အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
လောကကိုးပါးမသေမျိုး
ဘာသာပြန် အရှင်ငယ်
အခန်း ၁၉၁ - ထွက်ခွာသွားပြီးမှ ပြန်လာခြင်း
လီတောက်ယဲ့ ၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ သူ၏ ဒေါသကို အတင်းအကျပ် မျိုသိပ်ထားရင်း အားတင်း၍ ပြုံးလိုက်ရသည်။
"ဒါက အလွန်အကျွံ ဖြစ်မနေဘူးလား အလွန်ဆုံးရှိရင် ခင်ဗျားတို့ နှစ်လုံးယူ ကျွန်တော်တို့က တစ်လုံးပဲ ယူမယ်လေ"
လီရှို့မင် က ပြုံးလိုက်သည်
"မင်းက ချီသန့်စင်ခြင်းအဆင့် ၃ မှာပဲ ရှိသေးတာတကယ်တမ်း ပြောရရင် ငါတို့နောက်ကို လိုက်လာဖို့တောင် မင်းမှာ အရည်အချင်း မရှိဘူး ငါနဲ့ ငါ့ညီမလေးရဲ့ နောက်ကို လိုက်ခွင့်ရတာကိုက မင်းအတွက် ကံကောင်းလှပြီ ဒီလောက်တောင် လောဘကြီးနေရသလား"
လီတောက်ယဲ့ မနေနိုင်တော့ဘဲ ဆဲရေးလိုက်သည်။
"အရှက်မရှိတဲ့ကောင်"
လီရှို့မင် ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
သူက လက်ဝါးဖြင့် ခပ်ဖွဖွ ရိုက်ထုတ်လိုက်ရုံနှင့် လီတောက်ယဲ့ မှာ ကိုက် တစ်ဒါဇင်ကျော် အကွာသို့ လွင့်ထွက်သွားတော့သည်။
လီတောက်ယဲ့ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
"ဖွတ်"
သူသည် မြေပြင်ပေါ်တွင် နွမ်းလျစွာ လဲကျနေတော့သည်။
လီရှို့မင် က ဖန့်ချန် ကို ကြည့်လိုက်သည်။
"မင်းကော ဘယ်လိုလဲ"
ဖန့်ချန် က ပြုံးလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်ပဲ ဆုံးဖြတ်ပါ"
လီရှို့မင် က သဘောကျစွာ ခေါင်းညိမ့်လိုက်သည်။
"မင်းက တော်တော် အလိုက်သိတာပဲ"
ဟု ပြောကာ သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ မြေဇာသီး သုံးလုံးလုံးကို ခူးယူလိုက်သည်။
ဖန့်ချန် သည် လီတောက်ယဲ့ အနားသို့ သွားကာ သူ့ကို တွဲထူပေးရင်း လေသံအေးအေးဖြင့် ပြောလိုက်သည်။
"သူများအပေါ် မှီခိုနေရတဲ့အခါ သူတစ်ပါးရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်တတ်ရမယ်ကံကောင်းလို့ သူ မင်းကို အခု အသေမသတ်တာနောက်တစ်ခါဆိုရင် မင်း အသက်ပါသွားနိုင်တယ်"
လီတောက်ယဲ့ က သွားကြိတ်လျက်
"ဖန့်ချန် မင်းက ဒါကို သည်းခံနိုင်တာလား"
"သည်းခံချင်သည်ဖြစ်စေ၊ မသည်းခံချင်သည်ဖြစ်စေ... သည်းခံရမှာပဲ"
ဖန့်ချန် က ပြုံးလိုက်သည်။
"သွားကြစို့၊ သူတို့နောက်ကို မြန်မြန် လိုက်ရအောင် သူက ငါတို့ကို မျက်စိဒေါက်ထောက် ကြည့်နေတာ ငါတို့သာ ထွက်ပြေးဖို့ ကြိုးစားရင် သူ ချက်ချင်း လက်လှမ်းမှာပဲ"
"တောက်... ဒီကောင် တစ်နေ့ကျရင် သူ ပြန်ပေးဆပ်ရမှာပါ"
ဟု လီတောက်ယဲ့ က အငြိုးအတေးဖြင့် တီးတိုးရေရွတ်သည်။
လေးဦးသားသည် ထိုနယ်မြေအတွင်း စူးစမ်းမှုများ ဆက်လုပ်ခဲ့ကြသော်လည်း တစ်ပတ်ပတ်ပြီးသည်အထိ စောစောက မြေဇာသီး သုံးလုံးမှလွဲ၍ ဝိညာဉ်ကျောက်တုံး တစ်တုံးမျှပင် ရှာမတွေ့ခဲ့ကြပေ။
ထိုအတောအတွင်း ဖန့်ချန် သည် ကျောက်တုံးအိမ်ငယ်လေး တစ်လုံးကို ဖြတ်သွားစဉ် တစ်ချက် လှမ်းကြည့်လိုက်သည်။
ပုဒု မသေမျိုး က သူ့ကို လာယူခိုင်းသော အရာမှာ ထိုကျောက်တုံးအိမ်အတွင်း၌ ရှိနေပြီး ၎င်း၏ လျှို့ဝှက်တံခါးကို ဖွင့်ရန်အတွက် သီးခြားနည်းလမ်းတစ်ခု လိုအပ်သည်။
"ဒီမှာ ဘာမှမရှိတော့ဘူး မြေဇာသီး သုံးလုံးကလွဲရင် တခြားဘာမှ မရှိတော့ဘူး ထင်တယ်"
