အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း ၁၅၃ - သတ်ဖြတ်ခြင်း
မဟာရှဧကရာဇ်နှင့် အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများသည် ထိုခရမ်းရောင်လျှပ်စီးများကို ရင်းနှီးပြီးသားဖြစ်ကြရာ ၎င်းမှာ ဖန့်ချန် ၏ လက်ချက်ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
ထိုမျှ မြင့်မားသော အဆင့်ရှိသည့် တိုက်ပွဲတွင်ပင် ဖန့်ချန် က ဝင်ရောက်စွက်ဖက်နိုင်သည်ကို သိလိုက်ရသဖြင့် သူတို့အားလုံး အံ့သြတုန်လှုပ်သွားကြသည်။
"ခရမ်းရောင် လျှပ်စီးအဆောင် လား"
ဝိညာဉ်သွေးဂိုဏ်း မှ အလောင်းကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
အလောင်းကျင့်ကြံသူတစ်ဦးအနေဖြင့် သူ့တွင် အားနည်းချက် အနည်းငယ်သာ ရှိသော်လည်း မိုးကြိုးကိုမူ အလွန်ကြောက်ရွံ့သည်။
အကြောင်းမှာ မိုးကြိုးသည် အလွန်အားကောင်းသော ယန် စွမ်းအားဖြစ်သောကြောင့်ပင်။
ထို ခရမ်းရောင် လျှပ်စီးအဆောင် ၏ စွမ်းအားမှာ မိုးကြိုးဒဏ်နှင့် မယှဉ်နိုင်သော်လည်း အခြေခံသဘောတရားမှာ ဆင်တူသဖြင့် အလောင်းကျင့်ကြံသူများအတွက်မူ ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ပေသည်။
ဝုန်း
ခရမ်းရောင် လျှပ်စီးပေါင်း ရာနှင့်ချီ၍ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူကို ဝါးမြိုသွားပြီး ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
အကြီးအကဲ ကျင်းနန် သည် အံ့သြတုန်လှုပ်သော မျက်နှာဖြင့် ဖန့်ချန် ဘက်သို့ အလိုအလျောက် လှည့်ကြည့်မိသည်။
ခရမ်းရောင် လျှပ်စီးအဆောင် ပေါင်း ရာချီတယ်လား ဒါတွေ အကုန်လုံးအတွက် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ကုန်မလဲ
ထိုမျှ များပြားလှသော အဆောင်များကို ဝယ်ယူရန် လိုအပ်သည့် ဝိညာဉ်ကျောက်တုံး ပမာဏကို သူ တွေးပင် မတွေးရဲတော့ပေ။
မီးခိုးများ ငြိမ်သက်သွားသောအခါ ဒဏ်ရာဗရပွနှင့် ပင်ပန်းနွမ်းနယ်နေသော ပုံရိပ်တစ်ခု ကောင်းကင်ယံတွင် ပေါ်လာသည်။
အလောင်းကျင့်ကြံသူမှာ လေထဲတွင် မနည်းရပ်တည်နေရပြီး သူ၏ လှုပ်ရှားမှုများမှာ တောင့်တင်းနေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးလောင်ရာများ ပြည့်နှက်နေပြီး အသားများမှ မီးခိုးများ ထွက်နေသည်။ ပွင့်ထွက်နေသော ဒဏ်ရာများထဲတွင် လျှပ်စီးလက်ကျန်များ ဝင်းလက်နေဆဲပင်။
အလောင်းကျင့်ကြံသူများ၏ အသက်သွေးကြောဖြစ်သော အလောင်းငွေ့ များမှာလည်း ခရမ်းရောင်လျှပ်စီးများကြောင့် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ရုတ်တရက် ဖန့်ချန် ၏ အသံမှာ လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
"အကြီးအကဲ ကျင်းနန်၊ စီနီယာကျူးယွဲ့ သူ့ရဲ့ မေးစေ့ကို တိုက်ခိုက်ပါ"
ထိုနှစ်ဦးစလုံး ခေတ္တ မှင်တက်သွားသော်လည်း သူတို့၏ တုံ့ပြန်မှုအသိဖြင့် သူတို့၏ ဓားပျံများကို အလောင်းကျင့်ကြံသူ၏ မေးစေ့ဆီသို့ အရှိန်အဟုန်ဖြင့် စေလွှတ်လိုက်ကြသည်။
ဖတ်... ဖတ်...
ဓားပျံနှစ်စင်လုံးမှာ အလောင်းကျင့်ကြံသူ၏ မေးစေ့ကို တစ်ပြိုင်နက်တည်း ဖောက်ထွက်သွားသည်။
အလောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
အကြီးအကဲ ကျင်းနန် နှင့် ကျူးယွဲ့ တို့သည် ချက်ချင်းပင် ကိုက်တစ်ရာခန့် နောက်သို့ ဆုတ်ခွာလိုက်ကြသည်။
ဘေးကင်းသော အကွာအဝေးသို့ ရောက်သောအခါမှ သူတို့ရှေ့က မြင်ကွင်းကို အံ့သြတကြီး ကြည့်နေမိကြသည်။
တုန်ခါနေသော အလောင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ငြိမ်သက်သွားပြီး သူသည် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကာ အောက်ဘက်က ဖန့်ချန် ကို ကြည့်လိုက်သည်။
"မင်း... မင်းက ငါ့ရဲ့ အလောင်းပုတီးစေ့ ဘယ်မှာရှိမှန်း ဘယ်လိုသိတာလဲ"
အလောင်းပုတီး ဒါဆိုရင်...
