အခန်း (၃၁၇-၃၁၈)
Vol. 16 Ch. 317-318
အပိုင်း (၃၁၇) ကပ်ပါးမျိုးစေ့
"ဟင်"
လင်းယွမ်က အံ့ဩသွားသော အရိပ်အယောင်ကို ပြသလိုက်သည်... ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ ပန်းတစ်ပွင့်လား။
လိုင်ကျစ်ရုံက လင်းယွမ်၏ လက်ကောက်ဝတ်ကို အသည်းအသန် ဆုပ်ကိုင်ထားပြီး အလွန်အမင်း ထိတ်လန့်နေလျက် ပြောလိုက်သည်။ "နေဦး... မင်း ဘာလိုချင်လို့လဲ... မင်းလိုချင်တာ အကုန်ပေးပါ့မယ်... ငါ့ကို မသတ်ပါနဲ့... အဲဒါကိုလည်း မထိပါနဲ့"
လင်းယွမ်က သူ့ကို အထိခံမည်မဟုတ်ပေ။ သူ၏လက်ပေါ်ရှိ မီးတောက်များက ချက်ချင်းပင် တောက်လောင်လာခဲ့သည်။
"အား"
လိုင်ကျစ်ရုံ၏ လက်နှစ်ဖက်သည် ချက်ချင်းပင် မီးဟပ်ခံရကာ ကျွမ်းလုမတတ် ဖြစ်သွားပြီး လင်းယွမ်ကို အလျင်အမြန် လွှတ်ပေးလိုက်ရသည်။
လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ ထိုအဝါရောင် ပန်းပွင့်ကိုသာ ကြည့်ကာ ပန်းပွင့်ဘေးရှိ ဦးရေပြားကို ဆွဲကိုင်လိုက်သည်။
ရုတ်တရက် စွတ်ခနဲ အသံနှင့်အတူ လိုင်ကျစ်ရုံက နာကျင်စွာ အော်ဟစ်လိုက်သည်။
သူ၏ ဆံပင်များ အကြမ်းပတမ်း ဆွဲနုတ်ခံလိုက်ရပြီး သွေးစက်များစွာ ထွက်ကျလာခဲ့သည်။
လင်းယွမ်က ထိုဦးရေပြားတစ်ဝိုက်ကို ရှင်းလင်းလိုက်မှသာ ဤအဝါရောင်ပန်းပွင့်သည် လိုင်ကျစ်ရုံ၏ ဦးခေါင်းထဲမှ ပေါက်ထွက်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
၎င်း၏ အမြစ်များက လိုင်ကျစ်ရုံ၏ ဦးခေါင်းခွံထဲတွင် ရှိနေသည်။
ဤတွေ့ရှိမှုက လင်းယွမ်ကို အလွန်တရာ အံ့အားသင့်သွားစေသည်။
သူက ညည်းတွားနေသော လိုင်ကျစ်ရုံကို ငုံ့ကြည့်ကာ မေးလိုက်သည်။ "ဒီပန်းက ဘယ်လိုဖြစ်ရတာလဲ"
လိုင်ကျစ်ရုံက မျက်နှာတစ်ပြင်လုံး နာကျင်နေလျက် ပြောလာသည်။ "အဲဒါက အစွမ်းနိုးထလာတုန်းက ရခဲ့တဲ့ စိတ်ဝိညာဉ်ပန်းလေ... ငါ အစွမ်းနိုးထတုန်းက သန္ဓေပြောင်း အသီးတစ်လုံးကို စားခဲ့မိတယ်... အဲဒီတုန်းက မတော်တဆ အသီးရဲ့ မျိုးစေ့ကိုပါ မျိုချမိသွားတာ"
"အဲဒီတုန်းက ငါလည်း သိပ်ဂရုမစိုက်မိဘူး... သန္ဓေပြောင်းစွမ်းအင် နိုးထလာပြီး ငါ့ခေါင်းပေါ်မှာ ဒီပန်းပွင့် ထွက်လာတော့မှ သိလိုက်ရတာ"
လင်းယွမ် ကြားလိုက်ရချိန်တွင် ရင်ထဲ၌ အံ့ဩသွားသည်။ သန္ဓေပြောင်း အသီးများက ဤသို့ပင် ဖြစ်တတ်သလော။
"ဒီပန်းက ဘာအာနိသင်ရှိလို့လဲ"
"သူက ငါ့ရဲ့ စိတ်စွမ်းအင်ကို ကာကွယ်ပေးနိုင်တယ်... ငါ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ စိတ်စွမ်းအင် အကာအကွယ် ဖြစ်လာတာ"
"ပြီးတော့ အပင်တွေကို ထိန်းချုပ်ဖို့လည်း ကူညီပေးနိုင်တယ်"
လိုင်ကျစ်ရုံက လုံးဝ ခုခံရန် ကြိုးစားလာသည်။ သူ၏ ခေါင်းပေါ်ရှိ ပန်းပွင့်ကို လင်းယွမ် ဆုပ်ကိုင်ထားခြင်းက သူ၏ အသက်ကို တိုက်ရိုက် ဆုပ်ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။
သူသည် အနည်းငယ်မျှပင် မခုခံရဲတော့ဘဲ မေးသမျှကို ဖြေနေရသည်။
"ဘာရှိသေးလဲ"
"ဘာကိုလဲ" လိုင်ကျစ်ရုံ ကြောင်သွားသည်။
"သူ့မှာ တခြား အာနိသင် မရှိတော့ဘူးလား" လင်းယွမ်က မေးလိုက်သည်။
လိုင်ကျစ်ရုံက အလျင်အမြန် ခေါင်းခါပြလိုက်သည်။ "မ... မရှိတော့ဘူး"
လင်းယွမ်၏ အကြည့်များ ချက်ချင်း မှောင်မိုက်သွားပြီး အေးစက်စွာ ရယ်မောလိုက်သည်။ "စောစောက သာမန်မျက်စိနဲ့ မမြင်ရတဲ့ လေထဲလွင့်နေတဲ့ အရာတွေက ဘာတွေလဲ"
လိုင်ကျစ်ရုံက ကပျာကယာ ပြောလိုက်သည်။ "ဟင်... ငါ့အခန်းထဲမှာ စိုက်ထားတဲ့ အပင်တွေ့ရဲ့ အမွေးအမျှင်တွေ ဖြစ်မှာပါ... ငါလည်း မသိဘူး"
သူ၏ မျက်နှာအမူအရာက အလွန်အမင်း ထိတ်လန့်နေပုံပေါ်ပြီး လိမ်ပြောနေပုံမရပေ။
သို့သော် လင်းယွမ်ကတော့ မယုံကြည်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုလေထဲလွင့်နေသော အရာများသည် သူ့အတွက် အတိုင်းအတာတစ်ခုအထိ အန္တရာယ်ရှိကြောင်း ကိုယ်တိုင် ခံစားမိနေသောကြောင့် ဖြစ်သည်။
ဤလေထဲလွင့်နေသော အရာများသည် သူတစ်ယောက်တည်းကိုသာ ရန်လိုနေပြီး လိုင်ကျစ်ရုံကိုဖြစ်စေ ထိုအခန်းထဲရှိ အမျိုးသမီးများကိုဖြစ်စေ အန္တရာယ်မပြုသည်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဤလိုင်ကျစ်ရုံက သေချာပေါက် လိမ်ပြောနေခြင်းပင်။
လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး အဝါရောင်ပန်းပွင့်ကို ဆုပ်ကိုင်လိုက်ကာ လက်ပေါ်မှ မီးတောက်များ ထွက်ပေါ်လာတော့သည်။
"ဝုန်း"
မီးတောက်များ ချက်ချင်း တောက်လောင်လာပြီး ထိုအဝါရောင်ပန်းပွင့်က ပြင်းထန်စွာ တုန်ယင်လာကာ စိတ်စွမ်းအင် အကာအကွယ်များကို ထုတ်လွှတ်လိုက်သည်။
လိုင်ကျစ်ရုံ၏ မျက်နှာမှာ ပို၍ရှုံ့မဲ့သွားပြီး နာကျင်မှုများကြားမှ အမုန်းတရားနှင့် ဒေါသတို့ ရောယှက်နေသည်။
သူက လက်ကောက်ဝတ်ကို လှည့်လိုက်ကာ လက်သီးနှစ်ဖက်ဖြင့် လင်းယွမ်ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးချလိုက်သည်။
သို့သော် သူ၏ လက်ခလယ်ရှိ သစ်သားလက်စွပ်နှစ်ကွင်းက ရုတ်တရက် ကွဲအက်သွားပြီး အထဲမှ ချွန်ထက်သော အနက်ရောင် အပ်ဖျားနှစ်ချောင်း ချက်ချင်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
လက်သီးနှစ်ချက် ဝင်လာသည်နှင့်တစ်ပြိုင်နက် လက်စွပ်ပေါ်ရှိ အနက်ရောင် အပ်များက လင်းယွမ်ထံသို့ အလွန်လျင်မြန်စွာ စိုက်ဝင်လာသည်။
လင်းယွမ်က အေးစက်စွာ ရယ်မောလိုက်သည်။ "ဘယ်လိုလဲ... ဆက်မဟန်ဆောင်တော့ဘူးလား"
သူ၏ စိတ်စွမ်းအင်များက အားကောင်းသော စိတ်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ရှေ့တွင် ချက်ချင်း စုစည်းကာ စိတ်စွမ်းအင် အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။
"ဒိုင်း... ဒိုင်း" ဟူသော ကျယ်လောင်သည့် အသံနှစ်သံကိုသာ ကြားလိုက်ရသည်။
လိုင်ကျစ်ရုံ၏ လက်သီးများက စိတ်စွမ်းအင် အကာအကွယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုအနက်ရောင် အပ်များ ထိုးစိုက်သွားပြီး အနက်ရောင် အရည်များ ပန်းထွက်လာသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းဆိုသလိုပင် စိတ်စွမ်းအင် အကာအကွယ်သည် တိုက်စားခံလိုက်ရတော့သည်။
လင်းယွမ်က ချက်ချင်း လန့်သွားပြီး လက်လွှတ်ကာ နောက်ဆုတ်လိုက်သည်။
လိုင်ကျစ်ရုံက ထိုအခွင့်အရေးကို ယူကာ လိမ့်ထွက်သွားပြီး နောက်ဘက် အိပ်ခန်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
လင်းယွမ်၏ ကိုယ်နေဟန်ထားက ရုတ်တရက် လှုပ်ရှားသွားသည်။ သူ၏ အလျင်သည် အလွန်မြန်ဆန်လှပြီး လိုင်ကျစ်ရုံကို ချက်ချင်းနီးပါး မီသွားခဲ့သည်။
သို့သော် လိုင်ကျစ်ရုံက တစ်ခုခုကို ခံစားမိသည့်အလား နောက်သို့လှည့်ကာ လက်ကို အားကုန်လွှဲ၍ တစ်ခုခုကို ပက်ကြဲလိုက်သည်။
လင်းယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ကိုယ်ပတ်ပတ်လည်တွင် ရေစီးကြောင်းများ ချက်ချင်း ထွက်ပေါ်လာသည်။
"မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း"
"ဝုန်း... ဝုန်း... ဝုန်း"
ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
လိုင်ကျစ်ရုံ ပက်ကြဲလိုက်သည်မှာ သန္ဓေပြောင်းစွမ်းအင် ကျောက်လုံးငယ် အတော်များများပင် ဖြစ်နေသည်။
ထိုစွမ်းအင် ကျောက်လုံးငယ်များကို တစ်စုံတစ်ရာသော သင်္ကေတများ ရေးဆွဲထားပုံရပြီး ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိနေသည်။
၎င်းအပြင် ထိုပေါက်ကွဲမှုများအတွင်း၌ ပြင်းထန်သော တိုက်စားနိုင်သည့် အဆိပ်များ ပါဝင်နေသည်မှာ ထင်ရှားလှသည်။
တိုက်စားနိုင်သော အနက်ရောင် အရည်များသည် ပေါက်ကွဲမှုနှင့်အတူ ပန်းထွက်လာပြီး ရှောင်တိမ်း၍မရလိုက်သော ဘေးပတ်လည်ရှိ အမျိုးသမီးအချို့၏ ကိုယ်ပေါ်သို့ ချက်ချင်း စင်သွားခဲ့သည်။
ထို့နောက် သူတို့က အသည်းခိုက်မတတ် အော်ဟစ်လိုက်ကြပြီး သူတို့၏ တစ်ကိုယ်လုံးသည် မျက်စိရှေ့တွင်ပင် အလွန်လျင်မြန်စွာ ယိုယွင်းပျက်စီးကာ တိုက်စားခံသွားရသည်ကို တွေ့လိုက်ရသည်။
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် အနက်ရောင် အဆိပ်ရည်များကြောင့် ကြီးမားသော ဒဏ်ရာကြီးများ ဖြစ်ပေါ်လာကာ ပွဲချင်းပြီး သေဆုံးသွားကြတော့သည်။
လင်းယွမ်၏ ခန္ဓာကိုယ်ကို ရေစီးကြောင်းများက ကာကွယ်ထားသော်လည်း ထိုအနက်ရောင် အဆိပ်ရည်များ စင်လာသဖြင့် ရေစီးကြောင်းများပင်လျှင် မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
လင်းယွမ်၏ မျက်နှာထား အနည်းငယ် တင်းမာသွားသည်။ "တကယ်ကို ကောက်ကျစ်တာပဲ... ဒီလို နည်းလမ်းတွေတောင် ရှိသေးတယ်"
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကိုယ်ပတ်ပတ်လည်ရှိ ရေစီးကြောင်းများက ဝုန်းခနဲ အသံနှင့်အတူ လိုင်ကျစ်ရုံ၏ အိပ်ခန်းတံခါးပေါ်သို့ ရိုက်ခတ်သွားသည်။
ဖြောင်းခနဲ တိုက်စားသည့်အသံများ ထွက်ပေါ်လာပြီး အိပ်ခန်းတံခါးကြီးသည် ချက်ချင်းပင် အပေါက်အပြဲများစွာဖြင့် တိုက်စားခံလိုက်ရသည်။
လင်းယွမ်က လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ တံခါးကြီး ပွင့်ထွက်သွားသည်။
ထင်သည့်အတိုင်းပင် တံခါးကြီး ပွင့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် အနက်ရောင် မီးခိုးလုံးကြီးတစ်ခုကလည်း ပေါက်ကွဲထွက်လာသည်။
အနက်ရောင် မီးခိုးငွေ့များ လွင့်ပျံ့လာပြီး အနံ့အသက်မှာ အန်ချင်စရာကောင်းလှသည်။
လင်းယွမ်က ကြိုတင် တွေးထားပြီးသား ဖြစ်သဖြင့် ကိုယ်တိုင် သွားရောက် ကန်ဖွင့်ခြင်း မပြုခဲ့ပေ။
သူက လက်နှစ်ဖက်ကို ရိုက်လိုက်ရာ "ဖြန်း" ခနဲ အသံနှင့်အတူ ပြင်းထန်သော လေပြင်းများက သူ၏ လက်ဝါးပြင်မှ ချက်ချင်း မှုတ်ထုတ်လွင့်စင်လာသည်။
"ဝှီး"
ထိုအနက်ရောင် မီးခိုးငွေ့များ အားလုံး အိပ်ခန်းထဲသို့ လွင့်စင်သွားသော်လည်း ချက်ချင်းတော့ ပျောက်ကွယ်မသွားခဲ့ပေ။
လင်းယွမ်က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး ဤအနက်ရောင် မီးခိုးငွေ့များသည် သာမန် မီးခိုးငွေ့များ လုံးဝ မဟုတ်ကြောင်း သတိပြုမိလိုက်သည်။
သူက ချက်ချင်း ဝင်မသွားဘဲ စိတ်စွမ်းအင်ဖြင့် အတွင်းသို့ စူးစမ်းလိုက်သည်။
သို့သော် အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသည့်ကြားတွင် အခန်းထဲ၌ ဟာလာဟင်းလင်း ဖြစ်နေပြီး အလယ်တွင် ထောင်လိုက် ကြိုးလှေကားတစ်ခု တွဲကျနေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က စိတ်စွမ်းအင်ဖြင့် ကြိုးလှေကားတစ်လျှောက် အထက်သို့ စူးစမ်းကြည့်လိုက်မှသာ ဤအိပ်ခန်း၏ မျက်နှာကြက်တွင် အပေါက်ကြီးတစ်ခု ဖောက်ခံထားရပြီး (၃၂) လွှာသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိလိုက်ရသည်။
လိုင်ကျစ်ရုံသည် ထိုအပေါက်ကြီးမှတစ်ဆင့် (၃၂) လွှာသို့ တက်ကာ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ထူးဆန်းသည်မှာ ထိုအနက်ရောင် မြူခိုးများသည် ထိုအပေါက်ကြီးဆီသို့ လွင့်မသွားဘဲ ဤအခန်းထဲတွင်သာ လှည့်ပတ်ကာ ပျောက်ကွယ်မသွားခြင်းပင်။
လင်းယွမ်က ဝင်မသွားဘဲ နောက်သို့လှည့်ကာ ထူလုံတို့ကို ကြည့်လိုက်သည်။
ထူလုံတို့သည် ယခုအချိန်တွင် ကျန်းယန် အပါအဝင် အမျိုးသမီး အစွမ်းပိုင်ရှင် အချို့နှင့် တိုက်ခိုက်နေပြီး လောလောဆယ်တွင် အသာစီးရနေပြီ ဖြစ်သည်။
လင်းယွမ်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "လိုင်ကျစ်ရုံက ထွက်ပြေးသွားပြီ... မင်းတို့က သူ့အတွက် အသက်စွန့်နေဦးမလို့လား"
ကျန်းယန်တို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဖြူရော်နေသော မျက်နှာများဖြင့် ရပ်လိုက်ကြသည်။
ထူလုံတို့လည်း လက်တန့်လိုက်ကာ သူတို့ကို ဝိုင်းထားလိုက်ပြီး ထူလုံက ဒေါသတကြီး အော်ဆဲလိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့ အရူးမတွေ... အဲဒီတိရစ္ဆာန်ရဲ့ ကစားတာခံရပြီး သူ့အတွက် အသက်စွန့်နေသေးတယ်ပေါ့လေ"
ကျန်းယန်၏ မျက်လုံးများ နီရဲလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ရှင်တို့က ဘာနားလည်လို့လဲ... ကျွန်မတို့က သူ့ရဲ့ ကပ်ပါးမျိုးစေ့ ထည့်ခံထားရတာ... စကားနားမထောင်တာနဲ့ အချိန်မရွေး အသက်နုတ်ခံရနိုင်တယ်"
"ကျွန်မတို့ကို အပေါစားတွေလို့ထင်နေလား... အဲဒီတိရစ္ဆာန်ရဲ့ ကစားတာခံရတာကို သဘောကျနေတယ်လို့ ထင်နေတာလား"
အခြား အမျိုးသမီး အစွမ်းပိုင်ရှင်များလည်း မျက်လုံးများ နီရဲနေကြပြီး အချို့ဆိုလျှင် ငိုတောင် ငိုလာကြသည်။
ထူလုံမှာ တစ်ခဏမျှ ဘာပြောရမှန်းပင် မသိတော့ပေ။
ဝမ်ရှောင်ယာက အလျင်အမြန် မေးလိုက်သည်။ "နင်တို့က အတင်းအကျပ် ခိုင်းစေခံရတာလား"
ချန်ယန်ကလည်း မနေနိုင်ဘဲ မေးလိုက်သည်။ "ကပ်ပါးမျိုးစေ့က ဘာလဲ... ဘယ်လိုဖြစ်တာလဲ"
ကျန်းယန်က မျက်လုံးများ နီရဲနေလျက် ပြောပြလာသည်။ "သူက သာမန်မျက်စိနဲ့ မမြင်ရတဲ့ မျိုးစေ့တချို့ကို လွှတ်ထုတ်နိုင်တယ်... ပြီးတော့ ကျွန်မတို့ရဲ့ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်သွားတာ ဒါမှမဟုတ် ချွေးပေါက်တွေထဲကနေ ဝင်သွားတာ"
"အဲဒီမျိုးစေ့တွေကို သူက ထိန်းချုပ်ထားပြီး အချိန်မရွေး အမြစ်တွယ် အညှောက်ပေါက်စေနိုင်တယ်"
"ကျွန်မတို့ သူ့စကား နားမထောင်တာနဲ့ အဲဒီမျိုးစေ့တွေကို ထိန်းချုပ်ပြီး ကျွန်မတို့ ခန္ဓာကိုယ်ထဲကနေ ပေါက်ထွက်လာစေတာ"
"ရှင်တို့ အဲဒီမြင်ကွင်းက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မြင်ဖူးမှာ မဟုတ်ပါဘူး"
"လူ့ခန္ဓာကိုယ်ရဲ့ အသားအသွေးကို အာဟာရအဖြစ် ယူပြီး အဲဒီမျိုးစေ့တွေက ရှင့်ရဲ့ သွေးတွေကို စုပ်ယူလိမ့်မယ်... အညှောက်ပေါက်လာတဲ့အခါ ရှင့်ရဲ့ အရေပြားနဲ့ အသားတွေကို ဖောက်ထွက်လာမယ်... တဖြည်းဖြည်း ကြီးထွားလာတဲ့အချိန်အထိ ရှင် သေမှာ မဟုတ်သေးဘူး... နာကျင်မှုက အဲဒီအပင် ကြီးထွားလာတာနဲ့အမျှ ဆက်တိုက် တိုးလာမှာ"