လီရှို့မင် သည် ကျောက်တုံးအိမ်၏ ဝင်ပေါက်တွင် ရပ်ကာ အတွင်းကို တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။
"နှစ်တစ်ရာ သက်တမ်းရှိတဲ့ မြေဇာသီး သုံးလုံးတည်းအတွက်နဲ့ ဒီခရီးက တကယ်ကို မတန်ဘူး အရှုံးကြီး ရှုံးတာပဲ"
ထိုစကားကို ကြားသောအခါ လီတောက်ယဲ့ မှာ ဒေါသကြောင့် သွားကြိတ်မိပြန်သည်။
"စီနီယာအစ်ကို ဒီမြေပုံက ကျွန်မတို့ ဝိညာဉ်ကျောက်တုံး ၅ တုံးတည်းနဲ့ ဝယ်ထားတာဆိုတော့ သိပ်မရှုံးပါဘူး"
ဟု မီရှန့် က ပြုံးကာ နှစ်သိမ့်လိုက်သည်။
"အဲဒါလည်း ဟုတ်သားပဲ"
လီရှို့မင် က အနည်းငယ် ခေါင်းညိမ့်ပြပြီး ဖန့်ချန် နှင့် လီတောက်ယဲ့ ဘက်သို့ လှည့်လိုက်သည်။
"ငါနဲ့ ငါ့ညီမလေးတော့ သွားတော့မယ် မင်းတို့က ဓားပျံမစီးတတ်တော့ ငါတို့ အတူတူ ခရီးဆက်လို့ မရတော့ဘူး ကိုယ့်ဘာသာ ဂရုစိုက်ကြဦး"
ပြောပြီးသည်နှင့် သူတို့နှစ်ဦးမှာ ကောင်းကင်သို့ ပျံတက်ကာ ပျောက်ကွယ်သွားကြတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လီတောက်ယဲ့ မှာ ဆဲရေးခြင်းကို မထိန်းနိုင်တော့ပေ။
"အရှက်မရှိတဲ့ လူယုတ်မာတွေ ငါတို့ဆီက အသာစီးယူပြီး ငါတို့ကို ဒီမှာ ဒီအတိုင်း ပစ်ထားခဲ့တယ်"
ကောင်းကင်ပျံ သားရဲကြီးမှာ အနီးအနားမှာပဲ ရှိနေမည်မှာ အသေအချာပင်။
သူတို့နှစ်ဦးသာ တောင်ပေါ်က ဆင်းလိုက်သည်နှင့် ထိုသားရဲနှင့် တွေ့ပေလိမ့်မည်။ ထိုဂိုဏ်းတပည့်နှစ်ဦးမှာ ၎င်းကို ကောင်းကောင်းသိသဖြင့် သူတို့နှစ်ဦးကို သေတွင်းထဲ ပစ်ထားခဲ့ခြင်းမှာ ထင်ရှားလှသည်။
"ဖန့်ချန် ငါတို့ ဘာဆက်လုပ်ကြမလဲ ဒီမှာပဲ စောင့်နေရမှာလား ဒါမှမဟုတ်"
လီတောက်ယဲ့ က ဖန့်ချန် ကို ကြည့်လိုက်သည်။
"တံခါးက ၁၀ ရက်မှ တစ်ခါပဲ ပွင့်တာ အခု လွတ်သွားရင် နောက်ထပ် ၁၀ ရက် ထပ်စောင့်ရလိမ့်မယ်"
"ဟိုသားရဲကြီးက ငါတို့ကို စောင့်နေမယ်ဆိုရင် ငါတို့ ထွက်ပေါက်အထိတောင် ရောက်နိုင်မှာ မဟုတ်ဘူး"
ဟု ဖန့်ချန် က ခပ်ပါးပါး ပြုံးလျက် ဆိုသည်။
လီတောက်ယဲ့ ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။
"ဒီလိုဖြစ်မယ်မှန်း သိရင် ငါ လုံးဝ မလာပါဘူး"
ဆုံးရှုံးမှုက အရမ်းကြီးလွန်းသည်။ လျှပ်စီးအဆောင်တွေ ဆုံးရှုံးရုံတင်မကဘဲ အကြောင်းမဲ့ တိုက်ခိုက်ခံရပြီး ဒဏ်ရာပါ ရခဲ့သည်။
ထို့အပြင် ဤနေရာမှ ချက်ချင်း ပြန်ထွက်နိုင်ဖို့လည်း မသေချာချေ။ ဒါက တကယ့်ကို အရှုံးကြီး ရှုံးခြင်းပင်
"ဒါပေမဲ့ ဒီနေရာက မရိုးရှင်းဘူးလို့ ငါ ခံစားနေရတယ်"
ဖန့်ချန် က စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ကျောက်တုံးအိမ်ကို စိုက်ကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းတွင် လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခု ရှိနေသည်။
"ဟင်"
လီတောက်ယဲ့ ၏ အမူအရာ ပြောင်းလဲသွားသည်။ ကျောက်တုံးအိမ်ကို တစ်ချက်ကြည့်ပြီး ဖန့်ချန် ကို ပြန်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သံသယများ ပေါ်လာသည်။
"ဖန့်ချန် မင်း တစ်ခုခု ရှာတွေ့ထားတာလား"
"စမ်းကြည့်ရင် သိရမှာပေါ့"
ဖန့်ချန် သည် သူ၏လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လည်ပတ်စေကာ အထူးတံဆိပ် တစ်ခုကို ဖော်ဆောင်လိုက်သည်။
