အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း ၁၅၉ - ခြိမ်းခြောက်မှု
ဧကရာဇ်၏ စံအိမ်တော်သို့ ဝင်ရောက်ရန်မှာ ခွင့်ပြုချက် လိုအပ်သည်။
မည်သူမဆို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်ခြင်း မရှိသဖြင့် အဝင်ဝနှင့် ပတ်ဝန်းကျင်တွင် နန်းတွင်းအစောင့်တပ်ဖွဲ့များစွာ အစောင့်ချထားသည်။ ယန်ပေဟန် မှာလည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။
ယန်ပေဟန် သည် ဖန့်ချန် ကို မြင်လိုက်ရသောအခါ ပါးနပ်စွာဖြင့် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်သည်။
သူသည် ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်ပြီး ဖန့်ချန် တစ်ယောက် ဝင်းထဲသို့ ဝင်သွားတော့မှသာ ပြန်လည် မတ်မတ်ရပ်တော့သည်။
နန်းတွင်းအစောင့်တပ်မှူးတစ်ဦးက ယန်ပေဟန် ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“တပ်မှူး မြို့စားဖန့် က တကယ်ကို စည်းကမ်းမရှိတာပဲနော် အရှင်မင်းကြီးက သူ့ကို တွေ့ချင်တယ်လို့လည်း မပြောထားဘဲနဲ့ ဒီတိုင်း အတင်းဝင်သွားတာလား ကျွန်တော်တို့ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် အပြစ်ပေးခံရမှာ”
“တိုးတိုးနေစမ်း မင်း နားမလည်တဲ့ အရာတွေ အများကြီးရှိသေးတယ် အခုလို အချိန်မျိုးမှာ ငါတို့ အရမ်း သတိထားရမယ်”
ဟု ယန်ပေဟန် က တိုးတိုးလေး သတိပေးလိုက်သည်။
ရှောင်ဆန်းချဲ့ နှင့် အခြားသူများ သေဒဏ်ပေးခံရသည့် နေ့မှစ၍ ယန်ပေဟန် သည် အမြင့်မြတ်ဆုံးသဟဇာတခန်းမသို့ ချဉ်းကပ်ခွင့် မရတော့ပေ။
သို့သော် သူသည် နန်းတော်ထဲတွင် နှစ်ပေါင်းများစွာ နေလာခဲ့သူဖြစ်ပြီး သူ့တွင် ကိုယ်ပိုင်အဆက်အသွယ်အချို့ ရှိနေသဖြင့် အခြေအနေအရပ်ရပ်ကို လုံးဝ မသိဘဲ မနေပေ။
သူသည် အခြေအနေအချို့ကို ရိပ်မိထားသဖြင့် ဖန့်ချန် ကို မတားဝံ့ခြင်း ဖြစ်သည်။ မဟုတ်ပါ... တကယ်တော့ သူ ဘာမှမသိလျှင်တောင်မှ ဖန့်ချန် ကို တားဝံ့လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်၏ စံအိမ်တော်အတွင်း။
ဧကရာဇ်၏ အိပ်ဆောင်မှာ အလွန်ကျယ်ဝန်းသော်လည်း ယခုအချိန်တွင်မူ လူသူကင်းမဲ့နေသည်။ ကြီးမားပြီး တိတ်ဆိတ်နေသော အခန်းထဲတွင် ထူးဆန်းသော အေးစက်စက် အငွေ့အသက်များ လွှမ်းမိုးနေသည်။
“တကယ်ကို ကျယ်ဝန်းတဲ့ ဝင်းကြီးပဲ ဒီလောက်ကြီးမားတဲ့ နေရာမှာ နေရတာ လူတစ်ယောက်အတွက် အထီးကျန်မနေဘူးလား”
ဟု လီတောက်ယဲ့ က လှောင်ပြုံးဖြင့် မှတ်ချက်ပေးသည်။
“ဧကရာဇ်ရဲ့ မိဖုရားဆောင်မှာ အလှနတ်သမီး သုံးထောင် ရှိတာပဲလေ”
ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြန်ပြောရင်း ပတ်ဝန်းကျင်တွင် သဲလွန်စများကို စတင်ရှာဖွေတော့သည်။
ခဏအကြာတွင် သူသည် အခန်းထဲရှိ ဝှက်ဖုံးထားသော အကန့်တစ်ခုကို တွေ့ရှိသွားသည်။ ဖန့်ချန် သည် ၎င်းကို အလွယ်တကူ ဖွင့်လိုက်ရာ အတွင်း၌ ခေါက်ထားသော စက္ကူတစ်ရွက်ကို တွေ့ရသဖြင့် ယူ၍ ဖွင့်ဖတ်လိုက်သည်။
ဖန့်ချန်သို့...
