အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃ - ထိုက်တန်သော ဘွဲ့အမည်
"သခင်လေး..."
ယွမ်ကျန်း က ဖန့်ချန် အနားသို့ ကပ်ကာ စိုးရိမ်တကြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော်တို့ အမြန်မသွားရင် ဟိုရောက်တဲ့အချိန်ကျရင်..."
ဖန့်ချန် က ပြုံးလိုက်သည်။
"ဘာလဲ... မင်းက ငါတို့ ဟိုကို ရောက်တဲ့အချိန်ကျရင် ဂိုဏ်းတွေအားလုံးက နက်နဲသောဓားဂိုဏ်း ထဲကို အတင်းဝင်စီးပြီးသွားပြီလို့ ကြောက်နေတာလား"
ယွမ်ကျန်း ခေါင်းငြိမ့်လိုက်သည်။
သူ့ဝမ်းကွဲဖြစ်သူ ယွမ်ယု မှာ တခြားလူများနှင့်အတူ အထဲတွင် ပိတ်မိနေသည်။
သူတို့ကို ဧရာမဓားဂိတ် က ဦးဆောင်သော ဂိုဏ်းပေါင်းစုံက ဝိုင်းရံထားကြသည်။
ထိုလူများသည် တပ်မှူးကျွယ် ကိုပင် ဂရုမစိုက်ကြသူများ ဖြစ်သည်။ အကယ်၍ သူတို့သာ ဂိုဏ်းထဲကို အတင်းဝင်တိုက်ပါက သွေးချောင်းစီးမည့် တိုက်ပွဲကြီး ဖြစ်လာပေလိမ့်မည်။
"သူတို့က အဖြေတစ်ခု လိုချင်လို့ နက်နဲသောဓားဂိုဏ်း ကို ဝိုင်းထားကြတာပဲ မင်း ဘာလို့ လွတ်ထွက်လာပြီး ငါ့ဆီ သတင်းလာပို့နိုင်တယ်လို့ ထင်လဲ တကယ်လို့ သူတို့သာ မင်းတို့ကို အကုန်သတ်ချင်တယ်ဆိုရင် မင်းနေနေသာသာ၊ ဟွမ်ဖူကျဲ တောင် တောင်အောက်ကို အသက်ရှင်လျက် လွတ်လာမှာ မဟုတ်ဘူး"
ဖန့်ချန် က အသာအယာ ပြုံးလျက် ထောက်ပြလိုက်သည်။
"ဒါဆိုရင် အဲဒါက.
"
ယွမ်ကျန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
လွတ်လပ်ပြီး အကန့်အသတ်မဲ့လှသည်ဆိုသော သိုင်းလောကကြီးမှာလည်း နန်းတွင်းကဲ့သို့ပင် နိုင်ငံရေး အကွက်ချမှုများဖြင့် ပြည့်နှက်နေသည်ကိုး။
ဖန့်ချန် ၏ စကားကို ကြားမှပင် သူ အရာအားလုံးကို နားလည်သွားတော့သည်။
ဧရာမဓားဂိတ် ၏ လှုပ်ရှားမှုမှာ တပ်မှူးကျွယ် က တောင်ပိုင်းထာဝရခရိုင်ကို ရှင်းလင်းရေးလုပ်ရန် လာခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။
သူ၏ လုပ်ဆောင်ချက်များက အချို့လူများ၏ အကျိုးစီးပွားကို ထိခိုက်စေခဲ့ပြီး ထိုသို့ ဝိုင်းရံခြင်းမှာ သူတို့၏ တုံ့ပြန်မှုပင် ဖြစ်သည်။
သူတို့၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ပိုင်းဒေသနှင့် အဆက်အသွယ် ဖြတ်တောက်ရန် မဟုတ်ဘဲ
"မူးနေတဲ့လူရဲ့ တကယ့်ရည်ရွယ်ချက်က အရက်သောက်ဖို့ မဟုတ်ဘူး"
ဆိုသလိုပင် အခြားတစ်ခုခု ဖြစ်နေလိမ့်မည်။
သိုင်းလောကထဲတွင်လည်း ကန့်လန့်ကာနောက်ကွယ်က အာဏာလုပွဲများ ရှိနေသည်မှာ ထင်ရှားလှသည်။
ယွမ်ကျွန်း ထိုအချက်ကို နားလည်သွားပြီးနောက် သိပ်ပြီး မစိုးရိမ်တော့ပေ။
နာရီအနည်းငယ် ကြာပြီးနောက် လူအုပ်စုမှာ စည်ကားလှသော မြို့လေးတစ်မြို့သို့ ရောက်ရှိလာသည်။
မြို့၏ အလွန်၊ အဝေးတစ်နေရာတွင် မြင့်မားသော တောင်ကြီးတစ်တောင် ရှိပြီး ထိုနေရာတွင် နက်နဲသောဓားဂိုဏ်း တည်ရှိခြင်း ဖြစ်သည်။ ဆယ်မိုင်ကျော်ခန့်သာ ဝေးတော့သည်။
ထိုမြို့မှာ ယခင်က ဤမျှ မစည်ကားခဲ့သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော ရှုပ်ထွေးမှုများကြောင့် ဧရာမဓားဂိတ် ၏ ဖိတ်ကြားချက်အရ ခရိုင်ကိုးခုလုံးမှ သိုင်းသမားများ ထိုနေရာသို့ စုရုံးရောက်ရှိလာကြခြင်း ဖြစ်သည်။
မြို့အနှံ့တွင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသော သိုင်းသမားများကို တွေ့မြင်နေရသည်။
သို့သော် ထိုသိုင်းသမား အများစုမှာ ချီစုစည်းခြင်းအဆင့် သာ ဖြစ်ကြပြီး အဆင့်နိမ့် သိုင်းသမားလေးများသာ ဖြစ်ကြသည်။ သူတို့မှာ နာမည်ကျော်ကြားမှုလည်း မရှိကြပေ။
