ပြီးပြည့်စုံသောအဖြေ
Vol. 34 Ch. 340
“ဒီမေးခွန်းက အရင်မေးခွန်းတွေထက် ပိုခက်တယ်။ ဒါပေမဲ့ ပိုပြီးတော့ အနှစ်သာရရှိတယ်...”
လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကျွမ်းက ထိုစကားလုံးများကို အသေအချာ စဉ်းစားနေလေသည်။ သူ တစ်ခုခုကို နားလည်တော့မလိုလို ခံစားနေရသော်လည်း... အမြဲတမ်းပင် အချက်အလက် လွဲချော်နေသကဲ့သို့ပင်။
“ဒီသုံးယောက် ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ ကြည့်ရအောင်။ ငါတို့ကတော့ သေချာ မှတ်သား ထားရုံပဲ။”
လီကျစ်ဖျင်က တတိယမေးခွန်းကို ကြားလိုက်ရပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချ နိုင်တော့သည်။
ပထမမေးခွန်း နှစ်ခုက ထူးဆန်းလွန်းလှသည်။ အခုမှပင် ပုံမှန် ဖြစ်လာတော့သည်။
သူ ကျင့်ကြံသူ မဖြစ်လာမီကပင် လူသားလောကတွင် “ကဗျာအင်မော်တယ်လီလေး”ဟု အမည်ပြောင်ရသည်အထိ နာမည်ကျော်သည့် စာပေပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။
စစ်မှန်သော စာတတ်ပေတတ် ပုဂ္ဂိုလ်တစ်ဦးပင်။
သူက ထိုစကားစုကို ပထမဆုံးအကြိမ် ကြားလိုက်ရုံနှင့် အဓိပ္ပာယ် ၉၀%ခန့်ကို နားလည်ရန် အထူးတလည် စဉ်းစားနေစရာ မလိုပေ။ သူက ဘေးရှိ ဆရာတော် ဖန်ခုန်းကို တစ်ချက် ကြည့်လိုက်ရာ ဘုန်းတော်ကြီးအို မျက်မှောင်ကြုတ်နေသည်ကို မြင်ရသည်။ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။
ဆရာတော် ဖန်ခုန်းသည် သင်္ကန်းမဝတ်မီက ဝက်သတ်သမား ဖြစ်ခဲ့သည်ဟု ကောလာဟလများ ရှိသည်။ ဝက်သတ်သမား တစ်ယောက်တွင် မည်ကဲ့သို့ စာပေအသိပညာမျိုး ရှိနိုင်မည်နည်း။ သူ အခုအချိန်တွင် ပြာယာခတ်နေလောက်လေပြီ။
ထို့နောက် သူက လူငယ်ကျင့်ကြံသူဘက်သို့ ကြည့်လိုက်သည်။ ရွှေရောင်အနှစ်သာရအဆင့်သာ ရှိသေးသော်လည်း ထိုတစ်ယောက်မှာ သူ ထိုးထွင်းမမြင်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်၏။ အဓိကမှာ ထိုလူက မည်သည့်စည်းမျဉ်းကိုမျှ လိုက်နာခြင်းမရှိဘဲ၊ တစ်နည်းနည်းဖြင့် အကောင်းဆုံး အဖြေများကိုသာ ပေးနေသောကြောင့်ပင်။ တကယ့်ကို ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။
ဓားဝိညာဉ်က မိမိဘက်သို့ လှည့်လာသောအခါ လီကျစ်ဖျင်က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
“ဒါကို အခုလို အဓိပ္ပာယ်ဖွင့်ဆိုလို့ ရပါတယ်။ အသက်(၃၀)မှာ လူ့အဖွဲ့အစည်းကြား ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်။ အသက်(၄၀)မှာ လောကီရေးရာတွေကို နားလည်လာမယ်။ အသက်(၅၀)မှာ ကောင်းကင်က ပေးသနားတဲ့ ကံကြမ္မာကို သိမြင်လာမယ်။ အသက်(၆၀)မှာ မတူညီတဲ့ အသံတွေကို နားထောင်ပြီး လက်ခံနိုင်စွမ်း ရှိလာမယ်။ အသက် (၇၀)မှာတော့ နှလုံးသားရဲ့ အလိုဆန္ဒအတိုင်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ရမယ်။”
ရှင်းလင်းချက်ကို အဆုံးသတ်ရင်း လီကျစ်ဖျင်က ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။
သူ၏အဖြေကို သူ အလွန်သေချာနေ၏။
ထိုထက်ကောင်းသောအဖြေ ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။
ဆရာတော် ဖန်ခုန်းနှင့် ထိုလူငယ်ကျင့်ကြံသူက သူ့ကို လိုက်ကူးချလျှင်တောင် သူက ပထမဆုံး ဖြေဆိုသူ ဖြစ်သည်။ ထိုအချက်က အရေးပါသည် မဟုတ်ပါလား...
