← Chapters

အသတ်နုတ်သောဓား

Vol. 34 Ch. 335

အသတ်နုတ်သောဓား

Vol. 34 Ch. 335

ချင်းယွန်ဘုံတွင် ကောင်းကင်တာအို၏ တုံ့ပြန်မှုဆိုသည်မှာ ပေါ့ပေါ့တန်တန် ကျိန်ဆိုရမည့်အရာ မဟုတ်ပေ။

ကောင်းကင်တာအို၏ အာရုံခံမိခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း အကယ်၍ တုံ့ပြန်မှု ရရှိသွားပြီးမှ မိမိ၏ ကတိသစ္စာကို ဖောက်ဖျက်ပါက ကောင်းကင်မှ မိုးကြိုးပစ်ခြင်းကို အမှန်တကယ် ခံရပေလိမ့်မည်။

ချင်းယွန်ဂိုဏ်းသို့ ချင်းရန်ကို ခေါ်သွားစဉ်က တစ်ကြိမ်၊ သူသည် မြားတစ်ထောင် အထိုးခံရသည့် နာကျင်မှုမျိုးကို ခံစားရပါစေဟု ကျိန်ဆိုခဲ့ဖူးသည်။ ထိုစဉ်က ကောင်းကင်တာအိုက အာရုံ ခံမိသွားပြီး မြားတစ်ထောင် အထိုးခံရသည့် ဝေဒနာကို တကယ်ပင် ခံစားခဲ့ရသည်။ တစ်ဖက်မှ ကြည့်လျှင်မူ ၎င်းသည် ဖြူစင်မှုကို သက်သေထူသည့် ခိုင်မာသော အထောက်အထားတစ်ခုလည်း ဖြစ်ခဲ့သည်။

ဒီကောင်မလေးက တကယ့်ကို အလေးအနက် ပြောနေတာပဲ...

ချန်ဟွိုက်အန် လန့်သွားသည်။

ဒါဆို လီချင်းရန်က သူ့ဆရာကို စိန်ခေါ်ချင်တာ မဟုတ်ဘူး။ သူက အထက်အောက် အဆင့်အတန်းကို ပြောင်းပြန်လှန်ပြီး သူကိုယ်တိုင် ဆရာဖြစ်ချင်နေတာလား။ အဲဒီလိုဆိုရင် သူက သူရဲ့ “တပည့်” အပေါ် စိတ်ကြိုက် ခြယ်လှယ်လို့ ရပြီပေါ့။

ဖြူဖျော့ဖျော့ ပိုးသားခြေအိတ် ဝတ်ထားသော လီချင်းရန်၏ ခြေဖဝါးနုနုလေးများက မိမိအပေါ်ကို နင်းခြေနေသည်ကို ချန်ဟွိုက်အန် မြင်ယောင်လာမိသည်။

တောက်...

အဲဒီလိုနေ့မျိုး ဘယ်တော့မှ ရောက်လာမှာလဲ။

ချန်ဟွိုက်အန် စကားစပ်မိရင်း သီးမလိုဖြစ်သွားကာ မျက်နှာကြက်ကို ကြည့်ပြီး ဆွံ့အ၍ နေတော့သည်။

“ဆရာ... နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။ ဟို အချက်သုံးချက်ကို ပြည့်စုံအောင် လုပ်ဖို့ ဆိုတာမျိုး...”

“အစီအစဉ် ဟုတ်လား။” သူ၏ စကားကြောင့် ချန်ဟွိုက်အန် စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်ပြီးမှ လေးနက်စွာ ပြောလိုက်သည်။ “မင်း သတိပေးမှပဲ သတိရတော့တယ်။ ပထမဆုံး အနေနဲ့ ကြေးခွံနက်ဓားကို ပြန်သွန်းလုပ်ဖို့ လိုတယ်။ ပြီးမှ ဝိညာဉ်ရတနာတွေ ရှာဖို့ ဆက်ပြောကြတာပေါ့။ မင်းဘက်ကတော့ ဒီအတောအတွင်းမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းကို အမြန်ဆုံး ရောက်အောင် ကြိုးစား...”

