အခန်း (၃၁၁-၃၁၂)
Vol. 16 Ch. 311-312
အပိုင်း(၃၁၁) ယန်ကွမ်းမြို့သစ်သို့ ထိုးဖောက်ဝင်ရောက်ခြင်း
မာကျီ ကြက်သေသေသွားသည်ကို မြင်လိုက်ရသောအခါ ထိုတပည့်ဖြစ်သူက ချက်ချင်းပင် ရက်စက်စွာ ပြုံးလိုက်လေသည်။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူဓားစာခံလုပ်ထားသော အဘိုးအိုက အက်ကွဲနေသော အသံဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ငါ့ကို ဂရုစိုက်မနေနဲ့... သူတို့ကို သတ်ပစ်... ဒီတိရစ္ဆာန်တွေကို သတ်ပစ်လိုက်ကြ"
အဘိုးအိုက အစွမ်းကုန် ရုန်းကန်လိုက်ပြီး သူ၏လည်ပင်းနားမှ ထက်မြက်လှသော ဓားသွားကိုပင် ဂရုမစိုက်တော့ဘဲ အနောက်ဘက်ရှိ တပည့်ဖြစ်သူထံသို့ အားကုန်သုံးကာ ဝင်တိုက်ပစ်လိုက်သည်။
ထိုတပည့်ဖြစ်သူမှာ လန့်ဖြန့်သွားခဲ့ပြီးနောက် ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ "သေချင်နေတာလား"
နောက်တစ်စက္ကန့်၌ သူက ဓားဖြင့် ခုတ်ပိုင်းတော့မည် ပြုစဉ်မှာပင် သူ၏ခေါင်းထဲ၌ ရုတ်တရက် ပြင်းထန်သော နာကျင်မှုကြီးကို ခံစားလိုက်ရ၏။
သူ၏ ဦးနှောက်ထဲသို့ ချွန်ထက်သော ဆူးတစ်ချောင်း ထိုးစိုက်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ချက်ချင်းပင် နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ခေါင်းကိုပိုက်ကာ လူးလှိမ့်အော်ဟစ်နေတော့သည်။
ချန်ယန်းက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို အသုံးပြုလိုက်ပြီး ထိုသူ၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားစေခဲ့ခြင်း ဖြစ်သည်။
မာကျီက ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ခြေလှမ်းကို ခပ်ပြင်းပြင်း ဆောင့်နင်းလိုက်ပြီး ထိုသူ၏ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားကာ တပည့်ဖြစ်သူ၏ မျက်နှာကို လက်သီးဖြင့် အားပါပါ ထိုးချလိုက်သည်။
ချက်ချင်းပင် ထိုသူထံမှ စူးရှသော အော်ဟစ်သံ ထပ်မံထွက်ပေါ်လာပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ ပန်းထွက်လာခဲ့၏။
ထိုအချိန်တွင် နိချီနှင့် ချန်ယန်းတို့ နှစ်ယောက်ကလည်း စင်္ကြံလမ်းပေါ်သို့ ခုန်တက်လာခဲ့ကြသည်။
ထူလုံနှင့် ဝမ်ရှောင်ယာတို့က အနောက်မှ ကပ်လျက် လိုက်ပါလာပြီး လင်းယွမ်ကတော့ နောက်ဆုံးမှ ဝင်ရောက်လာခဲ့လေသည်။
အစမှအဆုံးတိုင်အောင် လင်းယွမ်က လက်တစ်ဖျစ်မျှပင် မလှုပ်ရှားခဲ့ပေ။ သူ၏ စွမ်းရည်ဖြင့်ဆိုလျှင် ဤငါးမွှားလေးများကို သတ်ဖြတ်ရန်မှာ စိတ်ကူးတစ်ချက်မျှသာ လိုအပ်လှသည်။
သို့သော် သူ ဝင်မပါခြင်းမှာ ချန်ယန်းတို့အဖွဲ့ကို သူတို့၏ ရင်ထဲမှ ဒေါသများနှင့် နာကျင်မှုများကို ပေါက်ကွဲထွက်ခွင့် ပေးချင်သောကြောင့် ဖြစ်သည်။
အချို့သော နာကြည်းမှုများသည် ကိုယ်တိုင်လက်စားမချေရပါက ပျောက်ကွယ်သွားရန် ခက်ခဲလှပေသည်။
စင်္ကြံလမ်းပေါ်တွင်တော့ အော်ဟစ်ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့၏။
နိချီတို့ သုံးယောက် ပူးပေါင်းတိုက်ခိုက်မှုကြောင့် ထိုသူများမှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရလေသည်။
ထူလုံနှင့် ဝမ်ရှောင်ယာတို့က အနောက်မှ လိုက်ပါသွားကြသော်လည်း လင်းယွမ်ကတော့ ဆက်မလိုက်သွားတော့ဘဲ အနီးနားရှိ အခန်းတစ်ခန်းဆီသို့ အကြည့်ရောက်သွားသည်။
