အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အခန်း ၁၄၅ - ညီအစ်ကိုဖန့်... မင်းဘယ်လိုထင်လဲ
"ဘယ်လို အစွမ်းထက်တဲ့ ပညာရှင်ကြီးများ ကြွလာတာပါလိမ့်..."
"ဒီအရှိန်အဝါက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
"ဒါက ရွှေအမြုတေအဆင့် လား၊ ဒါမှမဟုတ် အဲဒီထက် မြင့်တာလား..."
ကျင်းနန် အပါအဝင် ပညာရှင်အားလုံးမှာ မြေပြင်ပေါ်တွင် သနားစရာကောင်းလောက်အောင် ဝပ်စင်းနေရပြီး၊ ထိုဝိညာဉ်ရိပ်ကို ကြည့်ရန် ခေါင်းကို အတင်းအကျပ် မော့ကြည့်နေကြရသည်။
ပြင်းထန်လှသော နေရောင်ခြည်ကြောင့် သူတို့ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
ရှိနေသမျှ ကျင့်ကြံသူတိုင်း ရင်ထဲတွင် မအေးမမြ ဖြစ်နေကြသည်။
သာမန် ဝိညာဉ်စမ်းသပ်ပွဲလေး လုပ်နေရင်းနှင့် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုး ပေါ်လာလိမ့်မည်ဟု သူတို့ အိမ်မက်ထဲမှာပင် ထည့်မမက်ခဲ့ဖူးပေ။
သူတို့ နားလည်လိုက်သည်မှာ ဖန့်ချန် အမည်ရှိသော ထိုသာမန်လူသားလေးသည် ကျင့်ကြံခြင်းလောကမှ မဟာပညာရှင်ကြီးတစ်ဦး၏ တပည့်အဖြစ် သတ်မှတ်ခံထားရပြီးသား ဖြစ်နေခြင်းပင်။
ထိုပညာရှင်ကြီးသည် သူ့ကို လေ့ကျင့်ပေးရန် ခေါ်ဆောင်သွားခြင်း မရှိသေးသော်လည်း၊ ဖန့်ချန်၏ ကိုယ်ပေါ်တွင် အကာအကွယ် အမှတ်အသားတစ်ခု ထားခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ဝိညာဉ်စမ်းသပ်မှုအတွင်း ခေါင်းလောင်းကြောင့် အစပျိုးသွားခဲ့ပြီး ယခုကဲ့သို့ ဖြစ်လာခြင်းပင်...
"နတ်ဘုရား မသေမျိုးပဲ"
"တကယ့် နတ်ဘုရား မသေမျိုးကြီးပါ"
ပတ်ဝန်းကျင်ရှိ ပြည်သူအများအပြားမှာ ရိုသေကိုင်းရှိုင်းစွာဖြင့် ဒူးထောက်ရှိခိုးနေကြသည်။
"သူ့ရဲ့ဂိုဏ်းက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"
ကျူးယွဲ့ မယ်သီလရှင်ပင် မှင်တက်သွားမိသည်။
ဖန့်ချန် ဘာကြောင့် ခရမ်းရောင်လျှပ်စီးအဆောင်အမွေအနှစ်ကို ပိုင်ဆိုင်ထားသလဲဆိုသည်မှာ မဆန်းတော့ပေ။
ဖန့်ချန် ကိုယ်တိုင်လည်း အံ့သြနေမိသည်။ ထိုဝိညာဉ်ရိပ်မှာ တာအိုဆရာကြီး ယွမ်ဟယ် မှတစ်ပါး အခြားသူ မဖြစ်နိုင်ပေ
ဆရာကြီးယွမ်ဟယ်သည် သူ တာအိုသုံးထောင်ဂိုဏ်း သို့ မရောက်မီ တခြားသူများ လာလုခြင်းမှ ကာကွယ်ရန်အတွက် အမှတ်အသားတစ်ခု ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"ကြောင်သူတော်၊ ခွေးသူတော် တစ်သိုက်က ငါ့တပည့်ကို လာလုချင်ကြတာလား အသက်မရှင်ချင်ကြတော့ဘူးလား ဒါက ပထမဆုံး သတိပေးချက်ပဲ ဒုတိယအကြိမ် မဖြစ်စေနဲ့ အဲဒီလို ဖြစ်လာရင် မင်းတို့ရဲ့ ဝိညာဉ်တွေကိုပါ ဖျက်ဆီးပစ်ပြီး လူပြန်ဝင်စားခွင့်တောင် မရှိအောင် လုပ်ပစ်မယ်"
ဝိညာဉ်ရိပ် ယွမ်ဟယ်သည် လူအုပ်ကို အေးစက်စွာ ဝေ့ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
သူ ပျောက်ကွယ်သွားသည်နှင့် ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားသော ကြောက်မက်ဖွယ် ဖိအားကြီးမှာ ချက်ချင်းပင် ကွယ်ပျောက်သွားသည်။
အကြီးအကဲ ကျင်းနန် နှင့် အခြားသူများမှာ မြေပြင်မှ အနိုင်နိုင် ထကြရပြီး ဖန့်ချန် ကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများတွင် အလွန်အမင်း ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့သည်။
"မယုံနိုင်စရာပဲ..."