“ဟမ်...” လီချင်းရန် မျက်လုံးလေးတွေ ဝိုင်းသွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ ခါးသက်သက် ပြုံးလိုက်သည်။ “ဒါပေမဲ့ ဆရာ... ကျွန်မ ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်ကို ရောက်တာ သုံးရက်တောင် မပြည့်သေးဘူးလေ...”

“မင်းက ဓားသခင်ချန်ရဲ့ တပည့်လေ။ သာမန်စံနှုန်းတွေက မင်းနဲ့ ထိုက်တန်တယ် ထင်လို့လား။ မင်းက ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့်လေးနဲ့တင် ကျေနပ်နေတာလား။ ငါ အဲဒီအဆင့်မှာတုန်းက အခြေအနေတွေက အရမ်းခက်ခဲခဲ့တာ။ ငါ့မှာ ဘာမှမရှိဘူး။ တစ်နေ့ကို မိစ္ဆာကောင် တစ်ထောင်ကျော် သတ်ရတယ်၊ တောင်ပေါင်း တစ်သောင်းကျော်ကို ကျော်ဖြတ်ရတယ်။ တိုက်ပွဲကြားထဲမှာမှ အဆင့်တက်ဖို့ အခွင့်အရေးလေး ရှာခဲ့ရတာ၊ ကျင့်ကြံခြင်းမှာ အထောက်အကူပြုမယ့် ဝိညာဉ်ဆေးပင်လေး တစ်ပင်ရဖို့အရေး အသည်းအသန် ကြိုးစားခဲ့ရတာ...”

ချန်ဟွိုက်အန်က အပိုအလုပ်များ အကြီးအကျယ် လျှောက်ပြောနေတော့သည်။

လီချင်းရန် အစွမ်းကုန် ကြိုးစားနေမှန်း သူသိသည်။ သို့သော် တစ်ခါတလေ ဖိအားရှိမှသာ ဉာဏ်အလင်းပွင့်တတ်သည် မဟုတ်ပါလား။ ပိုအရေးကြီးသည်မှာ ကြေးခွံနက်ဓားကို ပြန်လည် သွန်းလုပ်နိုင်ရန် လီချင်းရန်၏ တိုက်ခိုက်ရေးတာဝန်မှ ရလာမည့် ဆုလာဘ်များအပေါ်တွင် မူတည်နေ၍ပင်။။

စကားပုံရှိတယ်မဟုတ်လား။ ဆရာရဲ့ အရည်အချင်းမရှိမှုက တပည့်အတွက် ဂုဏ်ယူစရာတဲ့...

လီချင်းရန် ကြောင်အမ်းအမ်းဖြင့် မျက်လုံးအဝိုင်းသားလေးနှင့် မှင်တက်သွားသည်။ တစ်နေ့ကို မိစ္ဆာတစ်ထောင်။ တောင်ပေါင်းတစ်သောင်း။ ဒါက ဘယ်လိုမျိုးလဲ။ သူ စိတ်ပင် မကူးနိုင်တော့ပေ။

ဒါဆို ဆရာက အရင်က ကျင့်ကြံစဉ်မှာ ဒီလောက် ဒုက္ခခံခဲ့ရတာပေါ့။ အရင်က သူပြောခဲ့တဲ့ ပုံစံတွေနဲ့ ကွဲလွဲနေပေမဲ့၊ အခုပြောတာကမှ တကယ့် အစစ်အမှန် ဖြစ်မှာ သေချာတယ်။

လီချင်းရန်က ချန်ဟွိုက်အန်၏ ကိုယ်ထည်ကို ဖြတ်ကျော်ကာ ခေါင်းအုံးကို ဖက်လိုက်ပြီး၊ မျက်နှာလေးကို အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်မ ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်။ ရက်ပိုင်းအတွင်းမှာပဲ ရွှေရောင်အနှစ်သာရ နှောင်းပိုင်း အဆင့်ကို ရောက်အောင် ကြိုးစားပါ့မယ်...”