ကျင်းနန် နှင့် ကျန့်ယွဲ့ တို့သည် တုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့၏ တိုက်ခိုက်မှုမှာ အလောင်းကျင့်ကြံသူ၏ အသက်သွေးကြောဖြစ်သော အလောင်းပုတီးကို တိုက်ရိုက် ဖျက်ဆီးမိသွားခြင်းလား သို့သော် ဖန့်ချန် က ထိုအရာ ဘယ်မှာရှိမှန်း ဘယ်လိုသိရတာလဲ
"ခန့်မှန်းကြည့်တာပါ"
ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြန်ဖြေသည်။
အလောင်းကျင့်ကြံသူ၏ မျက်လုံးများတွင် အံ့သြမှုများ ဖြတ်ပြေးသွားပြီး ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှာ စတင် ပျက်စီးလာတော့သည်။
လေပြင်းတိုက်ခံရသော သဲရုပ်ထုကဲ့သို့ပင် သူ၏ခြေထောက်မှစ၍ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ခြေထောက်မှသည် ဝမ်းဗိုက်၊ လက်မောင်း... မျက်စိရှေ့တင် မြင်နေရသည့်အတိုင်းပင်။
သူ၏ဦးခေါင်း ပျောက်ကွယ်လုနီးပါး အချိန်တွင် အလောင်းကျင့်ကြံသူသည် ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာတစ်ခုကို အော်ဟစ်လိုက်သည်။
"မင်းလည်း နောက်ကျရင် ငါ့ဆီ လာခဲ့ရမှာပဲ သွေးဝိညာဉ်က ကောင်းကင်ကို ဆန့်ကျင်တယ် ငါ့မှာ နောင်တမရှိဘူး၊ နောင်တမရှိဘူး"
သူ၏ နောက်ဆုံး အော်ဟစ်သံကြီး ကောင်းကင်တွင် ပြည့်နှက်သွားပြီးနောက် သူ၏ ဦးခေါင်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သို့သော် သူ၏ စကားလုံးများမှာ လူတိုင်း၏ နားထဲတွင် ကျန်ရစ်နေဆဲပင်။
"သွေးဝိညာဉ်က ကောင်းကင်ကို ဆန့်ကျင်တယ် ငါ့မှာ နောင်တမရှိဘူး၊ နောင်တမရှိဘူး"
"ဒါက ဘာကို ဆိုလိုတာလဲ"
ကြည့်ရှုနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ သို့သော် ထိုသူ သေဆုံးသွားပြီဖြစ်ရာ ထိုစကားများကို မေ့ပျောက်လိုက်ကြသည်။
အရေးကြီးသည်မှာ ရှားပါးလှသော အလောင်းကျင့်ကြံသူတစ်ဦးကို နှိမ်နင်းသတ်ဖြတ်လိုက်သည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပင်။
ထိုအခါ လူတိုင်း၏ အကြည့်မှာ ဖန့်ချန် ဆီသို့ ရောက်ရှိသွားသည်။ သူတို့၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်၊ သတိထားမှုနှင့် လေးနက်မှုများ ရောယှက်နေသည်။
ရဲချင်းဟယ် နှင့် ထောင်ယွီ တို့သည် သူတို့၏ ဆရာများနောက်တွင် ရပ်နေကြသည်။
ဖန့်ချန် ၏ သိုင်းပညာ ကျင့်ကြံမှုမှာ ပြန်မကောင်းလာဘဲ သူသည် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့ပြီဆိုသည်ကို သူတို့ အခုမှ သဘောပေါက်လိုက်ကြသည်။
ဧကရာဇ်သည်လည်း ထိုအချက်ကို သတိထားမိလိုက်သည်။
အရာရှိကြီးများမှာလည်း လူအများ မဟုတ်ကြပေ။
အစပိုင်းတွင် သူတို့သည် ဖန့်ချန် ၏ စွမ်းရည်မှာ လီတောက်ယဲ့ ထံမှ လာသည်ဟု ထင်ခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်တော့ပေ စောစောက ဖြစ်ပျက်သွားသည့်အရာမှာ ဖန့်ချန် ကိုယ်တိုင် ကျင့်ကြံသူဖြစ်ကြောင်း လုံလောက်သော သက်သေပင် ဖြစ်သည်။
လူများမှာ အံ့သြခြင်း မရှိတော့ပေ။
မကြာခင်က ဝိညာဉ်စမ်းသပ်မှုတွင် ဖန့်ချန် တိုင်းတာသောအခါ ထူးခြားမှုများ ဖြစ်ပေါ်ခဲ့သည်ကို သူတို့ သတိရလိုက်ကြသည်။
ထိုစဉ်ကတည်းက ဖန့်ချန် ကို အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးက တိတ်တဆိတ် လက်ခံထားပြီးသား ဖြစ်မည်ဟု သူတို့ ယူဆလိုက်ကြသည်။
ရှယားယိသည် ငေးမှိုင်လျက် ဖန့်ချန် ကို ကြည့်နေမိသည်။
"သူက ကျင့်ကြံခြင်းလမ်းကို လျှောက်လှမ်းနေပြီပဲ..."
