်ရင်း လေထဲသို့ လွင့်စင်သွားကာ အိပ်မက်ဆိုး မြင်းစီးစစ်သည် များ၏ ရှေ့တွင် ပြင်းထန်စွာ ကျရောက်သွားသည်။
ထို့နောက် ခြေထောက်ကျိုးနေသော မြင်းမှာလည်း ဖန့်ချန် ၏ လက်ဝါးချက် ဦးခေါင်းကို တိုက်ရိုက် ထိမှန်သွားသဖြင့် ဘာမျှ မလုပ်နိုင်တော့ဘဲ... ပေါင်နှစ်ထောင် အလေးချိန်ရှိသော ချပ်ဝတ်များနှင့်အတူ ပေပေါင်းများစွာ လွင့်စင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ကာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ဖန့်ချန် သည် မည်သို့မျှ တုန်လှုပ်ပုံမရဘဲ သူ၏ နေရာတွင် တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် သူ၏ မျက်လုံးများကို တစ်ခါမျှ မဖွင့်ခဲ့ပေ။
သူက အသာအယာ ရယ်မောလိုက်သည်။
"ဒါက မြေကမ္ဘာအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စွမ်းအားလား ပြောပလောက်တာ မဟုတ်ပါဘူး..."
ကြည့်ရှုသူများသည် တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှု၊ မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများစွာ ပေါ်ပေါက်လာတော့သည်။