“မဆိုးဘူး။ ဒီသခင်ရဲ့ တပည့်ပီသပါပေတယ်။”

“ဒါဆို... ဆရာ၊ ကျွန်မရဲ့ တောင်းဆိုချက်လေး တစ်ခုလောက်ကို ခွင့်ပြုပေးနိုင်မလား။”

“ပြော...”

“ဆရာ့ဆီက ဖက်တာလေး တစ်ခုလောက် လိုချင်တယ်...” မိန်းကလေးက ချွဲနွဲ့သောလေသံဖြင့် ပြောလိုက်သည်။ သူ မျက်နှာကို ခေါင်းအုံးထဲ မြှုပ်ထားသဖြင့် အသံက အနည်းငယ် ဗလုံးဗထွေး ဖြစ်နေ၏။

“မင်း ခုနကပဲ ဖက်ထားတာ မဟုတ်လား...”

“ဒါက လေကို ဖက်ထားတာလေ။ အဲဒါ မပါဘူး...”

ချန်ဟွိုက်အန် - “...”

ကောင်းပြီလေ။ လီချင်းရန်၏ ခန္ဓာကိုယ်က မိမိ၏ကိုယ်ပွားနှင့် ထပ်တူကျနေသည်ကို ကြည့်ပြီး သူ အမှန်တရားကို ဝန်ခံလိုက်ရသည်။ သူ တကယ်ပင် လေကို ဖက်ထားရသလို ဖြစ်နေ၏။ သူလည်း လီချင်းရန်ကို ဖက်ချင်သည်။ သို့သော် ၎င်းက သူ အလိုရှိတိုင်း လုပ်၍ရသည့် အရာမျိုး မဟုတ်ပေ။

[ သင့်ရဲ့ ပုံရိပ်ယောင်ကောင်မလေးက သင့်ထံသို့ တကယ်ပွေ့ဖက်ခြင်း တောင်းဆိုချက် ပို့ထားပါတယ်... ]

ချန်ဟွိုက်အန်၏ မျက်စိရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာသဖြင့် တုန်လှုပ်သွားသည်။

[ ကျေးဇူးပြု၍ ဝန်ဆောင်မှုအမျိုးအစားကို ရွေးချယ်ပါ ]

(၁) စစ်ဂမာမေး အခမဲ့ ပက်ကေ့ချ် - “မရဘူး” ဟု အသံကျယ်ကျယ်ဖြင့် ငြင်းပယ်ပါ။

(၂) ၁၈၈ယွမ် ပရီမီယံ အသေးစား ပက်ကေ့ချ် - ကစားသူလက်နှင့် ကိုယ်ပွားလက်ကို လဲလှယ်ပါ (ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု)

(၃) ၁၈၈၈ယွမ် ထိပ်တန်း ပက်ကေ့ချ် - ကစားသူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် ကိုယ်ပွားကို ယာယီလဲလှယ်ပါ (ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု)

…

ဒါက တွန့်ဆုတ်နေစရာ လိုလို့လား။

သူ ချက်ချင်းပင် (၃)ကို ရွေးချယ်လိုက်သည်။ ပုံရိပ်ယောင်ကောင်မလေး စနစ်က တကယ်ကိုပင် အသုံးတည့်လှပေသည်။ ချန်ဟွိုက်အန် သတိမထားမိလိုက်သည်မှာ ထိုအချိန်၌ လီချင်းရန်က သူ့အပေါ်သို့ အုပ်မိုးလျက်သား ဖြစ်နေခြင်းပင်။

[ ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂိမ်းကို ပျော်ရွှင်စွာ ကစားပါ ]

ပိုက်ဆံဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဟွိုက်အန်က မိမိ၏ရင်ခွင်ထဲသို့ နူးညံ့အိစက်သော ခန္ဓာကိုယ်လေးတစ်ခု တိုးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ အကြည့်က အလိုအလျောက် အောက်သို့ ရောက်သွားသည်။သူ မြင်လိုက်ရသည်မှာ သူ၏ ဆံနွယ်များကြားမှ ထွက်ပေါ်နေသော ပန်းရောင် နားရွက်လေး တစ်ဖက်ပင်။