ထိုတံဆိပ်သည် ကျောက်တုံးအိမ်ပေါ်သို့ ကျရောက်သွားသည်။
ဘုန်း
ကျောက်တုံးအိမ်မှာ ချက်ချင်းပင် တောက်ပသော ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး အိမ်၏ နံရံများမှာ ပြိုကျပျက်စီးလာသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
လီတောက်ယဲ့ မှင်သက်သွားသည်။
သာမန်ကာလျှံကာ ကျောက်တုံးအိမ်လေးထဲတွင် ရတနာများ ဝှက်ထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ! အရင်ပုံစံမှာ ဖုံးကွယ်ထားသော ရုပ်ဖျက်မှုသာ ဖြစ်ပြီး အမှန်တကယ်မှာမူ ကြီးကျယ်သော ခန်းမဆောင်ကြီး ဖြစ်နေသည် မဟုတ်လား
အသက်ရှူအကြိမ် တစ်ဒါဇင်ကျော်အကြာတွင် ရွှေရောင်အလင်းတန်းများမှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။
လီတောက်ယဲ့ ၏ နှုတ်ခမ်းများ ခြောက်ကပ်နေသဖြင့် သူ မသိလိုက်ဘဲ လျှာဖြင့် သပ်လိုက်မိသည်။ သူ၏ အကြည့်မှာ ခန်းမဆောင်ကြီးပေါ်တွင်သာ တန့်နေသည်။
"ဖန့်ချန် အထဲမှာ တန်ဖိုးရှိတဲ့ ရတနာတွေ ရှိမှာပဲ မဟုတ်လား"
ဖန့်ချန် က ပြုံးလိုက်သည်။
"အထဲဝင်ကြည့်ရင် သိရမှာပေါ့"
ထိုအချိန်မှာပင် သူတို့ နောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟုတ်တယ်... အထဲဝင်ကြည့်ရင် သိရမှာပေါ့"
လီတောက်ယဲ့ ကြက်သီးမွေးညင်းများ ထသွားပြီး ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်သည်။
မထင်မှတ်ထားစွာပင် ထွက်သွားပြီဟု ထင်ရသော လီရှို့မင် ဖြစ်နေသည်
သူ့ဘေးတွင်မူ မီရှန့် က လီရှို့မင် ကို အားကျသောအကြည့်ဖြင့် ကြည့်နေသည်။
"စီနီယာအစ်ကို ခန့်မှန်းတာ တကယ်မှန်တာပဲ ဒီလူမှာ တစ်ခုခု ထူးခြားနေတယ်ဆိုတာ သေချာတယ်"
ထိုနေရာရှိ
"ဒီလူ"
မှာ ဖန့်ချန် ကို ဆိုလိုခြင်း ဖြစ်သည်။
လီရှို့မင် က ခပ်ပါးပါး ပြုံးလိုက်သည်။
"ဒါက ရိုးရှင်းပါတယ် မင်းတို့ရဲ့ အဖော်ဖြစ်တဲ့ ချီသန့်စင်ခြင်းအဆင့် ၈ ရှိတဲ့သူတောင် ဒီနေရာကို မလာနိုင်ဘူး ဓားပျံစီးနိုင်တဲ့ ငါတို့တောင် မင်းတို့ထက် တစ်လှမ်းနောက်ကျပြီးမှ ဒီကို ရောက်လာတာလေ ဒါကို စဉ်းစားကြည့်ရင်ပဲ ဒီကလေးဟာ ဒီနေရာရဲ့ လမ်းကြောင်းကို ကျွမ်းကျင်နေတယ်ဆိုတဲ့ နိဂုံးကို ရောက်လာတာပဲ"
သူက ဖန့်ချန် ကို ပြုံးလျက် စိုက်ကြည့်လိုက်သည်။
"ငါ့ခန့်မှန်းချက် မှန်တယ် မဟုတ်လား"
"ငါတို့ ကံကောင်းတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"
ဟု ဖန့်ချန် က ပြန်မေးသည်။
လီတောက်ယဲ့ ၏ အမူအရာမှာ ထူးဆန်းသွားသည်။
အခု ပြန်စဉ်းစားကြည့်မှ ဖန့်ချန် သည် လမ်းကြောင်းကို အတော်လေး ရင်းနှီးနေပုံရသည်။
လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ဖန့်ချန် ၏ အချိန်မီ ရှာဖွေတွေ့ရှိမှုနှင့် လမ်းလွှဲမှုများကြောင့် ရှောင်လွှဲနိုင်ခဲ့သည် မဟုတ်လား။
လီရှို့မင် က အေးဆေးစွာ ပြောလိုက်သည်။
"ကျင့်ကြံခြင်းလောကမှာ ကံ ဆိုတာ မရှိဘူး အရာတိုင်းမှာ အကြောင်းရင်း ရှိတယ် ဒီခန်းမကို အထူးအတတ်ပညာတစ်ခုနဲ့ ဖုံးကွယ်ထားတာ ငါတောင် ဘာသဲလွန်စမှ မတွေ့တာကို မင်းက တိတိကျကျ ရှာတွေ့ပြီး တားမြစ်ချက်ကို ဘယ်လို ဖယ်ရှားရမလဲဆိုတာ သိနေတယ် ဒါက ငါ့ရဲ့ ယူဆချက်ကို အတည်ပြုပေးလိုက်တာပဲ ကဲ... ပြောစမ်းပါဦး၊ ဒီနေရာရဲ့ အရှင်သခင်နဲ့ မင်းက ဘာပတ်သက်တာလဲ"
"ဟင်း..."
