အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း ၁၁၇ - တောင်ပိုင်းမှ ပြဿနာ
ဧကရာဇ်၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ဖန့်ချန် က ပြုံးရုံသာ ပြုံးလိုက်သည်။
"အရှင်မင်းကြီး... စိတ်မဆိုးပါနဲ့ ကျွန်တော် ဒါကို လုပ်တာက ပိုပြီးကြီးမားတဲ့ ရည်မှန်းချက် အတွက်ပါ"
"ငါ့ကို စိတ်မဆိုးနဲ့လို့ မင်း ပြောနေတာလား"
မဟာရှ ဧကရာဇ်သည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိသွားသည်။
"မင်းကိုယ်တိုင်သာ အဲဒီခံစားချက်ကို မြည်းစမ်းကြည့်လိုက်စမ်း ငါက မဟာရှ ရဲ့ အရှင်သခင်၊ နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူပဲ ဒါပေမဲ့ မင်းက အရပ်ဘက်၊ စစ်ဘက် အရာရှိအားလုံးရဲ့ ရှေ့မှာ ငါ့ကို အကျပ်ရိုက်အောင် လုပ်ခဲ့တယ် ဘာလဲ မင်းကိုယ်မင်း ဧကရာဇ်လို့ ထင်နေတာလား ငါ့ထီးနန်းကိုပါ မင်းကို ပေးလိုက်ရမလား"
သူက ဟတ်ခနဲ နှာမှုတ်လိုက်သည်။
"ငါ မင်းရဲ့ အဒေါ်နဲ့အတူ တောရွာကို ပြန်ပြီး သူဌေးကြီးတွေလို အေးအေးဆေးဆေး သွားနေလိုက်ရမလား အဲဒါက ပိုကောင်းမလား"
ဖန့်ချန် ၏ မျက်နှာထက်မှ အပြုံးမှာ ပို၍ သိသာလာသည်။
"ကျွန်တော် ထီးနန်းပေါ် ထိုင်ဖို့ စိတ်မဝင်စားပါဘူး ဧကရာဇ်ဆိုတာ တိုင်းပြည်ကို စီမံခန့်ခွဲရ၊ ပြည်သူကို အလုပ်အကျွေးပြုရနဲ့ တစ်ချက်ကလေးမှ အနားမရတဲ့ အလုပ်ပဲ အဲဒီသောကတွေက ကျွန်တော့်အသက်ကိုတောင် တိုစေပါဦးမယ်"
မဟာရှ ဧကရာဇ်သည် စကားပင် မပြောနိုင်တော့ပေ။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဟိန်းဟောက်လိုက်သည်။
"ဖန့်ချန် မင်း တကယ် ဘာတွေးနေလဲဆိုတာ ငါ့ကို ပြောစမ်း ငါ မင်းကို မြို့စားမင်း ဝတ်စုံ ကမ်းလှမ်းတာတောင် မင်းက ငြင်းတယ် မဟာရှ မှာ အရာရှိလုပ်ရတာ မင်းနဲ့ မတန်ဘူးလို့ ခံစားနေရတာလား"
"လွန်ခဲ့တဲ့ ငါးနှစ်ကဆိုရင်တော့ အရှင်မင်းကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီထမ်းပိုးပေးဖို့ ကျွန်တော် ဆန္ဒရှိမှာပါ အရာရှိတွေနဲ့ ငြင်းခုံဆွေးနွေးရတာက ကျွန်တော့်အတွက် ပျော်စရာပဲ ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းသွားပြီ"
"ကျွန်တော် နန်းတွင်းမှာ မရှိရင်တောင် မဟာရှ အတွက် တစ်ခုခု လုပ်ပေးနိုင်တယ်လို့ ယုံကြည်တယ် ဘာလို့ ဒုက္ခခံနေဦးမှာလဲ ဒါ့အပြင် အဲဒီအရာရှိတွေ ကျွန်တော့်ကို မနာလိုဖြစ်ပြီး အပြစ်ရှာဖို့ ကြံစည်နေရတဲ့ ဒုက္ခကနေလည်း ကင်းဝေးသွားတာပေါ့ အခုဆိုရင် သူတို့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီး အာရုံစိုက်နိုင်ကြမှာပါ"
ဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက မင်း တကယ်တွေးနေတဲ့ အရာလား"
"အရှင်မင်းကြီး ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ... ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲ "
သူက ခဏရပ်လိုက်ပြီး
"တခြား ကိစ္စမရှိရင် ကျွန်တော် ခွင့်ပြုပါဦး"
ဟု ဆိုသည်။
မဟာရှ ဧကရာဇ်က အသာအယာ ခေါင်းငြိမ့်ပြသည်။
"ကောင်းပြီ၊ မင်း သွားနိုင်ပြီ"
ဖန့်ချန် ထွက်ခွာသွားပြီးနောက် ငယ်ရွယ်သော မိန်းမစိုးလေးများ၏ အကူအညီဖြင့် အိုမင်းနေသော မိန်းမစိုးအိုကြီးတစ်ဦး စာကြည့်ဆောင်သို့ ချဉ်းကပ်လာသည်။
မိန်းမစိုး ယု သည် သူ့ကို မြင်သောအခါ အပြေးအလွှား သွားကြိုလိုက်သည်။
"ဘိုးဘေး... ဘာလို့ ဒီကို ကြွလာတာလဲ"
"ငါ ဧကရာဇ်ကို လာတွေ့တာ။ ဒါ မင်းကိစ္စ မဟုတ်ဘူး"
မိန်းမစိုးအိုကြီးက စာကြည့်ဆောင်ထဲသို့ ဝင်ရင်း ပြောလိုက်သည်။
"မင်း သွားလို့ရပြီ"
မိန်းမစိုးချုပ်မှာ တိတ်တဆိတ် အံ့သြသွားသည်။,
ထိုဆရာကြီးမှာ နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဧကရာဇ် သုံးဆက်တိုင်တိုင် အမှုထမ်းခဲ့သူ ဖြစ်သည်။
အခု တတိယမြောက် ဧကရာဇ် လက်ထက်မှာတော့ ဆရာကြီးက အနားယူနေသည့် အခြေအနေ ဖြစ်သည်။ သူသည် အသက် ၁၀၀ ကျော်လောက် ရှိနေပြီ...
