အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
လောကကိုးပါးမသေမျိုး
ဘာသာပြန် - အရှင်ငယ်
အခန်း ၁၆၁ - မဟာရှ၏ ဧကရာဇ်သစ်
စစ်ဘက်နှင့် နယ်ဘက်ဆိုင်ရာ အရာရှိကြီးများ ရောက်ရှိလာပြီး ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ အမူအရာများမှာ အလွန်ပင် ထူးဆန်းသွားကြသည်။
“ဒါ တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသား မဟုတ်လား”
“မြို့စားဖန့်က တစ်ဆယ့်ခုနစ်ယက်မြောက် မင်းသားရဲ့ ပါရမီကို စမ်းသပ်ပေးနေတာလား မြို့စားဖန့်ဆီမှာ ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းက ဘယ်လိုလုပ် ရှိနေတာလဲ”
နန်းတွင်းအစေခံများနှင့် မိန်းမစိုးများမှာလည်း ပို၍ ပို၍ စုရုံးလာကြသည်။
ယန်ပေဟန် ပင်လျှင် အပြေးအလွှား ရောက်ရှိလာသည်။ ရှယွမ် ၏ ရှေ့တွင် ရပ်နေသော ဖန့်ချန် ကို မြင်လိုက်ရသောအခါ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ဖန့်ချန် က ရှယွမ် ကို ပြုံးပြလိုက်သည်။
“မကြောက်နဲ့ဆက်လုပ်ပါ”
ရှယွမ် သည် လူအုပ်ကြီး များလာသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသော်လည်း ဖန့်ချန် ၏ အားပေးမှုအောက်တွင် ဒုတိယအကြိမ် ခေါင်းလောင်းကို ထိုးလိုက်ပြန်သည်။
ဒေါင်
ခေါင်းလောင်းသံ ထပ်မံ ထွက်ပေါ်လာပြန်သည်
ရှန်းကျိန်း သည် သူမ၏ စကတ်ကို တင်းတင်းဆုပ်ထားပြီး စိုးရိမ်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။
ဒေါင်!
ဒေါင်!
စတုတ္ထမြောက် အသံ
သူ၏ ပါရမီမှာ ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရရန် လုံလောက်နေပြီဖြစ်သည်။
ပဉ္စမမင်းသား၏ မျက်နှာမှာ ညိုမှောင်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို ဝေ့ကြည့်လိုက်သည်။
“တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသားက ဘာလို့ ပါရမီစစ်ဆေးပွဲကို မလာခဲ့တာလဲ ဘယ်သူ နောက်ကွယ်ကနေ ဒါကို လုပ်တာလဲ”
ကျန်းယွီရှု က ရယ်မောလိုက်သည်။
“ဒါဟာ နန်းတော်ထဲမှာ အမြဲလုပ်နေကြ သနားစရာကောင်းတဲ့ ညစ်ပတ်တဲ့ လှည့်ကွက်တွေကြောင့်ပေါ့ဗျာ”
ပဉ္စမမင်းသားက တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
“သူတို့တွေ တကယ်ကို ဦးနှောက်မရှိတာပဲ အဲဒီလို အချိန်မျိုးမှာတောင် ဒီလိုအကွက်တွေ သုံးရဲတယ်လို့”
လူအုပ်ကြီး၏ အမူအရာမှာ ထူးဆန်းနေသည်။
ပါရမီစစ်ဆေးသည့်နေ့က ရင်ပြင်တွင် တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသား မရှိသည်ကို ဧကရာဇ် သေချာပေါက် သတိထားမိမှာပင်။
ထိုစဉ်က သူ နှုတ်ဆိတ်နေခဲ့ခြင်းမှာ ထိုကိစ္စကို သူက သွယ်ဝိုက်၍ သဘောတူခဲ့သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ရှယွမ် သည် ပဉ္စမမြောက် ခေါင်းလောင်းသံကို ထွက်ပေါ်စေနိုင်မလားဟု လူတိုင်းက စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေစဉ်မှာပင် ဖန့်ချန် က ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းကို ရုတ်တရက် သိမ်းဆည်းလိုက်သည်။
လူတိုင်းမှာ စိတ်ပျက်သွားကြပြီး ရှယွမ် မှာလည်း ဖန့်ချန် ဘာကြောင့် ထိုသို့လုပ်သည်ကို နားမလည်ဘဲ ဖြစ်နေသည်။
“မြို့စားဖန့်... ကျွန်တော် မပြီးသေးဘူးလေ”
ဟု ရှယွမ် က ဆိုသည်။
“လေးချက်ဆိုရင် လုံလောက်တာထက်တောင် ပိုနေပါပြီ”
ဟု ဖန့်ချန် က ပြန်ဖြေသည်။