ဖန့်ချန် က သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။
"မင်းတို့ ခန့်မှန်းပြီးသားဆိုတော့လည်း ငါ ဖုံးကွယ်မနေတော့ပါဘူး ဒီနေရာရဲ့ အရှင်သခင်က ငါ့ဂိုဏ်းက စီနီယာတစ်ယောက်ပါ သူ မကြာခင်ကပဲ ကွယ်လွန်သွားပြီး ငါ့အတွက် တစ်ခုခု ရည်ရွယ်ပြီး ချန်ထားခဲ့တာပါ"
လီရှို့မင် ၏ မျက်လုံးထဲတွင် သတိထားရမည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ပြုံးလိုက်ပြန်သည်။
"မင်းရဲ့ဂိုဏ်းက စီနီယာ ဟုတ်လား အဲဒါသာ အမှန်ဆိုရင် အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မင်းနဲ့အတူ ပါလာရမှာပေါ့ မင်း အမှန်အတိုင်း မပြောချင်ဘူးဆိုရင်လည်း ထားလိုက်ပါတော့ မင်းတို့နှစ်ယောက် အရင်ဝင်ပါ၊ ငါနဲ့ ငါ့ညီမလေးက နောက်က လိုက်ခဲ့မယ်အန္တရာယ်တစ်ခုခုရှိရင် ငါတို့ ကာကွယ်ပေးတာပေါ့"
လီတောက်ယဲ့ ကတော့ လီရှို့မင် ကို စိတ်ထဲကနေ ကောင်းကောင်းကြီး ဆဲနေတော့သည်။ တဖက်လူက သူတို့ကို ရှေ့ကလွှတ်ပြီး ထောင်ချောက် ရှိမရှိ စမ်းသပ်ခိုင်းနေခြင်း ဖြစ်သည် မဟုတ်လား
ဖန့်ချန် က လီတောက်ယဲ့ ကို ညွှန်ပြလိုက်သည်။
"သူက ဒဏ်ရာရထားပြီးသား အန္တရာယ်ရှိရင် သူ ခံနိုင်မှာ မဟုတ်ဘူး ငါပဲ အရင်ဝင်ပြီး စူးစမ်းမယ်၊ သူကတော့ အပြင်မှာနေပြီး ဝင်ပေါက်ကို စောင့်နေပါစေ"
"ဖန့်ချန်"
လီတောက်ယဲ့ မှင်သက်သွားပြီး သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် ရဲတက်လာသည်။ သူ၏ အဖေက ကျင့်ကြံသူတိုင်း အတ္တကြီးသည်ဟု ပြောခဲ့သမျှမှာ အဓိပ္ပာယ်မရှိသော စကားများ ဖြစ်နေတော့သည်။ ဖန့်ချန် သည် လုံးဝ အတ္တမကြီးပေ
ခဏမျှ စဉ်းစားပြီးနောက် လီရှို့မင် က အနည်းငယ် ခေါင်းညိမ့်ပြသည်။
"ကောင်းပြီလေ"
"အပြင်မှာပဲ နေပါ တစ်ခုခု ထူးခြားတာရှိရင် မင်းဘာသာမင်း အရင်ပြေး မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းတယ်၊ ဒီမှာရှိနေလည်း သိပ်အသုံးမဝင်ဘူး"
ဟု ဖန့်ချန် က လီတောက်ယဲ့ ကို တိုက်ရိုက် မှာကြားလိုက်ပြီး ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်သွားခဲ့သည်။
လီရှို့မင် နှင့် မီရှန့် တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဖြည်းဖြည်းချင်း နောက်မှ လိုက်သွားကြတော့သည်။
အခန်း ၁၉၂ - ဝတ်ရုံနက်နှင့်လူ
ဖန့်ချန် ခန်းမဆောင်ကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ၏အာရုံမှာ မလှမ်းမကမ်းရှိ ကျောက်စိမ်းစင်မြင့်တစ်ခုထံသို့ ရောက်ရှိသွားသည်။ ထိုစင်မြင့်ပေါ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပုံများအား သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့ရသည်။
ဖန့်ချန် စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ အလျား ၂၅ တုံး၊ အနံ ၈ တုံး၊ တစ်ပုံလျှင် ဝိညာဉ်ကျောက်တုံး ၂၀၀... စုစုပေါင်း ငါးပုံရှိရာ ပုဒု မသေမျိုး ၏ ကြွယ်ဝမှုမှာ အတော်ပင် အထင်ကြီးစရာကောင်းလှသည်။
