← Chapters

ရေကြည်ကန်ရှေ့ဝယ်

Vol. 34 Ch. 337

ရေကြည်ကန်ရှေ့ဝယ်

Vol. 34 Ch. 337

“လောကမှာရှိတဲ့ ဓားကွက်တွေ အားလုံးထဲမှာ အမြန်နှုန်းကသာ အဓိပတိပဲ။ ပိုမြန်တဲ့အရာကို ဘယ်အရာကမှ မချိုးဖျက်နိုင်ဘူး...”

ရေကြည်ကန်ရှေ့တွင် ဝတ်ရုံဖြူဝတ် ဓားကျင့်ကြံသူ တစ်ဦးက လက်အုပ်ချီကာ အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။

“ကျွန်တော်က ဓားကျောင်းတော် တပည့် မုချုံးယွီပါ။ ဒီနေ့ ခင်ဗျားတို့ အားလုံးနဲ့ ဓားပညာ ဖလှယ်ခွင့်ရတာ ဂုဏ်ယူမိပါတယ်...”

“ဓားကျောင်းတော်က တပည့်ပဲ... မင်းရဲ့ လမ်းလျှောက်ပုံက နဂါးလို ဟန်ပါပြီး ကျားလို ထည်ဝါနေတာ မဆန်းပါဘူး။ တကယ့်ကို မြင့်မြတ်တဲ့ အရှိန်အဝါပဲ... ကျွန်တော်ကတော့ လင်တုန်း၊ လေလွင့်ကျင့်ကြံသူပါ။ ညီအစ်ကိုမု... ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့အခါ လက်တွန့်ပေးဖို့ မျှော်လင့်ပါတယ်...”

“ဟားဟားဟား... ရပါတယ်၊ ပြဿနာမရှိဘူး...”

ထိုကဲ့သို့သော စကားဝိုင်းများက ရေကြည်ကန် ဘေးပတ်ပတ်လည်တွင် မပြတ်တမ်း ပဲ့တင်ထပ်နေသည်။

လွန်ခဲ့သော လဝက်ခန့်က ထိုနေရာသည် စွန့်ပစ်ထားသော အမှိုက်ပုံတစ်ခုသာ ဖြစ်ခဲ့သည်။

သို့သော် တစ်နေ့တွင် ရေကြည်ကန်ထဲမှ ဟုန်ဟုန်တောက်သော ဓားချီများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မိုင်တစ်ရာ ပတ်လည်ရှိ တိမ်တိုက်များကို လွင့်စင်သွားစေခဲ့သည်။ မိုင်ပေါင်းများစွာ အဝေးမှပင် ကောင်းကင်သို့ ထိုးတက်နေသော အမည်းရောင်နှင့် အဖြူရောင် ဓားချီ ကန့်လန့်ကာကြီး နှစ်ခုကို မြင်တွေ့နိုင်ခဲ့ကြသည်။ ထိုနေရာမှာ လူသားနယ်မြေနှင့် နီးကပ်သော်လည်း ဓားချီကို နားလည်သဘောပေါက်ရန် မျှော်လင့်ချက်ဖြင့် ကျင့်ကြံသူ အမြောက်အမြားကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

သူတို့ထဲမှ အများအပြားက ရေကန်ထဲသို့ ငုပ်လျှိုးကာ အတုမဲ့ ဓားရတနာတစ်ခုခုကို ရှာဖွေရန် ကြိုးစားခဲ့ကြသေးသည်။ ကံဆိုးသည်မှာ မည်သူဆို ရေထဲသို့ ဆင်းလိုက်သည်နှင့် မမြင်ရသော အင်အားတစ်ခုက ကမ်းပေါ်သို့ ချက်ချင်း ပြန်လည်ပို့ဆောင်ခြင်း ခံရသည်။

လူသားတို့က တားမြစ်ထားသောအရာကို ပို၍ စိတ်ဝင်စားတတ်ကြစမြဲပင်။

ရေကြည်ကန် ပို၍ နက်နဲလေလေ၊ ကျင့်ကြံသူများနှင့် လူသားများမှာ ပို၍ သိချင်စိတ် ပြင်းပြလေလေ ဖြစ်လာသည်။ ရေအောက်တွင် မည်သည့်အရာ ဆိုကြောင်းကို မမြင်ရသရွေ့ သူတို့ ကျေနပ်ကြမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်ကမူ ထိုအခွင့်အရေးကို ဆုပ်ကိုင်ကာ ကမ်းစပ်တွင် လောင်းကစားဝိုင်းများပင် ထောင်ထားလေသည်။