[ ကောင်းမွန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်။ အထူးကောင်းမွန်သည်... ]
လီကျစ်ဖျင် စိတ်ထဲတွင် အေးသွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင်။
ဆရာတော် ဖန်ခုန်းက ဒုတိယအလှည့် ဖြေဆိုသည်။
ပြောရမည်ဆိုလျှင် သားသတ်သမားက သားသတ်သမားပင်။
သူက လီကျစ်ဖျင်၏ အဖြေကို အနှစ်သာရမရှိသော စကားလုံးများဖြင့် ဖာထေးရန် အကြာကြီး ရုန်းကန်ခဲ့ရသည်။ ရလဒ်ကတော့ အကုန် ရှုပ်ထွေးကုန်၏။ မလိုအပ်သည်များကို ထည့်လိုက်၊ လိုအပ်သည်များကို ချန်ထားခဲ့လိုက်နှင့်ပင်။
ဓားဝိညာဉ်က ခေါင်းကိုသာ တရစပ် ခါနေတော့သည်။ နောက်ဆုံးတွင် ၎င်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
[ အရည်အချင်း မပြည့်မီပါ... ]
ထို့နောက် ချန်ဟွိုက်အန်၏ အလှည့် ရောက်လာသည်။
ချန်ဟွိုက်အန်က ဓားဝိညာဉ်ကို အသေအချာ ကြည့်လိုက်သည်။ ၎င်း၏ ပုံရိပ်မှာ အရပ်ရှည်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ပွပွယောင်းယောင်း ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ၎င်း၏ အောက်မှ ကြွက်သားများမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။
ဓားကျင့်ကြံသူများသည် ခန္ဓာကိုယ်ကျင့်ကြံသူများနှင့် ဆင်တူသည်။ သူတို့နှစ်ဦးစလုံးသည် ရုပ်ပိုင်းဆိုင်ရာ သန့်စင်မှုကို အသားပေးကြသည်။ ခန္ဓာကိုယ်ကျင့်ကြံသူများက အကြမ်း စွမ်းအားဖြင့် နည်းစနစ်အားလုံးကို ချေမှုန်းနိုင်သည်ဟု ယုံကြည်ကြသလို၊ ဓားကျင့်ကြံသူ များကလည်း ဓားတစ်လက်တည်းဖြင့် လောကကို စိုးမိုးနိုင်သည်ဟု ယုံကြည်ကြသည်။
ထိုသို့ဆိုလျှင်...
သူ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တခြားနှစ်ယောက်နဲ့ ကွဲပြားပါတယ်။ “အသက် (၃၀)မှာ မြဲမြဲမြံမြံ ရပ်တည်တယ်”ဆိုတာက ကျွန်တော့်အဆင့်လောက် ရှိတဲ့ ဓားကျင့်ကြံသူ အယောက်(၃၀)လောက် စုလာမှ ကျွန်တော့်ကို မတ်တပ်ရပ်ပြီး ဓားထုတ်အောင် လုပ်နိုင်တယ်လို့ ဆိုလိုတာပါ။
“အသက်(၄၀)မှာ သံသယကင်းစင်တယ်”ဆိုတာက ဓားကျင့်ကြံသူ အယောက် (၄၀)နဲ့ ရင်ဆိုင်ရရင်တောင် မတွန့်ဆုတ်ဘူး။ ပြတ်ပြတ်သားသား တိုက်ခိုက်မှာပါ။
“အသက် (၅၀)မှာ ကောင်းကင်ရဲ့ အလိုတော်ကို သိမြင်တယ်”ဆိုတာက အယောက်(၅၀)နဲ့ ရင်ဆိုင် ရရင်တောင် ကျွန်တော့်ဓားက သူတို့ကို ကံကြမ္မာနဲ့ ရင်ဆိုင်နေရသလို ခံစားရစေမှာပါ။
“အသက်(၆၀)မှာ နားစွင့်နာခံတယ်” ဆိုတာကတော့ လူ အယောက်(၆၀)က ကျွန်တော့်ကို လာတိုက်ရင် သူတို့က ကျွန်တော့်ရဲ့ ဓားပညာဟောပြောချက်ကို ငြိမ်ငြိမ်လေး ထိုင်နားထောင်ရုံ လွဲပြီးတော့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ဆိုလိုတာပါ။
“အသက်(၇၀)မှာ နှလုံးသားအလိုအတိုင်း လိုက်တယ်”ဆိုတာက လူ အယောက်(၇၀)ထက်မက လာရင်တောင် ကျွန်တော်ကတော့ ကိုယ့်စိတ်ကြိုက်အတိုင်း သူတို့ကို သတ်ဖြတ်ပစ်မှာပဲ...