လျူဆွေဖုန်း နှင့် ကျန့်ထိုင်ချင်းရွှမ်း တို့မှာလည်း အံ့သြတုန်လှုပ်မှုကြောင့် ကိုယ်စီ တောင့်တင်းနေကြသည်ကို သတိမထားမိပေ။
"သွေးဝိညာဉ်က ကောင်းကင်ကို ဆန့်ကျင်တယ်..."
အကြီးအကဲ ကျင်းနန် သည် ကျူးယွဲ့ ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
"ဒါဆို သူက ဝိညာဉ်သွေးဂိုဏ်း က ကျင့်ကြံသူပေါ့... ဒါကို မင်း သိပြီးသားလား"
ကျူးယွဲ့ က ခေါင်းညိမ့်သည်။
"အရင်က မသေချာဘူး၊ အခုတော့ သေချာသွားပြီ"
"..."
အကြီးအကဲ ကျင်းနန် ၏ နှုတ်ခမ်းများ တုန်ရီလာပြီး သူ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
သူသည် ကျူးယွဲ့ ကို ဒေါသတကြီး ကြည့်ကာ
"မင်း ကောင်းကင်တောင်ပိုင်းဂိုဏ်း ကို ဘယ်လောက်တောင် ဒုက္ခပေးလိုက်တယ်ဆိုတာ သိရဲ့လား"
ဟု ဆိုသည်။
ကျူးယွဲ့ က ခပ်ပြုံးပြုံး ဆိုသည်။
"ဖန့်ချန် ဆီကနေ မင်းအတွက် ခရမ်းရောင် လျှပ်စီးအဆောင် တွေ ပိုတောင်းခိုင်းလိုက်ပါမယ် ဒီကိစ္စကိုလည်း သူ့ကို ငါ ဝင်ပြောပေးမယ် ဒါ့အပြင် အလောင်းကျင့်ကြံသူက သေသွားပြီပဲ၊ ငါတို့ လက်ချက်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး"
"ကျင့်ကြံခြင်းလောကက ကျယ်ပြန့်သလို ဝိညာဉ်သွေးဂိုဏ်း ကလည်း နေရာအနှံ့မှာ ရှိနေတာ သူတို့ရဲ့ အခြေတည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် နှစ်ယောက် သေတာလောက်နဲ့တော့ သူတို့ အာရုံစိုက်မှာ မဟုတ်ပါဘူး"
အကြီးအကဲ ကျင်းနန် မှာ ဆွံ့အသွားရသည်။
သို့သော် အခြေအနေက ထိုသို့ ရောက်လာပြီဖြစ်ရာ ကျူးယွဲ့ ကို အပြစ်တင်နေလည်း အပိုပင်။
သူသည် ဆုံးရှုံးမှုများကို လျှော့ချရန်နှင့် အကျိုးအမြတ် ပိုရရန်သာ ကြိုးစားရတော့မည်။
ကံကောင်းထောက်မစွာဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ဝိညာဉ်သွေးဂိုဏ်း အကြောင်းကို သိပ်မသိကြပေ။
ယနေ့ ဖြစ်ပျက်ခဲ့သည်မှာ သိပ်ပြီး ပြန့်နှံ့သွားမည် မဟုတ်ဟု သူ ယူဆလိုက်သည်။
ထိုသို့တွေးရင်း သူသည် ဖန့်ချန် ကို ကြည့်လိုက်မိသည်။
ဖန့်ချန် သည် ကြောင်တောင်တောင် ဖြစ်နေသော ကလေးငယ်ထံသို့ လျှောက်သွားပြီး မျက်လုံးချင်းဆုံပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။
"မင်းရဲ့ မိသားစုတွေ မရှိတော့ဘူး မင်းမှာ တခြား အမျိုးတွေ ရှိသေးလား"
ဟု ဖန့်ချန် က မေးသည်။
ထိုကလေး၏ မျက်လုံးများ ရုတ်တရက် နီမြန်းလာပြီး မျက်ရည်များ ဝဲတက်လာကာ ပါးပြင်ပေါ်သို့ စီးကျလာသည်။
သူသည် သူ၏ လည်ပင်းကို ညွှန်ပြကာ စကားပြောရန် ကြိုးစားသော်လည်း အသံများသာ ထွက်ပေါ်လာတော့သည်။
"သခင်လေး သူ့ရဲ့ လည်ချောင်းက ပျက်စီးသွားပြီ၊ သူ စကားမပြောနိုင်တော့ဘူး"
ဟု ဟွမ်စီဟိုင် က တိုးတိုးလေး ပြောသည်။
ဖန့်ချန် သည် ကလေး၏ ပခုံးကို အသာအယာ ကိုင်ကာ ဝိညာဉ်စွမ်းအင်များ ထည့်ပေးလိုက်သည်။ ခဏအကြာတွင် သူက ညင်သာစွာ ဆိုသည်။
"ငါက မျက်စိမမြင်ဘူး မင်းက စကားမပြောနိုင်ဘူး ဒါကို ရေစက်လို့ပဲ သတ်မှတ်ရမှာပေါ့ မှတ်ထားပါ မင်းရဲ့ မိသားစုကို သတ်လိုက်တဲ့သူတွေဟာ ဝိညာဉ်သွေးဂိုဏ်း ကပဲ မင်းမှာ ကျင့်ကြံဖို့ ပါရမီ ရှိမယ်ဆိုရင် ငါ မင်းကို အခွင့်အရေး တစ်ခု ပေးပါ့မယ်"
