အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း ၁၉၅ - သူခိုးက လူပြန်ဟစ်
နှင်းရေခဲအင်ပါယာ ၏ မြို့တော်အတွင်းရှိ သာမန်နေအိမ်တစ်လုံးတွင် ရွှီဂီ သည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သစ်ကိုင်းလေးတစ်ခုဖြင့် ပုရွက်ဆိတ်များကို အပျင်းပြေ ကလိနေသည်။
ကျောက်ယန် ကတော့ မလှမ်းမကမ်းတွင် ရပ်ကာ ကောင်းကင်ယံကို ငေးကြည့်နေ၏။
သူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေကြပြီး ခြံဝင်းတစ်ခုလုံးမှာ ထူးထူးခြားခြား ငြိမ်သက်နေသည်။
တံခါးတွန်းဖွင့်သံ ထွက်ပေါ်လာတော့မှသာ သူတို့နှစ်ဦး အနားသို့ ချဉ်းကပ်သွားကြသည်။
"သခင်လေး"
သူတို့နှစ်ဦးစလုံး အရိုအသေပေးလိုက်ကြသည်။
ဖန့်ချန် က မောပန်းသော်လည်း ကျေနပ်သည့်အပြုံးဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
သူသည် မိမိကိုယ်တိုင်အဖြစ် ရုပ်ဖျက်ထားသော ရုပ်သေးရုပ် ကိုသာ အခြားသူများနှင့်အတူ ဂူသင်္ချိုင်းသို့ လွှတ်ခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်မှာမူ ဝိညာဉ်စွမ်းအားဖြင့်သာ နောက်မှ လိုက်ပါခဲ့ခြင်းဖြစ်သည်။
မူလက သူ၏ ဝိညာဉ်တစ်ခုတည်းဖြင့် ပုဒုမသေမျိုး၏ ဂူသင်္ချိုင်းအတွင်းသို့ ဝင်နိုင်ပါ့မလားဟု စိုးရိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ အဆင်ပြေခဲ့သည်။
ဝိညာဉ်စွမ်းအားကို အချိန်အတော်ကြာ အဝေးသို့ ပို့လွှတ်ထားရသဖြင့် မောပန်းမှုက စတင်လာသည်။ ရုပ်သေးရုပ်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် အမြဲတမ်း အာရုံစိုက်နေရသဖြင့် အာရုံပျံ့လွင့်၍ မရပေ။
"ဒီရက်ပိုင်းအတွင်းမှာ ဒီနားက ဘုရားကျောင်းတွေကို သွားကြည့်ခဲ့ကြသေးလား"
ဟု ဖန့်ချန် က မေးလိုက်သည်။
ကျောက်ယန် နှင့် ရွှီဂီ တို့ ခေါင်းညိမ့်ပြကြသည်။
"နှင်းရေခဲအင်ပါယာမှာ နတ်ဘုရား အမျိုးမျိုးကို ကိုးကွယ်ကြပေမယ့် ပုဒုမသေမျိုး ကို ကိုးကွယ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး"
ဖန့်ချန် ခပ်ဖွဖွ ခေါင်းညိမ့်လိုက်သည်။ ပုဒုမသေမျိုး ထိုနေရာတွင် ကျင့်ကြံနေစဉ်အချိန်က နှင်းရေခဲအင်ပါယာ ရှိမနေခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့်ပင် သူ့အတွက် ရည်စူးသည့် ဘုရားကျောင်း သို့မဟုတ် နတ်ကွန်းများ မရှိခြင်း ဖြစ်ပေလိမ့်မည်။
ဖန့်ချန် သည် ကျောက်ယန် ဘက်သို့ လှည့်လိုက်သည်။
"ကျိမိသားစုကော ဒီရက်ပိုင်း ဘာတွေ လုပ်နေလဲ"
"ဘာမှ ထူးထူးခြားခြား မရှိပါဘူး ကျွန်တော်နဲ့ ဂီဒီမှာရှိနေတာကို သူတို့သိပေမယ့် ကျွန်တော်တို့ကို စောင့်ကြည့်ဖို့ လူမလွှတ်ထားပါဘူး"
ဟု ကျောက်ယန် က ပြန်ဖြေသည်။
ဖန့်ချန် ခေါင်းညိမ့်ကာ
"ပြင်ဆင်ထားခိုင်းတဲ့ ဝေါယာဉ်ကော အဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ပါပဲ"
ဟု ကျောက်ယန် က အတည်ပြုသည်။
ဖန့်ချန် က ပြုံးလိုက်သည်။
"ဒါဆိုရင် ငါတို့ ထွက်ကြစို့"
"တောက် ဒီအကောင် ဒါက ရုပ်သေးရုပ် ဖြစ်နေတာလား"