ဒါဟာ အသက်အရွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ စစ်မှန်တဲ့ ဓားကျင့်ကြံသူတစ်ဦးရဲ့ ကြောက်ရွံ့ခြင်း ကင်းပြီး အတုမဲ့တဲ့ ဓားအသိကို ပြသနေတာပါ...”
လီကျစ်ဖျင်က မျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနှင့် ချန်ဟွိုက်အန်ဘက်သို့ လှည့်ကြည့် လိုက်သည်။
စာပေဗဟုသုတ နည်းပါးသော ဆရာတော် ဖန်ခုန်းမှာမူ အေးဆေးပင်။ အမှန်အတိုင်းပြောရလျှင် ချန်ဟွိုက်အန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်က လီကျစ်ဖျင်၏ အဖြေထက် ပိုအဓိပ္ပာယ်ရှိသည်ဟု သူ ထင်နေသည်။
ဓားဝိညာဉ်၏ မျက်လုံးများ တောက်ပလာ၏။ ၎င်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ချန်ဟွိုက်အန်ကို စိုက်ကြည့်လိုက်သည်။
[ မိမိမလိုလားသောအရာကို သူတစ်ပါးအား မပြုကျင့်နှင့်။ အဲဒါက ဘာအဓိပ္ပာယ်လဲ ]
ချန်ဟွိုက်အန် - “တစ်ခုခုကို မလိုချင်ဘူးဆိုရင် အဲဒါကို ခင်ဗျားဆီ မပေးခင်ကတည်းက လွှင့်ပစ်လိုက်မှာပဲ။”
[ သူတော်ကောင်းတစ်ဦးက ရိုသေလေးစားမှုရဖို့ တည်ကြည်ရမယ်။ အဲဒါ ဘာအဓိပ္ပာယ်လဲ ]
ချန်ဟွိုက်အန် - “သူတော်ကောင်းတစ်ယောက်က ဓားထုတ်ပြီဆို အသေအလဲ တိုက်ခိုက်ရမယ်။ အဲဒါမှပဲ လေးစားမှု ရမှာပေါ့။”
[ မနက်ခင်းတွင် တရားကို သိမြင်ပါက၊ ညနေခင်းတွင် သေရသော်လည်း ကိစ္စမရှိ။ အဲဒါ ဘာအဓိပ္ပာယ်လဲ ]
ချန်ဟွိုက်အန် - “မနက်ခင်းမှာ ခင်ဗျားရဲ့အိမ် သွားတဲ့လမ်းကို သိပြီဆိုရင်၊ ညနေခင်းမှာ ရောက်လာပြီး ခင်ဗျားကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်မယ်လို့ ပြောတာ...”
[ ပညာရှိကြီးက သရဲတစ္ဆေ၊ နတ်ဘုရားနဲ့ ထူးဆန်းတဲ့အရာတွေအကြောင်း မပြောဘူး။ ဒါက ဘာအဓိပ္ပာယ်လဲ ]
“အပိုတွေ မပြောတော့ဘူး။ ခင်ဗျားကို ကိုယ့်နာမည်ကိုယ်တောင် မေ့သွားအောင် အကြမ်း စွမ်းအားနဲ့ ပရမ်းပတာ ဓားကွက်တွေ သုံးပြီး ခုတ်ထစ်ပစ်မှာ...”