"မဟာရှ က အဆင့်(၈)ကို တက်လှမ်းသွားပြီဆိုတဲ့ သတင်းကြောင့် ဆရာကြီးတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ ထင်တယ် မြို့စားမင်း ဖန့် က တကယ်ကို ထူးခြားတာပဲ ငါတို့ မဟာရှ နှစ်ပေါင်း ရာချီအောင် မလုပ်နိုင်ခဲ့တာကို သူက တစ်ရက်တည်းနဲ့ လုပ်ပြသွားတယ်။ ဒါတွေက အိပ်မက်တစ်ခုလိုပဲ..."
မိန်းမစိုးချုပ် ယု က တအံ့တသြ ရေရွတ်နေမိသည်။
စာကြည့်ဆောင်အတွင်း၌...
မိန်းမစိုးအိုကြီးသည် တုန်တုန်ချိချိဖြင့် ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဧကရာဇ်က သူ့ကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"ထပါ။ ငါ ခုနတင် ဖန့်ချန် နဲ့ စကားပြောပြီးပြီ သူက ထီးနန်းကို လုဖို့ ဆန္ဒမရှိပုံပဲ ထီးနန်းဆိုတာ သူ့မျက်လုံးထဲမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေပုံရတယ်"
"သတိထားရပါမယ် အရှင်မင်းကြီး မြို့စားမင်း ဖန့် က ငယ်ရွယ်ပြီး သွေးကြွနေတဲ့အရွယ်ပါ သူက ဖန့်ကျန့်ထျန် ထက်စာရင် ထူးထူးဆန်းဆန်းတွေ လုပ်နိုင်ခြေ ပိုများတယ် အဲဒါကြောင့်လည်း ကျွန်တော်မျိုး ဒီနေ့ အရှင်မင်းကြီးကို လာတွေ့တာပါ"
ဧကရာဇ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းက အသက် ၆ နှစ်ကတည်းက နန်းတော်ထဲဝင်ပြီး ငါ့ရဲ့ ဘိုးဘေးအရှင်သခင်ရဲ့ ဘေးမှာ အမှုထမ်းခဲ့တာ ဘိုးဘေးက လောကီရေးရာတွေကို စိတ်မဝင်စားဘဲ ထာဝရရှင်သန်ခြင်း လမ်းစဉ် (ကျင့်ကြံခြင်းလမ်းစဉ်) ကိုပဲ အာရုံစိုက်ခဲ့တယ် သူ အသက် ၃၀ မှာ ထွက်ခွာသွားမယ်ဆိုတဲ့ စာတစ်စောင် ချန်ထားခဲ့ပြီး အဲဒီကတည်းက ပြန်မလာတော့ဘူး ငါ တစ်ခု မေးပါရစေ၊ ဘိုးဘေးက တကယ်ပဲ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို ရောက်သွားခဲ့တာလား"
"မှန်ပါတယ်"
မိန်းမစိုးအိုကြီးက ဖြည်းဖြည်းချင်း ခေါင်းငြိမ့်သည်။
"သခင်ကြီးက ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်"
"နှမြောစရာကောင်းလိုက်တာ"
မဟာရှ ဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။
"ငါတို့ ရှ မိသားစုက ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်ခဲ့ပေမယ့် ငါတို့အတွက် ဘာအမွေအနှစ်မှ ကျန်မထားခဲ့ဘူး သူက မဟာရှ ကို လုံးဝ ပစ်ပယ်ထားခဲ့တာပဲ အဲဒါက ဘာကို ဆိုလိုတာလဲ အကယ်၍ ဘိုးဘေးသာ မဟာရှ ကို တစ်ဖက်တစ်လမ်းက ကူညီခဲ့ရင် ဖန့်ချန် မပေါ်ခင်ကတည်းက ငါတို့ ရှစ်ဆင့်မြောက်ကို ရောက်နေမှာ၊ အဆင့်(၇)ကိုတောင် တက်နိုင်တဲ့ အခွင့်အရေး ရှိမှာ"
"သခင်ကြီးက တစ်ခါက ပြောဖူးပါတယ် ကျင့်ကြံခြင်းလမ်းစဉ်ဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်တဲ့ တကယ်လို့ သူသာ မဟာရှ အတွက် ဝင်ရောက် စွက်ဖက်ခဲ့ရင် သူ့ရဲ့ ရန်သူတွေက ငါတို့နဲ့ သူ့ကြားက ပတ်သက်မှုကို သိသွားလိမ့်မယ် အဲဒီလို ဖြစ်လာရင် ငါတို့ပါ ပြဿနာတွေကြားထဲ ဆွဲသွင်းခံရနိုင်တယ်"
"ဒါ့အပြင် ကျင့်ကြံခြင်းဆိုတာ လောကီအနှောင်အဖွဲ့တွေကို ဖြတ်တောက်ရတာလို့ သခင်ကြီးက ဆိုပါတယ်။ အနှောင်အဖွဲ့တွေ အားလုံးကို ဖြတ်တောက်နိုင်မှသာ ထာဝရရှင်သန်ခြင်း လမ်းစဉ်မှာ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်"
