← Chapters

အခန်း (၃၁၅-၃၁၆)

Vol. 16 Ch. 315-316

အခန်း (၃၁၅-၃၁၆)

Vol. 16 Ch. 315-316

အပိုင်း(၃၁၅) အပေါ်ဆုံးထပ်သို့ တက်၍ သတ်ဖြတ်ခြင်း

"ဒါက စွမ်းအင်ကျောက်တုံးလား"

လင်းယွမ်၏ဘေးတွင် ထူလုံက လက်သည်းခွံအရွယ်အစားသာရှိသော ဖန်ပုတီးစေ့များကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံပေါ်နေသည်။

ဘုရားရေ... ဤမျှသေးငယ်သော စွမ်းအင်ကျောက်တုံးမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

ထိုက်ယန်တောင်ဘက်ရှိ သတ္တုတွင်းမှ အပေါ်ရံ တူးဖော်ရရှိသော စွမ်းအင်ကျောက်တုံးများပင်လျှင် ဤဖန်ပုတီးစေ့များထက် ကြီးမားနေသေးသည် မဟုတ်ပါလား။

ထိုကျောက်တုံးများမှ ထွက်လာသော အစအနလေးများကပင် ဤလူများ၏ လက်ထဲရှိ ကျောက်တုံးများထက် ပို၍ အရည်အသွေး ကောင်းမွန်နေသေးသည်။

လင်းယွမ်က ထိုကျောက်တုံးကို ယူကြည့်ရန် လက်လှမ်းလိုက်သော်လည်း လောင်ချီဟုခေါ်သော အမျိုးသားက ချက်ချင်း လက်သီးဆုပ်ကာ နောက်သို့ ရုတ်သိမ်းသွားခဲ့သည်။

သူက အေးစက်စက် အမူအရာဖြင့် "မိတ်ဆွေ... စည်းမျဉ်းကို နားမလည်ဘူးလား... အရောင်းအဝယ် မလုပ်ဘဲနဲ့ ဒီပစ္စည်းကို လက်လွှဲယူလို့ ရမလား" ဟု ပြောလိုက်သည်။

လင်းယွမ်က ပြုံးလိုက်ပြီး "လက်ထဲ မယူကြည့်ဘဲ အတုအစစ် ဘယ်လိုလုပ် သိနိုင်မှာလဲ" ဟု မေးလိုက်သည်။

"ဟက်... အခုခေတ်မှာ အတုလုပ်နိုင်တဲ့ နည်းပညာတွေ ရှိသေးတယ်လို့ မင်း ထင်နေတာလား" လောင်ချီက လှောင်ပြုံးပြုံးကာ မေးလိုက်သည်။

လင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး "ပြောရခက်တယ်"

လောင်ချီ၏ မျက်နှာက အနည်းငယ် တင်းမာသွားပြီး သူတို့အဖွဲ့ကို အကဲခတ်ကြည့်ကာ "ကြည့်လို့တော့ ရပါတယ်... ဒါပေမဲ့ ဒီအရောင်းအဝယ်ကို တကယ် လုပ်နိုင်တယ်ဆိုတာ မင်း သက်သေပြရလိမ့်မယ်" ဟု ပြောလိုက်သည်။

တစ်ဖက်လူက သူ၏လက်ထဲတွင် အရောင်းအဝယ် လုပ်နိုင်မည့် ပစ္စည်း ရှိမရှိကို သိချင်နေမှန်း လင်းယွမ် နားလည်လိုက်သည်။

သူက ခပ်ဟဟ ရယ်မောလိုက်ပြီး အင်္ကျီရင်ဘတ်ထဲမှ လက်ဝါးအရွယ်အစားရှိ အဖြူရောင် ထောင့်မှန်စတုဂံပုံစံ ဘူးငယ်တစ်ခုကို ထုတ်ယူလိုက်ရာ ထိုဘူးမှာ ပလတ်စတစ် အခွံပင် မခွာရသေးဘဲ အသစ်အတိုင်း ရှိနေသေးသည်။

လင်းယွမ်က "ဒါဆိုရင်ရော မင်းနဲ့ အရောင်းအဝယ် လုပ်ဖို့ လုံလောက်ပြီလား" ဟု မေးလိုက်သည်။

လောင်ချီသည် ဘူးပေါ်ရှိ စာတန်းကို မြင်လိုက်ရသည်နှင့် မျက်လုံးများ အရောင်လက်သွားပြီး "အမောက်ဆလင်" ဟု ရေရွတ်လိုက်သည်။

လင်းယွမ်၏ လက်ထဲရှိ ဘူးလေးမှာ အမောက်ဆလင် တစ်ဘူးပင် ဖြစ်သည်။

အမောက်ဆီလင်သည် ပဋိဇီဝဆေး တစ်မျိုးဖြစ်ပြီး ဆေးဝါးကုသမှု စနစ်များ လုံးဝ ပြိုလဲနေသော ယခုလို အခြေအနေမျိုးတွင် ထိုသို့သော ပဋိဇီဝဆေးဝါးများက အလွန် တန်ဖိုးကြီးမားလှပေသည်။

အမောက်ဆလင်သည် ရောဂါများစွာကို ကုသပေးနိုင်ပြီး အထူးသဖြင့် နားပြည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အဆုတ်ရောင်ခြင်း၊ အရေပြား ကူးစက်ရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနှင့် အူလမ်းကြောင်း ကူးစက်ရောဂါများ ကဲ့သို့သော ဘက်တီးရီးယား ကူးစက်ရောဂါများကို အဓိက ကုသပေးနိုင်သည်။

အချုပ်အားဖြင့် ဆိုရလျှင် တစ်ခါတစ်ရံ၌ အမောက်ဆလင် တစ်ဘူးက လူ့အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်သည်။

"လုံလောက်တယ်... လုံလောက်တာထက်ကို ပိုတယ်"

လောင်ချီက စိတ်လှုပ်ရှားစွာဖြင့် စွမ်းအင်ကျောက်တုံး ပုတီးစေ့တစ်စေ့ကို အမြန်ထုတ်ယူကာ လင်းယွမ်ထံသို့ ကမ်းပေးလိုက်သည်။

လင်းယွမ်က ဖန်ပုတီးစေ့နှင့်တူသော အပြာရောင် စွမ်းအင်ကျောက်တုံးကို လှမ်းယူလိုက်သည်။

အနည်းငယ် အာရုံခံကြည့်လိုက်ရုံဖြင့် ၎င်းသည် ရေဓာတ် စွမ်းအင်ကျောက်တုံး ဖြစ်ကြောင်း လင်းယွမ် သိလိုက်သည်။

သို့သော် များမကြာမီမှာပင် ထိုစွမ်းအင်ကျောက်တုံးသည် သေးငယ်သော်လည်း ၎င်း၏အတွင်း၌ ပါဝင်သော ရေဓာတ် သန္ဓေပြောင်းစွမ်းအင်မှာ အလွန် သန့်စင်နေကြောင်းကို လင်းယွမ် သတိပြုမိသွားသည်။

ထိုကျောက်တုံးသည် ထိုက်ယန်တောင်မှ တူးဖော်ရရှိသော စွမ်းအင်ကျောက်တုံးများထက် အဆပေါင်းများစွာ ပို၍ သန့်စင်နေသည်။

လင်းယွမ်က စိတ်ထဲတွင် အံ့အားသင့်သွားပြီး "ဒါကို ဘယ်ကနေ ရလာတာလဲ" ဟု ချက်ချင်း မေးလိုက်သည်။

ဤအရာများက လူလုပ်ထားသော ပစ္စည်းများနှင့် မတူသောကြောင့် သူ အမှန်တကယ်ပင် ထူးဆန်းနေမိသည်။

ထို့ပြင် ဤအဆောက်အအုံကြီးထဲတွင် စွမ်းအင်ကျောက်တုံး သတ္တုတွင်း ရှိနေရန်လည်း မဖြစ်နိုင်ပေ။

ထို့ကြောင့် သူသည် ဤစွမ်းအင်ကျောက်တုံးများ၏ ဇာစ်မြစ်ကို အလွန် စိတ်ဝင်စားသွားခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လောင်ချီက အနည်းငယ် အံ့သြသွားပြီး လင်းယွမ်ကို ကြည့်ကာ "မင်း မသိဘူးလား" ဟု မေးလိုက်သည်။

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး တစ်ဖက်လူ၏ မျက်နှာအမူအရာအရ သူ သိထားသင့်သည့် ကိစ္စတစ်ခု ဖြစ်ပုံရကြောင်း ခန့်မှန်းမိလိုက်သည်။

ဤစွမ်းအင်ကျောက်တုံးများ၏ ဇာစ်မြစ်သည် မှောင်ခိုဈေးကွက်ထဲ၌ လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘူးဆိုတဲ့ သဘောလား။

လင်းယွမ်က "ငါက သိရမှာလား" ဟု ပြန်မေးလိုက်သည်။

လောင်ချီက ခဏစဉ်းစားပြီးနောက် "ထားလိုက်တော့... ဒါက လျှို့ဝှက်ချက်ကြီးလည်း မဟုတ်ပါဘူး... ဘယ်သူ့ကိုပဲဖြစ်ဖြစ် မေးကြည့်လိုက်ရင် သိနိုင်တဲ့ ကိစ္စပဲ" ဟု ပြောလိုက်သည်။

"ဒီပစ္စည်းတွေက သန္ဓေပြောင်း ကမာကောင်... သန္ဓေပြောင်း ခရုခွံ... သန္ဓေပြောင်း ဂုံးကောင် စတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကနေ ရလာတာလေ"

"ယေဘုယျအားဖြင့် ပြောရရင် သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ် ကြီးလေလေ သူတို့ဆီက ရတဲ့ စွမ်းအင်ကျောက်တုံးတွေကလည်း ပိုပြီး ကြီးလေလေပဲ"

"ခပ်ကြီးကြီး ခရုခွံတချို့ကို ခွဲကြည့်လိုက်ရင် စွမ်းအင်ကျောက်တုံးတွေ အများကြီး ထွက်လာတတ်တယ်"

"ဒီပစ္စည်းတွေကို သန္ဓေပြောင်းစွမ်းအင် လက်နက်တွေနဲ့ တွဲသုံးလိုက်ရင် အရမ်း အစွမ်းထက်တဲ့ စွမ်းအားတွေကို ထုတ်လွှတ်ပေးနိုင်တယ်"

"ဘယ်လိုလဲ... ယူမှာလား... မင်းကို ဈေးလျှော့ပေးပါ့မယ်... ဆေး တစ်လုံးကို စွမ်းအင်ကျောက်တုံး တစ်စေ့နဲ့ လဲပေးမယ်... ငါ့ဆီမှာ ရှိတဲ့ထဲက ကြိုက်တဲ့ ဓာတ်အမျိုးအစားကို ရွေးယူလို့ ရတယ်"

လောင်ချီသည် အမောက်ဆလင်ပေါ် အလွန် သဘောကျနေပုံရပြီး လင်းယွမ်ကို ကြိုက်သလို ရွေးချယ်ခွင့် ပေးသည်အထိ ရက်ရောသော ကမ်းလှမ်းမှုကို ပြုလုပ်လာခဲ့သည်။

