အိပ်မက်မက်နေပြန်တာလား
Vol. 34 Ch. 331
ယွဲ့ချန်ချီသည် သူတော်စင် ယွိယောင်၏ ဝိညာဉ်ဖိနှိပ်မှုဒဏ်ကြောင့် သတိမေ့သွားခဲ့ခြင်း ဖြစ်သည်။
ချန်ဟွိုက်အန်က သူ့ကို ကယ်ထုတ်ပြီး ကမ္ဘာငယ်ထဲသို့ ခေါ်ဆောင်လာပြီးနောက်တွင်မူ သူတော်စင် ယွိယောင်၏ စွမ်းအားများက သူ့ထံသို့ မသက်ရောက်နိုင်တော့ပေ။ ဝိညာဉ်ဖိနှိပ်မှု ကင်းစင်သွားသည်နှင့်အမျှ သူက တဖြည်းဖြည်း သတိပြန်လည်လာတော့သည်။
မျက်လုံးဖွင့်လိုက်သည့် ခဏတွင် ယွဲ့ချန်ချီ မြင်လိုက်ရသည်မှာ ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ငွေရောင်ဆံနွယ်များ တဖျပ်ဖျပ်လွင့်နေသည့် ခန့်ညားသော ဓားကျင့်ကြံသူတစ်ဦးက မိုးကုပ်စက်ဝိုင်းရှိ လမင်းကို လွမ်းမောဖွယ် ငေးမောကြည့်ရှုရင်း တစ်ကိုယ်တည်း ရပ်နေခြင်းပင်။
သူ ခေတ္တမျှ ကြောင်အသွားပြီးနောက် ကိုယ့်ပါးကို ရိုက်ကာ နှာခေါင်းရှုံ့ရင်း ရေရွတ်လိုက်သည်။
“ယွဲ့ချန်ချီ... အိုး... ယွဲ့ချန်ချီ... နွေဦးလေညင်းတွေက လေထဲမှာ ပျံ့နေလို့ နင်လည်း ဖိုမကိစ္စတွေ စိတ်ထနေတာလား။ ဘိုးဘေးအကြောင်း အိပ်မက်မက်နေတယ်ပေါ့။ တကယ်ကြီးလား။”
ချန်ဟွိုက်အန် လှည့်ကြည့်လိုက်ရာ နိုးလာစ ယွဲ့ချန်ချီ၏ မျက်နှာတစ်ခုလုံးတွင် မေးခွန်း သင်္ကေတများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“ဟီးဟီး၊ ဘိုးဘေးက ငါ့ကို တကယ်ပဲ လှည့်ကြည့်နေတာလား။” ယွဲ့ချန်ချီက ဟန်ဆောင် ပန်ဆောင်နှင့် လေးနက်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။ “စိတ်က တော်တော်လေး ထနေပုံပဲ... သောက်စရာ အလုံအလောက် မရခဲ့လို့ ဖြစ်ရမယ်။ ဟိုယွိယောင်ဆိုတဲ့ အဘွားကြီးက ငါ့ကို တစ်ငုံတောင် ပေးမသောက်ဘူး။ ငါ့ရဲ့ တာအိုခန္ဓာကိုယ်ကို ထိခိုက်လိမ့်မယ်တဲ့။ ဆယ်စုနှစ်ချီ သောက်လာတဲ့ ငါ့ခန္ဓာကိုယ်အကြောင်း ငါမသိဘဲ နေမလား။ မိန်းမယုတ်...”
ချန်ဟွိုက်အန် - “...”