မိန်းမစိုးအိုကြီးက တိုးညှင်းသော အသံဖြင့် ရှင်းပြသည်။
"မဟာရှ မှာ သူ့ရဲ့ ကံကြမ္မာနဲ့သူ ရှိပါတယ်။ သူက အများကြီး ဝင်စွက်ဖက်ဖို့ မလိုသလို၊ စွက်ဖက်လို့လည်း မရပါဘူး"
"ဒါကြောင့်လည်း ဒီနှစ်တွေတစ်လျှောက်လုံး ဘိုးဘေးက ပြန်လာပေမယ့် မင်းနဲ့ပဲ တွေ့တာပေါ့ သူ့ရဲ့ ကိုယ်ပိုင် ဆွေမျိုးသားချင်းတွေဖြစ်တဲ့ ငါတို့ကိုတော့ တွေ့ဖို့ ဆန္ဒမရှိဘူး"
ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။
မိန်းမစိုးအိုကြီးက ခေါင်းငုံ့ကာ တိတ်ဆိတ်နေလိုက်သည်။
"အခုတော့ အခြေအနေတွေက အရင်နဲ့ မတူတော့ဘူး ဖန့် မိသားစုက ကျင့်ကြံသူတွေ ထွက်ပေါ်လာပြီ ဖန့်ချန် ကိုယ်တိုင်ကလည်း အစွမ်းထက်တဲ့ ကျင့်ကြံသူ ဖြစ်နေနိုင်တယ် သိုင်းသမားတွေတောင် ဧကရာဇ်အာဏာကို ကျော်လွန်နိုင်ရင် ကျင့်ကြံသူတွေဆိုတာ ပြောနေစရာတောင် မလိုတော့ဘူး..."
ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
"မင်းမှာ ဘိုးဘေးနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှိတယ်ဆိုတာ ငါသိတယ် ငါ့ရဲ့ သတင်းစကားကို သူ့ဆီ ပါးပေးစေချင်တယ် မဟာရှ ရဲ့ ဧကရာဇ်အာဏာက မတည်ငြိမ်တော့ဘူး၊ သူ ပြန်လာပြီး အခြေအနေကို ထိန်းကျောင်းပေးဖို့ ငါ မျှော်လင့်တယ်လို့ ပြောပေးပါ"
"ကျွန်တော်မျိုး... အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။"
မိန်းမစိုးအိုကြီးက ခေါင်းငြိမ့်ကာ တုန်တုန်ချိချိဖြင့် စာကြည့်ဆောင်ထဲမှ ထွက်ခွာသွားသည်။
နောက်ရက်အနည်းငယ်အတွင်း မဟာရှ က အဆင့်(၈)ကို ရောက်သွားသည့် သတင်းမှာ တောမီးပမာ ပြန့်နှံ့သွားပြီး အိမ်နီးချင်း အင်ပါယာများအားလုံးဆီသို့ ရောက်ရှိသွားသည်။
ထိုသတင်းကြောင့် မဟာရှ ပြည်သူများသည် ပျော်ရွှင်လွန်းသဖြင့် တတိယမင်းသားအတွက် ဝမ်းနည်းပူဆွေးမှုများပင် ပျောက်ကွယ်သွားကြသည်။
မင်းသားတစ်ပါး ဆုံးရှုံးရခြင်းထက် မဟာရှ က အဆင့်(၈) အင်ပါယာ ဖြစ်လာသည်က သူတို့အတွက် ပို၍ ဂုဏ်ယူစရာ ဖြစ်နေသည်။
လီတောက်ယဲ့ နဂါးကျောရိုး မှ ယူဆောင်လာသော လက်ဖွဲ့ပြုလုပ်သည့် ပစ္စည်းများမှာ ဖန့်ချန် ၏ လက်ထဲတွင် ရက်အနည်းငယ်အတွင်း ကုန်သလောက် ဖြစ်သွားခဲ့ပြီး အဆောင်အသစ်များကို ထပ်မံ ထုတ်လုပ်နိုင်ခဲ့သည်။
သူသည် အချို့ကို မိမိအတွက် သိမ်းထားပြီး အများစုကိုတော့ မဟာရှ လျှို့ဝှက်အစောင့်အကြပ် များထံသို့ ပေးပို့လိုက်သည်။
ဖန့်ချန် က အဆောင်အများစုကို ပေးပစ်လိုက်သည်ကို မြင်သောအခါ လီတောက်ယဲ့ က နားမလည်နိုင်စွာဖြင့် မေးသည်။
"ဘာလို့ ဒီ ခရမ်းရောင်လျှပ်စီး အဆောင် တွေကို မင်းကိုယ်တိုင်အတွက် မသိမ်းထားတာလဲ မင်းရဲ့လက်ထဲမှာဆိုရင် ဒါတွေက ပိုပြီး အစွမ်းပြနိုင်မှာလေ"
ဖန့်ချန် က ခပ်အေးအေး ပြုံးကာ ပြန်ဖြေသည်။
"နောက်ဆုံးမှာတော့ ငါက တစ်ယောက်တည်းပဲ ရှိသေးတာ တစ်ခုခု ဖြစ်လာရင် တစ်ဦးတစ်ယောက်တည်းရဲ့ အင်အားက အကန့်အသတ် ရှိတယ် ငါတို့ ကြိုတင် ပြင်ဆင်ထားရမယ် တကယ်လို့ ချင်းဟဲ က အကူအညီ ရှာမတွေ့ခဲ့ရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ငါတို့ဘာသာ ရင်ဆိုင်ရလိမ့်မယ်"
