← Chapters

အခန်း (၃၁၉-၃၂၀)

Vol. 16 Ch. 319-320

အခန်း (၃၁၉-၃၂၀)

Vol. 16 Ch. 319-320

အပိုင်း(၃၁၉) လိုက်ကျစ်ရုံနှင့် ဖူချီပေါ်တို့၏ အတိတ်ဇာတ်ကြောင်း

ဖူချီပေါ်၏ ထူးဆန်းအံ့သြဖွယ် စိတ်ကူးစိတ်သန်းများကြောင့် လင်းယွမ်က အတော်လေး အံ့အားသင့်သွားရသည်။

သူကိုယ်တိုင်လည်း သင်္ကေတအရိုးများ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးသား ဖြစ်သည်။

သို့သော်လည်း အချိန်အတော်ကြာသည့်တိုင်အောင် သူက စွမ်းအင်ကျောက်တုံးများကို ကြားခံနယ်တစ်ခုအဖြစ် အသုံးပြုကာ ၎င်းတို့အပေါ်တွင် သင်္ကေတများကို ထွင်းထုပြီး သင်္ကေတကျောက်တုံးများအဖြစ် ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။

ထိုသို့ဖန်တီးပြီးသော သင်္ကေတကျောက်တုံးများကို အစွမ်းကျောက်တုံးများအဖြစ် အသုံးပြုနိုင်ပေသည်။

ဤနည်းပညာမှာ စစ်တပ်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။

သို့တိုင် စွမ်းအင်ကျောက်တုံးများကို အလွယ်တကူ ရရှိရန်မူ မဖြစ်နိုင်ပေ။

သူကိုယ်တိုင် ထိုက်ယန်တောင်နှင့် မိန်တောင်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့၍သာ စွမ်းအင်ကျောက်တုံး တူးဖော်ရာ တွင်းအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့သာ မဟုတ်လျှင် စွမ်းအင်ကျောက်တုံးများကို ရှာဖွေရန်က အင်မတန် ခက်ခဲလှပေလိမ့်မည်။

သို့သော် သူ၏ မျက်စိရှေ့မှ ဖူချီပေါ်ဆိုသော လူငယ်လေးကတော့ လမ်းသစ်ထွင်ကာ သန္ဓေပြောင်း သတ္တဝါများ၏ အရိုးများကို ကြားခံအဖြစ် အသုံးပြုပြီး ၎င်းတို့အပေါ် သင်္ကေတများ ထွင်းထုကာ အစွမ်းလက်နက်များအဖြစ် ဖန်တီးနိုင်ခဲ့သည်လေ။

ထို့ပြင် ဤအစွမ်းလက်နက်များသည် စွမ်းအင်ကျောက်တုံးများကို အားကိုးနေရန် မလိုဘဲ အစွမ်းပိုင်ရှင် ကိုယ်တိုင်ကပင် စွမ်းအင်အရင်းအမြစ်အဖြစ် မိမိ၏ စွမ်းအင်များကို ထည့်သွင်းပေးကာ လက်နက်ရှိ အစွမ်းကို လှုံ့ဆော်အသုံးပြုနိုင်ပေသည်။

စဉ်းစားကြည့်ရုံဖြင့် တိုက်ခိုက်ရေးဘက်တွင် အားနည်းသော အစွမ်းပိုင်ရှင်များသာ ဤကဲ့သို့သော အစွမ်းလက်နက်များကို ရရှိသွားပါက အလွန် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည် တစ်ခုကို ရရှိသွားသည်နှင့် တူမနေပေဘူးလား။

ဤသည်က အထောက်အကူပြု အစွမ်းပိုင်ရှင်များအတွက် တိုက်ခိုက်နိုင်စွမ်းကို ထောက်ပံ့ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

စွမ်းအင်ကျောက်တုံးများ ရှိနေခြင်းကလည်း သာမန်လူများကိုပင် ဤအစွမ်းလက်နက်များအား အသုံးပြုနိုင်စေရန် ဖန်တီးပေးနိုင်ပေသည်။

ဤအချက်က သာမန်လူများကိုပါ ဤရေလွှမ်းမိုး ကပ်ဘေးကမ္ဘာကြီးထဲတွင် အသက်ရှင်သန်ခွင့် ရရှိစေရန် အခွင့်အရေး ပေးလိုက်ခြင်းပင် ဖြစ်သည်။

လင်းယွမ်က ဖူချီပေါ်ဆိုသော ထိုလူငယ်လေးအား အသေအချာ အကဲခတ်လိုက်ရာ ဤသူသည် နည်းပညာပိုင်းဆိုင်ရာ ပါရမီရှင်တစ်ဦး ဖြစ်နေမှန်း သိလိုက်ရသည်။

သူက ကိုယ်ကိုကိုင်းကာ တစ်ဖက်လူအား ချည်နှောင်ထားသည့် ကြိုးများကို ဖြည်ပေးလိုက်ရင်း မေးလိုက်သည်။ "မင်းနဲ့ ဒီလိုက်ကျစ်ရုံက ဘယ်လိုသိခဲ့တာလဲ... သူစောစောက ထွက်ပြေးတော့ ဘာလို့ ဘာမှမယူဘဲ မင်းကိုပဲ ခေါ်လာခဲ့ရတာလဲ"

ဖူချီပေါ်က ကုန်းရုန်းထလာပြီး ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားသည့် ဟန်ဖြင့် ပြောလိုက်သည်။ "ဆရာ မသိလို့ပါ... တကယ်တော့ ဒီလိုက်ကျစ်ရုံဆိုတဲ့ကောင်က အရင်က ကျွန်တော့်ရဲ့ အိမ်နီးချင်းပါ"

"သူ စားလိုက်တဲ့ သန္ဓေပြောင်း အသီးကတောင် ကျွန်တော့်အိမ်မှာ ပေါက်လာခဲ့တာပါ"

လင်းယွမ်သည် ထိုစကားကို ကြားလိုက်ရချိန်တွင် အံ့သြသွားသည့်ဟန် ပေါ်လာရသည်။

"ဘယ်လိုဖြစ်ရတာလဲ"

ဖူချီပေါ်က လိုက်ကျစ်ရုံ၏ ရှေ့သို့ ပြေးသွားကာ ခပ်ပြင်းပြင်း တစ်ချက် ကန်လိုက်ရင်း ကျိန်ဆဲလိုက်သည်။ "ဒီခွေးကောင်က ထိပ်ဆုံးကနေ အောက်ခြေအထိ ယုတ်မာတဲ့ကောင်... အရှက်မရှိ အောက်တန်းကျပြီး ယုတ်မာလွန်းတဲ့ ခွေးမသားပဲ"

"ဆရာကို ဖုံးကွယ်မထားပါဘူး... အရင်က ကျွန်တော် ၃၁ ထပ်က အခန်း ၃၁၁၀ မှာ နေတာပါ... အဲဒါက ကျွန်တော့် အလုပ်ဌာနက ချထားပေးတဲ့ အိမ်ပါ"

"ရေလွှမ်းမိုးမှုကြီး စစချင်းမှာတုန်းက အိမ်ကနေပဲ အလုပ်လုပ်ဖို့ ညွှန်ကြားခံခဲ့ရတယ်လေ"

"အစပိုင်းမှာတော့ အဲဒီမိုးသက်မုန်တိုင်းက ရေလွှမ်းမိုးမှုကြီးရဲ့ အစပျိုးဖြစ်လာမယ်လို့ ဘယ်သူကမှ မထင်ခဲ့ကြဘူး"

"မိုးသည်းသည်းမဲမဲ ရွာသွန်းတာက တစ်ပတ်တောင် မပြည့်ခင်... အိမ်မှာ ရေရော မီးပါ ပြတ်သွားခဲ့တယ်"

"ဒုတိယအပတ် ရောက်တော့ အင်တာနက်ရော ဂက်စ်ပါ ပြတ်သွားပြီ... အခြေအနေ မဟန်တော့ဘူးလို့ ကျွန်တော် သတိထားမိတဲ့ အချိန်မှာ အရာအားလုံးက နောက်ကျနေခဲ့ပြီ... အပြင်ဘက် တစ်ခွင်လုံးက ပင်လယ်ပြင်ကြီးလို ဖြစ်နေပြီး ရေနက်တဲ့နေရာတွေဆို လူတစ်ရပ်စာထက်တောင် ကျော်နေခဲ့ပြီ"

"ကံကောင်းတာက ကျွန်တော်က အိမ်ထဲမှာပဲ အမြဲနေတတ်ပြီး အချိန်ပိုဆင်းကာ သုတေသနတွေ လုပ်လေ့ရှိတော့... ကျွန်တော့် ကောင်မလေးက အိမ်မှာ စားစရာ မုန့်အများကြီးကို ဝယ်ပြီး ပြင်ဆင်ထားပေးတတ်တယ်"

"ရေကြီးတဲ့ ပထမဆုံးလကုန်ပိုင်း ရောက်တော့ တိုက်ထဲမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာတယ်... တချို့လူတွေက သူများစားနပ်ရိက္ခာတွေကို လုယက်လာကြပြီး အကြမ်းဖက်မှုတွေတောင် ဖြစ်လာခဲ့တယ်"

"ကျွန်တော် အတော်လေး ကြောက်လန့်နေခဲ့တာ... အဲဒီအချိန်မှာပဲ လိုက်ကျစ်ရုံက ရောက်လာပြီး တစ်ယောက်တည်းနေတာ မလုံခြုံဘူး အတူတူ နေကြရအောင်ဆိုပြီး လာတောင်းဆိုခဲ့တယ်"

"အရင်ကတည်းက ကျွန်တော်နဲ့ သူ့ကြား ဆက်ဆံရေးက မဆိုးတာမို့ သဘောတူလိုက်မိတာပေါ့"

"သူ ကျွန်တော့်အိမ်ထဲ ပြောင်းလာတော့ ကျွန်တော့်ရဲ့ စားစရာတွေကို သူနဲ့ ခွဲဝေစားခဲ့တယ်"

"အဲဒီတုန်းက နိုင်ငံရဲ့ အင်အားနဲ့ဆိုရင် ဘယ်လောက်ပဲ ကြီးမားတဲ့ ရေဘေးဖြစ်ပါစေ နိုင်ငံတော်ရဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အမြန်ဆုံး ရောက်လာလိမ့်မယ်လို့ ထင်ခဲ့မိတာလေ... ဒါကြောင့် စားစရာတွေ ခွဲပေးရတာကို နှမြောဖို့ကောင်းတယ်လို့ မတွေးခဲ့မိဘူး"

"ဒါပေမဲ့ နိုင်ငံတော် ကယ်ဆယ်ရေးက အခုထိ ရောက်မလာခဲ့ဘူးဆိုတာကို မထင်ထားခဲ့ဘူး... ကျွန်တော်တို့ရဲ့ စားစရာတွေကသာ စားလေ နည်းလေ ဖြစ်လာခဲ့တာ"

"အဲဒီအချိန်အတွင်းမှာ တိုက်ထဲမှာ အိမ်ဖောက်ထွင်း လုယက်မှုတွေ အကြိမ်ကြိမ် ဖြစ်လာခဲ့ပြီး လိုက်ကျစ်ရုံရဲ့ ပင်ကိုယ် စရိုက်မှန်ကလည်း တဖြည်းဖြည်း ပေါ်လာတော့တာပဲ"

