အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း ၁၂၇ - မိစ္ဆာများပင် သူ့ကို ကြောက်ရွံ့သည်
ဖန့်ချန် ကို လက်ညှိုးထိုးပြရင်း ဧရာမဓားဂိတ်သခင် က အခြားဂိုဏ်းချုပ်များကို ပြုံး၍ ကြည့်လိုက်သည်။
"ငါတို့ရဲ့ သစ္စာရှိမှုကို ပြတဲ့အနေနဲ့ ငါတို့အားလုံး သူ့ကို တစ်ကွက်စီ တိုက်ကြရင် ဘယ်လိုလဲ"
"ကောင်းတယ် မြောက်ပိုင်းကလူက ဒီနေ့ ဒီကို ရောက်လာတယ်ဆိုတော့ သူက သူလျှို ဒါမှမဟုတ် ထောက်လှမ်းရေးပဲ ဖြစ်ရမယ် သူ သေထိုက်တယ်"
ချီရှန်းဂိုဏ်းချုပ် က နှာခေါင်းရှုံ့လိုက်ပြီး ဓားကို မြှောက်ကာ ဖန့်ချန် ထံသို့ ရှေ့တိုးလာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ အခြားသော ဂိုဏ်းချုပ်များစွာသည်လည်း သူတို့၏ ရပ်တည်ချက်နှင့် စိတ်ပိုင်းဖြတ်မှုကို ဧရာမဓားဂိတ်သခင် အား ပြသရန်အတွက် ဖန့်ချန် အနားသို့ ချဉ်းကပ်လာကြသည်။
"ကျွန်တော့်ကို အရင်ခွင့်ပြုပါ"
ရှန်းကွန်း က အော်ဟစ်လိုက်သည်။ သူသည် သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ဖန့်ချန် ဆီသို့ ပြေးဝင်သွားတော့သည်။
ရှေ့ဆုံးတွင်ရှိသော ဂိုဏ်းချုပ်များမှာလည်း သူသည် ရှန်းဝူချန်း ၏ သားဖြစ်သဖြင့် အရိုအသေပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။
ရှန်းဝူချန်း သာ သိုင်းအင်ပါယာ ဖြစ်လာခဲ့လျှင် ရှန်းကွန်း သည် သဘာဝအတိုင်း သိုင်းအိမ်ရှေ့စံ ဖြစ်လာမည် မဟုတ်ပါလား။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်းကွန်း သည် ဖန့်ချန် ၏ ရှေ့သို့ ရောက်သွားပြီး သူ၏ လက်ထဲမှ ဓားကြီးက အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်
လူတိုင်း၏ မျက်နှာ အမူအရာမှာ ထူးဆန်းသွားကြသည်။
"ဒီလိုပဲ ပြီးသွားတော့မှာလား"
"ဘာပဲဖြစ်ဖြစ် နောက်တစ်ယောက် ကျန်သေးတာပဲလေ"
ဓားကျလာသည်နှင့်အမျှ ရှန်းကွန်း သည် မျက်စိမှိတ်ထားဆဲဖြစ်သော ဖန့်ချန် ကို ခဏမျှ စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ လက်ခနဲ ဖြစ်သွားပြီး ဓားအပေါ်သို့ အားကုန် သွန်းလောင်းလိုက်သည်။
ကျန်းရင် နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် မျက်စိမှိတ်ထားလိုက်ကြသည်။
သို့သော် ခဏအကြာတွင် တစ်ခုခု မှားနေသည်ဟု သူတို့ ခံစားလိုက်ရသည်။ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ သခင်လေး လီ ရဲ့ နာကျင်စွာ အော်ဟစ်သံကော ဘယ်မှာလဲ
သူတို့ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကို တွေ့လိုက်ရသည်။
ဖန့်ချန် ၏ မျက်နှာမှာ ဘာအမူအရာမျှ မရှိဘဲ ရှန်းကွန်း ၏ ဓားကြီးကို သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် အသာအယာ ညှပ်ထားခြင်း ဖြစ်သည်။ ရှန်းကွန်း မည်မျှပင် အားစိုက်ထုတ်ပါစေ၊ ဓားကြီးမှာ လက်မဝက်ပင် မရွေ့လျားတော့ပေ
"ရှူး..."
လူအတော်များများမှာ အသက်ရှူပင် မှားသွားကြသည်။
သခင်လေး လီ ကလည်း သိုင်းပါရမီရှင် တစ်ယောက်ပဲကိုး ဟု ကျန်းရင် အံ့သြစွာ တွေးလိုက်မိသည်။
ရှန်းကွန်း မှာ ချီပေါက်ကွဲခြင်း အဆင့် သိုင်းသမားဖြစ်ပြီး ဧရာမဓားဂိတ် ၏ ဓားသိုင်းမှာ ပြင်းထန်လှသည်။
သို့သော် ဖန့်ချန် က လက်ချောင်းနှစ်ချောင်းတည်းနှင့် တားဆီးထားနိုင်သဖြင့် ရှန်းကွန်း မှာ ရှေ့ဆက်မတိုးနိုင် နောက်မဆုတ်နိုင် ဖြစ်နေတော့သည်။ သူ ဘယ်လိုပဲ ကြိုးစားပါစေ ဓားကြီးကို လုံးဝ လှုပ်ရှားလို့ မရတော့ပေ
ရှန်းကွန်း ၏ မျက်လုံးထဲတွင် မကျေနပ်မှုများ အရိပ်ထင်လာသည်။
"တောက်!"