သူကိုယ်တိုင် ထိုနေရာမှာ မရှိတော့သော်လည်း ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ချန်ထားရစ်ခဲ့သည် မဟုတ်လား။
ထိုဝိညာဉ်ကျောက်တုံးများအပြင် စင်မြင့်ပေါ်တွင် ကျောက်စိမ်းသေတ္တာတစ်လုံးနှင့် လေထဲတွင် ဝဲပျံကာ ဖြည်းဖြည်းချင်း လည်ပတ်နေသော ငွေရောင်အရာဝတ္ထုတစ်ခုလည်း ရှိနေသည်။
"စီနီယာအစ်ကို ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်တောင်ပဲ ပြီးတော့ ဓားသန္ဓေ တစ်ခုလည်း ရှိနေသေးတယ် ဟိုသေတ္တာထဲက ပစ္စည်းကလည်း တကယ့်ကို ထူးခြားမှာ သေချာတယ်"
ဟု မီရှန့် က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
လီရှို့မင် ကတော့ တည်ငြိမ်နေဆဲပင်။
သူသည် မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင်၌ ဖုံးကွယ်ထားသော အန္တရာယ် ရှိမရှိ အာရုံခံကြည့်လိုက်သည်။ ခဏမျှ သေချာစမ်းသပ်ပြီးနောက်တွင်မှ သူသည် ကျောက်စိမ်းစင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
သူက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည် သူ၏ ညာဘက်လက် သူကြွယ်တွင် သိုလှောင်လက်စွပ် တစ်ကွင်း ရှိနေခြင်း ဖြစ်သည်။
ထို့နောက် လီရှို့မင် က ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ သွေးကဲ့သို့ နီရဲနေသော ဂျင်ဆင်း တစ်ပင်ကို တွေ့လိုက်ရသည်။
"ညီမလေးဒါက နှစ်တစ်ရာ သက်တမ်းရှိတဲ့ သွေးဂျင်ဆင်းပဲ သူ့ရဲ့ ဆေးဖက်ဝင် အာနိသင်က နှစ်တစ်ရာ မြေဇာသီးထက် နှစ်ဆ၊ သုံးဆမက ပိုပြင်းထန်တယ်"
ဟု လီရှို့မင် က ပြုံးလျက် ဆိုသည်။
"ငါတို့ ခရီးစဉ်က တကယ် မတန်ဘူးလို့ ပြောလို့ မရတော့ဘူး ဒါတွေနဲ့ဆိုရင် ငါတို့နှစ်ယောက်စလုံးရဲ့ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်းအဆင့် ၁၂ ကို အမြန်ဆုံး ရောက်သွားတော့မှာ"
ဟု မီရှန့် က ဝမ်းသာအားရ ပြောလိုက်သည်။
ဖန့်ချန် ၏ အတွေးများမှာ ဝေခွဲမရ ဖြစ်နေသည်။
ဒါဆို ပုဒုမသေမျိုး က ဘာထောင်ချောက်မှ ချမထားခဲ့ဘူးလား ငါကပဲ အလွန်အကျွံ သံသယဝင်ပြီး သူ့ကို အထင်လွဲနေခဲ့တာလား
ထိုအချိန်မှာပင် အသားစုတ်ပြဲသံနှင့်အတူ သွေးများ ပန်းထွက်သွားသည့် အသံကို ဖန့်ချန် ကြားလိုက်ရသဖြင့် သူ၏ အတွေးများ ပြတ်တောက်သွားသည်။
ဖွတ်
မီရှန့် သည် နောက်သို့ ယိုင်ထိုးကာ ဆုတ်ခွာသွားပြီး ဖန့်ချန် ၏ ပခုံးကို အားပြုကာ ဖမ်းကိုင်လိုက်သည်။ သူမသည် လီရှို့မင် ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ သူမ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ အပြည့် ရှိနေသည်။
မီရှန့် ၏ ရင်ဘတ်တွင် ဒဏ်ရာတစ်ခု ပေါ်လာသည်ကို ဖန့်ချန် တွေ့လိုက်ရသည်။
သူမ၏ ရင်ဘတ်မှာ သွေးများဖြင့် ရွှဲနစ်နေသည်။
၎င်းမှာ ဓားဖြင့် ရှေ့မှနောက်သို့ ဖောက်ထွက်အောင် ထိုးသွင်းခံလိုက်ရခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ သွေးများမှာ နေရာအနှံ့ စီးကျနေတော့သည်။
ကျင့်ကြံသူတစ်ဦး၏ ရှင်သန်နိုင်စွမ်းမှာ သန်မာလှသည်ဆိုသော်လည်း ပြိုင်ဘက်မှာလည်း ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့်အခါ ထိုအချက်မှာ အရေးမပါတော့ပေ။