“ မင်းက နောင်တစ်ချိန်မှာ ဒီစစ်ဆေးမှုကို အဆုံးထိ ဆက်လုပ်ချင်တယ်ဆိုရင် အရင်ဆုံး ဧကရာဇ်ကောင်း တစ်ပါး ဖြစ်အောင်လုပ်ပါ ငါ့ရဲ့ အကဲဖြတ်မှုကို ကျော်ဖြတ်နိုင်ရင် မင်းကို ဒီစစ်ဆေးမှုကို အဆုံးထိ လုပ်ခွင့်ပေးမယ် အဲဒီအချိန်ကျရင် ထူးခြားဆန်းပြားတဲ့ လမ်းစဉ်ကို လျှောက်လှမ်းဖို့ အခွင့်အရေး ငါပေးမယ်”
လူတိုင်းက အသက်ရှူပင် မှားသွားမိကြသည်။
အရာရှိကြီးများ၊ နန်းတွင်းအစေခံများ၊ မိန်းမစိုးများနှင့် မိဖုရားများအားလုံး ဖန့်ချန် ၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်လိုက်ကြပြီဖြစ်သည်။
ဖန့်ချန် သည် တစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသားကို နန်းတင်ပြီး မဟာရှ၏ ဧကရာဇ်သစ် ဖြစ်စေရန် ရည်ရွယ်နေခြင်းပင်
ကြည့်ရှုနေသူအချို့၏ မျက်လုံးများတွင် မကျေနပ်မှုများ အရိပ်အယောင် ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်ပျောက်ကွယ်သွားသည်။
သူတို့သည် စိတ်ထဲတွင်သာ မကျေမနပ် ဖြစ်နိုင်သော်လည်း ပြင်ပတွင်မူ မပြရဲကြပေ။
ရှန်းကျိန်း မှာမူ မယုံနိုင်ဘဲ မျက်ရည်များ ဝဲတက်လာသည်။
သူမဘေးတွင် ဒူးထောက်နေသော မိန်းမစိုးလေးမှာမူ မျက်နှာ ဖြူလျော်သွားပြီး နှုတ်ခမ်းများ ပြာနှမ်းနေတော့သည်။
မိန်းမစိုးယူ ကမူ အတိုင်းထက်အလွန် ဝမ်းသာနေသည်။ သူသည် အနာဂတ် နန်းလျာနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားပြီးသား မဟုတ်ပါလား
ရှယွမ် မှာမူ ကြောင်အသွားပြီး မိမိကိုယ်ကိုယ် ပြန်ညွှန်ပြကာ
“ဧကရာဇ်လား ကျွန်တော်ကလား”
ဟု ဝေခွဲမရစွာ မေးလိုက်သည်။
ဖန့်ချန် က လီကော်ကျူး တို့ကို ကြည့်လိုက်သည်။
“အရာရှိကြီးတို့ ဘယ်လိုထင်ကြလဲ”
လီကော်ကျူး ခဏ တုန့်ဆိုင်းသွားပြီးနောက် သူ၏ ကန့်ကွက်သံကို ထုတ်ဖော်လိုက်သည်။
“ဒါက နည်းနည်းတော့ လောလွန်းရာ မကျဘူးလားတစ်ဆယ့်ခုနစ်ယောက်မြောက် မင်းသားက ငယ်ပါသေးတယ်”
“သူက ငယ်နေလို့လည်း သင်ယူစရာ နေရာတွေ အများကြီး ရှိတာပေါ့ တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်ရမလဲ၊ ပြည်သူတွေကို ဘယ်လို တန်ဖိုးထားရမလဲ၊ ကြင်နာတတ်တဲ့ အုပ်ချုပ်သူတစ်ယောက် ဘယ်လိုဖြစ်အောင် လုပ်ရမလဲဆိုတာ သူ သင်ယူနိုင်တယ်”
ဖန့်ချန် က တည်ငြိမ်စွာ ဆိုသည်။
“ဒါကို ဆုံးဖြတ်လိုက်ပြီ ရှယွမ် နန်းတက်မယ်နန်းတက်ပွဲအတွက် မင်္ဂလာရှိတဲ့ နေ့တစ်နေ့ကို ရွေးလိုက်ကြပါ”
“အနီးဆုံး မင်္ဂလာရှိတဲ့နေ့က နောက်ထပ် ခုနစ်ရက်အကြာမှာ ရှိပါတယ်”
ဟု အရာရှိတစ်ဦးက တိုးတိုးလေး ဆိုသည်။
“မနက်ဖြန်”
ဖန့်ချန် က ပြုံးလိုက်သည်။
“မနက်ဖြန်ဟာ မင်္ဂလာရှိတဲ့နေ့ပဲ အကျဉ်းချုံးပဲ လုပ်ပါ၊ အရမ်း ခမ်းနားနေဖို့ မလိုဘူး”
အရာရှိမှာ မငြင်းဝံ့တော့ပေ။ ဖန့်ချန် က မနက်ဖြန်သည် မင်္ဂလာရှိသောနေ့ဟု ပြောမှတော့ ထိုသို့သာ ဖြစ်ရတော့မည်...
လူတိုင်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေကြရသည်။
ထိုမျှ အရေးကြီးသော ကိစ္စကို ဖန့်ချန် က ထိညနည်းဖြင့် ဆုံးဖြတ်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
သို့သော်... သူတို့သည် ဖန့်ချန် က ရှယွမ် ကို စောစောက ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိရာ စိတ်ဝင်စားမှုများ ပြန်လည် နိုးထလာကြသည်။
အကယ်၍ ရှယွမ် သာ ဖန့်ချန် ၏ စံနှုန်းကို မှီခဲ့လျှင် ဖန့်ချန် သည် သူ့ကို သေချာပေါက် ကျင့်ကြံခွင့် ပေးလိမ့်မည်။
အနာဂတ်မှာ မဟာရှ ဧကရာဇ်က ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာလား
ဒါက သိပ်တော့ မဆိုးလှပါဘူး...
