ဘာအဓိပ္ပာယ်လဲ
Vol. 34 Ch. 339
လီကျစ်ဖျင်က သူ့ပတ်ဝန်းကျင်မှ အမျိုးမျိုးသော အကြည့်များကို ဂရုမစိုက်ပေ။
သူ့တွင် ယနေ့အတွက် ရည်မှန်းချက်တစ်ခုသာရှိသည်။ ၎င်းမှာ သူတော်စင်ကျန်း၏ ဓားဝိညာဉ်ကို ပြန်လည်ရယူရန်ဖြစ်သည်။
သူတော်စင်ကျန်းသည် သံသရာဓားအသိကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော သူမျိုးက အလွယ်တကူ သေဆုံးမည် မဟုတ်ပေ။ လွန်ခဲ့သော ခုနစ်ရက်က သူတော်စင်၏ ဝိညာဉ်မီးအိမ်မှာ ထပ်မံ၍ လှုပ်ခတ်လာခဲ့သည်။ သူက ထိုအချက်ပြမှုနောက်သို့ လိုက်လာရင်း ရေကြည်ကန်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်ယန်ဓားအသိကို မြင်လိုက်ရသည့်ခဏတွင် ထိုဓားဝိညာဉ်မှာ သူတော်စင်နှင့် ပတ်သက်နေရမည်ဟု သူ အသေအချာ သိလိုက်ရသည်။
သူတော်စင် ကိုယ်တိုင် အဘယ်ကြောင့် ပေါ်မလာရသည်ကိုသာ သူ နားမလည်နိုင်ဖြစ်နေခြင်းပင်။
သူ့အနေဖြင့် ခန့်မှန်းရလျှင် သူတော်စင်သည် မိမိအား ပြန်လည်၍ နိုးထစေနိုင်လောက်သည့် ထိုက်တန်သူတစ်ဦးကို ရွေးချယ်ရန်အတွက် ထိုစမ်းသပ်မှုကို ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။
ယခုအချိန်တွင် ထိုဓားဝိညာဉ်က သူ၏အကြွင်းအကျန်များ လမ်းမှားသို့ မရောက်ရှိစေရန် ချန်ထားခဲ့သော လမ်းကြောင်းတစ်ခု ဖြစ်နိုင်ပေသည်...
လီကျစ်ဖျင်သည် မျက်မှောင်ကြုတ်နေသော ဆရာတော် ဖန်ခုန်းကို တစ်ချက်ကြည့်လိုက်သည်။
ဒီအဘိုးကြီးလို လူမျိုးတွေပေါ့။ ဖန်ကျင်း မြင့်မြတ်နယ်မြေက လူယုတ်မာပဲ... သူကတောင် သူတော်စင်ရဲ့ အကြွင်းအကျန်တွေအတွက် ငါနဲ့ လာပြီးတော့ ပြိုင်ချင်သေးတယ်လား။ ရယ်စရာပဲ...
သူသည် ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦးဖြစ်ပြီး သူတော်စင်၏ မျက်စိအောက်တွင် ကျင့်ကြံရင်း ကြီးပြင်းလာသူ ဖြစ်သည်။
သူတော်စင်၏ သဘာဝကို သူ မည်သို့ မသိဘဲ နေပါ့မည်နည်း။
ထိုမေးခွန်း၏အဖြေက ရိုးရှင်းပေသည်။
သူက ရှေ့သို့ နှစ်လှမ်းတက်လိုက်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ “တကယ်လို့ အဲဒီလိုမျိုးသာ ဖြစ်လာခဲ့ရင် ဒီသခင်ကတော့ ကိုယ့်ကိစ္စကိုယ် ဆက်ရှင်းနေရင်းနဲ့ပဲ ဓားပျံကို ဆင့်ခေါ်ပြီး အဲဒီသူခိုးရဲ့ခေါင်းကို ဖြတ်ပစ်လိုက်မှာပဲ။ မိုင်တစ်ထောင်အကွာက သတ်ဖြတ်ခြင်း ဆိုတာ စိတ်ကူးလိုက်ရုံပဲ။ ဓားက ပစ်မှတ်ကိုထိမယ်။ ရန်သူ သေဆုံးမယ်။ ဒီသခင်ရဲ့... အီးက... ဆက်ထွက်နေမှာပဲ...”
ရေကြည်ကန်ကြီးမှာ အတော်ကြာအောင် တိတ်ဆိတ်သွား၏။ လီကျစ်ဖျင်နှင့် ဆရာတော် ဖန်ခုန်းတို့ စိုးရိမ်တကြီး ဖြစ်လာချိန်မှာပင်...