လီတောက်ယဲ့ က ကြောက်လန့်တကြား အသက်ရှူမှားသွားသည်။
"မင်းမှာ ယုံကြည်ချက် မရှိဘူးလား"
"မရှိဘူး။"
ဖန့်ချန် က ခေါင်းခါလိုက်သည်။
"ချင်းဟဲ ရဲ့ ဆရာကို အကူအညီတောင်းတာပဲဖြစ်ဖြစ်၊ ငါတို့ကိုယ်တိုင် ဝိညာဉ်သွေးဂိုဏ်း ရဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရတာပဲဖြစ်ဖြစ်... ဘယ်ကိစ္စမှာမှ ငါ့မှာ ယုံကြည်ချက် မရှိဘူး"
"တောက်"
လီတောက်ယဲ့ ဆဲလိုက်မိသည်။
ဖန့်ချန် က ဒီတစ်ခေါက်မှာ ခရမ်းရောင်လျှပ်စီး အဆောင် တွေကို ဗြောင်သုံးပြခဲ့တာက ယုံကြည်ချက် ရှိလို့ပဲဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။ ဖန့်ချန် က ယုံကြည်ချက် မရှိဘူးဟု ပြောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဒါပေမဲ့ ဒါကလည်း မတတ်နိုင်ဘူးလေ"
လီတောက်ယဲ့ က သူ့ဘာသာ ရေရွတ်လိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေက စိတ်ကူးယဉ်လို့တောင် မရနိုင်ဘူး။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်က သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ထို့နောက် ချက်ချင်းပင် သူ၏ မျက်လုံးများ လင်းလက်လာပြီး
"ဖြစ်နိုင်တာက ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေ ဒါကို မသိသေးတာလည်း ဖြစ်နိုင်တယ်။ သူတို့မျက်လုံးထဲမှာ မဟာရှ ဆိုတာ ဆေးလုံးချက်ဖို့ ဖိုလေးတစ်ခုပဲလေ"
ဖန့်ချန် ကတော့ ထိုသို့ မထင်ပေ။
"သူတို့က ဒီမှာ သွေးဝိညာဉ်ဆေးလုံး ခြောက်လုံးတောင် ချက်ပြီးပြီဆိုတော့ မဟာရှ ကို သေချာ စောင့်ကြည့်နေမှာပဲ"
"ဒါဆို... ငါတို့ ထွက်ပြေးကြရင်ရော"
သူက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အကြံပြုသည်။
"မြို့စားမင်း ဖန့်... ပညာရှိဆိုတာ ပြိုတော့မယ့် တံတိုင်းအောက်မှာ မရပ်ဘူးလေ မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်မှ ပြန်လာခဲ့ပေါ့အခုတော့ မဟာရှ က ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ဝိညာဉ်ကျောက်တုံးလည်း မထွက်ဘူး ကျင့်ကြံဖို့ ကောင်းတဲ့ နေရာလည်း မဟုတ်ဘူး... မင်းရဲ့ မိသားစုကို ခေါ်ပြီး ငါနဲ့အတူ မီးတောက် အင်ပါယာကို လိုက်ခဲ့ပါ"
"သိုင်းပညာပဲဖြစ်ဖြစ်၊ ကျင့်ကြံခြင်းပဲဖြစ်ဖြစ်... အဲဒါတွေကို လုပ်တာက ကိုယ့်ရဲ့ အင်ပါယာကို အင်အားကြီးအောင် လုပ်ဖို့ပဲ။ ကိုယ့်ရဲ့ အမြစ်ကို စွန့်ပစ်ဖို့ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
ဟု ဖန့်ချန် က ပြန်ဖြေလိုက်သည်။
လီတောက်ယဲ့ စကားပင် မပြောနိုင်တော့ပေ။ ကျင့်ကြံသူ တစ်ယောက်က ဒီလောက်အထိ လောကီရေးရာမှာ တာဝန်သိစိတ် ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မကြားဖူးပေ။
ရုတ်တရက် ရွှီဂီ ဝင်လာပြီး သတင်းပို့သည်။
"သခင်လေး... ယွမ်ကျန်း က တွေ့ခွင့်တောင်းနေပါတယ်"
ဖန့်ချန် ၏ အမူအရာ ပြောင်းလဲသွားသည်။
"ယွမ်ကျန်း သူတို့ တောင်ပိုင်းကနေ ပြန်ရောက်ပြီလား"
"တစ်ခုခု မှားနေပြီ"
ရွှီဂီ ဆိုသည်။
ဖန့်ချန် ခေါင်းငြိမ့်လိုက်သည်။
"သူ့ကို အထဲ ခေါ်ခဲ့လိုက်"