လင်းယွမ်က တံခါးကို တွန်းဖွင့်၍ ဝင်လိုက်ပြီး အခန်းတွင်းသို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ ကြမ်းပြင်၊ ပရိဘောဂများနှင့် ဘီဒိုများအစရှိသည့် ဖြုတ်ယူ၍ရသမျှ အရာအားလုံး ပြောင်သလင်းခါနေသည်ကို မြင်လိုက်ရ၏။
မီးမွှေးရန် အသုံးပြုနိုင်သော ထိုအရာများ အားလုံး ပျောက်ဆုံးနေခြင်းကို ကြည့်ခြင်းအားဖြင့် ထင်းအဖြစ် အသုံးပြုရန် အကုန်ခုတ်ထစ် မီးရှို့ပစ်လိုက်ကြပြီဆိုတာ သိသာလှသည်။
ဖိနပ်နှင့် ခြေအိတ်များကဲ့သို့သော အရာများကိုတော့ မည်သူကမျှ အလိုမရှိသဖြင့် ပုံစံပျက်စွာ လွှင့်ပစ်ထားကြလေသည်။
ပန်းကန်လုံးနှင့် တူများလည်း အများအပြား ကျန်ရှိနေသေးသော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။
စားစရာနှင့် သောက်စရာဟူ၍ကား အရိပ်အယောင်မျှပင် ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။
လင်းယွမ်သည် ဟာလာဟင်းလင်း ဖြစ်နေသော အခန်းကြီးကို ကြည့်ရင်း ဤအဆောက်အအုံထဲရှိ လူများလည်း စားနပ်ရိက္ခာ ပြတ်လပ်သွားသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။
မီးမွှေးစရာ အရာဝတ္ထု မရှိတော့သဖြင့် သူတို့အနေဖြင့် ငါးစိမ်းများကိုသာ စားသောက်ကြရတော့မည် ဖြစ်သည်။
ထိုသန္ဓေပြောင်း ငါးများ၏ ခန္ဓာကိုယ်ပေါ်တွင် ဘက်တီးရီးယားများနှင့် ကပ်ပါးကောင်များ ပါမပါ မသေချာသဖြင့် စားမိပါက ရောဂါရနိုင်ချေ အလွန်များပြားလှသည်။
လင်းယွမ်က ခေါင်းကို ခပ်ဖွဖွ ယမ်းလိုက်ပြီး အခန်းထဲမှ ပြန်ထွက်လာကာ စင်္ကြံလမ်းပေါ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို လှမ်းကြည့်လိုက်၏။
ဝေကျိရွှမ် ဆိုသူမှာ ဖမ်းဆီးခံလိုက်ရပြီဖြစ်ပြီး သူ၏ တပည့်အချို့မှာလည်း မြေပြင်ပေါ်သို့ လဲကျနေကြပြီ ဖြစ်သည်။ သို့သော် မာကျီတို့အဖွဲ့သည် လူသတ်ဖူးခြင်း မရှိသည်က သိသာလှသဖြင့် ထိုသူများကို ရိုက်နှက်ပြီးနောက် အသက်အန္တရာယ်ဖြစ်အောင် ဆက်လက် မလုပ်ဆောင်နိုင်ကြသေးပေ။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်အနည်းငယ် ကုတ်သွားခဲ့သည်။ သူတို့က ကလေးတွေပဲ ဖြစ်နေတုန်းပါလား။
ထိုအချိန်တွင် ဝေကျိရွှမ်မှာ မာကျီ၏ ဖမ်းချုပ်ခြင်းကို ခံထားရပြီး ဒေါသထွက်နေသော မာကျီက သူ၏ ခြေထောက်တစ်ဖက်ကို ရိုက်ချိုးပစ်လိုက်သည်ကို တွေ့လိုက်ရ၏။
ချန်ယန်းကလည်း သူ၏မျက်နှာကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုမေးခွန်းထုတ်နေလေသည်။
ဘေးဘက်ရှိ နိချီကလည်း အံကြိတ်ကာ ထိုသူကို နာကျင်စွာ ရိုက်နှက်နေသော်လည်း တစ်ဖက်လူ၏ အသက်ကို နုတ်ယူမည့် အဆင့်အထိတော့ မရောက်သေးချေ။
ထိုအချိန်၌ မြေပြင်ပေါ်တွင် လဲကျနေသော တပည့်တစ်ယောက်က ဓားမြှောင်တစ်လက်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး မြေပြင်ပေါ်တွင် လူးလှိမ့်အော်ဟစ်နေဟန်ဆောင်ကာ မာကျီရှိရာဘက်သို့ လှိမ့်၍ သွားနေသည်ကို မြင်လိုက်ရသည်။
ထူလုံက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး ဝင်ရောက်တားဆီးရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအချိန်၌ပင် လင်းယွမ်က သူ့ကို ဆွဲဖမ်းတားဆီးလိုက်လေသည်။
ထူလုံက မှင်သက်သွားပြီး လင်းယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "လင်းယွမ်... သူ..."