……

ဖူချီပေါ်၏ အတွေ့အကြုံက သိပ်ပြီး ရှုပ်ထွေးလှသည်တော့ မဟုတ်ပေ။ အကြမ်းဖျင်းအားဖြင့် ပြောရလျှင် သူက နည်းပညာသမား အိမ်တွင်းအောင်း လူငယ်တစ်ယောက် ဖြစ်သောကြောင့် မကောင်းသော စိတ်ကူးများ မရှိဘဲ စေတနာဖြင့် လိုက်ကျစ်ရုံကို လက်ခံပေးခဲ့မိခြင်း ဖြစ်သည်။

လိုက်ကျစ်ရုံကမူ လယ်သမားကြီးနှင့် မြွေ ဇာတ်လမ်းကို ပုံဖော်ခဲ့ခြင်းပင်။ သူသည် ဖူချီပေါ်၏ စားစရာများကို အကုန်စားပစ်ခဲ့ရုံသာမက နောက်ပိုင်းတွင် စားစရာ လုံးဝ မရှိတော့သောအခါ ဖူချီပေါ် အိမ်ရှိ အပင်များကိုပါ စတင် စားသောက်လာခဲ့သည်။

လိုက်ကျစ်ရုံက အတော်လေး ကောက်ကျစ်သူ ဖြစ်ရာ သန္ဓေပြောင်းသွားသော အပင်များ၏ အသီးများကို တိုက်ရိုက် မစားရဲဘဲ ဖူချီပေါ်ကို အရင် အတင်းအကျပ် စားခိုင်းခဲ့သည်။

ဖူချီပေါ်တွင် အခြား ရွေးချယ်စရာ မရှိသောကြောင့် သန္ဓေပြောင်း အသီးတစ်လုံးကို စားလိုက်ရရာ အံ့သြဖွယ်ကောင်းစွာပင် သူ၏ မျက်စိစွမ်းအင်များ နိုးကြားလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လိုက်ကျစ်ရုံက အလွန်အမင်း ဝမ်းသာသွားပြီး အဝါရောင် ပန်းပွင့်လေးများ ပါသော သန္ဓေပြောင်း အသီးတစ်လုံးကို ချက်ချင်း ကောက်စားလိုက်တော့သည်။

ထို့နောက် သူ မျှော်လင့်ထားသည့်အတိုင်း သစ်ပင်သဘာဝ သန္ဓေပြောင်း အစွမ်းကို ရရှိသွားပြီး အပင်များကို ထိန်းချုပ်နိုင်သော အစွမ်းပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့သည်။

လိုက်ကျစ်ရုံ၏ စိတ်ဓာတ်က ယုတ်မာလွန်းလှရာ အစွမ်းကို ရရှိပြီးနောက် အစပိုင်းတွင် ခိုးကြောင်ခိုးဝှက်မျှသာ လုပ်ရဲခဲ့ပြီး အခြားသူများနှင့် အမှန်တကယ် ရန်ဖြစ်ရန်မူ မဝံ့ရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ၎င်းတို့၏ စိတ်ထဲတွင် နိုင်ငံတော် ကယ်ဆယ်ရေး ပေါ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်လေး တစ်ချက် ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။

သို့သော် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည့်တိုင် ကယ်ဆယ်ရေးက ရောက်မလာခဲ့ပေ။

ထိုအစား ရေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သန္ဓေပြောင်း ငါးများနှင့် သန္ဓေပြောင်း သတ္တဝါများသာ စတင် ပေါ်ပေါက်လာခဲ့သည်။

အစောကတည်းက ထိတ်လန့်တုန်လှုပ်နေခဲ့ကြသော တိုက်ကြီးထဲတွင် တချို့သူများမှာ စိတ်ဓာတ် ပြိုလဲသွားကြတော့သည်။

ထို့နောက် သတ္တိကောင်းသူ တချို့က စတင် လှုပ်ရှားလာကြပြီး လူသတ်ကာ အိမ်များကို လုယူလာကြသည်။

အရူးအမူး ဖြစ်နေသူ တချို့က အမျိုးသမီးများကို အနိုင်ကျင့် စော်ကားလာကြသဖြင့် လှေကားထစ်များတွင် နေ့စဉ်နှင့်အမျှ စူးရှသော အော်ဟစ်သံများ ကြားနေရတော့သည်။

လိုက်ကျစ်ရုံကလည်း သတ္တိမွေးလာကာ သူ၏ အစွမ်းကို အသုံးပြုပြီး သာမန်လူတချို့ကို စတင် ချုံခိုတိုက်ခိုက်ကာ စားစရာများကို လုယက်လာတော့သည်။

ထို့နောက် သူက မိန်းမများကိုလည်း တပ်မက်လာခဲ့ပြီး အပေါ်ထပ်ရှိ အိမ်နီးချင်းတစ်ဦးက သူ၏ ပထမဆုံး သားကောင် ဖြစ်သွားခဲ့သည်။

သူက သစ်ပင်နွယ်ရှင်များကို အသုံးပြုကာ အပြင်ဘက်မှတစ်ဆင့် အပေါ်ထပ်ရှိ အိမ်နီးချင်း၏ အိမ်ထဲသို့ ခိုးဝင်သွားပြီး ထိုအမျိုးသမီးငယ်ကို အဓမ္မကျင့်ခဲ့သည်။

ထိုသို့ ပြုလုပ်နေစဉ် ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက တွေ့သွားပြီး သူတို့နှစ်ယောက် ရန်ဖြစ်ကြတော့သည်။

လိုက်ကျစ်ရုံက သန္ဓေပြောင်း နွယ်ရှင်များကို အသုံးပြုကာ ထိုအိမ်နီးချင်း ဇနီးမောင်နှံကို အရှင်လတ်လတ် လည်ပင်းညှစ် သတ်ပစ်လိုက်သည်။

သူ လူသတ်ပြီး အိမ်ပြန်ရောက်သောအခါ ကြောက်လန့်ကာ အခန်းထဲတွင် ပုန်းနေပြီး အပြင်သို့ မထွက်ရဲတော့ပေ။

ဖူချီပေါ်က သူ့ကို သွားရှာသော်လည်း သူက အဖက်မလုပ်ခဲ့ပေ။

ရက်အနည်းငယ် ကြာသွားသောအခါ ထိတ်လန့်နေခဲ့သော လိုက်ကျစ်ရုံက တဖြည်းဖြည်း သတိပြန်ဝင်လာခဲ့သည်။

သူ လူသတ်ပြီးသွားသော်လည်း ဘာကိစ္စမှ ဖြစ်မလာသည်ကို သတိထားမိသွားသည်။

သူ့ကို လာဖမ်းမည့် ရဲများလည်း မရှိသလို အပြစ်ပေးမည့် ဥပဒေဆိုတာလည်း မရှိတော့ပေ။

သူက မည်သည့် အဖိုးအခကိုမျှ ပေးဆပ်စရာ မလိုခဲ့ပေ။

ဤအခိုက်အတန့်တွင် သူက သူ၏ စိတ်ထဲရှိ ယုတ်မာမှုများကို အလုံးစုံ ထုတ်ဖော်လိုက်တော့သည်။

သူသည် အပြစ်ကြီးလေးသော မကောင်းဆိုးဝါး ယုတ်မာသူ တစ်ဦးအဖြစ် တရားဝင် ပြောင်းလဲသွားခဲ့လေပြီ။

လူသတ်ပြီး ရိက္ခာလုယက်သူများ၏ အဖွဲ့ထဲသို့ ဝင်ရောက်သွားရုံသာမက တပည့်များကိုပါ စုဆောင်းလာပြီး တိုက်ခန်းများကိုပါ တဖြည်းဖြည်း သိမ်းပိုက်လာခဲ့သည်။

ဖူချီပေါ်ကမူ သူသည် သာမန်လူတစ်ယောက်ဘဝမှ ရေဆာ၍ ရေသောက်သကဲ့သို့ အလွယ်တကူ လူသတ်တတ်သော လူဆိုးကြီးတစ်ဦးအဖြစ် မည်သို့မည်ပုံ တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့ရသည်။

ဖူချီပေါ်ကလည်း သူ့ကိုယ်သူ ကာကွယ်နိုင်ရန်အတွက် သူ၏ ကိုယ်ပိုင်အစွမ်းကို တိုးတက်လာစေရန် နည်းလမ်းများကို စဉ်းစားနေခဲ့သည်။

သူက စားစရာ မရှာနိုင်သလို အခြားသူများ၏ စားစရာများကိုလည်း မလုယူရဲသောကြောင့် ငါးမျှားပြီး စားသောက်ရန် စတင်ကြိုးစားခဲ့သည်။

သူ၏ ထူးခြားသော အစွမ်းကြောင့် ရေအောက်ရှိ မည်သည့်နေရာတွင် ထူးခြားသော သန္ဓေပြောင်း သတ္တဝါများ ရှိနေသည်ကို တိကျစွာ မြင်နိုင်စွမ်း ရှိသောကြောင့် သူ၏ ငါးမျှားစွမ်းရည်မှာ အလွန် ပြောင်မြောက်လှသည်။

အခြေခံအားဖြင့် သူက အကြိမ်တိုင်း ငါးရအောင် မျှားနိုင်ခဲ့သည်။

လိုက်ကျစ်ရုံက သူ၏ ဤအစွမ်းကို သိသွားသောအခါ သူ့ကို သိမ်းသွင်းကာ ငါးမျှားသည့် တာဝန်ကို အဓိကထားပြီး ပေးအပ်လိုက်သည်။

လိုက်ကျစ်ရုံကလည်း ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် တိုက်ထဲရှိ စားစရာများ အနှေးနှင့်အမြန် ကုန်ခမ်းသွားမည်ကို သတိပြုမိသွားပြီး ငါးမျှားကျွမ်းကျင်သူ တစ်ဦးက သူ့အတွက် တည်ငြိမ်သော စားနပ်ရိက္ခာ အရင်းအမြစ်ကို ပံ့ပိုးပေးနိုင်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

ဖူချီပေါ်ကလည်း ဤနည်းဖြင့်ပင် တိုက်ကြီးထဲတွင် အသက်ရှင်သန်နိုင်ခဲ့သည်။

သူ၏ နေ့စဉ်အလုပ်မှာ ငါးမျှားရန်၊ ထို့နောက် ငါးကို သတ်ပြီး ချက်ပြုတ်ရန်ပင် ဖြစ်သည်။

ဤသို့ ပြုလုပ်နေရင်းနှင့် သူက သန္ဓေပြောင်း ငါးများ၏ ခန္ဓာကိုယ်ထဲရှိ သင်္ကေတအရိုးများကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထိုအချိန်မှစ၍ သူသည် သူ၏ အစွမ်းလက်နက်များ ဖန်တီးတီထွင်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားတော့သည်။

သို့သော် သူ၏ တီထွင်မှု အားလုံးက လိုက်ကျစ်ရုံ၏ စောင့်ကြည့်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့သည်မှာ သဘာဝပင်။

ပထမဆုံး အစွမ်းလက်နက်ကို တီထွင်ပြီးစီးသွားပြီးနောက် လိုက်ကျစ်ရုံက ဖူချီပေါ်၏ တန်ဖိုးကို ချက်ချင်း သိရှိသွားခဲ့သည်။

ထို့ကြောင့် သူက အပေါ်ထပ်ရှိ နေထိုင်သူ အားလုံးကို အမြန်ဆုံး သတ်ပစ်လိုက်ပြီး ဖူချီပေါ်ကို အပေါ်ထပ်ရှိ အခန်းထဲတွင် အကျဉ်းချထားကာ သူတစ်ဦးတည်းအတွက် အစွမ်းလက်နက်များ ဖန်တီးခိုင်းတော့သည်။