လင်းယွမ်က လေးနက်စွာ တွေးတောလိုက်ပြီး ဤစွမ်းအင်ကျောက်တုံးများသည် ခရုခွံအမျိုးအစား သန္ဓေပြောင်း သတ္တဝါများ၏ ခန္ဓာကိုယ်တွင်းမှ ရရှိခြင်း ဖြစ်နေသည်ပေါ့။

ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် သန္ဓေပြောင်း ခရုကောင်များကို အများအပြား ဖမ်းမိခဲ့သော်လည်း ဤကဲ့သို့သော စွမ်းအင်ကျောက်တုံးများကိုမူ မတွေ့ရှိခဲ့ရပေ။

ဝန်ထမ်းတွေများ သတိမထားမိဘဲ လွတ်သွားခဲ့တာလား။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်မိပြီး ပြန်ရောက်ပါက သားသတ်ရုံဘက်တွင် ထိုသို့သော အခြေအနေမျိုး ရှိမရှိကို သွားရောက် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင် ဤခရုခွံများအတွင်းရှိ စွမ်းအင်ကျောက်တုံးများက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

ထိုစွမ်းအင်ကျောက်တုံးများတွင် ပါဝင်သော စွမ်းအင်များက အဘယ်ကြောင့် ဤမျှ သန့်စင်နေရသနည်း။

လင်းယွမ်၏ စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်လာသော်လည်း သူက အလောတကြီး မဖြစ်ဘဲ နောက်မှ အခွင့်အရေးရလျှင် ဖြည်းဖြည်းချင်း လေ့လာရန်သာ တွေးလိုက်သည်။

လင်းယွမ်က စွမ်းအင်ကျောက်တုံး တစ်စေ့ကို လဲလှယ်ယူလိုက်ပြီး ကျန်သော ဆေးဝါးများကို ပြန်သိမ်းလိုက်သည်။

ထို့နောက် သူက "မင်းတို့က အမှတ်(၈၇) အဆောက်အအုံက လူတွေလား" ဟု မေးလိုက်သည်။

လောင်ချီက ခေါင်းခါပြကာ "မဟုတ်ပါဘူး... ငါနဲ့ လောင်ယန်က အမှတ်(၆၂) အဆောက်အအုံကပါ... စွမ်းအင်ကျောက်တုံး တချို့ စုဆောင်းမိလို့ လာရောင်းတာပါ"

သူက ဘေးရှိ အခြား လူလတ်ပိုင်း အမျိုးသား တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

ထိုလူလတ်ပိုင်း အမျိုးသားက လင်းယွမ်ကို ပြုံးပြလိုက်သည်။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး "ဒီအရိုးလက်နက်တွေကို ဘယ်သူ လုပ်တာလဲ" ဟု မေးလိုက်သည်။

လောင်ချီ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ခေါင်းခါယမ်းကာ "မိတ်ဆွေ... လျှောက်မမေးပါနဲ့... ဒါက အမှတ်(၈၇) အဆောက်အအုံရဲ့ လျှို့ဝှက်ချက်ပါ... အရင်တုန်းက တိတ်တဆိတ် စုံစမ်းတဲ့လူတွေ နောက်နေ့ကျတော့ အသတ်ခံလိုက်ရတယ်"

လင်းယွမ်က မျက်မှောင်ပင့်လိုက်ပြီး ဤကိစ္စတွင် လျှို့ဝှက်ချက် တစ်ခုခု ရှိနေကြောင်း ချက်ချင်း ရိပ်မိသွားသည်။

အကယ်၍ ၎င်းသည် အမှတ်(၈၇) အဆောက်အအုံ၏ ခေါင်းဆောင် လိုင်ကျစ်ရုံ ဖန်တီးထားသော သန္ဓေပြောင်းစွမ်းအင် လက်နက်များ ဖြစ်ပါက အမှတ်(၈၇) မှ လူများသည် ဤမျှ ဂရုတစိုက် လျှို့ဝှက်ထားရန် လိုအပ်ပါမည်လား။

လင်းယွမ်က "မင်းတို့ မိန်းမတွေရော အရောင်းအဝယ်လုပ်လား" ဟု ထပ်မေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် လောင်ချီနှင့် လောင်ယန်တို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။

သူတို့နှစ်ဦးက လင်းယွမ်နှင့် နောက်ပါများကို အကဲခတ်ကြည့်လိုက်ပြီးနောက် အေးစက်သော အမူအရာများ ပေါ်ထွက်လာသည်။

လောင်ချီက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး "ငါတို့ လူကုန်ကူးတဲ့ အလုပ် မလုပ်ဘူး... မင်း လူမေးမှားနေပြီ" ဟု ခပ်အေးအေးပင် ပြောလိုက်သည်။

ထို့နောက် သူက လင်းယွမ်နှင့် အခြားစကားများ ဆက်မပြောတော့ဘဲ နောက်လှည့်ကာ ထောင့်ချိုးဘက်သို့ ဆုတ်ခွာသွားသည်။

လောင်ယန်ကလည်း ဘာမှမပြောတော့ဘဲ နေရာမှ ထွက်ခွာသွားခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ လင်းယွမ်က မျက်မှောင်ပင့်လိုက်ပြီး ထိုလူနှစ်ဦးကို စူးစိုက်ကြည့်လိုက်ကာ ပြုံးလိုက်ပြီးနောက် အခြား လူမိုက်ကြီးများကို လှည့်ကြည့်လိုက်သည်။

"မင်းတို့ရော မိန်းမတွေ မဝယ်ဘူးလား"

ချက်ချင်းပင် အခြား လူမိုက်ကြီးများက ရယ်မောလိုက်ကြပြီး သူ၏အနီးသို့ ဝိုင်းအုံလာကြသည်။

တစ်ယောက်က "အရင်ဆုံး ပစ္စည်းကို ကြည့်ရမယ်... ခန္ဓာကိုယ် အချိုးအစားနဲ့ အသက်အရွယ်ကို ကြည့်ပြီးမှ လိုချင်လား မလိုချင်ဘူးလား ဆိုတာ ဆုံးဖြတ်လို့ ရမယ်" ဟု မေးလိုက်သည်။

"ဟေး အစ်ကို... ခင်ဗျားဆီမှာ နုနုထွတ်ထွတ်လေးတွေ ရှိလား... ငယ်လေ ကောင်းလေပဲ... ဈေးနှုန်းကတော့ ညှိနှိုင်းလို့ ရပါတယ်"

"ဟားဟား... အစ်ကိုက ကိုယ့်လူပဲ... ခင်ဗျားနောက်က မိန်းမနှစ်ယောက်က မဆိုးဘူးပဲ... ဈေးလေး ဘာလေး ခေါ်ကြည့်ပါလား"

လူအများအပြားက မျက်စပစ်ပြကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး တစ်ယောက်ကမူ လင်းယွမ်၏ အနောက်မှ ချန်ယန်းနှင့် ဝမ်ရှောင်ယာတို့ကိုပင် မျက်စိကျနေခဲ့သည်။

လင်းယွမ်က ဒေါသမထွက်ဘဲ အပြုံးလေးဖြင့် "ဟက်... ခင်ဗျားတို့က လူကုန်ကူးတဲ့ အလုပ်ကို လုပ်တယ်ပေါ့လေ" ဟု ရယ်မောကာ မေးလိုက်သည်။

လူအနည်းငယ်က ခေါင်းညိတ်ပြလိုက်ပြီး လင်းယွမ်နှင့် ဤအရောင်းအဝယ်ကို ပြုလုပ်ချင်နေကြသည်။

လင်းယွမ်က ဘာမှဆက်မပြောတော့ဘဲ လှည့်ကာ ထူလုံကို "မင်းကို လွှဲပေးခဲ့မယ်... ငါ ဘေးခန်းကို သွားကြည့်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။

ထူလုံသည် ဒေါသများ ထွက်နေသည်မှာ ကြာပြီဖြစ်ရာ ထိုစကားကို ကြားသည်နှင့် တစ်ခွန်းမျှ ပြန်မပြောဘဲ သူ၏ ကိုယ်ခန္ဓာက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။

"ရွှစ်"

သူက မျက်စိတစ်မှိတ်အတွင်း ကျားဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဝမ်ရှောင်ယာနှင့် ချန်ယန်းတို့ကို မျက်စိကျနေသော ကောင်ဆီသို့ ရက်စက်စွာ ကုတ်ခြစ်ပစ်လိုက်သည်။

"အား..."

ဂျွတ်ခနဲ အသံကို ကြားလိုက်ရပြီးနောက် ထိုလူထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

ထိုလူ၏ ရင်ဘတ်က ကျားလက်သည်းများကြောင့် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားသည်ကို တွေ့လိုက်ရသည်။

သွေးများ ပန်းထွက်လာကာ ကလီစာများလည်း ပြန့်ကျဲသွားသည်။

ဤမြင်ကွင်းကြောင့် ကျန်ရှိနေသော လူအနည်းငယ်မှာ ချက်ချင်း မှင်တက်သွားကြသည်။

ထောင့်တွင် ရှိနေသော လောင်ချီနှင့် လောင်ယန်တို့ နှစ်ဦးပင်လျှင် မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

မှောင်ခိုဈေးကွက်ထဲ၌ ပြဿနာရှာကာ လူသတ်ရဲသူ ရှိလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

အခြားလူများ သတိပြန်မဝင်လာခင်မှာပင် ချန်ယန်း၊ ဝမ်ရှောင်ယာနှင့် နိချီတို့က ချက်ချင်း လက်ပါသွားခဲ့ကြသည်။

ဝမ်ရှောင်ယာက ရေစီးကြောင်း တစ်ခုကို ဖန်တီးကာ တစ်ယောက်ကို ချက်ချင်း ဖမ်းချုပ်လိုက်ပြီး ချန်ယန်းကလည်း စိတ်စွမ်းအင် ထိုးနှက်ချက်ကို ထုတ်လွှတ်လိုက်သည်။

ထိုလူမှာ ခေါင်းထဲတွင် အလွန်အမင်း နာကျင်သွားပြီး နေရာမှာတင် ငြိမ်သက်သွားခဲ့သည်။

ထို့နောက် နိချီက အရိုးတူရွင်းကို ကိုင်ဆောင်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်း ကြီးမားလာပြီး လက်မောင်းများကို ပြင်းထန်စွာ ဝှေ့ယမ်းကာ ထိုလူ၏ ခေါင်းကို ထုရိုက်လိုက်သည်ကို မြင်လိုက်ရသည်။

ဘုန်းခနဲ အသံနှင့်အတူ ထိုလူ၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

အခန်းထဲရှိ အခြားလူတစ်ဦးမှာ ရုတ်တရက် တုန်လှုပ်သွားပြီး သန္ဓေပြောင်းစွမ်းအင်ကို ချက်ချင်း အသက်သွင်းရန် ပြင်လိုက်သည်။

သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများက ဖောင်းကြွလာကာ ချက်ချင်း ကြီးမားလာသည်။

သူသည် ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်ပုံရသည်။

သို့သော် သူ လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် ဦးခေါင်းအတွင်းသို့ အပ်များဖြင့် ထိုးစိုက်ခံရသကဲ့သို့ ရုတ်တရက် နာကျင်သွားခဲ့သည်။

"အား..."