လင်းယွမ်က တည်ငြိမ်သောအသံဖြင့် "လူက လူကိုသင်ရင် တတ်ဖို့ခက်တယ်... အတွေ့အကြုံက သင်ပေးရင် တစ်ခါတည်းနဲ့ ရတယ်"
ထူလုံ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး လင်းယွမ်၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူက ထိုဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်နေသော်လည်း ထပ်မံ ဝင်မပါတော့ပေ။
"ခွေးကောင်လေး... မင်းနဲ့ငါ သူသေကိုယ်သေပဲ"
ထိုတပည့်ဖြစ်သူက ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။
မာကျီ၏ အာရုံများက ဝေကျိရွှမ်ဆိုသော လူငယ်အပေါ်တွင်သာ ရောက်နေသဖြင့် ရုတ်တရက် သတိမထားမိလိုက်ဘဲ ဓားမြှောင် ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာသွင်ပြင် အကြီးအကျယ် ပြောင်းလဲသွားပြီး အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။
ကံကောင်းထောက်မစွာပင် သူသည် အလျင် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် သူ၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှကာ အရေးပေါ် အခြေအနေ၌ နောက်သို့ ခြေတစ်လှမ်း ဆုတ်နိုင်ခဲ့၏။
သို့သော် ထိုသို့ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိုဓားချက်ကို အပြည့်အဝတော့ မရှောင်လွှဲနိုင်ခဲ့ချေ။
ချက်ချင်းပင် ဓားမြှောင်၏ ထိပ်ဖျားက သူ၏ ခြေသလုံးကို ဖြတ်တောက်သွားပြီး ဘောင်းဘီစ ပြဲဆုတ်သွားကာ သွေးများ စီးကျလာသော ဒဏ်ရာတစ်ချက် ရရှိသွားခဲ့သည်။
မာကျီ၏ မျက်နှာ ဖြူရော်သွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ထုတ်လိုက်လေသည်။
"ဘုန်း"
ထိုကန်ချက်သည် အလွန် ပြင်းထန်ပြီး အားပါလှသဖြင့် တပည့်ဖြစ်သူ၏ လည်ပင်းကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
ဂျွတ်ခနဲ အသံနှင့်အတူ ထိုတပည့်ဖြစ်သူ၏ လည်ပင်းမှာ ကျိုးသွားခဲ့ပြီး ထူးဆန်းသော ထောင့်ချိုးတစ်ခု ဖြစ်ပေါ်သွားကာ ပခုံးပေါ်သို့ တွဲလောင်းကျသွားတော့၏။
ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ချန်ယန်းနှင့် နိချီတို့ နှစ်ယောက်လုံး လန့်ဖြန့်ကာ မှင်သက်သွားကြသည်။
ထိုအချိန်၌ မြေပြင်ပေါ်တွင် ဒူးထောက်ကာ တောင်းပန်နေသော ဝေကျိရွှမ်မှာ ရုတ်တရက် ထခုန်လိုက်ပြီး မြေပြင်ပေါ်ရှိ သံပိုက်လုံးတစ်ချောင်းကို ကောက်ယူကာ ရှေ့ရှိ ချန်ယန်းထံသို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်လိုက်လေသည်။
ချန်ယန်းက အလျင်အမြန် နောက်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို အသုံးပြုလိုက်၏။
"အား"
ဝေကျိရွှမ်ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသော်လည်း ဤသူသည် ထိုနာကျင်မှုကို အံကြိတ်ခံကာ သံပိုက်လုံးဖြင့် ချန်ယန်းအား သေချာပေါက် သတ်ဖြတ်မည့်အလား ရက်စက်ကြမ်းကြုတ်စွာ ထိုးစိုက်လာခဲ့သည်။
"မလုပ်နဲ့... ချန်ယန်း"
နိချီက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်တရာ ထိတ်လန့်သွားပြီး တားဆီးရန် လက်လှမ်းလိုက်သော်လည်း သူ၏ လက်အရှည်မှာ မမီနိုင်တော့ချေ။
ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အကြံတစ်ခု ရုတ်တရက် ပေါ်လာပြီး အစွမ်းကို အသုံးပြုလိုက်ရာ လက်မောင်းနှင့် လက်ဖဝါးမှာ ချက်ချင်းပင် အဆပေါင်းများစွာ ကြီးမားလာတော့သည်။
"ဘုန်း"
သူ၏ လက်ဝါးကြီးက ဝေကျိရွှမ် သံပိုက်လုံး ကိုင်ထားသော လက်မောင်းကို ပြင်းထန်စွာ ရိုက်ချလိုက်၏။
တုံးအိအိ မြည်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် ဂျွတ်ခနဲ အသံ ဆက်တိုက် ထွက်ပေါ်လာကာ ဝေကျိရွှမ်၏ လက်မောင်းတစ်ဖက်လုံး ရိုက်ချိုးခံလိုက်ရသဖြင့် ပုံပျက်ပန်းပျက် လိမ်ကောက်သွားတော့သည်။
နိချီ၏ အခြားလက်တစ်ဖက်ကလည်း ဆက်လက် ကြီးမားလာပြီး လက်သီးကို တင်းတင်းဆုပ်ကာ အသားတုံး တူကြီးတစ်လက်အလား ဝေကျိရွှမ်၏ ခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ထုချလိုက်လေသည်။
"ဘုန်း"
ချက်ချင်းပင် သွေးများ ပန်းထွက်လာပြီး ဦးနှောက်များ ပြန့်ကျဲသွားခဲ့၏။
ဧရာမ လက်ဝါးကြီးထဲတွင် ကြီးမားလှသော ခွန်အားများ ပါဝင်နေသဖြင့် ဝေကျိရွှမ်၏ ခေါင်းကို အရှင်လတ်လတ် ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။
သွေးများက ရုတ်တရက် ပန်းထွက်လာပြီး ချန်ယန်း၊ မာကျီနှင့် နိချီတို့ သုံးယောက်၏ မျက်နှာပေါ်သို့ စင်လာခဲ့သည်။
ထိုသုံးယောက်မှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး ချက်ချင်းပင် စိတ်နှလုံးများ တုန်လှုပ်သွားကာ အစွမ်းများလည်း အသီးသီး ပျောက်ကွယ်သွားကြတော့၏။
သူတို့ သုံးယောက်သည် လူမသတ်ဖူးသောကြောင့် ယခုကဲ့သို့ ဖြစ်သွားရခြင်းက သိသာလှပေသည်။
နိချီ၏ စိတ်အာရုံများ လွတ်ထွက်သွားပြီး အလောင်းကို ငေးကြောင်စွာ ကြည့်နေခဲ့သည်။
သူ လူသတ်လိုက်ပြီ။
သူသည် အခြားသူများ လူသတ်သည်ကိုသာ မြင်ဖူးသော်လည်း သူကိုယ်တိုင် တစ်ခါမှ လူမသတ်ဖူးခဲ့ချေ။
ပထမဆုံးအကြိမ် လူသတ်ဖူးခြင်း ဖြစ်သဖြင့် သူ၏ ရင်ထဲတွင် ပြင်းထန်သော ရွံရှာမူးဝေမှုကြီး ရုတ်တရက် ဝင်ရောက်လာခဲ့၏။
၎င်းမှာ ရုပ်ပိုင်းဆိုင်ရာအရ အဆင်မပြေမှု ဖြစ်သည်။
ထိုအချိန်တွင် လင်းယွမ်က လျှောက်လာပြီး ထူလုံအား "ဒီကလူတွေကို ရှင်းလိုက်... ပြီးရင် ဆက်သွားရအောင်" ဟု ပြောလိုက်သည်။
ထူလုံက ထိုစကားကို ကြားသောအခါ စကားများမနေတော့ဘဲ အနီးနားတွင် အော်ဟစ်နေသော တပည့်တစ်ယောက်ကို ခြေထောက်ဖြင့် ဖိနင်းချလိုက်လေသည်။
ဂျွတ်ခနဲ အသံနှင့်အတူ တစ်ဖက်လူ၏ လည်ပင်းကို တိုက်ရိုက် ကြိတ်ခြေပစ်လိုက်၏။
ထို့နောက် သူ ဆက်မလုပ်တော့ဘဲ ချန်ယန်းတို့ သုံးယောက်ထံသို့ လျှောက်သွားကာ လေးနက်သော အသံဖြင့် "ငေးမနေကြနဲ့... စောစောက မင်းတို့ သာမန်လူတွေ ပြန်သတ်တာကို ခံရတော့မလို့ဆိုတာ သိရဲ့လား"
"အခုက အရင် အချိန် မဟုတ်တော့ဘူး... ဒါက ကမ္ဘာပျက်ကပ်ပဲ... ဒီလူတွေက ရန်သူတွေ"
"တိုက်ပွဲဝင်တဲ့ အချိန်မှာ မိန်းမလျာတွေလို မလုပ်နဲ့... သနားညှာတာမနေနဲ့"