လီတောက်ယဲ့ မှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ဖန့်ချန် ၏ နောက်ခံမှာ ထိုမျှ ကြောက်စရာကောင်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ဆရာဖြစ်သူ ကိုယ်တိုင်ပေါ်လာခြင်း မဟုတ်ဘဲ ဝိညာဉ်ရိပ်မျှဖြင့်တင် အခြေတည်ခြင်းအဆင့် ကျင့်ကြံသူ အားလုံးကို ဖိနှိပ်ထားနိုင်သည် မဟုတ်ပါလား
ဒါဆို အဲဒီပုဂ္ဂိုလ်ကြီးက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ ဒါဟာ အခြေတည်ခြင်းအဆင့် ထက် အဆပေါင်းများစွာ သာလွန်တဲ့ ရွှေအမြုတေအဆင့် မှာ ရှိနေတာ ကျိန်းသေပါပဲ
ဒါဟာ အနည်းဆုံး ရွှေအမြုတေအဆင့်မှာ ရှိတဲ့ တည်ရှိမှုကြီးပဲ ဘုရားရေ သူဘာလို့ အဆောင်တွေ အများကြီး ရှိနေလဲဆိုတာ မဆန်းတော့ဘူး
လနက်ရွှေ နဲ့ လုပ်ထားတဲ့ ရတနာတွေကို ဘာလို့ ကိုင်နိုင်နေလဲဆိုတာ မဆန်းတော့ဘူး ဒီလို ပုဂ္ဂိုလ်ကြီးရဲ့ တပည့်ဆိုတာ သာမန်လူတွေနဲ့ တိုင်းတာလို့ မရဘူး။
သူတို့က တကယ့်ကို ထူးခြားဆန်းပြားတဲ့ တည်ရှိမှုတွေပဲ... လီသောက်ရီ ၏ ရင်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်နေမိသည်။
ထိုတုန်လှုပ်မှုနောက်တွင် သူ စိတ်လှုပ်ရှားလာသည်။ ကြည့်ရတာ သူဖက်ထားတဲ့ ပေါင်ကြီးက တကယ့်ကို အကြီးကြီးပဲကိုး ဟားဟားဟား
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သူက ငါတို့ထက် ပိုအစွမ်းထက်တဲ့ မသေမျိုးကြီးရဲ့ တပည့် ဖြစ်နေတယ်ပေါ့"
ရှယိ သည် ဖန့်ချန် ကို မှင်တက်စွာ ငေးကြည့်နေသည်။
ရုတ်တရက် သူ၏ မျက်လုံးများထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် ထူးချွန်သော ပါရမီရှိပြီး ကောင်းကင်တောင်ပိုင်းဂိုဏ်း သို့ ဝင်ခွင့်ရတော့မည်ဖြစ်သော်လည်း ဖန့်ချန် နှင့် ယှဉ်လျှင် နိမ့်ကျနေဆဲပင်။
မဟာရှ ၏ အရာရှိကြီးများမှာ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်နေသော်လည်း ယခုမှ အခြေအနေကို နားလည်သွားကြသည်။
နောက်ဆုံးတွင် ဖန့်ချန် ဘာကြောင့် သူ၏ ကျင့်ကြံမှုကို ပြန်ရခဲ့သလဲဆိုသည်မှာ ရှင်းသွားတော့သည်။
ဧကရာဇ်သည်လည်း ဖန့်ချန် ပြောခဲ့ဖူးသော
"တာအိုဆရာကြီး တစ်ဦးနှင့် တွေ့ခဲ့သည်"
ဟူသော စကားကို ပြန်သတိရသွားသည်။
လက်ရှိ အခြေအနေအရ ထိုတာအိုဆရာကြီးမှာ ကျင့်ကြံသူအားလုံးကို မြေပြင်ပေါ် ဝပ်စင်းနေအောင် လုပ်နိုင်သည့် ထိုပုဂ္ဂိုလ်ကြီးပင် ဖြစ်ရပေမည်။
အချို့က အံ့သြနေကြသော်လည်း အချို့မှာမူ ထိတ်လန့်နေကြသည်။
ဘိုးဘေး ရှယားယိိ ၏ နှုတ်ခမ်းများမှာ တုန်ယင်နေသည်။
သူသည် အသက်တစ်ရာကျော် နေထိုင်ခဲ့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
မကြာသေးမီက ဖန့်စံအိမ် တွင် ဖန့်ချန် ကို ခြိမ်းခြောက်ခဲ့မိသည်ကို ပြန်တွေးမိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့်ကာ တုန်ယင်လာတော့သည်။
သူ၏ ဂျူနီယာ မောင်နှမများမှာလည်း အလားတူပင်။
လီတောက်ယဲ့ ၏ နောက်ခံမှာ အံ့သြစရာ ကောင်းသော်လည်း ယခုဖြစ်ရပ်မှာမူ သူတို့ကို ကြောက်လန့်သွားစေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဖန့်ချန် ကို မစော်ကားမိခဲ့ဘဲ မလျော်ကန်သော စကားများ မပြောခဲ့မိကြပေ။ ထိုသို့ မလုပ်ခဲ့မိသည့်အတွက် သူတို့ကိုယ်သူတို့ အလွန်ပင် ကျေးဇူးတင်နေမိတော့သည်။
"ငါ ထင်ထားတာ... ဒီတစ်ခါတော့ အိမ်ရှေ့မင်းသားက သူ့ကို ဖိနှိမ်ထားနိုင်မယ် ထင်ခဲ့တာ..."