အချို့သော ချီပေါက်ကွဲခြင်းအဆင့် ရောက်နေသူများမှာမူ နာမည်ဂုဏ်သတင်း အသင့်အတင့် ရှိကြပြီး သူတို့နောက်တွင် နောက်လိုက်နောက်ပါ အမြောက်အမြား ခြံရံထားကြသည်။
"ဟေး... ဟိုလူတွေကို ကြည့်စမ်း၊ သူတို့ရဲ့ အရှိန်အဝါက မသေးဘူး နောက်ခံက မရိုးရှင်းလောက်ဘူး"
"အဲဒါ စိမ်းပြာဓားဂိုဏ်း က ကျန်းရင် ပဲ သူမက ဒီလောက်ငယ်ငယ်နဲ့ ချီပေါက်ကွဲခြင်းအဆင့် ကို ရောက်နေတာ သူမရဲ့ စိမ်းပြာဓားက ငါတို့ကို အသာလေး ကိုင်တွယ်နိုင်တယ်"
"သူမက စိမ်းပြာဓားဂိုဏ်း က တပည့်ကိုးကောင်းကင်ဓားအိမ်တော် ပျက်စီးသွားပြီဆိုတော့ သူတို့က ဂိုဏ်းကြီးလေးဂိုဏ်းထဲမှာ အစားဝင်လာဖို့ အလားအလာ အရှိဆုံးပဲ..."
"ဟဲဟဲ... ငါ့အထင်တော့ နက်နဲသောဓားဂိုဏ်း လည်း ကြာကြာခံမှာ မဟုတ်ဘူး ဒါဆိုရင် ဂိုဏ်းကြီးလေးဂိုဏ်းထဲက နှစ်ဂိုဏ်း မရှိတော့ဘူးပေါ့ စိမ်းပြာဓားဂိုဏ်း က နေရာတစ်ခု ယူမယ်ဆိုရင် ကျန်တဲ့နေရာကို ဘယ်ဂိုဏ်းက ယူမလဲ မသိဘူး"
ကျန်းရင် နှင့် အပေါင်းအပါများကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများက တိုးတိုးတိတ်တိတ် စကားဆိုကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အနာဂတ်အတွက် ထိတ်လန့်စိုးရိမ်မှုများ အရိပ်ထင်နေသည်။
မြို့ထဲသို့ ဝင်ပြီး မကြာမီမှာပင် ဝတ်စုံဖြူဝတ်ဆင်ထားကာ မျက်ခုံးထူထူ၊ မျက်လုံးတောက်တောက်နှင့် အသက် ၂၀ ကျော် လူငယ်တစ်ဦး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ သူတို့ဆီသို့ လျှောက်လာသည်။ သူတို့အားလုံး ကျောတွင် ဓားကြီးများကို လွယ်ထားကြသည်။
ဧရာမဓားဂိတ် မှ တပည့်များပင်
ဘေးပတ်ဝန်းကျင်ရှိ လူများမှာ ထိုသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း သိသည်နှင့် ချက်ချင်းပင် အကြည့်လွှဲလိုက်ကြသည်။
"နောက်ဆုံးတော့ ရောက်လာပြီပဲ ညီမလေး ကျန်းရင်"
ဟု ထိုလူငယ်က ဆိုသည်။
ကျန်းရင် ပြုံးလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် စီနီယာအစ်ကို ရှန်း အစ်ကို တောင်ပေါ်ကို ရောက်နေပြီလို့ ထင်နေတာ"
စိမ်းပြာဓားဂိုဏ်း မှ တပည့်များက တစ်ယောက်ပြီးတစ်ယောက် အရိုအသေ ပေးလိုက်ကြသည်။
"စီနီယာအစ်ကို ရှန်း ကို ဂါရဝပြုပါတယ်"
ရှန်းကွန်း ၏ မျက်နှာတွင် အသာအယာ ပြုံးရိပ်သန်းနေသည်။
"ငါ မင်းကို စောင့်နေတာပါ ညီမလေး ကျန်းရင် မင်း လမ်းမှားနေမှာစိုးလို့ ဒီမှာပဲ စောင့်နေတာ။"
ကျန်းရင် က ပြုံးလျက် ခေါင်းငြိမ့်ပြသည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ရှန်း"
ရှန်းကွန်း သည် သူမ၏ အဖွဲ့ကို အကဲခတ်ကြည့်ရာတွင် သူနှင့် စိမ်းနေသော ဖန့်ချန် နှင့် ယွမ်ကျန်း တို့ထံ အကြည့်ရောက်သွားပြီး ခေတ္တရပ်တန့်သွားသည်။
"ဒီနှစ်ယောက်က ဘယ်သူတွေလဲ"
ကျန်းရင် က အကျဉ်းချုံး ရှင်းပြလိုက်သည်။
သူတို့သည် မြောက်ပိုင်းဒေသမှ ချမ်းသာသော သခင်လေးများ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရှန်းကွန်း ၏ မျက်လုံးထဲတွင် ရန်လိုသော အရိပ်အယောင်များ ပေါ်လာသည်။
သူက ဟန်ဆောင်ပြုံးလိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဒီနားမှာ ဓားတွေ၊ လက်နက်တွေ ကြားထဲ သခင်လေးတို့ ပွန်းပဲ့မိမှာ မကြောက်ဘူးလား"
"တောင်ပိုင်းဒေသက နုနုနယ်နယ် သခင်လေးတွေ လျှောက်သွားရမယ့် နေရာမဟုတ်ဘူး"
ဧရာမဓားဂိတ် တပည့်တစ်ဦးက ဖန့်ချန် ကို နှိမ်ချသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
တောင်ပိုင်းသားနှင့် မြောက်ပိုင်းသားကို တစ်ချက်ကြည့်ရုံနှင့် ခွဲခြားနိုင်သည်။ တောင်ပိုင်းသားများသည် အသားအရည် ပိုညိုပြီး ကြမ်းတမ်းကြသည်။