ယခုအခါ မီရှန့် သည် ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သဖြင့် သူမ၏ အသက်စွမ်းအားမှာ အလျင်အမြန်ပင် ဆုတ်ယုတ်လာနေသည်။
ဝိညာဉ်ဆေးပင်တစ်မျိုးမျိုး၏ အကူအညီ မရရှိပါက သူမသည် မကြာမီမှာပင် နောင်တများစွာဖြင့် သေဆုံးသွားပေလိမ့်မည်။
မီရှန့် မှာ စကားကို ခက်ခဲစွာ ပြောလိုက်ရသည်။
"ဘာ... ဘာလို့လဲ"
သွေးဂျင်ဆင်းကို သိမ်းလိုက်ပြီးနောက် လီရှို့မင် က သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်ပြင်ကာ ခပ်ပါးပါး ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ စီနီယာအစ်မ ချန် က ငါ့ရဲ့ ကျင့်ကြံခြင်းအဖော် ဖြစ်ဖို့ သဘောတူထားလို့ပဲ ဒါကြောင့် မင်းရှိနေတာက ငါ့ရဲ့ လမ်းစဉ်အတွက် အဟန့်အတား ဖြစ်နေတယ်"
မီရှန့် ၏ မျက်လုံးများတွင် အာဃာတများ ပြည့်လျှံနေသည်။
"စီနီယာအစ်မ ချန် ဟုတ်လား သူမကပဲ မင်းကို ငါ့ကိုသတ်ဖို့ ခိုင်းတာလား"
"အဲဒီလိုတော့ မဟုတ်ပါဘူး သူမက မင်းကို စွန့်ပစ်ဖို့ပဲ ပြောခဲ့တာပါ ဒါပေမဲ့ ဝူချန်းတောင်က လူတိုင်းက ငါတို့နှစ်ယောက် နီးစပ်တာကို သိကြတယ် ငါတို့သာ လမ်းခွဲလိုက်ရင် တခြားလူတွေက ငါ့ကို ဘယ်လို မြင်ကြမလဲ စီနီယာအစ်မ ချန်ရဲ့ နောက်ကွယ်မှာ ရွှေရောင်အမြုတေအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိတယ်"
" ငါ အခြေတည်အဆင့်ကို တက်လှမ်းချင်ရင် အခြေတည်ဆေးလုံး တွေ လိုအပ်တယ် အဲဒီဆေးလုံးတွေက အရမ်းကို ရှားပါးတာ ငါသာ သူမနဲ့ အတူမရှိရင် အဲဒီဆေးလုံးတွေကို ရဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး"
ဟု လီရှို့မင် က ပြုံးလျက် ရှင်းပြသည်။
"မူလကတော့ ငါ မင်းကိုသတ်ပြီး ဖျောက်ဖျက်ပစ်ဖို့ သင့်တော်တဲ့နေရာ ရှာရဦးမှာပါ ဒါပေမဲ့ ဒီနေရာက တကယ့်ကို မဆိုးဘူး၊ အတော်ပဲ ဖြစ်သွားတာပေါ့ နှစ်တစ်ရာ မြေဇာသီး၊ နှစ်တစ်ရာ သွေးဂျင်ဆင်း၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဓားသန္ဓေ... စီနီယာအစ်မ ချန်ကို အားမကိုးရင်တောင် ဒီပစ္စည်းတွေနဲ့ဆိုရင် ငါ ချီသန့်စင်ခြင်းအဆင့်၁၂ ကို အလွယ်တကူ ရောက်နိုင်ပြီ"
မီရှန့် ရင်ကွဲမတတ် ခံစားလိုက်ရသည်။
"ဒါဆိုလည်း ငါ့ကို ဘာလို့ သတ်ဖို့ လိုသေးတာလဲမင်း ငါ့ကိုသာ အမှန်အတိုင်း ပြောပြခဲ့ရင် ဒါတွေအားလုံးကို ငါ မင်းကို စိတ်လိုလက်ရ ပေးခဲ့မှာပေါ့"
"ငါ ပြောခဲ့သလိုပဲ၊ အခြေတည်ဆေးလုံးက အဓိကပဲ ဒီတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိနေရင်တောင် အဲဒီဆေးလုံးတွေနဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ ဝူချန်းတောင်မှာ နှစ်တစ်ရာမှ အခြေတည်ဆေးလုံး ငါးလုံးပဲ ထွက်တာ "
" အဲဒီဆေးလုံးတွေက အရမ်းရှားပါးသလို ဂိုဏ်းထဲမှာလည်း ပါရမီရှင်တွေ အများကြီး ရှိတယ် ငါ့ထက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ အများကြီးပဲထူးခြားတဲ့ နည်းလမ်းတစ်ခုခု မရှိဘဲနဲ့တော့ ငါ ဒီတစ်သက် အခြေတည်အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး"
