← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

​အခန်း ၁၄၉ - သူတို့ကို စိတ်မပျက်စေနဲ့

​"သခင်လေးဖန့် မဟုတ်ဘူး ဖန့်မြို့စားမင်း "

ဖန့်ချင်းယောင် သည် စကားများ ထစ်ငေါ့သွားပြီး သူမ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွားတော့သည်။

​ကျင်းနန် နှင့် အခြားသူများမှာမူ တစ်မျိုးကြီး ခံစားလိုက်ရသည်။

ယွီနတ်သမီး နှင့် ဖန့်ချန် ကြားတွင် ပြောမပြတတ်သော ပတ်သက်မှုတစ်ခု ရှိနေသယောင် ထင်ရရုံတင်မကဘဲ၊ ယခု ဖန့်ချင်းယောင် နှင့်လည်း ထိုအတိုင်းပင်လား...

​တာအိုဆရာကြီး ယာ က လူအုပ်ကို ဝေ့ကြည့်ကာ ဆိုသည်။

"အားလုံးပဲ... အခု ငါ့အလှည့် ရောက်ပြီမလား"

​"သူမဘာသာ သူမ ရွေးချယ်ပါစေ"

ဟု ဖန့်ချန် က ရုတ်တရက် ဝင်ပြောလိုက်သည်။

​တာအိုဆရာကြီး ယာ မှာ ခေတ္တ မှင်တက်သွားပြီး သူ၏ မျက်လုံးထဲတွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သို့သော် ဖန့်ချန် ၏ နောက်ခံကို ကြောက်ရသဖြင့် သူ၏ ဒေါသကို မျိုသိပ်ကာ မလိုလားသော်လည်း သဘောတူလိုက်ရသည်။

"ကောင်းပါပြီ သူမဘာသာ သူမ ရွေးပါစေ"

​"သခင်မလေးဖန့် ဘယ်သူ့ကို ဆရာအဖြစ် သတ်မှတ်ချင်သလဲ"

ဟု ဖန့်ချန် က ပြုံး၍ မေးလိုက်သည်။

​ဖန့်ချင်းယောင် သည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ဝေခွဲမရ ဖြစ်နေမိသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ကျွန်မ မကျင့်ကြံချင်ပါဘူး"

​သူမက မကျင့်ကြံချင်ဘူးတဲ့လား

​ကျင်းနန် နှင့် အခြားသူများအားလုံး ဆွံ့အသွားကြသည်။

​မဟာရှ ဧကရာဇ်သည်လည်း ဖန့်ချင်းယောင် ကို အံ့သြတကြီး စိုက်ကြည့်နေမိသည်။ အကြည့်အားလုံးမှာ သူမထံတွင်သာ။

​ထိုမိန်းကလေး စိတ်ရောမှန်ရဲ့လား တစ်သက်မှာ တစ်ခါသာ ရခဲသည့် ထိုအခွင့်အရေးကြီးကို သူမ ဘာကြောင့် ငြင်းပယ်ရတာလဲ

​လီမောင်ချိုက် နှင့် အစေခံမလေးတို့မှာမူ အလွန်ပင် စိုးရိမ်နေကြပြီး ဖန့်ချင်းယောင် ကိုယ်စား ဝင်ရောက်ရွေးချယ်ပေးချင်စိတ်များ ပေါက်နေကြတော့သည်။

​ဖန့်ချန် မှာလည်း အံ့သြသွားသည်။

"ဘာဖြစ်လို့လဲ"

​"ကျွန်မ ထွက်သွားရင် ကရုဏာခန်းမ က မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေကို ဘယ်သူ ကြည့်ရှုစောင့်ရှောက်ပေးမှာလဲ..."

ဟု ဖန့်ချင်းယောင် က တိုးတိုးလေး ရေရွတ်လိုက်သည်။

​သူမ၏ အစေခံမလေးမှာ ထိုစကားကို ကြားသောအခါ တိတ်ဆိတ်သွားမိသည်။

ဖန့်ချင်းယောင် သည် ဖန့်ချန် ကို အမြဲတမ်း ရင်ထဲတွင် တိတ်တဆိတ် စွဲလမ်းနေခဲ့သည်ကို သူမ သိသည်။

သို့သော် သူတို့၏ အဆင့်အတန်း ကွာခြားလွန်းလှသဖြင့် သူမ၏ ခံစားချက်ကို ဘယ်သောအခါမျှ မဖွင့်ဟခဲ့ပေ။

ယခု သူမသာ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့လျှင် သူတို့ကြားက ကွာဟချက်ကို ကျဉ်းမြောင်းသွားစေနိုင်မည် မဟုတ်ပါလား။

ထိုအခါ သူမ၏ အချစ်မှာလည်း ယခင်ကကဲ့သို့ လက်လှမ်းမမီသော အရာတစ်ခု ဖြစ်နေတော့မည် မဟုတ်ပေ။

​သို့သော်... သူမသည် ကရုဏာခန်းမ ရှိ ကလေးငယ်များနှင့် လူအိုများအတွက် ထိုအခွင့်အရေးကြီးကို စွန့်လွှတ်တော့မည်။

ထိုဆုံးဖြတ်ချက်သည် ဖန့်ချင်းယောင် အတွက် မည်မျှ ခက်ခဲကြောင်း အစေခံမလေးသာ သိပေလိမ့်မည်။