ထိုအဖြစ်အပျက် နောက်ပိုင်းတွင် လိုက်ကျစ်ရုံက မည်ကဲ့သို့ အင်အားကြီးမားလာပြီး တိုက်အမှတ် ၈၇ ၏ ခေါင်းဆောင် ဖြစ်လာရုံသာမက အစွမ်းပိုင်ရှင် များစွာကိုပါ ထိန်းချုပ်ကာ သူ့အတွက် အလုပ်လုပ်ပေးရန် မည်သို့ စွမ်းဆောင်နိုင်ခဲ့သည်ကို ဖူချီပေါ် သိပ်မသိတော့ပေ။

ထို့ထက်ပို၍ တိုက်အမှတ် ၈၇ တွင် မှောင်ခိုဈေးတစ်ခုကိုပါ တည်ထောင်ခဲ့ပြီး အစွမ်းလက်နက်များကို ရောင်းချခြင်း၊ မိန်းမချောလေးများကို ဝယ်ယူခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အရင်းအမြစ်များကို ကုန်ပစ္စည်းများအဖြစ် ရောင်းချခြင်းများပါ ပြုလုပ်လာခဲ့သည်။

ဤအကြောင်းများကို ကြားပြီးနောက် လင်းယွမ်က ၎င်းတို့ နှစ်ဦး၏ အတွေ့အကြုံများကို အခြေခံအားဖြင့် နားလည်သွားပြီ ဖြစ်သည်။

လိုက်ကျစ်ရုံ မည်သို့ အင်အားကြီးမားလာသနည်းဆိုသည့် အချက်ကိုမူ လိုက်ကျစ်ရုံက သူ၏ အစွမ်းကို အနက်ရှိုင်းဆုံး အသုံးပြုနိုင်လာခြင်း ဖြစ်လိမ့်မည်ဟု လင်းယွမ် ခန့်မှန်းမိလိုက်သည်။

အထူးသဖြင့် အဝါရောင် ပန်းပွင့်လေးများ ပါသော ထိုအသီးက ကပ်ပါးမျိုးစေ့များကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။

ထို့ကြောင့် လိုက်ကျစ်ရုံကို ထိုမျှလောက် များပြားသော အစွမ်းပိုင်ရှင်များကို ထိန်းချုပ်နိုင်စေခဲ့ပြီး တိုက်အမှတ် ၈၇ ၏ မှောင်ခိုခေါင်းဆောင်ကြီး အဖြစ်သို့ ရောက်ရှိလာကာ ဤမှောင်ခိုဈေးကိုပါ တည်ထောင်နိုင်စေခဲ့ခြင်း ဖြစ်သည်။

ဤတစ်ကြိမ်တွင်သာ သူနှင့် မဆုံခဲ့လျှင် ဤမှောင်ခိုဈေးက ပို၍ ကြီးမားလာမည်ဖြစ်ပြီး လိုက်ကျစ်ရုံသည် ယန်ကွမ်းမြို့သစ်၏ ဘုရင်တပါး ဖြစ်လာနိုင်ချေ အလွန်များပေသည်။

ထိုအချိန်ရောက်၍ ရေလွှမ်းမိုးမှုကြီးက မရပ်တန့်သေးပါက လိုက်ကျစ်ရုံက သူထိန်းချုပ်ထားသော အစွမ်းပိုင်ရှင်များကို ခေါ်ဆောင်ကာ ယန်ကွမ်းမြို့သစ်မှ ထွက်ခွာပြီး ခြေချစရာ နေရာသစ်ကို ရှာဖွေမည်မှာ ဆယ်ပုံကိုးပုံ သေချာနေသည်။

အလွဲအချော် မရှိခဲ့ပါက သူက လင်းယွမ် ရှိနေသည့် ထိုက်ယန်တောင်သို့ ရောက်လာရန် အခွင့်အလမ်း အလွန်များပြားပေသည်။

ဆိုလိုသည်မှာ ဤလိုက်ကျစ်ရုံက အနှေးနှင့်အမြန် ဆိုသလို သူနှင့် ဆုံတွေ့ရမည်သာ ဖြစ်သည်။

လင်းယွမ်က မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ ကြည့်ရသည်မှာ သူက မသိမသာဖြင့် အလားအလာရှိသော ရန်သူတစ်ဦးကို ဖြေရှင်းလိုက်နိုင်သည့်ပုံပင်။

"သူ စားလိုက်တဲ့ သန္ဓေပြောင်း အသီးက သူ့ကို ဘယ်လို အစွမ်းမျိုး ပေးခဲ့တယ်ဆိုတာကို မင်း သိလား" ဟု လင်းယွမ်က ဖူချီပေါ်ကို မေးလိုက်သည်။

ဖူချီပေါ်က ခေတ္တမျှ ပြန်လည်တွေးတောလိုက်ပြီး ပြောသည်။ "ကျွန်တော် သူ့ခန္ဓာကိုယ်က စွမ်းအင်တွေကို အရင်က လေ့လာကြည့်ဖူးတယ်... ဒါပေမဲ့ အရမ်းထူးဆန်းတယ်... သူ့ကိုယ်ပေါ်မှာ အစိမ်းရောင် သစ်ပင်သဘာဝ စွမ်းအင်တွေ အထင်အရှား ရှိနေပေမဲ့ ခေါင်းထဲမှာတော့ အဖြူရောင် စိတ်စွမ်းအင် အစုအဝေး တစ်ခု ရှိနေတယ်"

"သူ့မှာ အစွမ်း နှစ်မျိုး ရှိနေမယ်လို့ ကျွန်တော် သံသယဖြစ်မိတယ်... ဒါပေမဲ့ အမြဲတမ်း သူက ကျွန်တော့်ကို အပေါ်ထပ်မှာ ချုပ်နှောင်ထားတော့ တခြား သဲလွန်စတွေကို ရှာရတာ ခက်ခဲလွန်းတယ်"

လင်းယွမ်က ခေါင်း အနည်းငယ် ညိတ်လိုက်ပြီး သတိလစ်နေသော လိုက်ကျစ်ရုံကို ကြည့်ကာ ပြောလိုက်သည်။ "မဆိုးဘူး... တကယ်ပဲ သူ့မှာ အစွမ်း နှစ်မျိုး ရှိနေတာ"

"အပင်တွေကို ထိန်းချုပ်နိုင်တာက တစ်မျိုးပဲ... သူ့မှာ နောက်ထပ် အစွမ်း တစ်မျိုး ရှိသေးတယ်... အဲဒါက ခုနက ငါ ဖြတ်ချလိုက်တဲ့ အဝါရောင် ပန်းပွင့်လေးနဲ့ ပတ်သက်နေတာပဲ"

ဖူချီပေါ်က မှင်တက်သွားကာ... "အဝါရောင် ပန်းပွင့်လေး"

လင်းယွမ်က ခေါင်းညိတ်ပြသည်။ "အဲဒီ အဝါရောင် ပန်းပွင့်လေးမှာ စိတ်စွမ်းအင်တွေကို မျိုချနိုင်တဲ့ အာနိသင် ရှိပြီး သူ့ရဲ့ စိတ်ပင်လယ်ကို ကာကွယ်ပေးနိုင်တယ်"

"ဒါပေမဲ့ ဒါက သူ့ရဲ့ အဓိက အာနိသင် မဟုတ်ဘူး... ဒီအဝါရောင် ပန်းပွင့်လေးက သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့် အမွေးအမျှင် တစ်မျိုးကို ထုတ်လွှတ်ပေးနိုင်တယ်လို့ ငါ ထင်တယ်"

"ဒီဖုန်မှုန့် အမွေးအမျှင်တွေက လူတွေရဲ့ ခန္ဓာကိုယ်ထဲကို အလွယ်တကူ ရှူသွင်းခံရနိုင်တယ် ဒါမှမဟုတ် အရေပြားကို ကပ်ငြိပြီး မွေးညင်းပေါက်လေးတွေ ကတစ်ဆင့် ဝင်ရောက်သွားနိုင်တယ်"

"ပြီးတော့ ဒီဖုန်မှုန့် အမွေးအမျှင်တွေက သူ့ရဲ့ အသိစိတ် ထိန်းချုပ်မှုအောက်မှာ အသားစိုင် သွေးကြောတွေထဲမှာ အမြစ်တွယ်သွားနိုင်တယ်... သူ့ရဲ့ လှုံ့ဆော်မှုကို တစ်ကြိမ် ခံရတာနဲ့ လျင်လျင်မြန်မြန် ကြီးထွားလာပြီး ကပ်ပါးကောင်ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်လာလိမ့်မယ်"

လင်းယွမ်၏ စကားများကြောင့် ဖူချီပေါ်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားတော့သည်။

သူက ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။ "အဲ... အဲဒါဆို ကျွန်တော်က... ကျွန်တော်က အရမ်း အန္တရာယ် မများနေဘူးလား"

လင်းယွမ်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "အဝါရောင် ပန်းပွင့်လေးက သူ ဒီဖုန်မှုန့် အမွေးအမျှင်တွေကို ထိန်းချုပ်နိုင်တဲ့ သော့ချက် ဖြစ်ရမယ်"

"အခုတော့ ဒီအဝါရောင် ပန်းပွင့်လေးကို ငါ ဖြတ်ပစ်လိုက်ပြီဆိုတော့ သူ ဒီအစွမ်း မရှိတော့လောက်ဘူး"

"အရေးကြီးတာက အခု သူ အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး"

လင်းယွမ်က မြေပြင်ပေါ်ရှိ လိုက်ကျစ်ရုံကို ကြည့်လိုက်သည်။

လိုက်ကျစ်ရုံ၏ အသက်ရှူသံက တဖြည်းဖြည်း အားနည်းလာနေပြီ ဖြစ်သည်။

လင်းယွမ်က အဝါရောင် ပန်းပွင့်လေး၏ အမြစ်များကို မီးလျှံဖြင့် လောင်ကျွမ်းစေခဲ့သော်ငြားလည်း။

ထိုအဝါရောင် ပန်းပွင့်က လိုက်ကျစ်ရုံ၏ သက်စောင့်စွမ်းအင်များကို အဆက်မပြတ် မျိုချနေဆဲပင် ဖြစ်သည်။

ဤမျှ အချိန်တိုလေး အတွင်းမှာပင် လိုက်ကျစ်ရုံ၏ ဆံပင်များ အားလုံး ဖြူသွားရုံသာမက မျက်နှာကလည်း အိုမင်းရင့်ရော်လာကာ နဖူးတွင် အရေးအကြောင်းများ စတင် ပေါ်လာပြီး သွေးသားများ အများအပြား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

အလွဲအချော် မရှိပါက လိုက်ကျစ်ရုံမှာ မကြာမီမှာပင် စုပ်ယူခံရပြီး ခန်းခြောက်သွားတော့မည် ဖြစ်သည်။

ဖူချီပေါ်ကလည်း ထိုအချက်ကို သတိထားမိသွားရာ သက်ပြင်းတစ်ချက် ချလိုက်မိပြီး လိုက်ကျစ်ရုံကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူက တိုးတိုးလေး ပြောလိုက်သည်။ "တကယ်တော့ ကျွန်တော် သူ့ကို ကျေးဇူးတင်သင့်တယ်... သူ့ကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း အနှေးနဲ့အမြန် သူတို့လို လူမျိုးတွေ ဖြစ်သွားမှာပဲ"

"ရေလွှမ်းမိုးမှုကြီးရဲ့ ဒုတိယလ ရောက်တော့ ကျွန်တော့်မှာ စားစရာ မရှိတော့ဘူး"

"ကျွန်တော် သန္ဓေပြောင်း ငါးတွေရဲ့ အသားကို အားကိုးပြီး တောင့်ခံနိုင်ခဲ့တာ"