ဘေးကနေ ချောင်းကြည့်နေသော လီတောက်ယဲ့ ၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ပေါ်လာသည်။
“ဒါက မင်းဆီကို ရေးထားတာလား”
သူသည် ထိုအခြေအနေကို မယုံနိုင်သကဲ့သို့ ဖြစ်နေသည်။
“ဒီလူက မင်း ဒီအခန်းထဲကို လာလိမ့်မယ်လို့တောင် ကြိုသိနေတာလား မင်း ဒီလျှို့ဝှက်အကန့်ကို ရှာတွေ့လိမ့်မယ်ဆိုတာကိုတောင် သူ သေချာပေါက် တွက်ထားတာလား”
ဒါဆို သူက လွန်ခဲ့တဲ့ အချိန်ကတည်းက ထွက်ပြေးဖို့ အစီအစဉ်တွေ ဆွဲထားခဲ့တာပေါ့
လီတောက်ယဲ့ အသက်ရှူပင် မှားသွားမိသည်။
တကယ်လို့ ထို သို့သောလူမျိုးသာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာပါက သမုဒ္ဒရာထဲသို့ ဆင်းသွားသော နဂါးတစ်ကောင်ကဲ့သို့ တကယ့်ကို ကြောက်စရာကောင်းလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းလောကတွင် ဉာဏ်နီဉာဏ်နက် များလေလေ၊ အသက်ရှင်ဖို့နှင့် ထိပ်ဆုံးသို့ ရောက်ဖို့ အခွင့်အလမ်း ပိုများလေလေ မဟုတ်ပါလား
ပေးစာပါ အကြောင်းအရာမှာ အလွန်တိုတောင်းလှသည်။ ၎င်းတွင် ရေးထားသည်မှာ-
ဖန့်ချန်... မင်း ဒီစာကို ဖွင့်ဖတ်ချိန်မှာ ငါဟာ မိဖုရားခေါင်ကြီးကို ခေါ်ပြီး ဝေးရာကို ထွက်သွားပြီ ဖြစ်လိမ့်မယ်။ အင်အားကြီးတဲ့ ဧကရာဇ်တစ်ပါးက သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်ကြောင့် ဒီလို အခြေအနေမျိုး ရောက်သွားရတာကို ငါ ရယ်ရမလား၊ ငိုရမလား မသိတော့ဘူး။ ငါ သိတဲ့အရာတွေကို မင်းလည်း သိမှာပါ။ မဟာရှအပေါ် ဘေးဒုက္ခ မကျရောက်စေဖို့ ဒါတွေကို လျှို့ဝှက်ချက်အနေနဲ့ပဲ ထားလိုက်ကြရအောင်။ မင်း တော်ဝင်မိသားစုအပေါ် ကောင်းကောင်း ဆက်ဆံသရွေ့ ငါလည်း မိဖုရားခေါင်ကြီးအပေါ် အလားတူပဲ ဆက်ဆံပါ့မယ်။ ဒါဟာ မင်းကို ပေးတဲ့ ငါ့ရဲ့ ကတိပဲ။ ငါတို့ နောင်တစ်ချိန် ပြန်ဆုံကြတာပေါ့။
“ရှရွှမ်ကျိ ဒီအရှုက်မရှိတဲ့ကောင်က မင်းရဲ့ အဒေါ်နဲ့ မင်းကို ခြိမ်းခြောက်နေတာပဲ”
လီတောက်ယဲ့ က နှာခေါင်းရှုံ့လိုက်သည်။
“တကယ်ကို ယုတ်မာတဲ့ကောင်ပဲ”
ဖန့်ချန် သည် စာကို သိမ်းလိုက်ပြီး လီတောက်ယဲ့ ကို ကြည့်လိုက်သည်။
“မင်း နိမိတ်ဖတ်တတ်တာပဲ သူတို့ကို ရှာပေးနိုင်မလား”
“ငါက နိမိတ်ဖတ်တာ ကျွမ်းကျင်တာပါ၊ လူနောက်ယောင်ခံလိုက်တာ ကျွမ်းကျင်တာ မဟုတ်ဘူး လောကကြီးက ဒီလောက်ကျယ်တာ၊ သူတို့ကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ ငါက ကျင့်ကြံသူ တစ်ယောက်ပါ၊ နတ်ဘုရား မဟုတ်ဘူး.”
လီတောက်ယဲ့ က ခေါင်းခါပြသည်။
“ဒါပေမဲ့ ငါ ပြောရဲတာ တစ်ခုကတော့ အဲဒီလူက တကယ်ပဲ ပုန်းနေချင်တယ်ဆိုရင် မင်း သူ့ကို လောလောဆယ် ရှာတွေ့မှာ မဟုတ်ဘူး”
သို့သော် ရုတ်တရက် လီတောက်ယဲ့ ၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက အော်ဟစ်လိုက်သည်။
“ဪ ငါ့ မှာ နည်းလမ်းတစ်ခု ရှိတယ် သွေးသားတော်စပ်မှုကနေတစ်ဆင့် မျိုးနွယ်စုတစ်ခုလုံးကို သက်ရောက်စေတဲ့ ကျိန်စာတစ်မျိုး ရှိတယ်လို့ ကြားဖူးတယ် မင်းသာ ဒီကျိန်စာကို သုံးမယ်ဆိုရင် ရှရွှမ်ကျိ ကို ရှာမတွေ့ရင်တောင် သူ့ကို သေအောင် ကျိန်စာတိုက်လို့ ရတယ်”
သူက ခဏ ရပ်လိုက်ပြီး တိုးတိုးလေး ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒါက သူနဲ့ သွေးတော်စပ်တဲ့သူတွေ အကုန်လုံးကိုပါ ထိခိုက်လိမ့်မယ် အဲဒါကတော့ နည်းနည်း ပြဿနာရှိတယ်”
ဖန့်ချန် ခေါင်းခါလိုက်သည်။
“မလုပ်ဘူး ဒါမျိုး မလုပ်နိုင်ဘူး”