ကျန်းရင် မှာ လှပသော်လည်း သူမ၏ အသားအရည်မှာ ကျန်းမာသော ကြေးနီရောင် သန်းနေသည်။ အခြားတစ်ဖက်တွင်မူ ဖန့်ချန် ၏ အသားအရည်မှာ နှင်းကဲ့သို့ ဖြူဖွေးနေသည်။
သူသည် စစ်မြေပြင်တွင် အကြိမ်ကြိမ် တိုက်ပွဲဝင်ခဲ့သော ဝါရင့်စစ်သည် တစ်ဦးဖြစ်သော်လည်း သူ၏ အသားအရည်မှာ သူတို့ကဲ့သို့ ကြမ်းတမ်းမနေပေ။
ထို့အပြင် ကျင့်ကြံခြင်းလမ်းစဉ် ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ အသားအရည်မှာ ဝိညာဉ်စွမ်းအင်များဖြင့် ပြုစုပျိုးထောင်ခြင်း ခံရသဖြင့် ပို၍ပင် ဖြူဖွေးကာ တောက်ပနေသည်။
ထို့ကြောင့် တောင်ပိုင်းသားများက သူ့ကို မြောက်ပိုင်းမှ နုနုနယ်နယ် သခင်လေးတစ်ဦးအဖြစ် ထင်မြင်နေကြခြင်း ဖြစ်သည်။
"ကျွန်တော်က ဗဟုသုတ ရှာချင်ရုံတင်ပါ"
ဖန့်ချန် က ပြုံးလျက် ဆိုသည်။
စကားပြောနေစဉ် တစ်လျှောက်လုံး ဖန့်ချန် က မျက်စိမှိတ်ထားသည်ကို မြင်သောအခါ ရှန်းကွန်း မျက်မှောင်ကြုတ်သွားသည်။
"စကားပြောတဲ့အခါ ဘာလို့ မျက်လုံးမဖွင့်တာလဲ"
ကျန်းရင် က ဖန့်ချန် ကိုယ်စား ဝင်ရောက် ရှင်းပြပေးလိုက်သည်။
သူသည် မျက်စိမမြင်ရသူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ လူတိုင်းမှာ ရယ်ချင်ပတ်ချင် ဖြစ်သွားကြသည်။ မျက်စိမမြင်ရတဲ့လူက ဘယ်လိုလုပ်ပြီး
"ဗဟုသုတ ရှာ" မှာလဲ
ရုတ်တရက် အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"တောင်ပေါ်မှာ တိုက်ပွဲဖြစ်နေပြီ နက်နဲသောဓားခုနစ်လက် က စလှုပ်ရှားပြီ! စိမ်းပြာဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်ကြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ"
သူတို့၏ ဂိုဏ်းချုပ်ကြီး ဒဏ်ရာရသွားသည်ဟု ကြားလိုက်ရသဖြင့် တပည့်များမှာ စိုးရိမ်တကြီး ဖြစ်သွားကြပြီး
"အစ်မကြီး တောင်ပေါ်ကို အမြန်သွားရအောင်"
ဟု တိုက်တွန်းကြတော့သည်။
"သွားကြစို့ ငါ ခေါ်သွားပေးမယ်"
ဟု ရှန်းကွန်း က ဆိုကာ ချက်ချင်း ဦးဆောင်ထွက်သွားသည်။ ဧရာမဓားဂိတ် တပည့်များက လူအုပ်ကို ခွဲပေးလိုက်သဖြင့် သူတို့၏ ခရီးမှာ အရင်ကထက် အများကြီး ပိုချောမွေ့သွားသည်။
ကျန်းရင် က ဖန့်ချန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"သခင်လေး လီ... ရှင့်အတွက် တောင်ပေါ်ကို လိုက်ဖို့ မသင့်တော်ဘူး ထင်တယ် ကျွန်မတို့ ကိစ္စပြီးတဲ့အထိ မြို့ထဲမှာပဲ လမ်းလျှောက်နေရင် ဘယ်လိုလဲ"
ယွမ်ကျန်း က ဖန့်ချန် ကိုယ်စား ပြန်ဖြေသည်
"တောင်ပေါ်မှာ ဒီလိုတွေ ဖြစ်နေတာကို ကျွန်တော့်သခင်လေးက တောင်ခြေမှာပဲ နေခဲ့ဖို့ဆိုတာ မသင့်တော်ပါဘူး တောင်ပိုင်းရဲ့ ထူးခြားတဲ့ အဖြစ်အပျက်ကြီး ဖြစ်နေတာပဲ၊ ကျွန်တော်တို့ သွားကြည့်ရမယ်"
ထိုစကားကို ကြားသောအခါ ရှန်းကွန်း က လှည့်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းက ဒါကို ဆပ်ကပ်ပွဲလို့ ထင်နေတာလား တောင်ပိုင်းသားတွေက မင်းတို့ လာကြည့်ရမယ့် လူပြက်တွေလို့ ထင်နေတာလား ဘာလား"
"ကျွန်တော်က ချီပေါက်ကွဲခြင်း သိုင်းသမား တစ်ယောက်ပါ။ ဘာလို့ လိုက်လို့ မရရမှာလဲ"
ယွမ်ကျန်း က ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
ချီပေါက်ကွဲခြင်း သိုင်းသမား ဟုတ်လား
ရှန်းကွန်း ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး ယွမ်ကျန်း ကို သေသေချာချာ အကဲခတ်လိုက်သည်။ ခဏအကြာတွင် သူ နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ကျန်းရင် က ခဏမျှ စဉ်းစားပြီး ဖန့်ချန် ကို တောင်ပေါ်ခေါ်သွားခြင်းက အန္တရာယ် မရှိနိုင်ဟု ယူဆလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ချီပေါက်ကွဲခြင်း သိုင်းသမားတစ်ဦး အစောင့်ပါနေသည်ဖြစ်ရာ အသက်အန္တရာယ်တော့ မရှိနိုင်ပေ။ ထို့ကြောင့် သူမ ကန့်ကွက်မနေတော့ပေ။