​အကြီးအကဲ မယ်သီလရှင် ကွမ်းဟယ် က ကျူးယွဲ့ ၏ နားနားသို့ ကပ်၍ စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။ ထိုအခါ ကျူးယွဲ့ သည် ချက်ချင်း ထရပ်လိုက်ပြီး ဖန့်ချင်းယောင် ကို ကြည့်ကာ မေးလိုက်သည်။

"မိန်းကလေး... ငါတို့ရဲ့ လမင်းပုန်းကွယ်သီလရှင်ကျောင်း ကို ဝင်ဖို့ ဆန္ဒရှိရဲ့လား"

​"ကျူးယွဲ့ မယ်သီလရှင် သူမဘာသာ သူမ ရွေးခိုင်းမယ်လို့ ငါတို့ သဘောတူထားတယ်လေ"

ဟု တာအိုဆရာကြီး ယာ က မကျေမနပ် ရေရွတ်လိုက်သည်။

​ကျူးယွဲ့ က သူ့ကို လျစ်လျူရှုကာ ဖန့်ချင်းယောင် ကိုသာ စိုက်ကြည့်နေသည်။

​ဖန့်ချန် က ခပ်ပေါ့ပေါ့ ပြုံးလိုက်ပြီး ဆိုသည်။

"သခင်မလေးဖန့် မသေမျိုးကံ ဆိုတာ ရခဲပါတယ် သခင်မလေးရဲ့ စရိုက်က လမင်းပုန်းကွယ်သီလရှင်ကျောင်း ရဲ့ ကျင့်စဉ်တွေနဲ့ အလွန်ကို ကိုက်ညီတယ် ကရုဏာခန်းမ အတွက်တော့ စိတ်မပူပါနဲ့သခင်မလေး ထွက်သွားပြီးရင်လည်း အဲဒီနေရာကို ကောင်းကောင်း စောင့်ရှောက်ပေးမယ့်သူ ရှိမှာပါလို့ ငါ အာမခံပါတယ်"

​ကျူးယွဲ့ သည် ဖန့်ချန် ကို ကျေးဇူးတင်သည့် အနေဖြင့် အသာအယာ ခေါင်းညိမ့်ပြသည်။

ထိုကိစ္စအတွက် သူမသည် သူ့ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီ ဖြစ်သည်။

​အကြီးအကဲ ကျင်းနန် နှင့် အခြားသူများမှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြပြီး တာအိုဆရာကြီး ယာ ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

ဖန့်ချန် က ကိုယ်တိုင် ဝင်ပြောနေပြီ ဖြစ်ရာ သူတို့မျက်နှာကို ထောက်ထားရပေမည်။

ယခုမူ သူမ လမင်းပုန်းကွယ်သီလရှင်ကျောင်း သို့ ဝင်မဝင် ဆိုသည်မှာ သူမ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်တော့သည်။

​ဖန့်ချင်းယောင် မှာ ဝေခွဲမရ ဖြစ်နေဆဲပင်

​၎င်းကို မြင်သောအခါ ဖန့်ချန် က ဧကရာဇ်နှင့် အရာရှိကြီးများဘက်သို့ ညွှန်ပြလိုက်သည်။

"ကျွန်တော် မကြည့်ရှုနိုင်ရင်တောင် အရှင်မင်းကြီးနဲ့ အရာရှိကြီး ရာဂဏန်းလောက် ရှိတာပဲ ဘယ်သူက ကရုဏာခန်းမ က လူတွေကို နှိပ်စက်ရဲမှာလဲ"

​ဧကရာဇ်မှာ သူ့ကိုပါ ဆွဲထည့်လိုက်သဖြင့် အံ့သြသွားသော်လည်း ခေါင်းညိမ့် သဘောတူလိုက်သည်။

"ဖန့်မြို့စား ပြောတာ မှန်တယ် ငါ ကတိပေးပါတယ်၊ ငါ့လူတွေကို ကရုဏာခန်းမ အားလုံးကို စောင့်ရှောက်ခိုင်းပါ့မယ်။ မင်း စိတ်အေးအေးထားပြီး ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းနိုင်ပါတယ်"

ဟု သူက အားပေးလိုက်သည်။

"မင်း ကျင့်ကြံမှု အောင်မြင်တဲ့အခါလည်း ဒီကို ပြန်လာလည်လို့ ရတာပဲလေ"

​"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

အရာရှိတစ်ဦးကလည်း ဝင်ရောက် တိုက်တွန်းသည်။ အခြားအရာရှိများကလည်း ထိုနည်းအတိုင်းပင် သူမကို လက်ခံရန် ဝိုင်းပြောကြတော့သည်။

​လူအုပ်ကြီးထဲမှလည်း အားပေးသံများစွာ ထွက်ပေါ်လာသည်။

​"ဖန့်မမ... မမ မသေမျိုး ဖြစ်သွားရင် ကရုဏာခန်းမတွေ အများကြီး ထပ်ဆောက်ပေးလို့ ရတာပေါ့"

​"ရှောင်ဝူလည်း ခဏနေရင် ပါရမီ စမ်းသပ်တော့မှာသူသာ အောင်မြင်ရင် မမလိုပဲ နတ်ဘုရား မသေမျိုး ဖြစ်လာမှာ"

​"ဟုတ်ပါတယ်... ငါတို့လို လူအိုတွေအတွက်နဲ့ ဒီလို အခွင့်အရေးကောင်းကို လက်မလွှတ်ပါနဲ့ သမီးက စိတ်ထားကောင်းတဲ့ ကလေးပဲ၊ နတ်ဘုရား ဖြစ်သွားရင် နောင်မှာ ငါတို့ ရောဂါဝေဒနာတွေကို ကုသပေးနိုင်တာပေါ့"

​ပတ်ဝန်းကျင်တွင် သာမန်ဝတ်စုံများ ဝတ်ဆင်ထားသော လူအိုများနှင့် ကလေးငယ်များစွာ ရှိနေပြီး အများစုမှာ ကိုယ်အင်္ဂါ မသန်စွမ်းသူများ ဖြစ်ကြသော်လည်း သူတို့၏ မျက်နှာများမှာမူ တက်ကြွနေကြသည်။

​"သခင်မလေးဖန့်..."