“ဒီမုချုံးယွီက တကယ်ပဲ ဓားကျောင်းတော်တပည့် ဟုတ်ပါ့မလား။ သူ ဓားအသိကို နားလည် နိုင်မယ် ဒါမှမဟုတ် ရေကြည်ကန်ထဲ ဝင်နိုင်မယ်လို့ ခင်ဗျားထင်လား။”

“တကယ်လို့ သူက ဓားကျောင်းတော်က ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ဒီမုချုံးယွီက ကြည့်ရတာ တစ်မျိုးကြီးပဲ။”

“ဘာဖြစ်လို့လဲ။” လောင်းကစားဒိုင်က လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ရေကန်အလယ်ရှိ လှေငယ်လေးပေါ်တွင် ရပ်နေသော ဝတ်ရုံဖြူဝတ် ဓားသမားကို ညွှန်ပြလိုက်သည်။ “မုချုံးယွီရဲ့ အမူအရာနဲ့ ဓားအသိက ဓားကျောင်းတော်တပည့် တစ်ယောက်ရဲ့ အသွင်အတိုင်းပဲ။ သူ့ခါးမှာ ချိတ်ထားတဲ့ ဓားကျောင်းတော်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ကြည့်ဦး။ သူက တပည့်မဟုတ်ရင်... မင်းက တပည့်လား။”

သာမန်ကျင့်ကြံသူတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော ချန်ဟွိုက်အန်သည် လောင်းကစားဒိုင်ကို ကြည့်ကာ ဆွံ့အသွားသည်။

ဘာလို့လဲ ဟုတ်လား။

ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က ဓားကျောင်းတော်ဘိုးဘေး ဖြစ်နေလို့ပဲ။

ဓားကျောင်းတော်ထဲမှာ မုချုံးယွီဆိုတဲ့ နာမည်နဲ့လူနဲ့ ရှိနေရင် ငါ မသိဘဲ နေပါ့မလား။

ထို ဓားကျောင်းတော် ကျောက်စိမ်းပြား ဆိုသည်မှာလည်း... လုံးဝ အတုပင်။ တစ်ချက်ကြည့်ရုံနှင့် သိနိုင်၏။

“လောင်းကြ၊ လောင်းကြစမ်းပါ... မုချုံးယွီ ဓားအသိကို နားလည်နိုင်မလား။ သုံးရက်အတွင်းမှာ ရေကြည်ကန်ထဲ ဝင်နိုင်မလား။”

ဗုံသံမြည်လာသည်နှင့်အမျှ ပျင်းရိနေသော ကျင့်ကြံသူများမှာ လောင်းကစားဝိုင်းဆီသို့ စုပြုံ၍ လာကြသည်။ သူတို့ထဲမှ အများစုမှာ ဓားအသိကို ကိုယ်တိုင်နားလည်ရန် သို့မဟုတ် ရေကန်ထဲဝင်ရန် ကြိုးစားမှုကို လက်လျှော့လိုက်ကြပြီ ဖြစ်သည်။

သူတို့က အစောဆုံး ရောက်လာသူများ ဖြစ်ကြပြီး အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးသား ဖြစ်သည်။ သူတို့ကိုယ်တိုင် ဘာမှမရနိုင်သည့်အတွက် အခြားသူများလည်း ကျရှုံးသည်ကို မြင်ချင်နေကြခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းတာတစ်ခုခု ရသွားလည်း သူတို့ဆီမှ လုယူလိုက်ရုံသာ မဟုတ်ပါလား။