ထို့နောက် အဖွဲ့သားများ တောင်ပေါ်သို့ စတင်တက်လှမ်းခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် သိုင်းသမားများစွာနှင့် ဆုံတွေ့ခဲ့ကြသည်။
တစ်နာရီခန့် ကြာပြီးနောက် သူတို့သည် နက်နဲသောဓားဂိုဏ်း ၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။
ထိုနေရာတွင် လူများစွာ စုပြုံနေပြီး စခန်းအမျိုးမျိုး ချထားကြသည်။ အဖွဲ့အစည်းပေါင်းစုံမှ သိုင်းသမားများ နက်နဲသောဓားဂိုဏ်း ကို ဝိုင်းရံရန် ရောက်ရှိနေကြခြင်းမှာ ထင်ရှားလှသည်။
၎င်းတို့ထဲတွင် ဧရာမဓားဂိတ် မှ ဓားကြီးများ ကိုင်ဆောင်ထားသော သိုင်းသမားများမှာ အထင်ရှားဆုံးပင်။
သူတို့သည် တပည့်ပေါင်း ရာနှင့်ချီ ခေါ်ဆောင်လာကြသဖြင့် သူတို့၏ အရှိန်အဝါမှာ လျစ်လျူရှု၍ မရပေ။
သူတို့အပြင် စိမ်းပြာဓားဂိုဏ်း ကဲ့သို့သော ထိပ်တန်းဂိုဏ်းများ ရှိသလို၊ သူတို့ပတ်လည်တွင် ဒုတိယတန်းစား၊ တတိယတန်းစားနှင့် အမည်မသိ ဂိုဏ်းငယ်များမှ သိုင်းသမားများလည်း ရှိနေကြသည်။
စုစုပေါင်း လူ ခုနစ်ထောင်၊ ရှစ်ထောင်ခန့် ထိုနေရာတွင် စုရုံးနေကြခြင်း ဖြစ်သည်။
ထိုမျှ များပြားလှသော သိုင်းသမားများ တစ်နေရာတည်းတွင် စုဝေးနေခြင်းမှာ ကြီးမားလှသော အင်အားစုကြီး ဖြစ်သည်။
သူတို့တွင် စစ်ရေး အတွေ့အကြုံ မရှိကြသော်လည်း သူတို့၏ သိုင်းပညာ အစွမ်းဖြင့်ဆိုလျှင် အင်အား တစ်သောင်းရှိသော လက်ရွေးစင် စစ်တပ်ကြီးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိကြသည်။
အကယ်၍ သူတို့သာ နက်နဲသောဓားဂိုဏ်း ကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်ပါက နာရီဝက်ပင် မပြည့်ခင် အစအန ဖျောက်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် နက်နဲသောဓားဂိုဏ်း ၏ ရှေ့တွင် ဟွမ်ဖူကျဲ သည် ချီထိန်းချုပ်ခြင်းအဆင့် သိုင်းသမားတစ်ဦးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။
သူ၏ ပတ်လည်တွင် ထက်မြက်လှသော ဓားခုနစ်လက် ဝန်းရံနေပြီး ၎င်းတို့ကို သူ၏ အတွင်းအားဖြင့် ထိန်းချုပ်ထားသည်။
ဓားတစ်လက်စီတိုင်းသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားများကို ထုတ်လွှတ်နိုင်ပြီး ပြိုင်ဘက်ကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်။
သူ၏ ပြိုင်ဘက်မှာ အသက် ၆၀ ကျော်ခန့်ရှိသော ဝါရင့် သိုင်းသမားကြီး တစ်ဦးဖြစ်သည်။
သူ၏ အရှိန်အဝါမှာ ဟွမာဖူကျဲ ထက် သိသိသာသာ နိမ့်ကျနေသော်လည်း၊ သူသည် လူကြီးပိုင်းကြားတွင် နာမည်ကျော်ကြားသော ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း သူသည် ဟွမ်ဖူကျဲ ၏ တိုက်ခိုက်မှုများအောက်တွင် အကြိမ်ကြိမ် ဆုတ်ခွာနေရပြီး ပြန်လည် တိုက်ခိုက်ရန် ခက်ခဲနေသည်မှာ အထင်အရှားပင်။
ကျန်းရင် သည် သူမ၏ အဖွဲ့ကို စိမ်းပြာဓားဂိုဏ်း ၏ စခန်းရှိရာသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားခဲ့သည်။
သူမ၏ ဂိုဏ်းချုပ်ကြီးမှာ မျက်နှာဖြူလျော်လျက် တိုက်ပွဲကို စောင့်ကြည့်နေသည်။
"သူက အသက် ၂၀ ပဲ ရှိသေးတာကို နက်နဲသောဓားခုနစ်လက် ကျမ်းစာကို အကုန်တတ်မြောက်နေပြီပဲ တောင်ပိုင်းဒေသရဲ့ ထိပ်တန်း သိုင်းပညာရှင် ဆိုတဲ့ ဘွဲ့နဲ့ တကယ်ကို ထိုက်တန်ပါတယ် သူ့ရဲ့ ဂုဏ်သတင်းက အလကား မဟုတ်ဘူးပဲ..."
