ဝတ်ပြုကိုးကွယ်ပွဲလား
Vol. 34 Ch. 332
“ဒါက ဘယ်လို စကားမျိုးလဲ။...” စုချီနျန် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ဟောက်လိုက်သည်။ “ဘိုးဘေးက ဘာမှမဖြစ်မှာ သေချာသလို တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် မင်းက တပည့် တစ်ယောက်အနေနဲ့ ဆရာ့အတွက် လက်စားချေပေးဖို့ပဲ စဉ်းစားသင့်တာ မဟုတ်ဘူးလား။”
“ငါ မေးပါရစေ။မင်း သေသွားရင် လက်စားချေနိုင်ဦးမလား။ ကျင့်ကြံခြင်းကို သေချာမလုပ်ရင် ဘိုးဘေးရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီပါ့မလား။ ဖြေစမ်း... ငါ့မျက်လုံးကို သေချာကြည့်ပြီး ဖြေ...”
လီချင်းရန် ပါးစပ်ဟလိုက်သော်လည်း ခေါင်းပြန်ငုံ့သွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ “တောင်းပန်ပါတယ် ဂိုဏ်းချုပ်... ချင်းရန် မှားသွားပါတယ်... အဲဒီလိုမျိုး မပြောသင့်ခဲ့ပါဘူး။”
“ကိုယ့်အမှားကိုယ်သိပြီး ပြင်ဆင်တာက မဟာမိုးကြိုးအတိဒုက္ခကို ရရှိဖို့အတွက် ပထမဆုံး ခြေလှမ်းပဲ...” စုချီနျန်က မစဉ်းစားဘဲ ပြောလိုက်ရင်း သူ၏ မီးခိုးရောင်မုတ်ဆိတ်ကို သပ်ကာ ပညာရှိတစ်ဦးကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။
“ခုနက မင်းရဲ့အတွေးက လမ်းလွဲနေပေမဲ့ အမှားကို ဝန်ခံတဲ့ မင်းရဲ့စိတ်ဓာတ်အရ တစ်နေ့မှာ မင်း မဟာမိုးကြိုးအတိဒုက္ခကို ထိတွေ့နိုင်တဲ့အဆင့်ကို ရောက်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။”
ထိုသို့ပြောပြီးနောက် သူက ဘေးနားရှိ အကြီးအကဲထံသို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“အဘိုးကြီးလီ... အဲဒါ ဘိုးဘေးရဲ့ ဆုံးမစကားတွေကို အနက်ဖွင့်ဆိုလိုက်တာနဲ့ တူရဲ့လား။”
ချန်ကျန်းတောင်ထွတ်မှ အကြီးအကဲလီက လက်မထောင်ပြကာ အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံလေသည်။
သို့သော်လည်း စုချီနျန်နှင့် အခြားအကြီးအကဲများမှာ စိတ်ထဲတွင် အလွန်ပင် မအေးမချမ်း ဖြစ်နေကြဆဲပင်။
ဘိုးဘေးသည် ဓားကျောင်းတော်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
သူတို့အနေဖြင့် အနည်းငယ်မျှသော ချွတ်ချော်မှုကိုပင် အဖြစ်မခံနိုင်ပေ။ ကံမကောင်းစွာဖြင့် ဘိုးဘေး၏ ကမ္ဘာငယ်ထဲတွင် သူတို့လုပ်နိုင်သည်မှာ ဆုတောင်းပေးရုံသာ ရှိသည်။