သူသာ ထိုကျိန်စာကို သိပြီး တိုက်နိုင်စွမ်း ရှိလျှင်တောင် သူ လုပ်လိမ့်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ရှကျီ သည်လည်း ရှရွှမ်ကျိ နှင့် သွေးတော်စပ်နေသောကြောင့် ဖြစ်သည်။
“ဒါဆိုရင်တော့ ကျွန်တော့်မှာ တခြားနည်းလမ်း မရှိတော့ဘူး ဒါပေမဲ့ မင်း အရမ်း စိုးရိမ်မနေပါနဲ့ သူက မိဖုရားခေါင်ကြီးကို ဘာမှ လုပ်ရဲမှာ မဟုတ်ပါဘူးမင်း တော်ဝင်မိသားစုကို မဖြုတ်ချအောင် သူက သူမကို အသက်ရှင်လျက် ထားဖို့ လိုအပ်တယ်လေ၊ ဒါကြောင့် မိဖုရားခေါင်ကြီးရဲ့ ဘေးကင်းလုံခြုံမှုကတော့ အာမခံချက် ရှိပါတယ်”
ဟု လီတောက်ယဲ့ က သုံးသပ်ပြလိုက်သည်။
ဖန့်ချန် သည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ခေါင်းညိမ့်လိုက်သည်။
အခြေအနေတွေက ဒီအထိ ရောက်လာပြီဆိုမှတော့ လောလောဆယ် ဒီကိစ္စကို ထိရောက်စွာ မဖြေရှင်းနိုင်သေးသရွေ့ တစ်ဆင့်ချင်းစီပဲ သွားရတော့မည် ဖြစ်သည်။
သူတို့နှစ်ဦး ဧကရာဇ်၏ အိပ်ဆောင်မှ ထွက်လာသောအခါ မိဖုရားများနှင့် သူတို့၏ သားသမီးများဖြစ်သော မင်းသား၊ မင်းသမီးတစ်စုနှင့် တိုးမိကြသည်။
“ကျွန်မတို့ မြို့စားဖန့် ကို ဂါရဝပြုပါတယ်”
မိဖုရားများက အလျင်အမြန် ဦးညွှတ်နှုတ်ဆက်ကြသည်။
သူတို့ဘေးရှိ မင်းသား၊ မင်းသမီးများကလည်း တစ်ဦးပြီးတစ်ဦး လိုက်၍ ဦးညွှတ်ကြသည်။
သူတို့အားလုံးမှာ အသက် ခြောက်နှစ်၊ ခုနစ်နှစ်မှ ၁၁၊ ၁၂ နှစ်ခန့်သာ ရှိသေးပြီး အကြီးဆုံးမှာပင် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိကြသည်။ သူတို့မှာ လွန်ခဲ့သော ရက်က ဝိညာဉ်စစ်ဆေးမှုတွင် ကျရှုံးခဲ့သူများ ဖြစ်ကြသည်။
ယခင်ကဆိုလျှင် သူတို့သည် ဖန့်ချန် ကို ဦးညွှတ်ရန် မလိုသော်လည်း ယခုအခါ သူသည် မဟာရှ၏ မြို့စားကြီး ဖြစ်နေပြီဖြစ်ရာ သူတို့ ဦးညွှတ်ကြရခြင်း ဖြစ်သည်။
အမြင့်မြတ်ဆုံးသဟဇာတခန်းမတွင် မည်သို့ဖြစ်ပျက်ခဲ့သဖြင့် ဧကရာဇ် နန်းစွန့်ရသည်ကို သူတို့ မသိသော်လည်း ရှောင်ဆန်းချဲ့ အပါအဝင် အရာရှိ တစ်ဆယ်ကျော် ထိုနေရာတွင် အသတ်ခံလိုက်ရသည်ကိုတော့ သူတို့ သိထားကြသည်။
အိမ်ရှေ့မင်းသားတောင် ကွပ်မျက်ခံလိုက်ရသည် မဟုတ်ပါလား.
ဒီကိစ္စတွေ အားလုံးက ဖန့်ချန် နှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသည်မှာ သူတို့အတွက် ထင်ရှားလှသည်။
ထို့ကြောင့် ဖန့်ချန် ကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားများမှာ ရင်ဘတ်ထဲမှ ထွက်ကျလုမတတ် တုန်လှုပ်နေကြသည်။ သူတို့သည် အလွန်ကြောက်ရွံ့နေကြပြီး သူ့ကို အနည်းငယ်မျှပင် မစော်ကားဝံ့ကြပေ
“ဒီလောက်အထိ ရိုသေပြနေစရာ မလိုပါဘူး”
ဟု ဖန့်ချန် က ခပ်ပြုံးပြုံး ပြောလိုက်သည်။
မိဖုရားတစ်ဦး၏ မျက်လုံးများတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။
သူမက ပြုံးလျက်
“ကြည့်ပါဦး မြို့စားဖန့် အချိန်လည်း ရှိပါသေးတယ် ဝိညာဉ်နိုးထခြင်းနန်းဆောင် ဆီကို ခဏလောက် အလည်ကြွပေးနိုင်မလား ကျွန်မရဲ့သား မင်းသားရှလီ က ရှင့်ကို အရမ်း လေးစားတာပါ၊ သူက ရှင့်ဆီကနေ သိုင်းပညာအချို့ သင်ယူချင်နေတာ”
ဟု ဆိုလိုက်သည်။
“မြို့စားဖန့် ကျေးဇူးပြုပြီး ကြွပေးပါ”
ဟု ရှလီ ကလည်း မျှော်လင့်ချက်အပြည့်ဖြင့် အလျင်အမြန် တောင်းဆိုလိုက်သည်။
သူသည် မင်းသားများထဲတွင် စတုတ္ထမြောက် ဖြစ်သည်။
အသက် ၁၅၊ ၁၆ နှစ်ခန့်သာ ရှိသေးသည်။
သူ၏ မိခင်မှာ မူလက သာမန်အရပ်သူတစ်ဦး ဖြစ်သဖြင့် ရှလီ အတွက် အိမ်ရှေ့မင်းသားဖြစ်ဖို့ အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။
“ဒီမိန်းမကတော့...”