"ဒါပေမဲ့ အဲဒီနောက်ပိုင်း သူ့ရဲ့ ချုပ်နှောင်တာ ခံလိုက်ရပြီးတော့ သူက အချိန်မှန် စားစရာတွေ လာပို့ပေးခဲ့တယ်"

"ငါးအသားတင် မကဘူး... တစ်ခါတလေ ကာဗိုဟိုက်ဒရိတ် ပါတဲ့ အစားအစာတွေရော သန္ဓေပြောင်း အပင်တွေရော ပါတတ်သေးတယ်"

"တကယ်တော့ သူ့ရဲ့ ဒီစားစရာတွေက တခြားလူတွေဆီကနေ လုယူလာတာ ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်... ဒီအစားအစာတွေ အားလုံးက သွေးစွန်းနေတာပဲ"

ဖူချီပေါ်က ခေါင်းငုံ့ထားကာ ရှုပ်ထွေးသော စိတ်ခံစားချက်ဖြင့် ပြောဆိုနေသည်။

လင်းယွမ်က သူ့ကို အဖက်မလုပ်တော့ဘဲ သစ်သားဖောင်၏ နောက်ဘက်သို့ လျှောက်သွားကာ ဖောင်နောက်ဘက်ရှိ အရိုးတာဘိုင်စက်ကို ကြည့်လိုက်သည်။

"ဒါကိုလည်း မင်းပဲ တီထွင်ထားတာလား"

လင်းယွမ်က ထိုတာဘိုင်စက်ကို စမ်းသပ်ထိတွေ့ကြည့်ရင်း မေးလိုက်သည်။

ဖူချီပေါ်က နောက်လှည့်ကြည့်လိုက်ရာ လင်းယွမ်၏ လက်ထဲရှိ တာဘိုင်စက်ကို မြင်သောအခါ မနေနိုင်ဘဲ ခေါင်း အနည်းငယ် ညိတ်လိုက်သည်။ "ဟုတ်တယ်... အစောကြီး ကတည်းက လိုက်ကျစ်ရုံက ကျွန်တော့်ကို လှုပ်ရှားမှု စွမ်းအင် အရင်းအမြစ်ကို လေ့လာခိုင်းခဲ့တာ"

"သူ ပြောဖူးတယ်... ဒီရေလွှမ်းမိုးမှုကြီးရဲ့ အခြေအနေက ပိုပိုပြီး ဆိုးရွားလာဖို့ပဲ ရှိတယ်... ယန်ကွမ်းမြို့သစ်က အထပ်မနိမ့်ပေမဲ့ အနှေးနဲ့အမြန် တစ်နေ့ကျရင်တော့ ရေမြုပ်သွားလိမ့်မယ်တဲ့"

"ကျွန်တော်တို့ဆီမှာ သင်္ဘောတစ်စင်း ရှိမှပဲ ဒီရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးထဲမှာ အသက်ရှင်နိုင်မယ်တဲ့"

"ဒါပေမဲ့ အခုချိန်မှာ သင်္ဘော သွားရှာဖို့ နေရာမရှိဘူး... ရေထဲမှာလည်း ကြောက်စရာကောင်းတဲ့ သန္ဓေပြောင်း သားရဲတွေ ပြည့်နှက်နေတော့ ရပ်ကွက်ထဲကနေ အပြင်ကို ကျွန်တော်တို့ မထွက်ရဲဘူး"

"ကံကောင်းချင်တော့ ကျွန်တော်က ချင်းဟွာ သုတေသနဌာနကဆိုတော့ ဒီဘက်ပိုင်းနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး လေ့လာထားတာ ရှိတယ်လေ"

"အဲဒါနဲ့ ကျွန်တော်က အစွမ်းကို စွမ်းအင်အရင်းအမြစ် အဖြစ် အသုံးပြုပြီး အစွမ်းသုံး တာဘိုင်အင်ဂျင်ကို တီထွင်ကြည့်ဖို့ စဉ်းစားမိခဲ့တာပါ"

"လောလောဆယ်တော့ ဒီလို တာဘိုင်အင်ဂျင်ကိုပဲ တီထွင်နိုင်သေးတယ်"

လင်းယွမ်၏ မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်များ ပေါ်လာသည်။ ဤဖူချီပေါ်က တကယ်ကို ပါရမီရှင် တစ်ယောက်ပဲ... ဒီလို အင်ဂျင်မျိုးကိုတောင် တကယ် တီထွင်နိုင်ခဲ့တာကိုး။

ဤအင်ဂျင်မျိုးကိုသာ ထိုက်ယန်တောင် ခိုလှုံရေးစခန်းတွင် အသုံးပြုနိုင်မည်ဆိုလျှင် ခိုလှုံရေးစခန်းရှိ စက်ကိရိယာ အများအပြားကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

သူက လှည့်ကာ သစ်သားအိမ်ကို ထပ်ကြည့်လိုက်သည်။ သစ်သားအိမ်ထဲတွင် ပစ္စည်းများ အမြောက်အမြား စီရီထားပြီး သေသပ်စွာ ဖန်တီးထားသော အစွမ်းလက်နက်များ၊ အစွမ်းကျောက်တုံး ပုတီးစေ့ စသည့် ပစ္စည်းများစွာ ရှိနေသေးသည်။

လင်းယွမ်က ဘာမှ ထပ်မပြောနေတော့ဘဲ အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ တန်းထည့်လိုက်သည်။

ထို့နောက် သူက ထိုတာဘိုင်စက်၏ ဝါယာကြိုး နှစ်ချောင်းကို ကိုင်ကာ မေးလိုက်သည်။ "ဒါက ဘာလဲ... ဝါယာကြိုးလား"

ဖူချီပေါ်က ခေါင်းခါလိုက်ပြီး ပြောသည်။ "မဟုတ်ဘူး... ဒါက သန္ဓေပြောင်း သတ္တဝါရဲ့ အရွတ်ကြောတွေပါ... သုတေသန လုပ်နေတုန်းက ဒီသန္ဓေပြောင်း သတ္တဝါ အရွတ်ကြောတွေမှာ အစွမ်း လျှပ်ကူးနိုင်စွမ်း အလွန် ကောင်းမွန်တာကို တွေ့ခဲ့လို့ ဒီထူးခြားချက်ကို သုံးပြီး တာဘိုင်စက်ရဲ့ အစွမ်း စွမ်းအင်ပို့လွှတ်တဲ့ ကြားခံအဖြစ် အသုံးပြုခဲ့တာပါ"

လင်းယွမ်က 'ဝါယာကြိုး' နှင့်တူသော ထိုအရွတ်ကြောကြီး နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အစွမ်းများ တအုံနွေးနွေး ဖြစ်လာကာ ၎င်းထဲသို့ ထည့်သွင်းပေးလိုက်သည်။

ထင်သည့်အတိုင်းပင် ထိုအရွတ်ကြောကြီး နှစ်ချောင်းက ချက်ချင်းဆိုသလို တုန်ခါသွားပြီး ကြီးမားလှသော အစွမ်းများက တာဘိုင်စက်ဆီသို့ စီးဝင်သွားတော့သည်။

ဝုန်းခနဲ အသံနှင့်အတူ တာဘိုင်စက်က ချက်ချင်း စတင် အလုပ်လုပ်သွားသည်။

မြှားပုံစံ သစ်သားဖောင်က ဝူးခနဲ အသံမြည်ကာ လျင်မြန်စွာ အရှိန်တင်သွားပြီး ရေပြင်ကို လျင်မြန်စွာ ခွဲထွက်ကာ တိုက်အမှတ် ၈၇ ဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းသွားတော့သည်။

လင်းယွမ်က ဤတာဘိုင်အင်ဂျင်၏ ရွေ့လျားစွမ်းအင်ကို ခံစားမိသောအခါ အံ့သြဝမ်းသာ ဖြစ်သွားရသည်။

"ဒီလို အလျင်မျိုးက ကားတစ်စီးရဲ့ အင်ဂျင်အလျင်ထက် လုံးဝ မနိမ့်ကျဘူးပဲ"

"ပြီးတော့ ငါက အစွမ်း အကုန်လုံးကိုတောင် မသုံးရသေးဘူး"

ထိုသို့ တွေးမိသောအခါ လင်းယွမ်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ပေါ်လာပြီး ခန္ဓာကိုယ်ထဲရှိ အစွမ်းများ လှုပ်ရှားလာတော့သည်။

ချက်ချင်းဆိုသလိုပင် ထိုအရွတ်ကြောကြီး နှစ်ချောင်းမှာ တုန်ခါသွားပြီး အစွမ်းများက အရိုးအင်ဂျင်၏ အတွင်းပိုင်းသို့ အဆက်မပြတ် စီးဝင်သွားသည်။

ထိုအရိုးအင်ဂျင်ပေါ်ရှိ ထူးဆန်းသော သင်္ကေတများ လင်းလက်လာပြီး တာဘိုင်လည်ပတ်နှုန်းက တစ်ဟုန်ထိုး ထပ်မံ မြင့်တက်သွားတော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သစ်သားဖောင်က တိုက်အမှတ် ၈၇ ၏ တံခါးဝသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။

ပေ ၃၀၀ အကွာအဝေးကို ဆယ်စက္ကန့်ပင် မကြာလိုက်ပေ။

လင်းယွမ်က ရပ်လိုက်ပြီး သစ်သားအိမ်၏ တံခါးဘောင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားသော ဖူချီပေါ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒီတာဘိုင်စက်ပေါ်က သင်္ကေတက ဘာသင်္ကေတလဲ"

ဖူချီပေါ်က ခေါင်းမူးနေသည့် ခံစားချက်ကို အောင့်ခံကာ အလျင်အမြန် ပြန်ဖြေလိုက်သည်။ "လေဖိအားပေါက်ကွဲ သင်္ကေတပါ... အရင်က ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တွေ့ခဲ့ရတဲ့ သင်္ကေတအရိုးလေ... အချိန်တိုအတွင်း လေကို ဖိသိပ်နိုင်ပြီး ပြင်းထန်တဲ့ ရွေ့လျားစွမ်းအင်ကို ဖန်တီးပေးနိုင်တယ်"

"ကျွန်တော် စောစောက ပြောတဲ့ မိုးကြိုးလက်ဖဝါး အစွမ်းပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲက သင်္ကေတပါပဲ"

လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။ ဒီတာဘိုင်စက်ပေါ်က သင်္ကေတက လေကို ဖိသိပ်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲအားကို ဖန်တီးပေးကာ ပန်ကာရွက်ကို ပိုမြန်မြန် လည်စေပြီး သစ်သားဖောင်ရဲ့ အရှိန်ကို မြှင့်တင်ပေးတာပေါ့လေ။

"ဦးလေးလင်း"

"အစ်ကိုထူလုံ... ဦးလေးလင်း ပြန်လာပြီ"

ပထမထပ်ဘက်တွင် နိချီတို့ အဖွဲ့က တံခါးဝတွင် စောင့်နေကြပြီး လင်းယွမ် ပြန်လာသည်ကို မြင်သောအခါ အလျင်အမြန် လက်လှမ်းပြကြသည်။

၎င်းတို့၏ နောက်တွင် လောင်ချီနှင့် လောင်ယန်တို့ပါ ရှိနေကြသည်။

၎င်းတို့အပြင် အခြားသော စိမ်းသက်သက် အစွမ်းပိုင်ရှင် တချို့လည်း ၎င်းတို့၏ အနောက်တွင် ပါလာကြသည်။