ဟု လီရှို့မင် က မဲ့ပြုံးဖြင့် ဆိုသည်။
အခြေတည်ဆေးလုံးက အဲဒီလောက်တောင် ရှားတာလား စီနီယာ ယွင်ဟယ် က ငါ့ကို တာအိုသုံးထောင်ကျင့်ကြံရေးဂိုဏ်း ထဲ မဝင်ခင် အခြေတည်အဆင့်ကို ရောက်အောင်လုပ်ဖို့ ပြောခဲ့တာ
ဒါက ငါ့ကို စမ်းသပ်တဲ့ သူ့ရဲ့ နည်းလမ်းတစ်ခု ဖြစ်ပုံရတယ် ဟု ဖန့်ချန် စိတ်ထဲမှ တွေးတောရင်း ကြားဖြတ်ပြောလိုက်သည်။
"နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ။ ငါ ဘာမှမမြင်လိုက်သလိုပဲ ဟန်ဆောင်ပေးပါ့မယ် မင်း ပစ္စည်းတွေလည်း ရပြီဆိုတော့ ငါ အခု ထွက်သွားလို့ ရပြီလား"
လီရှို့မင် ၏ အကြည့်က ဖန့်ချန် ထံသို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာတွင် ပြုံးနေသော်လည်း မျက်လုံးများကမူ အေးစက်နေဆဲပင်။
"ငါက သူမကို သတ်ဖို့ ဆုံးဖြတ်ပြီးမှတော့... မင်းကို ဒီအတိုင်း အသက်ရှင်လျက် ပြန်လွှတ်ပေးမယ်လို့ မင်း ထင်နေတာလား"
သူ၏ လက်အင်္ကျီအတွင်းမှ ဓားပျံတစ်စင်း ထွက်ပေါ်လာပြီး ဖန့်ချန် ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။
ရုတ်တရက် လက်တစ်ဖက် ပေါ်လာပြီး ထိုဓားပျံကို လေထဲတွင် ဖမ်းဆွဲလိုက်သည်။
ဓားပျံမှာ ထိုလက်အတွင်း၌ ရုန်းထွက်ရန် ပြင်းထန်စွာ တုန်ခါနေသော်လည်း ခဏအကြာတွင် ငြိမ်သက်သွားတော့သည်။
လီရှို့မင် ၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပေါ်လာသည်။
မီရှန့် လည်း အံ့အားသင့်သွားရသည်။
ထိုလက်မှာ ဝတ်ရုံနက်ကို ခြုံထားသော လူတစ်ဦး၏ လက်ပင် ဖြစ်သည်။
ထိုလူ၏လက်မှာ ဟောင်းနွမ်းနေသော်လည်း ရွှေနှင့်ကျောက်သားတို့ကို ပေါင်းစပ်သွန်းလုပ်ထားသည့်အလား ထင်ရသည်။ ထိုလက်သည် ဓားပျံကို ကိုင်ထားသော်လည်း မည်သည့်ဒဏ်ရာမျှ ရရှိခြင်း မရှိပေ။
လီရှို့မင် မှာ ချီသန့်စင်ခြင်းအဆင့် ၁၀ တွင် ရှိသည်။
သူ၏ ဓားပျံကို ထိုကဲ့သို့ ဖမ်းတားနိုင်သူမှာ အနည်းဆုံး အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်
လီရှို့မင် က အရိုအသေပေးလိုက်သည်။
"စီနီယာက ဘယ်သူပါလဲ"
သူသည် အလွန်ပင် ယဉ်ကျေးစွာ ပြောလိုက်ခြင်း ဖြစ်သည်။
ဝတ်ရုံနက်နှင့်လူက ခပ်တိုးတိုး ရယ်လိုက်သည်။
"မင်းက ငါ့နယ်မြေထဲကို ကျူးကျော်လာပြီးမှ ငါက ဘယ်သူလဲလို့ မေးနေတာလား"
သူတို့ သုံးဦးစလုံး၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာသည်။
ပုဒုမသေမျိုး ဖန့်ချန် သည် သူ၏ အံ့ဩမှုကို ထိန်းချုပ်ထားရင်း ထိုလူကို တိတ်တဆိတ် အကဲခတ်နေမိသည်။
ကံမကောင်းစွာဖြင့် ထိုလူ၏ မျက်နှာမှာ ဝတ်ရုံနက်အောက်တွင် ဖုံးကွယ်နေသဖြင့် မည်သို့သော ပုံစံရှိသည်ကိုပင် သူ မမြင်ရပေ။
"ဪ... စီနီယာက ဒီနေရာရဲ့ အရှင်သခင်ကိုးကျွန်တော် ရိုင်းပြမိသွားပါတယ်"
ဟု လီရှို့မင် က အလျင်အမြန် တောင်းပန်လိုက်သည်။
ဝတ်ရုံနက်နှင့်လူက ခပ်ပါးပါး ပြုံးလိုက်သည်။
"အခု မင်း သိပြီဆိုတော့ မင်းယူထားတဲ့ ပစ္စည်းတွေကို မူလနေရာမှာ ပြန်ထားသင့်တယ် မဟုတ်လား"