ဟု အခြားမိဖုရားတစ်ဦးက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
ကျန်မိဖုရားများ၏ စိတ်ထဲတွင်လည်း စိတ်ပျက်ဒေါသထွက်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုမိန်းမ၏ ရည်ရွယ်ချက်မှာ အလွန်ထင်ရှားလွန်းလှသည် မဟုတ်ပါလား
ဖန့်ချန် ၏ ထောက်ခံမှုကို ရရှိသူ မည်သူမဆို အကျိုးကျေးဇူး အများကြီး ရရှိနိုင်မည် ဖြစ်သည်။
သူသည် ထိုမသေမျိုးများပင် ရိုရိုသေသေ ဆက်ဆံရသော နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုး ဖြစ်နေပြီ မဟုတ်ပါလား
လီတောက်ယဲ့ ၏ မျက်လုံးများမှာမူ မနာလိုမှုများဖြင့် စပ်ဖျင်းဖျင်း ဖြစ်နေသည်။
“တောက် ဒီကောင်ကတော့ မိန်းမတွေကြားမှာ တကယ်ကို နာမည်ကြီးနေတာပဲ”
သူက ဖန့်ချန် ကို စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲနေမိသည်။
“နောက်မှပဲ လာခဲ့တော့မယ်”
ဟု ဖန့်ချန် က ပြုံးလျက် ငြင်းပယ်လိုက်သည်။
“ကျွန်တော့်မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ပါအချိန်ရတဲ့အခါကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့”
အခြားမိဖုရားများကလည်း သူတို့၏ ဖိတ်ခေါ်ချက်များကို အလုအယက် ပြောကြသော်လည်း ဖန့်ချန် က အားလုံးကို ငြင်းပယ်လိုက်သဖြင့် သူတို့ စိတ်ပျက်သွားကြသည်။
ရုတ်တရက် သူတို့၏ နောက်ကွယ်မှ နာကျင်ပူဆွေးသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
“ဖန့်ချန် မင်း ဘာလို့ ဒီလောက် ရက်စက်ရတာလဲ ရှယိ က ကောင်းကင်တောင်ပိုင်းဂိုဏ်း ကို ကျင့်ကြံဖို့ သွားရမှာလေ သူက မင်းအတွက် အနှောင့်အယှက် မဖြစ်တော့ဘူး မဟုတ်လား သူက မင်းနဲ့ အာဏာလုမှာလည်း မဟုတ်ဘူး ဘာလို့ သူ့ကို လွှတ်မပေးနိုင်ရတာလဲ ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ”
မိဖုရားများ အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ဟွာကိုယ်လုပ်တော် တစ်ယောက် ကြောင်တောင်တောင်ဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်လုံးများမှာ နီရဲနေပြီး ပါးများမှာလည်း ချိုင့်ဝင်နေကာ အသက်မဲ့သော အကြည့်များဖြင့် ဖန့်ချန် ကို စိုက်ကြည့်နေသည်။
“အဲဒီ ရူးနေတဲ့ မိန်းမပဲ...”
အခြားမိဖုရားများ၏ အမူအရာမှာ ရှုပ်ထွေးသွားသည်။
ဟွာကိုယ်လုပ်တော် ရူးသွားပြီဆိုသော သတင်းမှာ ယခုရက်ပိုင်းအတွင်း အလွန်ပျံ့နှံ့နေခဲ့သည်။
သူမသည် သူမ၏ အစေခံများနှင့် မိန်းမစိုးများကို ထပ်ခါတလဲလဲ ရိုက်နှက်ပြီး ဖန့်ချန် ၏ နာမည်ကို အော်ဟစ်ကာ သေသွားဖို့ ကျိန်ဆဲလေ့ရှိသည်။
နောက်ဆုံးတွင် သူမသည် သူမ၏ အစေခံအားလုံးကို မောင်းထုတ်ခဲ့သဖြင့် ယခုအချိန်တွင် သူမအနားသို့ မည်သူမျှ မချဉ်းကပ်ရဲကြပေ။
ရှယိ သေဆုံးသွားခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှသည်။ အကယ်၍ သူ မသေခဲ့လျှင် နောင်တစ်ချိန်တွင် မသေမျိုးသခင်တစ်ဦး ဖြစ်လာနိုင်သည် မဟုတ်ပါလား။
သို့သော် အနည်းငယ် နှမြောစရာကောင်းသော်လည်း မိဖုရားအများစုမှာမူ စိတ်သက်သာရာ ရနေကြသည်။
အကယ်၍ ရှယိ မသေခဲ့လျှင် ဟွာကိုယ်လုပ်တော် သည် နန်းတော်ထဲတွင် အလွန်ကြီးမားသော အရှိန်အဝါကို ရရှိမည်ဖြစ်သည်။