ဖန့်ချန် သည် မတ်တပ်ရပ်လိုက်ပြီး ကျင်းနန် ဘက်သို့ လှည့်လိုက်သည်။
"အကြီးအကဲ ကျင်းနန်... မင်းရဲ့ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းကို တစ်ချက်လောက် ငှားပါဦး"
"ရပါတယ်"
ကျင်းနန် ခေါင်းညိမ့်ကာ လက်ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း ပေါ်လာပြီး ဖန့်ချန် ၏ ရှေ့သို့ ကျဆင်းလာသည်။
ဖန့်ချန် က ကလေး၏ ပခုံးကို ပုတ်လိုက်သည်။
"သွားပါ"
ကလေးငယ်သည် လူများစွာ လုပ်ဆောင်သည်ကို မြင်ဖူးသဖြင့် ဘာလုပ်ရမည်ကို သိသည်။
သူသည် သူ၏ နာကျည်းမှု ပြည့်နှက်နေသော မျက်လုံးမှ မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းလောင်းထံသို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။
ဒေါင် —
ဒေါင် —
ဒေါင် —
သုံးချက်သာ မြည်သည်။
သူ၏ ပါရမီမှာ အလွန် သာမန်ကာလျှံကာသာ ဖြစ်ပြီး ထောင်ယွီ တို့နှင့် ဆင်တူသည်။
တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးအောက်တွင်သာ တပည့်ခံနိုင်မည့် အဆင့်မျိုး ဖြစ်သည်။ ထိုပါရမီက သူ၏ အနာဂတ် အောင်မြင်မှုကို အကန့်အသတ် ဖြစ်စေပေလိမ့်မည်။
ကလေးငယ်မှာ လက်မလျှော့ဘဲ ခေါင်းလောင်းကို သူ၏ လက်သီးများ သွေးထွက်အောင် ဆက်လက် ထိုးနှက်နေမိသည်။ ဖန့်ချန် က သူ၏ လက်သီးများကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည့် အချိန်အထိ သူ မရပ်တန့်ခဲ့ပေ။
"အကြီးအကဲ ကျင်းနန်. သူ့ကို မင်း လက်ခံပေးနိုင်မလား"
ဟု ဖန့်ချန် က တောင်းဆိုလိုက်သည်။
ကျင်းနန် အနည်းငယ် တွန့်ဆုတ်သွားသည်။
"သူ့ရဲ့ ပါရမီက..."
ကောင်းကင်တောင်ပိုင်းဂိုဏ်း သည် ပုံမှန်အားဖြင့် ထိုသို့သော ပါရမီရှင်မျိုးကို လက်မခံပေ၊ ၎င်းမှာ အရင်းအမြစ်များကို ဖြုန်းတီးခြင်း ဖြစ်သောကြောင့်ပင်။ သို့သော် ဘိုးဘေး ရှီးယားယွီ ကဲ့သို့ ဂိုဏ်းအတွက် အကျိုးပြုသူများအတွက်မူ ခြွင်းချက် ရှိတတ်သည်။
ဖန့်ချန် က အသာအယာ ပြုံးလိုက်သည်။
"ဒါက ငါ့ဆီကနေ အကြွေး တစ်ခုလို့ မှတ်လိုက်ပါ"
"ကောင်းပြီ၊ သူ့ကို ငါ လက်ခံမယ်"
အကြီးအကဲ ကျင်းနန် က ချက်ချင်းပင် သဘောတူလိုက်သည်။
သူသည် ကလေး၏ ဘေးသို့ ရောက်လာပြီး ဝိညာဉ်စွမ်းအင်များ ထည့်ပေးလိုက်ရာ ကလေး၏ ပွန်းပဲ့နေသော လက်သီးများမှာ မျက်စိရှေ့တင် ပြန်လည် ကောင်းမွန်လာသည်။
ဖန့်ချန် ၏ နည်းလမ်းများနှင့် သူ ကိုင်ဆောင်ထားသော ခရမ်းရောင်လျှပ်စီးအဆောင် များကို မြင်ပြီးနောက် ဖန့်ချန် ၏ ဂိုဏ်းသည် သူ့ကို မည်မျှ တန်ဖိုးထားကြောင်း ကျင်းနန် နားလည်သွားသည်။
ဖန့်ချန် ဆီက ကျေးဇူးကြွေး တစ်ခု ရရှိခြင်းမှာ သူ လက်မလွှတ်သင့်သော အခွင့်အရေးပင်။
ပတ်ဝန်းကျင်ရှိ လူအများအပြားမှာ မနာလို ဖြစ်သွားကြသည်။
ရဲချင်းဟယ် မှာ မျက်လုံးပြူးသွားမိသည်။
ဖန့်ချန် ၏ ကျေးဇူးကြွေးကြောင့်သာ အကြီးအကဲ ကျင်းနန် သည် ထိုကလေးကို သူ၏ ပါရမီ မပြည့်သော်လည်း ဂိုဏ်းထဲသို့ ကမူးရှူးထိုး လက်ခံလိုက်ခြင်း မဟုတ်ပါလား။
တစ်ဖက်တွင်မူ သူ မှာမူ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအောက်မှာသာ ကျင့်ကြံရတော့မည်...။