သူတို့သည် ဘိုးဘေးက သူတော်စင် ယွိယောင်ကို သုတ်သင်နိုင်ဖို့အထိ မမျှော်လင့်ရဲကြဘဲ ဘေးကင်းစွာ ပြန်လာနိုင်ဖို့သာ မျှော်လင့်နေကြသည်။
အလားတူပင် ဂနာမငြိမ်ဖြစ်နေသူမှာ လင်းရှီးတောင်ကြားသခင်မ ယွန်ပိုင်ယွီပင် ဖြစ်သည်။ တန်ယွင်နဲ့ ကျန်းမုန့်ချူးတို့ ကယ်ထုတ်ခံလိုက်ရပြီ။ ဒါပေမဲ့ သူ့သမီး ယွန်စုရှင်းကော ဘယ်မှာလဲ။
လောလောဆယ် အခြေအနေ မသေချာသဖြင့် သူလည်း အများကြီး မမေးရဲသေးပေ။
ယွဲ့ချန်ချီကိုလည်း ရှာမတွေ့သေးသည့်အတွက် ဘိုးဘေးမှာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်နိုင်သည်...။
အချိန်များက တဖြည်းဖြည်း ကုန်လွန်သွား၏။
ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးတတ်သော စုချီနျန်ပင်လျှင် ဂနာမငြိမ် ဖြစ်လာတော့သည်။ ဘိုးဘေးက ယောင်ချီ မြင့်မြတ်နယ်မြေသို့ ဝင်သွားကတည်းက ကမ္ဘာငယ်အတွင်းရှိ ကြေးမုံပြင်မှာ မြူများဖုံးလွှမ်းသွားကာ ဘာမှမမြင်ရတော့ပေ။
မမြင်ရလေလေ၊ ပို၍ စိုးရိမ်လာလေလေပင်။ တစ်ခုခု လုပ်မှ ဖြစ်ပေတော့မည်။
ထို့ကြောင့် စုချီနျန်က ဘိုးဘေး၏ ဝိညာဉ်ကျောက်ပြားကို ထုတ်ယူကာ ယာယီယဇ်ပလ္လင်တစ်ခု တည်ဆောက်လိုက်သည်။ ၎င်းရှေ့တွင် သစ်သီးဝလံများနှင့် မုန့်အချို့ကို တင်လိုက်ပြီးနောက် အမွှေးတိုင်သုံးတိုင် ထွန်းကာ လူအားလုံးကို လှမ်းခေါ်လိုက်သည်။
“ကဲ လူတိုင်း လာကြ။ ဘိုးဘေးအတွက် ဆုတောင်းပေးကြ...”
ဓားကျောင်းတော်တပည့်များမှာ ပါးနပ်ကြသူများပီပီ ယဇ်ပလ္လင်ရှေ့တွင် တန်းစီ၍ ချက်ချင်း ဒူးထောက်လိုက်ကြပြီး ရိုရိုသေသေ ဦးချကာ ဆုတောင်းပေးကြလေသည်။
သို့သော် တန်ယွင်နှင့် ယွန်ပိုင်ယွီတို့ကဲ့သို့ အတွေ့အကြုံရှိသူများကမူ တွန့်ဆုတ်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
“အဲ... ဂိုဏ်းချုပ် စု... ကျွန်မ ပြောသင့်မပြောသင့်တော့ မသိဘူး။ ဒါပေမဲ့ အဲဒီလို ဝိညာဉ် ကျောက်ပြားနဲ့ ယဇ်ပလ္လင်ဆိုတာ များသောအားဖြင့် ကွယ်လွန်သွားတဲ့ သူတွေအတွက် မဟုတ်ဘူးလား။” ယွန်ပိုင်ယွီက မနေနိုင်ဘဲ သူ၏စိုးရိမ်မှုကို ထုတ်ဖော်ပြောလိုက်သည်။
စုချီနျန်က ခေါင်းခါယမ်းကာ အလွန်တည်ကြည်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ကျွန်တော်က ပညာသိပ်တတ်တာ မဟုတ်ပေမဲ့ ဘိုးဘေးက တစ်ခါက အလွန်ပညာရှိတဲ့ စကားတစ်ခွန်း ပြောခဲ့ဖူးတယ်။ သေနေတဲ့မြင်းကို အသက်ရှိသလို သဘောထားပြီး ကုသပေးရင်၊ တစ်ခါတလေ အသက်ပြန်ရှင်လာတတ်တယ်တဲ့။”
ယွန်ပိုင်ယွီ- “...”