သူက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် 'ဂျွတ်' ခနဲ အသံနှင့်အတူ အဖြူရောင် အရိပ်တစ်ခုက သူ၏ လည်ပင်းကို လိမ်ချိုးလိုက်သည်။

ထူလုံက မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်လိုက်ပြီး ကျားဖြူအသွင်မှ လူသားအသွင်သို့ ပြန်လည် ပြောင်းလဲသွားသည်။

အခန်းထဲရှိ လူကုန်ကူးသူ သုံးဦး သေဆုံးသွားပြီး လောင်ယန်နှင့် လောင်ချီသာ ကျန်ရစ်ခဲ့သည်။

ထိုနှစ်ဦးမှာ ရန်သူကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ထူလုံတို့ကို စိုးရိမ်တကြီး ကြည့်နေကြသည်။

ထူလုံက သူတို့ကို ကြည့်ကာ အံကြိတ်ပြုံးပြလိုက်ပြီး "ကျွန်တော်သာ ခင်ဗျားတို့နေရာမှာ ဆိုရင်တော့ လျှောက်ပြေးနေမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။

ထို့သို့ပြောပြီးနောက် သူက လှည့်ကာ နိချီတို့ကို "ပစ္စည်းတွေ သိမ်းပြီး ဆရာလင်းဆီ သွားရအောင်" ဟု ပြောလိုက်သည်။

သူတို့အဖွဲ့က အခန်းထဲရှိ လက်နက်များကို အလျင်အမြန် သိမ်းဆည်းနေကြရာ လောင်ချီနှင့် လောင်ယန်တို့မှာ မျက်လုံးပြူးကာ အံ့သြမှင်တက်နေကြသည်။

လောင်ချီက သတိပြန်ဝင်လာပြီး ကြောက်လန့်တကြားဖြင့် "မင်းတို့ ဘာလုပ်နေကြတာလဲ... ကိုယ့်ဟာကိုယ် ဘာလုပ်နေမှန်းရော သိကြရဲ့လား... ဒီနေရာက လိုင်ကျစ်ရုံရဲ့ နယ်မြေကွ... မင်းတို့က သေရမှာကို မကြောက်ဘူးလား" ဟု မေးလိုက်သည်။

ထူလုံက ခပ်ဟဟ ရယ်မောလိုက်ပြီး "ကြောက်ရမယ့်လူတွေက ဒီတိရစ္ဆာန်တွေပါ" ဟု ပြောလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ လေထုပေါက်ကွဲသံများနှင့်အတူ ညည်းညူသံများ ထွက်ပေါ်လာသည်။

အခန်းတွင်းရှိ လက်နက်များကို ထုပ်ပိုးသိမ်းဆည်းပြီးနောက် သူတို့အဖွဲ့က အခန်းထဲမှ အလျင်အမြန် ထွက်လာခဲ့ကြသည်။

အပြင်သို့ရောက်သည်နှင့် အစောပိုင်းက ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော လူငယ်လေးမှာ သွေးအိုင်ထဲတွင် လဲကျနေသည်ကို တွေ့လိုက်ရသည်။

မျက်နှာချင်းဆိုင်ရှိ အခန်းတံခါးမှာလည်း ပွင့်နေပြီး အတွင်းမှ သွေးညှီနံ့များ ထွက်ပေါ်နေသည်။

သူတို့က မျက်နှာချင်းဆိုင် အခန်းထဲသို့ ဝင်သွားသောအခါ အတွင်း၌ အလောင်းအချို့သာ ရှိနေပြီး အခြား မည်သည့်အရာမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။

"ဦးလေးလင်းရော" နိချီက အံ့အားသင့်စွာ မေးလိုက်သည်။

ထူလုံက တတိယမြောက် အခန်းကို အမြန် ကြည့်လိုက်ရာ လင်းယွမ်က ထိုအခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထူလုံတို့ လေးယောက်က အမြန် ပြေးသွားပြီး အခန်းထဲကို ကြည့်လိုက်သောအခါ ထိုနေရာတွင်လည်း အလောင်းအချို့မှလွဲ၍ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။

လင်းယွမ်က "ပစ္စည်းတွေ အားလုံး ငါ့ကို ပေးခဲ့... လောင်ချီနဲ့ လောင်ယန်ကို ခေါ်ထုတ်လာခဲ့" ဟု ပြောလိုက်သည်။

ထူလုံတို့က လက်နက်များကို လင်းယွမ်ထံ ပေးလိုက်ရာ လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုပစ္စည်းများ အားလုံး ပျောက်ကွယ်သွားသည်။

ထို့နောက် ထူလုံက လောင်ချီနှင့် လောင်ယန်တို့ နှစ်ဦးကို "ခင်ဗျားတို့ နှစ်ယောက် လာခဲ့ကြ" ဟု လှမ်းခေါ်လိုက်သည်။

သူတို့နှစ်ဦးက ဖြူရော်နေသော မျက်နှာများဖြင့် အခန်းထဲမှ ထွက်လာပြီး ဘေ့စ်ဘောဦးထုပ်ဆောင်း လူငယ်၏ အလောင်းကို ချက်ချင်း မြင်လိုက်ရသည်။

ထို့ပြင် ကျန်ရှိနေသော အခန်းများမှ မည်သူကမျှ အခြေအနေကို ထွက်ကြည့်ခြင်း မရှိပေ။

အခြားအခန်းများရှိ လူများအားလုံး အသတ်ခံလိုက်ရပြီဖြစ်ကြောင်း သူတို့ ချက်ချင်း ရိပ်မိသွားကြသည်။

ထိုအချက်ကို တွေးမိသောအခါ လောင်ချီနှင့် လောင်ယန်တို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိကြသည်။

ဒီ ဆရာလင်းဆိုတဲ့လူက ဘယ်သူလဲ။

ဒီလောက် တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ ဒီအထပ်က ကင်းစောင့်တွေကို သူ ဘယ်လိုများ ရှင်းလင်းလိုက်တာလဲ။

လင်းယွမ်က အလွန်တရာ အံ့သြနေသော ထိုနှစ်ဦးကို ကြည့်ကာ ပြုံးလိုက်ပြီး "မင်းတို့က လူကုန်ကူးတဲ့ အလုပ်ကို မလုပ်ဘူးဆိုတော့ အခြေခံ စည်းမျဉ်းစည်းကမ်းလေးတော့ ရှိပုံရပါတယ်... ငါ့ကို လမ်းပြပေးဖို့နဲ့ ဘယ်သူတွေက သေသင့်တယ်ဆိုတာကို ပြောပြပေးဖို့ လိုအပ်တယ်"

သူတို့နှစ်ဦးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လင်းယွမ်ကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

လောင်ချီက "ဒီက ညီလေး... မင်းက အရမ်း အစွမ်းထက်မှန်း ငါသိပါတယ်... ဒါပေမဲ့ ဒီကနေ ချက်ချင်း ထွက်သွားဖို့ အကြံပေးချင်တယ်... လိုင်ကျစ်ရုံရဲ့ လက်အောက်မှာ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိတယ်... မင်း ဘယ်လောက်ပဲ တော်နေပါစေ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... အမြန် သွားပါတော့" ဟု ပြောလိုက်သည်။

လောင်ယန်ကလည်း "ညီလေး... ဒီလူတွေက လူသတ်ရမှာကို မျက်တောင်မခတ်တဲ့ တိရစ္ဆာန်တွေကွ... သူတို့က လူ့အသက်ကို မြက်ပင်လေးတစ်ပင်လို သဘောထားတဲ့ လုပ်ရပ်တွေကို ငါတို့ သဘောမကျပေမဲ့လည်း သူတို့နဲ့ အရောင်းအဝယ် လုပ်ဖို့ ခေါင်းငုံ့ခံနေရတာပါ... မင်းတို့ မြန်မြန် ထွက်သွားကြပါ" ဟု ချက်ချင်း ဝင်ပြောသည်။

လင်းယွမ်က ပြုံးလိုက်ပြီး ဤလူများသည် မှောင်ခိုဈေးကွက် ပိုင်ရှင်၏ အာဏာစက်အောက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသောကြောင့် ပြန်လည် တော်လှန်ရန် သတ္တိများ မရှိတော့ကြောင်း သူ နားလည်လိုက်သည်။

သူက ဘာမှဆက်မပြောတော့ဘဲ အချိန်တော်တော်များများတွင် လုပ်ရပ်များဖြင့်သာ လူတစ်ဦးကို ယုံကြည်အောင် သိမ်းသွင်းနိုင်မည်ဟု တွေးလိုက်သည်။

သူက နောက်လှည့်ကာ အပေါ်ထပ်သို့ တက်သွားရာ ထူလုံတို့ကလည်း ပြုံးလိုက်ကြပြီး လင်းယွမ်၏ နောက်သို့ အသီးသီး လိုက်သွားကြသည်။

လှေကားထစ်များရှိရာသို့ ရောက်သည်နှင့် လက်နက်များ ကိုင်ဆောင်ထားသော အစွမ်းပိုင်ရှင် အချို့ ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။

သူတို့က ဤနေရာတွင် ဖြစ်ပွားခဲ့သော အသံများကို ကြားသွားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

ထိုအထဲမှ လူတစ်ဦးက အရိုးဓားကို ကိုင်ဆောင်ထားပြီး သူ၏ အလျင်မှာ အလွန် မြန်ဆန်ကာ "ရပ်လိုက်စမ်း" ဟု အော်ဟစ်လိုက်သည်။

သို့သော် သူ အနီးသို့ မရောက်လာခင်မှာပင် လင်းယွမ်က လက်ဖျောက်တစ်ချက်ကို ညင်သာစွာ တီးလိုက်သည်။

"ဘုန်း"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေလှိုင်းများ လူးလွန့်လာကာ အဖြူရောင် လေစီးကြောင်း တစ်ခု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

တုံးခနဲ အသံနှင့်အတူ လေစီးကြောင်းက ထိုလူ၏ ကိုယ်ပေါ်သို့ တိုက်ရိုက် ဝင်တိုက်သွားသည်။

ထိုလူက မသိစိတ်၏ စေ့ဆော်မှုဖြင့် သူ၏ ရင်ဘတ်ကို ဓားဖြင့် ကာကွယ်လိုက်သည်။

သူသည် အလျင်အမျိုးအစား အစွမ်းပိုင်ရှင် ဖြစ်သောကြောင့် တုံ့ပြန်မှု မြန်ဆန်ပြီး လက်မောင်းလှုပ်ရှားမှုများကလည်း လျင်မြန်လှသည်။

ထို့နောက် ဂျွတ်ခနဲ အသံကို ကြားလိုက်ရပြီး ထိုအရိုးဓားမှာ လေစီးကြောင်းနှင့် တိုက်မိကာ ချက်ချင်းပင် အပိုင်းပိုင်း အစစ ကွဲအက်သွားတော့သည်။