ရဲချင်းဟယ် က တိုးတိုးလေး ရေရွတ်လိုက်သည်။
အိမ်ရှေ့မင်းသား၏ ထူးချွန်သော ပါရမီဖြင့် ဂိုဏ်းဝင်ပြီး မကြာမီ ဖန့်ချန် ကို ကျော်တက်သွားလိမ့်မည်ဟု သူ ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဖန့်ချန် သည် မသေမျိုးကြီးတစ်ဦး၏ တပည့်အဖြစ် တိတ်တဆိတ် သတ်မှတ်ခံထားရပြီးသား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
မိဖုရားခေါင်ကြီးသည် အံ့သြသွားပြီးနောက် ရုတ်တရက် ကိုယ်လုပ်တော် ဟွာကို လှည့်ကြည့်လိုက်သည်။
ကိုယ်လုပ်တော်ဟွာ သည် သူမ၏ အကြည့်ကို ခံစားမိသောအခါ မျက်နှာပျက်သွားပြီး အကြည့်ချင်း မဆုံရဲဘဲ ရှောင်ဖယ်လိုက်တော့သည်။
၎င်းကို မြင်သောအခါ မိဖုရားခေါင်ကြီး မပြုံးဘဲ မနေနိုင်တော့ပေ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်မှုများကြားတွင် နစ်မွန်းနေကြသည်။ အကြီးအကဲ ကျင်းနန် က စကားစလိုက်မှသာ ထိုတိတ်ဆိတ်မှုကြီး ကျိုးပျက်သွားတော့သည်။
"ညီလေး... ကြည့်ရတာ မင်းက ဂိုဏ်းတစ်ခုရဲ့ တပည့်ဖြစ်နေပြီးသားကိုး စောစောက ကိစ္စတွေက တကယ့်ကို နားလည်မှုလွဲတာပါပဲ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ၊ ပြီးတော့ မင်းရဲ့ လေးစားရတဲ့ ဆရာကြီးကိုလည်း ငါတို့ကိုယ်စား တောင်းပန်ပေးပါဦး..."
အကြီးအကဲ ကျင်းနန် က ဖန့်ချန် ကို လက်သီးဆုပ် ဂါရဝပြုရင်း ယဉ်ကျေးစွာ တောင်းပန်လိုက်သည်။
"စီနီယာ... ဒီလောက်အထိ အလေးအနက်ထားဖို့ မလိုပါဘူး"
ဖန့်ချန် က ခေါင်းငြိမ့်ပြသည်။
"ငါက စီနီယာ မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူး ငါတို့ကို ရွယ်တူချင်းလို့ပဲ သဘောထားပါ၊ မင်းရဲ့ ဆရာကြီးကမှ ငါတို့ရဲ့ စီနီယာ ဖြစ်သင့်တာပါ"
အကြီးအကဲ ကျင်းနန် က လက်ကာပြရင်း တဖွဖွ ငြင်းဆိုသည်။
တာအိုဆရာကြီး ယာ နှင့် အခြားသူများကလည်း ကျင်းနန်၏ စကားကို ထောက်ခံကာ ဝိုင်းဝန်း ပြောဆိုကြသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှယိ၏ အမူအရာမှာ ပို၍ ရှုပ်ထွေးလာသည်။
ထိုမသေမျိုး ဆရာကြီးများပင်လျှင် ဖန့်ချန် အပေါ် ထိုမျှ ယဉ်ကျေးနေကြခြင်းမှာ သူ၏ ဂိုဏ်း မည်မျှ အစွမ်းထက်သည်ကို သက်သေပြနေခြင်းပင်။
သိုင်းပညာမှာလည်း သူ မယှဉ်နိုင်၊ စစ်တိုက်ရာမှာလည်း သူ မမှီ၊ အခု ကျင့်ကြံခြင်းမှာတောင် သူက နိမ့်ကျနေဆဲလား
သူ လုံးဝ မကျေနပ်နိုင်ပေ ရှယိ သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ မျက်လုံးများမှာ နီရဲလာတော့သည်။
ကျင်းနန်နှင့် အခြားသူများမှာ ဖန့်ချန် ကို ပါရမီ ထပ်မံ စမ်းသပ်ရန် မဝံ့ရဲကြတော့ပေ။
သို့သော် သူ၏ ပါရမီမှာ ရှယိထက် သေချာပေါက် သာလွန်မည်ဖြစ်ကြောင်းကိုမူ မည်သူမျှ သံသယ မရှိကြပေ။
မဟုတ်လျှင် ထိုကဲ့သို့သော ပညာရှင်ကြီးက သူ့ကို တပည့်အဖြစ် ဘာကြောင့် လက်ခံပါမည်နည်း
ထို့ကြောင့် ကျင်းနန်နှင့် အခြားသူများက ရှယားယိ ကို ဖန့်ချန် အတွက် ထိုင်ခုံတစ်ခု စီစဉ်ခိုင်းပြီး ကျင်းနန်၏ ဘေးတွင် ထိုင်ခိုင်းလိုက်ကြသည်။
ဖန့်ချန် က အကြီးအကဲကျင်းနန်၏ ဘေးတွင် ထိုင်နေနိုင်ပြီး သူကမူ ရင်ပြင်အောက်တွင်သာ ရပ်နေရသည်ကို မြင်သောအခါ ရှယိ၏ ရင်ထဲတွင် မနာလိုမှုနှင့် အရှက်ရမှုများ ပြည့်လျှံလာသည်။
သို့သော် မည်မျှပင် မကျေနပ်ပါစေ၊ ဖြစ်ပျက်သွားသည်ကို သူ မပြောင်းလဲနိုင်ပေ။
ဝိညာဉ်စမ်းသပ်မှုမှာ ဆက်လက်လုပ်ဆောင်နေသော်လည်း ထိုင်ခုံနေရာများတွင် လူတစ်ယောက် တိုးလာခဲ့ပြီဖြစ်သည်။
ထိုသူမှာ မဟာရှ ၏ စစ်သူကြီးကြီးပင် ဖြစ်သည်။