ကပ်ပါးမျိုးစေ့အကြောင်း ပြောလိုက်ရုံဖြင့် ကျန်းယန် အပါအဝင် အမျိုးသမီးများအားလုံး၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ ပေါ်လာတော့သည်။
ဒါက သူတို့အနေဖြင့် လိုင်ကျစ်ရုံ၏ စော်ကားမှုများကို ခံနေရသော်လည်း လိမ္မာစွာဖြင့် စကားနားထောင်နေရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
တကယ်တော့ သူတို့၏ အသက်ကို တစ်ဖက်လူက ကြိုတင် ချုပ်ကိုင်ထားပြီးသား ဖြစ်နေသည်။
လူအများ ကြားလိုက်ရချိန်တွင် အားလုံး၏ မျက်နှာထားများ အနည်းငယ် တင်းမာသွားကြသည်။
လင်းယွမ်က လျှောက်လာပြီး ကျန်းယန်၏ တစ်ကိုယ်လုံးကို စိတ်စွမ်းအင်ဖြင့် လွှမ်းခြုံလိုက်သည်။
သူ၏ စိတ်စွမ်းအင် ထိန်းချုပ်နိုင်စွမ်းသည် အလွန် ပြင်းထန်လှပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကိုပင် ဖောက်ထွင်းကာ ခန္ဓာကိုယ်တွင်းရှိ အခြေအနေများကို စစ်ဆေးနိုင်စွမ်း ရှိသည်။
သို့သော် မကြာမီမှာပင် ပြဿနာတစ်ခုကို သူ တွေ့ရှိလိုက်သည်။ သူ၏ စိတ်စွမ်းအင်ဖြင့် စူးစမ်းမှုအတွင်း ထိုသူမ၏ ခန္ဓာကိုယ်ထဲရှိ ကပ်ပါးမျိုးစေ့ဆိုသည်ကို လုံးဝ ခံစား၍မရခြင်းပင်။
ချက်ချင်းဆိုသလိုပင် စောစောက လိုင်ကျစ်ရုံ လိမ်ပြောနေချိန် လေထဲ၌ ခံစားရသည့် ရှိသလိုလို မရှိသလိုလို အန္တရာယ်ပြုမည့် ခံစားချက်များကို သူ သတိရသွားသည်။
ထိုအချိန်ကတည်းက တစ်ဖက်လူသည် ကပ်ပါးမျိုးစေ့များကို လွှတ်ထုတ်နေခဲ့ပြီ ဖြစ်ပုံရသည်။
သို့သော် သူကိုယ်တိုင် သတိထားမိပြီး ပထမဆုံး အချိန်မှာပင် လိပ်ခွံစွမ်းအင်အကာအကွယ်နှင့် မီးနဂါးအက တို့ကို ထုတ်လွှတ်လိုက်သောကြောင့် လိုင်ကျစ်ရုံ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်က လေးနက်သော အသံဖြင့် မေးလိုက်သည်။ "အပေါ်ထပ်က ဘာနေရာလဲ"
ကျန်းယန်က ခေါင်းခါပြလိုက်သည်။ "ကျွန်မတို့ မသိဘူး... သူက ကျွန်မတို့ကို အပြင်ထွက်ခွင့် လုံးဝ မပေးဘူး... အပေါ်ထပ်ကို သူကလွဲရင် ဘယ်သူမှ တက်ခွင့်မရှိဘူး"
လင်းယွမ်က အိပ်ခန်းဘက်တွင် လွင့်ပျံ့နေပြီး ပျောက်ကွယ်မသွားသော အနက်ရောင် မီးခိုးငွေ့များကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။ "ဒီမီးခိုးမည်းတွေက ဘယ်လိုဖြစ်တာလဲ"
ကျန်းယန်က အိပ်ခန်းဘက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ထိတ်လန့်သော အရိပ်အယောင်ဖြင့် ပြောပြလာသည်။ "အဲဒါ မီးခိုးမည်း မဟုတ်ဘူး... သူ ထောင်ထားတဲ့ ထောင်ချောက်လေ... သူ လွှတ်ထုတ်ထားတဲ့ ကပ်ပါးမျိုးစေ့တွေနဲ့ ပေါင်းစပ်ပြီး အဲဒီလို မီးခိုးမည်းနဲ့ တူတဲ့ အရာတွေကို ဖန်တီးပြီး လေထဲမှာ လွင့်နေစေတာ"
"ကပ်ပါးမျိုးစေ့တွေက သူ့ချည်းသက်သက်ဆို တိုက်ခိုက်နိုင်စွမ်း မရှိဘူး... ဒါပေမဲ့ သန္ဓေပြောင်း ကင်းမွန်မှင်ရည်နဲ့ ထိတွေ့သွားရင် ပြင်းထန်တဲ့ တိုက်စားနိုင်စွမ်းကို ဖြစ်ပေါ်စေတယ်"
"စကားနားမထောင်တဲ့ အပြင်လူတစ်ယောက်ကို သူ အဲဒီမြူခိုးမည်းတွေထဲ ပစ်ထည့်လိုက်တာ ကျွန်မ မြင်ခဲ့ရတယ်... မိနစ်အနည်းငယ်အတွင်းမှာတင် အဲဒီလူက အရိုးစုအဖြစ် တိုက်စားခံလိုက်ရတာပဲ"
လင်းယွမ် ကြားလိုက်ရချိန်တွင် အေးစက်စွာ ပြုံးလိုက်မိသည်။ "ငါသူ့ကို အထင်သေးမိလိုက်တာပဲ... ဒီကောင်က နည်းလမ်းတော်တော်များများကိုတောင် ရှာဖွေတွေ့ရှိထားတာကိုး"
သူက ချက်ချင်း လှည့်လိုက်ရာ လက်ပေါ်မှ မီးတောက်များ ထတောက်လာသည်။
ဤအနက်ရောင် မီးခိုးငွေ့များ၏ အခြေခံမှာ ကပ်ပါးမျိုးစေ့များ ဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သဖြင့် လွယ်ကူသွားပြီဖြစ်သည်။ မီးတစ်ချက် ရှို့လိုက်ရုံဖြင့် ဤအရာအားလုံးကို သေချာပေါက် လောင်ကျွမ်းသွားစေနိုင်ပေမည်။
မီးနဂါးအက ကို ထုတ်လွှတ်လိုက်ရာ မီးနဂါးတစ်ကောင်က ပန်းထွက်လာပြီး ဝုန်းခနဲ အသံနှင့်အတူ မီးတောက်များ အိပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။
ချက်ချင်းပင် အမည်းရောင် မီးခိုးငွေ့များက ဝုန်းခနဲ အသံနှင့်အတူ တိုက်ရိုက် လောင်ကျွမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် မီးခိုးငွေ့များသည် မီးပင်လယ်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ထူးဆန်းသော ညှော်နံ့တစ်ခု ထွက်ပေါ်လာပြီး အခန်းထဲတွင် ချက်ချင်း ဟာလာဟင်းလင်း ဖြစ်သွားကာ ကြမ်းပြင်ပေါ်၌ အမည်းရောင် ပြာအလွှာတစ်ခု ကျန်ရစ်နေသည်။
လင်းယွမ်က အခန်းထဲသို့ ဝင်မသွားဘဲ လက်သီးကို မြှောက်ကာ ခေါင်းပေါ်ရှိ မျက်နှာကြက်ကို အားကုန် ထိုးချလိုက်သည်။
"ဒိုင်း"
ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ မျက်နှာကြက်က ချက်ချင်း အပေါက်ကြီးတစ်ခုအဖြစ် ပွင့်ထွက်သွားပြီး ဖုန်မှုန့်များ လွင့်စင်ကာ ဘိလပ်မြေများ ကွာကျလာသည်။
လင်းယွမ်က ကိုယ်ကို တစ်ချက်ခုန်လိုက်ပြီး (၃၁) လွှာမှ (၃၂) လွှာသို့ တိုက်ရိုက် ခုန်တက်သွားသည်။
(၃၂) လွှာသို့ ရောက်သောအခါ ထိုအလွှာရှိ အခန်းထဲတွင် သန္ဓေပြောင်း သတ္တဝါအမျိုးမျိုး၏ ပစ္စည်းများ ပုံထားသည်ကို တွေ့လိုက်ရသည်။
ငါးအရည်ခွံ၊ အရိုး၊ အသားနှင့် သွေး စသည်တို့ ပါဝင်သည်။
လင်းယွမ်က အိပ်ခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားရာ ကြမ်းပြင်ပေါ်တွင် အောက်ထပ်သို့ ဆက်သွယ်ထားသည့် အပေါက်ကြီးတစ်ခုအပြင် ဘေးပတ်လည်တွင် အရိုးဓားများ၊ အရိုးသန်လျက်များ စသည့် တစ်ပိုင်းတစ်စ ပြီးစီးနေသော လက်နက်များစွာ ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
"ဒါက အရိုးဓားတို့လို သန္ဓေပြောင်း လက်နက်တွေ ဖန်တီးတဲ့ ပစ္စည်းသိုလှောင်ခန်းလား"
လင်းယွမ်က ပြတင်းပေါက်များကို ကြည့်လိုက်ရာ ဘေးပတ်လည်ရှိ ပြတင်းပေါက်များအားလုံး အကောင်းပကတိ ရှိနေသည်ကို တွေ့ရသဖြင့် လိုင်ကျစ်ရုံသည် ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးသွားခြင်း မဟုတ်ကြောင်း ထင်ရှားနေသည်။
သူက အလျင်အမြန် ထွက်လာပြီး တံခါးအပြင်သို့ ထွက်ကာ ဘေးခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။
ထိုအခန်းထဲတွင်မူ ပြီးစီးနေပြီဖြစ်သော အရိုးဓားများ၊ အရိုးတူများ၊ အရိုးသန်လျက်များစွာကို ခင်းကျင်းပြသထားပြီး စားပွဲပေါ်တွင် သန္ဓေပြောင်း သတ္တဝါအချို့၏ အလောင်းများကို တင်ထားသည်ကို တွေ့လိုက်ရသည်။
ဝရန်တာဘက်တွင် လွန်သွား၊ ရွေပေါ် စသည့် ကိရိယာများ ရှိပြီး လက်ဖက်ရည်စားပွဲလောက် ကြီးမားသော အလုပ်စားပွဲတစ်ခုလည်း ရှိသည်။
အလုပ်စားပွဲပေါ်တွင် ပုံကြမ်းအချို့ ရှိနေသဖြင့် လင်းယွမ်က ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။