ထို အလျင်အမျိုးအစား အစွမ်းပိုင်ရှင်မှာ လေတိုက်ခတ်မှု အဟုန်ကြောင့် လွင့်စင်သွားပြီး လှေကားနံရံသို့ တိုက်ရိုက် ဝင်တိုက်မိသွားသည်။

ဘုန်းခနဲ အသံနှင့်အတူ နံရံတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး ထုံးမှုန့်များစွာ ကျဆင်းလာသည်။

ထို အလျင်အမျိုးအစား အစွမ်းပိုင်ရှင်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အရိုးများမှာ မနာကျင်သော နေရာဟူ၍ တစ်နေရာမျှ မရှိတော့ပေ။

သူက လှေကားထစ်ပေါ်သို့ ပြုတ်ကျသွားပြီး နာကျင်စွာ အော်ဟစ်နေတော့သည်။

အခြား အပေါင်းအပါများ အားလုံးက အံ့အားသင့်သွားကြပြီး မြေပြင်ပေါ်ရှိ အလျင်အမျိုးအစား အစွမ်းပိုင်ရှင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကာ လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ထိုအထဲမှ တစ်ယောက်က "မင်း သတ္တိ တော်တော်ကောင်းပါလား... အွတ်..." ဟု ချက်ချင်း သတိပေးလိုက်သည်။

သူ စကားပြော၍ပင် မဆုံးသေးခင် လည်ပင်း၌ အေးစက်သွားပြီး သွေးများစွာ ပန်းထွက်လာသည်။

ဓားမြှောင်နှင့်တူသော အရိုးဓားတစ်လက်က လေထဲတွင် ဝဲပျံနေသည်။

လင်းယွမ်၏ အကြည့်များက ကျန်ရှိနေသော လူများထံသို့ ရောက်ရှိသွားသည်။

ထိုလူ၏ လက်ထဲမှ လက်နက်မှာ ခွမ်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖြူရော်နေသော မျက်နှာဖြင့် လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် လှည့်လိုက်သည်နှင့် သူ၏ အနောက်ဘက်မှ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။

ထူလုံက ကျားဖြူကြီးအသွင်သို့ ပြောင်းလဲသွားပြီး ထိုလူကို လှေကားထစ်ပေါ်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။

"အသက်ချမ်းသာပေးပါ... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော့်ကို မသတ်ပါနဲ့"

မြေပြင်ပေါ်ရှိ ထိုလူက ကြောက်လန့်တကြား အသနားခံနေသည်။

လင်းယွမ်က အနီးသို့ ရောက်လာပြီး "လိုင်ကျစ်ရုံ ဘယ်အထပ်မှာ ရှိလဲ" ဟု မေးလိုက်သည်။

မြေပြင်ပေါ်ရှိ လူက "သုံးဆယ့်တစ်ထပ်... သုံးဆယ့်တစ်ထပ်မှာ ရှိပါတယ်" ဟု အလျင်စလို ပြန်ဖြေသည်။

လင်းယွမ်က "ဒီဓားမြှောင်ကို လိုင်ကျစ်ရုံ လုပ်ထားတာလား" ဟု ထပ်မေးလိုက်သည်။

ထိုလူက "ကျွန်တော်လည်း မသိပါဘူး... တကယ် မသိတာပါ... လက်နက်တွေ အားလုံးက သုံးဆယ့်တစ်ထပ်ကနေ ယူလာတာပါ... ကျွန်တော်က အပေါ်တက်ခွင့် မရှိပါဘူး" ဟု အလန့်တကြား ပြန်ဖြေသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ အပေါ်ထပ်သို့ တိုက်ရိုက် တက်သွားခဲ့သည်။

ထူလုံက ကျားလက်သည်းများဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဘုန်းခနဲ အသံနှင့်အတူ ထိုလူ၏ ဦးခေါင်းမှာ ချက်ချင်း ပေါက်ကွဲသွားပြီး သွေးသားများက လှေကားထစ်ပေါ်တွင် ပေပွသွားတော့သည်။

သူက တိုးတိတ်စွာ ဟိန်းဟောက်လိုက်ပြီး လင်းယွမ်၏ နောက်သို့ အလျင်အမြန် လိုက်သွားခဲ့သည်။

နိချီ၊ ချန်ယန်းနှင့် ဝမ်ရှောင်ယာတို့ကလည်း ချက်ချင်း လိုက်သွားကြသည်။

လူအချို့ကို သတ်ဖြတ်ပြီးနောက် အထပ်အတော်များများသို့ တက်သွားရာ အထပ်တစ်နေရာ၌ အစွမ်းပိုင်ရှင် လေးဦး ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုလူများက လင်းယွမ်နှင့် ကျားဖြူအသွင်ဖြစ်နေသော ထူလုံတို့ကို မြင်သောအခါ အနည်းငယ် မှင်တက်သွားကြသည်။

နောက်တစ်စက္ကန့်တွင် နေကာမျက်မှန် တပ်ထားသော အမျိုးသားတစ်ဦးက တွေဝေခြင်းမရှိဘဲ မျက်မှန်ကို ချွတ်လိုက်သည်။

"ရွှစ်"

သူ၏ မျက်လုံးနှစ်လုံးထဲမှ အပူချိန်မြင့်မားသော အလင်းတန်း နှစ်ခု ရုတ်တရက် ပစ်ထွက်လာသည်။

အလင်းတန်းများ ဖြတ်သန်းသွားသော နေရာများရှိ မြေကြီးနှင့် ကျောက်တုံးများမှာ ချက်ချင်း အရည်ပျော်သွားပြီး ကြမ်းပြင်များလည်း ပေါက်ကွဲထွက်သွားသည်။

လင်းယွမ်က မျက်မှောင်ပင့်လိုက်မိပြီး အနည်းငယ် အံ့အားသင့်သွားသည်။

မျက်လုံးမှ အပူလင်းတန်းများ ထွက်လာသော အစွမ်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။

သူက စိတ်စွမ်းအင်ကို လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် လိပ်ခွံပုံသဏ္ဌာန် ဖောက်ထွင်းမြင်ရသော အကာအကွယ် တစ်ခုက သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ထွက်လာသည်။

"ရွှစ်"

"ရွှစ်"

"ရွှစ်"

ထို အပူချိန်မြင့်မားသော အလင်းတန်းများက လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်သွားသည်။

ချက်ချင်းပင် လိပ်ခွံစွမ်းအင်အကာအကွယ်မှ ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်လာပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ပေါ်တွင် လှိုင်းဂယက်များ ထပ်ခါတလဲလဲ ထွက်ပေါ်လာသည်။

လင်းယွမ်က ထိုအပူချိန်မြင့်မားသော အလင်းတန်းများ၏ ပြင်းအားကို ခံစားကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။

"အစွမ်းကတော့ မဆိုးပါဘူး... တိုက်ခိုက်ရေးစွမ်းအားကလည်း မညံ့ဘူး... နှမြောစရာကောင်းတာက စိတ်စွမ်းအင် အရမ်း ညံ့ဖျင်းနေတာပဲ"

ထိုအပူချိန်မြင့်မားသော အလင်းတန်းများသည် တစ်ဖက်လူ၏ စိတ်စွမ်းအင်နှင့် သန္ဓေပြောင်းစွမ်းအင် ပြင်းအားအပေါ် တိုက်ရိုက် မူတည်နေကြောင်း လင်းယွမ် ကောင်းစွာ ခံစားမိနေသည်။

အဆင့်တူချင်း ယှဉ်မည်ဆိုပါက ဤကဲ့သို့သော အစွမ်းများ၏ စွမ်းအားမှာ ညံ့ဖျင်းသည်ဟု ဆို၍ မရနိုင်ပေ။

ကံမကောင်းစွာဖြင့် သူ၏ အရည်အသွေးများ အားလုံးက အမှတ် (၅၀) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် မျိုးရိုးဗီဇမြေပုံကို မဖွင့်ရသေးသော်လည်း သူက အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည်။

တစ်စုံတစ်ရာသော အပိုင်းတွင် အမှတ် (၅၀) သို့ ရောက်ရှိနေသည့် အစွမ်းပိုင်ရှင်များက သန္ဓေပြောင်းစွမ်းအင် လက်နက်များ သို့မဟုတ် ကျွမ်းကျင်မှုများကို တွဲဖက် အသုံးပြုမှသာ သူ၏ ကာကွယ်မှုကို ချိုးဖျက်နိုင်မည် ဖြစ်သည်။

မျက်မှန်တပ်ထားသော အမျိုးသား၏ အလွန်တရာ အံ့အားသင့်နေသော အမူအရာအောက်တွင် လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ထိုအရိုးဓားမြှောင်မှာ ချက်ချင်း လေတိုးသံများနှင့်အတူ လည်ထွက်သွားပြီး "ဝှီး ဝှီး ဝှီး" ဟု အသံသုံးချက် ထွက်ပေါ်လာသည်။

လူသုံးဦး၏ လည်ပင်းမှ သွေးများ ချက်ချင်း ပန်းထွက်လာပြီး မြေပြင်အနှံ့ သွေးများ ပေပွသွားသည်။

လင်းယွမ်က လှေကားထစ်များပေါ်သို့ တက်သွားပြီး ထိုအထပ်ကို ကြည့်လိုက်သည်။

ထိုအထပ်ရှိ အခန်းများအတွင်းတွင် လှပသော အမျိုးသမီး အသီးသီးက ရပ်နေကြပြီး ထိုမြင်ကွင်းကို ကြောက်လန့်တကြား ကြည့်နေကြသည်။

အမျိုးသမီးများမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး တချို့က အတွင်းခံများကိုသာ ဝတ်ဆင်ထားကာ တချို့ကမူ အရေးကြီးသော နေရာသုံးခုကို ဖုံးကွယ်ရန် ခါးစည်းကိုသာ ဝတ်ဆင်ထားကြသည်။

အခန်းတွင်း၌ အလွန် သန့်ရှင်းနေအောင် ရှင်းလင်းထားပြီး ပစ္စည်းမျိုးစုံကို အခန်းထဲတွင် ပုံထားသည်။

ဆိုဖာပေါ်တွင် ဝတ်လစ်စလစ် အမျိုးသမီး နှစ်ဦးက အစွမ်းပိုင်ရှင် တစ်ဦးကို ပြုစုပေးနေသည်။

ထိုလူက အပြင်ဘက်ရှိ လင်းယွမ်၏ အကြည့်များကို သတိပြုမိသွားပြီး ခေါင်းမော့ကြည့်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် မှိုင်းညို့သော အမူအရာများ ပေါ်ထွက်လာပြီး လင်းယွမ်ကို အေးစက်စွာ စိုက်ကြည့်ကာ "မင်းက ဘယ်သူလဲ" ဟု အော်ငေါက်လိုက်သည်။

လင်းယွမ်က အထပ်နံပါတ်ကို ကြည့်လိုက်ရာ ဤနေရာသည် သုံးဆယ့်တစ်ထပ်ပင် ဖြစ်သည်။

သူက "မင်းက လိုင်ကျစ်ရုံလား" ဟု ခပ်အေးအေးပင် မေးလိုက်သည်။

ဆက်ရန်...