ယခင်က ဖန့်ချန် ကို လှောင်ပြောင်ခဲ့သော ဆဋ္ဌမမင်းသမီးမှာမူ မီးတိမ်မသေမျိုး နောက်ကွယ်တွင် ပုန်းနေပြီး အဝေးမှနေ၍ ဖန့်ချန် ကို တိတ်တဆိတ် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
စမ်းသပ်မှုမှာ အရာရှိကြီးများနှင့် သူတို့၏ မိသားစုဝင်များဖြင့် ဆက်လက်ဆောင်ရွက်သည်။
အများစုမှာ ခေါင်းလောင်းသံ တစ်ချက် သို့မဟုတ် တစ်ချက်ပင် မမြည်နိုင်ကြပေ။
နှစ်ချက်၊ သုံးချက် မြည်သူမှာ အလွန်ရှားပါးပြီး လေးချက်မြည်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။ အစောပိုင်းက ပါဝင်သူများကြားတွင် ရှိနေခဲ့သော ယုံကြည်ချက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ငါးချက်
လူအုပ်ကြီး၏ အာရုံမှာ လီဟွားဖုန်း ထံသို့ ရောက်ရှိသွားပြီး အားလုံး၏ မျက်နှာတွင် မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။ ငါးချက် မြည်အောင် လုပ်နိုင်ခြင်းမှာ မသေမျိုးဂိုဏ်းထဲ ဝင်ရောက်ရန် လုံလောက်သော ပါရမီပင် ဖြစ်သည်။
"ဝန်ကြီးချုပ်ကြီးကို ဂုဏ်ပြုပါတယ်"
"လီဟွားဖုန်းက ငယ်ငယ်ကတည်းက သိုင်းပညာမှာ ထူးချွန်တာ၊ အခု ကျင့်ကြံခြင်းမှာလည်း ပါရမီရှိကြောင်း သက်သေပြလိုက်တာပဲ"
ဝန်ကြီးချုပ် လီကော်ကျူး ၏ မျက်နှာတွင်လည်း ဝမ်းသာပီတိများ ဖြစ်နေသည်။
လီမိသားစုမှ ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာခြင်းမှာ ဝန်ကြီးချုပ် ရာထူးထက်ပင် ဂုဏ်သိက္ခာ ပိုကြီးမားသည် မဟုတ်ပါလား။
သို့သော် လီဟွားဖုန်း ၏ မျက်နှာမှာ တည်ငြိမ်နေသည်။
သူသည် ထိုအခွင့်အရေးအတွက် ဝမ်းသာသော်လည်း မကျေနပ်မှု အနည်းငယ် ရှိနေသည်။
သူ၏ ပါရမီမှာ ရှယိ ကို မယှဉ်နိုင်သလို၊ ဖန့်ချန် ကိုမူ ပြောနေစရာပင် မလိုပေ ၎င်းမှာ နှမြောစရာကောင်းသော အချက်ပင်။
"သူ့ကို ငါ့တပည့်အဖြစ် လက်ခံတာကို ဘယ်သူ ကန့်ကွက်မလဲ"
တာအိုဆရာကြီး ယာ က လူအုပ်ကို ကြည့်ကာ မေးလိုက်သည်။
မည်သူမျှ ကန့်ကွက်ခြင်း မရှိပေ။ သို့သော် အကြီးအကဲ ကျင်းနန် က ဖန့်ချန် ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ညီအစ်ကိုဖန့်... မင်းကော ဘယ်လိုထင်လဲ"
ထိုမေးခွန်းကြောင့် လီဟွားဖုန်း တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာတော့သည်။
သူနှင့် ဖန့်ချန် ကြားရှိ ငယ်စဉ်က ရန်ငြိုးဟောင်းမှာ လူတိုင်းသိသည့် ကိစ္စဖြစ်ရာ၊ ယခုမေးခွန်းကြောင့် သူ အလွန်ပင် စိုးရိမ်သွားမိသည်။ လီကော်ကျူး မှာလည်း အံ့သြသွားပြီး အသက်ပင် ပြင်းပြင်းရှူလိုက်မိသည်။
သူတို့အားလုံးသည် လီဟွားဖုန်း နှင့် ဖန့်ချန် ကြားရှိ အတိတ်က ပဋိပက္ခများကို သိထားကြသည်။
ထိုစဉ်က ဖြစ်ပေါ်ခဲ့သော ရန်ငြိုးမှာ အသေးအဖွဲ မဟုတ်ခဲ့သည်မှာ သေချာလှပါသည်
အခန်း ၁၄၆ - မင်းရဲ့ မသေမျိုးကံကို ဖြတ်တောက်မယ်
"သူတော့ သွားပြီ"
ဟု ထောင်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။
ရဲချင်းဟယ် မှာ မဝေခွဲနိုင်သလို ဖြစ်နေပြီး တိုးတိုးလေး မေးလိုက်သည်။
"ဖန့်ချန် က ဒီလိုအချိန်မှာ လီဟွားဖုန်း ရဲ့ မသေမျိုးလမ်းစဉ်ကို တကယ်ပဲ ဖြတ်တောက်ရဲမယ်လို့ မင်းထင်လား"
"ဘာလို့ မရဲရမှာလဲ"
ဟု ထောင်ယွီ က လှောင်ပြုံးဖြင့် ဆိုသည်။
"ခုနက မြင်ကွင်းကို မင်းမတွေ့ဘူးလား ဖန့်ချန် ရဲ့ နောက်ကွယ်က မသေမျိုးဂိုဏ်းက အသေးအဖွဲ မဟုတ်ဘူး အခုချိန်မှာ အဲဒီ မသေမျိုး ဆရာကြီးတွေတောင် ဖန့်ချန် ရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားနေရတာ"
"ဟူး..."