ဘိုးဘေးဘက်မှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ယွဲ့ချန်ချီက ၎င်းမှာ အိပ်မက်သာ ဖြစ်သည်ဟု ယူဆလိုက်ကာ သတ္တိများ ထူးထူးခြားခြား ကြွလာတော့သည်။ သူ ထရပ်လိုက်ပြီး ချန်ဟွိုက်အန်အနားသို့ ခပ်တည်တည် လျှောက်သွားကာ အသာအယာ ကိုင်းညွတ်လျက် သူ၏ မေးစေ့ကို လက်ညှိုးဖြင့် ပင့်တင်ကာ ကာမဂုဏ်လိုက်စားသည့် အပြုံးမျိုးဖြင့် ပြုံးပြလိုက်သည်။
“ဟီးဟီး... အချောလေး... အစ်မကြီး ချန်ချီကို ပြုံးပြပါဦးလား။”
ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွားပြီး သူ၏ အကြည့်မှာ နောက်ပြောင်လိုဟန် ဖြစ်သွားသော်လည်း နှုတ်ခမ်းထောင့်မှ အပြုံးမှာမူ ရေခဲကဲ့သို့ အေးစက်နေသည်။
“ယွဲ့ချန်ချီ၊ မင်း ရူးသွားပြီလား။ အထက်လူကြီးကို ပြန်လှန်ဖို့ သတ္တိရှိနေတာလား။”
“ဟိုး... အိပ်မက်ထဲမှာတောင် ဖြောင့်မတ်တည်ကြည်ပြီး စည်းကမ်းကြီးနေတဲ့ ဒီဓားကျောင်းတော် ဘိုးဘေးရဲ့ ပုံစံက အရင်အတိုင်းပါပဲလား...” ယွဲ့ချန်ချီ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။ သူ၏ လက်ချောင်းများက မေးစေ့မှတစ်ဆင့် အောက်သို့ ဖြည်းညှင်းစွာ လျှောဆင်းသွားစဉ် သူ၏ မျက်လုံးများက ချန်ဟွိုက်အန်ကို တစ်ကိုယ်လုံး အနုစိတ် ကြည့်ရှုနေ၏။ “ဒါပေမဲ့လည်း စိတ်မကောင်းပါဘူး၊ ဒါက ငါ့အိပ်မက်လေ၊ ငါကြိုက်တာ ငါလုပ်လို့ရတယ်။ ဟီးဟီး...”
ဂျွတ်...
ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို မြှောက်ကာ ဓားနှောင့်ဖြင့် ယွဲ့ချန်ခီ၏ နဖူးကို အားရပါးရ ထုချလိုက်သည်။
“အိပ်မက်မက်နေတာ ဟုတ်လား။ သေချာပြန်ကြည့်စမ်း။ ဒါက အစစ်လား၊ အတုလား။”
ယွဲ့ချန်ချီက နဖူးကို အုပ်ကာ အော်ဟစ်လိုက်ပြီး ထိုအခိုက်အတန့်၌ သူ လုံးဝ နိုးကြား သွားတော့သည်။ အိပ်မက်ဆိုသည်မှာ များသောအားဖြင့် စစ်မှန်သော နာကျင်မှုကို မပေးစွမ်းနိုင်။ အထူးသဖြင့် ဦးခေါင်းခွံကို ဓားနှောင့်နှင့် ဆောင့်လိုက်သည့် စူးရှသော ခံစားချက်မျိုးကိုပင်။
အရာအားလုံးက ၎င်းမှာ အိပ်မက်မဟုတ်ကြောင်း သက်သေပြနေ၏။
“သွားပြီ...” သူ၏ ရင်ဘတ်မှာ တဒိန်းဒိန်း ခုန်လာပြီး နောက်သို့ သုံးလှမ်းခန့် ဆုတ်ကာ မျက်နှာ ဖြူလျော့သွားသည်။
“ဘိုး... ဘိုးဘေးလား။ ကျွန်မ... ကျွန်မ အခု ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ အချုပ်ခန်းထဲမှာ အပိတ်ခံထားရတာ မဟုတ်ဘူးလား။”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီသခင်က မင်းကို ကယ်ထုတ်ခဲ့ပြီ။”
“တကယ်လား။”
“တကယ်ပေါ့။”
ယွဲ့ချန်ချီ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ငိုသည်ထက် ရုပ်ဆိုးသည့် အပြုံးကို အတင်းညှစ်ပြုံးလိုက်သည်။
“ဘိုးဘေး... ကျွန်မ အသက်မရှင်ချင်တော့ဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ယောင်ချီ မြင့်မြတ်နယ်မြေဆီပဲ ပြန်ပို့ပေးပါတော့...”