ယွမ်ကျန်း ရောက်လာသောအခါ တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး ဒဏ်ရာအမျိုးမျိုး ရရှိထားသည်။ အချို့မှာ အမာရွတ် ဖြစ်နေပြီဖြစ်သော်လည်း အချို့မှာ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများ ဖြစ်သည်။
သူသည် မြို့တော်သို့ ရောက်သည်နှင့် ဖန့်အိမ်တော် သို့ တည့်တည့် လာခဲ့ခြင်း ဖြစ်ကြောင်း သိသာလှသည်။
"သခင်လေး... အခြေအနေ မကောင်းတော့ဘူးတောင်ပိုင်းဒေသက သိုင်းဂိုဏ်းတွေက နက်နဲသောဓားဂိုဏ်း ကို ဝိုင်းထားကြပြီ! တပ်မှူး ကျွယ် နဲ့ တခြားလူတွေ အဲဒီမှာ ပိတ်မိနေကြတယ်"
ဟု ယွမ်ကျန်း က စိုးရိမ်တကြီး အော်ပြောလိုက်တော့သည်။
အခန်း ၁၁၈ - တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ခြင်း
ယွမ်ကျန်း သည် မူလက တောင်ပိုင်းဒေသရှိ အခြေအနေများကို ရှင်းလင်းရာတွင် တပ်မှူး ကျွယ် ကို ကူညီရန် တာဝန်ကျခဲ့သူဖြစ်သည်။
သို့သော် ကောင်းကင်ဓားအိမ်တော် တစ်ခုလုံး အသတ်ခံရသည့်ကိစ္စကို သူတို့ မဖြေရှင်းနိုင်သေးပေ။
တပ်မှူး ကျွယ် က တရားခံများကို အပြတ်ရှင်းပြီးပြီဟု သတင်းလွှင့်ခဲ့သော်လည်း သိုင်းလောကမှ ဂိုဏ်းအသီးသီးက ၎င်းကို မယုံကြည်ကြပေ။
ထို့ပြင် တပ်မှူး ကျွယ် ရောက်ရှိလာသည်နှင့် ဂိုဏ်းငယ်လေးများကို စတင်ရှင်းလင်းခဲ့ခြင်းကလည်း အခြေအနေကို ပိုဆိုးစေခဲ့သည်။
ထိုဂိုဏ်းများ၏ ကံကြမ္မာမှာ အမျိုးမျိုးရှိသည်၊ အချို့ဂိုဏ်းများမှာ လုံးဝဖျက်သိမ်းခံရပြီး၊ အချို့မှာ တပည့်များ အကျဉ်းချခံရသည်၊ အချို့မှာ အကွပ်မျက်ခံရကာ ကျန်သည့်လူများကိုတော့ ဂိုဏ်းမှနှင်ထုတ်၍ လူစုခွဲပစ်ခဲ့သည်။
ထိုကဲ့သို့သော သုတ်သင်ရှင်းလင်းမှုများကြောင့် သိုင်းလောကတွင် အကြီးအကျယ် ဆူပူအုံကြွမှု ဖြစ်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် တောင်ပိုင်းဒေသ၏ အဓိကဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ခုဖြစ်သော၊ ကောင်းကင်ဓားအိမ်တော် နှင့် နက်နဲသောဓားဂိုဏ်း တို့နှင့် အဆင့်အတန်းတူညီသည့် ဧရာမဓားဂိတ်ဂိုဏ်း က စတင်လှုပ်ရှားလာတော့သည်။
သူတို့သည် တောင်ပိုင်းဒေသရှိ ဂိုဏ်းအသီးသီးကို စုစည်းကာ နက်နဲသောဓားဂိုဏ်း ထံသို့သွား၍ ရှင်းလင်းချက်တောင်းရန် ရောက်ရှိလာကြသည်။
ယခုအခါ နက်နဲသောဓားဂိုဏ်း မှာ ဝိုင်းရံပိတ်ဆို့ခံထားရပြီး တပ်မှူး ကျွယ် နှင့် သူ၏လက်အောက်ငယ်သားများမှာ အတွင်း၌ ပိတ်မိနေကြသည်။
ယွမ်ကျန်း သည် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်လာခဲ့ပြီး ဖန့်ချန် ထံသို့ သတင်းပို့ရန် မြို့တော်သို့ အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။
ဖန့်ချန် က အသာအယာ ရယ်မောလိုက်သည်။
"နှောင်ကြိုးမဲ့နန်းတော် ကရော သူတို့က ဘယ်လိုသဘောထားရှိလဲ"
နှောင်ကြိုးမဲ့နန်းတော် မှာ အဓိကဂိုဏ်းကြီးလေးဂိုဏ်းထဲမှ အခြားတစ်ခုဖြစ်သော်လည်း သူတို့၏တပည့်များမှာ တောင်ပေါ်မှ ဆင်းလေ့မရှိသဖြင့် တောင်ပိုင်းဒေသ၏ အလွန်လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ခုဖြစ်သည်။
"သူတို့ ဝင်ရောက်စွက်ဖက်တဲ့ပုံ မပေါ်ပါဘူး"
ဟု ယွမ်ကျွမ်း က တိုးတိုးလေး ဖြေသည်။