ရဲချင်းဟယ် က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။
"ဒါဆို ငါတို့ကော..."
"ငါတို့နဲ့ ဖန့်ချန် ကြားမှာတော့ တိုက်ရိုက် ပဋိပက္ခမရှိဘူး ငါ သူ့စိတ်ဓာတ်ကို သိတယ်၊ သာမန် ရန်ပွဲလေးတွေကြောင့် ငါတို့လမ်းကို သူ မပိတ်ပါဘူး ဒါပေမဲ့ လီဟွားဖုန်း အတွက်ကတော့ မတူဘူး"
"မမေ့နဲ့ဦး သူဟာ ဖန့်ချန် အဖေရဲ့ လက်အောက်ငယ်သား စစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ခဲ့ဖူးတယ် အဲဒီလူဟာ ဖန့်ချန် ရဲ့ အဖေနဲ့အတူ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့တဲ့သူတင်မကဘဲ ဖန့်ချန် ကို စစ်ဗျူဟာတွေ သင်ပေးခဲ့တဲ့ ဆရာတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတာ"
ဟု တောင်ယွီ က တိုးတိုးလေး ရှင်းပြသည်။
ရဲချင်းဟယ် ၏ အမူအရာမှာ ရှုပ်ထွေးသွားသည်။
"မင်းပြောတာ မှန်ဖို့ပဲ မျှော်လင့်ရမှာပဲ"
လီကော်ကျူး မှာ စကားအချို့ ပြောချင်နေပုံရသော်လည်း သူ၏ လျှာမှာ တောင့်တင်းနေသကဲ့သို့ ဖြစ်ကာ ဘာမှ မပြောနိုင်တော့ပေ။
ပတ်ဝန်းကျင်ရှိ အရာရှိကြီးများ၏ မျက်နှာများမှာ တဖြည်းဖြည်း ထူးဆန်းလာပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြသည်။
လီဟွားဖုန်း ၏ နဖူးပေါ်တွင် ချွေးစေးများ စီးကျနေသည်။ သူသည် အလွန်အမင်း စိုးရိမ်နေသဖြင့် သူ၏ လက်ဖဝါးများမှ စီးကျလာသော ချွေးများက မြေပြင်ပေါ်တွင် ရေစက်ကလေးများ ဖြစ်နေတော့သည်။
လူတိုင်းက ဖန့်ချန် ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"လီဟွားဖုန်း မှာ အရည်အချင်းကောင်းတွေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ဖြစ်နိုင်ရင် သူ့ကို ကျွန်တော့်ရဲ့ ဆရာကြီးဆီမှာ တပည့်အဖြစ် လက်ခံဖို့ နောက်မှ ကျွန်တော် တောင်းဆိုပေးပါ့မယ်"
"ဒါဆိုရင်တော့ မင်းရဲ့ ဆန္ဒကို ငါ မဆန့်ကျင်တော့ပါဘူး"
ဟု တာအိုဆရာကြီး ယာ က ချက်ချင်းပင် လက်ခံလိုက်သည်။
ထင်တဲ့အတိုင်းပဲ...
လူတိုင်း အခြေအနေကို ကောင်းကောင်း နားလည်လိုက်ကြသည်။ ဖန့်ချန် သည် အချက်ကို ထိထိမိမိ ထိုးနှက်လိုက်ခြင်းပင်။
လီကော်ကျူး သည် ဖန့်ချန် ၏ စကားကို ကြားလိုက်ရသည့် ခဏမှာပင် သက်ပြင်းရှည်ကြီး ချလိုက်မိပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
လီဟွားဖုန်း ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
ဖန့်ချန် က သူ့ကို သူ၏ နောက်ကွယ်ရှိ မသေမျိုးဂိုဏ်းထဲသို့ တကယ် ဝင်ခွင့်ပေးလိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ ထိုသည်မှာ သူ၏ မသေမျိုးလမ်းစဉ်ကို ဖြတ်တောက်ရန် ဖန့်ချန် သုံးလိုက်သော နည်းလမ်းသာ ဖြစ်သည် မဟုတ်ပါလား
သူသည် သွားကို ကြိတ်ကာ သတ္တိကို မွေးပြီး ပြောလိုက်သည်။
"ငါတို့ကြားမှာ အတိတ်က ပဋိပက္ခတွေ၊ ရန်ငြိုးတွေ ရှိခဲ့မှန်း ငါသိပါတယ် ဒါပေမဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့သင့်တာပေါ့ အတိတ်က ကိစ္စတွေကြောင့် ငါ့ရဲ့ မသေမျိုးလမ်းစဉ်ကို မင်း မဖြတ်တောက်သင့်ဘူး"
အကြီးအကဲ ကျင်းနန် နှင့် အခြားသူများမှာ အနည်းငယ် အံ့သြသွားကြပြီး လီဟွားဖုန်း ကို စဉ်းစားသလို ကြည့်လိုက်ကြသည်။
ဖန့်ချန် က ပြုံးသည်။
"ကြည့်ရတာ မင်း ငါ့ကို မယုံဘူးပဲ ဒါဆိုလည်း ပြီးတာပါပဲ"
ဖန့်ချန် က အကြီးအကဲ ကျင်းနန် နှင့် ကျန်လူများဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မိတ်ဆွေ ကျင့်ကြံသူတို့ သူ့ကို တပည့်အဖြစ် လက်ခံချင်တဲ့သူ ရှိသေးလား"ာ