ချန်ဟွိုက်အန်က မယုံကြည်နိုင်စွာ ရယ်မောလိုက်သည်။
“ငါက မင်းကို ကယ်ဖို့ အသက်ဘေးနဲ့ ရင်းပြီး အမျိုးမျိုး ကြိုးစားခဲ့ရတယ်။ အခုကျမှ မင်းက ပြန်ပို့ခိုင်းနေတာလား။ မင်း တကယ်ပဲ ရူးသွားပြီလား။”
“ဒါပေမဲ့ ကျွန်မ အသက်ဆက်ရှင်ဖို့ ရှက်လွန်းလို့ပါ...” ယွဲ့ချန်ချီက မျက်နှာကို လက်နှင့်အုပ်ကာ ခေါင်းငုံ့ထားရာ သူ၏ ခြေချောင်းများမှာ မြေပြင်ကို အပေါက်ဖောက်တော့မည့်အလား ဖြစ်နေ၏။ ရုတ်တရက် သူ ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။
“နေဦး ဘိုးဘေး။ ဘိုးဘေး ဒဏ်ရာရထားတာလား။ ကျွန်မကို ပြပါဦး...”
သူက လက်လှမ်းရန် ကြိုးစားသော်လည်း ချန်ဟွိုက်အန်က သူ့ကို ဘေးသို့ တွန်းထုတ်လိုက်သည်။
“ငါ အဆင်ပြေပါတယ်။ ဒဏ်ရာက အရေးမကြီးဘူး။ အရေးကြီးတာက ဒီဓားပဲ...”
သူက အက်ကွဲပျက်စီးနေသော အနက်ရောင်အကြေးခွံဓားကို ရင်ခွင်ထဲပိုက်ကာ နောက်တစ်ကြိမ် လွမ်းမောခြင်းထဲ နစ်ဝင်သွားပြန်သည်။
“ဒီသခင်က စွမ်းအားဆိုတာ ကိုယ့်အတွင်းကပဲ လာတယ်လို့ တစ်ချိန်က ယုံကြည်ခဲ့ဖူးတယ်။ မှော်လက်နက်တွေ၊ ဆေးလုံးတွေဆိုတာ ပြင်ပအနှောင့်အယှက်တွေ၊ အင်မော်တယ် ဖြစ်မယ့်လမ်းမှာ ဟန့်တားနေတဲ့ အရာတွေလို့ပဲ ထင်ခဲ့တာ... ဒါပေမဲ့ ဒီနေ့တော့ ငါ တစ်ခုခုကို နားလည်သွားပြီ...”
“ဘာ... ဘာများလဲ။” ယွဲ့ချန်ချီက မျက်တောင်ခတ်ရင်း မေးလိုက်သည်။
သူ၏ မျက်လုံးများ မှောင်မှိုင်သွားသည်။
“မှော်လက်နက်တွေဆိုတာ အသုံးမပြုရင်တောင် မင်းမှာ ရှိနေရမယ်။”
ယွဲ့ချန်ချီ - “...”