ပုဒုမသေမျိုး သည် ခန်းမဆောင်အတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပျက်စီးနေသော ရုပ်သေးရုပ် အပိုင်းအစများကို ကြည့်ကာ မျက်နှာမှာ တစ်စထက်တစ်စ ပိုမို ခက်ထန်လာသည်။
သူ အလှည့်စားခံရသည်မှာ ဘယ်နှစ်နှစ်တောင် ရှိပြီနည်း ၎င်းမှာ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူလေးတစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရသည် မဟုတ်လား
"ဒီလူငယ်လေးက တော်တော်လေး အကွက်စေ့ပြီး သတိကြီးတာပဲ သူ့မှာ ရထားတဲ့ အခွင့်အရေးတွေက အတော်လေး ကြီးမားပုံရတယ် ဒါကြောင့်လည်း ဒီလောက် သတိထားနေတာနေမှာ"
"သူပြောတဲ့ စကားတွေထဲက အချို့က အမှန်ဖြစ်နိုင်တယ် အဲဒီနေရာမှာ သူတော်စင်အဆင့် ဝိညာဉ်ဆေးပင်တွေ ရှိနေတာ ဖြစ်နိုင်တယ်"
ဟု ပုဒုမသေမျိုး က တိုးတိုးလေး ရေရွတ်လိုက်သည်။
ဟင်းလင်းပြင်အတွင်းရှိ ဖန့်ချန် ၏ ဝိညာဉ်စွမ်းအားမှာ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
တဖက်လူတွင် အခြား လျှို့ဝှက်ချက်များ ရှိနေသေးသလားဆိုသည်ကို သူ သိလိုခြင်း ဖြစ်သည်။
တဖက်လူသည် သူ့ကို ထိုနေရာသို့ လှည့်စားခေါ်ယူခဲ့ရခြင်းမှာ အပြင်လောကတွင် သူ့ကို တိုက်ခိုက်ရန် ကန့်သတ်ချက်များ သို့မဟုတ် အတားအဆီးများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
အခြေအနေကို ပိုမိုနားလည်ထားခြင်းမှာ သူ၏ နောက်ထပ်လှုပ်ရှားမှုအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။
အကောင်းဆုံးရလဒ်မှာ လီတောက်ယဲ့ နှင့် အခြားသူများကို ကယ်တင်ပြီး ပုဒုမသေမျိုး ချန်ထားခဲ့သော ကောင်းမွန်သည့် ပစ္စည်းများကို ရယူခြင်းပင် ဖြစ်သည်။
ရလဒ်ကောင်းနိုင်သလို ဆိုးလည်း ဆိုးနိုင်သည်။ အရာအားလုံးမှာ ကံတရားပေါ်တွင်သာ မူတည်သည်။ တွက်ချက်မှုမှာ သုံးပုံသာ ရှိပြီး ကံတရားမှာ ခုနစ်ပုံ ရှိသည် မဟုတ်လား။
"ဒီကောင်လေးကို ငါ မဖမ်းနိုင်ရင်တောင် ငါ့ရဲ့ ဓားသန္ဓေကိုတော့ အပါမခံနိုင်ဘူး ဟင်းလင်းပြင် ထာဝရဓားဂိုဏ်း က အဲဒါကို ရှာနေတာ နှစ်ပေါင်း နှစ်ရာကျော်ပြီ အခုမှပဲ ကောလာဟလတွေက ငြိမ်သွားတာ"
ပုဒုမသေမျိုး သည် စိတ်ထဲမှ တွေးတောရင်း ခန်းမဆောင်အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူက လက်ကို မြှောက်လိုက်ရာ အလင်းမှိန်မှိန်တစ်ခု ထွက်ပေါ်သွားသည်။
မကြာမီမှာပင် လင်းနို့မိစ္ဆာနှင့် ကျောက်သားဘီလူးကြီးတို့ ပေါ်လာပြီး တောင်အပြင်ဘက်တွင် ရပ်ကာ အမိန့်ကို စောင့်မျှော်နေကြသည်။
"မကြာခင်က ဒီထဲကို ဝင်လာတဲ့ သက်ရှိမှန်သမျှကို ဖမ်းခဲ့စမ်း"
ဟု ပုဒုမသေမျိုး က အေးစက်စွာ အမိန့်ပေးလိုက်သည်။ မိစ္ဆာနှစ်ကောင်မှာ အနောက်သို့လှည့်ကာ ထွက်ခွာသွားကြတော့သည်။
ပုဒုမသေမျိုး၏ မျက်နှာတွင် ပင်ပန်းနွမ်းလျမှုများ ပေါ်လာပြီး ခန်းမဆောင်အတွင်းသို့ ဖြည်းဖြည်းချင်း ပြန်ဝင်လာခဲ့သည်။
သူသည် ကျောက်စိမ်းစင်မြင့်ကို ခပ်ဖွဖွ ပုတ်လိုက်ရာ ၎င်း၏အောက်တွင် အပေါက်တစ်ခု ပေါ်လာသည်။ သူသည် ထိုအပေါက်ထဲတွင် လဲလျောင်းကာ မျက်လုံးများကို မှိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