လီရှို့မင် ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
နှမြောသော်လည်း သူ ဘာမှမတတ်နိုင်သဖြင့် ယူထားသမျှကို ပြန်ထုတ်ပေးလိုက်ရတော့သည်။ ဝိညာဉ်ကျောက်တုံးများ၊ သွေးဂျင်ဆင်းနှင့် ဓားသန္ဓေတို့ကို ကျောက်စိမ်းစင်မြင့်ပေါ်သို့ ပြန်တင်လိုက်ရသည်။
"ပြီးတော့ မြေဇာသီး သုံးလုံးကိုလည်း ထားခဲ့ဦး"
ဟု ဝတ်ရုံနက်နှင့်လူက ထပ်ပြောသည်။
လီရှို့မင် ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူ ငါတို့ကို စောင့်ကြည့်နေတာပဲ
သူသည် ကသိကအောက် ပြုံးလျက် မြေဇာသီး သုံးလုံးကို ထုတ်ယူကာ ကျောက်စိမ်းစင်မြင့်ပေါ်တွင် ဂရုတစိုက် ပြန်တင်လိုက်သည်။
ဝတ်ရုံနက်နှင့်လူက ကျေနပ်စွာ ခေါင်းညိမ့်ပြသည်။
"စီနီယာ... ကျွန်တော် အခု သွားလို့ ရပြီလား"
ဟု လီရှို့မင် က မေးလိုက်သည်။
"ငါ့ရဲ့ အသွေးအသားတွေ အားပြန်မဖြည့်ရတာ ကြာပြီ၊ အခုဆိုရင် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ ထပ်ခံတော့မယ် မင်း ရောက်နေမှတော့. လူကောင်းပီပီ အဆုံးအထိ ကူညီပေးခဲ့ပါဦးလား"
ဟု ဝတ်ရုံနက်နှင့်လူက ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူ၏လက်ကို မြှောက်လိုက်သည်။
လီရှို့မင် မှာ မည်သို့မျှ မခုခံနိုင်ဘဲ ဝတ်ရုံနက်နှင့်လူ၏ လက်အတွင်းသို့ ချက်ချင်းပင် ဆွဲခေါ်ခံလိုက်ရသည်။
ထိုလူက စိတ်ဖြင့် စေခိုင်းလိုက်ရုံနှင့် လီရှို့မင် ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင် များမှာ အပြင်သို့ ပန်းထွက်လာပြီး ဝတ်ရုံနက်နှင့်လူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားတော့သည်။
လီရှို့မင် အကြီးအကျယ် ထိတ်လန့်သွားသည်။
"စီနီယာ... ခင်ဗျား"
သူ့ရှေ့က ကျင့်ကြံသူသည် သူတစ်ပါး၏ သွေးအနှစ်သာရကို စုပ်ယူပြီး ရှင်သန်ရသော မိစ္ဆာကျင့်ကြံသူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ
ထ်ုမြင်ကွင်းကို ကြည့်နေရင်း မီရှန့် က လှောင်ပြောင်သော မျက်ဝန်းများဖြင့် ရုတ်တရက် ရယ်မောလိုက်သည်။
"စီနီယာအစ်ကို ယမင်း ဘယ်လောက်ပဲ ကြံစည်ကြံစည် နောက်ဆုံးတော့ ဒီလို အခြေအနေမျိုးနဲ့ပဲ အဆုံးသတ်ရတာပဲ စီနီယာအစ်မ ချန်ကတော့ နောက်ထပ် ကျင့်ကြံခြင်းအဖော် အသစ်တစ်ယောက် ထပ်ရှာရတော့မှာပေါ့"
ဝတ်ရုံနက်နှင့်လူက လီရှို့မင် ၏ ရုန်းကန်မှုများကို ဂရုမစိုက်ဘဲ ရယ်မောနေဆဲပင်။
သူသည် သွေးအနှစ်သာရများကို ဆက်လက် စုပ်ယူနေပြီး လီရှို့မင် ၏ ခုခံမှုမှာလည်း တဖြည်းဖြည်း အားနည်းလာတော့သည်။
"ငါ ဒီမှာ သေလို့မဖြစ်ဘူး ငါက အနာဂတ်မှာ အခြေတည်အဆင့်ကို ရောက်ရမှာ ရွှေအမြုတေအဆင့်အထိတောင် ကျင့်ကြံရမှာ ငါ ဘယ်လိုလုပ် ဒီမှာ သေနိုင်မှာလဲ? ဘယ်လိုလုပ်ပြီးလဲ"
ဟု လီရှို့မင် က စိတ်ပျက်လက်ပျက် အော်ဟစ်နေတော့သည်။
ခဏမျှ ရုန်းကန်ပြီးနောက် လီရှို့မင် သည် သူ၏ ကံကြမ္မာကို လက်လျှော့လိုက်ရတော့သည်။
သူ၏ ဝိညာဉ်စွမ်းအင်များကို မည်သို့ပင် လည်ပတ်စေကာမူ ထိုလူ၏ လက်အတွင်းမှ သူ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။