သူသည် ဖန့်ချန် မှာ ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သိုင်းသမားပေါင်းများစွာ၏ ရှေ့တွင် သူ အရှက်ကွဲသွားပြီ မဟုတ်ပါလား! နောင်တွင် သူ သူတို့ကို ဘယ်လို မျက်နှာပြရပါ့မည်နည်း။
ခရက်
ဖန့်ချန် က လက်ချောင်းထိပ်ဖြင့် အသာအယာ အားစိုက်လိုက်ရုံဖြင့် သံမဏိဓားကြီးမှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ ကွဲအက်သွားပြီး ဓားစအချို့မှာ မြေပြင်ပေါ်သို့ စိုက်ဝင်သွားတော့သည်။
လက်ဗလာ ဖြစ်သွားသော ရှန်းကွန်း ကို ကြည့်ရင်း သူ၏ မကျေနပ်မှုများမှာ အံ့သြထိတ်လန့်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
"သူက မြောက်ပိုင်းက ပညာရှင်တစ်ယောက်လား"
"အစကနေ အဆုံးထိ မျက်စိတောင် မဖွင့်ဘဲနဲ့ ရှန်းကွန်း ကို အနိုင်ယူလိုက်တာလား"
ဂိုဏ်းချုပ်များမှာ အနည်းငယ် အံ့သြသွားကြသော်လည်း ထိတ်လန့်သွားခြင်း မရှိပေ။ သူတို့ကိုယ်တိုင်လည်း ဖန့်ချန် လုပ်သွားသည်ကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။
ရှန်းဝူချန်း သည် ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ဖန့်ချန် ကို ကြည့်လိုက်သည်။
"မင်းက မြောက်ပိုင်းမှာ ဘာရာထူး ရထားလို့လဲ"
ဖန့်ချန် က ပြုံးလိုက်ပြီး မေးခွန်းတစ်ခုဖြင့် ပြန်ဖြေသည်။
"ရှန်းဝူချန်း... ခင်ဗျားက တောင်ပိုင်းကို အုပ်ချုပ်ဖို့ ကြံစည်နေတာလား"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်းဝူချန်း က ပြန်ဖြေသည်။
"အဲဒါ ဘာဖြစ်လဲ"
ဖန့်ချန် က ခပ်တိုးတိုး ရယ်လိုက်သည်။
"မဟာရှ ရဲ့ ဧကရာဇ်က နည်းနည်းတော့ လူယုတ်မာဆန်ပေမဲ့ ခင်ဗျားပါ ကိုယ့်ကိုယ်ကိုယ် ဧကရာဇ်လို့ ကြေညာလိုက်ရင် မြောက်ပိုင်းနဲ့ တောင်ပိုင်းကြားမှာ စစ်ပွဲကြီး စတင်ပါလိမ့်မယ် ခင်ဗျားကတော့ အကျိုးရှိကောင်း ရှိလိမ့်မယ်၊ ဒါပေမဲ့ သာမန်ပြည်သူတွေကတော့ စားစရာတောင် ရှာရမှာ မဟုတ်ဘူး ငါ့ရဲ့ အကြံကို နားထောင်ပြီး ဧရာမဓားဂိတ် ရဲ့ ဂိုဏ်းချုပ်အဖြစ်နဲ့ပဲ တင်းတိမ်နေလိုက်စမ်းပါ"
"မင်းက ဘယ်သူမို့လို့လဲ မင်းလို လူငယ်တစ်ယောက်က ဧရာမဓားဂိတ်သခင် ကို ဒီလို မောက်မာတဲ့ စကားတွေ ပြောရဲတာလား ဘာပဲဖြစ်ဖြစ် ဒီနေ့ တောင်ပိုင်းက ပုန်ကန်မှာပဲ"
ချီရှန်းဂိုဏ်းချုပ် က နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့တွေက မျက်စိရှိပေမဲ့ နတ်ဘုရားကို မမြင်ကြဘူးပဲ"
တစ်ချိန်လုံး တိတ်ဆိတ်နေသော ဟွမ်ဖူကျဲ မှာ မရယ်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူသည် ဖန့်ချန် ကို ဦးညွှတ် ဂါရဝပြုကာ ပြောလိုက်သည်။
" ဖန်ချန် မင်းသာ အချိန်မီ ရောက်မလာခဲ့ရင် ကငါ့ရဲ့ နက်နဲသောဓားဂိုဏ်း ဟာ ဒီနေ့ ပျက်စီးသွားလောက်ပါပြီ"
နက်နဲသောဓားဂိုဏ်းချုပ် သည်လည်း တပည့်ပေါင်း ရာနှင့်ချီကို ဦးဆောင်ကာ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မြို့စားကြီး ဖန့် ကို အရိုအသေ ပေးပါတယ်"
မြို့စားကြီး ဖန့်
လူတိုင်း မှင်တက်သွားပြီး အသက်ရှူရပ်မတတ် ဖြစ်သွားကြသည်။
သူတို့ရှေ့တွင် ရှိနေသော အလွန်ငယ်ရွယ်သည့် သခင်လေးမှာ မဟာရှ ၏ နံပါတ်တစ် သိုင်းပညာရှင် ဖန့်ချန် ဖြစ်နေလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြပေ
စိမ်းပြာဓားဂိုဏ်း မှ တပည့်တစ်ဦးမှာ ကျန်းရင် ဘက်သို့ လှည့်ကာ စကားပင် ထစ်နေတော့သည်။
"စီ-စီနီယာအစ်မ... သူက နတ်စစ်သူကြီး ဖန့် လား"
ကျန်းရင် မှာ ထိတ်လန့်တုန်လှုပ်နေသည်။ သူမအနေဖြင့် ယုံကြည်ရန် ခက်ခဲနေသည်။
စိမ်းပြာဓားဂိုဏ်းချုပ် သည် ကျန်းရင် ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"မင်း ပြောတာ မိစ္ဆာက ငါတို့ရဲ့ ဂုဏ်သတင်းကြောင့် ကြောက်ပြီး ပြေးသွားတာလား အဲဒီအချိန်မှာ မြို့စားကြီး ဖန့် အနားမှာ ရှိနေတာလား"
ကျန်းရင် က ငေးငေးငိုင်ငိုင်ဖြင့် ခေါင်းငြိမ့်ပြသည်။
"ဟု-ဟုတ်ကဲ့"
အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို လူတိုင်း ချက်ချင်းပင် နားလည်သွားကြပြီး သူတို့၏ မျက်နှာများမှာလည်း ထူးဆန်းသွားကြသည်။
မိစ္ဆာက စိမ်းပြာဓားဂိုဏ်း ရဲ့ အမည်ကြောင့် ပြေးသွားတာ မဟုတ်ဘဲ မြို့စားကြီး ဖန့် ကို မှတ်မိသွားလို့ ပြေးသွားတာကိုး။
"မိစ္ဆာတွေတောင် သူ့ကို ကြောက်ကြတာပဲ..."
ဖန့်ချန် နှင့်အတူ ခရီးသွားခဲ့သော စိမ်းပြာဓားဂိုဏ်း တပည့်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှုများ အပြည့်ပင်။
ရှန်းကွန်း ၏ မျက်နှာမှာ ဖြူလျော်သွားသည်။ သူသည် ဖန့်ချန် ကို လက်ညှိုးထိုးကာ စကားပင် မပြောနိုင်တော့ပေ။
"မင်း... မင်းက..."
ချီရှန်းဂိုဏ်း မှ လူများမှာ ပို၍ပင် ထိတ်လန့်နေကြပြီး သူတို့၏ နဖူးပေါ်တွင် ပဲစေ့ခန့်ရှိသော ချွေးစက်များ စိမ့်ထွက်လာကြသည်။
ရှန်းဝူချန်း သည် သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးထဲတွင် တစ်ခါမျှ မရှိဖူးသော လေးနက်မှုများ ပေါ်ပေါက်လာကာ ဖန့်ချန် ကို စိုက်ကြည့်လိုက်သည်။
"မင်းက..."
သူ၏ စကားမဆုံးခင်မှာပင် လူအုပ်ထဲမှ ပြေးထွက်လာသော ကျွယ်ပန်ရှီ က ကြားဖြတ် ပြောလိုက်သည်။ သူသည် ဖန့်ချန် ၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး
"မြို့စားကြီး ဖန့်... နောက်ဆုံးတော့ ရောက်လာပြီပဲ ရှန်းဝူချန်း က ပုန်ကန်ဖို့ ကြံစည်နေတာပါ ကျွန်တော့်အထင်တော့ ခရိုင်ကိုးခုလုံးက ဂိုဏ်းအားလုံးကို သုတ်သင်ပစ်ဖို့ လိုအပ်နေပါပြီ သူတို့က ကိုယ့်နေရာကိုယ် မသိဘဲ ကိုယ်ပိုင် အင်ပါယာ တည်ထောင်ဖို့တောင် ကြံနေကြတာ ဒါက နိုင်ငံတော် ပုန်ကန်မှုပဲ"
ရှန်းဝူချန်း နှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း မကြာမီမှာပင် ရှန်းဝူချန်း က တည်ငြိမ်သွားကာ အေးဆေးစွာ ပြောလိုက်သည်။
"မြို့စားကြီး ဖန့်... မင်း ဒီမှာ ရှိနေမှတော့ ခရိုင်ကိုးခုက သိုင်းသမားတွေရဲ့ ကိုယ်စား မင်းကို မေးခွန်းတစ်ခု မေးမယ်"
"ပြောလေ"
ဟု ဖန့်ချန် က အေးစက်စွာ ဆိုသည်။
"တောင်ပိုင်းဒေသက အခုရှိနေတဲ့ စနစ်ကို ဆက်ထိန်းထားလို့ ရမလား အဲဒါဆိုရင် ငါ အခုချက်ချင်း ငါ့လူတွေကို ခေါ်ပြီး ပြန်သွားမယ်"
ဟု ရှန်းဝူချန်း က ဆိုသည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"ငါ ငယ်ငယ်တုန်းက တောင်ပိုင်းဟာ ရှုပ်ထွေးနေပြီးသားပါ ဒါပေမဲ့ အဲဒီတုန်းက ငါ့အင်အား မလုံလောက်သေးဘူးလို့ ခံစားရလို့ ငါ သိပ်ဂရုမစိုက်ခဲ့ဘူး။ အခု တောင်ပိုင်းရဲ့ အခြေအနေက ပိုပြီးတော့တောင် ရှုပ်ထွေးလာပြီ"