ဖန့်ချန် မပြုံးဘဲ မနေနိုင်တော့ပေ။ သူ တကယ်ပဲ ဒီခန္ဓာကိုယ်ကို အကြာကြီး မသုံးနိုင်တာပဲ။ သူ့ရဲ့ ဝိညာဉ်က ဒီခန္ဓာကိုယ်နဲ့ တကယ် မပေါင်းစပ်နိုင်သေးတာ ဖြစ်နိုင်တယ်
ပုဒုမသေမျိုး ကိုယ်တိုင် လှုပ်ရှားလို့ မရမှတော့ ကျန်တဲ့အလုပ်တွေက လွယ်ကူသွားပြီဖြစ်သည်။
လီတောက်ယဲ့ တို့ အချိန်အနည်းငယ်လောက် ထပ်ထိန်းထားနိုင်သရွေ့ ထိုနေရာမှ ဘေးကင်းကင်းနှင့် ထွက်သွားနိုင်မည် ဖြစ်သည်။
နောက်တစ်ခဏတွင် ဖန့်ချန် ၏ ဝိညာဉ်စွမ်းအားမှာ လီတောက်ယဲ့ နှင့် မီရှန့် တို့၏ အထက်တွင် ပေါ်လာသည်။ သူတို့နှစ်ဦးမှာ ရုန်းရင်းဆန်ခတ်ဖြင့် ပြန်ပြေးနေကြပြီး လမ်းတစ်လျှောက်တွင် သားရဲအချို့နှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုသားရဲများ၏ အစွမ်းမှာ ကျောက်သားဘီလူးနှင့် လင်းနို့မိစ္ဆာတို့ထက် များစွာ နိမ့်ကျလှသည်။ သူတို့နှစ်ဦးမှာ အခြေအနေကို ထိန်းချုပ်နိုင်ပြီး ရင်ဆိုင်မှုတိုင်းမှ အမြန်ဆုံး ဆုတ်ခွာနိုင်ခဲ့ကြသည်။
"ဒီအတိုင်း ဆက်သွားလို့ မရဘူး ကျင့်ကြံသူ ဖန့် သာ အဲဒီလူရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရရင် သူက ငါတို့နောက်ကို ချက်ချင်း လိုက်လာမှာပဲ"
ဟု မီရှန့် က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
လီတောက်ယဲ့ က မျက်လုံးလှန်ကြည့်ကာ
"ဒါဆို မင်းမှာ ဘာအကြံရှိလဲ"
မီရှန့် ခဏမျှ စဉ်းစားပြီးနောက်
"ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်း ပြန်ကောင်းလာပြီဆိုပေမယ့် ဒဏ်ရာတွေကတော့ အကုန်မပျောက်သေးဘူး အခု ဓားပျံကို မနည်းပဲ ထိန်းနိုင်သေးတယ် ငါတို့ ရောက်တဲ့အခါကျရင် ကျွန်မ ဒဏ်ရာကုဖို့ အချိန်လိုမယ် အဲဒီအချိန်မှာ ရှင် ကျွန်မကို ကာကွယ်ပေးနိုင်မလား"
လီတောက်ယဲ့ က စိတ်အားထက်သန်စွာ ခေါင်းညိမ့်သည်။
"ဒါပေါ့ စိတ်ချယုံကြည်လိုက်စမ်းပါ"
မီရှန့် သည် သူမ၏ ဓားပျံကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး လီတောက်ယဲ့ နှင့်အတူ လေထဲသို့ ပျံတက်သွားသည်။
သူမအနေဖြင့် လက်ရှိအခြေအနေတွင် ဓားကို ကောင်းကောင်း မထိန်းနိုင်သေးသော်လည်း ခြေလျင်သွားခြင်းထက်စာလျှင် များစွာ မြန်ဆန်လှသည်။
နောက်ဆုံးတွင် တစ်ရက်ခန့် ပျံသန်းပြီးနောက် သူတို့နှစ်ဦးမှာ ဂူသင်္ချိုင်း၏ ဝင်ပေါက်သို့ ရောက်ရှိသွားကြသည်။
မီရှန့် သည် ချက်ချင်းပင် ထိုင်ချကာ ဒဏ်ရာများကို ကုသတော့သည်။
လီတောက်ယဲ့ လည်း သူ၏ ကတိအတိုင်း ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်ပေးနေသည်။
လီတောက်ယဲ့ က ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ဟူး ဖန့်ချန် တစ်ယောက် အသက်ရှင်နေသေးလား သေပြီလား မသိဘူး သူက ဟိုဝတ်ရုံနက်နဲ့လူကို အာရုံလွှဲဖို့ သူ့ကိုယ်သူ စတေးခဲ့တာလေ သူက တကယ့်ကို သူတော်ကောင်းပဲ ငါ သူ့ကို ကျေးဇူးတင်ရမယ်"
ထိုအချိန်မှာပင် မလှမ်းမကမ်းမှ အံ့ဩတုန်လှုပ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ညီအစ်ကို လီ"