ဟု သူက တိုးတိုးလေး ရေရွတ်ရင်း ချီးကျူးစကား ဆိုနေတော့သည်။
အခန်း ၁၂၄ - တရားမျှတမှု ရှာဖွေခြင်း
ကျန်းရင် ရောက်လာသည်ကို မြင်သောအခါ စိမ်းပြာဓားဂိုဏ်း မှ တပည့်အများအပြားမှာ သူမကို လာရောက်နှုတ်ဆက်ကြသည်။
သူတို့၏ မျက်နှာများတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ညီမလေး ကျန်းရင်"
"အစ်မကြီး"
ကျန်းရင် က သူတို့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူမ၏ ဆရာဖြစ်သူထံ အာရုံလွှဲလိုက်သည်။
"ဆရာ... အဆင်ပြေရဲ့လား"
ဟု သူမက စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်၊ ငါ အလစ်အငိုက် မိသွားလို့ပါ"
ဟု ဂိုဏ်းချုပ်က အသာအယာ ခေါင်းခါပြသည်။
ထို့နောက် သူက ဟွမ်ဖူကျဲ ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"နက်နဲသောဓားဂိုဏ်း မှာ တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်တွေ ရှိတာပဲ သူတို့က ဂိုဏ်းကြီးလေးဂိုဏ်းကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး ငါတို့ရဲ့ စိမ်းပြာဓားဂိုဏ်း ကတော့ သူတို့နဲ့ယှဉ်ရင် အများကြီး အားနည်းနေပါသေးတယ်"
"ဂိုဏ်းချုပ်..."
တပည့်တစ်ဦးက မကျေမနပ်ဖြင့် ဝင်ပြောသည်။
"ဟွမ်ဖူကျဲ နိုင်သွားတာက သူက ငယ်ရွယ်ပြီး အားအင်အပြည့် ရှိနေလို့ပါ"
"ဟဲဟဲ"
ဂိုဏ်းချုပ်က ခေါင်းခါလျက် ရယ်မောလိုက်ပြီး
"ငါတို့ သိုင်းသမားတွေဆိုတာ ကြောက်ရွံ့တတ်တဲ့ စိတ်မရှိရသလို၊ မောက်မာတဲ့စိတ်နဲ့လည်း မျက်စိမကွယ်ရဘူး သူက အားကောင်းတယ်၊ ငါက အားနည်းတယ်။ ဒါပဲ အကြောင်းပြချက်တွေ လျှောက်ရှာနေဖို့ မလိုဘူး"
"နက်နဲသောဓားဂိုဏ်း က နက်နဲသောဓားသိုင်း ကိုပဲ အဓိကထား ကျင့်ကြံကြတာ ဒါပေမဲ့ သူတို့ဂိုဏ်းချုပ်တောင် တစ်ကြိမ်တည်းမှာ ဓားငါးလက်ပဲ ထိန်းချုပ်နိုင်တာ၊ သူ့သားအရွယ်တုန်းကဆိုရင် သုံးလက်ပဲ ထိန်းချုပ်နိုင်ခဲ့တာ မင်းက သူငယ်လို့ နိုင်တာလို့ ပြောချင်တာလား"
သူက ခေါင်းခါလိုက်ပြန်သည်။
"သူ့ရဲ့ ပါရမီက တောင်ပိုင်းဒေသမှာ တကယ်ကို အကောင်းဆုံးပဲ ဖြစ်နိုင်တာက... ဟို နတ်စစ်သူကြီး ဖန့် ထက်ပဲ အနည်းငယ် နိမ့်ကျလိမ့်မယ်"
လူအုပ်ကြီးမှာ အံ့သြသွားကြသည်။ ဂိုဏ်းချုပ်က ဟွမ်ဖူကျဲ ၏ ပါရမီကို ထိုမျှအထိ ချီးကျူးလိုက်သည်မှာ မရိုးရှင်းလှပေ။
တောင်ပိုင်းဒေသ၏ သိုင်းလောကမှာ မြောက်ပိုင်းထက် ပိုမိုစည်ပင်သည်ဟု လူတိုင်းလက်ခံထားကြသော်လည်း၊ အမည်တစ်ခု ကြားလိုက်ရရုံနှင့် လူတိုင်း ရင်ထဲတွင် လေးလံသွားစေသည့် အမည်မှာ ဖန့်ချန် ပင် ဖြစ်သည်။
သူသည် သမိုင်းတစ်လျှောက် ချီအမြုတေအဆင့် သို့ အငယ်ဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။