ထိုအချိန်တွင် မိဖုရားတစ်ဦးသည် သူမ၏ နောက်ကွယ်မှ ခြေသံများကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဘိုးဘေးကြီးနှင့် အခြားနှစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
သူ့ကို မြင်လိုက်ရခြင်းမှာ သူမအတွက် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင်။ သူမ အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်သည်။
“ဘိုးဘေးကြီး မြို့စားဖန့် ရဲ့ လုပ်ရပ်က သင့်တော်တယ်လို့ ထင်ပါသလား အပြင်လူတစ်ယောက်က ဘယ်သူ နန်းတက်ရမယ်ဆိုတာကို ဆုံးဖြတ်လို့ ရပါ့မလား”
ထိုသို့ ပြောလိုက်သူမှာ စတုတ္ထမင်းသား ရှလီ ၏ မိခင်ဖြစ်သည်။ သူမသည် သူမ၏ သားအတွက် အခွင့်အရေးကို တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။
အရာရှိများအားလုံး ညီတူညီမျှ ဦးညွှတ်လိုက်ကြသည်။
“ဘိုးဘေးကြီး”
ဘိုးဘေး ရှယားယိ၏ အမူအရာမှာ ရှုပ်ထွေးနေသည်။ သူ၊ လျူဆွေဖုန်း နှင့် ကျန့်ထိုင်ချင်းရွှမ်း တို့သည် ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းသံကို ကြားသောအခါ အလွန်အံ့အားသင့်သွားပြီး အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။
ဝိညာဉ်တိုင်းတာရေး ခေါင်းလောင်းတစ်ခုကို ဂိုဏ်းတစ်ခု၏ အခြေခံ အုတ်မြစ်များထဲမှ တစ်ခုဟု သတ်မှတ်နိုင်သည်။
၎င်းသည် တိုက်ရိုက် တိုက်ခိုက်ရေး စွမ်းရည် မရှိသော်လည်း ၎င်း၏ အသုံးဝင်မှုနှင့် တန်ဖိုးမှာ သာမန် ရတနာများထက် များစွာ သာလွန်သည်။
ဖန့်ချန် ၌ ထိုအရာ ရှိနေခြင်းက သူသည် ၎င်းကို ကျင်းနန် ကဲ့သို့သော လူများထံမှ ဝယ်ယူထားခြင်း ဖြစ်နိုင်ကြောင်း ပြနေသည်။
၎င်းကို ဝယ်ရန် ဝိညာဉ်ကျောက်တုံး မည်မျှ အကုန်အကျခံခဲ့ရသည်ကို နတ်ဘုရားသာ သိလိမ့်မည် ထိုအချက်က ဖန့်ချန် ၏ နောက်ကွယ်မှ ဂိုဏ်းသည် မည်မျှအထိ အစွမ်းထက်သည်ကို တစ်ဖန် သက်သေပြလိုက်ခြင်းပင်
ဘိုးဘေး ရှယားယိ က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကျွန်တော် မိတ်ဆွေဖန့်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်”
သူသည် စကားတစ်ခွန်းတည်းဖြင့် သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြလိုက်ခြင်း ဖြစ်သည်။
ထိုမိဖုရားမှာ နှုတ်ပိတ်သွားရုံမှတစ်ပါး အခြားမရှိတော့ပေ။ ရှလီ မှာလည်း ခေါင်းငုံ့သွားတော့သည်။
“ဒါတင်မကသေးဘူး... ဒီကောင်လေးက ကျင့်ကြံခြင်းအတွက် ထူးခြားတဲ့ ပါရမီ ရှိတယ် မင်းသားတွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး”
ဟု ရှယားယိက ဆက်ပြောသည်။
“ဒါဟာ မဟာရှအတွက် ကောင်းတဲ့ အရာပဲ...”