လီတောက်ယဲ့ မော့ကြည့်လိုက်ရာ ဝမ်းသာအားရ အော်လိုက်သည်။
"ခင်ဗျားတို့ သုံးယောက်ကိုး ခင်ဗျားတို့ကို ဟိုကျောက်သားဘီလူး သတ်လိုက်ပြီ ထင်နေတာ"
သို့သော် ချက်ချင်းဆိုသလိုပင် ရှယားယိ တို့၏ အနောက်တွင် လီရှို့မင် ပါလာသည်ကို သူ မြင်လိုက်ရသဖြင့် သူ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
လီရှို့မင် သည်လည်း လီတောက်ယဲ့ နှင့် ဒဏ်ရာကုနေသော မီရှန့် ကို မြင်လိုက်ရသည်။
သူမသည် နှစ်တစ်ရာ မြေဇာသီးကို စားသုံးကာ ပြန်လည်သက်သာလာခြင်း ဖြစ်ရမည်ဟု သူ ချက်ချင်း ခန့်မှန်းမိလိုက်သည်။ မဟုတ်ပါက သူမ အသက်ရှင်နေရန် အကြောင်းမရှိပေ။
ထိုသို့တွေးမိသောအခါ လီရှို့မင် ၏ မျက်နှာမှာ အလွန် အုံ့မှိုင်းသွားပြီး ခက်ထန်သော လေသံဖြင့်
"ညီအစ်ကို ရှယား သူတို့ကို အရှင်ထားလို့ မရဘူး ငါ့ညီမလေးက အခု ဒဏ်ရာ အပြင်းအထန် ရထားတာ ဒါက သူမကို သတ်ဖို့ အကောင်းဆုံး အချိန်ပဲမဟုတ်ရင် သူမ အားပြန်ပြည့်လာတဲ့အခါ ငါတို့တွေ သူမကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး"
လီတောက်ယဲ့ ခဏမျှ မှင်သက်သွားပြီးနောက် ဒေါသတကြီး ဆဲရေးလိုက်တော့သည်။
"လီရှို့မင်ယ မင်းက ငါတို့ကို အရင်တိုက်ခိုက်ခဲ့တဲ့ လူယုတ်မာဖြစ်ပြီးတော့ ဘာလို့ အခုမှ သူတော်ကောင်း ဟန်ဆောင်နေရတာလဲ ဖန့်ချန်နဲ့ မီရှန့် တို့ နှစ်ယောက်စလုံး ငါ့ကို ပြောပြပြီးသား မင်းက ဟိုစီနီယာအစ်မနဲ့ နှစ်ကိုယ်တူကျင့်စဉ် ကျင့်ဖို့အတွက် မင်းရဲ့ ညီမလေးကို နောက်ကနေ လုပ်ကြံခဲ့တာ မဟုတ်လား အမှန်အတိုင်း ပြောရရင် မင်းက ဒီလောက်အထိ ကပ်ပါးရပ်ပါး နေမယ့်ကောင်မှန်း ငါ မသိခဲ့ဘူး"
ရှယားယိ အပါအဝင် သုံးဦးစလုံး အနည်းငယ် အံ့ဩသွားကြသည်။
ထို့နောက် သူတို့သည် မျက်မှောင်ကြုတ်ကာ လီရှို့မင် ထံမှ ဖြည်းဖြည်းချင်း အကွာအဝေး တစ်ခု ထားလိုက်ကြသည်။
"ဒါကို ဘယ်လို ရှင်းပြမလဲ ညီအစ်ကို လီ"
"သူတို့ စကားကို မယုံနဲ့ သူ့ကို ရှာဖွေကြည့်ရင် မင်းတို့ သိရလိမ့်မယ် ဟိုဝိညာဉ်ကျောက်တုံးတွေနဲ့ ဓားသန္ဓေက သူ့ဆီမှာ ရှိနေမှာ သေချာတယ်"
ဟု လီရှို့မင် က တည်ငြိမ်စွာ ပြောလိုက်သည်။
"အကယ်၍ သူ့ဆီမှာ မရှိရင်တောင် ဖန့်ချန် ဆီမှာ ရှိမှာပဲ"
"ဒါပေမဲ့ သခင်လေး ဖန့်က ဖမ်းဆီးခံလိုက်ရပြီလေ၊ အသက်ရှင်လား သေပြီလားတောင် မသိရဘူး"
ဟု လျူဆွေဖုန်း က ပြောသည်။
"ဘာ"
လီတောက်ယဲ့ လန့်အော်လိုက်သည်။
"ခင်ဗျား ဘာပြောလိုက်တာလဲ ဖန့် ချန် ဖမ်းခံလိုက်ရတယ် ဟုတ်လား ခင်ဗျားတို့ မျက်စိနဲ့ တကယ် မြင်ခဲ့တာလား"
ရှယားယိ က သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
"ဟုတ်တယ်၊ သခင်လေး ဖန့် တကယ်ပဲ ဖမ်းခံလိုက်ရတာပါ ငါတို့က ကျင့်ကြံမှုအဆင့် နိမ့်လွန်းလို့ သူ့ကို မကူညီနိုင်ခဲ့ဘူး"
လီတောက်ယဲ့ ၏ မျက်နှာမှာ အလျင်အမြန် ပြောင်းလဲသွားသည်။
"တောက် ဒီကောင်က ဒီလောက်တောင် အသက်တိုရသလား"
"ကဲ သူပြောတဲ့ စကားတွေ ဟုတ်မဟုတ် သက်သေပြဖို့အတွက် မင်းကို ငါတို့ ရှာဖွေခွင့် ပြုနိုင်မလား"
ဟု လျူဆွေဖုန်း က တောင်းဆိုလိုက်သည်။