" ခင်ဗျားက အရာရှိတချို့နဲ့ ပူးပေါင်းပြီး သာမန်ပြည်သူတွေဆီက စည်းစိမ်ဥစ္စာတွေကို ခေါင်းပုံဖြတ်တယ်၊ ဝိညာဉ်ဆေးဝါးတွေနဲ့ ပစ္စည်းတွေကို အတင်းအဓမ္မ သိမ်းယူတယ် ဒီလို လုပ်ဆောင်ချက်တွေက ဆင်းရဲသား ပြည်သူတွေရဲ့ ဘဝကို မရှုမလှ ဖြစ်စေခဲ့တယ် တောင်ပိုင်းဟာ မူလကတည်းက ဆင်းရဲတာ၊ ခင်ဗျားတို့ရဲ့ အဆက်မပြတ် ခေါင်းပုံဖြတ်မှုက ပြည်သူတွေကို အစွန်းရောက်စေခဲ့တယ်။ ဒါကြောင့်ပဲ လူဦးရေဟာ အကြီးအကျယ် လျော့ကျလာရတာ"
"ပြည်သူတွေရဲ့ မျိုးဆက်သစ်တွေက အသက်ရှင်ဖို့တောင် မလွယ်တော့ဘူး လူဦးရေ မတိုးတက်ရင် အချိန်ကြာလာတာနဲ့အမျှ တောင်ပိုင်းဟာ ပိုပိုပြီးတော့ ဆိတ်သုဉ်းလာလိမ့်မယ် ဒါဟာ သံသရာလည်နေပြီး နောက်နှစ်အနည်းငယ်ကြာရင် ဒီဒေသမှာ သိုင်းသမားတွေပဲ ကျန်တော့လိမ့်မယ် အဲဒါ ခင်ဗျား မြင်ချင်တဲ့ မြင်ကွင်းလား"
"အဓိပ္ပာယ်မရှိတာ"
ရှန်းဝူချန်း က နှာခေါင်းရှုံ့လိုက်သည်။
"ဒါဆို မင်းက တောင်ပိုင်းရဲ့ အခြေအနေကို ပြုပြင်ဖို့အတွက် သိုင်းသမားတွေကို အပြစ်ပေးရမယ်လို့ ယုံကြည်နေတာလား"
ဖန့်ချန် က ခေါင်းငြိမ့်ပြသည်။
ရှန်းဝူချန်း က နှာခေါင်းရှုံ့လိုက်ပြန်သည်။
"ဒါဆိုရင် ငါတို့ ပုန်ကန်ရမှာပဲ။ ဒီနေ့ ဒီမှာ ဂိုဏ်းအသီးသီးက ပညာရှင် ထောင်ပေါင်းများစွာ စုဝေးနေကြတာ။ မင်း ငါတို့ကို ဘယ်လောက်များများ သတ်နိုင်မှာလဲ"
ရှန်းကွန်း သည် စကားပြောနေကြသည်ကို အခွင့်ကောင်းယူကာ ဖန့်ချန် ၏ လက်လှမ်းမှ လွတ်အောင် ခိုးထွက်ရန် ကြိုးစားနေသည်။
သို့သော် နောက်တစ်ခဏတွင် ဖန့်ချန် က ရှန်းကွန်း ကို ဆွဲယူလိုက်ပြီး သူ၏ လည်ပင်းကို တင်းတင်းဆုပ်ကာ ဟွမ်ဖူကျဲ ထံသို့ လွှဲပစ်လိုက်သည်။
"သူ့ကို အရင်ထိန်းသိမ်းထားလိုက်။ နောက်မှ သူ့ကို သတ်မယ်"
ဟု ဖန့်ချန် က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ဟွမ်ဖူကျဲ က ချက်ချင်း ခေါင်းငြိမ့်လိုက်ပြီး လက်ဝါးချက်တစ်ခုဖြင့် ရှန်းကွန်း ၏ ချီပင်လယ်ကို ပိတ်ဆို့ကာ သတိလစ်သွားအောင် လုပ်လိုက်ပြီးနောက် နက်နဲသောဓားဂိုဏ်း တပည့်အချို့ကို အကျဉ်းချထားရန် လွှဲပြောင်းပေးလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှန်းဝူချန်း ၏ မျက်နှာမှာ မပျက်ယွင်းဘဲ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ နဖူးပေါ်တွင် ထောင်ထနေသော သွေးကြောများက သူ၏ ဒေါသကို ဖော်ပြနေသည်။
"ခင်ဗျားတို့ထဲမှာ ပြည်သူတွေကို မထိခိုက်ဖူးတဲ့ လူတွေ အများကြီး ရှိပါတယ် သူတို့က ငါ အပြစ်ပေးမယ့်သူတွေ မဟုတ်ဘူး ဒါပေမဲ့ ခင်ဗျားတို့က ရှန်းဝူချန်း နဲ့အတူ ပုန်ကန်ဖို့ပဲ ဆုံးဖြတ်ထားရင်တော့ ငါ လက်တွန့်နေမှာ မဟုတ်ဘူး ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစားကြပါ"
ဖန့်ချန် သည် သူ၏ မီးခိုးဖြူရောင် မျက်လုံးများကို ဖွင့်လိုက်ပြီး လူအုပ်ကြီးကို စိုက်ကြည့်လိုက်တော့သည်။
အခန်း ၁၂၈ - ထိုက်တန်သော အရှုံး
ရှန်းဝူချန်း ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး သိုင်းသမားများ၏ စိတ်ဓာတ်ကို ချက်ချင်း ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