သူမ၏ မောက်မာရိုင်းစိုင်းသော စရိုက်မှာလည်း ပို၍ ခံရခက်လိမ့်မည် ဖြစ်သည်။ ထိုအချိန်ကျလျှင် သူတို့၏ ဘဝများမှာ တကယ့်ကို ဆိုးရွားလိမ့်မည် ဖြစ်သည်။
“သူမက အခြေအနေကို သတိမထားမိသေးတဲ့ပုံပဲ”
ဟု လီတောက်ယဲ့ က တိုးတိုးလေး ဆိုသည်။
ဖန့်ချန် သည် ဟွာကိုယ်လုပ်တော် ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိမ့်ပြလိုက်သည်။
ထိုအချိန်တွင် မိန်းမစိုးယူ သည် မိန်းမစိုးတစ်အုပ်ကို ခေါ်ပြီး ရောက်ရှိလာသည်။
သူသည် သူ၏လက်အောက်ငယ်သားများကို ဟွာကိုယ်လုပ်တော် ကို အတင်းအဓမ္မ ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်ပြီး ဖန့်ချန် ကို အလျင်အမြန် တောင်းပန်လိုက်သည်။
“မြို့စားဖန့် ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေ သေချာ မစောင့်ရှောက်မိလို့ အရှင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါပြီ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
“သူမကို သေချာ စောင့်ကြည့်ထားပါ၊ ဒါပေမဲ့ နှိပ်စက်တာမျိုးတော့ မလုပ်ပါနဲ့”
ဟု ဖန့်ချန် က အေးဆေးစွာ ပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။
အခန်း ၁၆၀ - သာယာကြည်လင်သော ခေါင်းလောင်းသံ
မိန်းမစိုးများနှင့် နန်းတွင်းအစေခံများသည် ဖန့်ချန် တို့ကို မြင်လိုက်ရသောအခါ အလျင်အမြန်ပင် ခေါင်းငုံ့၍ လမ်းဘေးသို့ ကပ်ရပ်လိုက်ကြသည်။
အစေခံမလေးတစ်ဦးမှာမူ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပုံရပြီး လှည့်ကြည့်လိုက်ရာ သူမ၏မျက်နှာတွင် အံ့သြမှုများ ထင်ဟပ်သွားသည်။
ဘေးနားရှိ မိန်းမစိုးက ၎င်းကို သတိထားမိသွားပြီး သူမ၏လက်မောင်းကို အမြန်ဆွဲဆိတ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။
“ဘာလုပ်နေတာလဲ ဟိုဟိုဒီဒီ လျှောက်မကြည့်နဲ့မြို့စားဖန့် ကို စော်ကားမိလို့ ငါတို့ကိုပါ ပြဿနာပေးနေဦးမယ်”
အစေခံမလေးမှာ နာကျင်လွန်းသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားသည်။
ထိုအချိန်တွင် ငါးနှစ်အရွယ် ကောင်လေးတစ်ဦးမှာ အဝေးမှ ပြေးလာပြီး မိန်းမစိုးကို အတင်းဝင်တိုက်လိုက်သည်။
“မင်းက ငါ့ရဲ့ ရှန်းကျိန်း အစ်မကို အနိုင်ကျင့်ရဲတယ်ပေါ့”
ဟု အော်ဟစ်ကာ မိန်းမစိုးကို စိုက်ကြည့်လိုက်သည်။
မိန်းမစိုးမှာ မထင်မှတ်ထားဘဲ အတိုက်ခံလိုက်ရသဖြင့် နာကျင်စွာဖြင့် “အား” ခနဲ အော်လိုက်မိသည်။
ဖန့်ချန် နှင့် လီတောက်ယဲ့ တို့သည် ထိုသူများရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
ထိုငါးနှစ်အရွယ် ကောင်လေးမှာ အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ၎င်းတို့မှာ သိသိသာသာ ဟောင်းနွမ်းနေပြီး အကြိမ်ကြိမ် ပြန်ဖာထားရသည့် လက္ခဏာများ ရှိနေသည်။
ထို့အပြင် ကောင်လေး၏ မျက်နှာတွင် ဒဏ်ရာအမျိုးမျိုး ရှိနေပြီး အချို့မှာ ဟောင်းနေပြီဖြစ်ကာ အချို့မှာမူ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ အမာရွက်ဖြစ်စ ပြုနေသော ဒဏ်ရာအချို့လည်း ရှိသည်။
“မင်းလို ကောင်စုတ်လေးက...”