"ငါ့ကို ရှာမယ် ဟုတ်လား ခင်ဗျားတို့က တကယ်ပဲ ဒီအပြင်လူရဲ့ စကားကို ယုံနေတာလား မီရှန့် တောင် သူ့ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့တာလေ ငါတို့က သူ့ဆီက ပစ္စည်းတွေကို လုယူနိုင်မယ်လို့ ခင်ဗျားတို့ ထင်နေတာလား"
လီတောက်ယဲ့ က လှောင်ပြုံး ပြုံးလိုက်သည်။
"သူ့ရဲ့ သနားစရာကောင်းတဲ့ ပုံစံကို ကြည့်ပြီး အထင်မသေးနဲ့ သူ့ရဲ့ အသွေးအသား စွမ်းအားတွေက တကယ်ကို သန်မာခဲ့တာ ဒါပေမဲ့ ဝတ်ရုံနက်နဲ့ စီနီယာက အကုန်စုပ်ယူသွားလို့ အခုလို ဖြစ်နေတာအဲဒီမတိုင်ခင်ကဆိုရင် ငါတို့ သုံးယောက်ပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ရှယားယိ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့လည်း ဒီတစ်ခေါက်မှာ ဒဏ်ရာတွေ ရခဲ့သလို ဝိညာဉ်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ရတယ် ငါတို့ဘက်က အရှုံးကြီးတော့ အခံနိုင်ဘူး မင်းကို ရှာခွင့်ပေးလိုက်ပဲ တကယ်လို့ မင်းဆီမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ သွေးဂျင်ဆင်း မရှိဘူးဆိုရင်တော့ မင်းစကားကို ငါတို့ ယုံပေးမယ်"
အခန်း ၁၉၆ - ထွက်ပေါက်
"ကြည့်စမ်း သူ တွေဝေနေပြီ"
လီရှို့မင် က လှောင်ပြောင်လိုက်သည်။
သို့သော် သူ၏အကြည့်မှာ မီရှန့် ထံတွင်သာ ရှိနေ၏။ ကံမကောင်းစွာဖြင့် သူသည် လက်ရှိတွင် အားနည်းနေသဖြင့် ရှယားယိ တို့ရှေ့တွင် လှုပ်ရှားရန် ခက်ခဲနေသည်။
"တွေဝေနေတယ် ဟုတ်လား"
လီတောက်ယဲ့ က ရယ်မောလိုက်သည်။
"ငါက ဘာလို့ တွေဝေနေရမှာလဲ ဖန့်ချန် က ဒီဝိညာဉ်ကျောက်တုံးတွေအတွက် သူ့အသက်ကို ရင်းခဲ့တာ ငါတို့ ဘေးကင်းဖို့အတွက် သူက ဝတ်ရုံနက်နဲ့လူကို အာရုံလွှဲပေးခဲ့တာလေဒါတွေက သူ့ပစ္စည်းတွေ၊ မင်းနဲ့ ဘာမှမဆိုင်ဘူး"
လီရှို့မင် က ခပ်ပါးပါး ပြုံးလိုက်သည်။
"သူ ဝန်ခံသွားပြီ"
ရှယားယိ မျက်မှောင်ကြုတ်သွားသည်။
"မင်း ခုနက ဘာပြောလိုက်တာလဲ ကျင့်ကြံသူ ဖန့် က တမင်သက်သက် အာရုံလွှဲပေးခဲ့တာ ဟုတ်လား"
"အဲဒီလိုသာ မဟုတ်ရင် သူ ဘယ်လိုလုပ် အဖမ်းခံရမလဲ ငါ ဂရုမစိုက်ဘူး မင်းတို့ အဲဒီဝိညာဉ်ကျောက်တုံးတွေကို လိုချင်ရင် သူပြန်လာတဲ့အထိ စောင့်ကြ။"
ဟု လီတောက်ယဲ့ က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"သူ ပြန်လာချင်မှ ပြန်လာတော့မှာပါ"
ရှယားယိ က သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။
"သူ့ကို ဟိုလင်းနို့မိစ္ဆာ ခေါ်သွားတာ ငါတို့ မျက်မြင်ပဲ"
"စီနီယာအစ်ကို ရှယား စကားတွေ အများကြီး ပြောမနေပါနဲ့တော့ ကျင့်ကြံသူ ဖန့် သေသွားပြီဆိုမှတော့ ဒီ ရှစ်ထောင့်ဗေဒင်ဂိုဏ်း က တပည့်ကို မျက်နှာသာပေးနေဖို့ မလိုတော့ဘူး"
လျူဆွေဖုန်း က ပြုံးလျက် လီတောက်ယဲ့ ဘက် လှည့်ကာ
"မင်း ဒီကို ရောက်လာနိုင်တာ သခင်လေး ဖန့်ကြောင့်ပဲ မဟုတ်ရင် မင်းလို ကျင့်ကြံမှုအဆင့်မျိုးနဲ့ ငါတို့ မခေါ်လာဘူး မင်း သိတတ်တယ်ဆိုရင် မင်းဆီမှာ ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေ အကုန်ပေးလိုက်ပါ ငါတို့ မင်းကို လက်ဗလာနဲ့တော့ ပြန်မလွှတ်ပါဘူး မင်းရဲ့ ပင်ပန်းမှုအတွက် ဝေစုတစ်ခု ပေးပါ့မယ်"