စုစုပေါင်း လူဆယ်ယောက်ကျော်ခန့် ရှိသည်။

လင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ မေးလိုက်သည်။ "အကုန် ရှင်းလင်းပြီးပြီလား"

ထူလုံက အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... ဘယ်လိုဖြစ်မှန်းမသိဘူး... မှောင်ခိုဈေးက အစွမ်းပိုင်ရှင်တွေ အကုန်လုံး သတိလစ်သွားကြပြီး သူတို့ကိုယ်ပေါ်မှာလည်း အရွယ်အစား မတူညီတဲ့ ပုပ်ဟက်နေတဲ့ အနီကွက်တွေ ထွက်လာတယ်"

ထိုစကားကို ကြားသောအခါ လင်းယွမ်က မျက်မှောင် အနည်းငယ် ကျုံ့သွားသည်။

ထိုအချိန်တွင် ဖူချီပေါ်က အလျင်အမြန် အော်ပြောလိုက်သည်။ "အဲဒါ ဘယ်လိုဖြစ်တာလဲဆိုတာ ကျွန်တော် သိတယ်... လိုက်ကျစ်ရုံက ကပ်ပါးမျိုးစေ့တွေအပေါ် ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတော့ အဲဒီ ကပ်ပါးမျိုးစေ့တွေက အထိန်းအကွပ် မဲ့သွားပြီး အလိုအလျောက် ကြီးထွားလာပြီး ကပ်ပါးကောင်ရဲ့ သွေးသားတွေကို စုပ်ယူနေကြတာပဲ"

လူတိုင်း ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားကြသည်။

"ကပ်ပါးမျိုးစေ့"

"ဘာကြီးလဲ"

"သူတို့ ပြောတာကို ခပ်ရေးရေး ကြားဖူးသလိုပဲ... မှောင်ခိုဈေးရဲ့ ခေါင်းဆောင် လိုက်ကျစ်ရုံက တခြားလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးအဖြစ် ရှင်သန်နိုင်တဲ့ ကပ်ပါးမျိုးစေ့ တစ်မျိုးကို ထုတ်လွှတ်နိုင်တယ်တဲ့"

"ဘာ"

ခဏအကြာတွင် လောင်ယန်၊ လောင်ချီတို့ အားလုံး၏ မျက်နှာများမှာ အတော်လေး ဆိုးရွားလာတော့သည်။

ဆက်ရန်...

အပိုင်း(၃၂၀) လိုင်ကျစ်ရုံ၏ သင်္ကေတအရိုး

လောင်ချီတို့အဖွဲ့က သူတို့ခန္ဓာကိုယ်ကို အမြန်စစ်ဆေးကြည့်လိုက်သော်လည်း ပြည်တည်နေသော အနီစက်များကို မတွေ့ရပေ။

ထူလုံက မနေနိုင်ဘဲ မေးလိုက်သည် "ကပ်ပါးမျိုးစေ့ဆိုတာ ဘာလဲ"

လင်းယွမ်က ပြန်မဖြေဘဲ ချက်ချင်း မေးလိုက်သည် "ဒီလိုအခြေအနေဖြစ်နေတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ"

ထူလုံက အလျင်အမြန် ပြန်ဖြေသည် "အများကြီးပဲ... မှောင်ခိုဈေးကလူတွေတင်မကဘူး... ဖမ်းချုပ်ခံထားရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေပါ သတိလစ်နေကြတယ်"

လင်းယွမ်၏ မျက်နှာက တင်းမာသွားပြီး ပြောလိုက်သည် "အဲ့လိုင်ကျစ်ရုံက အဲ့ဒီကလေးတွေနဲ့ အမျိုးသမီးတွေကို ကပ်ပါးတွယ်စေပြီး ဘာလုပ်ဖို့လဲ"

ထိုအချိန်တွင် ဖူချီပေါ်က ဝင်ပြောလိုက်သည် "ဘာဖြစ်တာလဲဆိုတာ ကျွန်တော်သိတယ်"

လူအားလုံးက သူ့ကို ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

ဖူချီပေါ်က ကမန်းကတန်း ရှင်းပြသည် "ကျွန်တော် ဒီလိုအပင်မျိုးကို လေ့လာဖူးတယ်... ပုံမှန်အားဖြင့် ဒီကပ်ပါးမျိုးစေ့ရဲ့ မိခင်အပင် ထိခိုက်သွားရင် သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းနဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတတ်တယ်"

"အရင်က လိုင်ကျစ်ရုံက ကပ်ပါးမျိုးစေ့တွေကို အားကိုးပြီး သူ့လက်အောက်က အစွမ်းပိုင်ရှင်တွေကို ထိန်းချုပ်ခဲ့တာ"

"ဒါပေမဲ့ သူ့ရည်မှန်းချက်က ဒီလောက်နဲ့တင် မရပ်ဘူး... သူက ဒီကပ်ပါးမျိုးစေ့တွေကို လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းထားတာက နောင်တစ်ချိန်မှာ ဒီလူတွေကို အချိန်မရွေး ကြိုးကိုင်ပြီး သူ့အတွက် အသက်ပေးခိုင်းဖို့ပဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် လူအားလုံး၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။

အကယ်၍ ဤအမျိုးသမီးများကို တစ်ယောက်ယောက်က ဝယ်သွားပြီးနောက် လိုင်ကျစ်ရုံ၏ ကြိုးကိုင်မှုကို ခံနေရပါက မည်သည့်အချိန်တွင် ရုတ်တရက် လုပ်ကြံခံရမည်ကို မည်သူမျှ မသိနိုင်ပေ။

လိုင်ကျစ်ရုံ၏ ဤလုပ်ရပ်က ဤအမျိုးသမီးများကို အသုံးချ၍ အခြားသူများကိုပါ ဆက်လက် ထိန်းချုပ်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်သည်။

လင်းယွမ်က မျက်မှောင်ကြုတ်ကာ ဖူချီပေါ်ကို ကြည့်ပြီး မေးလိုက်သည် "ကယ်လို့ရသေးလား"

ဖူချီပေါ်က ခေါင်းယမ်းလိုက်သည် "လိုင်ကျစ်ရုံ သတိရလာပြီး ဒီကပ်ပါးမျိုးစေ့တွေကို ပြန်ထိန်းချုပ်နိုင်မှ... သူတို့ကြီးထွားလာတာကို ဖိနှိပ်ထားနိုင်မှပဲ ရမယ်... အဲ့လိုမှမဟုတ်ရင်တော့"

သူက ဆက်မပြောတော့သော်လည်း လူအားလုံးက သူပြောချင်သည့် အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။

လင်းယွမ်၏ အကြည့်များက အနည်းငယ် မှုန်မှိုင်းသွားပြီး ချက်ချင်း အပေါ်ထပ်သို့ တက်ကာ သတိလစ်နေသော အမျိုးသမီးတစ်ဦးကို ရှာဖွေစစ်ဆေးလိုက်သည်။

တကယ်ပင် ထိုအမျိုးသမီး၏ ခန္ဓာကိုယ် နေရာအနှံ့တွင် ပြည်တည်နာများ ထွက်ပေါ်နေပြီး ပေါက်ပြဲနေသော ဒဏ်ရာများထဲတွင် အဖြူရောင် မျိုးစေ့နှင့်တူသော အမွေးအမျှင်လေးများက ချွေးပေါက်မွေးများသဖွယ် ခပ်ဖွဖွ လှုပ်ရှားနေကြသည်။

လင်းယွမ်က စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်ရာ ထိုအဖြူရောင် အမွေးအမျှင်လေးများထဲတွင် အားနည်းသော စိတ်စွမ်းအင် လှိုင်းလေးများ ရှိနေကြောင်း ချက်ချင်း သတိပြုမိသွားသည်။

"ဒီမျိုးစေ့လေးတွေက အသက်ရှိတယ်... စိတ်စွမ်းအင်သုံးပြီး ဒီစိတ်စွမ်းအင်လှိုင်းတွေကို တိုက်ရိုက် ချေမှုန်းပစ်လိုက်ရင် သူတို့ကို ရှင်းလင်းပြီးသား ဖြစ်သွားမလား"

လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ထိုအတွေးမျိုး ချက်ချင်း ပေါ်လာခဲ့သည်။

ထို့ကြောင့် သူက စိတ်စွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ထိုစိတ်စွမ်းအင်လှိုင်းကို အတင်းအဓမ္မ ချေမှုန်းပစ်လိုက်သည်။

ထိုခဏတွင်ပင် ပြည်တည်နေသော ဒဏ်ရာများက "ဖောက်" ခနဲ မြည်ကာ ပြည်တည်နာများ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။

အထဲမှ ပြည်များ စီးကျလာပြီး ထိုပြည်ရည်များနှင့်အတူ အမွေးအမျှင် မျိုးစေ့လေးများလည်း ရောပါလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ မျက်စိရှေ့ရှိ အမျိုးသမီး၏ မျက်ခွံများ လှုပ်ခတ်သွားပြီး မျက်လုံးအိမ်များက မျက်ခွံအောက်တွင် လှိမ့်ဆင်းသွားကာ မျက်တောင်များက ခပ်ဖွဖွ တုန်ခါသွားပြီးနောက် သူမက မျက်လုံးပွင့်လာခဲ့သည်။

"ဟေး... သတိရလာပြီ... သတိရလာပြီ" လောင်ချီက အခြေအနေကို ပထမဆုံး သတိပြုမိသွားပြီး ရုတ်တရက် အာမေဍိတ်သံဖြင့် အော်ပြောလိုက်သည်။

လောင်ယန်တို့အဖွဲ့လည်း ချက်ချင်း ဝိုင်းအုံလာကြသည်။

လင်းယွမ်က ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ရှိ အခြားနေရာများကို စစ်ဆေးကြည့်လိုက်ရာ ပြည်တည်နာ အားလုံး ပေါက်ကွဲသွားပြီး အထဲရှိ ကပ်ပါးမျိုးစေ့များ အားလုံး စီးကျလာသည်ကို တွေ့ရသည်။

ဤအမျိုးသမီးက ကပ်ပါးမျိုးစေ့များ၏ တွယ်ကပ်မှုမှ လုံးဝ ကင်းလွတ်သွားပြီ ဖြစ်သည်။

လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည် "သတိလစ်နေတဲ့သူတွေ အကုန်လုံးကို အပြင်ထုတ်လာခဲ့... လိုင်ကျစ်ရုံရဲ့ ခွေးတွေကိုတော့ ဂရုစိုက်စရာမလိုဘူး"

လောင်ချီနှင့် လောင်ယန်တို့က ထိုစကားကို ကြားသောအခါ အလျင်အမြန် ခေါင်းညိတ်ပြလိုက်ကြသည်။

ထူလုံက ပြောလိုက်သည် "ဖီးနစ်သင်္ဘောကို သွားပြီး အကြောင်းကြားလိုက်မယ်"

လင်းယွမ်က ပြောသည် "သစ်သားဖောင်ကိုပဲ သုံးလိုက်... ဒီမှာ တိုက်တွေ အရမ်းကျပ်နေတော့ ဖီးနစ်သင်္ဘောက ဝင်လာလို့မရဘူး"

ထူလုံလည်း စဉ်းစားကြည့်လိုက်ပြီးနောက် ချက်ချင်း ခေါင်းညိတ်လိုက်သည် "နားလည်ပြီ"

လင်းယွမ်က ဤ (၈၇) လုံးမြောက် တိုက်၏ ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော ပလက်ဖောင်းများကို ပြန်ကြည့်လိုက်ပြီး ထိုပလက်ဖောင်းများ၏ ရေပေါ်ပေါ်နိုင်စွမ်းက အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ရုတ်တရက် တွေးမိသွားကာ ဖူချီပေါ်ကို ကြည့်၍ မေးလိုက်သည် "ဒီပလပ်စတစ် ပလက်ဖောင်းတွေက ဘယ်လိုလုပ်ထားတာလဲ"