ဖန့်ချန် က နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ပြောလိုက်သည်။

"သူတို့ကို စိတ်မပျက်စေနဲ့"

​သူ၏ စကားလုံးများက သူမ၏ ဝေခွဲမရဖြစ်မှုကို ချေဖျက်ပေးလိုက်သည်။ သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြတ်သားလာပြီး ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာတော့သည်။

​သူမသည် လေးနက်စွာ ခေါင်းညိမ့်ပြလိုက်ပြီး ကျူးယွဲ့ မယ်သီလရှင်ထံသို့ လျှောက်သွားလိုက်သည်။

သူမ လက်ခံလိုက်ခြင်းမှာ တစ်ခုတည်းသော အကြောင်းပြချက်ကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ မည်သူ့ကိုမျှ စိတ်မပျက်စေချင်သောကြောင့် ဖြစ်သည်။

​ကျူးယွဲ့ ၏ မျက်လုံးများတွင် ကျေနပ်မှုများ ပြည့်လျှံသွားပြီး အခြားသူများကို ချက်ချင်း ကြေညာလိုက်သည်။

"ဒါက ငါတို့ လမင်းပုန်းကွယ်သီလရှင်ကျောင်း အတွက် လက်ခံမယ့် တစ်ဦးတည်းသော တပည့်ပဲနောင်မှာ မင်းတို့နဲ့ ဘယ်သူ့ကိုမှ လာမလုတော့ဘူး"

​ထိုစကားကြောင့် တာအိုဆရာကြီး ယာ ၏ မကျေနပ်မှုများ လျော့နည်းသွားသည်။

​လူအုပ်ကြားတွင်မူ အစေခံမလေးမှာ ကြောင်တောင်တောင် ဖြစ်နေပြီး တိုးတိုးလေး ရေရွတ်နေသည်။

"သခင်မလေးက မယ်သီလရှင် ဝတ်တော့မှာလား."

ထိုသည်မှာ သူမ လုံးဝ မျှော်လင့်မထားသော အခြေအနေပင်။

​ထိုသို့ဖြင့် ဝိညာဉ်တိုင်းတာမှုမှာ ဆက်လက်ဆောင်ရွက်နေသည်။

​တစ်ချိန်တည်းမှာပင် မြို့တော်တံခါးတွင် လူများ စည်ကားနေစဉ် ဟွမ်စီဟိုင် ၊ နျူးးကျူး နှင့် အခြားသူများမှာ သာမန် အိမ်ဝင်းတစ်ခုသို့ ရောက်ရှိနေကြသည်။

သူတို့ရှေ့တွင် ခြောက်သွေ့နေသော လူသေအလောင်း အချို့ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

ထိုအလောင်းများမှာ အခန်းထဲမှ ခုမှ သယ်ထုတ်လာခြင်း ဖြစ်ပြီး မျက်နှာများမှာ ကြောက်လန့်တုန်လှုပ်နေကြဆဲပင်။

​"သူတို့အားလုံး ဒီမှာပါ အရှင်"

ဟု နူးကျူး က အသံတိုးတိုးဖြင့် ပြောရင်း လက်ဝှေ့ယမ်းလိုက်သည်။

ခဏအကြာတွင် ကြောက်လန့်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ခေါ်ဆောင်လာကြသည်။

​ဟွမ်စီဟိုင် က ထိုသူကို ကြည့်ကာ မေးလိုက်သည်။

"ဒီအိမ်က ပိုင်ရှင်တွေက သူတို့လား"

​ထိုသူက သတ္တိမွေး၍ အလောင်းများကို ကြည့်လိုက်ပြီး မျက်ရည်များ ဝဲလာသည်။

"ဒါ... ဒါ အဘိုးလျို တို့ပဲ ဘယ်လိုဖြစ်ပြီး ဒီလို သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားရတာလဲ"

​"မင်းက သူတို့ရဲ့ အိမ်နီးချင်းပဲ ထူးခြားတာ တစ်ခုခု တွေ့မိလား"

ဟု ဟွမ်စီဟိုင် က လေးနက်စွာ မေးသည်။

​သူတို့အားလုံး၏ မျက်နှာများမှာ တည်မှန်နေသည်။ ခြောက်သွေ့နေသော အလောင်းများကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ ကရုဏာခန်းမ ဖြစ်ရပ်တုန်းကပင်။

ထိုစဉ်က အဖြစ်အပျက်ကြောင့် အရာရှိကြီး အများအပြား ပါဝင်ပတ်သက်ခဲ့ပြီး ဝန်ကြီးချုပ်လက်ထောက် ချင်းတုန်း ပင် သေဆုံးခဲ့ရသည်။

ယခု ထိုဖြစ်ရပ်ပြီး၍ မကြာမီမှာပင် ထပ်မံ ဖြစ်ပွားလာပြန်ပြီ။ ၎င်းမှာ အလွန် အရေးကြီးသော အချိန်တွင် ဖြစ်သည်။