လီတောက်ယဲ့ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"ခင်ဗျားတို့ တော်တော် အရှက်မရှိတာပဲ"
"ငါတို့က ကျင့်ကြံသူတွေလေ အဲဒါကို မမေ့နဲ့"
ဟု လျူဆွေဖုန်း က အေးအေးဆေးဆေး ပြန်ပြောသည်။
ထိုစကား၏ အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။
ကျင့်ကြံသူတစ်ဦးအတွက် အရှက်မရှိခြင်း ဆိုသည်မှာ ဘာမှမဟုတ်ပေ။ ကိုယ်ကျိုးစီးပွားကသာ အရာအားလုံး ဖြစ်သည်။
လွတ်လမ်းမရှိတော့သည်ကို သိသဖြင့် လီတောက်ယဲ့ သွားကြိတ်ကာ လီရှို့မင် ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါဆိုရင် ငါ ဝိညာဉ်ကျောက်တုံးတွေကို ခင်ဗျားတို့ကို ပေးမယ်၊ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီကောင်ကို အရင်သတ်ပေးရမယ် သူက လူကောင်းမဟုတ်ဘူးအနည်းဆုံးတော့ ခင်ဗျားတို့ထက် အများကြီး ပိုယုတ်မာတယ်"
ရှယားယိနှင့် အခြားနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် သူတို့၏အကြည့်မှာ လီရှို့မင် ထံသို့ ရောက်ရှိသွားသည်။
လီရှို့မင် က တည်ငြိမ်နေဆဲပင်။
"ဟဲဟဲ ငါက ဝူချန်းတောင် ရဲ့ တပည့်တစ်ယောက်ပဲ ငါသာ သေသွားရင် ငါ့ဂိုဏ်းက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး ငါ့ဂိုဏ်းက အကြီးအကဲတွေက လူသတ်သမားကို ဖမ်းဖို့ သေချာပေါက် လှုပ်ရှားကြလိမ့်မယ် အဲဒီအချိန်ကျရင် မင်းတို့ဂိုဏ်းတွေက မင်းတို့ကို ကာကွယ်ပေးနိုင်ပါ့မလား မင်းတို့ကြောင့် မင်းတို့ဂိုဏ်းတွေပါ ဒုက္ခရောက်ကုန်လိမ့်မယ်"
ထိုသုံးဦးစလုံး ဝူချန်းတောင်အကြောင်း မကြားဖူးသော်လည်း လီရှို့မင် နှင့် မီရှန့် တို့၏ ကျင့်ကြံမှုအဆင့်အရ ၎င်းမှာ တောင်ပိုင်းကောင်းကင်ဂိုဏ်း ထက် မနိမ့်ကြောင်း ခန့်မှန်းနိုင်ကြသည်။
လျူဆွေဖုန်း သည် လီတောက်ယဲ့ ဘက်သို့ ပြန်လှည့်လာသည်။
"မင်းတို့ နှစ်ယောက်ကြား ဘာဖြစ်ခဲ့လဲ ငါ စိတ်မဝင်စားဘူး အဲဒါ မင်းတို့ ကိစ္စပဲ ပစ္စည်းတွေကိုသာ ပေးလိုက်စမ်းပါ မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် ငါ့တိုက်ခိုက်လိုက်တာနဲ့ မင်း တားနိုင်မှာ မဟုတ်ဘူး"
"အဲဒီလိုလား"
မီရှန့် က မျက်လုံးများကို ဖွင့်လိုက်ပြီး လျူဆွေဖုန်း ကို အေးစက်စွာ ကြည့်လိုက်သည်။
"ကျွန်မ ဒဏ်ရာ မပျောက်သေးလို့ အားနည်းနေတယ် ဆိုပေမယ့် ကျွန်မသာ တိုက်ခိုက်လိုက်ရင် ရှင် ကျွန်မရဲ့ တစ်ကွက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး"
လျူဆွေဖုန်း ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
လီတောက်ယဲ့ က ဝမ်းသာအားရ ဖြစ်သွားသည်။
"မီရှန့် မင်း ဒဏ်ရာတွေ ဘယ်လိုနေလဲ ဝိညာဉ်စွမ်းအင်တွေ ပြန်ရပြီလား"
မီရှန့် က ခပ်ဖွဖွ ခေါင်းညိမ့်ပြပြီးနောက် လီရှို့မင် ကို ကြည့်လိုက်သည်။
"စီနီယာအစ်ကို ကျွန်မ မသေသွားတာကို ရှင် တော်တော် စိတ်ပျက်နေမှာပဲ မဟုတ်လား"
လီရှို့မင် ၏ မျက်လုံးများမှာ အေးစက်နေဆဲပင်။
"မင်းက တခြားသူတွေနဲ့ ပေါင်းပြီး ငါ့ကို အရင်လုပ်ကြံခဲ့တာလေ ညီမလေး"