"ဒေသခံ အစောင့်တပ်တွေနဲ့ အရာရှိတွေကရောနက်နဲသောဓားဂိုဏ်း ထဲမှာ နန်းတွင်းအရာရှိတွေလည်း ပိတ်မိနေတာပဲလေ သူတို့က ဘာတုံ့ပြန်မှုမှ မပြကြဘူးလား"
ဟု ဖန့်ချန် က ဆက်မေးသည်။
"သူတို့လည်း ဘာမှမလုပ်ကြဘူး။"
ယွမ်ကျန်း က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ သူတို့က ဧရာမဓားဂိတ်ဂိုဏ်း ရဲ့ လုပ်ရပ်ကို ကြိတ်ပြီး ထောက်ခံနေကြပုံပဲ ကျွန်တော်ထင်တာတော့ တောင်ပိုင်းဒေသ ကိုးခရိုင်ရဲ့ သိုင်းလောက အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေပုံရတယ်"
"သူတို့တွေ ဒီလောက်မြန်မြန် ထွက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး ဒေသကို ရှင်းလင်းလိုက်တာက သူတို့ရဲ့ အကျိုးစီးပွားတွေကို သွားထိခိုက်စေပုံရတယ်။ ယုန်တောင်မှ ထောင့်ပိတ်မိရင် ပြန်ကိုက်တတ်တာပဲလေ"
ဖန့်ချန် က ခပ်အေးအေး ပြုံးလိုက်သည်။
"တောင်ပိုင်းဒေသမှာ သယံဇာတက ရှားပါးတယ်၊ အဲဒီမှာ သိုင်းဂိုဏ်းတွေကလည်း အများကြီးပဲ။ အဲဒီကိုသွားတဲ့ အရာရှိတွေက သူတို့ရဲ့ အကျိုးစီးပွားကို သွားထိရင် ပြဿနာတွေနဲ့ ပတ်သက်ရတော့တာပဲ အဲဒီနေရာက တကယ်ကို အမြစ်ကနေ ပုပ်နေတာပဲ"
ယွမ်ကျွမ်း မှာ အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါတွေဖြစ်လာမယ်လို့ သခင်လေး ကြိုသိနေတာလား"
ဖန့်ချန် က မဖြေဘဲ ရွှီဂီ ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ဘိုးဘေး နဲ့ တခြားလူတွေကို ပြောလိုက်ပါ ဖန့်အိမ်တော် ကလူတွေ အပြင်မထွက်ရတာ ကြာပြီဆိုတော့... အိမ်တော်ကလူတွေအားလုံး တောင်ပိုင်းဒေသကို သွားပြီး အနားယူကြမယ်လို့"
ရွှီဂီ ၏ မျက်လုံးများထဲတွင် အံ့သြမှုများ လင်းလက်သွားသည်။ အိမ်တော်ကလူတွေ အားလုံးလား သခင်လေးက ဖန့်အိမ်တော် တစ်ခုလုံးကို မြို့တော်ကနေ ဆုတ်ခွာစေချင်တာလား
"အစေခံတွေနဲ့ အလုပ်သမားတွေ တစ်ယောက်မှ ချန်မထားခဲ့ရဘူးလား"
ဟု ရွှီဂီ က တိုးတိုးလေး မေးသည်။
"သူတို့ကိုပါ ခေါ်ခဲ့လိုက် မင်းက တာဝန်ယူရမယ်"
ရွှီဂီ ၏ မျက်လုံးများ အရောင်တောက်သွားသည်။
သူ ချက်ချင်းပင် နားလည်သွားသည်၊ ဖန့်ချန် က မဟာရှ လျှို့ဝှက်အစောင့်အကြပ် အချို့ကို အစေခံများအဖြစ် ဟန်ဆောင်ခိုင်းကာ အိမ်တော်တွင် ကျန်ရစ်စေလိုခြင်း ဖြစ်သည်။
သူတို့၏ အပြန်အလှန်စကားများကို ကြည့်ရင်း လီတောက်ယဲ့ လည်း ဖန့်ချန် ဘာကို ရည်ရွယ်နေသည်ကို နားလည်သွားသည်။
၎င်းမှာ နောင်တွင် ရောက်လာမည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရန်အတွက် အနှောင်အဖွဲ့ကင်းအောင် ကြိုတင်ပြင်ဆင်ခြင်းပင်။
ဖန့်ချန် က သူ၏ မိသားစုဝင်များ ဘေးမသီရန်မခစေရန်နှင့် ရန်သူက သူတို့ကို ဓားစာခံအဖြစ် အသုံးမပြုနိုင်စေရန် မြို့တော်မှ ထွက်ခွာစေလိုခြင်း ဖြစ်သည်။
လီတောက်ယဲ့ က လေးစားစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
"တကယ့်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ ဖန့်ချန်"
ဟု သူက ချီးကျူးလိုက်သည်။
သို့သော် ဖန့်ချန် ၏ နောက်ထပ်စကားကြောင့် သူ အံ့သြသွားရပြန်သည်။
"မင်းလည်း ဖန့်အိမ်တော် မှာပဲ နေခဲ့ရမယ်"
"ဘာ"
လီတောက်ယဲ့ က ထိတ်လန့်တကြား အော်လိုက်တော့သည်။
လေးနာရီ ကြာပြီးနောက်...