"ဟင်" ဖူချီပေါ်က ကြောင်အသွားပြီး မသိစိတ်မှ ပြန်ဖြေလိုက်သည် "အဲ့ဒါတော့ ကျွန်တော်မသိဘူး... လိုင်ကျစ်ရုံ ကိုယ်တိုင် လုပ်ထားတာ"

"အရင်က ကျွန်တော် ခေါင်မိုးထပ်ကနေ မြင်ဖူးတယ်... သူက ဒီပလက်ဖောင်းတွေကို တိုးချဲ့ပြီးတော့ ဝင်ထွက်သွားလာတဲ့ သင်္ဘောတွေ ဆိုက်ကပ်ဖို့ လွယ်ကူအောင် ဆိပ်ကမ်းလိုမျိုး လုပ်ချင်နေပုံရတယ်"

လင်းယွမ်က သတိလစ်နေပြီဖြစ်သော လိုင်ကျစ်ရုံကို ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ စိတ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရုပ်သေးကြိုးမျှင်များက ချက်ချင်း ရူးသွပ်စွာ လှုပ်ရှားလာကာ ပြတ်တောက်သွားသော အဝါရောင်ပန်းပွင့်၏ အမြစ်များကို ဆွဲဖြဲ ထိန်းချုပ်လိုက်သည်။

သို့သော်လည်း သူက အဝါရောင်ပန်းပွင့်၏ အမြစ်များကို အထင်သေးမိသွားသည်မှာ ထင်ရှားပြီး ထိုအမြစ်များက လိုင်ကျစ်ရုံ၏ ဦးနှောက်အာရုံကြောများနှင့် လုံးဝ တစ်သားတည်း ဖြစ်နေပုံရသည်။

အကယ်၍ ထိုအဝါရောင်ပန်းပွင့်၏ အမြစ်များကို ဆွဲဖြဲလိုက်ပါက လိုင်ကျစ်ရုံ၏ ဦးနှောက်အာရုံကြောများ ပြတ်တောက်သွားပြီး ဦးနှောက်သေဆုံးသွားမည်မှာ သေချာပေသည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုနှစ်ခုကို အတင်းအဓမ္မ ခွဲထုတ်မည့် အတွေးကို လက်လျှော့လိုက်သည်။

သူက အဝါရောင်ပန်းပွင့် အမြစ်များမှ လိုင်ကျစ်ရုံ၏ အသက်စွမ်းအင်ကို စုပ်ယူနေသည့် လုပ်ငန်းစဉ်ကို ယာယီ ဖြတ်တောက်လိုက်ပြီး လိုင်ကျစ်ရုံ၏ အာရုံကြောများကို ပြောင်းလဲ လှုံ့ဆော်ပေးလိုက်သည်။

လိုင်ကျစ်ရုံ၏ စိတ်ဝိညာဉ်က လှုံ့ဆော်မှု ခံလိုက်ရပြီး မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လာသည်။

သူ၏ မျက်နှာက ဖြူရော်နေပြီး တစ်ကိုယ်လုံး အားနည်းနေကာ မသိစိတ်မှ လှုပ်ရှားရန် ကြိုးစားလိုက်သော်လည်း ခန္ဓာကိုယ်က လုံးဝ ထိန်းချုပ်၍ မရပေ။

သူက ထိတ်လန့်သွားသော မျက်နှာထားဖြင့် လင်းယွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်း တောင်းပန်တော့သည် "ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့"

လင်းယွမ်က ဂရုမစိုက်ဘဲ မေးလိုက်သည် "မင်းရဲ့ ဒီအစွမ်းက ဘယ်လိုရလာတာလဲ ငါ့ကို ပြောစမ်း... ပြီးတော့ အဲ့ဒီအစွမ်းသုံးလက်နက်တွေကိုရော ဘယ်လိုဖန်တီးတာလဲ"

လိုင်ကျစ်ရုံက ထိုစကားကို ကြားသောအခါ မသိစိတ်မှ ဖူချီပေါ်ကို တစ်ချက် ကြည့်လိုက်သည်။

ဖူချီပေါ်လည်း အနည်းငယ် ကြောင်အသွားပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

ဤအကြောင်းအရာများကို သူက လင်းယွမ်အား တစ်ခေါက် ပြောပြပြီးပြီဖြစ်ရာ အဘယ်ကြောင့် ထပ်မေးနေရသနည်း။

ထို့နောက်တွင်တော့ သူ ချက်ချင်း နားလည်သွားသည်... လင်းယွမ်က သူ့ကို လုံးဝ မယုံကြည်သေးသောကြောင့် လိုင်ကျစ်ရုံကို နောက်တစ်ခေါက် ထပ်မေးခြင်း ဖြစ်သည်။

လိုင်ကျစ်ရုံကတော့ ဖူချီပေါ်မှ အရာအားလုံးကို ထွက်ဆိုပြီးပြီ ဆိုသည်ကို မသိပေ။

သူ၏ ဦးနှောက်က အမြန်အလုပ်လုပ်သွားပြီး သူအသက်ရှင်နိုင်မည့် အခွင့်အရေးက ယခုအချိန်တွင်သာ ရှိကြောင်း ချက်ချင်း သတိပြုမိသွားသည်။

သူက ကမန်းကတန်း ပြောလိုက်သည် "ငါ သန္ဓေပြောင်းအသီး တစ်လုံးကို မှားစားမိလို့ အပင်ထိန်းချုပ်တဲ့ အစွမ်းကို ရလာတာ... အဲ့ဒီအစွမ်းသုံးလက်နက်တွေကိုလည်း ငါကိုယ်တိုင် ဖန်တီးခဲ့တာ... အစွမ်းလမ်းကြောင်းတွေ ပါတဲ့ သန္ဓေပြောင်း သားရဲအရိုးတချို့ကို ငါရှာတွေ့ခဲ့တယ်"

လိုင်ကျစ်ရုံက အစွမ်းသုံးလက်နက်များ ဖန်တီးသည့် လုပ်ငန်းစဉ်ကို အလျင်စလို ပြောပြနေသည်။

သို့သော်လည်း လင်းယွမ်က သူပြောနေသည်များမှာ ရှေ့နောက်မညီကြောင်း သိသာစွာ ခံစားမိနေပြီး နေရာတော်တော်များများတွင် ဝေဝါးနေကာ တကယ်တမ်းတွင် သူက ထိုအရာများ၏ အခြေခံသဘောတရားကို လုံးဝ မသိကြောင်း ထင်ရှားနေသည်။

လင်းယွမ်က စိတ်ထဲတွင် လှောင်ပြုံးပြုံးလိုက်ပြီး အခြေခံအားဖြင့် လိုင်ကျစ်ရုံ လိမ်ညာနေကြောင်း ဆုံးဖြတ်လိုက်သည်။

ဖူချီပေါ် ပြောခဲ့သည်များက အမှန်ဖြစ်ပုံရသည်။

သူက မတ်တတ်ရပ်လိုက်ပြီး နောက်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။

"မင်းရဲ့ အစွမ်းက အပင်တွေကို ထိန်းချုပ်တာ တစ်ခုတည်းလား"

လိုင်ကျစ်ရုံ၏ အကြည့်များက တစ်ချက် တုန်လှုပ်သွားပြီး ချက်ချင်း တောင်းပန်လိုက်သည် "ဟုတ်... ဟုတ်ပါတယ် ဘော့စ်... ငါ အသုံးဝင်ပါသေးတယ်... ငါ အစွမ်းသုံးလက်နက်တွေ ဖန်တီးပေးနိုင်တယ်... ငါ့အသက်ကို ချမ်းသာပေးပါ... မင်းအတွက် လက်နက်တွေ ဖန်တီးပေးပါ့မယ်... ကျေးဇူးပြုပြီးတော့ ချမ်းသာပေးပါ"

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောသည် "တိုက်ဆိုင်လိုက်တာ... ဒီက ဖူချီပေါ်ကတော့ သူကမှ အစွမ်းသုံးလက်နက်တွေကို ဖန်တီးတဲ့သူလို့ ပြောနေတယ်... ငါ့ကို ပြောစမ်းပါဦး... အပင်ထိန်းချုပ်တဲ့ အစွမ်းပိုင်ရှင်တစ်ယောက်က လက်နက်တွေကို ဘယ်လို ဖန်တီးတာလဲဆိုတာ"

လိုင်ကျစ်ရုံ၏ မျက်နှာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားပြီး ဖူချီပေါ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် "မင်း ငါ့ကို သစ္စာဖောက်တယ်ပေါ့"

သူ၏ မျက်လုံးအိမ်များပင် နီရဲသွားပြီး မသိစိတ်မှ ထထိုင်ရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် ထထိုင်ရန် ပြင်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က လုံးဝ ထိန်းချုပ်၍မရကြောင်း ခံစားလိုက်ရသည်။

ထိုမျှမက သူက ကပ်ပါးမျိုးစေ့များ ရှိနေခြင်းကိုပင် မခံစားရတော့ချေ။

ထိုခဏတွင် သူ၏ မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်များ ရုတ်တရက် ပေါ်လာခဲ့သည်။

"မ... မဖြစ်နိုင်ဘူး... ငါ့ရဲ့ ကပ်ပါးမျိုးစေ့တွေ... ဘာလို့ အာရုံခံလို့ မရတော့တာလဲ"

လင်းယွမ်က ခေါင်းအနည်းငယ် ယမ်းလိုက်ပြီး နောက်ဆုံးတွင်တော့ ဤလိုင်ကျစ်ရုံကို စိတ်မဝင်စားတော့ပေ။

သူ၏ ဦးခေါင်းထက်ရှိ ထိုအဝါရောင်ပန်းပွင့်ကို သူ့ကိုယ်တိုင် ဖြတ်တောက်လိုက်ပြီးနောက်တွင် တကယ်တမ်း၌ သူက ကပ်ပါးမျိုးစေ့များကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားပြီ ဖြစ်သည်။

ကပ်ပါးမျိုးစေ့များက စောစောကတည်းက ထိန်းချုပ်မှု ကင်းလွတ်သွားပြီး ကပ်ပါးကောင်၏ ခန္ဓာကိုယ်ထဲတွင် စတင် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဤကောင်က သူ၏ ရုပ်သေးကြိုးမျှင်များဖြင့်ပါ ထိန်းချုပ်ခံထားရပြီး ထိုအဝါရောင်ပန်းပွင့်နှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်ခံထားရသောကြောင့် ကပ်ပါးမျိုးစေ့များကို ထိန်းချုပ်နိုင်ရန်မှာ သဘာဝအားဖြင့် ပို၍ပင် မဖြစ်နိုင်တော့ချေ။

လင်းယွမ်က ခေါင်းယမ်းလိုက်ပြီး လက်ချောင်းကို ကွေးကာ ခေါက်ချလိုက်သည်။

"ဖောင်း"

အားအင်တစ်ခုက လေထုကို ခွဲကာ ပေါက်ကွဲထွက်လာပြီး နောက်တစ်စက္ကန့်တွင် လိုင်ကျစ်ရုံ၏ ရင်ဘတ်ကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်သည်။

ထိုခဏတွင်ပင် လိုင်ကျစ်ရုံ၏ ရင်ဘတ်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ပွင့်သွားပြီး သူက နောက်ဆုံးအနေဖြင့် အော်ဟစ်လိုက်ကာ သစ်သားဖောင်ပေါ်သို့ လဲကျသွားသည်။