မိန်းမစိုးမှာ ဒေါသတကြီးဖြင့် လက်ကို မြှောက်လိုက်သော်လည်း ဖန့်ချန် ရှိနေသည်ကို ရုတ်တရက် သတိရသွားပြီး ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။
သူ၏ ပေါ့ဆမှုကြောင့် တစ်ကိုယ်လုံး တုန်တုန်ရင်ရင် ဖြစ်သွားတော့သည်။
ရှန်းကျိန်း အမည်ရှိ အစေခံမလေးမှာ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး ကောင်လေးကိုလည်း ဒူးထောက်ရန် ပုခုံးကို အသာဖိလိုက်သည်။ ကောင်လေးလည်း သူမနှင့်အတူ ဒူးထောက်လိုက်တော့သည်။
မိန်းမစိုးမှာမူ ကြောက်လန့်တုန်ရီလျက် မြေပြင်ပေါ်တွင် ဝပ်စင်းနေတော့သည်။
“ကျွန်တော်မျိုးတို့ မြို့စားဖန့် ကို ဂါရဝပြုပါတယ်”
သူတို့၏ အသံများမှာ တုန်ရီနေကြသည်။ တိတ်ဆိတ်နေသူမှာ ကောင်လေးတစ်ဦးတည်းသာ ဖြစ်ပြီး သူသည် ဖန့်ချန် ကို စူးစမ်းစွာ ကြည့်နေသည်။
ထိုကောင်လေးကို မြင်လိုက်ရသောအခါ ဖန့်ချန် ခေတ္တ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။
“မင်းက. တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသားလား”
သူသည် ကောင်လေး၏ အသက်နှင့် အခြားလက္ခဏာများကို ကြည့်ပြီး ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
သူ မှတ်မိသလောက်ဆိုလျှင် သုံးလောကတောင်တိုက်ပွဲ တွင် သူ ရှုံးနိမ့်ခဲ့သည့်နေ့မှာပင် ရှရွှမ်ကျိ တွင် သားတစ်ဦး ထပ်မံထွန်းကားခဲ့သည် မဟုတ်ပါလား။
“ခင်ဗျားက မြို့စားဖန့် လား”
ဟု ရှယွမ် က မေးလိုက်သည်။
“တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသား စကားပြောတာ သတိထားပါ”
ဟု ရှန်းကျိန်း က စိုးရိမ်တကြီး သတိပေးလိုက်သည်။
သူမသည် ဖန့်ချန် က ကောင်လေး၏ ရိုင်းစိုင်းမှုကြောင့် ဒေါသထွက်သွားမည်ကို ကြောက်နေမိသည်။
“ဟုတ်ကဲ့ အစ်မရှန်းကျိန်း”
ရှယွမ် က ခေါင်းလေးညိမ့်ပြပြီးနောက် ရိုရိုသေသေ မေးလိုက်သည်။
“ဂါရဝပြုပါတယ် မြို့စားကြီး ခင်ဗျားက မြို့စားဖန့်လားဟင်”
“အင်း”
ဖန့်ချန် က ပြုံးလျက် ခေါင်းညိမ့်ပြသည်။
“မတ်တပ်ရပ်ပြီး စကားပြောလို့ ရပါတယ်”
“ဟုတ်ကဲ့”
ရှယွမ် ချက်ချင်း ထရပ်လိုက်သည်။
ဒူးထောက်နေသော မိန်းမစိုးမှာမူ ခြေထောက်များ ထုံကျင်အားနည်းနေပြီး နဖူးကို မြေပြင်နှင့် ထိကပ်ထားကာ အလွန်တုန်လှုပ်နေတော့သည်။
မိန်းမစိုးယူ သည် အဝေးမှ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလျင်အမြန် ပြေးလာသည်။
သူသည် ဦးညွှတ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။
“မြို့စားဖန့် သူတို့ အရှင့်ကို စော်ကားမိလို့လား”
သူသည် ရှယွမ် ကို မျက်စိတစ်ချက် လှည့်ကြည့်လိုက်ရာ စိတ်ထဲတွင် တစ်ခုခုကို စိုးရိမ်နေပုံရသည်။
“စောစောက မင်းရဲ့ လက်အောက်ငယ်သားက မင်းသားကို ဘာလို့ ရိုက်ဖို့ ကြိုးစားရတာလဲ”
ဟု ဖန့်ချန် က ခပ်ပြုံးပြုံး မေးလိုက်သည်။
စိတ်ခံစားချက်ကို မထိန်းနိုင်ခဲ့သော မိန်းမစိုးမှာ ထိတ်လန့်တကြား အော်ဟစ်လျက် မြေပြင်ကို နဖူးဖြင့် ဆောင့်လိုက်သည်။
“ကျွန်တော်မျိုး မှားပါတယ်၊ ကျွန်တော်မျိုး မှားပါတယ် မြို့စားဖန့် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
ရှယွမ် သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိသည်။