​"ဟုတ်ကဲ့... အဘိုးလျိုရဲ့ မြေးလေးက အဘိုးကြီး တစ်ယောက်နဲ့အတူ ထွက်သွားတာကို ကျွန်တော် တွေ့လိုက်ရတယ်"

ဟု ထိုသူက အလျင်အမြန် ဖြေသည်။

​"အသက်ရှင်ကျန်ရစ်သူ ရှိသေးတာပဲ"

ဟွမ်စီဟိုင် ၏ အမူအရာ လေးနက်သွားသည်။

"သွားကြစို့ အဲဒီအဘိုးကြီးကို တွေ့ရင် ငါတို့ကို ညွှန်ပြပေး၊ ဒါပေမဲ့ သူ သတိမထားမိအောင် ဘာအသံမှ မထွက်စေနဲ့"

​ထိုသူက ခေါင်းကို အမြန်ညိမ့်သည်။

သူသည် ရဲရင့်သောဓားစောင့်တပ် ကို မငြင်းရဲပေ

​မြို့စားမင်းမှာ တကယ့်ကို အမြော်အမြင် ရှိတာပဲ။

မြို့တော်ကို ကင်းလှည့်ဖို့ ငါ့ကို အမိန့်ပေးခဲ့တာ အကြောင်းရှိတာပဲ။

ကြည့်ရတာ ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူတွေ မြို့ထဲကို ဝင်လာနေပြီ ထင်တယ် ဟု ဟွမ်စီဟိုင် က တွေးနေမိသည်။

​ရင်ပြင်သို့ ပြန်သွားလျှင် လူအုပ်ကြားတွင် အကြည့်ပေါင်းများစွာက ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

သို့သော် လူတိုင်းက ဝိညာဉ်တိုင်းတာမှုကိုသာ အာရုံစိုက်နေကြသဖြင့် မည်သူမျှ ထူးခြားမှုကို သတိမပြုမိကြပေ။

​မကြာမီမှာပင် ထိုလူလတ်ပိုင်း အမျိုးသားက ရုတ်တရက် အာမေဍိတ်သံ ထွက်လာသော်လည်း ဟွမ်စီဟိုင် က သူ၏ ပါးစပ်ကို ချက်ချင်း ပိတ်လိုက်သည်။

​"ညွှန်ပြရုံပဲ ပြပါ"

ဟု ဟွမ်စီဟိုင် က တိုးတိုးလေး ဆိုသည်။

​ထိုသူက လမ်းကြောင်းတစ်ခုသို့ အမြန် ညွှန်ပြလိုက်သည်။

​သူ၏ အ

ကြည့်နောက်သို့ လိုက်ကြည့်ရာ ဟွမ်စီဟိုင် သည် ကလေးတစ်ယောက်ကို ချီထားသော အဘိုးကြီးတစ်ဦးကို တွေ့လိုက်ရသည်။

ထိုအဘိုးကြီးမှာ ဆံပင်ကျဲကျဲနှင့် ဖျားနာကာ အားနည်းနေပုံရပြီး သေခါနီး လူအိုကြီးတစ်ဦးကဲ့သို့ပင်။

​"ဟင်"

ရုတ်တရက် ထိုအဘိုးကြီးမှာ တစ်ခုခုကို ခံစားမိလိုက်သကဲ့သို့ ခေါင်းကို ချက်ချင်း လှည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ထူးခြားသည်ကို မတွေ့ရသော်လည်း သူ၏ မျက်လုံးများထဲတွင် သံသယ အရိပ်အယောင်တစ်ခု စိုးမိုးသွားတော့သည်။

​လူတိုင်း ဝိညာဉ်စမ်းသပ်မှုတွင် အလုပ်ရှုပ်နေစဉ် ရင်ရဲ့သော ဓားစောင့်တပ် အဖွဲ့ဝင်တစ်ဦးသည် ဖန့်ချန် ထံသို့ တိတ်တဆိတ် ချဉ်းကပ်လာပြီး စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။

​ဖန့်ချန် က ခပ်ဖွဖွ ခေါင်းညိမ့်ပြကာ ထိုသူကို ပြန်လွှတ်လိုက်ပြီး ဘာမှ မဖြစ်သကဲ့သို့ ဆက်နေသည်။

သူသည် ဝိညာဉ်စမ်းသပ်မှုကိုသာ အေးအေးဆေးဆေး ဆက်လက် ကြည့်ရှုနေတော့သည်။

​နေဝင်သွားပြီးနောက် ပတ်ဝန်းကျင်တွင် မီးတိုင်များစွာကို ထွန်းညှိလိုက်သဖြင့် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။

ဝိညာဉ်တိုင်းတာမှုမှာ ဆက်လက်ဆောင်ရွက်နေပြီး ကျင်းနန် နှင့် အခြားသူများမှာ ညဘက်တွင် နားယူရန် အစီအစဉ် မရှိကြပေ။

သူတို့သည် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အိပ်စက်ရန် မလိုအပ်ကြပေ။

​အခန်း ၁၅၀ - ကလဲ့စားချေခြင်း

​မျက်တောင်တစ်ခတ်အတွင်းမှာပင် မသေမျိုးဂိုဏ်းများ တပည့်လက်ခံသည့်နေ့မှစ၍ ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

ရှယိနှင့် ပန်ကိတ်ကျန်း တို့အပြင် အခြားသူအချို့သည်လည်း ကောင်းကင်တောင်ပိုင်းဂိုဏ်း နှင့် ဝိညာဉ်သားရဲတောင်ကြား သို့ ဝင်ခွင့်ရရှိခဲ့ကြသည်။