"မကောင်းဆိုးဝါးကို ဖယ်ရှားရင် အမြစ်ပြတ်အောင် ရှင်းရမယ်... မဟုတ်ရင် မင်းတို့ကိုယ်မင်းတို့ ဒုက္ခပေးသလို ဖြစ်သွားမယ်... ဒါတင်မကဘူး မင်းတို့ရဲ့ အပေါင်းအဖော်တွေကိုပါ သေတွင်းပို့သလို ဖြစ်သွားလိမ့်မယ်"
ထူလုံ၏ ကြိမ်းမောင်းသံကြောင့် ကလေးသုံးယောက်မှာ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားပြီး ချက်ချင်း သတိပြန်ဝင်လာကြသည်။
ချန်ယန်း၏ မျက်လုံးများ နီရဲလာပြီး စောစောက မြင်ကွင်းကို ပြန်လည် သတိရလိုက်ကာ မြေပြင်ပေါ်ရှိ ချွန်ထက်နေသော သံပိုက်လုံးကို ငုံ့ကြည့်လိုက်၏။
အကယ်၍ ခုနက နိချီသာ တစ်လှမ်းနောက်ကျသွားပါက သူမ၏ ခန္ဓာကိုယ်တွင် သွေးပေါက်ကြီးတစ်ခု အပေါက်ခံလိုက်ရမည်မှာ သေချာလှသည်။
ယခုလို အခြေအနေမျိုးတွင် သွေးပေါက်ကြီး အပေါက်ခံရပါက သေဆုံးရန် အခွင့်အရေး အလွန် များပြားလှပေသည်။
သူမ၏ ရင်ထဲတွင် ရုတ်တရက် ကြောက်လန့်သွားသော်လည်း တစ်ချိန်တည်းမှာပင် မျက်လုံးအိမ်များက တဖြည်းဖြည်း ခိုင်မာလာခဲ့သည်။
ဟုတ်တယ်... အခုက အရင်လို အခြေအနေ မဟုတ်တော့ဘူး။
ငါက ဘာလို့ ဒီလောက်တောင် အသုံးမကျ ဖြစ်နေရတာလဲ... ဘာလို့ ဒီလောက်တောင် ရိုးအနေရတာလဲ။
ဒီလိုမျိုးနဲ့ ငါတို့က ဘယ်လိုလုပ် အသက်ဆက်ရှင်နိုင်မှာလဲ။
ထိုအချိန်တွင် ထူလုံက နိချီနှင့် မာကျီတို့ကို ကြည့်ကာ လေးနက်သော အသံဖြင့် "သွား... ဒီတိရစ္ဆာန်တွေကို သတ်ပစ်ကြ" ဟု ပြောလိုက်သည်။
နိချီနှင့် မာကျီတို့ နှစ်ယောက်လုံး ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားကြပြီး ထူလုံကို တစ်လှည့် မြေပြင်ပေါ်တွင် အော်ဟစ်နေသော ထိုလူများကို တစ်လှည့် ကြည့်လိုက်ကြရာ သူတို့နှစ်ယောက်လုံး၏ မျက်နှာများ အနည်းငယ် ဖြူရော်လာခဲ့၏။
နိချီမှာ ဝေကျိရွှမ်ကို သတ်ဖြတ်ထားပြီးဖြစ်ရာ ယခုအချိန်တွင် သူ၏ စိတ်နှလုံးများ ဂနာမငြိမ် ဖြစ်နေသေးပြီး သတိမဝင်နိုင်သေးချေ။
မာကျီသည်လည်း စောစောက မြင်ကွင်းကြောင့် လန့်ဖြန့်သွားသဖြင့် အခြေအနေကို မတုံ့ပြန်နိုင်သေးပေ။
ထူလုံက ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မလုပ်ကြသေးဘူးလား"
"သနားညှာတာနေတာက မင်းတို့ကိုယ်မင်းတို့နဲ့ မင်းတို့ရဲ့ အပေါင်းအဖော်တွေကို သေတွင်းပို့ဖို့ပဲ ရှိတယ်"
"ဒီတိရစ္ဆာန်တွေက မင်းတို့ရဲ့ ဆွေမျိုးတွေအပေါ် ဘာတွေ လုပ်ခဲ့လဲဆိုတာ စဉ်းစားကြည့်... မင်းတို့ရဲ့ သူငယ်ချင်းတွေအပေါ် ဘာတွေလုပ်ခဲ့လဲဆိုတာ စဉ်းစားကြည့်ကြ"
"သူတို့က လူမဟုတ်တော့ဘူး... တိရစ္ဆာန်တွေ ဖြစ်နေပြီ"
"မင်းတို့ သူတို့ကို မသတ်ဘဲ နှစ်သစ်ကူးဖို့ ချန်ထားမလို့လား... ဟမ်"
မာကျီက ထူလုံ၏ ကြိမ်းမောင်းသံကို ကြားသောအခါ သူ၏ ခေါင်းထဲတွင် ရက်စက်စွာ သေဆုံးသွားခဲ့သော မိဘများနှင့် အတင်းအကျပ် သတ်ဖြတ်ခံခဲ့ရသော အိမ်နီးချင်းများကို သတိရသွားကာ ရုတ်တရက် အမုန်းတရားများ ဖုံးလွှမ်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
သူက ရှေ့သို့ ပြေးထွက်သွားပြီး တပည့်တစ်ယောက်၏ ရင်ဘတ်ထဲသို့ ဓားဖြင့် ပြင်းထန်စွာ ထိုးစိုက်လိုက်၏။