ဖြူဖျော့ဖျော့ ထိုနားရွက်လေးမှာ သိသိသာသာ နီရဲလာပြီး၊ မိန်းကလေး၏ နှာခေါင်းမှ ထွက်ပေါ် လာသော အသက်ရှူသံမှာလည်း တုန်ရီနေ၏။

ချန်ဟွိုက်အန်၏ လည်ချောင်းမှာ ခြောက်ကပ်သွားကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။ “ဒီလိုမျိုး... ဒါက မင်းကို ဖက်ထားတာလို့ တွက်လို့ရလား။”

“အင်း...” သူ့ရင်ဘတ်ထဲမှ ခြင်သံလောက်သာရှိသည့် တုံ့ပြန်သံလေး ထွက်လာသည်။

ချန်ဟွိုက်အန်က သူ့လက်များကို လုံးဝ မလှုပ်ရဲဘဲ အငြိမ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အလောင်းတစ်လောင်းထက်ပင် ပို၍ တောင့်တင်းနေတော့သည်။ သူတို့နှစ်ဦးမှာ အပြင်ဘက်မှ လေနှင့်မိုးဒဏ်ကို ဂရုမစိုက်ဘဲ အသိုက်ထဲမှာ ပူးကပ်နေသည့် ငှက်စုံတွဲ တစ်တွဲကဲ့သို့ ဖြစ်နေတော့သည်။

သူတို့၏ အသက်ရှူသံနှင့် စွမ်းအင်များ ပေါင်းစပ်သွားပြီး သေးငယ်သော်လည်း ဘေးကင်း လုံခြုံသော ဆိပ်ကမ်းလေးတစ်ခုအလား ဖြစ်ပေါ်လာသည်။ ထိုဆိပ်ကမ်းလေးထဲတွင် အချိန်မှာ ထာဝရအထိ နှေးကွေးသွားသလို ခံစားရသည်။

“ဆရာ..”

“အင်း...”

“ဘာလို့ အနားယူနေတဲ့ အချိန်မှာတောင် ဓားကို သိမ်းမထားတာလဲ။”

“...”

“ဒါက ဒီနားမှာ နည်းနည်း အနေရခက်လို့လေ။”

“…အဲဒါက...”

“ကျွန်မ အခုမှ နားလည်သွားပြီ...”

“...”

“ဒါက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ပဲ...” လီချင်းရန်က သူ၏ လှပသော မျက်နှာလေးကို မော့လိုက်ရာ မျက်ဝန်းထဲတွင် အားကျမှုများဖြင့် ပြည့်နှက်နေသည်။ “အနားယူနေတဲ့ အချိန်မှာတောင် ဓားနဲ့ မခွဲဘူး။ ဒါ ဓားကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ အမူအရာပဲ။ ကျွန်မကတော့ ဆရာ့အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်...”

“ဒါနဲ့ ဆရာ၊ ခုနက ဘာပြောမလို့လဲ။ အဲဒါက ဘာလဲ။”

လီချင်းရန်၏ ဖြူစင်ရိုးသားသော မျက်လုံးဝိုင်းလေးများကို ကြည့်ရင်း ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွားကာ ပြောမည့်စကားများ လည်ချောင်းထဲမှာပဲ တစ်ဆို့သွားတော့သည်။

“အဲဒါက ငါ့ဓားပဲ... ဟုတ်တယ်။ ငါ့ရဲ့ နောက်ထပ် ဓားတစ်လက်ပေါ့... အဲဒါက... အသက်နုတ်တဲ့ ဓားပဲ...”

လီချင်းရန်ကို နာရီဝက်ခန့် ဖက်ထားပြီးနောက် ချန်ဟွိုက်အန်က အခန်းထဲမှ ထွက်လာခဲ့သည်။ ၁၈၈၈ယွမ် ပက်ကေ့ချ် အချိန်စေ့သွား၍ မဟုတ်ပေ။

သူ ထိုနေရာတွင် ဆက်နေရင် သူ့ကိုယ်သူ ထိန်းနိုင်မည် မဟုတ်တော့ကြောင်း သိနေ၍ပင်။ ယခု ထွက်လာလိုက်ခြင်းက သူ့ဓားကို အသက်နုတ်သောဓားအဖြစ် ဆက်ရှိနေစေသည်။