ဓားဝိညာဉ်က နောက်ဆုံး၌ စကားပြောလာသည်။ [လက်ခံနိုင်သောအဖြေ။ အောင်မြင်သည်...]
၎င်းကို ကြားလိုက်ရသည့်အခါ ဆရာတော် ဖန်ခုန်းမှာ ကြောင်အမ်းသွားပြီး လီကျစ်ဖျင်ကမူ နှုတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်သည်။
၎င်းမှာ “လက်ခံနိုင်ရုံ” မျှသာဖြစ်သော်လည်း သူတော်စင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို အနည်းငယ်မျှ သဘောပေါက်ထားကြောင်း သက်သေပြနေသည်။
ဖန်ကျင်းနယ်မြေက ဒီထိပ်ပြောင်ကုလားအုတ်လား။ သူက ဘာမှသိတာမဟုတ်ဘူး...
ယင်ယန်ဓားကျင့်ကြံသူ၏ ပုံရိပ်က ချန်ဟွိုက်အန်ဘက်သို့ လှည့်လာပြီး သူ့အလှည့် ဖြစ်ကြောင်း အချက်ပြလိုက်သည်။
ချန်ဟွိုက်အန် စဉ်းစားပင်မနေဘဲ လွှတ်ခနဲ ပြောလိုက်သည်။ “တကယ်လို့ ဒီ... အဟမ်း၊ ဒီဂျူနီယာသာ အဲဒီလိုအခြေအနေမျိုးနဲ့ ကြုံရမယ်ဆိုရင် မေးခွန်းထဲမှာ ကျင့်ကြံမှုအဆင့် ဒါမှမဟုတ် အစွမ်းအစတွေကို သတ်မှတ်မထားတဲ့အတွက် သာမန်လူတစ်ယောက် ဒါမှမဟုတ် သာမန်ကိုယ်ခံပညာရှင်တစ်ယောက်လို့ပဲ ကျွန်တော် ယူဆလိုက်မယ်။ ဒါကြောင့် ရွေးချယ်စရာ တစ်ခုပဲရှိတယ်။ လက်ထဲမှာရှိတဲ့ အညစ်ပတ်ဆုံးလက်နက်ကို သုံးပြီး အဲဒီလူမိုက်ကို အားရပါးရ ရိုက်နှက်ဆုံးမပစ်မှာပါ...”
[ စိတ်ဝင်စားစရာကောင်းသားပဲ... အဲဒီလက်နက်က ဘာလဲ ]
“ခုနက ကျသွားတဲ့ဟာပဲ... အဲဒါက လက်နက်ပေါ့။”
ထိုစကားအဆုံးတွင် လူအုပ်ကြီးတစ်ခုလုံး မှင်တက်သွား၏။
လီကျစ်ဖျင်နှင့် ဆရာတော် ဖန်ယဲ့တို့က ချန်ဟွိုက်အန်ကို မိစ္ဆာတစ်ကောင်ကို ကြည့်နေသကဲ့သို့ ပါးစပ်အဟောင်းသား ကြည့်နေမိကြသည်။ သို့သော် အလွန် လျင်မြန်စွာပင် လီကျစ်ဖျင်က တဟားဟား ရယ်မောလိုက်သည်။
မှန်ပေသည်။ ထိုအဖြေက လုံးဝကို မမျှော်လင့်ထားသောအရာ ဖြစ်သည်။ သို့သော် ၎င်းက အဓိပ္ပယ်မဲ့လွန်းလှသည်။ သူ၏ ဘိုးဘေးက ထိုမျှအထိ ညစ်ပတ်စရာ အကြောင်းမရှိပေ။ မဟုတ်ဘူးလား။
ဆရာတော် ဖန်ခုန်းကလည်း ၎င်းမှာ မဖြစ်နိုင်ဟု သဘောတူသည်။ ခဏတာ အံ့အားသင့် သွားပြီးနောက် သူက ပုတီးကို ပြန်စိပ်လိုက်ပြီး နောက်ထပ်မေးခွန်းက ဘာဖြစ်မလဲဆိုသည်ကို စဉ်းစားနေတော့သည်။
[ ပြီးပြည့်စုံသော အဖြေ။ အထူးကောင်းမွန်သည်... ]
ရေကန်ထဲမှ ထွက်ပေါ်လာသော ဓားဝိညာဉ်၏ အသံက လီကျစ်ဖျင်၏ မျက်နှာပေါ်မှ အပြုံးကို ဖျက်ဆီးပစ်လိုက်သည်။ ဆရာတော် ဖန်ခုန်း၏ လက်ချောင်းများမှာ တင်းမာသွား၏။ သူ၏ မျက်လုံးများ ပွင့်လာပြီး သူစိပ်နေသော ပုတီးမှာလည်း ကျယ်လောင်သော အသံနှင့်အတူ ပြတ်ထွက်သွားတော့သည်။
နေပါဦး။ ဘာကြီးလဲဟ...