"သူ့စကားတွေနဲ့ အလိမ်မခံကြနဲ့ဦး ငါတို့အားလုံး ဒီကို ရောက်နေမှတော့ သူ ငါတို့ကို အပြစ်ပေးမှာက အသေအချာပဲ မင်းတို့ အခု ဆုတ်ခွာသွားရင်တောင် သူ မင်းတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"
တွေဝေနေသော အချို့ဂိုဏ်းများမှာ ရှန်းဝူချန်း ၏ စကားကို ကြားသောအခါ ဆုတ်ခွာမည့် အစီအစဉ်ကို ချက်ချင်းပင် စွန့်လွှတ်လိုက်ကြသည်။
သို့သော် မူလကတည်းက ရှန်းဝူချန်း ၏ လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်နေသော အခြားဂိုဏ်းများမှာမူ သူတို့၏ ဆုံးဖြတ်ချက်ကို ချက်ချင်း ချလိုက်ကြသည်။
"ငါတို့ စိမ်းပြာမဓားဂိုဏ်း ကတော့ ဒီကိစ္စတွေမှာ ပါဝင်မှာ မဟုတ်ဘူး"
ဟု စိမ်းပြာဓဂိုဏ်းချုပ် က ပြတ်သားစွာ ကြေညာလိုက်သည်။ ထို့နောက် သူသည် တပည့်များကို ဦးဆောင်ကာ နက်နဲသောဓားဂိုဏ်း ဘက်သို့ ကူးပြောင်းသွားတော့သည်။
သူ ဦးဆောင်လိုက်သည်နှင့် အခြားဂိုဏ်းအချို့သည်လည်း တစ်ခုပြီးတစ်ခု ဆုံးဖြတ်ချက်ချကာ စိမ်းပြာဓားဂိုဏ်း ရှိရာဘက်သို့ လိုက်ပါလာကြသည်။
ဘက်ပြောင်းလာသူ စုစုပေါင်း ခုနစ်ရာ၊ ရှစ်ရာခန့် ရှိသော်လည်း ထိုအရေအတွက်မှာ အလုံးစုံသော အခြေအနေကိုတော့ မပြောင်းလဲနိုင်ပေ။
သူတို့၏ နည်းပါးလှသော လူအင်အားကို မြင်သောအခါ ရှန်းဝူချန်း မှာ သက်ပြင်းချနိုင်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ကတော့ အမိုက်မဲဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။ ဒါဟာ မင်းတို့ဂိုဏ်းတွေကို ပျက်စီးခြင်းဆီ ခေါ်ဆောင်သွားလိမ့်မယ်"
ဖန့်ချန် သည် ကျန်ရှိနေသော ဂိုဏ်းများကို ကြည့်ကာ မေးလိုက်သည်။
"ကျန်တဲ့လူတွေကရော... ပုန်ကန်ဖို့ တကယ်ပဲ ဆုံးဖြတ်ထားကြတာလား"
သိုင်းသမားတစ်ဦးက အော်ဟစ်လိုက်သည်။
"ငါတို့ ပုန်မကန်ရင်တောင် မင်း ငါတို့ကို အပြစ်ပေးမှာပဲလေ၊ ဒါဆို ငါတို့ ဘာလို့ ပြန်မတိုက်ရမှာလဲ"
ဖန့်ချန် က ခေါင်းငြိမ့်ပြသည်။
"မင်းပြောတာလည်း ဟုတ်တာပဲ"
မည်သည့်အချိန်ကမှန်း မသိလိုက်ဘဲ နဂါးတုတ်ကောက်မှာ ဖန့်ချန် ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဖန့်ချန် က ၎င်းကို မြေပြင်ပေါ်သို့ အသာအယာ တောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ချီ များ တောင်ဝှေးထဲမှ ပေါက်ကွဲထွက်လာတော့သည်။
ချက်ချင်းပင် မြေပြင်မှာ လက်မချင်းစီ အမှုန့်ဖြစ်သွားကာ ရှန်းဝူချန်း နှင့် အခြားသူများဆီသို့ ဒီရေလှိုင်းကြီးကဲ့သို့ လိပ်တက်သွားသည်။
ထိုဝိညာဉ်စွမ်းအင်မှာ အစွမ်းထက်လှသော စစ်တပ်ကြီးတစ်ခုကဲ့သို့ လမ်းကြောင်းတစ်လျှောက်ရှိ သက်ရှိမှန်သမျှကို မျိုးတုံးစေလျက် ရှေ့သို့ ချီတက်သွားသည်။
ဝိညာဉ်စွမ်းအင်လှိုင်းကြီး သိုင်းသမားများဆီသို့ ရောက်သွားသောအခါ သူတို့မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြပေ။
သူတို့အားလုံးမှာ ထိုနေရာတွင်တင် ချက်ချင်းပင် ပျောက်ကွယ်သွားကြတော့သည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး အသားစတစ်စ၊ သွေးတစ်စက်ပင် ရှာမတွေ့နိုင်တော့ပေ။
ဝိညာဉ်စွမ်းအင်မှာ သိုင်းသမားများ သေဆုံးသွားသည့်တိုင်အောင် ပျောက်ကွယ်မသွားဘဲ ကိုက်ပေါင်း ဒါဇင်ဝက်ခန့်အထိ ဆက်လက် တိုက်စားသွားသည်။