သို့သော် သူတို့မှာ အလယ်အလတ် ပါရမီရှင်များသာဖြစ်ပြီး ခေါင်းလောင်းသံ အများဆုံး ခြောက်ချက်သာ မြည်အောင် လုပ်နိုင်ခဲ့ကြသည်။

​တာအိုဆရာကြီး ယာ နှင့် မီးတိမ်မသေမျိုး တို့သည်လည်း တပည့်အချို့ကို လက်ခံခဲ့ကြရာ ဆဋ္ဌမမင်းသမီး၏ ပါရမီမှာ ထူးခြားလှသည်ဟု မသတ်မှတ်နိုင်တော့ပေ။

အမှန်စင်စစ် သူမ၏ဘေးတွင် နွမ်းပါးစုတ်ပြတ်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် ကလေးငယ်အချို့ ရှိနေပြီး အချို့မှာ သူမနှင့် ပါရမီတူသလို အချို့မှာ သူမထက်ပင် သာလွန်နေကြသည်။

​ထိုနေ့တွင် မဟာရှ မြို့တော်သို့ ကျင့်ကြံသူ တစ်ဒါဇင်ကျော် ထပ်မံရောက်ရှိလာကြသည်။

အချို့မှာ မီးတောက်အင်ပါယာ မှဖြစ်ပြီး အချို့မှာ အခြားသော အဆင့်(၆)ရှိ အင်ပါယာများမှ ဖြစ်ကြသည်။

ထိုကျင့်ကြံသူများ၏ ဂိုဏ်းများမှာ ကောင်းကင်တောင်ပိုင်းဂိုဏ်း နှင့် ဝိညာဉ်သားရဲတောင်ကြား တို့နှင့် အဆင့်အတန်းတူ သို့မဟုတ် ပို၍ပင် အဆင့်မြင့်ကြသည်။

​ယခုအခါ နန်းတော်ရှေ့တွင် ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း ဆယ်ခုထက်မက ရှိနေပြီဖြစ်ရာ စမ်းသပ်မှုမှာ ပို၍ပင် မြန်ဆန်လာသည်။

ထိုနှုန်းအတိုင်းဆိုလျှင် နောက်ထပ် သုံးရက်မှ ငါးရက်အတွင်း စမ်းသပ်မှုအားလုံး ပြီးဆုံးတော့မည် ဖြစ်သည်။

​ထင်ရှားသော ဂိုဏ်းကြီးများမှ ကျင့်ကြံသူများအပြင် တစ်ကိုယ်တော် ကျင့်ကြံသူ အချို့လည်း ရောက်ရှိလာကြရာ တစ်ဦးမှာ အခြေတည်ခြင်းအဆင့် ပညာရှင်ဖြစ်ပြီး ကျန်သူများမှာ ချီသန့်စင်ခြင်းအဆင့် များ ဖြစ်ကြသည်။

​ချီသန့်စင်ခြင်းအဆင့် ၁၁ နှင့် ၁၂ တွင် ရှိနေသူများမှာ ကျင်းနန် ၏ ရှေ့တွင် မရိုမသေ မလုပ်ရဲကြပေ။

သူတို့တွင် ကိုယ်ပိုင် ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း မရှိကြသဖြင့် ကျင်းနန် တို့က ငြင်းပယ်ထားသော တပည့်များကိုသာ ရွေးချယ်ခွင့် ရကြသည်။

​“ဘိုးဘေး ရှယားယိက ငါ့ကို မလိမ်ခဲ့ဘူးပဲ”

ဟု ရဲချင်းဟယ် က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူနှင့် ထောင်ယွီ တို့မှာ မသေမျိုး ဆရာကြီးများက သူတို့ကို လက်မခံသောအခါ စိတ်ဓာတ်ကျနေခဲ့ကြခြင်း ဖြစ်သည်။

အကြောင်းမှာ သူတို့နှစ်ဦးလုံး သုံးချက်စီသာ မြည်အောင် လုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးလုံးကို တစ်ကိုယ်တော် ကျင့်ကြံသူများက တပည့်အဖြစ် လက်ခံခဲ့ကြသည်။

​သူတို့၏ ဆရာများမှာ ကျင်းနန် တို့နှင့် မနှိုင်းယှဉ်နိုင်မှန်း သိသော်လည်း မသေမျိုးလမ်းစဉ်ပေါ်သို့ ခြေချခွင့်ရသည့်အတွက် ကျေနပ်နေကြပြီ ဖြစ်သည်။

​ပါရမီကောင်းနေလည်း ဘာထူးမှာလဲ

​လီဟွားဖုန်း မှာ ထူးချွန်တဲ့ ပါရမီ ရှိပါလျက်နှင့် နောက်ဆုံးတွင် ဖန့်ချန် ကြောင့် သူ၏ မသေမျိုးကံလမ်းစ ပျက်စီးသွားခဲ့ရသည်။

တစ်ဖက်တွင်မူ သူတို့နှစ်ဦးမှာ ဘာမှမဖြစ်ဘဲ လွတ်မြောက်ခဲ့ကြသည်။ ထိုအချက်ကြောင့်ပင် ရဲချင်းဟယ် သည် ဖန့်ချန် အပေါ် တိတ်တဆိတ် ကျေးဇူးတင်မိနေတော့သည်။