ဘိုးဘေးကြီး၏ စကားမှာ အမိန့်တော်ကဲ့သို့ပင်။
မည်သူမျှ ကန့်ကွက်ဝံ့သူ မရှိတော့ပေ။
နောက်တစ်နေ့တွင် ရှယွမ် ၏ နန်းတက်ပွဲ အခမ်းအနား စတင်ခဲ့သည်။ ဖန့်ချန် ၏ အကြံပေးချက်အတိုင်း အခမ်းအနားမှာ ခမ်းနားထည်ဝါခြင်း မရှိပေ။ တကယ်တော့ ၎င်းမှာ အလွန်ပင် ရိုးရှင်းလွန်းလှသဖြင့် ပြည်သူများမှာ လမ်းဘေးကင်းလှည့်နေသော အစောင့်များထံမှ ကြားရမှသာ သိကြရတော့သည်။
ပြည်သူများမှာ ထိုသတင်းကို အလွန် ကောင်းမွန်စွာ လက်ခံကြသည်။ အားလုံးက ထိုအရေးကြီးသော အချိန်တွင် ကန့်ကွက်မှု မလုပ်ရန် သွယ်ဝိုက်သော နားလည်မှု ရှိနေကြသည်။
ရှယွမ် ကို ကန့်ကွက်ခြင်းမှာ ဖန့်ချန် နှင့် ဘိုးဘေး ရှယားယိ ကို ကန့်ကွက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူတို့ သိထားကြသည်။ မြို့တော်တွင် မည်သူက ထိုသို့လုပ်ဝံ့သည့် သတ္တိ ရှိပါသနည်း
ထို့အပြင် စစ်ဘက်၊ နယ်ဘက် အရာရှိကြီးများသည် မဟာရှ ဧကရာဇ်ဟောင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကပင် မိဖုရားခေါင်ကြီးနှင့်အတူ အဝေးသို့ ခရီးထွက်သွားခဲ့ကြောင်းကိုလည်း ရုတ်တရက် သိရှိလိုက်ကြရသည်။
သူတို့ အံ့အားသင့်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဖန့်ချန် နှင့် ရှယားယိ တို့က အခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြသည်။
ဧကရာဇ် ပလ္လင်ပေါ်တွင် ထိုင်နေသော ရှယွမ် သည် သူနှင့် တော်သော နဂါးဝတ်ရုံလေးကို ဝတ်ဆင်ကာ ဘေးပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေသည်။
ထောင့်တစ်နေရာတွင် ရပ်နေသော ရှန်းကျိန်း မှာမူ သူ့အတွက် ရင်တုန်ပန်းတုန် ဖြစ်နေမိသည်။
ကံကောင်းသည်မှာ ဖန့်ချန် ရှိနေခြင်းကြောင့် သူမ အလွန် စိတ်သက်သာရာ ရသွားခြင်းပင်။ ဖန့်ချန် ရှိနေသရွေ့ ရှယွမ် မှာ ဘာပြဿနာမှ ကြုံရမည် မဟုတ်ကြောင်း သူမ သိထားသည်။
မိန်းမစိုးယူ မှာ ပင်တိုင် မိန်းမစိုးချုပ်အဖြစ် ဆက်လက် တာဝန်ယူရပြီး ပလ္လင်ဘေးတွင် ရပ်နေသည်။
အရာရှိအားလုံး ညီတူညီမျှ ဦးညွှတ်လိုက်ကြပြီး သူတို့၏ ဟိန်းဟောက်သော သြဘာသံများမှာ ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့သည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
ရှယွမ် မှာ လန့်သွားပြီး ချက်ချင်းပင် မတ်မတ် ထိုင်လိုက်သည်။
အရာရှိအားလုံး ဦးညွှတ်ပြီးနောက် လီကော်ကျူး က စကားပြောလာသည်။
“အရှင်မင်းကြီးက ငယ်ပါသေးတယ်၊ အကြံပေးလမ်းညွှန်ပေးဖို့ ရင်ခွင်ပိုက် အစိုးရ တစ်ရပ် ခန့်အပ်သင့်ပါတယ်”
“ပဉ္စမမင်းသားနဲ့ ဝန်ကြီးချုပ်ကျန်းတို့က ဒီတာဝန်ကို ယူနိုင်ပါတယ်”
ဟု ဖန့်ချန် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လူတိုင်း၏ အကြည့်မှာ ထိုနှစ်ဦးထံသို့ ချက်ချင်း ရောက်သွားတော့သည်။
ကျန်းယွီရှု က ပြုံးလျက် ဖန့်ချန် ကို တစ်ချက်ကြည့်လိုက်သည်။
‘ကျွန်တော်ကတော့ အသက်ကြီးပါပြီ၊ လိုက်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်၊ ဒါပေမဲ့ ခင်ဗျား ပြောမှတော့ ကျွန်တော် သဘောတူရမှာပေါ့’
“တရားရေးဝန်ကြီးက ဧကရာဇ်ရဲ့ ဆရာ ဖြစ်ရမယ်လား ဒါက...”