မာကျီ၏ မျက်လုံးများ နီရဲနေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "တိရစ္ဆာန်တွေ... မင်းတို့ တိရစ္ဆာန်တွေ... ငါ့မိသားစုကို ပြန်ပေး... ငါ့မိဘတွေကို ပြန်ပေး... မင်းတို့ကို ငါသတ်မယ်... မင်းတို့ကို ငါသတ်မယ်"
"ဒုတ်... ဒုတ်... ဒုတ်"
သွေးများ ပန်းထွက်လာပြီး မာကျီက ဓားကို ဆက်တိုက် ခုတ်ပိုင်းနေခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ချန်ယန်းက ခိုင်မာသော မျက်ဝန်းများ၊ အမုန်းတရားများနှင့်အတူ မလှမ်းမကမ်းရှိ အခြားတစ်ယောက်ထံသို့ ပြေးသွားကာ လက်ထဲမှ ဓားဖြင့် အဆုံးစီရင်လိုက်လေသည်။
နိချီက ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ကာ စောစောက အဆင်မပြေမှုများကို နောက်ဆုံးတွင် ဖိနှိပ်လိုက်နိုင်ပြီး လှည့်ထွက်ကာ ထိုတိရစ္ဆာန်များကို သွားရောက် အဆုံးစီရင်တော့၏။
ဝမ်ရှောင်ယာက ကလေးသုံးယောက် အတင်းအကျပ် လူသတ်ခိုင်းခံရသည်ကို မြင်သောအခါ ရင်ထဲတွင် မခံစားနိုင်အောင် ဖြစ်သွားသည်။
သူမက ထူလုံကို မကြည့်ဘဲ မနေနိုင်တော့ဘဲ တိုးညင်းသောအသံဖြင့် "အစ်ကိုထူလုံ... သူတို့အပေါ် ဒီလိုလုပ်တာက သိပ်ရက်စက်လွန်းရာ မကျဘူးလား..." ဟု မေးလိုက်၏။
ထူလုံ၏ မျက်နှာက မှုန်ကုပ်နေပြီး "ရှောင်ယာ... အခု သူတို့အပေါ် မရက်စက်ဘူးဆိုရင်... သူတို့ကို ရက်စက်တတ်အောင် သင်မပေးဘူးဆိုရင်... နောက်ကျ တကယ့် အစွမ်းပိုင်ရှင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က ပိုရက်စက်တဲ့ နည်းလမ်းတွေနဲ့ အသတ်ခံရလိမ့်မယ်"
"နင်က သူတို့ အသက်ရှင်နေတာကို မြင်ချင်တာလား... သေသွားတာကို မြင်ချင်တာလား"
ဝမ်ရှောင်ယာက ချက်ချင်းပင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
သူမကိုယ်တိုင်လည်း ထိုလူဆိုးများ မည်မျှ ကောက်ကျစ်ပြီး ရက်စက်ကြသည်ကို သိထားသည်။ ခန်ကျားဥယျာဉ်မှ လူများသည် ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သည်။
သူမအနေဖြင့် ဤကလေးများ နောင်တစ်ချိန်တွင် သနားညှာတာမှုကြောင့် ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံရသည်ကို မမြင်ချင်သည်မှာ သဘာဝပင် ဖြစ်၏။
သူမက သူတို့ကို သနားမိရုံမျှသာ ဖြစ်သည်။ သူတို့က အလယ်တန်းကျောင်းသား အရွယ်လေးတွေသာ ရှိသေးသော်လည်း ဤမျှ သွေးထွက်သံယိုများသော ကိစ္စများကို ရင်ဆိုင်နေကြရသည်။
နောက်ပိုင်းကိစ္စများကို လင်းယွမ် ဝင်မပါတော့ဘဲ ထူလုံကိုသာ ထိုကလေးသုံးယောက်အား သင်ကြားပေးရန် လွှဲအပ်ထားလိုက်လေသည်။
သူက လှေကားထစ်များကို ဖြတ်ကျော်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။
အပေါ်ထပ်ရှိ အခန်းများကလည်း ဟာလာဟင်းလင်း ဖြစ်နေပြီး အသုံးပြု၍ရသမျှ၊ မီးရှို့၍ရသမျှ အရာအားလုံး အကုန်လုံး ပြောင်သလင်းခါအောင် ယူဆောင်သွားကြပြီ ဖြစ်သည်။
ပြတင်းပေါက် လိုက်ကာများကိုပင် ဖြုတ်ယူသွားကြပြီး မွေ့ရာများကိုပါ သယ်ဆောင်သွားကြ၏။
ဧည့်ခန်းထဲရှိ မတ်တပ်ရပ် အဲကွန်း၏ ပလတ်စတစ် အခွံများကိုပင် ဖြုတ်ယူသွားကြလေသည်။