မည်သည့်အရာကမျှ ထိုစွမ်းအားကို မခုခံနိုင်ပေ။ လူဖြစ်စေ၊ မြက်ပင်ဖြစ်စေ၊ မြေပြင်ဖြစ်စေ ထိုဧရိယာအတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး ထိုနေရာမှာ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။
ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုတည်းဖြင့် သိုင်းသမားပေါင်း သုံးထောင်မှ လေးထောင်ခန့် အသက်ပျောက်သွားကြရသည်။
ကောင်းကင်နှင့် မြေကြီးမှာ တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားသလိုပင်။
ဟွမ်ဖူကျဲ နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ထိုကဲ့သို့သော နည်းလမ်းမျိုးမှာ သူတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
"ဒါ... ဒါက မြေကမ္ဘာနက်နဲခြင်းအဆင့် ရဲ့ အစွမ်းလား"
ဟု စိမ်းပြာဓားဂိုဏ်းချုပ် က ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျန်းရင် နှင့် အခြားသူများ၏ ရင်ထဲတွင် ဖန့်ချန် ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
သူတို့နှင့်အတူ ခရီးသွားခဲ့သော ထိုနူးညံ့သိမ်မွေ့သည့် လူသားမှာ အမှန်တကယ်တော့ မြို့စားကြီး ဖန့် ဖြစ်နေသည်ကိုး ထို့ပြင် သူ၏ လက်ထဲတွင် ထိုမျှ ရက်စက်လှသော နည်းလမ်းများ ရှိနေသည်ကိုလည်း သူတို့ သိလိုက်ရပြီ။
သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်ပြီး နာကျင်မှုမရှိပုံရသော်လည်း၊ သေဆုံးသွားသော သိုင်းသမားများမှာ အော်ဟစ်ရန်ပင် အချိန်မရဘဲ အရာအားလုံးမှာ အေးချမ်းနေပုံရသော်လည်း... ထိုလှုပ်ရှားမှု၏ ကြောက်မက်ဖွယ်ရာကို ဖော်ပြရန် "ရက်စက်ကြမ်းကြုတ်မှု" ဆိုသည့် စကားလုံးတစ်လုံးတည်းသာ ရှိသည်ဟု သူတို့ ခံစားလိုက်ရသည်။
လူပေါင်း ထောင်ချီကာ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်သွားခြင်း... ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ
ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်သူ သိုင်းသမားများမှာ မှင်တက်နေရာမှ သတိပြန်ဝင်လာကြသည်။
သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုမှတစ်ပါး ဘာမှမရှိတော့ပေ။
သူတို့မှာ တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ဖန့်ချန် က တစ်ချက်တည်းနှင့် လူပေါင်း ထောင်ချီကို သုတ်သင်လိုက်ပြီ မဟုတ်ပါလား။ ထို့ပြင် ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားသူများထဲတွင် ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များပင် ပါဝင်နေသည်လေ
ဖန့်ချန် ၏ အသံမှာ လေထဲတွင် တည်ငြိမ်စွာ ပဲ့တင်ထပ်လာသည်။
"ဒူးထောက်စမ်း"
ဟု သူက ဆိုသည်။
သူ့စကားအဆုံးတွင် အခြားတစ်ဖက်မှ သိုင်းသမား အများစုမှာ ဒူးထောက်ကျသွားကြသည်။ ဧရာမဓားဂိတ် မှ လူအနည်းငယ်သာ မတ်တတ်ရပ်လျက် ကျန်နေတော့သည်။
"ဒါက... မြေကမ္ဘာနက်နဲခြင်းအဆင့် ရဲ့ စွမ်းအားလား"
ရှန်းဝူချန်း ၏ အသံမှာ အက်ကွဲခြောက်ကပ်နေသည်။
ဖန့်ချန် က ခေါင်းခါလိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ မြေကမ္ဘာနက်နဲခြင်းအဆင့် ဆိုတာ ပုရွက်ဆိတ်တွေလိုပဲ"