သူ ဘာဖြစ်နေတာလဲ။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ရောက်နေပြီး မဟာတက်လှမ်းခြင်း အဆင့်နှင့် နီးစပ်နေသူတစ်ယောက်အနေဖြင့် သူ့မှာ စွန့်ပစ်စရာတောင် မရှိလောက်အောင် ရတနာတွေ အများကြီး ရှိနေသင့်တာ မဟုတ်လား။ သူ ဘာလို့ ဒီလိုမျိုး ဆင်းရဲသားလို စကားပြောနေရတာလဲ။
ချန်ဟွိုက်အန် အသိဉာဏ်တစ်ခု ပွင့်သွားခဲ့သည်။ သူ အကြီးအကျယ် မှားသွားခဲ့သည်။ သူက ထိုကဲ့သို့ ချစ်သူရည်းစားတုပဂိမ်းမျိုးတွင် ပစ္စည်းကိရိယာများကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့။ သို့သော် ယခုအချိန်မှစ၍ သူသည် ခြေဆုံးခေါင်းဆုံး ပစ္စည်းအပြည့်အစုံ ဆင်မြန်းပေတော့မည်။
ကျယ်ပြောလှသော ချင်းယွန်ဘုံတွင် သာမန် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး၌ပင် သူ့ထက် ရတနာများ ပိုများနေ၏။ ဂုဏ်သိက္ခာရှိသော ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့် သူ့တွင် ဝိညာဉ်လက်နက် နှစ်ခုပဲ ရှိရတယ်သည်။ ၎င်းက မှန်ကန်ရဲ့လား။
နေနှင့်ဦး... သူတော်စင် ယွိယောင်။ နောက်တစ်ကြိမ် ဆုံကြရင်တော့... ကျုပ်က ဂီဂါမက်ရှ် ဖြစ်နေစေရမယ်။
“ကောင်းကင်နက္ခတ်...”
ချန်ဟွိုက်အန် မျက်လုံးမှိတ်ကာ တင်ပလ္လင်ခွေထိုင်ပြီး ဓားကို ဒူးပေါ်တွင် တင်လိုက်သည်။ သူ၏ နောက်ကွယ်တွင် ကြယ်တာရာပုံရိပ်ယောင်များ တဖျတ်ဖျတ် ပေါ်ထွက်လာသည်။
“ကြေးခွံနက်ဓားကို ပြန်လည်သွန်းလုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှာပေး...”
[ကောင်းကင်နက္ခတ်ကို တွက်ချက်နေပါတယ်... ]
ချင်းယွန်ဘုံတစ်ခုလုံးတွင် မုန်တိုင်းတိမ်တိုက်များ စုရုံးလာသည်။
[တွက်ချက်မှု ပြီးဆုံးပါပြီ...]
[အနက်ရောင်အကြေးခွံဓားကို ပြန်လည်သွန်းလုပ်ရန် လိုအပ်ချက်များ - ပိုင်ရှင်မဲ့ဓားဝိညာဉ် တစ်ခု၊ ဓားသန္ဓေသား တစ်ခု]
[ ပြန်လည်သွန်းလုပ်မည့် အနက်ရောင်အကြေးခွံဓားအတွက် အဆင့်ကို ရွေးချယ်ပါ ]
• (၁) အန္တိမအဆင့် ဝိညာဉ်လက်နက်
• (၂) အဆင့်နိမ့် ဝိညာဉ်ရတနာ
• (၃) အဆင့်လတ် ဝိညာဉ်ရတနာ