မကြာသေးမီကပင် သူသည် မဟာရှ ၏ မြို့စားကြီး ဖြစ်လာကြောင်းနှင့် နှင်းရေခဲအင်ပါယာ မှ မြေကမ္ဘာနက်နဲခြင်းအဆင့် ရှိသော ပါရမီရှင်ကို အနိုင်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
စိမ်းပြာဓားဂိုဏ်းချုပ် စကားအဆုံးတွင် ဟွမ်ဖူကျဲ နှင့် တိုက်ခိုက်နေသော ချီစုစည်းခြင်းအဆင့် ပညာရှင်မှာ ရှုံးနိမ့်သွားပြီး ကိုက်ပေါင်းများစွာ လွင့်ထွက်သွားကာ ကိုယ်ပေါ်တွင် ဓားဒဏ်ရာ သုံးချက် ပြင်းပြင်းထန်ထန် ရသွားတော့သည်။
ဟွမ်ဖူကျဲ သည် လက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏ ပတ်လည်တွင် နက်နဲသောဓား ခုနစ်လက်က ဝဲပျံနေသည်။
ထိုမြင်ကွင်းက သိုင်းသမားများကို မှင်တက်သွားစေသည်။ မိမိ၏ အတွင်းအားကို ထိုမျှ တိကျစွာ ထိန်းချုပ်နိုင်ခြင်းမှာ တကယ်ပင် ရှားပါးလှသည်။
သူ့နောက်တွင်ရှိသော နက်နဲသောဓားဂိုဏ်း တပည့်များမှာလည်း အားတက်သရော အော်ဟစ် အားပေးကြသည်။
ရှုံးနိမ့်သွားသော သိုင်းသမားမှာမူ မျက်နှာကြီး စိမ်းပုပ်သွားကာ တပည့်အချို့၏ တွဲကူမှုဖြင့် ဘေးသို့ ဆုတ်ခွာသွားရတော့သည်။
ယွမ်ကျန်း သည် နက်နဲသောဓားဂိုဏ်း တပည့်များကြားတွင် ယွမ်ယု နှင့် အခြားလူများမှာလည်း အားတက်သရော အော်ဟစ်နေကြသည်ကို သတိပြုမိသွားပြီး သူ၏ အမူအရာမှာ ထူးဆန်းသွားသည်။
ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော သိုင်းသမားများမှာ စိုးရိမ်တကြီး ဖြစ်နေကြသော်လည်း သူတို့၏ လူအင်အားကို ကြည့်ကာ အားတင်းထားကြသည်။
နက်နဲသောဓားခုနစ်လက် က တောင်ပိုင်း၏ ထိပ်တန်းပညာရှင် ဖြစ်နေပါစေဦး၊ သူက တစ်ယောက်တည်းပဲ ရှိတာ။ ငါတို့အားလုံး ဝိုင်းတိုက်ရင် သူ ဘယ်လို ခုခံနိုင်မှာလဲ
"ဟွမ် ဖူကျဲ မင်းက စီနီယာတွေအပေါ် ဒီလောက်တောင် လက်ပြင်းရသလား ချီရှန်းဂိုဏ်းချုပ် က မင်းထက် အသက် ၁၀ ဆကျော် ကြီးတယ် မင်းမှာ နှိမ့်ချမှုနဲ့ ယဉ်ကျေးမှု မရှိဘူးလား"
ဟု ဂိုဏ်းချုပ်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ခုဖြစ်လာတော့ နက်နဲသောဓားဂိုဏ်း က တခြားလူတွေကို အထင်သေးလာပြီ ထင်တယ် ငါတို့ အခုအထိ လှုပ်ရှားမှု မလုပ်သေးတာက အရင်က ခင်မင်မှုကို ငဲ့လို့ဆိုတာ သူတို့ မသိကြဘူးထင်တယ်"
ဟု အခြား ဂိုဏ်းချုပ်တစ်ဦးက ဖြည့်စွက်ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ နက်နဲသောဓားဂိုဏ်း တပည့်များမှာ ထိုလူများ တကယ်ပင် အရှက်မရှိကြဟု ခံစားလိုက်ရသည်။
ယွမ်ယု က ဘေးနားရှိ ရဲမက်များကို ကြည့်ကာ
"မင်းတို့လည်း မြင်တယ်မလား ဒါက တော်တော် အရှက်မရှိတာပဲ မဟုတ်လား"
ဟု မေးလိုက်သည်။
မဟာတောက်ပရေးရာဌာန မှ ရဲမက်များမှာ စိတ်မသက်မသာဖြင့် ခေါင်းငြိမ့်ပြကြသည်။
သူတို့ကိုယ်တိုင်က နက်နဲသောဓားဂိုဏ်း ကို လာဝိုင်းထားပြီးမှ အခုကျတော့ ဟွမ်ဖူကျဲ က လက်ပြင်းတယ်လို့ လာအပြစ်တင်နေကြတာ...