ပုံမှန်ဆိုလျှင် အလွန်ကြမ်းတမ်းသော မိန်းမစိုးသည် ဖန့်ချန် ရှေ့တွင် ယုန်သူငယ်လေးတစ်ကောင်ကဲ့သို့ အလွန်နူးညံ့သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဖန့်ချန် နှင့် ပတ်သက်၍ သူ ကြားဖူးခဲ့သော သတင်းများကို ပြန်လည် စဉ်းစားရင်း ရှယွမ် ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပေါ်လာကာ ဖန့်ချန် ကို ခိုးကြည့်နေမိတော့သည်။
မိန်းမစိုးယူ ၏ မျက်နှာမှာ တောင့်တင်းသွားသည်။
သူသည် ရှယွမ် ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“မြို့စားဖန့် အမှန်အတိုင်း ပြောရရင် တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသားရဲ့ နောက်ခံက သိပ်မကောင်းဘူး သူ့အမေက နန်းတွင်းအစေခံ တစ်ယောက်ပဲ သူ့ကို မွေးပြီးတာနဲ့ သေဆုံးသွားခဲ့တာသူ့မှာ နန်းတော်ထဲမှာ အားကိုးစရာ မရှိတော့”
“ဒါကြောင့် တခြားမိဖုရားတွေက သူ့ကို နှိပ်ကွပ်ကြတယ်၊ မင်းတို့လို အစေခံတွေက သူတို့ကို နှိပ်ကွပ်ဖို့ လက်နက်တွေ ဖြစ်လာကြတာပေါ့၊ ဟုတ်တယ်မလား”
ဟု ဖန့်ချန် က နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
မိန်းမစိုးယူ ချက်ချင်း ဒူးထောက်လိုက်ပြီး
“ကျွန်တော်မျိုး မလုပ်ရဲပါဘူး ကျွန်တော်မျိုး သူတို့ရဲ့ အနိုင်ကျင့်မှုတွေမှာ မပါဝင်တဲ့အပြင် မင်းသားကို တစ်ခါတစ်ရံ ကူညီပေးခဲ့ပါတယ်”
ဟု အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ရှယွမ် က ခေါင်းကို အားရပါးရ ညိမ့်ကာ ဝင်ပြောသည်။
“ဟုတ်တယ် မိန်းမစိုးယူ က လူဆိုးမဟုတ်ဘူး သူ ကျွန်တော့်ကို အရင်က ပေါက်စီတစ်ခု ပေးခဲ့ဖူးတယ် မဟုတ်ရင် ကျွန်တော်နဲ့ အစ်မရှန်းကျိန်း အဲဒီညက ငတ်ပြီး သေသွားလောက်ပြီ”
မိန်းမစိုးယူ ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူသည် ထိုနေရာမှာတင် ရှယွမ် ကို အကြိမ်တစ်ရာလောက် ကန်တော့လိုက်ချင်စိတ် ပေါက်သွားတော့သည်။
လီတောက်ယဲ့ သည် ကြားလိုက်ရသည်ကို မယုံနိုင်ဘဲ
“မင်းသားတစ်ယောက် ဖြစ်ပြီးတော့ ငတ်ရတဲ့ အချိန်တွေ ရှိသေးတာလား”
ဟု မေးလိုက်သည်။
ဖန့်ချန် ပြုံးလိုက်မိပြီး ပြန်ပြောပြသည်။
“အရင်က သူ့လိုပဲ လူတစ်ယောက် ရှိခဲ့ဖူးတယ် အဲဒီလူလည်း ငယ်စဉ်က မကြာခဏ ငတ်မွတ်ခဲ့ဖူးတယ် နန်းတော်ကြီးရဲ့ ခမ်းနားထည်ဝါမှုတွေမှာ မလှည့်စားခံလိုက်ပါနဲ့၊ အမှန်တရားကို မင်း မြင်အောင် ကြည့်နိုင်ရင် ဒီနေရာက ဘယ်လောက်အထိ ညစ်ပတ်တယ်ဆိုတာ မင်း သိလာလိမ့်မယ်”
ထိုသည်မှာ အလွန်ပင် ပုန်ကန်သော ဘာသာမဲ့သော စကားမျိုး ဖြစ်သော်လည်း လူတိုင်းကြားအောင် ပြောလိုက်ခြင်း ဖြစ်သည်။
မိန်းမစိုးယူ နှင့် အခြားသူများ၏ မျက်နှာမှာ ဖြူလျော်သွားသော်လည်း မည်သူမျှ မပြောရဲကြပေ။
မဟာရှတစ်ခုလုံးတွင် ဖန့်ချန် တစ်ဦးတည်းသာ နန်းတော်ထဲ၌ ထိုကဲ့သို့ ပြောဝံ့သည့် အရည်အချင်း ရှိပေသည်။
“ကျွန်တော့်လို လူမျိုး ရှိသေးတာလား”
ရှယွမ် အနည်းငယ် အံ့အားသင့်သွားသည်။
“ကျွန်တော်နဲ့ အစ်မရှန်းကျိန်းအပြင် ဒီနန်းတော်ထဲမှာ ဝအောင် မစားရတဲ့သူ တခြားရှိသေးလို့လား”
“ရှိတာပေါ့ မင်းရဲ့ တတိယအစ်ကိုက အဲဒီလိုလူမျိုးပဲ”
ဟု ဖန့်ချန် က ပြန်ဖြေသည်။
ရှီးယားယွမ် မျက်နှာလေးမှာ ရှုပ်ထွေးသွားသည်။
“ကျွန်တော့်ရဲ့ တတိယအစ်ကို”
“မင်းမွေးတဲ့နေ့မှာပဲ သူက ချင်းစုန်းအင်ပါယာ ကို ဓားစာခံအဖြစ် သွားခဲ့ရတာ အဲဒါကြောင့် မင်း သူ့ကို မတွေ့ဖူးတာပေါ့”
ဟု ဖန့်ချန် က ရှင်းပြသည်။
ရှယွမ် က ခေါင်းလေးညိမ့်သည်။
“ဪ... အဲဒီလိုလား...”