• (၄) အဆင့်မြင့် ဝိညာဉ်ရတနာ
• (၅) အန္တိမအဆင့် ဝိညာဉ်ရတနာ
ချန်ဟွိုက်အန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ နံပါတ်(၅)ကို နှိပ်လိုက်သည်။ ကြေးခွံနက်ဓားက သူ့အနားတွင် ရှိနေခဲ့သည်မှာ ကြာလှလေပြီ။သူ့အိပ်ရာကိုပင် နွေးထွေးစေခဲ့ဖူးသည်။ ၎င်းက အကောင်းဆုံးအရာနှင့် ထိုက်တန်သည်။
[ သင့်ပုံရိပ်ယောင်ကောင်မလေးကျင့်ကြံမှုကို ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းအထိ မြှင့်တင်ပါ။ အန္တိမအဆင့် ကံစမ်းမဲသေတ္တာကို ရွေးချယ်ပြီး ယွမ် သိန်း၅၀၀ သုံးစွဲကာ သတ်မှတ်ထားသော အန္တိမအဆင့်ပစ္စည်းဖြစ်သည့် ဝိညာဉ်ရတနာ ဓားသန္ဓေသား ကို ရယူပါ ]
[ ပိုင်ရှင်မဲ့ဓားဝိညာဉ်နှင့် ညှိနှိုင်းရန် ချင်းယွန်ဘုံ မြေပုံပေါ်ရှိ ကိုဩဒိနိတ် (၁၃၄၇၈၊ ၆၇၂၁၀၊ ၄၇၆၁၂)သို့ သွားရောက်နိုင်ပါတယ်။ ၎င်းကို ရရှိရန် စမ်းသပ်မှု အောင်မြင်ရပါမယ် ]
[ ပစ္စည်းနှစ်မျိုးလုံး ရရှိပြီးပါက လက်နက်ဂိုဏ်းသို့ သွားရောက်ပြီး ကြေးခွံနက်ဓားကို ပြန်လည်သွန်းလုပ်ပေးဖို့ ဂိုဏ်းချုပ်ကို ခြိမ်းခြောက်ပါ ]
“အကောင်းဆုံးပဲ...” ချန်ဟွိုက်အန် လန်းဆန်းသွား၏။ ကြေးခွံနက်ဓားကို ပြန်ပြင်နိုင်သရွေ့ ကျန်သောအရာများက ဘာမှအရေးမကြီးပေ။
သူ စိတ်ဓာတ်တက်ကြွနေသဖြင့် ယွဲ့ချန်ချီ၏ စောစောက... စော်ကားမှုများကိုပင် စိတ်ထဲတွင် မထားတော့ပေ။ ယွဲ့ချန်ချီမှာမူ ရှက်လွန်း၍ ခေါင်းမဖော်နိုင်ဘဲ ဖြစ်နေဆဲပင်။
“ကောင်းပြီ။ မင်း အမှားကိုသိပြီး ပြင်ချင်စိတ်ရှိတာ ကောင်းတယ်။ မင်း မရှိတုန်းက ရှုအန်နဲ့ တခြားလူတွေ တော်တော်လေး စိတ်ပူနေကြတာ။ ဒီသခင်က အခု မင်းကို ဓားကျောင်းတော်ဆီ ပြန်ခေါ်သွားပေးမယ်။”
တိုက်ရိုက်တပည့်သုံးယောက်အကြောင်း ကြားလိုက်ရသည့်အခါ ယွဲ့ချန်ချီ၏ ရှက်စိတ်များ အနည်းငယ် လျော့ပါးသွားပြီး စိုးရိမ်စိတ်များ ဝင်လာသည်။
“ဘိုးဘေး... ဂျူနီယာ မောင်လေး သုံးယောက် ဘယ်လိုနေသေးလဲ။ သူတို့ရဲ့ ကျင့်ကြံမှုတွေ ဖျက်ဆီးခံလိုက်ရတော့ သူတို့ တော်တော်လေး ခံစားနေရမှာပဲ...”