...
ဒဏ်ရာပြင်းထန်နေသဖြင့် ချန်ဟွိုက်အန်က ချက်ချင်း တယ်လီပို့သည့် အတတ်များကို အသုံးမပြုနိုင်ဘဲ ကမ္ဘာငယ်အတွင်း ဓားပျံစီး၍ ဖြည်းညှင်းစွာသာ ပျံသန်းနိုင်ခဲ့သည်။
သူက ဓားကျောင်းတော်အနားသို့ ရောက်ခါနီးတွင် သူ၏စိတ်ထဲ၌ တိုးတိုးလေးပြောနေသော အသံများဖြင့် ပြည့်နှက်သွားတော့သည်။
[ဘိုးဘေး ဘေးကင်းပါစေ...]
[ဘိုးဘေး ဘေးကင်းစွာ ပြန်လာနိုင်မယ်ဆိုရင် ကျွန်တော့် စီနီယာအစ်ကိုရဲ့ ဟိုဟာကို (၁၀)စင်တီမီတာလောက် ဖြတ်ပေးဖို့ လဲလှယ်ပါရစေ...]
[ဘိုးဘေး... ဓားကျောင်းတော်က ဘိုးဘေးကို လိုအပ်ပါတယ်... ဘိုးဘေး ပြန်လာမယ်ဆိုရင် ဂိုဏ်းချုပ်ကြီးရဲ့ ခေါင်းပေါ်က ဆံပင်တစ်ပင်မကျန် အကုန်စတေးပစ်ပါ့မယ်...]
“...ဒါတွေက ဘာတေလဲဟ။ ဘာတွေ လျှောက်ပြောနေကြတာလဲ။”
ချန်ဟွိုက်အန် မျက်မှောင်ကြုတ်သွားသည်။ သူက လျိုရှားတောင်ထွတ်သို့ ရောက်သွားသောအခါ ဓားကျောင်းတော်တပည့်အားလုံး ယဇ်ပလ္လင်တစ်ခုဆီသို့ ဦးချနေကြသည်ကို တွေ့လိုက်ရသည်။
ယဇ်ပလ္လင်ပေါ်တွင် သူ၏ဝိညာဉ်ကျောက်ပြား ရှိနေသည်။ “ချန်ဟွိုက်အန်။”
ယခင်က စုချီနျန် ရေးထားသော နာမည်စာလုံးမစုံသည့် ယာယီတိုင်ကပ်ပြားကို စွန့်ပစ်လိုက်ပြီ ဖြစ်သည်။ ထိုအသစ်မှာမူ “ချန်ဟွိုက်အန်” ဟူသော စာလုံးသုံးလုံးကို သေသေချာချာ ထွင်းထုထား၏။
ဆိုလိုသည်မှာ... သူသည် ယခုအခါ ဓားကျောင်းတော်၏ စစ်မှန်သော ဘိုးဘေးအဖြစ် တရားဝင် အသိအမှတ်ပြုခံလိုက်ရပြီဖြစ်သည်။ သူက ထိုကိုယ်ပိုင်လက္ခဏာကို “အလောင်းကိုပိုင်စိုးခြင်း” မှတစ်ဆင့် ရယူခဲ့ခြင်းဖြစ်သော်လည်း၊ ကိုယ်ကျင့်တရားအရ ဖြစ်စေမဖြစ်စေ သူသည် ၎င်းကို လက်ခံလိုက်ပြီဖြစ်ကာ ဘိုးဘေးတစ်ယောက် လုပ်ဆောင်သင့်သည့် အရာမှန်သမျှကိုလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
“ဘိုးဘေး စိတ်ချလက်ချ အနားယူပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တပည့်မလေးကို ကောင်းကောင်း သင်ကြားပေးပြီး ချင်းယွန်ဘုံတစ်ခုလုံးမှာ နံပါတ်တစ် အမျိုးသမီးဓားကျင့်ကြံသူ ဖြစ်လာအောင် လုပ်ပေးပါ့မယ်...”