သူတို့က တစ်ယောက်တစ်လှည့် မေးခွန်းတစ်ခု အဖြေတစ်ခုနှင့် ပို၍ ပို၍ လျင်မြန်စွာပင် ပြောဆိုနေကြသည်။
အလှည့်ပေါင်း သုံးဆယ်ကျော်ပြီးနောက် ဓားဝိညာဉ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး၊ ချန်ဟွိုက်အန်ကို... မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
[ ပါရမီရှင်ပဲ... ပြီးပြည့်စုံတဲ့ အဖြေ... ]
ဓားဝိညာဉ်က အလွန်အမင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဘာ...” လီကျစ်ဖျင် ရေထဲသို့ မှောက်ခုံကျမတတ် ဖြစ်သွားသည်။ ဓားဝိညာဉ် ရှိနေစဉ်မှာပင် သူက ချန်ဟွိုက်အန်ကို လက်ညှိုးထိုးကာ ကန့်ကွက်လိုက်သည်။
“သူက လုံးဝ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလေ... ဒါက ဘယ်လိုလုပ် ပြီးပြည့်စုံတဲ့ အဖြေ ဖြစ်နိုင်မှာလဲ။ ဒါ မဟုတ်သေးဘူး...”
ဓားဝိညာဉ်က လီကျစ်ဖျင်ကို မည်သို့ ဖော်ပြရမှန်း မသိသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
ထိုအကြည့်ထဲ အားကိုးရာမဲ့မှု၊ နောင်တရမှုနှင့် “မင်းမှာ အလားအလာရှိပေမဲ့ မင်းကိုယ်တိုင်ပဲ ဖျက်ဆီးပစ်လိုက်တာ”ဆိုသော ခံစားချက်မျိုး ပါဝင်နေသည်။ အကယ်၍ ချန်ဟွိုက်အန်သာ ပေါ်မလာခဲ့လျှင် လီကျစ်ဖျင်က အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်လာပေလိမ့်မည်။
ဒါပေမဲ့... ဒီလူငယ် ကျင့်ကြံသူက သိပ်ကို ကိုက်ညီလွန်းနေတယ်...
[ သင့်ကို ရွေးချယ်လိုက်ပါပြီ။ ကျေးဇူးပြုပြီး ရေကန်အောက်က ဓားကြေးမုံဆီကို ကျွန်ုပ်နဲ့အတူ လိုက်ခဲ့ပါ ]
ဓားဝိညာဉ်က ချန်ဟွိုက်အန်ကို မျက်စိတစ်ချက် ထပ်မှိတ်ပြလိုက်သည်။
လီကျစ်ဖျင်နှင့် ဆရာတော် ဖန်ယဲ့တို့ လုံးဝ လက်မခံနိုင်ကြပေ။
“ဟေ့... လက်တွေ့စမ်းသပ်ပွဲ ရှိရမှာ မဟုတ်ဘူးလား။”
“အော်မီတော်ဖော်... လက်တွေ့ယှဉ်ပြိုင်ပွဲက ဘယ်မှာ ကျင်းပမှာလဲ။”
ဓားဝိညာဉ်က ခေါင်းခါလိုက်သည်။
[ လက်တွေ့ယှဉ်ပြိုင်ဖို့ မလိုအပ်တော့ပါဘူး။ စာပေစမ်းသပ်မှုမှာတင် ဒီသခင် အလိုရှိတဲ့သူကို တွေ့လိုက်ရပြီဆိုတော့ နောက်ထပ် အချိန်ဖြုန်းနေဖို့ မလိုတော့ဘူး ]
“ဟမ်...” လီကျစ်ဖျင် မှင်တက်သွားသည်။ “စကားပြောရုံတင်လား။ ဒါက နည်းနည်းတော့ အဓိပ္ပာယ်မဲ့မနေဘူးလား။ အနည်းဆုံးတော့ တကယ့်ခွန်အားကို စမ်းသပ်သင့်တာပေါ့...”