ဤနေရာရှိ လူများသည် မီးရှို့နိုင်သော အရာဟူသမျှကို နည်းလမ်းပေါင်းစုံ သုံးကာ ဖြုတ်ယူသွားကြသည်မှာ သိသာလှပေသည်။
လင်းယွမ်က အပိုပစ္စည်း အချို့ကို ပစ္စည်းသိုလှောင်ခန်းထဲသို့ အလွယ်တကူ သိမ်းဆည်းလိုက်သည်။ အခွံများ မရှိတော့သော်လည်း အပိုပစ္စည်းများက အသုံးဝင်သေးသဖြင့် ၎င်းတို့ကို ပြန်ယူသွားပါက ကုန်တိုက်ဘက်တွင် ထားရှိကာ ခိုလှုံရေးစခန်းမှ ဒေသခံများကို အပိုပစ္စည်းများအဖြစ် ရောင်းချနိုင်ပေလိမ့်မည်။
မီးဖိုချောင်ထဲတွင်တော့ ပစ္စည်းပစ္စယ အများအပြား ရှိနေသေးပြီး ဂတ်စ်မီးဖို၊ ဒယ်အိုး၊ ပန်းကန်လုံးနှင့် ဇွန်းများ အားလုံး ရှိနေသေး၏။
သေချာသည်မှာ ထိုဇလုံများက စတီးဇလုံများ ဖြစ်သောကြောင့်သာ ဖြစ်ပြီး အကယ်၍ ပလတ်စတစ်များသာ ဆိုပါက စောစောစီးစီးကတည်းက ယူဆောင်သွားလောက်ပြီ ဖြစ်သည်။
လင်းယွမ်က ထိုအရာများ အားလုံးကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထိုးထည့်လိုက်လေသည်။
ထိုအချိန်၌ အပြင်ဘက်မှ လှေကားဆင်းလာသော ခြေသံများကို ဆက်တိုက် ကြားလိုက်ရသည်။
ထို့နောက် အောက်ထပ်မှ ဒေါသတကြီး အော်ဟစ်သံများနှင့် တိုက်ခိုက်သတ်ဖြတ်သံများ ချက်ချင်း ထွက်ပေါ်လာတော့၏။
လင်းယွမ်က အခန်းထဲမှ ထွက်လာပြီး အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်။
ထူလုံက ဝမ်ရှောင်ယာ၊ ချန်ယန်းတို့ အဖွဲ့ကို ခေါ်ဆောင်ကာ အစွမ်းပိုင်ရှင် တစ်စုနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကို မြင်လိုက်ရလေသည်။
ခေါင်းဆောင်ဖြစ်သူမှာ ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ဖြစ်ပြီး သူက လူအားလုံး၏ အနောက်တွင် ရပ်နေကာ သူ၏ မျက်လုံးနှစ်လုံးမှ ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်နေ၏။
လင်းယွမ်က တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူသည် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
ကြည့်ရသည်မှာ စိတ်ဝိညာဉ် ပုံရိပ်ယောင်မျိုးကဲ့သို့သော အစွမ်းတစ်မျိုး ဖြစ်ဟန်တူသည်။
သူက စိတ်ဝိညာဉ် ပုံရိပ်ယောင် အစွမ်းကို အသုံးပြုလိုက်ပြီးနောက် ဝမ်ရှောင်ယာတို့အဖွဲ့ ချက်ချင်း လွှမ်းမိုးခံလိုက်ရပြီး အရှေ့အနောက် မခွဲခြားနိုင်တော့ဘဲ ရမ်းသန်း တိုက်ခိုက်နေကြတော့၏။
ထူလုံကတော့ ကျားဖြူအဖြစ် အသွင်ပြောင်းသွားပြီး သူ၏ ကျောဘက်မှ အရိုးခေါင်း လက်သည်းများ ထွက်ပေါ်လာကာ စိတ်ဝိညာဉ် ပုံရိပ်ယောင်ကို ခုခံထားနိုင်ပြီး ရှေ့သို့ ပြေးဝင်လာသော အစွမ်းပိုင်ရှင်များကို ဆက်တိုက် ဆွဲဖြဲနေလေသည်။
ချန်ယန်း၏ စိတ်စွမ်းအင်ကလည်း မဆိုးလှသဖြင့် ဤစိတ်ဝိညာဉ် ပုံရိပ်ယောင်ကို ခုခံထားနိုင်၏။
ယခုအချိန်တွင် သူမက ဝမ်ရှောင်ယာကို ဆွဲထားပြီး မာကျီနှင့် နိချီတို့၏ အနောက်တွင် ရပ်ကာ အခြားသုံးယောက်ကို ပါးစပ်မှ ညွှန်ကြားချက်များ ပေးနေသည်။
"မာကျီ... ဘယ်ဘက် ၁၀ ပေ"
"နိချီ... နင့်ရှေ့တည့်တည့်မှာ လူရှိတယ်"