ပုံကြမ်းများပေါ်တွင် လက်နက်အချို့၏ ဒီဇိုင်းပုံများ ဖြစ်နေပြီး ၎င်းတို့ပေါ်တွင် သင်္ကေတအချို့ ထည့်သွင်းရမည့် နေရာများကို ရှင်းလင်းစွာ မှတ်သားထားသည်ကို တွေ့လိုက်ရသည်။
"ဒီနေရာက သန္ဓေပြောင်း လက်နက်တွေ ဖန်တီး သုတေသနလုပ်တဲ့ နေရာပဲ"
"ဒီသန္ဓေပြောင်း လက်နက်တွေကို လိုင်ကျစ်ရုံ ဖန်တီးထားတာ မဟုတ်ဘဲ ဒီမှာနေတဲ့ တစ်ယောက်ယောက် ဒါမှမဟုတ် လူတစ်စုက ဒီမှာ သုတေသနလုပ်ပြီး ဖန်တီးထားတာ ဖြစ်ရမယ်"
လင်းယွမ်၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး အခြား အခန်းအချို့ကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။
အချို့အခန်းများတွင် ပစ္စည်းများစွာ သိုလှောင်ထားပြီး အချို့အခန်းများတွင်မူ တန်ဖိုးကြီး အစားအစာများစွာကို သိုလှောင်ထားသည်။ အချို့အခန်းများတွင်မူ သန္ဓေပြောင်း ပင်လယ်မျှော့များကို မွေးမြူထားပြီး ပင်လယ်မျှော့ကန်ဘေးတွင် စုဆောင်းထားသော ပင်လယ်မျှော့ အချွဲများစွာလည်း ရှိနေသည်။
ဤလူစုသည် ပင်လယ်မျှော့ အချွဲများ၏ အာနိသင်ကို သိရှိထားပြီး အောက်ထပ်ရှိ ပလတ်စတစ် စင်မြင့်များပေါ်တွင် အသုံးပြုထားပြီးဖြစ်ကြောင်း အလွန်ထင်ရှားနေသည်။
လင်းယွမ်က အားနာမနေတော့ဘဲ ပစ္စည်းများ၊ လက်နက်များ စသည်တို့ အားလုံးကို ပြောင်စင်အောင် သိမ်းဆည်းလိုက်သည်။
မကြာမီမှာပင် သူသည် ဤအလွှာတစ်ခုလုံးကို အနှံ့ရှာဖွေပြီးသော်လည်း လိုင်ကျစ်ရုံ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
လင်းယွမ်က တစ်ခုခုကို ချက်ချင်း သတိပြုမိသွားပြီး မျက်နှာကြက်ကို လက်သီးဖြင့် အားကုန် ထိုးခွဲလိုက်သည်။
ဝုန်းခနဲ အသံနှင့်အတူ အပေါ်ထပ် အပေါက်ကြီးထဲမှ ရေများစွာ အခန်းထဲသို့ စီးကျလာသည်။
လင်းယွမ်က ကိုယ်ကို တစ်ချက်လှုပ်ရှားကာ ထိုအပေါက်ထဲမှတစ်ဆင့် ခေါင်မိုးထပ်သို့ ခုန်တက်သွားသည်။
သူ၏ အကြည့်များ ဝေ့ဝဲလိုက်ရာ ခေါင်မိုးထပ်ပေါ်တွင် သစ်သားပြား အပိုင်းအစများစွာနှင့် သံပိုက်လုံး၊ လျှပ်စစ်ဝိုင်ယာကြိုး စသည့် ပစ္စည်းများကို ချက်ချင်း တွေ့လိုက်ရသည်။
လင်းယွမ်က တစ်ခုခုကို ချက်ချင်း သတိပြုမိသွားပြီး ဝရန်တာဘေးသို့ အလျင်အမြန် လှုပ်ရှားသွားလိုက်သည်။
ရေကြီးနေသော ရေပြင်ထဲတွင် လိုင်ကျစ်ရုံက လူငယ်တစ်ယောက်ကို ကြိုးချည်ထားပြီး သူတို့နှစ်ယောက် သစ်သားဖောင်ငယ်လေးတစ်ခုပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဤသစ်သားဖောင်မှာ အလွန်ထူးဆန်းပြီး လေးထောင့်ပုံစံမျိုး မဟုတ်ဘဲ ထိပ်နှစ်ဖက် စလုံး ချွန်မြနေကာ မြှားတစ်စင်းနှင့် ဆင်တူနေသည်။
ထိုသစ်သားဖောင်ပေါ်တွင် သစ်သားအိမ်လေးတစ်လုံး ပါရှိပြီး ဘေးနှစ်ဖက်တွင်လည်း ခြံစည်းရိုး အကာအရံများ ရှိသည်။
လိုင်ကျစ်ရုံက ကြိုးကို အလျင်အမြန် ပြန်ရုတ်သိမ်းနေပြီး လက်နှစ်ဖက်ဖြင့် ဝိုင်ယာကြိုးနှစ်ချောင်းကို ဆုပ်ကိုင်ထားသည်။
ထို့နောက် သူက အဆောက်အအုံထိပ်သို့ မော့ကြည့်လိုက်ရာ သူတို့နှစ်ယောက်၏ အကြည့်များ ချက်ချင်း ဆုံသွားကြသည်။
လိုင်ကျစ်ရုံက အမုန်းတရားနှင့် ဒေါသအရိပ်အယောင်များကို ပြသကာ လင်းယွမ်ထံသို့ တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် အစွမ်းကို လည်ပတ်လိုက်သည်။
ချက်ချင်းပင် ဝိုင်ယာကြိုးနှင့်တူသော လိုင်းနှစ်လိုင်းက ဝီခနဲ အသံနှင့်အတူ လင်းလက်လာသည်။
သစ်သားဖောင်၏ အမြီးပိုင်းရှိ အရိုးဖြင့် ပြုလုပ်ထားသော တာဘိုင်တစ်ခုက အရှိန်အဟုန်ဖြင့် ဟိန်းထွက်လာသည်ကို တွေ့လိုက်ရသည်။
၎င်း၏ အတွင်းရှိ အရိုးပန်ကာသည် ရူးသွပ်စွာ လည်ပတ်နေပြီး မီးရောင်များပင် ထွက်ပေါ်နေသည်။
ဝူးခနဲ အသံနှင့်အတူ သစ်သားဖောင်သည် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းအလား အလွန်လျင်မြန်စွာ ပြေးထွက်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် လင်းယွမ်၏ မျက်လုံးများထဲ၌ ထူးဆန်းသော အရောင်များ တောက်ပလာသည်။
"သန္ဓေပြောင်းစွမ်းအင်နဲ့ မောင်းနှင်တဲ့ ယာဉ်လား"
ဤလိုင်ကျစ်ရုံက သန္ဓေပြောင်းစွမ်းအင်ကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုကာ မောင်းနှင်နိုင်သည့် သစ်သားဖောင်ကို တီထွင်ထားနိုင်ခဲ့သည်ပဲ။
"ဝုန်း"
လင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ ကြမ်းပြင်ကို ခြေထောက်ဖြင့် အားကုန် ဆောင့်ကန်လိုက်သည်။
ချက်ချင်းပင် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ခေါင်မိုးထပ်ရှိ ကြမ်းခင်းကြွေပြားများ ဝုန်းခနဲ ကွဲအက်သွားသည်။
သူ၏ တစ်ကိုယ်လုံး ချက်ချင်း ပျံတက်သွားပြီး ခြေနှစ်ဖက်နေရာတွင် မီးစင်္ကြာနှစ်ခုက တောက်လောင်လာသည်။
"အစွမ်း - မီးစင်္ကြာ"
မီးစင်္ကြာ၏ ပေါက်ကွဲအားအောက်တွင် လင်းယွမ်၏ ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် ကြည့်ပါက ပုံရိပ်များ ပျောက်ကွယ်လုမတတ် မြန်ဆန်နေပြီဖြစ်သည်။
သူသည် အမြင့်ပေတစ်ရာကျော်အထိ ချက်ချင်း ပျံတက်သွားပြီး လေဟာနယ်ထဲတွင် ရှည်လျားသော မီးတောက်မျဉ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်သည်။
မီးစင်္ကြာ ဖြတ်သန်းသွားသော နေရာများရှိ ဘေးပတ်လည်မှ ရေခိုးရေငွေ့များသည် ချက်ချင်း အငွေ့ပျံသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းယွမ်သည် သစ်သားဖောင်ကို အမီလိုက်နိုင်သွားပြီဖြစ်သည်။
သစ်သားဖောင်ပေါ်ရှိ လိုင်ကျစ်ရုံက ခေါင်းမော့ကြည့်လိုက်ရာ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း မျက်နှာပျက်သွားသည်။
"သေစမ်း"
သူက ထိတ်လန့်နေသော အရိပ်အယောင်ဖြင့် သစ်သားဖောင် အနောက်ရှိ တာဘိုင်နှစ်ခုကို အစွမ်းကုန် မောင်းနှင်လိုက်သည်။
လှိုင်းလုံးများ လိမ့်တက်လာပြီး သစ်သားဖောင်က ရှေ့သို့ အလွန်လျင်မြန်စွာ ပြေးထွက်သွားသည်။
နှမြောစရာကောင်းသည်မှာ သစ်သားဖောင်က မည်မျှပင် မြန်နေစေကာမူ လင်းယွမ်ကိုတော့ မမီနိုင်ခဲ့ပေ။
လင်းယွမ်၏ ခန္ဓာကိုယ်က လေထဲတွင် အနည်းငယ် ရပ်တန့်သွားပြီး ခြေအောက်တွင် စိတ်စွမ်းအင် စင်မြင့်တစ်ခုကို ချက်ချင်း ဖန်တီးလိုက်သည်။
ထို့နောက် ခြေကို တစ်ချက် ပြန်ဆောင့်လိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ မီးစင်္ကြာ ဒုတိယအကြိမ် ပေါက်ကွဲထွက်လာသည်။
သူသည် ပေသုံးရာနီးပါးခန့် ထပ်မံ ပျံသန်းသွားပြန်သည်။
ယခုအချိန်တွင် သူသည် သစ်သားဖောင်၏ အထက်သို့ ရောက်ရှိနေပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်က အောက်သို့ အလွန်လျင်မြန်စွာ ကျဆင်းလာပြီး "ဒိုင်း" ခနဲ အသံနှင့်အတူ သစ်သားဖောင်ပေါ်ရှိ သစ်သားအိမ်ခေါင်မိုးပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
လင်းယွမ်က ခေါင်းငုံ့ကာ မျက်နှာတစ်ပြင်လုံး ထိတ်လန့်နေသော လိုင်ကျစ်ရုံကို ကြည့်လိုက်သည်။
"မင်း ထွက်ပြေးလို့ မလွတ်တော့ဘူး"
ဆက်ရန်...