"ကျွန်တော့်ကို လာတိုက်တာ ခင်ဗျားတို့ပဲလေ အခုကျတော့ ကျွန်တော့်ကို လက်ပြင်းတယ်လို့ လာပြောနေတာလား တကယ်လို့ ကျွန်တော်သာ ခုနက လက်မလျှော့ခဲ့ရင် ဒီစီနီယာတွေ အသက်ရှင်ဖို့တောင် မလွယ်ဘူး"
ဟု ဟွမ်ဖူကျဲ က အေးစက်စွာ ပြောလိုက်သည်။
လူလတ်ပိုင်းတစ်ဦးမှာ ဟွမ်ဖူကျဲ အနားသို့ လျှောက်လာပြီး သိုင်းသမားများကို လက်ယှက် ဂါရဝပြုလိုက်သည်။
"အားလုံးပဲ... ကျွန်တော့်သားက လက်လျှော့ပေးခဲ့ပြီးပါပြီ။ အခုတော့ ရပ်တန့်သင့်ပြီ မဟုတ်လား"
"ကျွန်တော်တို့ နက်နဲသောဓားဂိုဏ်း က ကောင်းကင်ဓားအိမ်တော် ပျက်စီးတာနဲ့ ဘာမှ မပတ်သက်ပါဘူး ပြစ်မှုကျူးလွန်သူတွေကိုလည်း နတ်စစ်သူကြီး ဖန့် က ရှာဖွေပြီး သတ်ပစ်လိုက်ပါပြီ အားလုံးပဲ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်"
သူကား နက်နဲသောဓားဂိုဏ်းချုပ် ဖြစ်ပြီး ဟွမာဖူကျဲ ၏ ဖခင်ပင် ဖြစ်သည်။
ဖန့်ချန် ၏ အမည်ကို ကြားလိုက်ရသောအခါ သိုင်းသမားများမှာ ခဏမျှ တိတ်ဆိတ်သွားကြသည်။
သို့သော် ခဏအကြာတွင် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ဂိုဏ်းချုပ် စကားသက်သက်နဲ့တော့ မရဘူးဗျ နတ်စစ်သူကြီး ဖန့် က တရားခံတွေကို သတ်လိုက်ပြီလို့ ခင်ဗျား ပြောတယ် ဒါဆိုရင် အဲဒီတရားခံတွေရဲ့ နာမည်နဲ့ နောက်ခံက ဘာလဲ အလောင်းတွေကရော ဘယ်မှာလဲ ဒီအချက်အလက်တွေကို ဒီအတိုင်း ကျော်သွားလို့ မရဘူး"
"မဟုတ်ရင် ခင်ဗျားကို ငါတို့ ဘယ်လို ယုံမလဲ အခု ကောင်းကင်ဓားအိမ်တော် မရှိတော့ဘူးဆိုတော့ တောင်ပိုင်းထာဝရခရိုင် က ခင်ဗျားတို့ဂိုဏ်းရဲ့ လက်ထဲကို ရောက်သွားသလိုပဲ ဒါက နည်းနည်းတော့ သံသယဖြစ်စရာ မကောင်းဘူးလား"
စကားပြောလိုက်သူမှာ ဟွမ်စီဟိုင် နှင့် အရွယ်အစားချင်း တူညီသော လူလတ်ပိုင်းတစ်ဦး ဖြစ်သည်။
သူ့ဘေးတွင် တံခါးချပ်တစ်ခုကဲ့သို့ ကြီးမားလှသော ဓားကြီးတစ်လက် ရှိနေပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ကျွယ်ပန်ရှီ ကလည်း လူအုပ်ထဲမှ ထွက်လာပြီး
"ဧရာမဓားဂိတ်သခင် ဒီကိစ္စနဲ့ ပတ်သက်ပြီး နက်နဲသောဓားဂိုဏ်း ဘက်ကနေ ကျွန်တော် သက်သေခံနိုင်ပါတယ် မကြာသေးခင်က နတ်စစ်သူကြီး ဖန့် တောင်ပိုင်းကို လာခဲ့တယ် ဒါပေမဲ့ သူရှာနေတဲ့ တရားခံတွေကို တွေ့ပြီးတာနဲ့ မြို့တော်မှာ အရေးကြီးကိစ္စရှိလို့ ချက်ချင်း ပြန်သွားခဲ့တယ် တရားခံတွေရဲ့ အလောင်းတွေကို ချန်မထားခဲ့တာကလည်း သူ့မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိလို့ ဖြစ်မှာပါ။ အားလုံးပဲ ကျိုးကြောင်းဆင်ခြင်ပေးကြဖို့ မျှော်လင့်ပါတယ်"
"ကျွယ်ပန်ရှီ ခင်ဗျားစကားကို ငါတို့ ဘယ်လိုယုံရမှာလဲ ခင်ဗျားက နတ်စစ်သူကြီး ဖန့် ဘက်မှာ ရှိနေတာပဲဟွမ်ဖူကျဲ ကလည်း သူ့သူငယ်ချင်းဆိုတာ လူတိုင်းသိတယ် ခင်ဗျား သူတို့ဘက်က ပြောပေးတာက သဘာဝကျပါတယ် အခု ငါတို့ လိုချင်တာက သက်သေပဲ"
"ခင်ဗျားက စစ်တပ်ကို ဦးဆောင်ပြီး တောင်ပိုင်းထာဝရခရိုင် က ဂိုဏ်းပေါင်းစုံကို လာဝိုင်းခဲ့တာကောင်းကင်ဓားအိမ်တော် ကို ဖျက်ဆီးလိုက်တာ... ခင်ဗျားလား"
"ခင်ဗျား တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