အဲဒါကို ပြီးပြည့်စုံတဲ့ အဖြေလို့ သတ်မှတ်လိုက်တာလား။
ဓားဝိညာဉ်အပေါ် ထားရှိသော လီကျစ်ဖျင်၏ အကြည့်မှာပင် ပြောင်းလဲသွားသည်။ ယခုမူ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့ရိပ် အနည်းငယ် ရှိနေသည်။ သူ သံသယပင် ဝင်လာသည်။
ဒီဓားဝိညာဉ်က သူတော်စင်နဲ့ တကယ်ရော ပတ်သက်မှုရှိရဲ့လား။
ဆရာတော် ဖန်ခုန်းက လီကျစ်ဖျင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုအကြည့်က အဓိပ္ပာယ် ဖော်နေသည်မှာ “တကယ်လို့ ဒီဓားဝိညာဉ်က ကျန်းယိပိုင်နဲ့ တကယ် ပတ်သက်နေတယ် ဆိုရင်တော့ မင်းတို့ရဲ့ ကျန့်ဝူ မြင့်မြတ်နယ်မြေကတော့ တစ်သက်လုံး သွားပြီပဲ” ဟူ၍ပင်။
သူတို့ မယုံကြည်နိုင် ဖြစ်နေသော်လည်း စမ်းသပ်မှုက လီကျစ်ဖျင်နှင့် ဆရာတော် ဖန်ခုန်းကို စဉ်းစားနေရန် အချိန်မပေးပေ။ ဓားဝိညာဉ်က နောက်တစ်ဆင့်ကို ချက်ချင်း စတင်လိုက်သည်။
သာမန်အဆင့် ဓားရှည် သုံးလက်မှာ လူသုံးဦး၏ ခါးတွင် ပေါ်လာသည်။ ထူးဆန်းသော အင်အားတစ်ခုအောက်တွင် ထိုဓားသုံးလက်လုံးက ရေထဲသို့ တစ်ပြိုင်နက် နစ်မြုပ်သွား၏။
ဒီမေးခွန်း ထပ်လာပြန်ပြီလား။
လီကျစ်ဖျင်ရော ဆရာတော် ဖန်ခုန်းပါ ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားသည်။ သူတို့က ဝိညာဉ်အဆင့် လက်နက်များကို မလိုအပ်ပေ။ ထို့ကြောင့် မှန်ကန်သော အဖြေမှာ သိသာထင်ရှားနေသည်။ ၎င်းမှာ ဓားဝိညာဉ်က မည်သူ့ကို အရင်ဖြေခိုင်းမည်နည်း ဆိုသည့်အပေါ်တွင်သာ မူတည်၏။
ရေကြည်ကန်၏ ရေပြင်မှာ လှိုင်းထလာသည်။ ဓားဝိညာဉ်သည် လီကျစ်ဖျင်၏ ရှေ့တွင် ပထမဆုံး ပေါ်လာ၏။
“ကျင့်ကြံသူ... သင် ကျပျောက်သွားတဲ့ ဓားက ဒီသာမန် ဓားပျံလား၊ ဒီမှော်လက်နက် ဓားပျံလား၊ ဒါမှမဟုတ် ဒီဝိညာဉ်ဓားပျံလား။”
ဓားဝိညာဉ်၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း လီကျစ်ဖျင်၏ မျက်လုံးများ ဝေဝါးလာသည်။ ထိုအပြုံးက သူတော်စင်၏ အပြုံးနှင့် အလွန်တူလှသည်။ သူ မတွန့်ဆုတ်တော့ပေ။ သူက သာမန်ဓားပျံကို ရိုသေစွာ ညွှန်ပြလိုက်သည်။ “စီနီယာ၊ ကျွန်တော် ကျပျောက်သွားတာက ဒီတစ်လက်ပါ။”
[ မင်းက ရိုးသားတဲ့သူပဲ။ ကောင်းတယ်... ]
ဓားဝိညာဉ်က သာမန်ဓားရှည်ကို လီကျစ်ဖျင်ထံ ပြန်ပေးလိုက်သည်။
ထို့နောက် ဆရာတော် ဖန်ခုန်းနှင့်လည်း ထိုအတိုင်းပင် ဖြစ်ပျက်သွားသည်။
နောက်ဆုံးတွင် ချန်ဟွိုက်အန်၏အလှည့် ရောက်လာသည်။
ချန်ဟွိုက်အန်က အဖြေပေးရန် မလောပေ။ သူက အနားသို့ တစ်လှမ်းတိုးလိုက်ပြီး ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် ဓားဝိညာဉ်၏ ဘေးတွင် ဝဲပျံနေသော ဝိညာဉ်အဆင့်ဓားကို ရုတ်တရက် ဆုပ်ကိုင်ကာ ရေထဲသို့ လွှင့်ပစ်လိုက်သည်။
လီကျစ်ဖျင် - “...”