"အရှက်မရှိလိုက်တာ ရှင် ဒီလောက်အထိ အရှက်မရှိမှန်း အရင်က မသိခဲ့ဘူး ဝူချန်းတောင်က စီနီယာတွေ၊ ဂျူနီယာတွေ အကုန်လုံး ရှင့်လို လူယုတ်မာရဲ့ လှည့်စားတာကို ခံနေရတာပဲ"
မီရှန့် က ခပ်တိုးတိုး ရယ်မောရင်း ရှယားယိ တို့ကို ကြည့်လိုက်သည်။
"လီရှို့မင် ကို သတ်လိုက်ကြပါ ဒါဆိုရင် မင်းတို့ ဝေစုရမယ့်အပြင် ကျွန်မ ဝူချန်းတောင်ကို ပြန်ရောက်ရင်လည်း မင်းတို့ကို ရက်ရက်ရောရော ဆုချခိုင်းပါ့မယ်"
"သူမ စကားကို မယုံနဲ့"
ဟု လီရှို့မင် က အလျင်အမြန် ပြောသည်။
"ဝူချန်းတောင်ရဲ့ တပည့်ကို သတ်တာက ဘယ်လိုအကြောင်းပြချက်ပဲ ရှိရှိ မင်းတို့အတွက် ကောင်းကျိုး ဖြစ်လာမှာ မဟုတ်ဘူး"
ရှီးယားယွီ တို့အဖွဲ့ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ကောင်းကင်ယံထက်မှ ကြောက်မက်ဖွယ် လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
သူတို့ အလျင်အမြန် မော့ကြည့်လိုက်ရာ ချဉ်းကပ်လာသော လင်းနို့မိစ္ဆာ၏ ပုံရိပ်ကို တွေ့လိုက်ရသည်။
ရှယားယိ သည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
"ပြေးကြစို့"
ဝိညာဉ်ကျောက်တုံးတွေက အသက်လောက် အရေးမကြီးပေ
"သွားကြစို့"
မီရှန့် သည်လည်း အနောက်သို့ လှည့်ကာ လီတောက်ယဲ့ နှင့်အတူ ထွက်ပြေးလေတော့သည်။
သူတို့ ခဏမျှ ပြေးပြီးနောက် အနောက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သည်ကို သေချာမှ သက်ပြင်းချနိုင်ကြသည်။
သို့သော် မီရှန့် သည် လီတောက်ယဲ့ ကို ကြည့်လိုက်သောအခါ ကြောင်အမ်းသွားသည်။
"ရှင် ဘာလို့ ငိုနေတာလဲ"
"ငိုတယ် ဟုတ်လား ဘာတွေ ပြောနေတာလဲ"
လီတောက်ယဲ့ က အနည်းငယ် နီမြန်းနေသော သူ၏ မျက်လုံးများကို ပွတ်လိုက်သည်။
"မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ ဒါပေမဲ့ ဟိုလင်းနို့မိစ္ဆာက ငါတို့နောက်ကို လိုက်လာတယ်ဆိုတော့ ဖန့် ချန်တကယ်ပဲ အသတ်ခံလိုက်ရပြီ ထင်တယ် အဲဒါကြောင့် ငါ နည်းနည်း ဝမ်းနည်းသွားတာပါ"
မီရှန့် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"သူ အလကား သေသွားမှာ မဟုတ်ပါဘူး ကျွန်မ ဝူချန်းတောင်ကို ပြန်ရောက်တာနဲ့ ဟိုဝတ်ရုံနက်နဲ့လူကတော့ သေဖို့သာ ပြင်ထားတော့"
လီတောက်ယဲ့ က အနည်းငယ် သံသယရှိနေသည်။
"တကယ်လား မင်းက သာမန်တပည့် တစ်ယောက်ပဲ မဟုတ်လား မင်းဂိုဏ်းက အကြီးအကဲတွေက မင်းစကားကို နားထောင်ပါ့မလား"
"ကျွန်မသာ သာမန်တပည့် ဖြစ်နေရင် လီရှို့မင် က ဘာလို့ ကျွန်မနားကို အရင်က ကပ်ခဲ့ပါ့မလဲ"
မီရှန့် က ခပ်ပါးပါး ပြုံးလိုက်သည်။
"ဒါပေမဲ့ စီနီယာအစ်မ ချန်က သူ့အတွက် ပိုပြီး အကျိုးအမြတ် ပေးနိုင်လို့ပေါ့"
လီတောက်ယဲ့ က နားလည်သွားဟန်ဖြင့် ခေါင်းညိမ့်သည်။
"အော်... အဲဒီလိုကိုး..."
ရုတ်တရက် အနောက်မှ အသံများ ထပ်မံ ကြားလိုက်ရပြန်သဖြင့် သူတို့နှစ်ဦးမှာ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အစွမ်းကုန် ထပ်မံ ထွက်ပြေးကြပြန်သည်။
အချိန်များ ကုန်လွန်သွားသည်။
နှစ်ရက်အကြာတွင်...