အပိုင်း(၃၁၆) မှောင်ခိုဈေးပိုင်ရှင်

လိုင်ကျစ်ရုံက သူ့ဘေးရှိ အမျိုးသမီးနှစ်ဦးကို တွန်းဖယ်လိုက်ပြီး မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု သန်းနေ၏။

သူ၏ အရပ်အမောင်းက သိပ်မမြင့်လှဘဲ ၅ ပေ ၇ လက်မခန့်သာ ရှိကာ အခန်းတွင်း သပ်ရပ်သန့်ရှင်းနေသော်လည်း အလှစိုက် အပင်အိုးမျိုးစုံဖြင့် ပြည့်နှက်နေသည်။

ထိုအပင်များသည် လသာဆောင်၊ စားပွဲနှင့် လက်ဖက်ရည်သောက်စားပွဲများပေါ်တွင်သာမက မျက်နှာကြက်ပေါ်တွင်ပင် စိမ်းလန်းစိုပြည်နေသော နွယ်ပင်များ တွယ်တက်နေကြသည်။

ဤအခန်းလေးက နတ်သမီးပုံပြင်ထဲမှ အိမ်ငယ်လေးတစ်လုံးအလား သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။

အခန်းတွင်းရှိ အမျိုးသမီးများကလည်း တစ်ယောက်တစ်မျိုးစီ ဆွဲဆောင်မှုရှိကြပြီး ရင့်ကျက်ဆွဲဆောင်မှုရှိသူများ ပါဝင်သလို ချစ်စရာကောင်းသော ကောင်မလေးများလည်း ပါဝင်လေသည်။

သူတို့က လိုင်ကျစ်ရုံ သေချာဂရုတစိုက် စုဆောင်းထားသော အနုပညာပစ္စည်းများသဖွယ် အခန်းတွင်း၌ မွေးမြူခံထားရပြီး သူ၏ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အချိန်မရွေး ဖြည့်ဆည်းပေးရန် အသင့်ရှိနေကြသည်။

ယခုအချိန်တွင် သူ မတ်တပ်ရပ်လိုက်သည်နှင့်အတူ လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်အလား ပတ်ဝန်းကျင်လေထုကို အကဲခတ်လိုက်သည်။

အန္တရာယ်ငွေ့သက်တစ်ခုက သူ့အပေါ် ဖုံးလွှမ်းလာသည်ကို သူ ခံစားလိုက်ရ၏။

တစ်ဖက်လူက စတင်လှုပ်ရှားနေပြီ ဖြစ်သည်။

မည်သည့် တိုက်ခိုက်မှုမျိုးမှန်း မမြင်ရသော်လည်း လင်းယွမ်က ချက်ချင်းပင် လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖွင့်ချလိုက်သည်။

"ဝုန်း"

လိပ်ခွံစွမ်းအင်အကာအကွယ်က ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားပြီး သူ၏ အနောက်ဘက်ရှိ ထူလုံနှင့် အခြားသူများကိုပါ အကာအကွယ်ထဲသို့ သွတ်သွင်းလိုက်၏။

လင်းယွမ်က လိုင်ကျစ်ရုံကို ကြည့်ကာ မေးလိုက်သည် "ဒါက ဘယ်လိုတိုက်ခိုက်မှုမျိုးလဲ"

လိပ်ခွံစွမ်းအင်အကာအကွယ် ဖွင့်လိုက်သည်နှင့် အဆိုပါ အန္တရာယ်ငွေ့သက်က ချက်ချင်း ပြတ်တောက်သွားသဖြင့် လင်းယွမ်က အနည်းငယ် သိချင်စိတ်ပြင်းပြသွားသည်။

အမှန်တကယ်ပင် မည်သည့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုးကိုမျှ သူ မမြင်တွေ့ရသလို စိတ်စွမ်းအင်၏ လှုပ်ရှားမှုကိုပင် မခံစားမိချေ။

တစ်ဖက်လူက ဘာများလုပ်လိုက်သနည်း။

လိုင်ကျစ်ရုံ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားပြီး ထို လိပ်ခွံစွမ်းအင်အကာအကွယ်ကို ကြည့်ကာ စိတ်ထဲတွင် လေးလံသွား၏။

"စိတ်စွမ်းအင် အစွမ်းပိုင်ရှင်လား"

သူက လင်းယွမ်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည် "ကျုပ်က လိုင်ကျစ်ရုံ... တိုက်အမှတ်(၈၇)ရဲ့ ခေါင်းဆောင်ပဲ... ညီအစ်ကို့မျက်နှာကစိမ်းနေတယ်နော်... ဘယ်တိုက်ကလဲ... ကျုပ်တို့အရင်ကတွေ့ဖူးလား"

လင်းယွမ်က ခေါင်းခါပြလိုက်ပြီး သူ့အနောက်ရှိ ထူလုံတို့ကို ပြောလိုက်သည် "မင်းတို့တွေ အပေါ်ထပ်ကို အရင်သွားကြည့်ပြီး တခြားအမှိုက်တွေကို ရှင်းလိုက်"

"ဟုတ်ကဲ့... ဆရာလင်း" ထူလုံက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

လင်းယွမ်က ရင်ဘတ်ထဲမှ လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတကျောက်တုံး လေးတုံးကို ထုတ်ယူကာ သတိပေးလိုက်သည် "လိပ်ခွံစွမ်းအင်အကာအကွယ် ဖွင့်ဖို့ မမေ့နဲ့"

ထူလုံက သင်္ကေတကျောက်တုံးများကို အလျင်အမြန် လှမ်းယူလိုက်ပြီး အနောက်ရှိလူများကို ဝေငှပေးကာ အပေါ်ထပ်သို့ အမြန်ဆက်ပြေးသွားကြ၏။

လိုင်ကျစ်ရုံက ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် မျက်နှာချက်ချင်း ပျက်ယွင်းသွားသည်။

သူက ဆက်လက်သည်းမခံနိုင်တော့ဘဲ ကိုယ်နေဟန်ထားကို ချက်ချင်းရွှေ့ကာ အော်ဟစ်လိုက်သည် "ရပ်လိုက်စမ်း"

သူ့လက်တစ်ဖက်က နံရံပေါ် ဖိချလိုက်သည်နှင့် တစ်ပြိုင်နက် အပေါ်ထပ်သို့တက်သည့် လှေကားထစ်များရှိ နံရံက ရုတ်တရက် အက်ကွဲသွားကာ နွယ်ပင်များက ကျာပွတ်များအလား အရှိန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာပြီး ထူလုံတို့ကို ပြင်းထန်စွာ ရိုက်နှက်တော့၏။

ထိုအပင်၏ နွယ်ပင်များတွင် ဆူးများ အပြည့်ပါရှိပြီး အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေကာ ပုံမှန်မဟုတ်ဘဲ တောက်ပနေသည်။

ထူလုံတို့အားလုံး အလွန်အမင်း တုန်လှုပ်သွားကြပြီး အသိစိတ်မဲ့စွာပင် သင်္ကေတကျောက်တုံးများကို အလျင်အမြန် အသက်သွင်းလိုက်ရာ လိပ်ခွံစွမ်းအင်အကာအကွယ်များ ချက်ချင်း ပွင့်လာတော့သည်။

ဘုန်း ဘုန်း ဘုန်း ဟူသော အသံကျယ်ကြီးများ ထွက်ပေါ်လာပြီး နွယ်ပင်ကျာပွတ်များက လိပ်ခွံစွမ်းအင်အကာအကွယ်ကို အားကုန်လွှဲရိုက်ကြ၏။

လူအချို့၏ ခန္ဓာကိုယ်များမှာ ရိုက်နှက်ခံရမှုကြောင့် နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားရသည်။

ဝမ်ရှောင်ယာက ရေစီးကြောင်းများကို အမြန်ဖန်တီးကာ ရေမြွေများအဖြစ် ပြောင်းလဲလိုက်ပြီး နွယ်ပင်များကို ရစ်ပတ်စေလိုက်သည်။

ချန်ယန်းက ခေါင်းလှည့်ကာ လိုင်ကျစ်ရုံကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာကာ စိတ်စွမ်းအင်များက ဆူးချွန်များအဖြစ် ပြောင်းလဲသွားပြီး လိုင်ကျစ်ရုံထံသို့ ပြင်းထန်စွာ ထိုးစိုက်သွား၏။

လိုင်ကျစ်ရုံက ထိုစိတ်စွမ်းအင် တိုက်ခိုက်မှုကို ချက်ချင်း သတိထားမိလိုက်ပြီး သူ၏ ခေါင်းနောက်ဘက်တွင် အဝါရောင် ပန်းဖူးလေးတစ်ပွင့် ရုတ်တရက် ပွင့်အာလာသည်ကို တွေ့လိုက်ရသည်။

၎င်းနောက်တွင်တော့ မျက်စိဖြင့်မမြင်နိုင်သော စိတ်စွမ်းအင် အတားအဆီးတစ်ခုက သူ၏ ခေါင်းကို လွှမ်းခြုံသွားတော့၏။

"ဝုန်း"

ချန်ယန်းက သူမ၏ စိတ်စွမ်းအင် ထိုးစိုက်မှုမှာ ဂွမ်းပုံထဲသို့ ထိုးသွင်းလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီးနောက် စိတ်စွမ်းအင်များမှာ လေဟာနယ်ထဲတွင် တစ်ဝက်ခန့် ပျောက်ကွယ်သွားသည်ကို သိလိုက်ရသည်။

သူမ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး အလန့်တကြား အော်ဟစ်လိုက်သည် "ဒါက ဘယ်လိုအစွမ်းမျိုးလဲ"

လင်းယွမ်က တိုက်ပွဲတစ်လျှောက်လုံး လုံးဝ ဝင်မပါဘဲ လိုင်ကျစ်ရုံ၏ လှုပ်ရှားမှုများကိုသာ အကဲခတ်နေခဲ့သည်။

တစ်ဖက်လူက စိတ်စွမ်းအင်တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်သည်ကို မြင်လိုက်ရချိန်တွင် သူ စိတ်ဝင်စားသွား၏။

"သစ်ပင်တွေကို ထိန်းချုပ်နိုင်တဲ့ သစ်ဓာတ် အစွမ်းပိုင်ရှင်... စိတ်စွမ်းအင် တိုက်ခိုက်မှုကို ကာကွယ်နိုင်တဲ့ ဒီအစွမ်းက သူ့ရဲ့ ကိုယ်ပိုင်အစွမ်းမဟုတ်ဘဲ သူ့ခေါင်းပေါ်က အဝါရောင်ပန်းပွင့်ရဲ့ အာနိသင်ပဲ ဖြစ်ရမယ်"

"စိတ်ဝင်စားစရာပဲ... သန္ဓေပြောင်း အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို အသုံးပြုပြီး သူ့ရဲ့ ရန်သူကို ရင်ဆိုင်တဲ့ နည်းလမ်းတွေကို တိုးမြှင့်ထားတာပဲ... တော်တော်လေး လိမ္မာပါးနပ်တဲ့ စိတ်ကူးပဲ"