ပါရမီရှင်အဆင့်မှ သာမန်လူအဆင့်သို့ ထိုးကျသွားခြင်း၊ မိမိ၏ ဂုဏ်သိက္ခာကို ရွှံ့ထဲသို့ နင်းခြေခံလိုက်ရခြင်း။ ထိုအကြောင်းကို စဉ်းစားရုံနှင့် ယွဲ့ချန်ချီ အသက်ရှူပင် ကျပ်လာသည်။
“ပြီးတော့... ဘိုးဘေး၊ တကယ်ပဲ အဆင်ပြေရဲ့လား။”
သူက ချန်ဟွိုက်အန်၏ ဓားပျံပေါ်သို့ တက်လိုက်ပြီး သူက နောက်ထပ် သွေးတစ်လုပ် အန်ထုတ် လိုက်သည်ကို တွေ့ရသောအခါ စိုးရိမ်စိတ်များ မျက်နှာတွင် အထင်သား ပေါ်လာသည်။ ဘိုးဘေးက ဒဏ်ရာ အပြင်းအထန် ရထားပုံပဲ... အဲဒီသွေးတွေက ရေပန်းလို ထွက်လာနေတယ်။
“ငါ အဆင်ပြေပါတယ်။”
ချန်ဟွိုက်အန်က သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အားလျှော့မှုများကို တစ်ချက်ကြည့်လိုက်၏။ ၉၉၉ထပ် ရှိသော “သွေးအန်ခြင်း” အခြေအနေက နှစ်လုပ်အန်ပြီးနောက် ၉၉၇သို့ ကျဆင်းသွားသည်။ ဆိုလိုသည်မှာ နောက်ထပ် ၉၉၇လုပ် ထပ်အန်လိုက်လျှင် သူ အသစ်အတိုင်း ပြန်ဖြစ်သွားမည် ဖြစ်သည်။
ဒါက ပြင်းထန်တဲ့ ဒဏ်ရာလား။ ဟင့်အင်း။ နည်းနည်း မိုးမိလေမိ ဖြစ်တာပါပဲ။
...
ထိုအချိန် ဓားကျောင်းတော်ရှိ လျိုရှားတောင်ထွတ်ပေါ်၌...
တန်ယွင်နှင့် သူ၏သမီး တန်ပိုင်တို့ နောက်ဆုံးတွင် ပြန်လည်ဆုံတွေ့ခဲ့ကြလေပြီ။သူတို့၏ ဝမ်းသာပီတိဖြစ်မှုမှာ ပြောစရာပင် မလိုတော့ပေ။
ကျန်းမုန့်ချူးမှာမူ ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း အနည်းဆုံးတော့ အသက်ရှင် နေသေးသည်။ စုချီနျန်က ကျန်းမုန့်ချူး၏ အခြေအနေ တည်ငြိမ်စေရန် ဆေးအချို့ တိုက်ကျွေး ထားသည်။ အဘိုးကြီးမှာ သတိမရသေးပေ။
ကမ္ဘာငယ်သည် ကမ္ဘာအရှင်သခင်၏ အခြေအနေကို ထင်ဟပ်စေသည်။ အကယ်၍ ကမ္ဘာအရှင်သခင် သေဆုံးသွားပါက ကမ္ဘာငယ်လေး ချက်ချင်း ပျက်စီးသွားလိမ့်မည်။ အခုတော့ အရာအားလုံး တည်ငြိမ်သွားပြီ ဖြစ်သော်လည်း စောစောက ဖြစ်ပျက်ခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် လူတိုင်း စိုးရိမ်ထိတ်လန့်နေကြဆဲပင်။
“စီနီယာ တန်ယွင်... ကျွန်မရဲ့ ဆရာကော ဘယ်မှာလဲ။”
သူ၏ဆရာ ပြန်လာမည့် အရိပ်အယောင် မမြင်ရသေးသည်မှာ ကြာလှပြီ။ လီချင်းရန်သည် တည်ငြိမ်ဟန် ဆောင်မထားနိုင်တော့ဘဲ သူ၏ ဝတ်စုံအနားသတ်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်ဝန်းများ ဝေဝါးလျက် တန်ယွင်အနားသို့ လျှောက်သွားလိုက်သည်။
“မင်းရဲ့ ဆရာလား။” တန်ယွင် ခေတ္တမျှ ရပ်သွား၏။
တန်ပိုင်က အမြန်ပင် ရှင်းပြလိုက်သည်။