စုချီနျန် ဒူးထောက်ကာ ကြမ်းပြင်နှင့် ခေါင်းတိုက်၍ ဆုတောင်းနေစဉ်...
စူးရှသော လေတိုးသံတစ်ခု ခေါင်းပေါ်တွင် ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဒေါသတကြီး အော်သံတစ်ခု ထွက်ပေါ်လာသည်။
“စုချီနျန်... ဒီသခင် မသေသေးဘူး... မင်း ဘာတွေ လျှောက်ပြီး ဆုတောင်းနေတာလဲ...”
ဒီအသံက...
စုချီနျန် တုန်လှုပ်သွားကာ မျက်ဝန်းထောင့်တွင် မျက်ရည်များ ဝဲလာတော့သည်။ သူ မော့ကြည့်လိုက်သောအခါ နေ့ညမပြတ် မျှော်လင့်နေရသည့် ထိုပုဂ္ဂိုလ်ကို မြင်လိုက်ရ၏။
တကယ် ဘိုးဘေးပဲ... သူ မသေသေးဘူး...
ရှင်နေရုံမကဘူး၊ ငါ့တပည့်ရင်း ယွဲ့ချန်ချီကိုပါ ခေါ်လာခဲ့ပြီ...
“ဘိုးဘေး...” စုချီနျန်သည် ထိခိုက်ရှိုက်မောစွာ အော်ဟစ်လိုက်ရင်း ခန့်ညားထည်ဝါသော ထိုပုံရိပ်ဆီသို့ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သို့သော် တစ်စုံတစ်ယောက်က သူ့ထက် အရင်ဦးသွား၏။
သွယ်လျသော ပုံရိပ်လေးတစ်ခုက အသိုက်ပြန်သည့် ဇောက်ထိုးငှက်လေးလို ကောင်းကင်ယံကို ဖြတ်သန်းကာ ဝတ်ရုံနက်ဝတ်ထားသည့် ထိုလူ၏ရင်ခွင်ထဲ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ သို့သော် သူ့ကို ဖြတ်ကျော်သွားမိသည်။
“ဆရာ...” လီချင်းရန်က အော်ဟစ်လိုက်သည်။
သူက ချန်ဟွိုက်အန်၏ ကိုယ်ပွားကို ဖြတ်ကျော်သွားမိသော်လည်း ချက်ချင်း ပြန်လှည့်လာကာ သူ၏ခါးကို အတတ်နိုင်ဆုံး ဖက်ထားလိုက်သည်။ သူ၏ လက်ချောင်းလေးများမှာ ဖြူလျော့ကာ တုန်ရီနေပြီး သူ၏အသံမှာလည်း ထိခိုက်ငိုရှိုက်သံများဖြင့် ပြည့်နှက်နေသည် -
“ဆရာ... ဆရာ အဆင်ပြေရဲ့လား။ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်တာ ဝမ်းသာလိုက်တာ...”
ချန်ဟွိုက်အန်က ငိုနေသော မိန်းကလေးကို ကြည့်ကာ သူကို အသာအယာ ပြန်လည် ဖက်တွဲပေးလိုက်သည်။ ထိုညံ့ဖျင်းလှသော ဂိမ်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အပြန်အလှန် ထိတွေ့မှုကို ခွင့်မပြုသေးခြင်းကိုသာ သူ နောင်တရမိသည်။
သူက လီချင်းရန်ကို အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ငါက ဘယ်လိုလုပ်ပြီး ဒဏ်ရာရမှာလဲ။ ယောင်ချီ မြင့်မြတ်နယ်မြေက အဲဒီ မိစ္ဆာမဆိုတာ လမ်းဘေးက ကျောက်ခဲလေးလိုပါပဲ။ ငါ လက်နဲ့ ပုတ်ထုတ်လိုက်တာ... အဲ... ငါ သူကို မောင်းထုတ်လိုက်တာ...”