ဖန့်အိမ်တော် မှ လူအုပ်ကြီးသည် မြို့တော်မှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြသည်။
၎င်းကို မြင်တွေ့ရသော မြို့တော်သားများမှာ အံ့အားသင့်သွားကြပြီး တိုးတိုးတိတ်တိတ် ခန့်မှန်းပြောဆိုနေကြသည်။
ဖန့်အိမ်တော် က အပန်းဖြေခရီးသွားခြင်းဖြစ်ကြောင်း သတင်းလွှင့်ထားသော်လည်း လူအများအပြား ထိုကဲ့သို့ ထွက်ခွာသွားသည်ကို မြင်ရသဖြင့် မြို့တော်မှ မင်းစိုးရာဇာများက သံသယဖြစ်နေကြသည်။
သို့သော် သူတို့တွင် မေးမြန်းပိုင်ခွင့်မရှိသလို၊ မေးမြန်းရဲခြင်းလည်း မရှိကြပေ။
ရထားလုံးအတွင်း၌ ဖန့်ကျန့်ထျန် က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဖန့်ချန် ကို ကြည့်လိုက်သည်။
"ငါ့မြေး... တောင်ပိုင်းဒေသက ပြဿနာတွေက နှစ်ပေါင်းများစွာ စုပုံနေတာ အရင်က ငါတောင် မဖြေရှင်းနိုင်ခဲ့ဘူး မင်း ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ အပြတ်ရှင်းပစ်ဖို့ ပြင်ဆင်ထားပြီးပြီလား"
ယခုဖြစ်ပျက်နေသောအရာမှာ အသစ်အဆန်းမဟုတ်ပေ။ သယံဇာတ ရှားပါးမှုကြောင့် ပဋိပက္ခများမှာ ရှောင်လွှဲ၍မရဘဲ သိုင်းဂိုဏ်းများစွာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မြို့တော်မှ စစ်ဗိုလ်ချုပ်အများအပြားမှာ မူလက တောင်ပိုင်းဒေသသားများ ဖြစ်ကြသလို အဓိကဂိုဏ်းကြီးလေးဂိုဏ်းတွင် ပညာသင်ကြားခဲ့ကြသူများလည်း ရှိသည်။ ထို့ကြောင့် အချင်းချင်း ဆက်နွှယ်မှုများက တောင်ပိုင်းဒေသကို အလွန်ရှုပ်ထွေးစေခဲ့သည်။
တစ်ခါတစ်ရံ မြို့တော်မှ ထုတ်ပြန်သော အမိန့်များသည် တောင်ပိုင်းဒေသတွင် အဓိပ္ပာယ်တစ်မျိုး ပြောင်းလဲသွားတတ်ပြီး တော်ဝင်မိသားစုကလည်း ဘာမှမတတ်နိုင်ပေ။
စစ်တပ်လွှတ်ရန်မှာလည်း ဂိုဏ်းများနှင့် စစ်ဗိုလ်ချုပ်များကြား ဆက်နွှယ်မှုများကြောင့် စစ်တပ်အတွင်း ပုန်ကန်မှုများ ဖြစ်လာမည်ကို စိုးရိမ်ရသည်။
ရိုးရိုးလေးပြောရလျှင် မြို့တော်မှ အမိန့်များသည် တောင်ပိုင်းဒေသတွင် အရာမထင်ပေ၊ အထူးသဖြင့် ဂိုဏ်းကြီးလေးဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။
တောင်ပိုင်းသို့ စေလွှတ်ခံရသော အရာရှိများသည် အပြောင်းအလဲလုပ်ရန် ခက်ခဲလှပြီး၊ ကြိုးစားသူများမှာလည်း လူသတ်သမားကို ရှာမရဘဲ အသတ်ခံရလေ့ရှိသည်။
အကြောင်းမှာ တောင်ပိုင်းဒေသရှိ လူတိုင်းသည် သံသယဖြစ်ဖွယ်ရာ လူသတ်သမား ဖြစ်နိုင်သောကြောင့်ပင်
ဖန့်ကျန့်ထျန် သည် ငယ်စဉ်က တောင်ပိုင်းဒေသကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခဲ့ဖူးသော်လည်း ဂိုဏ်းများနှင့် နန်းတွင်းမှ ဖိအားများကြောင့် ဘာအပြောင်းအလဲမှ မလုပ်နိုင်ဘဲ ပြန်လာခဲ့ရဖူးသည်။
"တောင်ပိုင်းရဲ့ ပြဿနာက အဲဒီဂိုဏ်းတွေပဲ သူတို့မှာ မြေမျက်နှာသွင်ပြင်နဲ့ လူအင်အား အားသာချက်ရှိတယ် ချီအမြုတေအဆင့် သိုင်းသမားတွေ ဝင်ရောက်စွက်ဖက်ရင်တောင် သူတို့က ကြောက်မှာမဟုတ်ဘူး"
ဟု ဖန့်ကျန့်ထျန် က ဆိုသည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"သူတို့ ရင်ဆိုင်ရမှာက ချီအမြုတေအဆင့် သိုင်းသမားတွေ မဟုတ်ပါဘူး အဲဒီက ပရမ်းပတာ အခြေအနေတွေကို ဖြေရှင်းဖို့ဆိုရင် ငါတို့က အရမ်းမြန်မြန် လှုပ်ရှားရမယ် သူတို့ကို ပြန်တုံ့ပြန်ဖို့ အချိန်မပေးလို့ မရဘူး"
"စစ်တပ်ထဲမှာလည်း လူအများအပြားက တောင်ပိုင်းဒေသနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိကြတယ် တကယ်လို့ မင်း သူတို့ကို အရေးယူမယ်ဆိုရင် စစ်တပ်ထဲမှာ ဆူပူမှုတွေ ဖြစ်လာနိုင်တယ် ဒါပေမဲ့ မင်းက နှင်းရေခဲ အင်ပါယာကို အနိုင်ယူပြီး မဟာရှ ကို အဆင့်(၈) အင်ပါယာဖြစ်အောင် လုပ်ပေးထားတာဆိုတော့ မင်းရဲ့ ဂုဏ်သတင်းကြောင့် တစ်ခုခု မလုပ်ခင် သူတို့ နှစ်ခါပြန် စဉ်းစားကြလိမ့်မယ်။"