အပိုင်း(၃၁၈) သန္ဓေပြောင်း လက်နက် ဖန်တီးသူ
"မင်းက ဘယ်သူလဲ... ငါ လိုင်ကျစ်ရုံက မင်းကို ဘာများ စော်ကားမိလို့လဲ"
သစ်သားဖောင်ပေါ်တွင် လိုင်ကျစ်ရုံ၏ မျက်နှာက ပြာနှမ်းနေပြီး သစ်သားအိမ်ပေါ်ရှိ လင်းယွမ်ကို ထိတ်လန့်ဒေါသထွက်စွာဖြင့် ကြည့်နေ၏။
သူ နှစ်ဝက်နီးပါးမျှ အပင်ပန်းခံ တည်ဆောက်ခဲ့ရသည့် မှောင်ခိုဈေးကွက်နှင့် သူ ကြိုးပမ်းမွေးမြူခဲ့သော အင်အားစုများအားလုံးမှာ ဘယ်ကမှန်းမသိ ပေါ်လာသည့် ဤလူကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
သူ့ရင်ထဲတွင် အတိုင်းမသိ ဒေါသထွက်ကာ နာကြည်းနေမိသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ရွံ့တုန်လှုပ်နေမိ၏။
သူ့ရှေ့မှ ဤလူက အလွန်တရာ အစွမ်းထက်လွန်းလှသည်။ သူ၏ နည်းလမ်းပေါင်းစုံကို ထုတ်သုံးခဲ့သော်လည်း ဤလူ၏ ပြိုင်ဘက်ပင် မဖြစ်ခဲ့ချေ။
လောလောဆယ်တွင် တစ်ဖက်လူကို အရင် ငြိမ်သက်သွားအောင် ထိန်းထားပြီးမှ အခြားနည်းလမ်းကို စဉ်းစားရတော့မည်။
လင်းယွမ်က လိုင်ကျစ်ရုံကို ကျော်ကြည့်လိုက်ပြီး ကြိုးတုပ်ခံထားရသည့် ထိုလူငယ်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ထိုလူငယ်၏ ပါးစပ်တွင် အဝတ်စဖြင့် ဆို့ထားသဖြင့် အုအုအအဖြင့် တစ်စုံတစ်ရာကို ပြောချင်နေသော်လည်း ဘာပြောနေမှန်း မသဲကွဲပေ။
လင်းယွမ်က သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး လိုင်ကျစ်ရုံအပေါ်သို့သာ အာရုံစိုက်လိုက်၏။
ဤလူငယ်အပေါ် သူ စိတ်ဝင်စားနေသည်ကို တစ်ဖက်လူ ရိပ်မိသွားမည်ကို သူ မလိုလားပေ။
"ငါ ဘယ်သူလဲဆိုတာ မအရေးကြီးဘူး... အရေးကြီးတာက မင်းမှာ တခြား ထုတ်သုံးစရာ နည်းလမ်းတွေ ရှိသေးလား ဆိုတာပဲ"
"မရှိတော့ဘူးဆိုရင်တော့ ငါတို့ သေချာလေး စကားပြောကြတာပေါ့"
လင်းယွမ်က သစ်သားအိမ်ပေါ်မှ ခုန်ချလိုက်ပြီး လိုင်ကျစ်ရုံဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။
လိုင်ကျစ်ရုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူ၏ရင်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်တစ်ခုက လှိုင်းထန်လာ၏။
ဤရန်သူနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ တိုက်ခိုက်မှုများအတွက် မည်သည့် အားနည်းချက်ကိုမျှ မရှာတွေ့နိုင်ခဲ့ပေ။
တစ်ဖက်လူ၏ စိတ်စွမ်းအင် အကာအကွယ်နှင့် မီးဓာတ် သန္ဓေပြောင်းစွမ်းအင်တို့က အားနည်းချက် ဟူ၍ တစ်စက်ကလေးမျှပင် မရှိသကဲ့သို့ ပြည့်စုံလွန်းနေသည်။
သူ အကွက်ချ တိုက်ခိုက်ရမည့် နေရာကို လုံးဝ ရှာမတွေ့နိုင်ခဲ့ချေ။
သို့သော် သူ ဒီအတိုင်း လက်မလျော့ချင်သေးပေ... ချက်ချင်းပင် လျှပ်စစ်ဝိုင်ယာကြိုးကို လွှတ်ချလိုက်ပြီး ပြောလိုက်သည်။ "မင်း ဘာလိုချင်လို့လဲ... ငါတို့ ဆွေးနွေးလို့ ရပါတယ်"
"ဟက်ဟက်... ငါနဲ့ ဆွေးနွေးမယ် ဟုတ်လား... မင်းမှာ အဲဒီ အရည်အချင်း မရှိတော့ဘူး ထင်တယ်"
လင်းယွမ်က ပြောဆိုပြီးသည်နှင့် ရုတ်တရက် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ တစ္ဆေတစ်ကောင်အလား မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
လိုင်ကျစ်ရုံက ချက်ချင်းပင် ဖြူရော်သွားပြီး အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ မြစ်ရေထဲသို့ လွှားခနဲ ခုန်ချလိုက်၏။
သို့သော် ရေထဲသို့ ကျမသွားမီ စက္ကန့်ပိုင်းအလိုတွင် ရေပြင်ပေါ်၌ မျက်စိဖြင့် မမြင်နိုင်သော ဖောက်ထွင်းမြင်ရသည့် အတားအဆီးတစ်ခု ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဒိုင်းခနဲ အသံနှင့်အတူ သူ၏ခေါင်းက ထိုအတားအဆီးနှင့် ဝင်တိုက်မိသွားရာ နဖူးက ချက်ချင်း ဖူးယောင်လာပြီး သူ မျှော်လင့်ထားသလို ရေလွှမ်းပြင်ထဲသို့ ခုန်ချနိုင်ခဲ့ခြင်း မရှိပေ။
ထို့နောက် ပတ်ဝန်းကျင်မှ ပုံသဏ္ဌာန်မဲ့သော အင်အားတစ်ခုက သူ့ကို အတင်း ဆွဲယူသွားသည်ကို တွေ့လိုက်ရ၏။
သူ့မျက်နှာက ပြင်းထန်စွာ ပြောင်းလဲသွားသည်။ "စိတ်စွမ်းအင်"
လင်းယွမ်က သူ၏ ဂုတ်ကုပ်ကို ဖမ်းဆွဲကာ ဆွဲမလိုက်သည်။ "ဒီအဝါရောင်ပန်းက တကယ်ကို အံ့ဩစရာပဲ... မင်းရဲ့ စိတ်ပင်လယ်ထဲကို ဝင်လာတဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ဝါးမျိုပစ်နိုင်တယ်... ဒါပေမဲ့ ငါကမင်းရဲ့ စိတ်ပင်လယ်ကို မတိုက်ခိုက်ဘူးဆိုရင်တော့ သူက မင်း ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ကာကွယ်ပေးမှာ မဟုတ်ဘူး ထင်တယ်"
သူ၏ လည်ပင်းကို ညှစ်ထားရင်း လင်းယွမ်က လိုင်ကျစ်ရုံ၏ ခေါင်းပေါ်ရှိ အဝါရောင်ပန်းကို ကြည့်လိုက်သည်။ တကယ်တော့ သူက ဤပန်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော်လည်း ဤပန်းအပေါ် အလွန် စိတ်ဝင်စားနေသဖြင့် ဒီအတိုင်း ဖျက်ဆီးပစ်လိုက်ရန် နှမြောနေမိ၏။
ထို့ကြောင့် သူက ပြုံးလိုက်ပြီး... "ပြောပါဦး... ငါသာ ဒီပန်းရဲ့ အပွင့်ကို ညှပ်ထုတ်လိုက်ပြီး ကျန်တဲ့ ပင်စည်ကို ချန်ထားခဲ့ရင် မင်း သေသွားနိုင်မလား"
"ဟင့်အင်း... မလုပ်ပါနဲ့ အစ်ကိုရယ်... ကျွန်တော် အရှုံးပေးပါပြီ... အစ်ကို ဘာလိုချင်လိုချင် အကုန်ရစေရမယ်... ကျွန်တော့်ကို မသတ်ပါနဲ့... ရှိသမျှ အကုန် ပေးပါ့မယ်"
"သန္ဓေပြောင်း လက်နက်တွေ... တိုက် (၈၇) က သန္ဓေပြောင်း လက်နက်တွေ အကုန်လုံးကို အစ်ကို့ကို ပေးပါ့မယ်"
"ကျွန်တော့်ဆီမှာ သန္ဓေပြောင်း စွမ်းအင်ပုလဲတချို့လည်း ရှိသေးတယ်... အဲဒါတွေက ကျွန်တော် အကြာကြီး စုဆောင်းထားတာပါ... အကုန်လုံးကို ပေးပါ့မယ်... ကျွန်တော့်ကို တစ်ခါလောက်တော့ လွှတ်ပေးပါ"
လိုင်ကျစ်ရုံက အသနားခံလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "အခု မင်းရဲ့ အသက်တောင် ငါ့ လက်ထဲမှာ ရောက်နေတာကို... မင်းပြောတဲ့ ပစ္စည်းတွေက အစကတည်းက ငါ့ဟာတွေ ဖြစ်နေပြီ... အဲဒီအတွက်ငါကဘာလို့ မင်းကို ချမ်းသာပေးရမှာလဲ"
သူ၏ အခြား လက်တစ်ဖက်ထဲတွင် ကတ်ကြေးတစ်လက်က လေဟာနယ်ထဲမှ ထွက်ပေါ်လာ၏။
ကတ်ကြေးက ထိုအဝါရောင်ပန်းထံသို့ နီးကပ်သွားသည်နှင့် လိုင်ကျစ်ရုံ တစ်ကိုယ်လုံး ဇကာပေါက်ကဲ့သို့ တုန်ယင်လာတော့သည်။
ထိုအဝါရောင်ပန်းမှာ ပို၍ပင် ထိတ်လန့်သွားပုံရပြီး လိုင်ကျစ်ရုံ၏ ခေါင်းပေါ်တွင် ရှေ့နောက် ယိမ်းထိုးနေကာ လက်အုပ်ချီ အရိုအသေပေးနေသကဲ့သို့ ဖြစ်နေ၏။
၎င်းတွင် သီးခြား အသိဉာဏ် ရှိနေသည်မှာ သေချာသွားပြီ ဖြစ်သည်။
လင်းယွမ်၏ မျက်လုံးများက နက်ရှိုင်းသွားပြီး ဤအရာက သာမန် မဟုတ်ကြောင်းကို ပို၍ ခံစားလာရသည်။
"ဟင့်အင်း... မလုပ်ပါနဲ့... တောင်းပန်ပါတယ်... ကျွန်တော် တောင်းပန်ပါတယ်..." လိုင်ကျစ်ရုံက မျက်ရည်များ ကျဆင်းလာကာ အဆက်မပြတ် အသနားခံနေ၏။
ဂျွတ်ခနဲ...