“အင်း... ကျွန်မ သိပါတယ်။ ဆရာက အင်အားအကြီးဆုံးပဲ။”
လီချင်းရန်က မျက်တောင်တစ်ချက်မခတ်ဘဲ တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်နေသည်။ မျက်ရည်များမှာ သူ၏ မျက်ဝန်းတွင် လက်ကျန်ရှိနေဆဲဖြစ်သော်လည်း သူ ပြုံးလိုက်သည့်အခါ ထိုမျက်ရည်စများမှာ သူ၏ မျက်တောင်များပေါ်တွင် ကပ်ငြိနေသော ကြယ်ပွင့်လေးများကဲ့သို့ တဖျတ်ဖျတ် တောက်ပနေသည်။
“ဘိုးဘေး၊ ဘေးကင်းကင်းနဲ့ ပြန်လာတာ မြင်ရတာ တကယ် ဝမ်းသာပါတယ်။”
စုချီနျန် ပျံတက်လာပြီး နှုတ်ဆက်စကားပင် သေချာမပြောနိုင်ဘဲ ချန်ဟွိုက်အန်ကို ကျော်ဖြတ်ကာ ယွဲ့ချန်ချီဆီ အပြေးအလွှား သွားလိုက်သည်။ သူက ယွဲ့ချန်ချီကို အထက်အောက် စစ်ဆေးကြည့်ရှုရင်း စိုးရိမ်တကြီး မေးလိုက်သည်။
“ယွဲ့လေးရာ... မင်း တော်တော်လေး ဒုက္ခရောက်ခဲ့တာပဲ။ ယောင်ချီ မြင့်မြတ်နယ်မြေက လူမဆန်လိုက်တာ။ ကြည့်စမ်းပါဦး၊ မင်း တော်တော်လေး ပိန်သွားတယ်...”
ယွဲ့ချန်ချီ မျက်တောင်ခတ်လိုက်မိသည်။ ဓားကျောင်းတော်တွင် သူ အစာဖြတ် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သော်လည်း ယောင်ချီ မြင့်မြတ်နယ်မြေတွင်မူ သူတော်စင် ယွိယောင်၏ ကြီးကြပ်မှုအောက် တာအိုခန္ဓာကိုယ်ကို အားဖြည့်ပေးရန်အတွက် ရှားပါးရတနာ ပေါင်းစုံကို အတင်းအကျပ် ကျွေးမွေးခံခဲ့ရသည်။ ထို့ပြင် “အန္တရာယ်ရှိသောအတွေးများ” မဝင်အောင် အစားစားပြီးတိုင်း အတင်းအိပ်ခိုင်းခံရသည်။ အခြေခံအားဖြင့် လွန်ခဲ့သော အချိန်များတွင် သူက စားလိုက်၊ အိပ်လိုက်... ထို့နောက် စားလိုက်ပင်။
သူက သိသိသာသာ ပိုကြီးထွားလာသော ရင်သားကို ဇဝေဇဝါဖြင့် ငုံ့ကြည့်လိုက်သည်။
ပိန်သွားတယ် ဟုတ်လား။ အနည်းဆုံး နှစ်ဆိုဒ်လောက်တော့ ပိုကြီးလာတာ မဟုတ်ဘူးလား။
“ထွီး...”
ညှီစို့စို့ အနံ့ရှိသော သွေးများမှာ စုချီနျန်၏ ဦးခေါင်းနောက်ဘက်သို့ စင်သွားတော့သည်။ သူ ကြောင်တောင်တောင်ဖြင့် ပြန်လှည့်ကြည့်လိုက်သောအခါ ချန်ဟွိုက်အန်က သူ၏ရင်ဘတ်ကို ဖိထားပြီး ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေသည်ကို တွေ့လိုက်ရသည်။ လီချင်းရန်၏ မျက်နှာမှာ ဖြူလျော့သွား၏။
“ဆရာ... ဆရာ... သွေးအန်နေတာလား။ ပျံမနေနဲ့တော့၊ အောက်ကို ဆင်းပြီးတော့ ဒဏ်ရာကို အမြန်ကုပါ...”