“သူလည်း မင်းလိုပဲ သူ့အမေက နန်းတွင်းအစေခံတစ်ယောက်ပဲ သူ့ကို မွေးပြီးတာနဲ့ သေဆုံးသွားခဲ့တာ”
ရှယွမ် ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ရှန်းကျိန်း မှာမူ ဖန့်ချန် ဘာကို ဆိုလိုသည်ကို မသိသဖြင့် အနည်းငယ် ထိတ်လန့်သွားသည်။
မိန်းမစိုးယူ ကမူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး သူ၏မျက်လုံးများတွင် မယုံနိုင်မှုများ ယှက်သန်းသွားသည်။
သူ ရှယွမ် ကို ကြည့်သည့် အကြည့်မှာ ပြောင်းလဲသွားတော့သည်။
ဖန့်ချန် ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးရွာတုန်း ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခုကို လူအများကြီး မြင်ခဲ့ကြတယ်။ မင်းကော မြင်ခဲ့လား မင်းက စောစောက ဝိညာဉ်ပါရမီ စစ်ဆေးတဲ့နေရာမှာ မပါခဲ့ဘူးလို့ ငါ ထင်တယ်”
“ဟုတ်ကဲ့ ဝိညာဉ်စစ်ဆေးတဲ့နေ့က ကျွန်တော်နဲ့ အစ်မရှန်းကျိန်း အပိတ်ခံထားရလို့ပါ”
ရှယွမ် က ခေါင်းညိမ့်ပြပြီးနောက်
“အဲဒီနေ့က ကျွန်တော် ကောင်းကင်မှာ ဆင်ကြီး ကိုးကောင်ကို မြင်ခဲ့တယ် သူတို့က အရမ်း... အရမ်းကြီးတာပဲ”
ဟု လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပြသော်လည်း သူ၏ လက်တိုခြေတိုလေးများဖြင့် မည်မျှကြီးကြောင်း မဖော်ပြနိုင်ပေ။
“အဲဒီလို ဖြစ်စဉ်မျိုး မြင်ရတဲ့သူတွေက ကျင့်ကြံခြင်းအတွက် ပါရမီ တစ်ခုခု ရှိတတ်ကြတယ်”
ဟု လီတောက်ယဲ့ က သတိပေးလိုက်သည်။
ဖန့်ချန် ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ လက်ကို အသာမြှောက်လိုက်သည်။
ခေါင်းလောင်းလေးတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း ကြီးမားလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ပေခန့် မြင့်သော ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းကြီးမှာ လူတိုင်း၏ ရှေ့မှောက်သို့ ကျဆင်းလာတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ မိန်းမစိုးများနှင့် အစေခံများမှာ အံ့အားသင့်သွားကြသည်။ ဖန့်ချန် ၏ နည်းလမ်းမှာ ဝိညာဉ်စစ်ဆေးသည့်နေ့က မသေမျိုးအရှင်၏ နည်းလမ်းအတိုင်းပင် မဟုတ်ပါလား
“ဝါး”
“မြို့စားဖန့် မှာ တကယ်ပဲ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်း ရှိနေတာလား”
“ငါ ပြောသားပဲ သူက ဂိုဏ်းကြီးတစ်ခုရဲ့ လက်ခံတာကို ခံထားရပြီးသားပါလို့”
အဝေးမှ စောင့်ကြည့်နေကြသော မိဖုရားများစွာလည်း ထိုမြင်ကွင်းကို မြင်သောအခါ အသက်ရှူပင် မှားသွားကြပြီး တိုးတိုးတိုးတိုးဖြင့် စတင် ပြောဆိုလာကြသည်။
ဖန့်ချန် သည် ရှယွမ် ၏ ဝိညာဉ်ပါရမီကို စစ်ဆေးတော့မည်ကို သိလိုက်ရသောအခါ သူတို့၏ မျက်နှာများမှာ ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာတော့သည်။
“လာ... ရှေ့ကို တက်ပြီး စမ်းကြည့်လိုက်ဦး”
ဖန့်ချန် က ရှယွမ် ကို ပြုံးလျက် ခေါ်လိုက်သည်။
ရှန်းကျိန်း မှာလည်း ကောင်လေးအတွက် စိတ်လှုပ်ရှားနေပြီး တိုးတိုးလေး ဆိုသည်။
“တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသား မြို့စားဖန့် က မင်းသားကို အခွင့်အရေး ပေးနေတာပဲ အမြန်သွားပြီး ဝိညာဉ်ပါရမီ စမ်းသပ်လိုက်ပါ”
ရှယွမ် လည်း ဘာဖြစ်နေသည်ကို ရိပ်မိသွားသည်။
ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ ရှေ့သို့ တက်သွားပြီး ခေါင်းလောင်းကြီးကို အားကုန်သုံး၍ လက်သီးဖြင့် ထိုးလိုက်တော့သည်။
ဒေါင်!
ကြည်လင်ပြီး သာယာသော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာသည်။
၎င်းမှာ နန်းတော်အတွင်းရှိ အရာရှိကြီးများကို အံ့အားသင့်သွားစေသည်။ နန်းဆက်ခံမည့်သူအကြောင်း ဆွေးနွေးနေသော လီကော်ကျူး တို့မှာလည်း ထိုအသံနှင့် အလွန်ရင်းနှီးနေကြသည် မဟုတ်ပါလား
“တစ်ယောက်ယောက်က ဝိညာဉ်ပါရမီ စမ်းသပ်နေတာလား”
“နောက်ထပ် မသေမျိုးအရှင်တစ်ပါးက တပည့်လာရှာနေတာလား”
အရာရှိများမှာ အံ့သြတုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“အသံက နန်းတော်ထဲက လာနေတာပဲ”
ပဉ္စမမင်းသား၏ မျက်နှာမှာ လေးနက်သွားသည်။ သူသည် ချက်ချင်း ထရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားသည်။
“သွားကြည့်ကြရအောင်”
စစ်ဘက်၊ နယ်ဘက် အရာရှိအုပ်စုကြီးမှာလည်း ၎င်းနောက်မှ ချက်ချင်း လိုက်ပါသွားကြတော့သည်။