သို့သော် လီဟွားဖုန်း ၏ အဖြစ်ကို ပြန်တွေးလိုက်သောအခါ သူသည် တော်သေးသည်ဟု ခံစားလိုက်ရတော့သည်။
အခန်း ၁၅၄ - နောက်ကွယ်က ကြိုးကိုင်သူ
မဟာရှနန်းတော်၊ အမြင့်မြတ်ဆုံးသဟဇာတခန်းမ။
လီကော်ကျူး၊ ကျန်းယွီရှု၊ ရဲတုန်မင်၊ ထောင်မင်ရှန်း၊ ပဉ္စမမင်းသားနှင့် အခြားအဆင့်မြင့်အရာရှိကြီးများမှလွဲ၍ ကျန်ရှိသော အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးကို ပြန်လည်စေလွှတ်လိုက်ပြီဖြစ်သည်။
ယခုအခါ လူတိုင်းမှာ လေးနက်သော အမူအရာများဖြင့် ဖန့်ချန် ကို ကြည့်နေကြသည်။
ဖန့်ချန် သည် မြို့တော်အတွင်း ဝိညာဉ်သွေးဂိုဏ်း က ကျူးလွန်ခဲ့သော လုပ်ရပ်အချို့ကို ကျင်းနန် နှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။
ကျင်းနန် သည် နားထောင်လေလေ သူ၏အမူအရာမှာ ပို၍လေးနက်လာလေလေပင်။
မဟာရှဧကရာဇ်မှာလည်း အံ့အားသင့်နေသော အရိပ်အယောင်များ ပေါ်ပေါက်နေသည်။
ဘိုးဘေး ရှယားယိိ၏ မျက်နှာမှာမူ ဖြူလျော်နေသည်မှာ ကြာပြီဖြစ်ပြီး သူ၏ကျောပြင်တွင် ချွေးအေးများ စီးကျနေသည်
မဟာရှအင်ပါယာသည် မိစ္ဆာကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ခံနေရလိမ့်မည်ဟု သူ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
"မြို့စားဖန့်... အရင်တုန်းက ဆရာကြီးရွှီဟွေး ဟာ ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတစ်ယောက်လားသူက ဂရုဏာခန်းမ က မိဘမဲ့ကလေးတွေကို သွေးဆေးလုံးတွေ ဖော်စပ်ဖို့ သုံးခဲ့တာလား"
ဟု ကျန်းယွီရှု က ဖြည်းဖြည်းချင်း မေးလိုက်သည်။
ဖန့်ချန် က ခေါင်းညိမ့်ပြသည်။
ထိုအခါမှသာ ဖန့်ချန် သည် အဘယ်ကြောင့် ဂရုဏာခန်းမကို ပစ်မှတ်ထားပြီး ဆရာကြီးရွှီဟွေးကို ရုတ်တရက် သတ်ပစ်ခဲ့သည်ကို လူတိုင်း နားလည်သွားကြတော့သည်။
ဆရာကြီးရွှီဟွေးမှာ မိစ္ဆာအတတ် လေ့ကျင့်သူတစ်ဦးသာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ သူက ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့ခြင်းပင်
မဟာရှနယ်မြေအတွင်း ပုန်းအောင်းနေခဲ့သော ကျင့်ကြံသူတစ်ဦး
ပဉ္စမမင်းသားမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။
"ဒါဆို ကောင်းကင်ဓားအိမ်တော် ကိုလည်း ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေကပဲ လုပ်ကြံခဲ့တာလား"
ဖန့်ချန် က ခေါင်းညိမ့်သည်။
"ဟုတ်တယ်"
ထောင်မင်ရှန်း ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
"ချင်းတုန်း ကော. သူလည်း ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူလား"
"မဟုတ်ပါဘူး သူက သာမန်လူသားတစ်ယောက်ပါ"
ဟု ဖန့်ချန် က ပြောသည်။
ထိုအခါမှသာ လူတိုင်းမှာ စိတ်သက်သာရာရသွားကြသော်လည်း ဖန့်ချန် ၏ နောက်ထပ်စကားများကြောင့် ပြန်လည် တင်းမာသွားကြပြန်သည်။
"ဒါပေမဲ့ ဝိညာဉ်သွေးဂိုဏ်းဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေ အဆင်ပြေအောင် မြို့တော်ထဲက လူအချို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်"
သူတို့က မြို့တော်ကလူတွေနဲ့ ပူးပေါင်းခဲ့ကြတာလား ဒါဆို မြို့တော်ထဲမှာ ဝိညာဉ်သွေးဂိုဏ်းဝင်တွေ ရှိနေသေးတယ်လို့ ဆိုလိုတာလား
"မြို့စားဖန့်..."