လင်းယွမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မီးတောက်တစ်ခုက ဟိန်းဟောက်သံနှင့်အတူ ထွက်ပေါ်လာပြီး မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲကာ လိုင်ကျစ်ရုံ၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားသည်။

လိုင်ကျစ်ရုံ၏ တစ်ကိုယ်လုံးက ရုတ်တရက် မီးစွဲလောင်သွားပြီး တဖြည်းဖြည်း မီးသွေးတုံးကဲ့သို့ မည်းနက်သွားသည်။

အပူချိန်မြင့်မားသော မီးတောက်များအောက်တွင် သည်းထန်စွာ ရွာသွန်းနေသော မိုးရေများပင်လျှင် မီးနဂါးကို မငြှိမ်းသတ်နိုင်ခဲ့ပေ။

"ဝုန်း... ဝုန်း"

တောက်လောင်နေသော မီးတောက်များအောက်တွင် မကြာမီ လိုင်ကျစ်ရုံ၏ တစ်ကိုယ်လုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

ဖူချီပေါ်က သစ်သားအိမ်တံခါးဝတွင် ရပ်ကာ ထိုမြင်ကွင်းကို ကြည့်နေရင်း စိတ်လှုပ်ရှားမှု၊ နာကြည်းမှု၊ ပို၍ လွတ်လပ်ပေါ့ပါးသွားမှုတို့ကို ခံစားနေရသည်။

သူ၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ရောထွေးနေပြီး အချိန်အတော်ကြာ လိုင်ကျစ်ရုံ၏ အကျဉ်းချခံထားရသည့် အချိန်များကို ခေါင်းထဲတွင် ပြန်လည် အမှတ်ရနေသလို တစ်ချိန်က သူတို့နှစ်ယောက် အိမ်နီးချင်းများ ဖြစ်ခဲ့ပြီး အတူတူ အလုပ်သွား၊ အလုပ်ပြန်လုပ်ကာ စနေ၊ တနင်္ဂနွေများတွင် တစ်ခါတစ်ရံ အတူတူ စားသောက်ဆိုင် သွားခဲ့သည့် သူငယ်ချင်း သံယောဇဉ်များကိုလည်း ပြန်တွေးမိနေသည်။

ကံမကောင်းစွာဖြင့် အရာအားလုံးက မျက်စိရှေ့မှ တိမ်တိုက်များကဲ့သို့ လွင့်စင်သွားခဲ့ပြီ ဖြစ်ပြီး ဤမီးတောက်နှင့်အတူ အရာအားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လင်းယွမ်တွင် ဖူချီပေါ်လောက် ခံစားချက် မရှိပေ။

သူက မီးတောက်ထဲတွင် လိုင်ကျစ်ရုံ၏ ခန္ဓာကိုယ် ပြာအဖြစ် ပြောင်းလဲသွားသည်ကို စိုက်ကြည့်နေသော်လည်း အစိမ်းရောင် ဦးခေါင်းခွံ အပိုင်းအစလေးတစ်ခုကတော့ မီးတောက်များ၏ လောင်ကျွမ်းမှုကို ခံရသော်လည်း ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲမသွားသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်က လက်သီးကို ဆုပ်လိုက်ရာ မီးတောက်များ အားလုံး ရုတ်တရက် ပျောက်ကွယ်သွားသည်။

သည်းထန်စွာ ရွာသွန်းနေသော မိုးရေများအောက်တွင် ပြာများက သစ်သားဖောင်၏ အက်ကွဲကြောင်းများမှတစ်ဆင့် ရေကြီးနေသော ရေထဲသို့ စီးဝင်သွားသည်။

အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေသော ထိုဦးခေါင်းခွံက ထိုနေရာတွင် တိတ်ဆိတ်စွာ ရှိနေသည်။

"သင်္ကေတအရိုး"

မလှမ်းမကမ်းတွင် ရှိနေသော ဖူချီပေါ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရုတ်တရက် အာမေဍိတ်သံဖြင့် အော်ပြောလိုက်သည်။

လင်းယွမ်က ထိုနေရာသို့ သွားကာ အနည်းငယ် ပူနွေးနေသော ဤသင်္ကေတအရိုးကို လက်လှမ်း၍ ကောက်ယူလိုက်သည်။

ဤသင်္ကေတအရိုးပေါ်ရှိ အရိုးသားက ဖြူစင်သော ကျောက်စိမ်းကဲ့သို့ ဖြစ်နေသော်လည်း အပေါ်တွင်တော့ အစိမ်းရောင် အပင်ပုံစံ အရေးအကြောင်းတစ်ခု ရှိနေသည်။

လင်းယွမ်က ဤသင်္ကေတကို သေချာ ကြည့်လိုက်ရာ အပင်နှင့်တူသော အရေးအကြောင်းများက ကောက်ကွေ့နေသော်လည်း ၎င်း၏ အမြစ်ပိုင်းတွင်တော့ အခက်အလက်များစွာ ထွက်ပေါ်နေပြီး ရေဘဝဲလက်တံများကဲ့သို့ ဖြစ်ပေါ်နေသည်။

သူက တစ်ခုခုကို တွေးတောနေပုံရသည် "ဒီသင်္ကေတက ဘာအစွမ်းလဲ မသိဘူး... အပင်ထိန်းချုပ်တာလား... ဒါမှမဟုတ် လိုင်ကျစ်ရုံရဲ့ ကပ်ပါးအစွမ်းလား"

လင်းယွမ်၏ အကြည့်များက တောက်ပသွားပြီး သင်္ကေတအရိုးကို သိမ်းဆည်းလိုက်သည်... ဤနေရာက လေ့လာစမ်းသပ်ရန် သင့်တော်သော နေရာ မဟုတ်ပေ။

မကြာမီ ထူလုံ၊ လောင်ယန်၊ လောင်ချီနှင့် အခြားသူများက သတိလစ်နေသော အမျိုးသမီးများနှင့် ကလေးများစွာကို ကျောပိုးကာ ပြေးဆင်းလာကြသည်။

လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ သစ်သားဖောင် အနည်းငယ်ကို ထုတ်ယူလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က နံပါတ် (၁) သစ်သားဖောင် ပျက်စီးသွားပြီးနောက် လင်းယွမ်က ဦးလေးမာတို့ကို ယခု ခရီးစဉ်တွင် အသုံးပြုရန်အတွက် သစ်သားဖောင်များ ထပ်မံ ပြုလုပ်ခိုင်းထားခဲ့ခြင်း ဖြစ်သည်။

ရေကြီးနေသော ရေပြင်ပေါ်တွင် သစ်သားဖောင် ငါးခု ခြောက်ခုခန့် ထွက်ပေါ်လာပြီး လင်းယွမ်က ပြောလိုက်သည် "လူတွေကို တင်လိုက်"

ထူလုံတို့အဖွဲ့က လူအားလုံးကို အလျင်စလို တိုက်တွန်းလိုက်သည် "ဘာတွေ ကြောင်ကြည့်နေကြတာလဲ... တင်ကြလေ"

လောင်ချီက မနေနိုင်ဘဲ မေးလိုက်သည် "ဒီကညီလေး... မင်းတို့က လူတွေကို ဘယ်ပို့မလို့လဲ"

လောင်ယန်က စကားမပြောသော်လည်း သံသယဖြစ်နေသည့် မျက်နှာထား ရှိနေသည်။

ထူလုံက ထိုနှစ်ယောက်ကို တစ်ချက် ကြည့်ပြီး ပြောလိုက်သည် "ငါတို့သင်္ဘောက အပြင်ဘက်မှာ ရှိတယ်... သူတို့ကို ဒီမှာ ထားခဲ့ရင် သေလမ်းပဲ ရှိမယ်... သင်္ဘောပေါ် ပို့လိုက်မှ ဆရာလင်းယွမ်က သူတို့ကို ကယ်ပေးနိုင်လိမ့်မယ်"

လောင်ချီတို့ မှောင်ခိုဈေးမှ ကုန်သည်များ၏ မျက်နှာပေါ်တွင် ရုတ်တရက် အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည် "မင်းတို့ဆီမှာ သင်္ဘောရှိတာလား"

လောင်ယန်က ကမန်းကတန်း မေးလိုက်သည် "ဘယ်လိုသင်္ဘောမျိုးလဲ... ဘယ်လောက် ကြီးလဲ"

အခြား မှောင်ခိုဈေး ကုန်သည် အနည်းငယ်လည်း ကမန်းကတန်း ဝိုင်းမေးကြသည်။

"မင်းတို့က ဘယ်ကလာတာလဲ"

"မင်းတို့က ငါတို့ရပ်ကွက်က မဟုတ်ဘူးမလား"

ထူလုံက အော်ပြောလိုက်သည် "အရင်ကူညီပေးကြပါဦး... ဒီကိစ္စတွေကို ခဏနေမှ ဆက်ပြောမယ်"

လူအားလုံးက ထိုစကားကို ကြားသောအခါ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် လောင်ချီနှင့် လောင်ယန်တို့၏ ဦးဆောင်မှုအောက်၌ လူများကို အမြန် စတင် သယ်ယူကြသည်။

နိချီက သူ၏ ခန္ဓာကိုယ်ကို ကြီးမားအောင် ပြောင်းလဲလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် လူခုနစ်ယောက် ရှစ်ယောက်ခန့်ကို ပွေ့ချီကာ သစ်သားဖောင်ပေါ်သို့ အမြန်ပြေး၍ ချထားလိုက်သည်။

ဝမ်ရှောင်ယာက မာကျီ၊ ချန်ယန်းတို့အဖွဲ့ကို ခေါ်ကာ အမြန် ဝင်ရောက် ကူညီပေးကြသည်။

မကြာမီ သစ်သားဖောင် အနည်းငယ်ပေါ်တွင် လူများ ပြည့်သွားသည်။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည် "ဝမ်ရှောင်ယာ... ချန်ယန်း... နိချီ... မင်းတို့ ဒီလူတွေကို ဖီးနစ်သင်္ဘောပေါ် အရင်ပို့လိုက်... လီရှန်ယန်တို့လည်း ရောက်တော့မှာပဲ... သူတို့ကို သင်္ဘောလွတ်နဲ့ လူလာကြိုခိုင်းလိုက်"

"ဟုတ်ကဲ့ပါ ဆရာလင်းယွမ်" ဝမ်ရှောင်ယာတို့အဖွဲ့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် သစ်သားဖောင်ပေါ်သို့ အမြန်တက်ကာ ဤအမျိုးသမီးများနှင့် ကလေးများကို စတင် သယ်ယူသွားကြသည်။

ထို့နောက် လင်းယွမ်က လောင်ယန်၊ လောင်ချီတို့ကဲ့သို့သော မှောင်ခိုဈေး ကုန်သည်များကို ကြည့်လိုက်သည်။

"လောင်ချီဆိုတာလား... တရားဝင် မိတ်ဆက်ပါရစေ... ကျွန်တော်က လင်းယွမ်ပါ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်ပါ"

လောင်ချီ၏ တစ်ကိုယ်လုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး အံ့ဩဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ခိုလှုံရေးစခန်း... မင်းတို့က... မင်းတို့က ခိုလှုံရေးစခန်းက လာတာလား"

သူက လက်ကို အလျင်အမြန် ကမ်းပေးလိုက်ပြီး ကမန်းကတန်း ပြောသည် "မင်္ဂလာပါ ဆရာလင်းယွမ်... ကျွန်တော်က အမှတ် (၅၃) တိုက်က ချီတယ်လုံပါ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ဘယ်မှာလဲ... ခင်ဗျားတို့ဆီမှာ လူလက်ခံသေးလား"