ရတနာအတွက် သတ်ဖြတ်ခြင်းမှာ ချင်းယွန်ဘုံ၏ နေ့စဉ်ဘဝပင် ဖြစ်သည်။ အထူးသဖြင့် လေလွင့်ကျင့်ကြံသူများ အကြားတွင် ပိုဆိုးသည်။ မည်သည့်ဂိုဏ်းကလဲ ဆိုသည်ကို မည်သူမှ ဂရုမစိုက်ကြ။ ဂိုဏ်းတစ်ခုလုံးနှင့် အတူသွားလာနေသည် မဟုတ်ပါက အသတ်ခံရခြင်းမှာ ကိစ္စမရှိလှပေ။

ချန်ဟွိုက်အန် လောင်းကစားဝိုင်းထဲ မဝင်ပါခဲ့ပေ။ ထိုလေလွင့်ကျင့်ကြံသူများတွင် ဝိညာဉ် ကျောက်တုံး သိပ်မရှိကြ။ ၎င်းမှာ မတန်ပေ။ သူ၏ အာရုံမှာ ရေကြည်ကန် အပေါ်တွင်သာ ရှိနေသော်လည်း သူ ပေါ့ဆစွာ မလှုပ်ရှားပေ။

အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် လူအုပ်ကြီးထဲတွင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်မှာ သူတစ်ယောက်တည်း မဟုတ်သောကြောင့်ပင်။ ပိုအရေးကြီးသည်မှာ ရေကန်ထဲမှ ဓားဝိညာဉ် ဘာဖြစ်နေမှန်းကို သူ နားမလည်သေးခြင်း ဖြစ်သည်။

ကောင်းကင်နက္ခတ် တွက်ချက်ခြင်းကို အသုံးပြုသော်လည်း ဘာမှမသိရပေ။ သူ၏ “ဝန်ဆောင်မှု စနစ်” က စည်းမျဉ်းအတိုင်း လိုက်နာရန်သာ ပြောခဲ့သည်။

သူ စဉ်းစားနေစဉ်မှာပင် မိမိကိုယ်မိမိ မုချုံးယွီဟု ခေါ်သော ဓားကျင့်ကြံသူသည် လှေကို ရေကန်အလယ်သို့ မောင်းနှင်သွားခဲ့ပြီဖြစ်သည်။ သူက ရေပေါ်ရှိ ဓားအသိကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီး ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

“တပည့် မုချုံးယွီက စီနီယာရဲ့ ဓားအသိကို လေ့လာသင်ယူခွင့် တောင်းခံပါတယ်...”

သူ၏အသံ ပဲ့တင်ထပ်သွားပြီးနောက် လူအုပ်ထဲမှ တိုးတိုးလေး ပြောသံများ ထွက်လာသည်။

“စပြီ...”

“ဒီကောင် ဘာဖြစ်မလဲ ကြည့်ရအောင်။”

...

ရေကြည်ကန်၏ ရေပြင်မှာ တုန်ခါလာပြီး ပွက်ပွက်ဆူလာသည်။ ယင်နှင့်ယန် စွမ်းအင်များ ရေကန်ထဲမှ ထွက်ပေါ်လာပြီး ရေပြင်ကို အမည်းနှင့် အဖြူရောင် တဖြည်းဖြည်း ပြောင်းလဲ၍ သွားစေသည်။ နောက်ဆုံးတွင် အပေါ်မှ ကြည့်လျှင် ဝိုင်းစက်နေသော ရေကန်ကြီးမှာ ကြီးမားသော ထိုက်ကျိပုံရိပ်၊ ယင်ယန်ငါး တစ်စုံနှင့် တူသွားတော့သည်။

တစ်ခုတည်းအဖြစ် ပေါင်းစည်းနေသော ဓားအသိ နှစ်ခုမှာ ကွဲထွက်လာကြသည်။

ယန်ဓားက ယင်ငါး၏ မျက်စိပေါ်တွင် ဝဲပျံနေသည်။

ယင်ဓားက ယန်ငါး၏ မျက်စိပေါ်တွင် ဝဲပျံနေ၏။

မုချုံးယွီသည် ငါးမျက်စိနှစ်ခုကို ဆက်သွယ်ထားသော မျဉ်းပေါ်တွင် ရပ်နေသည်။ ထိုလူငယ်ဓား ကျင့်ကြံသူ၏ မျက်နှာမှာ ဖြူလျော့သွားသည်။ သူက ရှေ့မှ မြင်ကွင်းကြောင့် သိသိသာသာ ထိတ်လန့်နေပြီး ခြေထောက်များမှာလည်း မထိန်းနိုင်အောင် တုန်ရီနေသည်။

“စီနီယာကြီး... ဒီဂျူနီယာကို မနောက်ပါနဲ့။ ကျေးဇူးပြုပြီး ကိုယ်ထင်ပြပြီး လမ်းညွှန်ပေးပါ...”