ဤလူက မည်မျှပင် တိရစ္ဆာန်ဆန်နေပါစေ တစ်ဖက်လူ၏ အရည်အချင်းကို ငြင်းပယ်၍မရနိုင်သဖြင့် လင်းယွမ်က သူ၏ ချီးကျူးမှုကို ဖုံးကွယ်မထားခဲ့ပေ။

ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီးထဲတွင် သန္ဓေပြောင်းစွမ်းရည် နိုးထလာနိုင်ရုံသာမက သန္ဓေပြောင်းစွမ်းရည်ကို ဤမျှ ထက်မြက်လာသည်အထိ တိုးတက်အောင် လုပ်နိုင်ခြင်းနှင့် လူနေအိမ်ရာ မှောင်ခိုဈေးတစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်ခြင်းက တစ်ဖက်လူ၏ ထူးချွန်သော ကိုယ်ပိုင်စွမ်းရည်ကို သက်သေပြရန် လုံလောက်နေသည်။

လိုင်ကျစ်ရုံက ချန်ယန်း၏ စိတ်စွမ်းအင် ထိုးစိုက်မှုကို ကာကွယ်ပြီးနောက် သူ၏ လက်တစ်ဖက်ကို ရုတ်တရက် မြှောက်လိုက်၏။

ထိုခဏတွင်ပင် ကြမ်းခင်းအုတ်ချပ်များအောက်မှ မရေမတွက်နိုင်သော နွယ်ပင်များက ရူးသွပ်စွာ ကြီးထွားလာကြသည်။

ကြမ်းပြင်ကို ထိုးဖောက်ကာ ဝုန်းဒိုင်းကျဲ ထွက်ပေါ်လာပြီး လူအများကို ရစ်ပတ်ရန် အလျင်အမြန် ပျံ့နှံ့လာတော့သည်။

လိပ်ခွံစွမ်းအင်အကာအကွယ်ဖြင့် ကာကွယ်ထားသော်ငြားလည်း ထိုနွယ်ပင်များက လိပ်ခွံစွမ်းအင်အကာအကွယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပြီး ထူလုံတို့ကို ဥခွံကဲ့သို့ ရစ်ပတ်ကာ မူလနေရာတွင်ပင် အသေအချာ ဖိနှိပ်ထားလိုက်၏။

ထူလုံတို့အားလုံး ထိတ်လန့်ဒေါသထွက်သွားကြသော်လည်း သင်္ကေတကျောက်တုံးကို လွှတ်ချကာ လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖျက်သိမ်းပစ်ရန် မရဲကြချေ။

အကယ်၍ လိပ်ခွံစွမ်းအင်အကာအကွယ်ကိုသာ ရုပ်သိမ်းလိုက်ပါက ညှစ်သတ်ခံရမည်မှာ လိပ်ခွံစွမ်းအင်အကာအကွယ် မဟုတ်တော့ဘဲ သူတို့၏ ခန္ဓာကိုယ်များသာ ဖြစ်သွားပေမည်။

"ဒီနေရာမှာ အပင်မျိုးစေ့တွေ အများကြီးကို သူ ကြိုတင်စိုက်ပျိုးထားတာ... ဒီနေရာက သူ့ရဲ့ အဓိက စစ်မြေပြင်ပဲ" ထူလုံက ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

ဝမ်ရှောင်ယာ၏ ရေနဂါးက မည်မျှပင် စွမ်းနေပါစေ ဤပျော့ပျောင်းသော နွယ်ပင်များကို မည်သို့မျှ မတတ်နိုင်ချေ။

နိချီက သူမ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် သေးငယ်အောင်လုပ်ကာ ထိုးဖောက်ရန် ကြိုးစားသော်လည်း နွယ်ပင်များ၏ ဟာကွက်များကြားမှ ထွက်ပြေးနိုင်သည်အထိ သေးငယ်အောင် မလုပ်နိုင်ခဲ့ပေ။

ချန်ယန်း၏ စိတ်စွမ်းအင် ထိုးစိုက်မှုကလည်း လိုင်ကျစ်ရုံ ခေါင်းပေါ်ရှိ ပန်းပွင့်၏ ဝါးမျိုခြင်းကို အကြိမ်ကြိမ် ခံနေရသည်။

ယခုမြင်ကွင်းအရ လင်းယွမ်တို့အဖွဲ့မှာ လုံးဝ အရေးနိမ့်သွားသည့်ပုံ ပေါက်နေ၏။

လိုင်ကျစ်ရုံက မဲ့ပြုံးပြုံးလိုက်ပြီး လင်းယွမ်တို့ကို ကြည့်ကာ ပြောလိုက်သည် "ကောင်းကင်ကြီး ဘယ်လောက်ကျယ်မှန်း မသိတဲ့ သောက်ရူးတွေပဲ... မင်းတို့အဆင့်လေးနဲ့ ငါ့ဆီလာပြီး ပြဿနာရှာရဲသေးတယ်"

"မင်းတို့ကို ကပ်ပါးမျိုးစေ့တွေ စိုက်ထည့်ပေးပြီးရင် နောက်ပိုင်း ငါ့အတွက် တံခါးစောင့်ခွေးတွေ လုပ်ကြပေါ့... ဟား ဟား"

သူက လက်ငါးချောင်းလုံးကို သူတို့ဘက်သို့ လှည့်ကာ အားကုန် ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းပင် နွယ်ပင်များအားလုံးက အသေအလဲ ကျုံ့ဝင်ကြပ်တည်းလာပြီး ထူလုံတို့၏ ခန္ဓာကိုယ်ပတ်လည်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်များက အလျင်အမြန် ကျုံ့ဝင်သွားကာ ဝန်ပိနေသည့်အလား ကျွတ်ကျွတ်မြည်သံများ ထွက်ပေါ်လာ၏။

လိပ်ခွံစွမ်းအင်အကာအကွယ်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာပင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။

လင်းယွမ်၏ ခန္ဓာကိုယ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော နွယ်ပင်များက ရစ်ပတ်လွှမ်းခြုံထားသည်။

ဤနွယ်ပင်များက စပါးအုံးမြွေများအလား အပြင်ဘက်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်ကို ညှစ်သတ်နေကြ၏။

သို့သော် လင်းယွမ်၏ စိတ်စွမ်းအင်က အလွန် ကြီးမားလွန်းလှသဖြင့် ဤနွယ်ပင်များက မည်မျှပင် အားစိုက်ထုတ်စေကာမူ သူ ဖန်တီးထားသော လိပ်ခွံစွမ်းအင်အကာအကွယ်ကို မတုန်လှုပ်စေနိုင်ချေ။

သင်္ကေတကျောက်တုံးများဖြင့် ဖန်တီးထားသော လိပ်ခွံစွမ်းအင်အကာအကွယ်ကို အသုံးပြုထားသည့် ချန်ယန်းတို့သာ ဤနွယ်ပင်များ၏ ညှစ်သတ်မှုကို မခုခံနိုင်ခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး သူ၏ စိတ်စွမ်းအင်များက ပြန့်ထွက်သွားကာ မရေမတွက်နိုင်သော နွယ်ပင်များကို ထိုးဖောက်၍ အရပ်မျက်နှာ အနှံ့အပြားသို့ လွှမ်းခြုံသွား၏။

လိုင်ကျစ်ရုံနှင့် ထိတွေ့မိသည့် ခဏတွင် တစ်ဖက်လူ၏ ခေါင်းပေါ်ရှိ အဝါရောင်ပန်းပွင့်က အသည်းအသန် လှုပ်ရမ်းလာသည်ကို သူ ချက်ချင်း ခံစားလိုက်ရပြီး သူ၏ စိတ်စွမ်းအင်နှင့် ထိတွေ့လိုက်သည်နှင့် အဝါရောင်ပန်းပွင့်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

လင်းယွမ် စိတ်ဝင်စားသွားသည် "စိတ်စွမ်းအင်ကို ဝါးမျိုနိုင်တဲ့ သန္ဓေပြောင်း အပင်လား... စိတ်ဝင်စားစရာပဲ"

သူက လက်ကို ဆန့်ထုတ်ကာ လိပ်ခွံစွမ်းအင်အကာအကွယ်ကို ကိုယ်တိုင် ဖျက်သိမ်းလိုက်၏။

ချက်ချင်းပင် အပင်များစွာက ရူးသွပ်စွာ စီးဆင်းလာပြီး မရေမတွက်နိုင်သော နွယ်ပင်များက ကြောက်မက်ဖွယ် မြွေပွေးများအလား ရစ်ပတ်ညှစ်သတ်လာကြသည်။

လိုင်ကျစ်ရုံက မဲ့ပြုံးပြုံးလိုက်သည် "ခွေးကောင်... တောင့်မခံနိုင်တော့ဘူးလား... ငါ့ဆီလာပြီး ပြဿနာရှာရဲတဲ့ မင်းတို့ကို ငါ သေချာ ဧည့်ခံပေးမယ်"

"သေလိုက်စမ်း... ဟား ဟား ဟား"

"ဝုန်း"

နွယ်ပင်များက ရူးသွပ်စွာ လိမ်ယှက်ကာ လင်းယွမ်ထံသို့ ရစ်ပတ်လာ၏။

လင်းယွမ်နှင့် ထိတွေ့မိသည့် ခဏတွင် လင်းယွမ်၏ လက်နှစ်ဖက်မှ မီးတောက်များ ရုတ်တရက် ထွက်ပေါ်လာသည်။

"ဝုန်း"

မီးတောက်ကြီးတစ်ခု တောက်လောင်လာပြီး သူ၏ လက်နှစ်ဖက်က သူ့ထံသို့ ရိုက်နှက်လာသော နွယ်ပင်တစ်ပင်ကို ဆုပ်ကိုင်လိုက်၏။

ထိုနွယ်ပင်က လင်းယွမ်၏ ဆုပ်ကိုင်မှုကို ခံလိုက်ရပြီး သက်ရှိတစ်ကောင်အလား ပြင်းထန်စွာ တုန်ရီသွားသည်။

မီးတောက်များက နွယ်ပင်တစ်လျှောက် အလွန်လျင်မြန်စွာ ပျံ့နှံ့သွား၏။

လင်းယွမ်က နောက်လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မီးတောက်များက အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာသည်။

မီးနဂါးတစ်ကောင်က သူ၏ လက်ထဲမှ ပေါက်ကွဲထွက်လာပြီး လေထဲတွင် မီးတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ နွယ်ပင်များကို ရူးသွပ်စွာ လောင်ကျွမ်းတော့၏။

မီးတောက်က အလွန်အမင်း ကြမ်းကြုတ်နေပြီး ဤမီးတောက်များက သာမန်မီးတောက်များ မဟုတ်ဘဲ လင်းယွမ်၏ သန္ဓေပြောင်းစွမ်းအင်များဖြင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်သည်။