​နောက်ဆုံးတွင် ရက်အနည်းငယ်အကြာ၌ ဝိညာဉ်စမ်းသပ်မှုမှာ ပြီးဆုံးသွားခဲ့သည်။

​သုံးချက်နှင့် အောက်ပါရမီရှိသူ စုစုပေါင်း ၄၇၆ ဦး ရှိခဲ့ရာ ၎င်းတို့ထဲမှ ၆၀ ဦးကို တစ်ကိုယ်တော် ကျင့်ကြံသူများက လက်ခံသွားကြသည်။

​သုံးချက်မှ ငါးချက်ကြား ပါရမီရှိသူ ၁၁၉ ဦး ရှိပြီး ၎င်းတို့အား ရောက်ရှိလာသော ဂိုဏ်းအသီးသီးက ခွဲဝေယူခဲ့ကြသည်။

​ခြောက်ချက်မြည်သူ ခုနစ်ဦး ရှိပြီး ၎င်းတို့မှာ ကောင်းကင်တောင်ပိုင်းဂိုဏ်း သို့ ဝင်ခွင့်ရခဲ့ကြသည်။

​ခေါ်ဆောင်သွားခြင်း ခံရသော ယွီနတ်သမီး မှလွဲ၍ ရှစ်ချက်မြည်သူ တစ်ဦးမျှ မရှိသလို ကိုးချက်မြည်သူဆိုလျှင် ဝေးရောပင်။

​ဝိညာဉ်စမ်းသပ်မှု ပြီးဆုံးသွားသောအခါ ကျင့်ကြံသူများသည် သူတို့၏ တပည့်သစ်များကို ခေါ်ဆောင်၍ စတင် ထွက်ခွာကြတော့သည်။

မျက်ရည်များဖြင့် နှုတ်ဆက်နေကြသော မြင်ကွင်းများမှာ နေရာအနှံ့တွင် တွေ့မြင်နေရသည်။

၎င်းမှာ ကြည့်ရသူများအတွက် စိတ်မကောင်းဖြစ်စရာနှင့် မနာလိုဖြစ်စရာ ခံစားချက်တို့ကို ရောပြွမ်း၍ ပေးစွမ်းနေတော့သည်။

​အကြီးအကဲ ကျင်းနန် သည် သူ၏ မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဘိုးဘေး ရှယားယွိနှင့် အခြားတပည့်များကို ကြည့်လိုက်သည်။

“ရှယားယိ၊ လျူဆွေဖုန်းနဲ့ ကျန့်ထိုင်ချင်းရွှမ်း မင်းတို့ ဒီက ကိစ္စတွေ အားလုံး ပြီးပြီလား”

​ကျင်းနန် ၏ နောက်တွင် လူသုံးဦး ရှိနေသည်။ ရှယိအပြင် ခုနစ်ချက်မြည်သော ပါရမီရှင် မိန်းကလေး တစ်ဦးကိုလည်း သူ စုဆောင်းနိုင်ခဲ့သည်။

အံ့သြစရာမှာ ထိုမိန်းကလေးမှာ ကရုဏာခန်းမ မှ ဖြစ်နေခြင်းပင်။

​သူတို့ သုံးဦးမှာ အလျင်အမြန် ဦးညွှတ်ကာ အင်ပါယာရှိ ကိစ္စများ မပြီးသေးကြောင်း ပြန်ဖြေကြသည်။

ကျင်းနန် က ခေါင်းညိမ့်ပြကာ အခြားသူများနှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက် အိမ်ရှေ့မင်းသား ရှယားယိ နှင့် ထိုမိန်းကလေးငယ်ကို ခေါ်ဆောင်ကာ မြို့တော်မှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

​“အစ်ကို ရှယားယိ အစ်ကို့ရဲ့ ပါရမီက နှစ်ချက်ကနေ လေးချက်အထိ တိုးလာတာပဲ ဂိုဏ်းကို ပြန်ရောက်ရင် သူတို့ သေချာပေါက် အားသွန်ခွန်စိုက် ပြုစုပျိုးထောင်ပေးမှာပါ”

​လျူဆွေဖုန်း နှင့် ကျန့်ထိုင်ချင်းရွှမ်း တို့က ဘိုးဘေး ရှယားယိ ကို ပြုံးရွှင်သော မျက်လုံးများဖြင့် ကြည့်၍ ဆိုကြသည်။

​ဘိုးဘေး ရှယားယိကလည်း ပျော်ရွှင်စွာဖြင့် ယဉ်ကျေးစွာ ပြန်ပြောသည်။

“မင်းတို့ နှစ်ယောက်လည်း အတူတူပါပဲ မင်းတို့လည်း ဝိညာဉ်ခြင်ဆီ ရဲ့ အကျိုးကျေးဇူးကို ရခဲ့တာပဲ မဟုတ်လား”

​“ဒါတော့ ဟုတ်ပါတယ်”

ကျန့်ထိုင်ချင်းရွှမ်း က ပြုံးသည်။

“ဒါနဲ့ ပတ်သက်ပြီး အစ်ကို့ကို ကျေးဇူးတင်ရမှာ နောင်တစ်ခါ ကောင်းတာလေးတွေ တွေ့ရင် အစ်ကိုပဲ အများဆုံး ယူပါတော့”

​“ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်ဗျာ”

ဟု ဘိုးဘေး ရှီးယားယွီ က ဝမ်းသာအားရ ပြန်ဖြေသည်။

​“ဒါနဲ့...”