မုချုံးယွီက သတ္တိမွေးရန် လည်ပင်းကို မတ်ထားပြီး ပတ်ဝန်းကျင်ကို ပျာပျာသလဲ ကြည့်နေသည်။ သူ စိုးရိမ်ထိတ်လန့်နေစဉ်မှာပင်...

ချွမ်...

ကြည်လင်ပြတ်သားသော ဓားသံတစ်ချက် ရေကန်ထဲမှ ထွက်ပေါ်လာ၏။

အသံငြိမ်သွားသည်နှင့် ငါးမျက်စိထဲမှ ဓားအသိများမှာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် ဓားကျင့်ကြံသူ ပုံရိပ်ယောင် နှစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

ယန်ဓား ပုံရိပ်ယောင်က ဓားကို ခါးတွင် ချိတ်ထားပြီး လက်ချောင်းများကို ဓားအိမ်ပေါ်တွင် တင်ထားသည်။ ဓားသွားမှာ ဓားအိမ်ထဲမှ သုံးလက်မခန့် ထွက်နေ၏။

ယင်ဓား ပုံရိပ်ယောင်မှာမူ ဓားကို ကျောနောက်မှာ ကိုင်ထားပြီး လက်စွပ်ထဲမှ လက်မဝက်ခန့်သာ ထွက်နေသော အေးစက်သော ဓားအလင်းတန်းလေးကို ကိုင်ထားသည်။

မုချုံးယွီက ထိုပုံရိပ်နှစ်ခုကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ ဒီကောင်လေးမှာ ပါရမီတော့ ရှိတယ်။ ဒါပေမဲ့ စိတ်ဓာတ်နဲ့ နားလည်နိုင်စွမ်းကတော့ အားနည်းနေသေးတယ်။ ဓားပုံရိပ်ယောင် နှစ်ခု ပေါ်လာပြီ ဆိုတော့ နောက်ထပ် ဘာဖြစ်လာဦးမှာလဲ။ သိသာပါတယ်။ သူတို့ တိုက်ကြတော့မှာပေါ့...

ချန်ဟွိုက်အန် ထိုသို့တွေးပြီး နှာခေါင်းရှုံ့တော့မည့် ပြင်လိုက်စဉ်...

ခန့်ညားထည်ဝါသော အသံတစ်ခု ရေကန်ထဲမှ ပေါက်ကွဲထွက်လာ၏။

[ စမ်းသပ်မှု စတင်ပါပြီ။ ကျေးဇူးပြု၍ မေးခွန်းကို နားထောင်ပါ... ]

ချန်ဟွိုက်အန် မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်ပြီး စိတ်ထဲမှာ မေးခွန်းသင်္ကေတ ပေါ်လာသည်။ ဘာကြီးလဲဟ။ ဒီလောက်အထိ ဟိတ်ဟန်ထုတ်ပြီးတော့ တိုက်ပွဲမဟုတ်ဘဲ ဉာဏ်စမ်း ပဟေဠိကြီးလား။ ဘယ်လို ဓားဝိညာဉ်မျိုးက ဒီလိုမျိုး လုပ်တာလဲ။

လှေငယ်ပေါ်တွင် ရပ်နေသော မုချုံးယွီမှာမူ သက်ပြင်းတစ်ချက် ချလိုက်နိုင်ရှာသည်။ သူက သိပ်မသန်မာပေ။ အခြေခံအုတ်မြစ်အဆင့် အလယ်အလတ်သာ ရှိသေးသည်။ အကယ်၍ ထိုဓားပုံရိပ်နှစ်ခုနှင့် တိုက်ရမည်ဆိုပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။ သို့သော် အမေးအဖြေ ဆိုလျှင်တော့ သူ့တွင် မျှော်လင့်ချက် ရှိသေးသည်...