အကြီးအကဲ ကျင်းနန် က အရင်ဆုံး ခေါင်းခါပြသည်။
"သူက ငါတို့ ကောင်းကင်တောင်ပိုင်းဂိုဏ်း နဲ့ မသင့်တော်ပါဘူး"
ကျန် မသေမျိုးများမှာမူ လီဟွားဖုန်း ကို လှည့်ပင်မကြည့်တော့ဘဲ ခေါင်းခါပြကြသည်။
အစောပိုင်းက လီဟွားဖုန်း ကို လက်ခံရန် ပြင်ခဲ့သော တာအိုဆရာကြီး ယာ ကလည်း လေးနက်စွာဖြင့်
"ငါ စောစောက မှားသွားတာပဲ ဒီကလေးက ငါ့ရဲ့ လမ်းစဉ်နဲ့ မကိုက်ညီဘူး ကြည့်ရတာ ငါတို့ကြားမှာ ကံမပါဘူး ထင်တယ်"
ဟု ပြန်ပြောလိုက်သည်။
ကံမပါဘူး
လီဟွားဖုန်း မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုမသေမျိုး ဆရာကြီးများမှာ ဖန့်ချန် ကို မစော်ကားလိုကြသည်မှာ ထင်ရှားလှသည်။
ထို့ကြောင့်ပင် သူ့ကို တပည့်အဖြစ် မလက်ခံလိုကြခြင်း ဖြစ်သည်။ ပို၍ ဆိုးသည်မှာ အစောပိုင်းက လက်ခံမည်ဟု ပြောခဲ့သော ဆရာကြီးကိုယ်တိုင်ကပင် သူ၏ စကားကို ပြန်ရုပ်သိမ်းသွားခြင်း ဖြစ်သည်။
လီဟွားဖုန်း မှာ ဒေါသထွက်နေသလို အားကိုးရာမဲ့လည်း ဖြစ်နေတော့သည်။
၎င်းကို မြင်သောအခါ ဘိုးဘေး ရှယားယိ က လီဟွားဖုန်း ကို ချက်ချင်း ဆိုသည်။
"မင်း ဘေးမှာ ခဏ စောင့်နေလိုက်ဦး နောင်မှာ တစ်ယောက်ယောက်က စိတ်ပြောင်းချင် ပြောင်းလာဦးမှာပေါ့"
လီဟွားဖုန်း ၏ မျက်နှာမှာ မကျေနပ်မှုများ ပြည့်နေသော်လည်း ဘိုးဘေး၏ မျက်နှာ ပျက်သွားသည်ကို မြင်သောအခါ
"ဒါပေမဲ့ ကျွန်တော် "ာ
"ငါတို့မှာ အချိန်သိပ်မရှိဘူး တခြားသူတွေရဲ့ ဝိညာဉ်စမ်းသပ်မှုကို မနှောင့်နှေးစေနဲ့"
ဘိုးဘေးက လက်ကာပြကာ မောင်းထုတ်လိုက်သည်။
ထိုစကားကြောင့် လီဟွားဖုန်း မှာ ခါးသက်သက် ပြုံးကာ လမ်းပျောက်နေသူ တစ်ဦးကဲ့သို့ ဘေးသို့ ထွက်သွားရတော့သည်။
နောက်ဆက်တွဲ ဝိညာဉ်စမ်းသပ်မှုများမှာ မြန်ဆန်သွားသည်။
လူအများစုမှာ ခေါင်းလောင်းကို တစ်ချက်ပင် မမြည်နိုင်ကြသဖြင့် နာရီအနည်းငယ်အတွင်းမှာပင် လူထောင်ပေါင်းများစွာကို စမ်းသပ်ပြီးသွားသည်။
ထိုသူများထဲမှ ဆယ်ဂဏန်းခန့်သာ အရည်အချင်းပြည့်မီပြီး မသေမျိုးဂိုဏ်းများ၏ တပည့်အဖြစ် လက်ခံခြင်း ခံရသည်။
အများစုမှာ လေးချက်မှ ငါးချက်အထိ မြည်အောင် လုပ်နိုင်သူများ ဖြစ်ကြသည်။ သုံးချက်မြည်သူများမှာမူ လောလောဆယ်တွင် ဘေး၌ စောင့်နေကြရသည်။
ဘိုးဘေး ရှယားယိ က ထိုသူများအား ဒီနေ့ မသေမျိုးဆရာကြီးများက တပည့်အဖြစ် မလက်ခံခဲ့လျှင်တောင် နောင်တစ်ချိန်တွင် အခြားမသေမျိုးဂိုဏ်းများသို့ ဝင်ခွင့်ရရန် အခွင့်အရေး ရှိနေသေးသဖြင့် အားမငယ်ကြရန် အားပေးလိုက်သည်။
မြို့တော်ရှိ အထက်တန်းလွှာ ကလေးငယ်များ၏ စမ်းသပ်မှု ပြီးဆုံးသွားသောအခါ နန်းတွင်းစောင့်တပ်များက သာမန်ပြည်သူများအတွက် စတင် စီစဉ်ပေးကြသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ယခင်ခေါင်းလောင်းကို အသစ်တစ်ခုနှင့် လဲလှယ်လိုက်သည်။ ပထမခေါင်းလောင်းမှာ ဖန့်ချန် ၏ စမ်းသပ်မှုကြောင့် အက်ကြောင်းများ ပေါ်နေသဖြင့် အသစ်လဲလိုက်ခြင်း ဖြစ်သည်။
အကြီးအကဲ ကျင်းနန် မှာ နှမြောတသ ဖြစ်နေမိသည်။
ထိုခေါင်းလောင်းမှာ လူပေါင်း ထောင်ချီ၍ စမ်းသပ်ခဲ့သော်လည်း အက်ကြောင်းမပေါ်ခဲ့ဘဲ ဖန့်ချန် ကြောင့်သာ ပျက်စီးသွားရခြင်း ဖြစ်သည်။
ခေါင်းလောင်းအသစ်မှာ ဝိညာဉ်သားရဲတောင်ကြား မှ အမျိုးသမီးဆီမှ ဖြစ်သည်။
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ဒေါင်!