လူတိုင်း၏ အမူအရာမှာ ထူးဆန်းသွားသည်။
ထိုတာဝန်မှာ ထုံးတမ်းစဉ်လာအရ ဘာသာရေးဝန်ကြီး ထောင်မင်ရှန်း သို့မဟုတ် လီကော်ကျူး ကိုယ်တိုင် ယူရမည် ဖြစ်သည်။
သို့သော် ဖန့်ချန် က ရွေးချယ်လိုက်ပြီ ဖြစ်သဖြင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။
“ရှယွမ်”
ဟု ဖန့်ချန် က ရုတ်တရက် ခေါ်လိုက်သည်။
လူတိုင်းသည် ဖန့်ချန် က ဧကရာဇ်ကို အမည်တိုက်ရိုက်ခေါ်လိုက်သဖြင့် အံ့သြသွားကြသည်။
ရှယွမ် သည် ဗီဇအရ ချက်ချင်း ထရပ်လိုက်ပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။
“မြို့စားဖန့်”
“မင်း ဧကရာဇ်ကောင်း တစ်ပါး ဖြစ်အောင်လုပ်ရမယ် မဟုတ်ရင် မင်း အိပ်မက်ထဲမှာတောင် မင်းရဲ့ ပခုံးပေါ်က ခေါင်းကို စိုးရိမ်နေရလိမ့်မယ် တစ်နေ့နေ့မှာ ငါ မင်းရဲ့ ခေါင်းကို လာဖြတ်နိုင်တယ်”
ဖန့်ချန် က အသာအယာ ရယ်မောလျက် ထွက်ခွာသွားတော့သည်။
ရှယွမ် မှာ ထိတ်လန့်သွားပြီး သူ၏ လည်ပင်းကို အုပ်ကာ ဖန့်ချန် ထွက်ခွာသွားသည့် ကျောပြင်ကို ကြောင်ကြည့်နေမိတော့သည်။
မမြင်နိုင်သော မျိုးစေ့တစ်ခုမှာ သူ၏ နှလုံးသားထဲတွင် မသိမသာ စိုက်ပျိုးခံလိုက်ရပြီ ဖြစ်သည်။
အခန်း ၁၆၂ - စံအိမ်တော်သို့ ပြန်ရောက်ခြင်း
တောင်ပိုင်းဒေသ၊ ဖန့်စံအိမ်တော်
ဖန့်ချန် မရှိသည့် အတောအတွင်း စံအိမ်တော်ပတ်ဝန်းကျင်ရှိ မြေဧက ၅၀၀ ခန့်ကို သိမ်းပိုက်ဖော်ဆောင်ခဲ့သည်။ မြေဆီလွှာကောင်းမွန်သဖြင့် အနည်းငယ် ပြုပြင်လိုက်ရုံနှင့် ထိပ်တန်းစိုက်ပျိုးမြေများ ဖြစ်လာခဲ့သည်။
ယခင်က တောင်ပေါ်တွင် မိစ္ဆာများနှင့် ဝိညာဉ်သားရဲများ ရှိသည်ဟူသော ကောလာဟလများကြောင့် သာမန်ပြည်သူများမှာ ထိုမြေကို မစိုက်ပျိုးဝံ့ကြပေ။
သို့သော် ဖန့်စံအိမ်တော် တည်ဆောက်ပြီးနောက် ထိုဒေသရှိ မိစ္ဆာအရေအတွက် သိသိသာသာ လျော့နည်းသွားသည်ကို လူတို့ တွေ့ရှိခဲ့ကြသည်။
အချို့က မိစ္ဆာများသည် ဖန့်မိသားစုကို ကြောက်ကြသည်ဟု ဆိုကြပြီး၊ အချို့ကမူ ဖန့်ချန် ၏ အရှိန်အဝါကြောင့် မိစ္ဆာများ ထွက်ပြေးကုန်ကြသည်ဟု ယုံကြည်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ ဖန့်စံအိမ်တော် တည်ဆောက်ပြီးနောက် ရွာသားများစွာသည် ဤနေရာသို့ ပြောင်းရွှေ့လာကြသည်။
အချို့မှာ ဖန့်မိသားစုထံမှ လယ်ယာမြေများကို ငှားရမ်းစိုက်ပျိုးကြသည်။ ထိုဒေသ၏ ရာသီဥတုမှာ သာယာပြီး သီးနှံထွက်နှုန်း ကောင်းမွန်သောကြောင့် ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် တိတ်ဆိတ်သော ရွာလေးတစ်ရွာ ပေါ်ထွက်လာပြီး၊ စမ်းချောင်းဘေးတွင် လှပစွာ အခြေချထားသော ဖန့်စံအိမ်တော်မှာ အထင်ရှားဆုံး အဆောက်အအုံ ဖြစ်နေတော့သည်။
ကျန့်ရင် က သက်ပြင်းချလိုက်သည်။
"ဒီနေရာက အချိန်တိုလေးအတွင်းမှာ ဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
သူမ နောက်ဆုံးလာခဲ့စဉ်က ထိုနေရာမှာ စမ်းချောင်းနှင့် တဲအချို့သာရှိသော လူသူကင်းမဲ့သည့် နေရာတစ်ခု ဖြစ်ခဲ့သည်။ ယခုမူ လက်ရာမြောက်လှသော အဆောက်အအုံများ၊ ခန်းမဆောင်များ၊ မဏ္ဍပ်များနှင့် ကျောက်စိမ်းခင်းထားသော လမ်းကလေးများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
တျန့်ချန်း ရယ်မောလိုက်သည်။
"ဖန့်မိသားစုရဲ့ အခြေခံအုတ်မြစ်ဆိုတာ မင်းလို မိန်းကလေးတစ်ယောက် နားလည်နိုင်တဲ့အရာ မဟုတ်ဘူး"