"လောင်ချီ"

လောင်ယန်က ချီတယ်လုံကို ချက်ချင်း ဆွဲလိုက်ပြီးနောက် မေးလိုက်သည် "ဆရာလင်းယွမ်... ကျွန်တော်က အမှတ် (၅၃) တိုက်က အစွမ်းပိုင်ရှင် ယန်ချုံကျွင်းပါ... ရိုင်းတယ်လို့ မထင်ရင် တစ်ခုလောက် မေးပါရစေ... ထိုက်ယန်တောင် ခိုလှုံရေးစခန်းဆိုတာ အရင်က ထိုက်ယန်တောင် ရှုခင်းသာ နေရာလား... အစိုးရရဲ့ ခိုလှုံရေးစခန်းလား"

ယန်ချုံကျွင်းက အတော်လေး နိုးကြားသော သူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားပြီး ဤကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီးထဲတွင် ခိုလှုံရေးစခန်း ရှိနေသေးကြောင်း ရုတ်တရက် ကြားလိုက်ရသော်လည်း သူက လွယ်လွယ်နှင့် မယုံကြည်ပေ။

သူသည်လည်း ခေါင်းပူမသွားဘဲ ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ အခြေအနေကို ပထမဆုံး အတည်ပြုရန် ဆန္ဒရှိနေသည်။

တစ်ချိန်တည်းမှာပင် သူက လင်းယွမ်တို့အပေါ်တွင် အနည်းငယ် သတိထားနေသေးကြောင်း မြင်တွေ့ရန် မခက်ခဲပေ။

ယန်ချုံကျွင်းနှင့် ချီတယ်လုံ နှစ်ယောက်မှလွဲ၍ သူတို့နောက်ရှိ မှောင်ခိုဈေး ကုန်သည် ဆယ်ယောက်ကျော်မှာမူ လုံးဝ စိတ်လှုပ်ရှားနေကြသည်။

"ခိုလှုံရေးစခန်း... ခိုလှုံရေးစခန်း ရှိနေတာလား"

"မင်းတို့က ခိုလှုံရေးစခန်းကလား... ခိုလှုံရေးစခန်းမှာ လူဘယ်နှစ်ယောက်ရှိလဲ"

"ဆရာလင်းယွမ်... ဆရာလင်းယွမ်... ခင်ဗျားတို့ ခိုလှုံရေးစခန်းက လူလိုသေးလား... ကျွန်တော်တို့ တိုက်က လူတွေရော ခိုလှုံရေးစခန်းကို သွားလို့ရလား"

"ဆရာလင်းယွမ်... ကျွန်တော်တို့က အမှတ် (၆၃) တိုက်ကပါ... ကျွန်တော်တို့ဆီမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ အများကြီး ရှိသေးတယ်... ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို သွားခိုလှုံလို့ ရမလား"

"ထိုက်ယန်တောင်... အရင်က ထိုက်ယန်တောင် အမျိုးသားသစ်တောပန်းခြံက ထိုက်ယန်တောင်လား"

... ...

လူအားလုံးက လင်းယွမ်ကို ဝိုင်းရံကာ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်တစ်ပေါက် အဆက်မပြတ် မေးမြန်းနေကြသည်။

ထူလုံက သူတို့ကို တားဆီးကာ ပြောလိုက်သည် "တိတ်တိတ်နေကြ... အားလုံး တိတ်တိတ်နေကြ... ဆရာလင်းယွမ် ပြောတာကို နားထောင်"

လင်းယွမ်က လူအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ယန်ချုံကျွင်းထံသို့ အကြည့်ရောက်သွားသည်။

"ခင်ဗျားရဲ့ မေးခွန်းကို ကျွန်တော် အရင်ဖြေမယ်"

"ကျွန်တော်ရဲ့ ခိုလှုံရေးစခန်းက အစိုးရပိုင် မဟုတ်ဘူး... ကျွန်တော်တို့ဘာသာ ဖွဲ့စည်းထားတဲ့ ခိုလှုံရေးစခန်းဖြစ်ပြီး လက်ရှိမှာတော့ ကိုယ့်ဖာသာ ဖူလုံတဲ့ အဆင့်ကို ရောက်နေပြီ"

"နေရာကတော့ အရင်က ထိုက်ယန်တောင် အမျိုးသားသစ်တောပန်းခြံပဲ... ပြီးတော့ ထိုက်ယန်တောင် တစ်ခုတည်း မဟုတ်ဘူး... အနီးအနားက မိန်တောင်နဲ့ လင်းယွင်တောင်စောင်းတို့ကိုလည်း ကျွန်တော်တို့ သိမ်းပိုက်ထားပြီး အတိုင်းအတာ တစ်ခုအထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ထားတယ်"

"ဒါပေမဲ့ ကျွန်တော် တစ်ခု အရင်ပြောထားမယ်... ကျွန်တော်ရဲ့ ခိုလှုံရေးစခန်းက လူတိုင်းကို လက်ခံတာ မဟုတ်ဘူး"

"လိုင်ကျစ်ရုံလို လူကုန်ကူးတဲ့ တိရစ္ဆာန်မျိုးဆိုရင် ကျွန်တော်ဆီမှာ လက်ခံမှာ မဟုတ်ဘူး"

"ကျွန်တော် တာဝန်ယူမှု အပြည့်နဲ့ ပြောရဲတယ်... ကျွန်တော်ရဲ့ ခိုလှုံရေးစခန်းထဲမှာ ဒီလိုတိရစ္ဆာန်မျိုးတွေကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး"

လင်းယွမ်၏ ဤစကားများက ချီတယ်လုံနှင့် ယန်ချုံကျွင်း နှစ်ယောက်၏ မျက်လုံးများကို ချက်ချင်း အရောင်လက်သွားစေသည်။

အထူးသဖြင့် နောက်ပိုင်းတွင် လင်းယွမ် ပြောလိုက်သော စကားများက သူတို့၏ စိတ်ကို တုန်လှုပ်သွားစေသည်။

ဤဆရာလင်းယွမ်က လိုင်ကျစ်ရုံကဲ့သို့ လူဆိုးမျိုး မဟုတ်ကြောင်း ထင်ရှားပေသည်။

ထိုသို့ဆိုလျှင် သူတည်ထောင်ထားသော ခိုလှုံရေးစခန်းသည်လည်း အထူးတလည် အမှောင်ကျနေသည့် နေရာမျိုး သို့မဟုတ် လူအချင်းချင်း ပြန်စားသည့် ပုံစံမျိုး ဖြစ်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားလာသည်ကို မတားဆီးနိုင်ကြပေ။

သို့သော် ဤကိစ္စက သူတို့နှစ်ယောက်တည်း ဆုံးဖြတ်၍ ရနိုင်သည့် ကိစ္စ မဟုတ်ပေ။

သူတို့၏ နောက်တွင် တိုက် တစ်ခုလုံးစာ လူများ ရှိနေသေးသည်။

သူတို့နှစ်ယောက်၏ ရွေးချယ်မှုက တစ်ခါတစ်ရံတွင် သူတို့နောက်ရှိ လူအားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည်။

သူတို့နောက်တွင် ရှိနေသော လိုင်ကျစ်ရုံကို ကိုယ်တိုင် ဆန့်ကျင်ခဲ့သည့် ဤမှောင်ခိုဈေး ကုန်သည်များလည်း အနည်းငယ် တိတ်ဆိတ်သွားကြသည်။

သူတို့က လိုင်ကျစ်ရုံကို ရင်ဆိုင်ရန် ကိုယ့်သဘောနှင့်ကိုယ် အဖွဲ့အစည်း ဖွဲ့နိုင်ခြင်းကပင် သဘာဝအားဖြင့် သူတို့၏ ရင်ဘတ်ထဲတွင် အသိတရား တစ်ခု ရှိနေကြောင်း သက်သေပြနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က လိုင်ကျစ်ရုံထံ သွားရောက် မခိုလှုံခဲ့သလို လိုင်ကျစ်ရုံ၏ ခွေးများလည်း မဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

ဤအချက်က အရာအားလုံးကို ရှင်းပြနိုင်ပေသည်။

ယခုအချိန်တွင် ဤမျှ ကြီးမားသော ရွေးချယ်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ဤလူများက စိတ်လှုပ်ရှားမှုကို အတင်းအဓမ္မ ထိန်းချုပ်ကာ စတင် ချိန်ဆနေကြသည်။

ဤအချက်က လင်းယွမ်ကို ပို၍ ကျေနပ်သွားစေသည်။

ဤလူများက တကယ်ပင် မတူညီကြပေ... သူတို့တွင် အသိတရား ရှိသလို ဦးနှောက်လည်း ရှိကာ တာဝန်ယူစိတ်လည်း ရှိပြီး စိတ်လိုက်မာန်ပါဖြင့် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချခဲ့ကြပေ။

အကယ်၍ ဤလူစုကို သိမ်းသွင်းနိုင်ပါက ထိုက်ယန်တောင်၏ အင်အားက သေချာပေါက် လျင်မြန်စွာ တိုးတက်လာမည် ဖြစ်သည်။

လင်းယွမ်က စကားစပြောလိုက်သည် "လောင်ချီ... လောင်ယန်... ခင်ဗျားတို့ နှစ်ယောက်ကို ကျွန်တော် ယုံကြည်တယ်... တကယ်လို့ ခင်ဗျားတို့က ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဝင်ချင်တဲ့ ဆန္ဒရှိရင် ကျွန်တော် ကြိုဆိုပါတယ်"

"စိတ်မချသေးဘူးဆိုရင်တော့ ကိုယ့်ဖာသာ သေချာ ပြန်စဉ်းစားကြဦးပေါ့"

လင်းယွမ်က ထိုစကားကို ပြောပြီးသည်နှင့် ဘာမျှ ဆက်မပြောတော့ဘဲ ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော ဤပလပ်စတစ် ပလက်ဖောင်းများကို ပြောင်း၍ လေ့လာနေလိုက်သည်။

ဤပလပ်စတစ် ပလက်ဖောင်းများက တကယ်တမ်းတွင် ပလပ်စတစ်ဘူးများ၊ ပလပ်စတစ်ပြားများ သို့မဟုတ် ဖော့ပြားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော်လည်း လူဤမျှများစွာကို အပေါ်တွင် ရပ်ခိုင်းထားနိုင်ပြီး ကြံ့ခိုင်မှုဖြစ်စေ၊ ရေပေါ်ပေါ်နိုင်စွမ်းဖြစ်စေ ပုံမှန်အခြေအနေထက် အနည်းငယ် ကျော်လွန်နေပေသည်။

ဆက်ရန်...

(နောက်တစ်အုပ်မှာ လင်းယွမ် ကပ်ပါးမျိုးစေ့အစွမ်းကို တတ်မြောက်သွားမလား... သူနေခဲ့တဲ့ မိန်တုဥယျာဉ်ကိုပြန်ရင်ရော အရင်က တိုက်မှာ လင်းယွမ်ထားခဲ့တဲ့သူတွေ ဘာတွေဖြစ်နေမလဲ... လင်ကျန်းတက္ကသိုလ်ကိုရော ဘယ်သူတွေသိမ်းပိုက်ထားလဲ... အဲ့ဒီမှာ လင်းယွမ်ဘယ်လို အံ့သြဖို့ကောင်းတာနဲ့ကြုံရမလဲ ဆိုတာကို နောက်တစ်အုပ်မှာ စောင့်မျှော်ဖတ်ရှုပေးကြဦးနော်)

All Chapters