လူတိုင်းက ဆူညံစွာ အော်ဟစ် ဆဲဆိုနေကြတော့သည်။
ကျွယ်ပန်ရှီ ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
သူ ချက်ချင်းပင် နားလည်သွားသည်။ ထိုလူများသည် နက်နဲသောဓားဂိုဏ်း ကို တိုက်ခိုက်ရန် လာခဲ့ခြင်း မဟုတ်ပေ။
အဖြေတစ်ခုကို စောင့်နေကြခြင်း ဖြစ်သည်။ သူ၏ လက်ရွေးစင် တပ်သားများ မရှိခြင်းမှာလည်း တစ်စုံတစ်ယောက်က ထိန်းထားခြင်းကြောင့် ဖြစ်ရမည်။
ထိုအချိန်တွင် တောင်ပိုင်းဒေသ၏ အခြေအနေမှာ မည်မျှအထိ ရှုပ်ထွေးနေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
သူ၏ အစောင့်တပ်သားများထဲတွင်ပင် ထိုဂိုဏ်းများနှင့် ဆက်နွှယ်နေသူများ အများကြီး ရှိနေနိုင်သည်
ဟွမ်ဖူကျဲ က မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။
"ဧရာမဓားဂိတ်သခင်... ခင်ဗျား တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
"ငါက တောင်ပိုင်းသိုင်းလောကအတွက် တရားမျှတမှု ရှာဖွေပေးနေတာပါ မဟုတ်ရင် တောင်ပိုင်းဒေသဟာ သွေးချောင်းစီးတဲ့ နေရာကြီး ဖြစ်သွားလိမ့်မယ်"
ဧရာမဓားဂိတ်သခင် က ရယ်မောလိုက်သည်။ သူသည် သူ၏ ဓားကြီးကို ကိုင်လိုက်ပြီး ဟွမ်ဖူကျဲ ကို တည်ငြိမ်စွာ ကြည့်ကာ ပြောလိုက်သည်။
"ဟွမ်ဖူကျဲ ငါက မင်းထက် အသက် ၂၀ ကျော် ကြီးတယ် မင်းက တောင်ပိုင်းရဲ့ ထိပ်တန်းသိုင်းပညာရှင်လို့ ပြောကြပေမဲ့ ငါတို့ အရင်က တစ်ခါမှ မတိုက်ဖူးသေးဘူး။ ဒီနေ့တော့ တစ်ပွဲလောက် တိုက်ကြရအောင်"
ဧရာမဓားဂိတ်သခင် က သူ၏ ဓားကြီးကို ဆွဲထုတ်လိုက်သည်။ ဓားထွက်လာသည်နှင့် မြေပြင်မှာ ချက်ချင်းပင် အက်ကွဲသွားပြီး အက်ကြောင်းများမှာ ဆယ်ကိုက်ကျော်အထိ ပြန့်နှံ့သွားတော့သည်။
လူတိုင်းမှာ ဧရာမဓားဂိတ်သခင် ၏ အတွင်းအားကြောင့် အံ့သြသွားကြသော်လည်း မကြာမီမှာပင် ဝမ်းသာသွားကြသည်။ ဖြစ်နိုင်တာက သူဟာ ဟွမ်ဖူကျဲ ကို နောက်ဆုံးမှာ အနိုင်ယူနိုင်မယ့်သူ ဖြစ်လိမ့်မည်
"တကယ်လို့ ကျွန်တော် နိုင်ရင် ခင်ဗျား ဒီလူတွေကို ခေါ်ပြီး ဆုတ်ခွာပေးမလား"
ဟု ဟောင်ဖူကျဲ က အသံလေးလေးဖြင့် မေးလိုက်သည်။
"မဖြစ်နိုင်တာ။"
သူက တဟားဟား ရယ်မောလိုက်သည်။
"ငါ ရှုံးသွားရင်တောင် ငါနဲ့အတူ လာခဲ့တဲ့ သိုင်းသမားတွေက မရှုံးသေးဘူး"
သူသည် ဓားကြီးကို ရှေးဟောင်း သားရဲကြီးတစ်ကောင်ကဲ့သို့ မကာ ဟွမ်ဖူကျဲ ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
သူ၏ လှုပ်ရှားမှုမှာ လေးလံပုံရသော်လည်း ခဏချင်းမှာပင် ဟွမ်ဖူကျဲ ၏ ရှေ့သို့ ရောက်သွားသည်။ သူ၏ အတွင်းအားများမှာ လျှံတက်လာပြီး ဓားကြီးကို ပြင်းထန်စွာ ဝှေ့ယမ်း ချလိုက်တော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယွမ်ကျန်း က ဖန့်ချန် ကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ သို့သော် ဖန့်ချန် က တည်ငြိမ်စွာ မျက်စိမှိတ်ထားသည်ကို မြင်ရသဖြင့် သူ စိတ်အေးသွားသည်။
သူ့သခင်က မစိုးရိမ်ဘူးဆိုလျှင် အရာအားလုံးမှာ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးသည်ဟု အဓိပ္ပာယ်ရပေသည်။