ထို့ကြောင့် လောင်ကျွမ်းသည့် အမြန်နှုန်းမှာ အလွန်အမင်း ပြင်းထန်လှသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ နွယ်ပင်များအားလုံး လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲကာ တဖွဲဖွဲ ကျဆင်းလာကြ၏။

အခန်းတွင်းရှိ လိုင်ကျစ်ရုံက ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျက်နှာ ချက်ချင်း ပျက်ယွင်းသွားသည်။

"မီးဓာတ် အစွမ်းပိုင်ရှင်"

သူက ချက်ချင်း ခေါင်းလှည့်ကာ အော်ဟစ်လိုက်သည် "ကျန်းယန်... ငေးမနေနဲ့... သူ့ကို တားထား"

သူ၏ စကားသံအဆုံးတွင် ဘေးရှိ ရင်စေ့အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ရှေ့သို့ ထွက်လာ၏။

သူမက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီးနောက် အားကုန် ပူးကပ်လိုက်ရာ ချက်ချင်းပင် ရေခိုးရေငွေ့ အမြောက်အမြား စုစည်းလာပြီး ရေစီးကြောင်း ဖဲကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားကာ ဘုန်းခနဲ မြည်သံနှင့်အတူ လင်းယွမ်ထံသို့ ပြင်းထန်စွာ ဝင်တိုက်သွားသည်။

"ဘုန်း"

မီးတောက်နှင့် ရေစီးကြောင်းတို့ ဝင်တိုက်မိသွားကာ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။

ထို့နောက် သူမ၏ ခန္ဓာကိုယ်က လင်းယွမ်ထံသို့ အလျင်အမြန် ချဉ်းကပ်လာပြီး လက်နှစ်ဖက်ဖြင့် ရေစီးကြောင်းများကို ဝှေ့ယမ်းကာ ရေလှိုင်းလုံး အမြောက်အမြားကို အဆက်မပြတ် ဖန်တီးလိုက်သည်။

ရေလှိုင်းလုံးများက ဧရာမ ရေဘောလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ကို လွှမ်းခြုံရန် ကြိုးစားလာ၏။

တစ်ချိန်တည်းမှာပင် သူမကိုယ်တိုင်ကလည်း အလျင်အမြန် ချဉ်းကပ်လာသည်။

သို့သော် ထိုအချိန်တွင်ပင် နွယ်ပင်တစ်ပင်က ချက်ချင်း ထွက်ပေါ်လာပြီး သူမ၏ ခါးကို တိုက်ရိုက် ရစ်ပတ်ကာ နောက်သို့ ပြန်ဆွဲယူသွား၏။

ကျန်းယန်က အားခနဲ အော်လိုက်ပြီး ခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားရသည်။

လိုင်ကျစ်ရုံက သူမ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ထားကာ အေးစက်စက် ပြုံးလိုက်သည် "ငါက မင်းကို သူ့ကို တားထားလို့ပဲ ပြောတာ... သွားဖို့ မပြောဘူး... နောက်တစ်ခါ ကိုယ့်သဘောနဲ့ကိုယ် လုပ်ရဲရင် မင်းသေဖို့ပြင်ထား"

"ငါ့ဘေးမှာ ငြိမ်ငြိမ်လေးရပ်ပြီး ဒီ မီးဓာတ် အစွမ်းပိုင်ရှင်ကို ဟန့်တားထား... တခြားလူတွေကို ငါ အရင်သတ်မယ်"

ကျန်းယန်က ခေါင်းငုံ့ကာ တုန်ရီသော အသံဖြင့် ပြောလိုက်သည် "ဟုတ်... ဟုတ်ကဲ့ပါ"

လိုင်ကျစ်ရုံက နွယ်ပင်များကို ချက်ချင်း ထိန်းချုပ်ကာ ချန်ယန်းနှင့် ထူလုံတို့ကို ရူးသွပ်စွာ တိုက်ခိုက်တော့၏။

ကျန်းယန်ကမူ လင်းယွမ်၏ မီးနဂါးအကကို ရေစီးကြောင်းများဖြင့် အဆက်မပြတ် တားဆီးနေသည်။

သူမ၏ ရေစီးကြောင်း အင်အားက သိပ်မပြင်းထန်သော်လည်း မီးနဂါးနှင့် နီးကပ်သွားသည့် ခဏတွင် အငွေ့ပျံသွားလေသည်။

သို့သော် အနည်းဆုံးတော့ တားဆီးနိုင်ခဲ့သည်ဟု ဆိုရမည်။

လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီး ဤအခန်းတွင်းရှိ အမျိုးသမီးများအားလုံးက လိုင်ကျစ်ရုံ၏ လိင်ကျွန်များ မဟုတ်ဘဲ အစွမ်းပိုင်ရှင်များလည်း ရှိနေသည်ကို တွေ့လိုက်ရ၏။

သို့သော် အခြေအနေအရ ဤ ရေဓာတ် အစွမ်းပိုင်ရှင်မှာလည်း လိုင်ကျစ်ရုံ၏ ချုပ်ကိုင်မှုကို ခံထားရပုံပေါ်သည်။

သို့သော် လိုင်ကျစ်ရုံက တစ်ဖက်လူကို ဘာနှင့် ချုပ်ကိုင်ထားသနည်း။

လင်းယွမ် သံသယဝင်သွားကာ လိုင်ကျစ်ရုံက စိတ်စွမ်းအင် အစွမ်းပိုင်ရှင်လည်း မဟုတ်ပါဘဲ အခြား အစွမ်းပိုင်ရှင်များကို မည်သို့ ချုပ်ကိုင်နိုင်သနည်း။

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးနဂါးတစ်ကောင်က ရေဘောလုံးတစ်လုံးကို ပေါက်ကွဲစေလိုက်၏။

တစ်ချိန်တည်းမှာပင် နောက်လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်ရာ ဧရာမ မီးလုံးကြီးတစ်ခုက ထူလုံတို့ဘက်ရှိ နွယ်ပင်များထဲသို့ ဝင်တိုက်သွားသည်။

ချက်ချင်းပင် နွယ်ပင် အမြောက်အမြား လောင်ကျွမ်းသွားပြီး အမြန်နှုန်းမှာ အလွန် လျင်မြန်လှ၏။

လင်းယွမ်၏ သန္ဓေပြောင်းစွမ်းအင်က ယခုအဆင့်ရှိ အစွမ်းပိုင်ရှင်များထဲတွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

သူ ထိန်းချုပ်ထားသော မီးနဂါးအက၏ လောင်ကျွမ်းမှု အမြန်နှုန်းနှင့် အပူချိန် ပြင်းအားတို့က မီးဓာတ် အစွမ်းပိုင်ရှင်များကြားတွင် အမြင့်ဆုံး အခြေအနေတွင် ရှိနေပြီ ဖြစ်၏။

ဤနွယ်ပင်များ ကြီးထွားလာသည့် အမြန်နှုန်းက လောင်ကျွမ်းသည့် အမြန်နှုန်းကို မည်သို့မှ မမီနိုင်ချေ။

စက္ကန့်ဆယ်ဂဏန်းခန့်အတွင်း အခန်းတွင်းရှိ နွယ်ပင်များမှာ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကြောင့် လောင်ကျွမ်းသေဆုံးသွားကြသည်။

မီးခိုးငွေ့ အမြောက်အမြား လွင့်ပျံလာပြီး တစ်ခန်းလုံးတွင် မည်းမှောင်နေသော မီးခိုးငွေ့များဖြင့် ပြည့်နှက်သွား၏။

အမျိုးသမီးများက စူးစူးဝါးဝါး အော်ဟစ်ကြပြီး အောက်ထပ်မှ အစွမ်းပိုင်ရှင်များ၏ အော်ဟစ်ဆူညံသံများနှင့် ပြေးလွှားသံများ ထွက်ပေါ်လာသည်။

လိုင်ကျစ်ရုံ၏ လက်အောက်ငယ်သားများက ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားပြီး အခြားအခန်းများထဲမှ ပြေးထွက်လာကြပုံရ၏။

အောက်ထပ်ရှိ အခန်းတစ်ခန်းထဲတွင် လောင်ယန်နှင့် လောင်ချီတို့က အချင်းချင်း ကြည့်လိုက်ကြသည်။

လောင်ယန်က နှာခေါင်းကို ပိတ်ကာ မေးလိုက်သည် "မီးလောင်နေတာလား"

"အဲ့ဒီလူတွေ လုပ်တာလား" လောင်ချီကလည်း အံ့ဩသံသယဖြစ်စွာ မေးလိုက်၏။

"သူတို့ တကယ်ပဲ ၃၁ လွှာအထိ တက်လာတာလား"

လူနှစ်ယောက်လုံး စိတ်ထဲတွင် အံ့ဩသံသယ ဖြစ်သွားကြပြီး ယခု အခန်းတွင်းရှိ သန္ဓေပြောင်းစွမ်းအင် လက်နက်များကို လင်းယွမ်တို့က ရှင်းလင်းယူဆောင်သွားပြီ ဖြစ်သည်။

သူတို့ စောစောက ထွက်မသွားဘဲ အခန်းထဲတွင် ပုန်းနေရခြင်းမှာ လိုင်ကျစ်ရုံ၏ လက်အောက်ငယ်သားများက အထင်လွဲမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

သို့သော် ယခု အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ထွက်ပြေးရန် အချိန်ကောင်း ဖြစ်ပုံရသည်။

လောင်ယန်က ချက်ချင်း တိုးတိုးလေး ပြောလိုက်သည် "ရှုပ်နေတုန်း ငါတို့ အမြန်သွားရအောင်"

လောင်ချီကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏ "ဟုတ်တယ်... အမြန်သွားမယ်"

သူတို့နှစ်ဦးက တံခါးပေါက်ဆီသို့ အမြန်ပြေးသွားရာ အောက်ထပ်မှ လူဆယ်ကျော်ခန့် ပြေးတက်လာသည်ကို တွေ့လိုက်ရပြီး အားလုံးမှာ လိုင်ကျစ်ရုံ လက်အောက်ရှိ အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

တစ်စုံတစ်ယောက်က သူတို့နှစ်ဦးကို မြင်သွားပြီး ချက်ချင်း အော်ငေါက်မေးမြန်းလိုက်သည် "ဘယ်သူ မီးရှို့တာလဲ"

လောင်ချီက မျက်လုံးတစ်ချက်ဝေ့ကာ ချက်ချင်း ပြန်မေးလိုက်၏ "ဘာဖြစ်တာလဲ... ဘယ်လိုလုပ် မီးလောင်တာလဲ"

လောင်ယန်ကလည်း ချက်ချင်း သဘောပေါက်သွားကာ အမြန်ပြောလိုက်သည် "ဟေး... မင်းတို့ဆီ မီးလောင်တာနော်... ငါတို့ ပစ္စည်းတွေကို မထိခိုက်စေနဲ့"

သူ၏ စကားထွက်လာသည်နှင့်တစ်ပြိုင်နက် ရောက်လာသော လူဆယ်ကျော်ထဲမှ လေးငါးယောက်ခန့်ကလည်း ချက်ချင်း အော်ဟစ်လိုက်ကြ၏။