ကျင်းနန် က ဖြည်းဖြည်းချင်း ဆိုသည်။
"ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေကို အမြစ်ပြတ် သုတ်သင်ပြီးပြီလား"
၎င်းမှာ ယခုအချိန်တွင် ဖြေကြားရန် အရေးကြီးဆုံး မေးခွန်းဖြစ်သည်။
ဖန့်ချန် ခေါင်းညိမ့်ပြသည်။
"သုတ်သင်ပြီးပါပြီ"
ကျင်းနန် သက်ပြင်းချလိုက်သည်။
"ဒါဆိုရင်တော့ တော်သေးတာပေါ့..."
ထို့နောက် သူက လူတိုင်းကို ကြည့်၍ ပြောလိုက်သည်။
"အခု သူတို့နဲ့ ပူးပေါင်းခဲ့တဲ့ သာမန်လူတွေက ဘယ်သူလဲဆိုတာ ရှာတွေ့လိုက်တာနဲ့ ဒီကိစ္စက ပြီးဆုံးသွားပြီလို့ သတ်မှတ်လို့ရတယ်"
"သုံးလောကတောင်တန်း က တိုက်ပွဲ..."
ဧကရာဇ်က ရေရွတ်လိုက်သည်။
"အဲဒီတိုက်ပွဲမှာလည်း ဝိညာဉ်သွေးဂိုဏ်းက ပါဝင်ခဲ့တာလား သူတို့က သွေးဆေးလုံးတွေ ဖော်စပ်ချင်တယ်ဆိုတော့ အဲဒီတိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့ သိန်းနဲ့ချီတဲ့ စစ်သည်တော်တွေရဲ့ သွေးတွေကိုများ..."
ဖန့်ချန် ခေါင်းညိမ့်သည်။
"ဝိညာဉ်သွေးဂိုဏ်း ကျင့်ကြံသူတွေဟာ အဲဒီတိုက်ပွဲကို သွေးဆေးလုံး ခြောက်လုံး ဖော်စပ်ဖို့ အသုံးချခဲ့ကြတယ် အဲဒီအချိန်က ကျွန်တော် ကျင့်ကြံခြင်းအကြောင်း ဘာမှမသိသေးလို့ ထူးခြားမှုကို သတိမထားမိခဲ့တာ"
"မင်း ဘယ်လို ဧကရာဇ်မျိုးလဲ"
ဘိုးဘေး ရှယားယိ က ဧကရာဇ်ကို ဒေါသတကြီး ကြည့်လိုက်သည်။
"ကျင့်ကြံသူတွေက မင်းရဲ့ တိုင်းသူပြည်သားတွေကို လျှို့ဝှက်ပြီး လုပ်ကြံနေတာတောင် မင်း ဘာမှ မသိဘူးလား"
ဧကရာဇ်က ခါးသက်သက် ပြုံးလိုက်သည်။ "
ဘိုးဘေး... ကျွန်တော်..."
"သူ့ကို အပြစ်မတင်ပါနဲ့ သူက သာမန်လူတစ်ယောက်ပဲလေ၊ ဝိညာဉ်စွမ်းအင်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ မြို့စားဖန့်သာ အဆင့်မြင့်ဂိုဏ်းတစ်ခုရဲ့ လက်ခံမှုကို မရခဲ့ရင် သူလည်း ဝိညာဉ်သွေးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကို သိမှာ မဟုတ်ပါဘူး"
ဟု အကြီးအကဲ ကျင်းနန် က ကြားဖြတ် ပြောဆိုလိုက်သည်။
"မြို့စားဖန့် ကျွန်တော်တို့ လိုက်လို့ရမယ့် သဲလွန်စတွေ ရှိလား ဘယ်သူကများ ဝိညာဉ်သွေးဂိုဏ်းနဲ့ ဒီလောက် အရှက်မဲ့စွာ ပူးပေါင်းခဲ့တာလဲ"
ဟု ဧကရာဇ်က အလျင်အမြန် မေးလိုက်သည်။
ကျင်းနန် ၏ နောက်ကွယ်တွင် ရပ်နေသော ရှယိ သည် တည်ငြိမ်နေဟန် ဆောင်ကာ ဖန့်ချန် ကို ကြည့်နေသည်။
သူ၏မျက်နှာမှာ စူးစမ်းလိုဟန် ရှိနေသော်လည်း စိတ်ထဲတွင်မူ ဖန့်ချန် မိမိကို မကြည့်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။
"ရဲရင့်သောဓားအစောင့်တပ်ဖွဲ့ ရဲ့ တပ်မှူး... ရှောင်ဆန်းချဲ့ ပဲ"
ဟု ဖန့်ချန် က အေးအေးဆေးဆေး ပြောလိုက်သည်။
လူတိုင်း အသက်ရှူမှားသွားကြပြီး တစ်ဦးကိုတစ်ဦး မယုံနိုင်စရာ ကြည့်လိုက်ကြသည်။
ဧကရာဇ် အယုံကြည်ရဆုံးသူဖြစ်ပြီး ရဲရင့်သောဓားအစောင့်တပ်ဖွဲ့၏ တပ်မှူးဟောင်း ဖြစ်သော ရှောင်ဆန်းချဲ့က ဝိညာဉ်သွေးဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်လား
ဒါက...