ဖန့်ကျန့်ထျန် က ခေါင်းငြိမ့်သည်။
"အခုအချိန်မှာ သူတို့တွေ ထိတ်လန့်နေတုန်းပဲ အခု လှုပ်ရှားတာက အကောင်းဆုံး အခွင့်အရေးပဲ အချိန်အကြာကြီး ပေးလိုက်ရင် သူတို့ရဲ့ ကြောက်စိတ်တွေ လျော့သွားပြီး ငါတို့နဲ့အတူ အသေခံဖို့ ရွေးချယ်လာနိုင်တယ်"
ဖန့်ချန် က ဆက်ပြောသည်။
"ဒါ့အပြင် ကျွန်တော့်မှာ နောက်ထပ် စိတ်ကူးတစ်ခု ရှိသေးတယ် အရင်က ကျွန်တော် ယူလာတဲ့ နှင်းခဲစိမ့်စမ်းရေ က တောင်ပိုင်းဒေသကပဲ။ အဲဒီစိမ့်စမ်းရေက ဝိညာဉ်စိမ့်စမ်းကနေ လာတာမလို့ ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတယ်"
"ကျင့်ကြံခြင်းလောကမှာ ဂိုဏ်းတစ်ခု ထောင်ချင်ရင် ဝိညာဉ်တောင် ဒါမှမဟုတ် ဝိညာဉ်စိမ့်စမ်းတစ်ခုကို အခြေခံအဖြစ် လိုအပ်တယ် အဲဒီစိမ့်စမ်းကို ဒီကို သယ်လာဖို့က မဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် အဲဒီကို သွားလို့ရတာပဲ အဲဒီမှာ အိမ်တော်အသစ် တစ်ခု ဆောက်လို့ရတယ်"
ဝိညာဉ်သွေးဂိုဏ်း မှ ကျင့်ကြံသူများသည် မြို့တော်သို့ အချိန်မရွေး ရောက်လာနိုင်သည်။
တောင်ပိုင်းဒေသတွင် အခြေစိုက်ခြင်းဖြင့် ဖန့် မိသားစုဝင်များ ဘေးကင်းနိုင်သလို၊ သူတို့အတွက် ခိုင်မာသော အခြေခံကောင်းတစ်ခုလည်း ရရှိမည်ဖြစ်သည်။
လက်ရှိတွင် ဖန့် မိသားစုဝင် မည်သူမျှ နန်းတွင်း၌ ရာထူးမရှိကြသဖြင့် မြို့တော်မှ ထွက်ခွာသွားခြင်းကြောင့် ကြီးမားသော ဆုံးရှုံးမှု မရှိနိုင်ပေ။
ဖန့်ကျန့်ထျန် ၏ မျက်လုံးများ လင်းလက်သွားသည်။
"အော်..."
ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ရှိလာကတည်းက ထိုလမ်းစဉ်သည် ဖန့် မိသားစုကို မျိုးဆက်များစွာ တင့်တယ်စေမည်ကို သူ သေချာပေါက် သိရှိထားသည်။
တကယ်လို့ တောင်ပိုင်းဒေသတွင် ဝိညာဉ်စိမ့်စမ်းသာ တကယ်ရှိပါက ဖန့် မိသားစု၏ နောက်မျိုးဆက်များသည် ကျင့်ကြံခြင်း ပါရမီများကို ပိုမို မြှင့်တင်နိုင်ကြလိမ့်မည်
ထို့ပြင် ကျင့်ကြံသူများအတွက် သယံဇာတများ လိုအပ်သည်။ ဝိညာဉ်စိမ့်စမ်းသည် ဝိညာဉ်ကျောက်တုံးများကဲ့သို့ အသုံးပြုရ မလွယ်ကူသော်လည်း ၎င်း၏ ပေါများမှုက ထိုအားနည်းချက်ကို ကာမိစေသည်။
"မြေးမလေး ကျစ်ရွှယ် က အခုဆို ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်နေပြီ မကြာခင် သူမရဲ့ မသေမျိုးသွေးကြောတွေကို စုစည်းနိုင်တော့မှာပါ သူမ ကျင့်ကြံသူ ဖြစ်လာရင် မင်းလည်း အရင်ကလောက် ဝန်မပိတော့ပါဘူး နောင်ကျရင် မင်း ဒီထက်ကျယ်ပြောတဲ့ ကမ္ဘာကြီးဆီကို လွတ်လွတ်လပ်လပ် သွားနိုင်မှာပေါ့။"
ဖန့်ကျန့်ထျန် က သက်ပြင်းချရင်း ဆိုသည်။
"အဲဒါ ကောင်းတဲ့အချက်ပဲ။"
ဖန့်ချန် က ပြုံးပြီး ခေါင်းငြိမ့်သည်။ ဤကာလအတွင်း ဖန့်ကျစ်ရွှယ် သည် အရင်လို သိုင်းသမားများနှင့် ရောနှောသွားလာခြင်း မရှိတော့ဘဲ အိမ်ထဲ၌သာ နေလေ့ရှိသည်။
နေ့ညမပြတ် သူမသည် ခရမ်းရောင်ချီကျမ်း ၏ နက်နဲမှုကို နားလည်ရန် အာရုံစိုက်နေပြီး သိုင်းပညာထက် ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမို စိတ်ဝင်စားကြောင်း ပြသနေသည်။
ဖန့်ချန်ဟိုင်၊ ဖန့်ချန်ယူ နှင့် တခြားလူများလည်း သူတို့၏ ကိုယ်ပိုင် သိမြင်နားလည်မှုများ ရရှိထားကြသည်။
သူတို့၏ ပါရမီမှာ သာမန်မျှသာ ဖြစ်သော်လည်း ချီသန့်စင်ခြင်း တတိယ သို့မဟုတ် စတုတ္ထအဆင့်သို့ ရောက်ရှိခြင်းမှာပင် သူတို့အတွက် လုံလောက်လှသည်။
ကျင့်ကြံခြင်းမှာ လွယ်ကူသောလမ်းမဟုတ်ပေ။ ဖန့်ချန် အနေဖြင့် ဖန့် မိသားစုကို အနာဂတ်တွင် ကျင့်ကြံသူ မိသားစုကြီး တစ်ခုဖြစ်လာရန် အတင်းအကျပ် မမျှော်လင့်သော်လည်း၊ ကျင့်ကြံသူ ဒါဇင်အနည်းငယ် ထွက်ပေါ်လာရန်မှာမူ မခက်ခဲနိုင်ပေ။