ဂျွတ်ခနဲ အသံနှင့်အတူ အဝါရောင်ပန်းမှာ လင်းယွမ်၏ ညှပ်ချခြင်းကို ခံလိုက်ရတော့သည်။
ထိုခဏ၌ ပန်း၏ ပင်စည်ထဲမှ အပြာရောင် အရည်များ ပန်းထွက်လာ၏။
လိုင်ကျစ်ရုံက ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်ကာ လှေပေါ်တွင် ရူးသွပ်စွာ လူးလှိမ့်နေတော့သည်။
လင်းယွမ်က သူ့ကို မတားဆီးဘဲ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကိုသာ စောင့်ကြည့်နေလိုက်သည်။
သူ၏ စိတ်စွမ်းအင်များက လိုင်ကျစ်ရုံကို လွှမ်းခြုံထားလိုက်ရာ လိုင်ကျစ်ရုံ၏ ဦးခေါင်းတွင် စိတ်စွမ်းအင်ကို ဝါးမျိုနိုင်သည့် ထူးဆန်းသော စွမ်းရည် မရှိတော့ကြောင်းကို သူ သတိထားမိလိုက်၏။
အဝါရောင်ပန်းက သူ့ကို စိတ်ပိုင်းဆိုင်ရာ အကာအကွယ် မပေးနိုင်တော့ကြောင်း ထင်ရှားပေသည်။
ထို့ပြင် ဤပန်းက သူ့ခန္ဓာကိုယ်နှင့် တကယ်ပင် ချိတ်ဆက်နေပုံရပြီး ပန်းအညှပ်ခံလိုက်ရချိန်တွင် လိုင်ကျစ်ရုံမှာ ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုခု ဖယ်ရှားခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေပုံရ၏။
လင်းယွမ်က စိတ်စွမ်းအင်ကို ကြိုးမျှင်များအဖြစ် ပြောင်းလဲကာ သူ၏ စိတ်ပင်လယ်ထဲသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လိုက်သည်။
ရုပ်သေးကြိုးမျှင်များက လိုင်ကျစ်ရုံ၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားချိန်တွင် လင်းယွမ်က ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်း သတိထားမိလိုက်၏။
လိုင်ကျစ်ရုံ၏ ဦးနှောက်အတွင်းရှိ အာရုံကြောကွန်ရက်က သာမန်လူများ၏ အာရုံကြောကွန်ရက်နှင့် မတူညီပေ။
သူ၏ အာရုံကြောကွန်ရက် တစ်ခုလုံးက ရှုပ်ထွေးစွာ ယှက်နွယ်နေပြီး အပင်တစ်ပင်၏ အမြစ်များနှင့် အနည်းငယ် တူညီနေသည်။
အလယ်ဗဟိုနေရာတွင် ထင်ရှားစွာ ကြီးမားနေသည့် အာရုံကြောတစ်ခု ရှိနေ၏။
လင်းယွမ်က ထိုအာရုံကြောအတိုင်း အထက်သို့ ဝင်ရောက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် လိုင်ကျစ်ရုံ၏ ဦးနှောက်ထဲမှ ပြန့်နှံ့ထွက်ပေါ်လာတော့သည်။
ထိုအာရုံကြောက ပြတ်တောက်သွားသည့် အဝါရောင်ပန်း၏ ပင်စည် ဖြစ်နေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရ၏။
လင်းယွမ်၏ ရင်ထဲတွင် အံ့ဩသွားသော်လည်း မည်သို့ပင်ဖြစ်စေ သူ၏ ရုပ်သေးကြိုးမျှင်များက လိုင်ကျစ်ရုံကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။
သို့သော် ပြတ်တောက်သွားသည့် ပင်စည်က မည်သို့မျှ ပြန်လည် ပူးကပ်မသွားတော့ချေ။
လိုင်ကျစ်ရုံ၏ အသက်စွမ်းအင်များက ဤပြတ်တောက်သွားသည့် နေရာမှတစ်ဆင့် အဆက်မပြတ် ယိုစိမ့်ထွက်ပြေးနေသည်ကို လင်းယွမ် ခံစားသိရှိနိုင်၏။
လိုင်ကျစ်ရုံ၏ နာကျင်စွာ အော်ဟစ်နေသည့် အသံကလည်း တဖြည်းဖြည်း တိုးဝင်လာသည်။
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်ချောင်းကို ညင်သာစွာ ခေါက်လိုက်ရာ မီးတောက်တစ်ခု လောင်ကျွမ်းလာ၏။
သူက ပြတ်တောက်သွားသည့် ပင်စည်၏ ဟာလာဟင်းလင်း ဖြစ်နေသောနေရာကို လက်ဖြင့် ဖိချလိုက်သည်။
ရှဲခနဲအသံနှင့်အတူ....
မီးခိုးပြာများ ထွက်ပေါ်လာပြီးနောက် လိုင်ကျစ်ရုံက ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်ကာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာပြီး မျက်ဖြူလန်သွားကာ ချက်ချင်းပင် သတိလစ်သွားတော့သည်။
လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ သူ၏ အသက်စွမ်းအင်ကို ဆက်လက် စောင့်ကြည့်နေလိုက်၏။
မီးလောင်ကျွမ်းသွားသည့် ပင်စည်အပေါက်က ယခုအခါ မည်းတူးကာ ကျုံ့ဝင်သွားပြီ ဖြစ်သည်။
သို့သော် ဤသို့ ဖြစ်သွားသောကြောင့် အသက်စွမ်းအင်များက ထိုနေရာမှ ဆက်လက် မယိုစိမ့်နိုင်တော့ဘဲ လိုင်ကျစ်ရုံ၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းပင်။
လင်းယွမ်က မေးစေ့ကို ပွတ်သပ်လိုက်ပြီး သူ ညှပ်ချထားခဲ့သည့် အဝါရောင်ပန်းကို ကြည့်လိုက်သည်။
ထိုပန်းက ပင်စည်နှင့် ကင်းကွာသွားပြီ ဖြစ်ကာ ယခုအချိန်တွင် ညှိုးနွမ်းနေပြီ ဖြစ်၏။
မူလက လှပတောက်ပနေသည့် ပန်းပွင့်ဖတ်များမှာ ယခုအခါ ခြောက်သွေ့နေသော လူ့အရေခွံကဲ့သို့ ဖြစ်နေပြီး ဖြူရော်ရော်နှင့် အရောင်အဆင်း ကင်းမဲ့နေသည်။
ထိုအထဲမှ ပုပ်အက်အက် အနံ့အသက်တစ်ခုပင် ထွက်ပေါ်လာ၏။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဤအရာကို သွားမထိတော့ပေ။
ဒါက ဘာ သန္ဓေပြောင်း အပင်လဲဆိုတာကို သူ သေချာ မသိပေ။
ယခုအချိန်တွင် သန္ဓေပြောင်း သတ္တဝါများ အလွန်များပြားနေပြီး ဤသတ္တဝါများက မည်သို့သော ထူးဆန်းသည့် စွမ်းရည်များအဖြစ် ပြောင်းလဲသွားသည်ကို မည်သူကမျှ မသိနိုင်ချေ။
လင်းယွမ်က အန္တရာယ် မစွန့်ချင်ပေ... သူ၏ အရည်အသွေး အမှတ်တိုင်းက (၅၀) မှတ်အထိ ရောက်နေပြီ ဖြစ်သော်လည်း သူကိုယ်သူ ပြိုင်ဘက်ကင်း ဖြစ်နေပြီဟု မထင်မှတ်ထားပေ။
မသိနိုင်သော အရာများနှင့် ရင်ဆိုင်ရချိန်တွင် သူက အတိုင်းအတာ တစ်ခုအထိ သတိထားနေရန် လိုအပ်သည်။
လင်းယွမ်က သစ်သားအိမ်ဘေးတွင် ကြိုးတုပ်ခံထားရသည့် လူငယ်ကို လှည့်ကြည့်လိုက်ပြီး ရှေ့သို့ တိုးသွားကာ လူငယ်၏ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်လိုက်၏။
ထိုလူငယ်က ချက်ချင်းပင် တံတွေးများကို ထွေးထုတ်လိုက်ပြီး အန်ချင်သလို အကြိမ်အနည်းငယ် လုပ်လိုက်ကာ အလောတကြီး ပြောလိုက်သည်။ "အစ်ကိုကြီး... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် အသုံးဝင်ပါတယ်... ကျွန်တော့်မှာ အသုံးဝင်တဲ့ နေရာ ရှိပါသေးတယ်"
လင်းယွမ်က ဆံပင်များ ဖရိုဖရဲ ဖြစ်နေသည့် ထိုလူငယ်ကို ကြည့်လိုက်သည်။ တစ်ဖက်လူက ညစ်ပတ်ပေရေနေသော်လည်း အသံကို နားထောင်ရသည်မှာ အတော်လေး ငယ်ရွယ်ပုံရ၏။
"မင်းက ဘယ်သူလဲ"
လူငယ်က အလောတကြီး ပြန်ဖြေလိုက်သည်။ "ကျွန်တော့်နာမည် ဖုချီပေါ်ပါ... ကျွန်တော်က အသုံးဝင်တဲ့သူပါ... မှောင်ခိုဈေးကွက်ထဲက သန္ဓေပြောင်း လက်နက်တွေ အကုန်လုံးက ကျွန်တော် ဖန်တီးထားတာပါ... ကျွန်တော် ဆရာ့အတွက် အလုပ်လုပ်ပေးနိုင်ပါတယ်... ကျွန်တော့်ကို မသတ်ပါနဲ့... တကယ်ကို မသတ်ပါနဲ့"
လင်းယွမ်၏ မျက်လုံးများတွင် အကဲခတ်သည့် အရိပ်အယောင်များ ပေါ်လာပြီး မေးလိုက်သည်။ "အဲဒီ လက်နက်တွေက မင်းလုပ်ထားတာလား... မင်းမှာ ဘာ အစွမ်းရှိလို့လဲ"
ဖုချီပေါ်က အလျင်အမြန် ပြောလိုက်သည်။ "ကျွန်တော်က သန္ဓေပြောင်းစွမ်းအင် စီးဆင်းမှု ပုံစံတွေကို မြင်နိုင်တယ်... ကျွန်တော့် မျက်လုံးမှာ အစွမ်း ရှိတယ်... သင်္ကေတ တည်ဆောက်ပုံတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ခက်ခဲတဲ့ နေရာတွေကို မြန်မြန်ဆန်ဆန် ခွဲခြမ်းစိတ်ဖြာပြီး ပုံတူကူးချနိုင်တယ်"
"ဟုတ်တယ်... သန္ဓေပြောင်း အပင်တွေနဲ့ သတ္တဝါတွေထဲမှာ ဘယ်ဟာတွေက အဆိပ်ရှိပြီး ဘယ်ဟာတွေက စားလို့ရလဲ ဆိုတာကိုလည်း ခွဲခြားနိုင်သေးတယ်"
"သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရည်အသွေးတွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်"
ဖုချီပေါ်က သူ၏ စွမ်းရည်များကို အလောတကြီး သက်သေပြနေပြီး သူ၏ တန်ဖိုးကို ကြိုးစားပမ်းစား ပြသနေ၏။
ထိုစကားများကို ကြားလိုက်ရချိန်တွင် လင်းယွမ်၏ မျက်လုံးများထဲရှိ အံ့ဩမှုက ပို၍ ပို၍ နက်ရှိုင်းလာသည်။