ခုနစ်ချက်
ရှယားယိ နှင့် အတူတူပင်
လူအုပ်ကြီး သတိပြုမိလိုက်သည့် ခဏမှာပင် အကြည့်အားလုံးမှာ ခေါင်းလောင်းရှေ့ရှိ လူငယ်လေးထံသို့ ရောက်ရှိသွားသည်။
သူသည် ရိုးရိုးရှင်းရှင်း ပုံစံရှိသော လူငယ်လေး တစ်ဦးပင်။
လူတိုင်း၏ အကြည့်များတွင် အံ့သြမှု၊ အားကျမှုနှင့် မနာလိုမှုများ ပြည့်နှက်နေသည်။ ရှယားယိ ပင်လျှင် သာမန်ပြည်သူတစ်ဦးမှာ သူနှင့်တူညီသော ပါရမီရှိနေသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။
"ဒါ... ပန်ကိတ် ရောင်းတဲ့ ကျန်း မဟုတ်လား မြို့စွန်မှာ ပန်ကိတ် ခဏခဏ ရောင်းနေကျလေ"
"မင်းက သူ့ကို ပန်ကိတ်ကျန်းလို့ ခေါ်ရဲသေးတာလား အခုကစပြီး သူက မသေမျိုးကျန်း ဖြစ်သွားပြီဟ"
"ဟုတ်ပါရဲ့ ငါ မှားသွားတယ်"
"ကျန်းရဲ မှာ ဒီလို ပါရမီမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး ဒီတစ်ခါသာ မသေမျိုး ဆရာကြီးတွေ တပည့်လာမရွေးရင် သူ့ပါရမီတွေ မြေမြုပ်ပြီး တစ်သက်လုံး ပန်ကိတ်ပဲ ရောင်းနေရမှာ"
"ဒါက တကယ့်ကို ကံတရားပဲ"
လူအုပ်ကြားတွင် တိုးတိုးတိတ်တိတ် စကားသံများ ပျံ့နှံ့နေသည်။
ပန်ကိတ် ရောင်းတဲ့သူလား ရှယားယိ ၏ အမူအရာမှာ ပို၍ ဆိုးရွားလာသည်။
ပန်ကိတ်ရောင်းသူတစ်ဦးမှာ သူနှင့်တူညီသော ပါရမီ ရှိနေသည်မဟုတ်လား တော်ဝင်မိသားစုထဲမှာပင် ခုနစ်ချက်မြည်အောင် လုပ်နိုင်သူမှာ သူတစ်ဦးတည်းသာ ရှိသည်။
ဩဇာကြီးသော မိသားစုများမှ လူငယ်ပါရမီရှင်များပင်လျှင် ထို "ပန်ကိတ်ကျန်း" ကို မယှဉ်နိုင်ကြပေ
ကြက်မအိုကို ကိုင်ထားသည့် လယ်သမားမကြီးမှာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမက အကြီးအကဲ ကျင်းနန် ကို ကြည့်ကာ
"ငါတို့ စောစောက သဘောတူထားပြီးသားနော် ဒီကလေးက ငါတို့ ဝိညာဉ်သားရဲတောင်ကြား ရဲ့ လူပဲ"
ဟု ဆိုသည်။
အကြီးအကဲ ကျင်းနန် က ဘာမှမပြောဘဲ အကြည့်တစ်ချက်ဖြင့်သာ သဘောတူလိုက်သည်။
ထိုအမျိုးသမီးသည် ဖန့်ချန် ရှိနေသည်ကို သတိရသွားပြီး သူ့ကို အလျင်အမြန် လှည့်ကြည့်ကာ
"စီနီယာဖန့်..."