"ဟုတ်တယ်... ငါ့ပစ္စည်းတွေ အောက်ထပ်မှာ ရှိသေးတယ်"

"သောက်ခွေး... ငါ့ကောင်မလေးတွေ အောက်ထပ်မှာ ကျန်နေသေးတယ်"

ချက်ချင်းပင် ထိုနေရာ၌ ဆူညံသွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

လောင်ချီနှင့် လောင်ယန်တို့က အခန်းထဲသို့ အမြန်ပြန်ဆုတ်လာပြီး အပြင်ဘက်ရှိ ဆူညံသံများကို လျစ်လျူရှုထားလိုက်၏။

သူတို့နှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြပြီး အလိုအလျောက်ပင် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုပြတင်းပေါက်မှာ ဂဟေဆော်ထားသော်လည်း ဤသည်က အစွမ်းပိုင်ရှင်များအတွက်မူ ဘာမှမဟုတ်ချေ။

အပြင်ဘက်တွင် ရှုပ်ထွေးနေစဉ် လူနှစ်ယောက်က ပြတင်းပေါက်ဆီသို့ အမြန်ပြေးသွားကြ၏။

လောင်ချီက အားကုန် ဆွဲဖြုတ်လိုက်ရာ ဒိုင်းခနဲ မြည်သံနှင့်အတူ ပြတင်းပေါက်ရှိ သံပန်းများ တိုက်ရိုက် ပြုတ်ထွက်လာသည်။

လောင်ယန်က တိုးတိုးလေး ပြောလိုက်၏ "သွားမယ်"

ပြောပြောဆိုဆိုနှင့် သူက ပြတင်းပေါက်ပေါ်သို့ တက်ရန် ပြင်လိုက်သည်။

သို့သော် တက်တော့မည့်ဆဲဆဲတွင် စူးစူးဝါးဝါး အော်သံတစ်သံကို ကြားလိုက်ရ၏။

အပေါ်ထပ်မှ အလောင်းတစ်လောင်း ကျဆင်းလာသည်။

ဖတ်ခနဲ မြည်သံနှင့်အတူ ပြတင်းပေါက်အပြင်ဘက်ရှိ သံချောင်းပေါ်တွင် စိုက်ဝင်သွား၏။

သွေးများက သံချောင်းတစ်လျှောက် စီးကျလာပြီး ရေအောက်ရှိ သန္ဓေပြောင်း ငါးများကို စုဝေးလာစေသည်။

လောင်ယန်၏ မျက်နှာက ပျက်ယွင်းသွားပြီး ပြတင်းပေါက်မှနေ၍ အပေါ်သို့ မကြည့်ဘဲ မနေနိုင်ဖြစ်သွား၏။

အပေါ်ထပ်တွင် နွယ်ပင်မျိုးစုံ တွယ်တက်နေပြီး ကြောက်မက်ဖွယ် စပါးအုံးမြွေကြီးများအလား ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

ထိုအပင်များက လိမ်ယှက်ရွေ့လျားနေပြီး ၃၁ လွှာရှိ အခန်းတစ်ခန်းထဲသို့ အဆက်မပြတ် တိုးဝင်နေကြ၏။

လောင်ချီကလည်း ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် မျက်သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားကာ တိုးတိုးလေး ပြောလိုက်သည် "လိုင်ကျစ်ရုံက သစ်ဓာတ် အစွမ်းပိုင်ရှင်ဖြစ်ပြီး အပင်တွေကို ထိန်းချုပ်နိုင်တယ်လို့ ကြားဖူးတယ်... သောက်ကျိုးနည်း... ဒီလောက်လှုပ်ရှားမှုကြီးတာ သူက ပြိုင်ဘက်နဲ့ တွေ့နေတာပဲ"

လောင်ယန်က ထိုစကားကို ကြားသောအခါ အနည်းငယ် ရပ်တန့်သွားပြီး လောင်ချီကို ကြည့်ကာ မေးလိုက်၏ "မင်းဘယ်လိုသဘောရလဲ"

လောင်ချီက နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည် "အခုက တော်တော်ရှုပ်နေတာ... အောက်ထပ်မှာ ဘယ်သူမှ ဂရုစိုက်နေမှာ မဟုတ်ဘူး... အဲ့ဒီ မိန်းမတွေနဲ့ ကလေးတွေက... "

လောင်ယန်၏ မျက်နှာက အနည်းငယ် တင်းမာသွားပြီး မေးလိုက်၏ "မင်းက သူတို့ကို ကယ်ချင်တာလား"

လောင်ချီက အနည်းငယ် တိတ်ဆိတ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည် "အားလုံးက မိဘက မွေးလာတာချည်းပဲ... ငါတို့ သွားပြီး သူတို့ရဲ့ ကြိုးတွေကို ဖြည်ပေးမယ်... ဘယ်နှစ်ယောက် ထွက်ပြေးနိုင်မလဲဆိုတာကတော့ သူတို့ရဲ့ ကံပေါ့"

လောင်ယန်က ထိုစကားကို ကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် ခါးသီးစွာ ပြုံးလိုက်၏ "တောက်... ငါက စစ်သားလုပ်ပြီး အရူးဖြစ်နေတာပဲ... ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ်ဆိုတဲ့ စကားလုံးတွေက အိပ်မက်မက်ရင်တောင် အော်မိနေတုန်းပဲ"

လောင်ချီက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး သူ၏ လက်မောင်းကို တစ်ချက်တိုက်ကာ ပြောလိုက်သည် "သွားရအောင်... ငါတို့က စစ်သားတွေပဲလေ"

လောင်ယန်ကလည်း စကားများမနေတော့ဘဲ မြေပြင်ရှိ အလောင်းပေါ်မှ အင်္ကျီတစ်ထည်ကို ဆုတ်ဖြဲကာ အဝတ်စ နှစ်စကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်၏ "မျက်နှာကို ဖုံးထား... ဒါမှ မတော်လို့အဲ့ဒီလူတွေ ရှုံးသွားရင် ငါတို့နှစ်ယောက်ပါ ဒုက္ခမရောက်မှာ"

လောင်ချီက ခေါင်းညိတ်ကာ အဝတ်စကို လှမ်းယူပြီး ပါးစပ်နှင့် နှာခေါင်းကို အတူတူ ဖုံးအုပ်လိုက်ကြကာ ထို့နောက် ကိုယ်စီ ပြတင်းပေါက်မှ ထွက်၍ အောက်ထပ်သို့ ဆင်းသွားကြသည်။

......

အပေါ်ထပ်ရှိ တိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်နေပြီ ဖြစ်၏။

ဤလိုင်ကျစ်ရုံတွင် အပင်များကို ထိန်းချုပ်ကာ သူတို့ကို တိုက်ခိုက်ခြင်းမှလွဲ၍ အခြား အပို နည်းလမ်းများ မရှိတော့သဖြင့် လင်းယွမ်မှာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားသည်။

ထိုအပင်များထဲတွင် စိတ်စွမ်းအင်ကို စုပ်ယူနိုင်သော အဝါရောင်ပန်းပွင့်လေး တစ်ပွင့်သာလျှင် စိတ်ဝင်စားစရာ ကောင်းနေ၏။

ထို့အပြင် လင်းယွမ် နားမလည်နိုင်သည်မှာ လိုင်ကျစ်ရုံက ထိုအမျိုးသမီး အစွမ်းပိုင်ရှင်များကို မည်သို့ ခြိမ်းခြောက်ထားနိုင်သနည်း ဆိုသည်ပင် ဖြစ်သည်။ သူတို့ကို လိင်ကျွန်များအဖြစ် လုပ်ခိုင်းရုံသာမက သူ၏အတွက်ပါ လိုလိုလားလား တိုက်ခိုက်ပေးစေရန် ပြုလုပ်ထားနိုင်သည်။

အခြားနည်းလမ်းများအတွက်မူ ပြောစရာပင် မလိုတော့ချေ။

လင်းယွမ်က ဆက်လက်၍ လက်တွန့်မနေတော့ဘဲ မီးတောက်များ လေထဲသို့ ပျံတက်သွားကာ ဧရာမ မီးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ဟိန်းဟောက်မြည်ဟည်းနေ၏။

နွယ်ပင်များအားလုံး နီးကပ်လာသည့် ခဏတွင် မီးလောင်ကျွမ်းကာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းယန်၏ ရေဘောလုံးကလည်း မီးတောက်နှင့် နီးကပ်သွားသည့် ခဏတွင် အငွေ့ပျံသွား၏။

အခြား အမျိုးသမီး အစွမ်းပိုင်ရှင် အချို့ကလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုကြသည်။

နှမြောစရာကောင်းသည်မှာ သူတို့တွင် အကာအကွယ်ပေးမည့် အဝါရောင်ပန်းပွင့် မရှိဘဲ စိတ်စွမ်းအင် အားနည်းလွန်းသဖြင့် လင်းယွမ်၏ စိတ်စွမ်းအင် ရိုက်ခတ်မှု တစ်ကြိမ်တည်းဖြင့်ပင် ထိုလူများကို ပွဲချင်းပြီး သတိလစ်မေ့မြောသွားစေ၏။

"ဝှစ်"

သူ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး လူတစ်ကိုယ်လုံးမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

နောက်တစ်ခဏတွင် သူက လိုင်ကျစ်ရုံ၏ အရှေ့၌ ပေါ်လာ၏။

လိုင်ကျစ်ရုံ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး မူလက မှိုင်းညို့နေသော မျက်နှာမှာ ရုတ်တရက် ထိတ်လန့်သွားတော့သည်။

"မင်း..."

သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် လင်းယွမ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိထားမိလိုက်၏။

သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မီးတောက်များက ဝုန်းခနဲ လောင်ကျွမ်းလာသည်။

ပတ်ဝန်းကျင် လေထဲတွင် မီးမွှေးစ အမြောက်အမြား လောင်ကျွမ်းလာ၏။

လင်းယွမ်က မျက်လုံးကိုမှေးကာ ပြောလိုက်သည် "ဒါတွေက မင်းရဲ့ နောက်ဆုံးလက်နက်လား"

သူက လက်ကို ဆန့်ထုတ်ကာ ဖမ်းဆွဲလိုက်ပြီး လိုင်ကျစ်ရုံ ခေါင်းပေါ်ရှိ အဝါရောင်ပန်းပွင့်ကို ဆုပ်ကိုင်ထားလိုက်သည်။

"မလုပ်နဲ့... မလုပ်ပါနဲ့"

လိုင်ကျစ်ရုံ ချက်ချင်း ပြာယာခတ်သွားပြီး ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာကာ အမြန် အော်ဟစ်လိုက်၏။

ထိုအဝါရောင်ပန်းပွင့်လေးက ကြောက်ရွံ့သည့် ခံစားချက်ကို ပို့လွှတ်နေသည်ကို လင်းယွမ် ချက်ချင်း သတိပြုမိလိုက်သည်။

ဤပန်းပွင့်လေးတွင် သီးခြား အသိစိတ် ရှိနေသည်ပေါ့။

ဆက်ရန်...

All Chapters