“ဓားဝိညာဉ်ကို ရှာရမယ့်အချိန် ရောက်ပြီ။”

ချန်ဟွိုက်အန်က လျိုရှားတောင်ထွတ် အရှေ့တွင် ရပ်ကာ ကောင်းကင်ယံမှ လမင်းကြီးကို ငေးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ တည်ရှိမှုကို သူတော်စင် ယွိယောင်က အာရုံခံမိပြီးသား ဖြစ်လိမ့်မည်။ အကယ်၍ သူနှင့် ဆရာတော် ဖန်ယဲ့သာ ဆက်သွယ်မှု ရှိနေရင် သူက ဖန်ကျင်း မြင့်မြတ်နယ်မြေအတွက်လည်း ဆူးတစ်ချောင်း ဖြစ်နေပေလိမ့်မည်။ ချင်းယွန်ဘုံက သူ့အတွက် ဘေးမကင်းတော့ပေ။

သို့သော် ကျားတွင်းထဲမဝင်ဘဲ ကျားသားမရနိုင် မဟုတ်ပါလား။ အကယ်၍ ကြေးခွံနက်ဓားကို ဝိညာဉ်ရတနာအဖြစ် အဆင့်မြှင့်နိုင်လျှင် သူ ရှင်သန်နိုင်မည့် အခွင့်အရေးမှာ သိသိသာသာ တက်လာပေလိမ့်မည်။

သူက အခန်းလေးဘက်သို့ နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်သည်။ ပြတင်းပေါက်တွင် လွမ်းမောဖွယ် ငေးကြည့်နေသော လှပသည့် ပုံရိပ်လေးတစ်ခုကို သူ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချန်ဟွိုက်အန်၏ မျက်နှာအမူအရာမှာ ပြတ်သားသွားသည်။ သူက ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဆွဲဖွင့်ကာ ခြေလှမ်းလှမ်းဝင်လိုက်သည်။

ဟင်းလင်းပြင်အက်ကြောင်း ပြန်မပိတ်မီလေးတွင် လီချင်းရန်၏ လှမ်းခေါ်သံကို သဲ့သဲ့လေး ကြားလိုက်ရသည်။

“ဆရာ၊ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ရမယ်နော်...”

“ကျွန်မ ဆရာ့အတွက် အတွင်းခံချုပ်ပေးထားတယ်။ ပြန်လာရင် ဝတ်လို့ရပြီ...”

ချန်ဟွိုက်အန် - “...”

ယောင်ချီ မြင့်မြတ်နယ်မြေ...

သူတော်စင် ယွိယောင်သည် စမ်းရေတွင်းတစ်ခုရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့နေသည်။ စမ်းရေတွင်း ဘေးပတ်ပတ်လည်တွင် ရှေးဟောင်း ကျမ်းစာစောင်များ အပြည့်တင်ထားသော စင်ပေါင်းများစွာ ရှိနေသည်။

ထိုကျမ်းစာစောင်များမှာ အလွန်ပင် ရှေးကျလှသည်။ အချို့သော ဝါကျင်ကျင် စာမျက်နှာများမှာ တာအိုနိယာမများဖြင့်ပင် တဖျတ်ဖျတ် တောက်ပနေသည်။ သို့သော် ထိုအရာအားလုံးမှာ သူ၏ ဒူးပေါ်တွင် တင်ထားသော ကျောက်စိမ်းစာလိပ်တစ်ခုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

၎င်းပေါ်တွင် မည်သည့်စာလုံးမှ ထွင်းထုထားခြင်း မရှိသော်လည်း ကြောက်မက်ဖွယ် ကောင်းလှသော အအေးဓာတ်များ ထွက်ပေါ်နေသည်။ ထိုအအေးဓာတ်မှာ စမ်းရေတွင်းဘေးရှိ ကျောက်ခဲများကိုပင် ဆီးနှင်းများ ဖုံးလွှမ်းသွားစေသည်အထိ အေးစက်လှပေသည်။

...

All Chapters