သူသည် ကျန့်ရင် ကို ခေါ်ဆောင်ကာ လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော ရွာသားများကို ကြည့်ရှုရင်း ဖန့်စံအိမ်တော်၏ ဂိတ်ဝသို့ ရောက်ရှိလာသည်။
"အလှလေးကျန့်လား"
ကျန့်ရင် ကို မှတ်မိသွားသော တံခါးစောင့်က နွေးထွေးစွာ ပြုံးပြသည်။
"ဒုတိယသခင်မလေးဆီကို အလည်လာတာလား"
"မမ ကျစ်ရွှယ်ရှိလားဟင်"
ကျန့်ရင် က ပြုံး၍ မေးလိုက်သည်။
"ကျွန်မ ဆရာနဲ့အတူ မြို့စားဖန့် ကို လာတွေ့တာပါ မမကျစ်ရွှယ်နဲ့လည်း စကားပြောချင်လို့ပါ"
"ဒါက တျန့်ချန်း ဂိုဏ်းချုပ်ကြီးလား"
တံခါးစောင့်က တျန့်ချန်း ကို လှည့်ကြည့်ကာ ယဉ်ကျေးစွာ ဆိုသည်။
"စိမ်းပြာဓားဂိုဏ်း က အခုဆို နက်နဲသောဓားဂိုဏ်း နဲ့ ရင်ပေါင်တန်းနိုင်နေပြီလို့ ကြားပါတယ် ကျွန်တော် ဂိုဏ်းချုပ်ကြီးကို လေးစားနေတာ ကြာပါပြီ"
"မင်းကလည်း ချီးမွမ်းလွန်းနေပါပြီ"
ဟု တျန့်ချန်း က နှိမ့်ချစွာ ပြန်ပြောသော်လည်း စိတ်ထဲတွင်မူ ကျေနပ်နေသည်။
ဖန့်စံအိမ်တော်၏ တံခါးစောင့်တစ်ဦးပင်လျှင် ထိုမျှ ခန့်ညားထည်ဝါသော အမူအရာ ရှိနေသည်။
ဖန့်မိသားစုမှာ ယခုအခါ မဟာရှတွင် ဧကရာဇ်မိသားစုထက်ပင် သြဇာကြီးသော နံပါတ်တစ် အထက်တန်းလွှာ မိသားစုအဖြစ် သတ်မှတ်ခံထားရခြင်းမှာ မဆန်းတော့ပေ။
တကယ်တော့ ၎င်းမှာ အံ့သြစရာ မဟုတ်ပေ။
ဖန့်စံအိမ်တော်၏ အစောင့်များသည် တစ်ခါကအိပ်မက်ဆိုး မြင်း စစ်သည်များ နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သူတို့၏အသက်များကို မဟာရှတွင် စတေးခိုင်းခဲ့ဖူးသည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် မည်သူမျှ သူတို့ကို လျှော့မတွက်ဝံ့ကြတော့ပေ။
"ကျွန်တော့်သခင်က မြို့တော်ကို ပြန်သွားပါတယ်ခင်ဗျားတို့ သူ့ကို လာတွေ့တာဆိုရင်တော့..."
တံခါးစောင့်က စကားကို ရုတ်တရက် ရပ်လိုက်သည်။ သူ၏မျက်နှာတွင် အံ့သြမှုများ ပေါ်လာပြီး ထိုနှစ်ဦး၏ နောက်ကွယ်ကို ကြည့်ကာ အရိုအသေပေးလိုက်သည်။
"သခင်လေး ပြန်လာပြီလား"
စိမ်းပြာ ဓားဂိုဏ်းချုပ် နှင့် ကျန့်ရင် တို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
ဖန့်ချန် သည် သူတို့နောက်ကွယ် ဆယ်လှမ်းခန့်အကွာတွင် မည်သည့်အချိန်က ရောက်နေမှန်းမသိဘဲ ပြုံးလျက် ရပ်နေသည်။
သူတို့ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။
"မြို့စားဖန့်"
"အားနာစရာတွေ မလိုပါဘူး"
ဖန့်ချန် က ပြုံးလိုက်သည်။
"လာကြပါ စံအိမ်ထဲဝင်ပြီး စကားပြောကြရအောင်"
ဖန့်စံအိမ်တော်၏ ဧည့်ခန်းမဆောင်အတွင်း။
စိမ်းပြာဓားဂိုဏ်းချုပ် လာရသည့် အကြောင်းရင်းကို သိလိုက်ရသောအခါ ဖန့်ချန် မပြုံးဘဲ မနေနိုင်တော့ပေ။
"တကယ်ကြီးလား စိမ်းပြာ ဓားဂိုဏ်း တစ်ခုလုံးကို တောင်ပိုင်းဒေသ ဆီ ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူးနော်"
"မြို့စားဖန့်. သေချာစဉ်းစားပြီးတဲ့နောက် ကျွန်တော် ဓားဂိုဏ်းကို ဒီဒေသဆီ ပြောင်းချင်တာပါ။ ပြဿနာတစ်ခုပဲ ရှိတာက မြို့စားဖန့် ဆီက ခွင့်ပြုချက်ရမှ ကျွန်တော် လုပ်ရဲမှာမလို့ပါ"
ဟု ဂိုဏ်းချုပ်က ရိုသေစွာ ဆိုသည်။
"ကောင်းကင်ဓားအိမ်တော် ပျက်စီးသွားပြီဆိုပေမဲ့ အဲဒီမြေက သူတို့အပိုင်ပဲ ငါ့မှာ အဲဒီမြေကို မင်းတို့ ဂိုဏ်းကို ပေးပိုင်ခွင့်မရှိဘူး ဒီကို ပြောင်းလာရင် ဘယ်မှာ အခြေချဖို့ စဉ်းစားထားလဲ"
ဟု ဖန့်ချန် က မေးလိုက်သည်။
"ကျွန်တော်တို့ ကောင်းကင်ဓားအိမ်တော်ရဲ့ မြေကို မက်မောတာ မဟုတ်ပါဘူး။ ကျွန်တော် လိုချင်တာက..."