[ ကျေးဇူးပြု၍ မေးခွန်းကို နားထောင်ပါ... သင် အိမ်သာတက်နေစဉ် လူမိုက်တစ်ယောက်က ရုတ်တရက် ပြေးဝင်လာပြီး သင့်ကို ဓားနဲ့ထိုးလိုက်တယ်။ အဲဒီအချိန် သင်က အီးကို အဆုံးထိ ပါမလား၊ ဒါမှမဟုတ် တိုက်ခိုက်လာတဲ့သူနောက်ကို ချက်ချင်း လိုက်မလား ]

မေးခွန်းထွက်လာသည်နှင့် ကျင့်ကြံသူ လူအုပ်ကြီး တစ်ခုလုံး တိတ်ဆိတ်သွား၏။ ခုနက ယုံကြည်မှုတွေ ပြည့်နေသော မုချုံးယွီမှာလည်း လုံးဝ မှင်တက်သွားတော့သည်။

“ပါရမီရှင်ပဲ... တကယ့်ကို ပါရမီရှင်ပဲ...” အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ချန်ဟွိုက်အန် ဘေးမှ လောင်းကစားဒိုင်က ပေါင်ကို ရိုက်ပြီး သီးတော့မလို ဖြစ်သွားသည်။ “ဓားဝိညာဉ်ရဲ့ မေးခွန်းတွေက အမြဲတမ်း ဒီလိုပဲ အဓိပ္ပာယ်မရှိတာ...”

ချန်ဟွိုက်အန် စက္ကန့်သုံးဆယ်လောက် တိတ်နေမိသည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ ပြီးပြည့်စုံသော အဖြေတစ်ခု ရှိနှင့်နေပြီ ဖြစ်သည်။ ယခု မေးစရာရှိသည်က ထိုညီအစ်ကို မုချုံးယွီ မည်ကဲ့သို့ ဖြေမည်ကိုပင်။

“ကျွန်တော်... ကျွန်တော်...” သူ အတော်ကြာအောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြီးနောက် စိတ်ထဲတွင် ထိုမြင်ကွင်းကို ပုံဖော်နေပုံရသည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ ပြောလိုက်၏။

“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ သိက္ခာနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့က အရေးကြီးဆုံးပဲ။ ဒါကြောင့် ကျွန်တော်က ဒဏ်ရာကို ဖိထားပြီး အီးကို အရင် ပါမယ်။ ပြီးမှ အဲဒီလူမိုက်နောက်ကို လိုက်ပြီး စာရင်းရှင်းမယ်...”

ချန်ဟွိုက်အန်က မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။

သွားပြီ။

ထိုအဖြေက အရမ်းကို အောက်တန်းကျလွန်းသည်။

ထင်ထားသည့်အတိုင်း ရေကြည်ကန်ကြီးမှာ ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် အသံ တစ်ခုက မုချုံးယွီ၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်သည်။

[ အရည်အချင်း မပြည့်မီပါ... ]

[ နောက်ထပ် မေးခွန်းတစ်ခုကို နားထောင်ပါ... ]

အသံပျောက်သွားသည်နှင့် ယင်ယန် ဓားကျင့်ကြံသူ ပုံရိပ်နှစ်ခုမှာ ပေါင်းစည်းသွားပြီး ရေထဲသို့ နစ်မြုပ်သွားသည်။ မုချုံးယွီ၏ လက်ထဲမှ ဓားပျံမှာလည်း မမြင်ရသော အင်အားတစ်ခုကြောင့် ရေကန်ထဲသို့ ဆွဲချခြင်း ခံလိုက်ရသည်။

ထို့နောက် ရေဖြင့် ပြုလုပ်ထားသော ဓားကျင့်ကြံသူ ပုံရိပ်အသစ်တစ်ခုက သူ၏ အရှေ့တွင် ပေါ်လာသည်။ ၎င်းက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြရင်း မေးလိုက်သည်။

“လူငယ်လေး...ခုနက ရေထဲကျသွားတဲ့ ဓားက သာမန်ဓားပျံလား၊ အဆင့်မြင့် မှော်လက်နက်လား၊ ဒါမှမဟုတ်... ဝိညာဉ်လက်နက်လား။”

…

All Chapters