“ဘာမှမဖြစ်ပါဘူး...” ချန်ဟွိုက်အန်က လက်ခါပြလိုက်သည်။ “နောက်ထပ် သွေးအန်ဖို့ ၉၉၀ခါ လောက်ပဲ ကျန်တော့တယ်။ ပြီးရင် ပြန်ကောင်းသွားမှာပါ။”
“ဆရာ..”
စိုးရိမ်လွန်း၍ ငိုတော့မည့် လီချင်းရန်ကို ကြည့်ပြီး ချန်ဟွိုက်အန်က သူ၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် အခန်းလေးတစ်ခုထဲတွင် သွားလှဲနေရတော့သည်။
“အင်း... ချင်းရန်” ကျိုးရွှမ်ကျိက သေချာစစ်ဆေးပြီးနောက် ပြောလိုက်သည်။ “ဘိုးဘေး အဆင်ပြေပါတယ်။ သူက... သွေးတွေ သိပ်များနေလို့ အပြင်ကို နည်းနည်း ထုတ်လိုက်ရတာ ဖြစ်မှာပါ။ အရင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပေမဲ့ ဆေးသောက်ထားလို့ အလုပ် ဖြစ်သွားပါပြီ။”
စိတ်ချရအောင် သူတို့က အဂ္ဂိရတ်ဂိုဏ်း၏ အကောင်းဆုံး ကုသရေးဆေးလုံးကို တိုက်လိုက်သည်။ လီချင်းရန်က စိတ်မချသေးသဖြင့် ယွန်ပိုင်ယွီထံသို့ လှည့်ကြည့်လိုက်သည်။ ယွန်ပိုင်ယွီကလည်း ခေါင်းညိတ်ပြတော့မှ သူ သက်ပြင်းချနိုင်တော့သည်။
“ငါ ပြောသားပဲ၊ ဒီသခင်က ဘာမှမဖြစ်ပါဘူးလို့။”
ချန်ဟွိုက်အန်က သူ့ကို လွှမ်းခြုံထားသော စောင်နှင့် သူ၏ ခုတင်ဘေးတွင် ဝိုင်းအုံနေသော လူအုပ်ကြီးကို ကြည့်ကာ “သေသွားလိုက်တာကမှ ပိုကောင်းဦးမယ်”ဟု တွေးမိတော့သည်။
“မရဘူး၊ ချက်ချင်း စစ်လို့မရတဲ့ ရောဂါတွေ ရှိတတ်တယ်။ ဆရာ သွေးအန်တာ လုံးဝ ရပ်သွားတဲ့အထိ တပည့်က ကိုယ်တိုင် ပြုစုစောင့်ရှောက်ပါ့မယ်။”
လီချင်းရန်က အလွန်တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူက ကိုယ်ပွားလား၊ ခန္ဓာကိုယ်အစစ်လား၊ အဘယ်ကြောင့် သွေးထွက်နေသလဲ ဆိုသည်ကို ဂရုမစိုက်ပေ။ ဘာမှ အရေးမကြီးတော့။
ယွန်ပိုင်ယွီက ချန်ဟွိုက်အန်ကို တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ကြည့်လိုက်သည်။ သို့သော် လေထုမှာ မသင့်တော်သဖြင့် ပြောမည့်စကားကို မျိုချလိုက်ကာ အခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့သည်။
ထို့နောက် သူသည် စုချီနျန်နှင့် စကားပြောနေသော ယွဲ့ချန်ချီကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ တောက်ပသွားသည်။ သူက အပြေးအလွှားသွားကာ သူ၏လက်ကို ဆွဲကိုင်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“ယွဲ့ချန်ချီ... နင် ယောင်ချီ မြင့်မြတ်နယ်မြေမှာ ရှိနေတုန်းက ငါ့သမီး ယွန်စုရှင်းကို တွေ့ခဲ့လား။”
...