သူ ခဏ တွန့်ဆုတ်သွားပြီးမှ
"တကယ်လို့ မြို့စားဖန့် သဘောတူမယ်ဆိုရင် ဒီနားက တောင်ကုန်းတွေထဲက တစ်ခုမှာ အခြေချချင်ရုံတင်ပါ"
ဖန့်ချန် ရယ်မောလိုက်သည်။ ဒီလောက်အထိ အပင်ပန်းခံ ပြောနေတာက ဒီအနီးအနားက တောင်ကုန်းတစ်ခုကိုပဲ လိုချင်လို့ကိုး။ ဒါကတော့ ကိစ္စမရှိပါဘူး။
"ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါက ဆူညံတာ မကြိုက်ဘူးဆိုတာ မင်း သိထားရမယ် မင်းတို့ ဂိုဏ်းကို ဒီမှာ အခြေချရင် တပည့်တွေကို သေချာ ထိန်းသိမ်းစေချင်တယ် ဒီနားမှာ ဘာပြဿနာမှ မတက်စေချင်ဘူး"
ဟု ဖန့်ချန် က ပြုံးလျက် သတိပေးလိုက်သည်။
"သေချာပေါက်ပါ"
စိမ်းပြာဓားဂိုဏ်းချုပ် မှာ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။
ဖန့်ချန် က ထိုမျှ လွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုနေရာရှိ ဝိညာဉ်စမ်းချောင်းများနှင့် သာယာသော ရာသီဥတုကို တွေးမိရင်း သူ စိတ်လှုပ်ရှားသွားတော့သည်။
ကျန့်ရင် လည်း အလွန်ဝမ်းသာနေစဉ် သူမ၏ မျက်လုံးထောင့်မှ ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားသည်။
သူမ လှည့်ကြည့်လိုက်သောအခါ ဧရာမ မြွေဟောက်ကြီးတစ်ကောင် စံအိမ်၏ တံတိုင်းကို ကျော်ဖြတ်ကာ သူတို့ဆီသို့ တရွေ့ရွေ့ လာနေသည်ကို မြင်လိုက်ရသည်။
မြွေကြီး၏ အထူဆုံးနေရာမှာ ရေစည်ပိုင်းတစ်ခုလောက် ကြီးမားလှသည်။
နေရောင်အောက်တွင် ၎င်း၏ အကြေးခွံများမှာ အေးစက်စက် အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။
"အား"
ကျန့်ရင် အော်ဟစ်လိုက်ပြီး ဗီဇအရ လေထဲသို့ ခုန်တက်ကာ ဖန့်ချန် ၏ နောက်ကွယ်သို့ ပြေးကပ်လိုက်သည်။
စိမ်းပြာ ဓားဂိုဏ်းချုပ် လည်း မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ရာ တွေ့လိုက်ရသည့်အရာကြောင့် နဖူးမှ ချွေးစေးများ ထွက်လာတော့သည်။
မိစ္ဆာတွေဟာ ဖန့်ချန် ကြောင့် ထွက်ပြေးကုန်ပြီဆိုပြီး ဘာဖြစ်လို့ မိစ္ဆာတစ်ကောင်က ဖန့်စံအိမ်ထဲမှာ ရှိနေရတာလဲ
ဓားဂိုဏ်းချုပ် လည်း ချက်ချင်း မတ်တပ်ရပ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်လိုက်သည်။
"ဟိုမှာ သားရဲတစ်ကောင်ပါ မြို့စားဖန့်"
ထိုအချိန်တွင် အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။
"တတိယညီမ ဆရာက ဧည့်သည်တွေနဲ့ ရှိနေတာလို့ ငါ ပြောထားတယ်လေ မင်း ဆရာ့ရဲ့ ဧည့်သည်တွေကို ထပ်ပြီး လန့်အောင် လုပ်ပြန်ပြီ"
အသံနေအထားမှာ အနည်းငယ် ထူးဆန်းနေသည်။
မကြာမီမှာပင် ဧရာမ မျောက်ဝံကြီးတစ်ကောင် တံခါးဝသို့ ရောက်ရှိလာသည်။ ၎င်းသည် ဖန့်ချန် ကို လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး
"ဆရာသခင် တတိယညီမက မကြာခင်ကမှ အောင်မြင်မှုတစ်ခု ရထားလို့ပါ ဆရာသခင် ပြန်လာပြီဆိုတာ ကြားတော့ သူမရဲ့ ရလဒ်ကို ဆရာသခင့်ကို ပြချင်ဇောနဲ့ အလျင်စလို ဖြစ်သွားတာပါ ကျေးဇူးပြုပြီး သူမကို ခွင့်လွှတ်ပေးပါ ဆရာသခင်"
ဟု ဆိုလိုက်သည်။
စကားပြောတတ်တဲ့ မိစ္ဆာ စိမ်းပြာ ဓားဂိုဏ်းချုပ် နှင့် ကျန့်ရင် တို့မှာ ဆွံ့အသွားကြသည်။