ဤလူတွင် သန္ဓေပြောင်းစွမ်းအင် ပါရှိသော မျက်လုံးတစ်စုံ ရှိနေခြင်းပင်။
သူ၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး မေးလိုက်သည်။ "ဒါဆို မင်း ငါ့ကို ကြည့်ကြည့်စမ်း... ကျွန်တော့်ရဲ့ အစွမ်းက ဘာအမျိုးအစားလဲ"
ဖုချီပေါ်က ကြားသည်နှင့် လင်းယွမ်ကို အမြန် ကြည့်လိုက်သည်။
သူ၏ မျက်လုံးများက အလင်းရောင်များ စတင် တောက်ပလာပြီး သူ၏ မျက်လုံးများထဲတွင် စွမ်းအင် အစုအဝေးတစ်ခု စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်ကို လင်းယွမ် သတိပြုမိလိုက်၏။
ထို့နောက် ဖုချီပေါ်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အံ့ဩထိတ်လန့်သွားသည့် အမူအရာ ပေါ်လာသည်။
သူက ကိုယ့်မျက်လုံးကိုကိုယ် မယုံနိုင်သကဲ့သို့ ဖြစ်သွားကာ မျက်ခွံများကို အလျင်စလို ပွတ်သပ်လိုက်ပြီးနောက် လင်းယွမ်ကို ထပ်မံ ကြည့်ရှုလိုက်၏။
သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသည့် အမူအရာများ တဖြည်းဖြည်း ပေါ်လာသည်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှု၊ မယုံကြည်နိုင်မှုနှင့်အတူ ထိတ်လန့်တွေဝေမှုများလည်း ပါဝင်နေသည်။
"မဖြစ်နိုင်တာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ အစွမ်းတွေ ရှိနေနိုင်မှာလဲ"
သူက ကိုယ့်ဘာသာ တီးတိုးရေရွတ်နေပြီး နားမလည်နိုင်သကဲ့သို့ ဖြစ်နေ၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်က မျက်မှောင်တစ်ချက် ပင့်လိုက်မိပြီး မေးလိုက်သည်။ "မင်း ဘာတွေ့လို့လဲ"
ဖုချီပေါ်က စိုးရိမ်တကြီးဖြင့် ပြန်ဖြေသည်။ "ကျွန်တော်... ဆရာ့ခန္ဓာကိုယ်မှာ သန္ဓေပြောင်းစွမ်းအင်တွေ အများကြီး စုစည်းနေတာကို တွေ့ရတယ်"
"စိတ်စွမ်းအင်... မီးဓာတ်စွမ်းအင်... ရေဓာတ်စွမ်းအင်... ပြီးတော့ ခွန်အားအမျိုးအစား အစွမ်းကို ကိုယ်စားပြုတဲ့ သွေးသားစွမ်းအင်... ကျွန်တော်... ကျွန်တော် နားမလည်တော့ဘူး... သဘောမပေါက်တော့ဘူး"
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် အံ့ဩသွားသည်။ ဤဖုချီပေါ်က တကယ်ကြီး မြင်နိုင်တာလား။
သူ ခုနက ပြောသွားသည့် စွမ်းအင်များအားလုံးမှာ လင်းယွမ် မကြာသေးမီကမှ အသုံးပြုခဲ့သော အစွမ်းများ ဖြစ်နေသည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် လက်ကနဲ ဖြစ်သွားပြီး မေးလိုက်သည်။ "ငါ့ ခန္ဓာကိုယ်မှာ မြေဓာတ်စွမ်းအင်ရော ရှိလား"
"အဲ... ရှိတယ်... ဒါပေမဲ့ အရမ်းနည်းတယ်... ထူးဆန်းလိုက်တာ... ဘယ်လိုလုပ် ဒီလို ဖြစ်နေရတာလဲ" ဖုချီပေါ်၏ မျက်နှာတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။
သူ၏ အကြည့်များက လင်းယွမ်၏ အရက်ရွက်နေရာသို့ အာရုံရောက်နေသည်။
သူ ပြောသည့် အရမ်းနည်းသည်ဆိုသည်မှာ ဤနေရာတွင် ဖြစ်ကြောင်း ထင်ရှားပေသည်။
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ သူ၏ ကျောက်အကြေးခွံ အကာအကွယ် အစွမ်းက အစွမ်းများကို သင်္ကေတပုံစံအတိုင်း ခန္ဓာကိုယ်ထဲတွင် တစ်ပတ် လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် အရက်ရွက်ကို နိုးကြားစေကာ အစွမ်းများကို မြေဓာတ်အဖြစ် ပြောင်းလဲမှသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူ နောက်ဆုံးအကြိမ် ကျောက်အကြေးခွံ အကာအကွယ် ကို အသုံးပြုခဲ့သည်မှာ တစ်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ယုတ္တိအရဆိုလျှင် သူ၏ ခန္ဓာကိုယ်တွင် မြေဓာတ်စွမ်းအင် အကြွင်းအကျန်များ များများစားစား မရှိနိုင်တော့ချေ။
သို့သော် ဤဖုချီပေါ်က သူ၏ အရက်ရွက်နေရာတွင် မြေဓာတ်စွမ်းအင် အနည်းငယ် ကျန်ရစ်နေသေးကြောင်းကို တိတိကျကျ မြင်နိုင်ခဲ့သည်။
ထို့ကြောင့် ဤလူ၏ အစွမ်းက တကယ်ကို ထူးခြားဆန်းကြယ်မှု အချို့ ရှိနေကြောင်း သိသာပေသည်။
လင်းယွမ်က ချက်ချင်းပင် မေးလိုက်သည်။ "မင်း အဲဒီ သန္ဓေပြောင်း လက်နက်တွေကို ဘယ်လို ဖန်တီးခဲ့တာလဲ"
ဖုချီပေါ်က သတိပြန်ဝင်လာပြီး အလျင်အမြန် ပြန်ဖြေသည်။ "ကျွန်တော် အစွမ်း နိုးထလာပြီးတဲ့နောက်မှာ မတူညီတဲ့ အစွမ်းပိုင်ရှင်တွေ ဒါမှမဟုတ် သန္ဓေပြောင်း သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲက အစွမ်း အရည်အသွေးတွေကို စောင့်ကြည့်နိုင်တာကို တွေ့ရှိခဲ့တယ်... အဲဒီနောက်တော့ ဒီထူးခြားချက်ကို အသုံးချပြီး ထူးခြားတဲ့ အစွမ်းတွေ ပါရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို သီးသန့် လိုက်မျှားတော့တာပဲ"
"အဲဒီ ထူးခြားတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းမိတော့... သူတို့ရဲ့ အလောင်းတွေကို ခွဲစိတ်ပြီး ဇီဝကမ္မ တည်ဆောက်ပုံတွေကို လေ့လာခဲ့တယ်"
"သူတို့က ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်တချို့ကို ထုတ်သုံးနိုင်တာကို ကျွန်တော် တွေ့ရှိခဲ့တယ်... ဥပမာ - ရေမြှားငါးဆိုရင် ရေမြှားတွေကို မျိုချပြီး ပြန်ထုတ်နိုင်တယ်... ဒါက သူတို့ဆီမှာ အစွမ်းထက်တဲ့ ငါးပေါင်းဖောင်း ရှိနေရုံတင်မကဘဲ သူတို့ရဲ့ အရိုးတွေပေါ်မှာ ထူးခြားတဲ့ အစွမ်းစီးဆင်းမှု လမ်းကြောင်း တည်ဆောက်ပုံတွေ ရှိနေလို့ပဲ"
"အစွမ်းစီးဆင်းမှု လမ်းကြောင်း တည်ဆောက်ပုံ ဟုတ်လား" လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။
ဖုချီပေါ်က အလျင်အမြန် ရှင်းပြလိုက်သည်။ "အဲဒါက ထူးခြားတဲ့ သင်္ကေတတချို့ပါပဲ... ဒီသင်္ကေတတွေက အစွမ်းတွေကို ဒီတည်ဆောက်ပုံအတိုင်း စီးဆင်းသွားအောင် ထိထိရောက်ရောက် လမ်းညွှန်ပေးနိုင်ပြီး အဲဒီကနေတစ်ဆင့် သတ်မှတ်ထားတဲ့ အစွမ်းတစ်ခု ဖြစ်ပေါ်လာတာပါ"
"နောက်ပိုင်းကျတော့ သန္ဓေပြောင်း သတ္တဝါတွေမှာသာ ဒီလို အစွမ်းစီးဆင်းမှု လမ်းကြောင်းတွေ ရှိနေတာ မဟုတ်ဘဲ... တကယ်တော့ လူသားတွေမှာလည်း ဒီလို အစွမ်းစီးဆင်းမှု လမ်းကြောင်းတွေ ရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ပြန်တယ်"
"ဒီခန့်မှန်းချက်က လိုင်ကျစ်ရုံက ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ အတည်ပြုနိုင်ခဲ့တယ်"
"ဘာ အတည်ပြုချက်လဲ" လင်းယွမ်က မေးလိုက်၏။
"အဲဒီ ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာ... အစွမ်းစီးဆင်းမှု လမ်းကြောင်းကို ကျွန်တော် ရှာတွေ့ခဲ့တယ်"
ဖုချီပေါ်က ရှင်းပြသည်။ "ဒီအစွမ်းစီးဆင်းမှု လမ်းကြောင်းကြောင့်ပဲ ဒီခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်က တခြား ခွန်အားအမျိုးအစား အစွမ်းပိုင်ရှင်တွေနဲ့ မတူညီတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခု ပိုင်ဆိုင်ခဲ့တာပါ"
"သူက ခွန်အားတွေကို လက်ဖဝါးထဲမှာ စုစည်းပြီး ပေါက်ကွဲမှုလိုမျိုး အကျိုးသက်ရောက်မှုတစ်ခုကို ထုတ်ဖော်နိုင်တယ်... သူ့ဘာသာ မိုးကြိုးလက်ဝါး လို့ နာမည်ပေးထားတာလေ"
"နောက်ပိုင်း ကျွန်တော် လေ့လာကြည့်လိုက်တော့ ဒီမိုးကြိုးလက်ဝါးဆိုတာက သူ့ခန္ဓာကိုယ်ထဲက အစွမ်းစီးဆင်းမှု လမ်းကြောင်းကနေ ဖြစ်ပေါ်လာတဲ့ ခွန်အားတွေကို ဖိသိပ်ပြီး ပေါက်ကွဲထွက်စေတဲ့ အကျိုးသက်ရောက်မှုပဲ"
"လိုင်ကျစ်ရုံက သူ့ကို သတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကျောရိုးဆစ် တစ်ခုကို တူးထုတ်ခဲ့တယ်... အဲဒီ ကျောရိုးဆစ်ပေါ်မှာ ဒီအစွမ်းစီးဆင်းမှု လမ်းကြောင်းတွေကို ကျွန်တော် ရှာတွေ့ခဲ့တာ"