ရောက်ရှိနေသူအားလုံးဆီမှ အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ ဖန့်ချန် ၏ ကျင့်ကြံမှုမှာ နက်နဲလှသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားနေသည်။
"မြေကမ္ဘာနက်နဲခြင်းအဆင့် က... ပုရွက်ဆိတ်တွေလိုပဲ ဟုတ်လား"
ရှန်းဝူချန်း က ခါးသီးစွာ ပြုံးလိုက်သည်။
"ငါ့ရဲ့ ရှုံးနိမ့်မှုက ထိုက်တန်ပါတယ်"
ဟု သူက ဝန်ခံလိုက်သည်။ သို့သော် ခဏအကြာတွင် သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။
"မြို့စားကြီး ဖန့်... ငါ ရှုံးသွားပေမဲ့ ခင်ဗျား တောင်ပိုင်းဒေသတစ်ခုလုံးကို မရင်ဆိုင်နိုင်ဘူးဆိုတဲ့ အချက်ကိုတော့ မပြောင်းလဲနိုင်ပါဘူး"
"သူတို့ ငါ့ကို ဆန့်ကျင်မှာ မဟုတ်ဘူး။"
ဖန့်ချန် က အသာအယာ ပြုံးလိုက်သည်။
"လူတွေက သေမှာကို ကြောက်တတ်ကြတယ်"
ရှန်းဝူချန်း ၏ မျက်နှာမှာ အကြီးအကျယ် ဖြူလျော်သွားသည်။
အမှန်ပင် ထိုမျှ ကြောက်စရာကောင်းသော စွမ်းအားကို ရင်ဆိုင်ရလျှင် တောင်ပိုင်းဒေသမှာ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ခုခံဝံ့သူ အလွန်နည်းပါးလိမ့်မည်။
ဖန့်ချန် က ရှန်းဝူချန်း ကို စိုက်ကြည့်လိုက်သည်။
"ဒူးထောက်စမ်း"
ရှန်းဝူချန်း မှာ အင်အားအားလုံး ကုန်ဆုံးသွားသလို ငေးငေးငိုင်ငိုင်ဖြင့် ဒူးထောက်လိုက်ရတော့သည်။
သူ ဒူးထောက်လိုက်သည်နှင့် ဧရာမဓားဂိတ် တပည့်အားလုံးလည်း ခေါင်းငုံ့ကာ မျက်နှာပျက်ယွင်းလျက် ဒူးထောက်လိုက်ကြသည်။
"ဟင်း..."
မတ်တတ်ရပ်နေဆဲဖြစ်သော အချို့သော သိုင်းသမားများမှာ သက်ပြင်းချကာ တဖြည်းဖြည်းချင်း ဒူးထောက်လိုက်ကြသည်။
သူတို့ ဘယ်လို ရလဒ်နဲ့ ရင်ဆိုင်ရမလဲ မသိသော်လည်း မျှော်လင့်ချက် အနည်းငယ်ရှိနေသရွေ့ သူတို့ အရှုံးမပေးချင်ကြပေ။
"ဒီလိုပဲ ပြီးသွားတာလား"
နက်နဲသောဓားဂိုဏ်း တပည့်အချို့မှာ ဇဝေဇဝါ ဖြစ်နေကြသည်။
ယနေ့ တောင်ပိုင်းဒေသမှာ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ရတော့မည်ဟု ထင်ထားခဲ့သော်လည်း ဖန့်ချန် တစ်ယောက်တည်းက အားလုံးကို နှိမ်နင်းလိုက်ပုံမှာ ပုန်ကန်မှုကြီးက ဟာသတစ်ခုလို ဖြစ်သွားရတော့သည်။
"ကျွယ်ပန်ရှီ"
ဟု ဖန့်ချန် က အေးဆေးစွာ ခေါ်လိုက်သည်။
ကျွယ်ပန်ရှီ မှာ မှင်တက်နေရာမှ သတိပြန်ဝင်လာပြီး ဖန့်ချန် ၏ အနားသို့ အပြေးလာလိုက်သည်။
"အမိန့်ပေးပါ ခင်ဗျာ"
"ငါ စာရင်းတစ်ခု လိုချင်တယ်"
ဟု ဖန့်ချန် က ဆိုသည်။
ကျွယ်ပန်ရှီ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။ သူက သွားကြိတ်ကာ ပြောလိုက်သည်။
"စိတ်ချပါ မြို့စားကြီး ဖန့် သုံးရက်အတွင်း စာရင်းတစ်ခု ထွက်လာစေရပါမယ်"
"ကောင်းပြီ၊ သုံးရက်ပေါ့။"
ဖန့်ချန် က အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး ဟွမာဖူကျဲ ဘက်သို့ လှည့်ကာ
"ဒီလူတွေကို ကျွေးမွေးဖို့ နက်နဲသောဓားဂိုဏ်း မှာ ရိက္ခာအလုံအလောက် ရှိလား"
ဟု မေးလိုက်သည်။
ဟွမ်ဖူကျဲ က
"မလုံလောက်ရင် တောင်အောက်ဆင်းပြီး ထပ်ဝယ်လို့ ရပါတယ်"
ဟု ပြန်ဖြေသည်။
ဖန့်ချန် က အသာအယာ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ၊ သူတို့ကို ဖမ်းထားလိုက်"