ကျန့်ရင် သည် ထိုမျောက်ဝံကြီးကို ထိုနေ့က သူမ တွေ့ခဲ့သည့် ဧရာမမိစ္ဆာကြီးအဖြစ် ချက်ချင်း မှတ်မိသွားသည်။ ၎င်းက ဖန့်ချန် ကို
"ဆရာသခင်"
ဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ သူမ အကြီးအကျယ် အံ့အားသင့်သွားတော့သည်။
"မကြောက်ကြပါနဲ့ သူတို့က ဒီနားက မိစ္ဆာတွေပါ၊ ဒါပေမဲ့ သူတို့က လူ့သဘာဝကို နားလည်ကြတယ် ငါ သူတို့ကို တပည့်အဖြစ် လက်ခံထားတာပါ"
ဟု ဖန့်ချန် က သူတို့ကို စိတ်အေးအောင် ပြောလိုက်ပြီး တံခါးဝသို့ လျှောက်သွားကာ အောင်မြင်ခြင်းဗုဒ္ဓ ၊ ကျားတောင်သခင် နှင့် စိတ်လှုပ်ရှားနေသော နက်နဲသောအစိမ်းရောင် တို့ကို ခေါင်းညိမ့်ပြလိုက်သည်။
"မင်းတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေက ပိုပြီး သန့်စင်လာပြီပဲ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ အစိမ်းလေးက သူမရဲ့ တတိယမြောက် မသေမျိုးသွေးကြောကို ဖွဲ့စည်းနိုင်ခဲ့ပြီပဲ ကျင့်ကြံမှုတွေ တိုးတက်လာတယ်"
ဖန့်ချန် က ပြုံးလျက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို ထုတ်ယူကာ မျောက်ဝံကြီးအား ပေးလိုက်သည်။
"ငါ မကြာခင် ခရီးတစ်ခု ထွက်ရဦးမယ် ဒီဝိညာဉ်ကျောက်တုံးတွေက မင်းတို့ သုံးဖို့ လောက်ပါလိမ့်မယ်"
အောင်မြင်ခြင်းဗုဒ္ဓ က ချက်ချင်း ဒူးထောက်ကာ ဦးတိုက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
ခဏအကြာတွင် ထိုသုံးဦး ထွက်သွားကြသည်။
စိမ်းပြာဓားဂိုဏ်းချုပ် နှင့် ကျန့်ရင် တို့မှာမူ မိစ္ဆာများ ဖန့်ချန် ရှေ့တွင် ဒူးထောက်သွားသည့် မြင်ကွင်းမှ ရုန်းမထွက်နိုင်သေးပေ။
ဂိုဏ်းချုပ်က စကားထစ်လျက် မေးလိုက်သည်။
"ဖန့် မြို့စားဖန့်၊ ဟိုသုံးကောင်က ဒဏ္ဍာရီထဲက 'းမိစ္ဆာ တွေလား"
ဖန့်ချန် က ပြုံးလျက် ခေါင်းညိမ့်ပြသည်။
"ဟုတ်ပါတယ်"
"ဒါဆို မိစ္ဆာတွေက တကယ်ရှိတာပဲ..."
ဟု ဂိုဏ်းချုပ်က ရေရွတ်လိုက်သည်။ သူ အရင်က ကြားဖူးသော်လည်း လူ့စကားပြောတတ်ပြီး လူ့သဘာဝကို နားလည်သည့် မိစ္ဆာများ ရှိလိမ့်မည်ဟု တကယ် မယုံကြည်ခဲ့ပေ။
ယခု သူ မြင်တွေ့ခဲ့ရသမျှမှာ သူ၏ သိမြင်မှုနယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သည်။
"ခပ်သိမ်းသော သက်ရှိတွေမှာ ဝိညာဉ်ရှိကြတာပဲ ဒါက ထူးဆန်းတဲ့ အရာမဟုတ်ပါဘူး"
ဖန့်ချန် က ခပ်ပြုံးပြုံး ဆိုလိုက်သည်။
"မင်းတို့ နှစ်ယောက်လည်း အဝေးက လာရတာဆိုတော့ ဖန့်စံအိမ်မှာ ရက်အနည်းငယ်လောက် အနားယူသွားကြပါဦးလား"
ခဏစဉ်းစားပြီးနောက် စိမ်းပြာဓားဂိုဏ်းချုပ် က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
ဂိုဏ်းပြောင်းရွှေ့ရေးမှာ အလုပ်များလှသည်။
ယခု ထိုမိစ္ဆာသုံးကောင်မှာ ဖန့်ချန် ၏ တပည့်များဖြစ်ကြောင်း သိလိုက်ရသဖြင့် သူသည် ထိုနေရာသို့ ပြောင်းရွှေ့ရန် ပို၍ပင် စိတ်အားထက်သန်သွားတော့သည်။
ဖန့်ချန် လည်း အတင်းအကျပ် မတားတော့ဘဲ သူတို့ကို လိုက်ပို့လိုက်သည်။ ထို့နောက် သူသည် ဖန့်ကျန့်ထျန် နေထိုင်ရာ ဝင်းထဲသို့ သွားလိုက်တော့သည်။