"အဲဒီအချိန်ကစပြီး ထူးခြားတဲ့ အစွမ်းတွေ သုံးတတ်တဲ့ လူတချို့ကို တဆက်တည်း ရှာတွေ့ခဲ့တယ်... တချို့က တကယ်တော့ ခန္ဓာကိုယ်ထဲမှာ ဒီလို အစွမ်းစီးဆင်းမှု လမ်းကြောင်းတွေ ဖြစ်ပေါ်လာတာကြောင့်ပါပဲ"
"နောက်ပိုင်းကျတော့ လူတစ်ယောက်က သန္ဓေပြောင်း စွမ်းအင်ပုလဲကို ရှာတွေ့ခဲ့တယ်... ဒီသန္ဓေပြောင်း စွမ်းအင်ပုလဲထဲမှာ သန့်စင်တဲ့ သန္ဓေပြောင်းစွမ်းအင်တွေ ပါဝင်နေတာကို အံ့ဩစရာကောင်းလောက်အောင် တွေ့ရတယ်"
"တစ်ခါက ကျွန်တော် သန္ဓေပြောင်း လက်နက်တွေကို လေ့လာနေတုန်း ရုတ်တရက် အကြံဉာဏ် တစ်ခု ရလာတယ်... အကယ်လို့များ သန္ဓေပြောင်း စွမ်းအင်ပုလဲကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုပြီး အဲဒီ အစွမ်းစီးဆင်းမှု လမ်းကြောင်းပါတဲ့ အရိုးတွေကို လက်နက်အဖြစ် အသုံးပြုလိုက်မယ်ဆိုရင် ဒီအစွမ်းစီးဆင်းမှု လမ်းကြောင်းပါတဲ့ အရိုးတွေပေါ်က အစွမ်းတွေကို ပြန်လည် ဖန်တီးနိုင်မလား ဆိုတာကိုပေါ့"
"အဲဒီနောက် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်လိုက်တော့ တကယ်ကြီး အောင်မြင်သွားခဲ့တယ်"
"အဲဒီလိုနဲ့ပဲ သန္ဓေပြောင်း လက်နက်တွေက... ကျွန်တော့်ရဲ့ လေ့လာဖော်ထုတ်မှုကနေ ထွက်ပေါ်လာတာပါ"
ဤနေရာသို့ ရောက်ချိန်တွင် ဖုချီပေါ်ဟု ခေါ်သော လူငယ်၏ မျက်နှာပေါ်၌ ပြင်းပြသော စိတ်အားထက်သန်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
သူ မြတ်နိုးသည့် အရာများအကြောင်းကို ပြောဆိုနေချိန်တွင် သူ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရဆဲ ဖြစ်သည်ကိုပင် မေ့လျော့သွားကြောင်း ထင်ရှားပေသည်။
လင်းယွမ်က သူ့ရှေ့မှ ဤလူငယ်ကို ကြည့်ရင်း ရင်ထဲတွင် အကြိမ်ကြိမ် သက်ပြင်းချမိသွား၏။
တကယ်တော့ ဤကမ္ဘာကြီးက ဆင့်ကဲပြောင်းလဲနေချိန်တွင် လူတိုင်း၌ ကိုယ်ပိုင် ရှင်သန်ရပ်တည်နိုင်မည့် နည်းလမ်း ကိုယ်စီ ရှိနေကြခြင်းပင်။
သူ့ရှေ့မှ ဖုချီပေါ်ဟု ခေါ်သော အမျိုးသားမှာ သူ၏ အစွမ်းက လက်တွေ့တိုက်ပွဲတွင် အသုံးဝင်မည့် စွမ်းရည်မျိုး မရှိသကဲ့သို့ ထင်ရသည်။
သို့သော် သူက သူ၏ အစွမ်းနှင့် ဉာဏ်ပညာကို အသုံးချကာ သင်္ကေတ နည်းပညာကို ဖော်ထုတ်နိုင်ခဲ့ပေသည်။
၎င်းမှာ ကွမ်ဖူ စစ်တပ်စခန်းရှိ သုတေသနအဖွဲ့မှ လူအားလုံး ဝိုင်းဝန်း လေ့လာဖော်ထုတ်ထားသည့် ရလဒ်ပင် ဖြစ်သည်။
သို့သော် သူ့ရှေ့မှ ဤအမျိုးသားက သူ တစ်ယောက်တည်း၏ အားဖြင့်... သူ၏ မျက်လုံးတစ်စုံတည်း၏ အားဖြင့် သင်္ကေတ နည်းပညာကို ဤအဆင့်အထိ ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သင်္ကေတ နည်းပညာကို ကျွမ်းကျင်ပိုင်နိုင်ရုံသာမက ထူးခြားဆန်းကြယ်သည့် အကြံဉာဏ်များပါ ထွက်ပေါ်လာခဲ့ပြီး သန္ဓေပြောင်း စွမ်းအင်ကျောက်တုံးနှင့် သင်္ကေတအရိုးကို ချိတ်ဆက်ကာ သန္ဓေပြောင်း လက်နက်အဖြစ် ဖန်တီးနိုင်ခဲ့သည်။
သေချာသည်မှာ... တကယ်တမ်း၌ အစောပိုင်း ထိုက်ယန်တောင်ပေါ်တွင် ရှိစဉ်က အဖိုးအိုယန် တီထွင်ခဲ့သော ပေါက်ကွဲသင်္ကေတကို လေးနှင့် မြှား နယ်ပယ်တွင် အသုံးပြုခဲ့ခြင်းကလည်း သန္ဓေပြောင်း လက်နက်ဟု သတ်မှတ်နိုင်ပေသည်။
သို့သော် နည်းပညာပိုင်းဆိုင်ရာ အဆင့်အတန်းအရ ပြောရမည်ဆိုလျှင် ပေါက်ကွဲမြှားက တကယ်တော့ ဖုချီပေါ် တီထွင်ထားသည့် အရိုးဓား၊ အရိုးသန်လျက်တို့နှင့် ယှဉ်လျှင် အများကြီး နောက်ကောက်ကျနေသေးသည်။
လင်းယွမ်က မေးလိုက်သည်။ "မင်းက အဲဒီလောက်များတဲ့ သင်္ကေတအရိုးတွေကို ဘယ်ကရတာလဲ"
ဒါက သူ နားမလည်သည့် နေရာပင်... သူက သန္ဓေပြောင်း သတ္တဝါ အမြောက်အများကို သတ်ဖြတ်ခဲ့ဖူးသော်လည်း စုစုပေါင်းမှ သင်္ကေတအရိုး မည်မျှမျှ ရှာမတွေ့ခဲ့ဖူးပေ။
ဒီဖုချီပေါ်က ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ သင်္ကေတအရိုးတွေကို ရှာတွေ့ခဲ့တာလဲ... ပြီးတော့ ဒီလောက်များပြားတဲ့ လက်နက်တွေကိုတောင် ဖန်တီးနိုင်ခဲ့သေးတယ်။
ဖုချီပေါ်က ကြားသည်နှင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "သင်္ကေတအရိုး"
လင်းယွမ်က ပြောလိုက်သည်။ "အဲဒါက အစွမ်းစီးဆင်းမှု လမ်းကြောင်း ပါဝင်တဲ့ အရိုးမျိုးလေ... ကျွန်တော်က အဲဒါကို သင်္ကေတအရိုးလို့ ခေါ်တယ်"
ဖုချီပေါ်က သဘောပေါက်သွားသည့် အမူအရာ ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။ "သင်္ကေတအရိုး... သင်္ကေတအရိုး... ဟားဟား... ကျွန်တော် ပေးထားတဲ့ အစွမ်းစီးဆင်းမှု လမ်းကြောင်းပါတဲ့ အရိုးဆိုတာထက် နားထောင်လို့ ပိုကောင်းတာပဲ"
ချက်ချင်းပင် သူက ခေါင်းပြန်ခါလိုက်ပြီး ပြောသည်။ "ဒါပေမဲ့ ကျွန်တော် စုစုပေါင်း သင်္ကေတအရိုး (၆) ခုပဲ ရှာတွေ့ခဲ့တာပါ"
လင်းယွမ်က ချက်ချင်းပင် မျက်မှောင်တစ်ချက် ပင့်လိုက်မိသည်။ "စုစုပေါင်း သင်္ကေတအရိုး (၆) ခုတည်းလား... ဒါဆို ဘာလို့ အဲဒီလောက် များပြားတဲ့ သန္ဓေပြောင်း လက်နက်တွေ ရှိနေရတာလဲ"
ဖုချီပေါ်က ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ဘာလို့လဲဆိုတော့ အဲဒီ အစွမ်းစီးဆင်းမှု လမ်းကြောင်းတွေရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် ရှာတွေ့ခဲ့လို့ပါပဲ"
"ကျွန်တော်က ဒီအစွမ်းစီးဆင်းမှု လမ်းကြောင်းတွေကို သေချာ ဂဃနဏ လေ့လာပြီးတဲ့နောက်မှာ အဲဒါတွေကို ဆက်စပ်မှုရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေရဲ့ အရိုးတွေပေါ်မှာ ထွင်းထုလိုက်တယ်"
"အဲဒီကနေတစ်ဆင့် အသစ်ဖြစ်တဲ့ အစွမ်းစီးဆင်းမှု လမ်းကြောင်း အရိုးကို ပုံတူကူးချခဲ့တာပါ... အဲ... ဆိုလိုတာက သင်္ကေတအရိုးကိုပါ"
"ပြီးတော့ သင်္ကေတအရိုးပေါ်မှာ စွမ်းအင်အရင်းအမြစ်ကို တပ်ဆင်လိုက်တာနဲ့တင် ဒီသင်္ကေတအရိုးတွေကို နိုးကြားလာစေနိုင်ပြီး အဲဒီကနေတစ်ဆင့် သူတို့ကို သန္ဓေပြောင်း လက်နက်တစ်ခု ဖြစ်လာစေတာပါပဲ"
"အခု လတ်တလော တစ်ခုတည်းသော ပြဿနာကတော့ စွမ်းအင်အရင်းအမြစ်ကို ရှာဖို့ မလွယ်တာပါပဲ... အစွမ်းပိုင်ရှင် ကိုယ်တိုင်က သန္ဓေပြောင်းစွမ်းအင် အရင်းအမြစ်ကို ထောက်ပံ့ပေးမှသာ သန္ဓေပြောင်း လက်နက်ရဲ့ သင်္ကေတစွမ်းရည်ကို လှုံ့ဆော်နိုင်မှာပါ"
"ဒါမှမဟုတ်ရင်လည်း သန္ဓေပြောင်း စွမ်းအင်ပုလဲကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုပြီး အဲဒီကနေတစ်ဆင့် သန္ဓေပြောင်း လက်နက်ပေါ်က သင်္ကေတစွမ်းရည်ကို လှုံ့ဆော်ပေးရမှာပါ"
"ပြီးတော့ အကယ်လို့ သန္ဓေပြောင်း စွမ်းအင်ပုလဲကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုမယ်ဆိုရင် အစွမ်းပိုင်ရှင် မဟုတ်ရင်တောင်မှ ဒီလို သန္ဓေပြောင်း လက်နက်မျိုးကို အသုံးပြုနိုင်မှာပါ"
"ဆရာ စဉ်းစားကြည့်လို့ ရပါတယ်... အကယ်လို့များ ဒီနည်းပညာသာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး သန္ဓေပြောင်း လက်နက်တွေကို အတိုင်းအတာ တစ်ခုအထိ အများအပြား ထုတ်လုပ်နိုင်မယ်ဆိုရင် သာမန်လူတွေလည်း ဒီကပ်ဘေးရေလွှမ်းမိုးမှုကြီးထဲမှာ သေချာပေါက် ရှင်သန်ရပ်တည်နိုင်မှာပါ"
"ဒီရေလွှမ်းမိုးနေတဲ့ မြေပြင်ကြီးပေါ်မှာလည်း ကျွန်တော်တို့ လူသားတွေ ခြေချနိုင်တဲ့ နေရာတစ်ခု ရှိလာနိုင်တာပေါ့"
ဤနေရာသို့ ရောက်ချိန်တွင် ဖုချီပေါ်မှာ သိသိသာသာကို စိတ်လှုပ်ရှား တက်ကြွနေပြီး မျက်နှာတစ်ခုလုံးတွင် ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ဆက်ရန်...