ဧကရာဇ်၏ မျက်နှာတွင် သွေးမရှိတော့ဘဲ အားအင်များ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
သူက အားနည်းစွာဖြင့် မေးလိုက်သည်။
"မြို့စားဖန့် ဒီစွပ်စွဲချက်ကို ထောက်ခံပေးနိုင်မယ့် ခိုင်လုံတဲ့ သက်သေရှိလား"
ဖန့်ချန် က ပြန်မဖြေဘဲ ဟွမ်စီဟိုင် ကိုသာ အမိန့်ပေးလိုက်သည်။
"သူတို့ကို ဒီထဲ ခေါ်လာခဲ့"
ဟွမ်စီဟိုင် က ချက်ချင်း ခေါင်းညိမ့်ကာ ထွက်သွားပြီး ခဏအကြာတွင် ရှောင်ဆန်းချဲ့ နှင့် အခြားသူအချို့ကို ခန်းမထဲသို့ ခေါ်ဆောင်လာသည်။
ရှောင်ဆန်းချဲ့ ၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူသည် အလွန်အားနည်းနေကာ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်တော့ပေ။ အမြင်စူးရှသူများမှာ သူ၏ သိုင်းပညာကျင့်ကြံမှုမှာ လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။
"သခင်လေး ရှောင်ဆန်းချဲ့ရဲ့ ကိုယ်ပေါ်ကနေ ဒီဆေးပုလင်းကို တွေ့ခဲ့ပါတယ်"
ဟွမ်စီဟိုင် က ကြွေပုလင်းလေးတစ်ခုကို ဖန့်ချန် ထံ ကမ်းပေးသည်။
ဖန့်ချန် က ၎င်းကို ဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် ကျင်းနန် ထံသို့ ပစ်ပေးလိုက်သည်။
ကျင်းနန် က ဖမ်းယူကာ အနံ့ခံကြည့်သောအခါ သူ၏မျက်နှာမှာ အလွန်လေးနက်သွားသည်။ ထို့နောက် သူက ပုလင်းကို ကျူးယွဲ့ မယ်သီလရှင်ထံသို့ ကမ်းပေးလိုက်ပြန်သည်။
ခဏအကြာတွင် ကျူးယွဲ့ က အေးစက်စွာ ဆိုသည်။
"ဒီထဲမှာ သွေးဆေးလုံး တစ်လုံး ရှိနေတယ် အဲဒါက အဆီအနှစ်နဲ့ သွေးတွေကို သုံးပြီး ဖော်စပ်ထားတာ ဒီဆေးလုံးတွေကို မိစ္ဆာနည်းလမ်းတွေနဲ့ပဲ ဖော်စပ်လို့ ရတာပါ အဲဒါက ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်ပေမဲ့ စားတဲ့သူကို မိစ္ဆာလမ်းစဉ်ထဲ တဖြည်းဖြည်း ရောက်သွားစေလိမ့်မယ်"
"မင်း ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ ရှောင်ဆန်းချဲ့"
ဟု ဧကရာဇ်က သူ၏ ယုံကြည်ရသူဟောင်းကို စိုက်ကြည့်၍ ဆိုသည်။
ရှောင်ဆန်းချဲ့ က ခါးသက်သက် ပြုံးလိုက်သည်။
"ကျွန်တော်က ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ ခွန်အားတွေ ပိုရချင်ရုံတင်ပါ အရှင်မင်းကြီးကျွန်တော် ဘာမှ မမှားခဲ့ပါဘူး"
သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သူ၏အကြည့်မှာ နောက်ဆုံးတွင် ဖန့်ချန် ဆီသို့ ရောက်သွားသည်
"ဖန့်ချန် မင်းကို ငါ ဘာလို့ အမြဲ မမှီနိုင်တာလဲဆိုတာ ငါ နားမလည်ဘူး မင်းရဲ့ သိုင်းပညာ ပါရမီက ငယ်ငယ်ကတည်းက အနှိုင်းမဲ့ခဲ့တယ် သုံးလောကတောင်တန်း မှာ မင်းရဲ့ ကျင့်ကြံမှု ပျက်စီးသွားတာတောင် မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သေးတယ် ကောင်းကင်ကြီးက မင်းကို ဘာလို့ ဒီလောက် မျက်နှာသာပေးရတာလဲ"
ဖန့်ချန် က သူနှင့် အချေအတင် ပြောမနေတော့ဘဲ လိုရင်းကိုသာ မေးလိုက်သည်။
"လျူငြိမ်းချမ်းရေးအရာရှိချုပ် ဘယ်မှာလဲ"
ရှောင်ဆန်းချဲ့ က ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဘာလဲ မင်းက ခန့်မှန်းရတာ အရမ်းတော်တယ် မဟုတ်လား ကိုယ့်ဘာသာကိုယ် သွားရှာကြည့်ပါလား"
ထိုအခါမှသာ ပတ်ဝန်းကျင်ကလူများမှာ ဂရုဏာခန်းမ အရေးအခင်းတွင် ပါဝင်ခဲ့သော လျူအရာရှိချုပ်ကို ထွက်ပြေးအောင် ကူညီပေးခဲ့သူမှာ ရှောင်ဆန်းချဲ့ဖြစ်ကြောင်း နားလည်သွားကြသည်။