သူ စကားအဆုံးတွင် ဖုံးကွယ်ထားသော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ဟင်းလင်းပြင် ပေါင်းစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ်။ ရေကြည်ကန်၏ ရေပြင်မှာ ထိုဖိအားအောက်တွင် နိမ့်ဆင်းသွား၏။
ဆရာတော် ဖန်ခုန်းလည်း နောက်ဆုတ်မနေပေ။ သူကလည်း အဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်ဖော်ကာ လီကျစ်ဖျင်နှင့် ရင်ဆိုင်လိုက်သည်။ သူက ဓားဝိညာဉ်သည် ကျန်းယိပိုင်နှင့် ပတ်သက်နေသည်ကိုပင် မသိပေ။ သူက ကျန့်ဝူမြင့်မြတ်နယ်မြေကို နှောင့်ယှက်ရန် ဆရာတော် ဖန်ယဲ့၏ အမိန့်ကိုသာ နာခံနေခြင်းသာ ဖြစ်သည်။
လွန်ခဲ့သော သုံးရက်က ကျန့်ဝူသည် ပူးပေါင်းရန် ကမ်းလှမ်းချက်ကို အလွန်ရိုင်းစိုင်းစွာဖြင့် ငြင်းပယ်ခဲ့သည်။ ယောင်ချီမြင့်မြတ်နယ်မြေ ရှိနေသေးသည့်အတွက် ယခုအချိန် အရှုံးချင်းတူတူ တိုက်ခိုက်ရမည့် အချိန်မဟုတ်ပေ။ ထို့ကြောင့် ကျန့်ဝူ လှုပ်ရှားလာသောအခါ သူတို့ကို စောင့်ကြည့်ရန် ဆရာတော် ဖန်ခုန်းကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သူက လီကျစ်ဖျင်နှင့် မဖြစ်မနေ တိုက်ခိုက်ရန် မလိုသော်လည်း ထိုလူ့ဘဝကို ဒုက္ခရောက်အောင် သေချာပေါက် လုပ်ရပေမည်။
“အို။ ဒါဆို ခွန်အားနဲ့ပဲ အဆုံးအဖြတ်ပေးချင်ကြတာပေါ့။”
ချန်ဟွိုက်အန် အရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်၏ အရှိန်အဝါက တဟုန်ထိုး ထွက်ပေါ်လာပြီး လီကျစ်ဖျင်နှင့် ဆရာတော် ဖန်ခုန်း နှစ်ဦးစလုံးကို အလွယ်တကူ ဖိနှိပ်လိုက်တော့သည်။
ထိုခဏတွင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးစလုံး လုံးဝ မှင်တက်သွား၏။ ဘေးမှ ကြည့်နေသော ကျင့်ကြံသူများပင် ဆွံ့အကုန်ကြသည်။
ဘယ်တုန်းကများ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်က ဒီလောက်တောင် ပေါသွားရတာလဲ။
“မင်းကလည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်လား။ မင်း ဘယ်သူလဲ။”
ဆရာတော် ဖန်ခုန်း တစ်ယောက် စဉ်းစားမရ ဖြစ်နေသည်။ ယောင်ချီ မြင့်မြတ်နယ်မြေတွင် ဖြစ်ခဲ့သည့်အရာများကို သူ အခုထိ မသိသေးပေ။ သူတော်စင် ယွိယောင်က သတင်း အချက်အလက်များကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်။ ဆရာတော် ဖန်ခုန်း သတိပြု မိသည်မှာ သူတော်စင် ယွဲယောင် ပို၍ နူးညံ့လာပြီး အရင်လောက် မအေးစက်တော့ခြင်းနှင့် သူ၏ မြင့်မြတ်နယ်မြေသို့ လည်ပတ်ရန်ပင် ဖိတ်ခေါ်ခဲ့ခြင်းတို့ပင်...
သို့သော်လည်း သတိထားသည့် အနေဖြင့် သူက လောလောဆယ် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ထားသည်။
လီကျစ်ဖျင်ကမူ ခဏစဉ်းစားပြီးနောက် တစ်ခုခုကို သဘောပေါက်သွား၏။ သူ ချန်ဟွိုက်အန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ခင်ဗျား...ခင်ဗျားက ဓားကျောင်းတော်ဘိုးဘေးလား...”
ချန်ဟွိုက်အန်က ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။
ရေကြည်ကန်၏ ရေများက သူ၏ ခြေထောက်အောက်မှ တဟုန်ထိုး တက်လာပြီး သူ့ကို တစ်ကိုယ်လုံး ဝါးမျိုသွားတော့သည်။
…