လျူဆွေဖုန်း က အဝေးမှ ပုံရိပ်တစ်ခုဆီသို့ ရုတ်တရက် ညွှန်ပြလိုက်သည်။

“သူ့ကို ငါတို့နဲ့ မိတ်ဆက်ပေးလို့ ရမလား”

ဟု မေးပြီးနောက်

“အစ်ကိုလည်း သူ့ကို ပိုပြီး ရင်းနှီးအောင် လုပ်ထားသင့်တယ် သူ့ရဲ့ နောက်ကွယ်က ဂိုဏ်းက ငါတို့ ကောင်းကင်တောင်ပိုင်းဂိုဏ်း ထက် အများကြီး ပိုအစွမ်းထက်တယ်။ ဒါက ငါတို့အတွက် အကျိုးရှိမှာပဲ”

ဟု ထပ်လောင်း ပြောလိုက်သည်။

​ဖန့်ချန် သည် မလှမ်းမကမ်းတွင် မဟာရှ ဧကရာဇ်နှင့် စကားပြောနေသည်။

မိဖုရားခေါင်ကြီး၊ ဟွာကြင်ယာတော် နှင့် အခြားသူများလည်း ဘေးတွင် ရှိနေကြသည်။

ဟွာကြင်ယာတော် မှာ သူမ၏သား ရှယားယိ မသေမျိုးဂိုဏ်းသို့ ဝင်ခွင့်ရခြင်းအပေါ် ဘဝင်မြင့်မနေဘဲ ဖန့်ချန် ၏ ရှေ့တွင် ယခင်ကထက်ပင် ပို၍ ရိုသေကိုင်းညွတ်စွာ နေထိုင်နေသည်မှာ ထင်ရှားလှသည်။

​ဘိုးဘေး ရှယားယိ က ခေါင်းညိမ့်ပြသည်။

“ကောင်းပါပြီ”

ထို့နောက် သူသည် ထိုနှစ်ဦးကို ခေါ်ဆောင်ကာ အခြားသူများရှိရာသို့ သွားလိုက်သည်။

​ဘိုးဘေး လျှောက်လာသည်ကို မြင်သောအခါ ဧကရာဇ်က ချက်ချင်း စကားရပ်လိုက်ပြီး သူ့ကို လက်ယှက်ဂါရဝပြုလိုက်သည်။

​ရှယားယိ က ပြုံးလျက် လက်ဝှေ့ယမ်းပြပြီး ဖန့်ချန် ကို ကြည့်လိုက်သည်။

“မိတ်ဆွေဖန့် အရင်က ကျွန်တော် စော်ကားမိတာတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးပါ”

​“ရပါတယ်”

ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြန်ဖြေသည်။

​၎င်းကို မြင်သောအခါ လီကော်ကျူး နှင့် အခြားသူများမှာ စိတ်ထဲတွင် ရှုပ်ထွေးသွားကြသည်။

မည်သည့်အချိန်က စမှန်းမသိသော်လည်း ဖန့်ချန် သည် သူတို့နှင့် လုံးဝ မတူညီသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဘိုးဘေး ရှယားယိ၊ ကျင်းနန် နှင့် အခြား မသေမျိုး ဆရာကြီးများပင်လျှင် သူ့ကို ရိုသေလေးစားစွာ ဆက်ဆံနေကြရသည် မဟုတ်ပါလား။

​လျူဆွေဖုန်း က လက်ယှက်ဂါရဝပြုကာ နှိမ့်ချစွာ ဆိုသည်။

“မိတ်ဆွေဖန့်... ကျွန်တော်တို့ သုံးယောက် ထွက်သွားတော့မယ် နောင်တစ်ချိန်မှာ အခွင့်သာရင် ပြန်ဆုံပြီး တာအိုတရားတွေ ဆွေးနွေးချင်ပါသေးတယ်”

​ဖန့်ချန် က ခေါင်းညိမ့်သည်။

“ကောင်းပါပြီ”

​ထိုစဉ် လီကော်ကျူး က ဝင်ပြောလိုက်သည်။

“ဖန့်မြို့စား ကျွန်တော့်သားက အရင်က လူငယ်ပီပီ နားမလည်လို့ မှားခဲ့တာပါ ကျေးဇူးပြုပြီး သူ့ကို အခွင့်အရေး တစ်ခုလောက် ပေးပါ၊ သူ့ရဲ့ မသေမျိုးလမ်းစဉ်ကို မဖျက်ဆီးပါနဲ့ဦး”

​လူတိုင်း အနည်းငယ် အံ့သြသွားကြပြီး ဖန့်ချန် ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

လီဟွားဖုန်း မှာ တကယ်ပင် ပါရမီကောင်းခဲ့သော်လည်း ဖန့်ချန် ၏ စကားတစ်ခွန်းကြောင့် မည်သည့်ဂိုဏ်းကမျှ သူ့ကို မလက်ခံရဲကြခြင်းမှာ တကယ့်ကို နှမြောစရာပင်။

​ဖန့်ချန် က ရယ်မောလိုက်သည်။

“ကျွန်တော် သူ့လမ်းကို ဖြတ်တောက်ခဲ့တာ မဟုတ်ပါဘူး၊ လီဟွားဖုန်း ကိုယ်တိုင်က ကျွန်တော့်ကို မယုံကြည်ခဲ့တာပါ သူသာ စိတ်ရှည်ရှည်နဲ့ စောင့်နိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ ဒီလမ်းကို လျှောက်လှမ်းနိုင်ဦးမှာပါ”

​“မြို့စားမင်းရဲ့ မသေမျိုးဂိုဏ်းက ဟွားဖုန်း ကို လက်ခံမှာလား”