သူတို့နှစ်ဦးစလုံး ဝင်ပေါက်သို့ ပြန်ရောက်လာကြသည်။ ထိုနေရာသို့ ဝင်ရောက်ခဲ့သည်မှာ ဆယ်ရက် ပြည့်ခဲ့ပြီဖြစ်ရာ အခြား အခက်အခဲ မရှိပါက ယနေ့တွင် ထွက်ခွာနိုင်မည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်မှာ မီရှန့် နှင့် လီတောက်ယဲ့ တို့ကို အရင်ကထက် ပို၍ ပင်ပန်းနွမ်းလျစေခဲ့သည်။
သူတို့နှစ်ဦးစလုံးမှာ အတော်လေး သနားစရာကောင်းနေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာပေါင်းများစွာ ရှိနေသည်။
ရှယားယိ တို့ အခြေအနေမှာလည်း ထိုနည်းအတိုင်းပင်။
လီရှို့မင် ဆိုလျှင် ဘယ်ဘက်လက်တောင် ကျိုးနေပြီ ဖြစ်သည်။ သူသည် မီရှန့် ကို မြင်သောအခါ မျက်နှာမှာ အလွန် အုံ့မှိုင်းသွားတော့သည်။
လျူဆွေဖုန်း က စစ်ဆေးရန် ရှေ့သို့ တိုးလာပြီးနောက် မျက်နှာမှာ အလွန် တည်ကြည်သွားသည်။
"အချိန်က ပြည့်ပြီလေ ဘာလို့ ထွက်ပေါက်က မပွင့်သေးတာလဲ"
ရှယားယိ သည်လည်း ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ပြောင်းလဲသွားသည်။
"ငါတို့ ကျိမိသားစု ရဲ့ အိပ်မက်ဆိုးစစ်သည်တော် တွေရဲ့ အလှည့်စား ခံလိုက်ရပြီ ထင်တယ်"
"အလှည့်စားခံရတယ် ဟုတ်လား"
လီတောက်ယဲ့ နှင့် မီရှန့် တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာများ ဖြူလျော်သွားသည်။
ယနေ့အထိ အသက်ရှင်ကျန်ရစ်ရန်မှာပင် တော်တော် ခက်ခဲခဲ့ရသည်။ အကယ်၍ ထွက်ပေါက်သာ မပွင့်ပါက နောက်ထပ် တစ်ရက်တောင် သူတို့ တောင့်ခံနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လေတိုးသံ ထပ်မံ ကြားလိုက်ရပြန်သည်။ လင်းနို့မိစ္ဆာ လာနေပြီ။
အားလုံးက လူစုခွဲကာ ထွက်ပြေးရန် ပြင်နေစဉ်မှာပင် ထွက်ပေါက်မှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ရှစ်ထောင့်အစီအရင် မှာ ဖြည်းဖြည်းချင်း လည်ပတ်လာတော့သည်။
အားလုံး ချက်ချင်းပင် ဝမ်းသာသွားကြသည်။ ထွက်ပေါက် ပွင့်ပြီ
ကျိချုံယွန်း သည်'အိပ်မက်ဆိုးစစ်သည် အဖွဲ့နှင့်အတူ လက်ကို အနောက်ပစ်ကာ ရပ်နေသည်။
"အဲဒါ သူတို့ပဲဆိုတာ မင်း သေချာလား"
"သခင်ကြီး ကျွန်တော်တို့ အကုန် မြင်ခဲ့တာပါ အဲဒါ သူတို့ပါပဲ သူတို့တွေ အခု အတွင်းထဲမှာ ပိတ်မိနေပြီဆိုတော့ အနည်းဆုံး တစ်နှစ်လောက်တော့ ထွက်လာနိုင်မှာ မဟုတ်ဘူး"
ဖန့်ချန် တို့ကို လမ်းပြခဲ့သော အိပ်မက်ဆိုးစစ်သည်ခေါင်းဆောင်မှာ ဖန့်ချန် တို့၏ ပုံတူကားချပ်အချို့ကို ကိုင်ထားသည်။
ကျိချုံယွန်း က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား ကောင်းတယ် တစ်နှစ်လောက် ပိတ်မိနေရင် သူတို့ ကျင့်ကြံသူတွေ ဖြစ်နေရင်တောင် အသက်ရှင်ဖို့ မလွယ်ဘူး ကောင်းတယ်၊ ဟားဟားဟား"
ရုတ်တရက် တစ်စုံတစ်ယောက်က ဒေါသတကြီး အော်လိုက်သည်။
"ဘယ်သူလဲ"
ကျိချုံယွန်း လှည့်ကြည့်လိုက်ရာ လူနှစ်ယောက် ဝေါယာဉ်တစ်စင်းကို ထမ်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ကျောက်ယန် နှင့် ရွှီကော တို့ပင် ဖြစ်သည်။
"မင်းတို့ပါလား"
သူက မေးလိုက်ပြီးနောက် ဝေါယာဉ်အတွင်းသို့ လှမ်းကြည့်လိုက်သည်။
အတွင်း၌ မည်သူ ရှိနေသနည်း