ဟု ခေါ်လိုက်သည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"ခင်ဗျားတို့ သဘောတူထားပြီးသားဆိုရင်တော့ ကျွန်တော် ဝင်မနှောင့်ယှက်ပါဘူး"
ထိုအမျိုးသမီးမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားပြီး ပန်ကိတ်ကျန်းကို လက်လှမ်းပြလိုက်သည်။
"ဒီကို လာခဲ့"
ကျန်းရဲ (ပန်ကိတ်ကျန်း) က သူတို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသော်လည်း အရင်ဆုံး ဖန့်ချန် ကို ဦးညွှတ်ကာ ရိုသေစွာ ဂါရဝပြုလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူများမှာ ခဏမျှ မှင်တက်သွားကြသော်လည်း ဖန့်ချန် မှာ မဟာရှ တွင် နာမည်ကျော်ကြားသူဖြစ်သဖြင့် သိပ်တော့ မထူးဆန်းဟု ထင်နေကြသည်။
သို့သော် သူတို့မသိသည်မှာ ထိုဂါရဝပြုမှုတွင် သူတို့ထင်ထားသည်ထက် ပိုမိုနက်နဲသော အဓိပ္ပာယ်များ ပါဝင်နေခြင်းပင်။
ဖန့်ချန် က ပြုံးလိုက်သည်။
သူ၏ အပြုံးတွင် နောက်ပြောင်လိုသော အရိပ်အယောင် အနည်းငယ် ပါဝင်နေပြီး ခပ်ဖွဖွ ခေါင်းငြိမ့်ပြလိုက်သည်။
"နောင်မှာ မသေမျိုးလမ်းစဉ်ကို ခြေချတဲ့အခါ ကြိုးစားအားထုတ်ရမယ်နော်"
"အရှင် မဟုတ်ဘူး၊ မြို့စားမင်း မြို့စားမင်းရဲ့ ဒီနေ့ ဆုံးမစကားကို ကျွန်တော် အမြဲ မှတ်ထားပါ့မယ်"
ဟု ကျန်းရဲ က ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ကြက်မကို ကိုင်ထားသည့် အမျိုးသမီးနောက်တွင် သွားရပ်လိုက်သည်။
ထိုသို့ဖြင့် ကောင်းကင်တောင်ပိုင်းဂိုဏ်း နှင့် ဝိညာဉ်သားရဲတောင်ကြား တို့မှာ ထိပ်တန်း ပါရမီရှင် တစ်ဦးစီ ရရှိသွားကြသည်။
"နောက်တစ်ယောက်က အင်း နတ်သမီးယွီ"
"သူမလည်း ဝိညာဉ်စမ်းသပ်မှာလား"
"ဒါပေါ့ ဘာလို့ မရမှာလဲ အသက် ၃၀ အောက် ဘယ်သူမဆို ပါဝင်နိုင်တယ်လို့ ပြောထားတာပဲ နတ်သမီးယွီ ဘာလို့ ပါဝင်လို့ မရမှာလဲ"
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး အဖြူရောင်ဝတ်စုံနှင့် လှပချောမောသော ပုံရိပ်လေးကို အကြည့်မခွာဘဲ စောင့်ကြည့်နေကြသည်။
ယွီနတ်သမီး သည် ခြေဗလာဖြင့် ခေါင်းလောင်းဆီသို့ တိုးလာသည်။
သူမ၏ မျက်နှာကို ပိတ်စဖြင့် အုပ်ထားသော်လည်း ရှိနေသမျှ အမျိုးသားထုကြီး၏ အာရုံကို ဖမ်းစားထားနိုင်သည်။
အထူးသဖြင့် ရဲချင်းဟယ် နှင့် ရှယားယိ တို့၏ အကြည့်များမှာ စွဲလန်းမှုများဖြင့် တောက်လောင်နေတော့သည်။
မိဖုရားခေါင်ကြီးက အသာအယာ ပြုံးလိုက်သည်။
"သူမက မြို့တော်ရဲ့ နာမည်ကျော် ယွီနတ်သမီး မဟုတ်လား တကယ့်ကို နတ်သမီးလေးအတိုင်းပါပဲငါသာ အမျိုးသားတစ်ယောက်ဆိုရင် သူမကို စွဲလန်းမိမှာ သေချာတယ်"
ဧကရာဇ်က သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ငါ သူမကို ပထမဆုံး မြင်ဖူးတာပဲ"
"ကျွန်မ သိပါတယ်"
မိဖုရားခေါင်ကြီးက ပြုံး၍ ခေါင်းငြိမ့်သော်လည်း သူမ၏ အကြည့်မှာ ဖန့်ချန် ဆီသို့ ရောက်သွားသည်။
ယွီနတ်သမီးသည် ဖန့်စံအိမ် တွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်ကို သူမ သိထားသည်။
သူမ၏ တူဖြစ်သူအကြောင်းကို သိထားသလောက်ဆိုလျှင် ထိုနှစ်ယောက်မှာ သေချာပေါက် ရင်းနှီးကြပေလိမ့်မည်။
"သခင်မလေး ယွီနတ်သမီးတောင် ဝိညာဉ်စမ်းသပ်နေပြီပဲ သခင်မလေးလည်း သွားပါလား"
လူအုပ်ထဲတွင် ဖန့်ချင်းယောင် ၏ အစေခံမလေးက တိုက်တွန်းနေသည်။
သို့သော် ဖန့်ချင်းယောင် မှာ ဝေခွဲမရ ဖြစ်နေသည်။ ကျင့်ကြံခြင်းလမ်းစဉ်မှာ သူမနှင့် သင့်တော်ပါမည်လား
သူမသာ ကျင့်ကြံခြင်းလမ်းကို ရွေးချယ်လိုက်လျှင် မြို့တော်ရှိ ကရုဏာခန်းမ ကို ဘယ်သူ စီမံပေးမည်နည်း သူမ၏ ဖခင် ချန်ထားခဲ့သော ဆေးခန်းကို ဘယ်သူ ကြည့်ရှုပေးမည်နည်း