“အမေ၊ အမေ့ကို ကယ်ခဲ့တဲ့ စီနီယာကို မှတ်မိလား။ အဲဒါ ဓားကျောင်းတော်ဘိုးဘေးလေ။ သူက ချင်းရန်ရဲ့ ဆရာပေါ့။”
“ဒါဆိုရင်တော့ ဟုတ်ပြီ။” တန်ယွင် နောက်ဆုံးတွင် နားလည်သွားပြီး ကျေးဇူးတင်သော အကြည့်များ သူ၏ မျက်ဝန်းတွင် လက်သွားသည်။ သူ လီချင်းရန်ကို ရိုသေစွာ လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
“မင်းရဲ့ဆရာသာ မရှိရင် စီနီယာကျန်းနဲ့ ငါ သူတော်စင် ယွိယောင်ရဲ့ လက်ထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ဆရာကတော့ သူနဲ့ တိုက်ခိုက်နေတုန်း ဖြစ်လိမ့်မယ်။ သူက ယွိယောင်ရဲ့ ကမ္ဘာငယ်လေးထဲကို ဝင်နိုင်တယ်ဆိုရင် သူ့ရဲ့ အင်အားက ဟင်းလင်းပြင် ပေါင်းစည်းခြင်း အဋ္ဌမဆင့်ထက် သေချာပေါက် သာလွန်နေပါလိမ့်မယ်။ အရေးကြုံလာရင် သူ လွတ်မြောက်ဖို့ ခက်ခဲမယ်လို့ မထင်ပါဘူး။”
သို့သော် လီချင်းရန်က ထိုနှစ်သိမ့်စကားများကို ကြားပုံမရပေ။ သူ၏ မျက်ဝန်းများ နီမြန်းလာပြီး အသံမှာ တုန်ရီနေသည်။
“မေးပါရစေ... သူတော်စင် ယွိယောင်ရဲ့ ကျင့်ကြံမှု ကျဆင်းသွားပြီးနောက်မှာ သူ ဘယ်အဆင့်ကို ရောက်သွားသလဲ။ သူမှာရော ဝှက်ဖဲတွေ ရှိသေးလား။”
“ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမအဆင့်ပါ၊” တန်ယွင်က မဖုံးကွယ်ဘဲ ပွင့်ပွင့်လင်းလင်း ဖြေကြားလိုက်သည်။
“ကျွန်မ သိသလောက်တော့ သူ့မှာ ဝိညာဉ်ရတနာ စုစုပေါင်း (၈)ခု ရှိတယ်။ မဟာပေါင်းစည်းခြင်း ကျင့်ကြံသူတွေထဲမှာ သူက ပစ္စည်းအစုံဆုံး တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းရဲ့ ဆရာမှာလည်း သူ့ရဲ့ ဝှက်ဖဲတွေ ရှိမှာပါ၊ အဲဒါကြောင့် စိတ်မပူ...”
သူ စကားမဆုံးခင်မှာပင်...
လီချင်းရန်က ယိုင်နဲ့နဲ့ဖြင့် စုချီနျန်အနားသို့ လျှောက်သွားသည်ကို သူ မြင်လိုက်ရသည်။ မိန်းကလေးမှာ ကြောင်အမ်းအမ်းနှင့် စိတ်ထိခိုက်နေပုံရသည်။ အေးစက်သော တောင်ပေါ် လေပြင်းထဲတွင် မိန်းကလေး ဒူးထောက်လိုက်ပြီး ဝမ်းနည်းပူဆွေးသော အသံဖြင့် အော်ဟစ် လိုက်သည်။
“တပည့် ချင်းရန်က ဆရာ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး။ ကျွန်မ တောင်းဆိုချင်တာက... တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင်၊ ဂိုဏ်းချုပ်က ဓားကျောင်းတော်ကို စွန့်ခွာပြီး တိမ်းရှောင်တဲ့အခါ ကျွန်မကို ဒီမှာပဲ ထားခဲ့ပေးပါ။ ကျွန်မက ဆရာနဲ့အတူ သေသေရှင်ရှင် နေချင်ပါတယ်...”
...