လီကော်ကျူး နှင့် အခြားသူများက ရှောင်ဆန်းချဲ့ကို တစ်ယောက်တစ်ပေါက် ဝိုင်းဝန်း ဆဲဆိုကြတော့သည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"သူက အရေးမပါတဲ့ လူလေးတစ်ယောက်ပဲ သူက ဝိညာဉ်သွေးဂိုဏ်း တည်ရှိတာကိုတောင် သိချင်မှ သိမှာ သူ့ကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ငါ့အတွက် အရေးမကြီးဘူး ရဲရင့်သောဓားအစောင့်တပ်မှူး ဖြစ်ခဲ့တဲ့ မင်းတောင်မှ ကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ဘာမှ တန်ဖိုးမရှိတာပဲ ကျင့်ကြံသူတွေ ဘယ်လောက် ဝင့်ကြွားသလဲဆိုတာ ငါ တွေ့ဖူးပြီးသားပါ"
ကျင်းနန် ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
"ဒီသွေးဆေးလုံးကို မင်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ပေးတာလား"
ဟု ဖန့်ချန် က အေးအေးဆေးဆေး မေးလိုက်သည်။
နောက်ကွယ်က ကြိုးကိုင်သူ လူတိုင်း၏ အမူအရာ တင်းမာသွားသည်။
ရှောင်ဆန်းချဲ့ ၏ အကြည့်မှာ ဝေ့ဝဲသွားပြီး သူက အံကြိတ်၍ ပြောလိုက်သည်။
"ဝိညာဉ်သွေးဂိုဏ်းကလူတွေပဲ ငါ့ကို လာဆက်သွယ်ခဲ့တာပဲ ဖန့်ချန် မင်း ဒီကိစ္စကို သုံးပြီး နန်းတွင်းက မင်းရဲ့ ပြိုင်ဘက်တွေကို အကွက်ဆင် ဖယ်ရှားဖို့ မစဉ်းစားနဲ့"
"မြို့စားဖန့်က ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ သူက ဘာလို့ နန်းတွင်းရေးကို ဂရုစိုက်နေမှာလဲ"
ဟု ထောင်မင်ရှန်း က အော်ဟစ်လိုက်သည်။
"မင်းရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ အခုချက်ချင်း ပြောစမ်း မဟုတ်ရင် ငါတို့ ဒေါသကို ပြေစေမယ့် အပြစ်ပေးမှုမျိုး မင်း ရမှာ မဟုတ်ဘူး"
ရှောင်ဆန်းချဲ့ က လှောင်ပြောင်လိုက်သည်။
"အမတ်ကြီးထောင် ခင်ဗျား အရင်က ဖန့်ချန်ကို အရမ်း မုန်းခဲ့တာ ကျွန်တော် မှတ်မိနေသေးတယ် အခု ဘာလို့ သဘောထား ပြောင်းသွားရတာလဲ"
ထောင်မင်ရှန်း မှာ သူ၏စကားကြောင့် အနေရခက်သွားပြီး သူ၏အမူအရာမှာ ရှက်ရမ်းရမ်းကာ ဆိုလိုက်သည်။
"ငါ မြို့စားဖန့်နဲ့ ပဋိပက္ခ ဖြစ်ခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ အဲဒါက ကိစ္စသေးလေးတွေပါ အခုက ပိုကြီးတဲ့ ကိစ္စရှိနေပြီ မဟာရှ ပြည်သူတွေရဲ့ အသက်ကို ဂရုမစိုက်တဲ့သူ ရှိနေတာပဲ စကားလမ်းကြောင်း မလွှဲနဲ့"
"ဖန့်ချန် ငါ့ရဲ့နောက်မှာ ဘယ်သူရှိလဲဆိုတာ သိချင်နေတာ မဟုတ်လား"
ရှောင်ဆန်းချဲ့ က အသာလေး ရယ်လိုက်သည်။
"ယဉ်ကျေးမှုဝန်ကြီး ထောင်မင်ရှန်း၊ စစ်ဝန်ကြီး ရဲတုန်မင်၊ တရားရေးဝန်ကြီး ကျန်းယွီရှု..."
သူက တစ်ယောက်ချင်း စာရင်းစီပြသည်။
"အိုး... မေ့တော့မလို့ ပဉ္စမမင်းသား၊ လီကော်ကျူး လည်း ပါတာပေါ့"
သူက ပြုံးလျက် ဆက်ပြောသည်။
"ဒီလူတွေကပဲ ငါ့ကို ထောက်ပံ့နေတာ"
ရုတ်တရက် ခန်းမတစ်ခုလုံး ဆူညံသွားတော့သည်။
ပဉ္စမမင်းသားက ဒေါသတကြီး ဆဲဆိုလိုက်သည်။
"ဒီသေခါနီး ခွေးက အပြစ်မရှိတဲ့လူတွေကိုပါ ဆွဲချချင်နေသေးတယ်"
"မင်းရဲ့နောက်ကွယ်က လူက ရှယိ မဟုတ်လား"
ဟု ဖန့်ချန် က အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ရှောင်ဆန်းချဲ့ ၏ မျက်နှာမှာ မယုံနိုင်စရာ ဖြစ်သွားပြီး သူ၏မျက်လုံးများ ကျုံ့သွားတော့သည်။
ရှယိ မှာ လန့်ဖျပ်သွားပြီး ဖန့်ချန် ကို ချက်ချင်း လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း... မင်း လျှောက်ပြောနေတာပဲ"