ဆရာတော် ဖန်ခုန်း - “...”
နေပါဦး။ ဒီကောင် ဘာတွေ လျှောက်လုပ်နေတာလဲ...
ဓားဝိညာဉ်၏ အပြုံးမှာ တောင့်တင်းသွား၏။ ၎င်းသည် ရေထဲသို့ ပြန်လည် နစ်မြုပ်သွားပြီး ပြန်လည် ပေါ်ထွက်လာသည့် အခါတွင်မူ စကားပြောပုံက ပြောင်းလဲသွားသည်။
“ကျင့်ကြံသူ... သင် ကျပျောက်သွားတဲ့ ဓားက ဒီအဆင့်နိမ့် ဝိညာဉ်ဓားပျံလား၊ ဒီအဆင့်လတ် ဝိညာဉ်ဓားပျံလား၊ ဒါမှမဟုတ် ဒီအဆင့်မြင့် ဝိညာဉ်ဓားပျံလား။”
ချန်ဟွိုက်အန် မဖြေပေ။ သူက အဆင့်မြင့် ဝိညာဉ်ဓားကို ဆုပ်ကိုင်ကာ ၎င်းကိုလည်း ရေထဲသို့ ထပ်ပစ်လိုက်ပြန်သည်။
ဓားဝိညာဉ်၏ နှုတ်ခမ်းများ တုန်ယင်လာ၏။ ၎င်းက ပြန်လည် နစ်မြုပ်သွားပြီးနောက် ထပ်မံ ပေါ်လာသည်။ “ကျင့်ကြံသူ...”
၎င်း၏စကား မဆုံးမီမှာပင် ချန်ဟွိုက်အန်က အသစ်ပေါ်လာသော အန္တိမအဆင့် ဝိညာဉ်ဓားပျံ ကိုလည်း ရေထဲသို့ ထပ်မံ ပစ်ချလိုက်ပြန်သည်။
ဓားဝိညာဉ် နောက်တစ်ကြိမ် ရေပေါ်သို့ ပြန်တက်လာသည့် အခါတွင်မူ အန္တိမအဆင့် ဝိညာဉ်ဓား သုံးလက်မှာ ၎င်း၏ ဘေးတွင် ဝဲပျံနေ၏။
“ဒါက အကန့်အသတ်ပဲပေါ့...” ချန်ဟွိုက်အန်က မေးစေ့ကို ပွတ်သပ်ရင်း ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။ “တောက်... ငါက အင်မော်တယ်အဆင့် လက်နက်အထိ ရမလားလို့ ကြည့်နေတာ။ ဓားဝိညာဉ် ဆိုတာကလည်း အဆင့်တော့ နည်းသေးတာပဲ။”
ဓားဝိညာဉ် - “...”
[ကျင့်ကြံသူ...]
“အဲဒါတွေ အကုန်လုံးက ကျွန်တော့်ရဲ့ ဟာတွေပဲ...” ချန်ဟွိုက်အန်က တိုက်ရိုက်ပင် စကားဖြတ်ပြောလိုက်ပြီး တည်ငြိမ်စွာ ဆိုသည်။ “အစကနေ အဆုံးအထိ၊ ကျွန်တော်က ဝိညာဉ်ဓားပျံ သုံးလက်နဲ့ သာမန်ဓားပျံ တစ်လက်ကို ရေထဲ ပစ်ချခဲ့တာ။ ဒါကြောင့် ဒီသုံးလက်က ကျွန်တော့်ရဲ့ ဟာတွေပဲ။ ပြီးတော့ ခင်ဗျား ကျွန်တော့်ကို သာမန်ဓားပျံ တစ်လက်လည်း ပြန်ပေးဖို့ ကျန်သေးတယ်။”
ဓားဝိညာဉ် - “...”