ဟု လီကော်ကျူး က တိုးတိုးလေး မေးသည်။

​ဖန့်ချန် က ပြုံးပြသော်လည်း ပြန်မဖြေခဲ့ပေ။

​ထိုအချိန်မှာပင် နန်းတော်တံခါးဝသို့ လူနှစ်ဦး ရောက်ရှိလာသည်။

အဘိုးကြီး တစ်ဦးသည် ကလေးတစ်ယောက်ကို လက်ဆွဲကာ လူအုပ်ကြီးထံသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။

​၎င်းကို မြင်သောအခါ ယန်ပေဟန် က ဗိုလ်ချုပ်ကျင်း ကို ထိုသူတို့ကို တားဆီးရန် အမိန့်ပေးလိုက်သည်။

​“ဗိုလ်ချုပ်. ကျွန်တော့်မြေးက စမ်းသပ်မှု မလုပ်ရသေးလို့ပါ”

ဟု အဘိုးကြီးက ပြုံးရွှင်စွာ ဆိုသည်။

​ဗိုလ်ချုပ်ကျင်း က မျက်မှောင်ကြုတ်လိုက်သည်။

“ဝိညာဉ်စမ်းသပ်မှုက ပြီးသွားပြီ ဘာလို့ စောစော မလာတာလဲ အခု မသေမျိုး ဆရာကြီးတွေ အကုန် ထွက်ကုန်ပြီ၊ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းတွေလည်း မရှိတော့ဘူး။ ပြန်သွားလိုက်တော့”

​“ကျွန်တော်တို့ ဖန့်မြို့စား နဲ့ တွေ့ခွင့်ရမလား”

ဟု အဘိုးကြီးက မေးသည်။

​ဗိုလ်ချုပ်ကျင်း က ဝေခွဲမရ ဖြစ်သွားသည်။

“အင်း...”

​“ဒါဆိုလည်း ပြီးတာပါပဲ”

ဟု အဘိုးကြီးက သက်ပြင်းချကာ သူ၏မြေးကို ခေါ်၍ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လှည့်သွားသည်။

ဗိုလ်ချုပ်ကျင်း မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း ရုတ်တရက် အဘိုးကြီးက ပြန်လှည့်ကြည့်ကာ သူ့ကို ပြုံးပြလိုက်သည်ကို တွေ့လိုက်ရသည်။

ထိုအပြုံးမှာ သူ၏ ကျောရိုးကို စိမ့်သွားစေလောက်အောင် ထူးဆန်းနေတော့သည်။

​“မင်းရဲ့ နောက်ခံက ဘယ်လောက်ပဲ ကြီးမားပါစေ၊ ငါတို့ ဝိညာဉ်သွေးဂိုဏ်း ကလည်း မပျော့ဘူး ငါတို့က ရန်ငြိုးကို ချက်ချင်း လက်စားချေတတ်တဲ့သူတွေပဲ... ဒါကြောင့် ငရဲကို သွားပေတော့”

​အဘိုးကြီး၏ စကားအဆုံးတွင် သူသည် လက်စွပ်အင်္ကျီကို ခါယမ်းလိုက်ရာ ဝိညာဉ်တံဆိပ် ၂၆ ခု ပါဝင်ပြီး ထည်ဝါသော ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားသည့် ဓားပျံတစ်စင်သည် လေထုကို ဖြတ်သန်းကာ ဖန့်ချန် ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်

​ဝိညာဉ်သွေးဂိုဏ်း ၏ အဆင့်အတန်း သတ်မှတ်ချက်မှာ အလွန် တင်းကျပ်ပြီး အထက်လူကြီးများက လက်အောက်ငယ်သားများ၏ ဝိညာဉ်မီးအိမ် များကို ထိန်းချုပ်ထားကြသည်။

ထို့ကြောင့် သူ၏ လက်အောက်ငယ်သား သေဆုံးသွားသည်ကို ထိုအဘိုးကြီး ချက်ချင်း သိရှိသွားခြင်း ဖြစ်သည်။

​အစပိုင်းတွင် သူက မတော်တဆဟု ထင်ခဲ့သော်လည်း မဟာရှတွင် အခြေစိုက်ထားသော သူ၏အဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားသည်ကို သိလိုက်ရသောအခါ သူ သံသယဝင်လာသည်။

အချိန်အတန်ကြာ စောင့်ကြည့်ပြီးနောက် သူသည် ဖန့်ချန် ကို အသင်္ကာယအရှိဆုံးလူအဖြစ် သတ်မှတ်လိုက်သည်။

ကျိုးရီစန်း နှင့် အခြားသူများကို သတ်လိုက်သူမှာ ဖန့်ချန် ၏ လူများ ဖြစ်လိမ့်မည်ဟု သူ တွက်ဆလိုက်ခြင်း ဖြစ်သည်။

​သူ့တွင် ခိုင်လုံသော သက်သေ မရှိသော်လည်း ဂရုမစိုက်ပေ သူ၏ သံသယတစ်ခုတည်းဖြင့်ပင် ဖန့်ချန် ကို သတ်ရန် လုံလောက်နေပြီ ဖြစ်သည်။

​ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးကြောင့် ဘိုးဘေး ရှယားယိနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်။

မြို့တော်တွင် ကျန်နေသေးသော တစ်ကိုယ်တော် ကျင့်ကြံသူများပင် ထိုထူးခြားမှုကို ခံစားမိလိုက်ကြသည်။

သူတို့သည် လမ်းမပေါ်သို့ ပြေးထွက်လာကြပြီး နန်းတော်ရှိရာဘက်သို့ ကြောက်လန့်တကြား လှမ်းကြည့်လိုက်ကြတော့သည်။

​

​

​

All Chapters