နက်နဲသောဓားဂိုဏ်း တွင် လူပေါင်း သုံးရာမှ ငါးရာခန့် ရှိပြီး စိမ်းပြာဓားဂိုဏ်း တပည့်များပါ ပေါင်းလိုက်လျှင် တစ်ထောင်ကျော် ရှိသည်။
လူပေါင်း သုံးထောင်ကျော်ကို ဖမ်းဆီးရန်မှာ လူတစ်ထောင်နှင့် မလွယ်ကူသော်လည်း အခြားတစ်ဖက်မှ လူများမှာ တိုက်ခိုက်လိုစိတ် လုံးဝ ကုန်ဆုံးနေပြီဖြစ်သဖြင့် ခက်ခဲမည် မဟုတ်ပေ။
သူတို့အားလုံးမှာ ဖန့်ချန် က သူတို့ကို အသက်ချမ်းသာပေးဖို့ မျှော်လင့်ချက်ဖြင့် ငြိမ်ဝပ်နေကြတော့သည်။ အမှန်တော့ သူတို့ တကယ်တမ်း ပုန်ကန်ရန် အခွင့်အရေးပင် မရလိုက်ကြသေးပေ။
ဟွမ်ဖူကျဲ သည် ရှန်းဝူချန်း ကို ကိုယ်တိုင် ခေါ်ဆောင်သွားသည်။ ဖန့်ချန် ၏ အနားမှ ဖြတ်သွားသောအခါ ဖန့်ချန် က ရှန်းဝူချန်း ၏ ချီပင်လယ်ကို ဖျက်ဆီးပစ်လိုက်ရာ သူ၏ မျက်နှာမှာ ပို၍ ဖြူလျော်သွားပြီး ရုတ်တရက် အိုမင်းသွားသလိုပင် ဖြစ်သွားတော့သည်။
အကျဉ်းသား ဖြစ်သွားသော ဂိုဏ်းချုပ်များမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ဖန့်ချန် က သူတို့ကိုတော့ ထိုသို့ မလုပ်ခဲ့သဖြင့် သူတို့ သက်ပြင်းချနိုင်သွားကြသည်။
ဖန့်ချန် က ကျွယ်ပန်ရှီ ကို သုံးရက် အချိန်ပေးခဲ့သော်လည်း ဒုတိယမြောက်နေ့မှာပင် တောင်ပိုင်းထာဝရခရိုင် မှ စစ်ဘက်၊ နယ်ဘက် အရာရှိများမှာ နက်နဲသောဓားဂိုဏ်း သို့ ရောက်ရှိလာပြီး တောင်းပန်ကြတော့သည်။
သတင်းကြားသော အချို့သူများမှာ တောင်ပိုင်းဒေသမှ ထွက်ပြေးသွားကြသည်။
ဝန်ခံရန် လာသူများမှာ အပြစ်အနည်းငယ်သာ ရှိသူများ ဖြစ်ကြပြီး ထွက်ပြေးသူများမှာမူ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိကြသူများ ဖြစ်ပေလိမ့်မည်။
ရှန်းဝူချန်း ရှုံးနိမ့်သွားကြောင်း သိလိုက်ရသည်နှင့် သူတို့ ချက်ချင်းပင် ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။
ကျွယ်ပန်ရှီ သည် အစောင့်တပ်မှ ဗိုလ်ကြီးအချို့ကို သတ်ပစ်လိုက်ပြီး အစောင့်တပ်နှင့် သူ၏ လက်ရွေးစင်တပ်များကို ပြန်လည် ထိန်းချုပ်လိုက်သည်။
ထို့နောက် သူက သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများကို ထွက်ပြေးသွားသော အရာရှိများကို လိုက်လံ ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။
တတိယမြောက်နေ့တွင် သူသည် ဖန့်ချန် ထံသို့ အလွန်အသေးစိတ်သော စာရင်းတစ်ခု ပေးအပ်ခဲ့သည်။
"မြို့စားကြီး ဖန့်... ဒီလူတွေထဲက တချို့ကိုတော့ ဖမ်းထားပြီးပါပြီ၊ တချို့ကတော့ ထွက်ပြေးနေကြတုန်းပါ။ ဒါပေမဲ့ ကျွန်တော့်လူတွေ လိုက်နေပါပြီ၊ မကြာခင် ဖမ်းမိမှာပါ"
ဟု ကျွယ်ပန်ရှီ က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
ဖန့်ချန် သည် စာရင်းကို ကြည့်ကာ အမည်ပေါင်း ဆယ်ခုကျော်ကို အမှတ်အသား ပြုလိုက်သည်။ ထို့နောက် စာရင်းကို ကျွယ်ပန်ရှီ ထံသို့ ပြန်ပေးလိုက်သည်။
"ဒီအမှတ်အသား လုပ်ထားတဲ့လူတွေကို သင့်တော်တဲ့ အချိန်မှာ ကွပ်မျက်လိုက်ပါ ကျန်တဲ့လူတွေကိုတော့ ပြန်လွှတ်ပေးပြီး သူတို့ကိုယ်သူတို့ ပြန်ဆင်ခြင်ခိုင်းလိုက်ပါ"
ဟု ဖန့်ချန် က ဆိုသည်။
ကျွယ်ပန်ရှီ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်း ခေါင်းငြိမ့်ကာ
"ဟုတ်ကဲ့ပါ မြို့စားကြီး ဖန့်"
ဟု ပြန်ဖြေလိုက်တော့သည်။