၎င်းက ချန်ဟွိုက်အန်ထံသို့ ဝိညာဉ်ဓားပျံ သုံးလက်ကို တိတ်ဆိတ်စွာပင် ကမ်းပေးလိုက်ပြီးနောက် ရေကန်ထဲသို့ ပြန်လည် နစ်မြုပ်သွားတော့သည်။
ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ [ ပြီးပြည့်စုံသော အဖြေဖြစ်သည်။ အထူး ကောင်းမွန်သည်... ]
ချန်ဟွိုက်အန်က အသာအယာ ပြုံးလိုက်ကာ ဝိညာဉ်ဓား သုံးလက်ကို သိမ်းဆည်းလိုက်သည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင်။ ထိုစမ်းသပ်မှုသည် ရိုးသားမှုကို စမ်းသပ်နေသယောင် ရှိသော်လည်း၊ အမှန်စင်စစ်မှာမူ ဗျူဟာနှင့် ဉာဏ်ရည်ကို စမ်းသပ်နေခြင်းဖြစ်သည်။
ဘယ်လို ဓားဝိညာဉ်အရူးမျိုးက လူတွေရဲ့ ရိုးသားမှုကို စမ်းသပ်နေမှာလဲ။
“ဘာ။ အဲဒါက ဘယ်လိုလုပ်ပြီး မှန်သွားတာလဲ။ သူက လုံးဝ မရိုးသားဘူးလေ... ဘယ်လိုလုပ်ပြီး အဲဒါက ပြီးပြည့်စုံတဲ့ အဖြေဖြစ်ရတာလဲ။”
လီကျစ်ဖျင်က နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ရေကန်ကို ညွှန်ပြကာ ကန့်ကွက် အော်ဟစ်တော့သည်။
ယခုတော့ သူ သေချာသွားလေပြီ။ ထိုဓားဝိညာဉ်က သူတော်စင်နှင့် ဘာမှမပတ်သက်ပေ။ သူတော်စင်ကျန်းက ထိုမျှ အဓိပ္ပာယ်မရှိသော အရာမျိုးကို လုံးဝ လုပ်မည် မဟုတ်ပေ...
ဆရာတော် ဖန်ခုန်းမှာမူ ထုံထိုင်းသွားလေပြီ။ သူ၏ နှစ်ပေါင်းတစ်ထောင် ကျင့်ကြံမှုများမှာ အလကား ဖြစ်သွားပြီလားဟုပင် တွေးမိလာသည်။ သူ အလိုရှိသည်မှာ ထိုစမ်းသပ်မှု မြန်မြန်ပြီး ဆုံးသွားရန်သာ ဖြစ်သည်။ စမ်းသပ်မှုပြီးသွားသည်နှင့် ဓားဝိညာဉ်ကို မည်သူရရ လုယူလိုက်ရုံပင်။
ချန်ဟွိုက်အန်၏ အဖြေကြောင့် လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင်,,,
[ တတိယမေးခွန်း... ]
ရေကန်၏ အောက်ခြေမှ ဓားဝိညာဉ်၏ အသံ ထွက်ပေါ်လာပြန်သည်။
လီကျစ်ဖျင်က ဓားကို ပိုက်ကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်သည်။ ဆရာတော် ဖန်ခုန်းက မျက်လုံးများကို မှိတ်လိုက်သည်။ ချန်ဟွိုက်အန်ကမူ သူ၏ ခါးပတ်ကို အေးအေးလူလူ ပြင်ဝတ်လိုက်၏။
သူတို့ သုံးဦးစလုံးနှင့် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတိုင်းမှာ နားစွင့်လိုက်ကြသည်။
[ ကွန်ဖြူးရှပ်က ပြောခဲ့တယ်။ “အသက်(၃၀)မှာ မြဲမြဲမြံမြံ ရပ်တည်တယ်။ အသက်(၄၀)မှာ သံသယတွေ ကင်းစင်တယ်။ အသက်(၅၀)မှာ ကောင်းကင်ရဲ့အလိုတော်ကို နားလည်တယ်။ အသက်(၆၀)မှာ နားစွင့်နာခံတတ်တယ်။ အသက်(၇၀)မှာ နှလုံးသားရဲ့ အလိုအတိုင်း လိုက်နိုင်တယ်။”]
[ အဲဒါက ဘာအဓိပ္ပာယ်လဲ... ]
...