"အမရှောင်ယာ... ဘယ်ဘက် ရှေ့ ၁၅ ပေက လူကို ရေနဲ့ တားထားလိုက်"
သူမက ညွှန်ကြားလိုက်တိုင်း ထိုသုံးယောက်က ချက်ချင်း တုံ့ပြန်ကြပြီး အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြလေသည်။
တစ်ဖက်မှ အလျင် အစွမ်းပိုင်ရှင်များနှင့် ခွန်အား အစွမ်းပိုင်ရှင်များ အားလုံး အပြင်ဘက်တွင် တားဆီးခံလိုက်ရသည်။
သို့သော် တစ်ဖက်တွင် ဤအစွမ်းပိုင်ရှင် နှစ်မျိုးတည်းသာ ရှိနေသည် မဟုတ်ချေ။
လူတစ်ယောက်က မြေကြီးထဲသို့ ဝင်ရောက်သွားပြီး တိတ်တဆိတ် ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။
ထူလုံက ကျားရိုင်းအဖြစ် ပြောင်းလဲသွားပြီးနောက် ထိုသူ့ထံသို့ ခြေထောက်ဖြင့် ဖိနင်းချလိုက်သည်။
ကြမ်းပြင်က ကျယ်လောင်စွာ တုန်ခါသွားပြီး ချက်ချင်းပင် စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာကာ ထိုသူမှာ ကြမ်းပြင်ကို ဖောက်ထွက်ပြီး အောက်တစ်ထပ်သို့ ပြုတ်ကျသွားလေသည်။
ထိုအချိန်တွင် ရုတ်တရက် အေးစက်သော အလင်းတန်းတစ်ခု ပစ်လွှတ်လာခဲ့ပြီး လူတစ်ယောက်က အဝေးမှနေ၍ အသားလှီးဓားကို လှမ်းပစ်လိုက်ခြင်း ဖြစ်သည်မှာ သေချာလှ၏။
ထိုသူ၏ လက်နက် ပစ်ခတ်မှု တိကျမှုမှာ အလွန် မြင့်မားလှပြီး ပစ်လွှတ်ခြင်း အမျိုးအစား အစွမ်းတစ်မျိုးမျိုး ဖြစ်ပုံရသည်။
ထူလုံမှာ သွားရောက် တားဆီးရန် အချိန်မမီတော့ဘဲ ထိုပျံသန်းလာသော ဓားမှာ ချန်ယန်းထံသို့ ထိုးစိုက်တော့မည်ကို မြင်လိုက်ရသည်။ အခြားသူများမှာ စိတ်ဝိညာဉ် ပုံရိပ်ယောင်ထဲတွင် ကျရောက်နေသဖြင့် မတားဆီးနိုင်ကြရာ သူ၏ ရင်ထဲတွင် အကြီးအကျယ် စိုးရိမ်ပူပန်သွားတော့၏။
"လင်းယွမ်"
ထူလုံက အလျင်အမြန် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ရုတ်တရက် ထိုဟင်းနုတ်ဓားမှာ လေထဲတွင် ရပ်တန့်သွားပြီး ပျံလွှားဓားကို ပစ်လွှတ်လိုက်သော အမျိုးသားမှာ မှင်သက်သွားကာ ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲမှ လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရ၏။
လင်းယွမ်က ထွက်လာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် ပိုလျှံသော အမူအရာများ မရှိဘဲ လက်ချောင်းကို ခပ်ဖွဖွ တစ်ချက် တောက်လိုက်လေသည်။
"ဘုန်း"
ထိုလက်ချောင်းထိပ်မှ လေဟာပြင်ထဲတွင် မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွား၏။
ကြောက်မက်ဖွယ်ကောင်းသော လေစီးကြောင်းတစ်ခုက လက်ချောင်းထိပ်မှ တောက်ထုတ်ခံလိုက်ရပြီး လေထုကို ဆုတ်ဖြဲကာ လေကျည်ဆန်တစ်ခုအလား ဝုန်းခနဲ အသံနှင့်အတူ ပြင်းထန်စွာ ပစ်လွှတ်သွားတော့သည်။
"ဘုန်း"
တစ်ဖက်ရှိ ထိုပစ်လွှတ်သူ၏ ခေါင်းကို လေစီးကြောင်းက ဖောက်ထွင်းသွားပြီး ချက်ချင်း ပေါက်ကွဲထွက်သွားတော့၏။
လျှိုမင်ယွီက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြီးအကျယ် လန့်ဖြန့်သွားပြီး အလျင်အမြန် ခေါင်းမော့ကာ လင်းယွမ်ကို လှမ်းကြည့်လိုက်ပြီး စိတ်စွမ်းအင်ကို အသုံးပြုကာ လင်းယွမ်အား သူ၏ စိတ်ဝိညာဉ် ပုံရိပ်ယောင်ထဲတွင် ပိတ်လှောင်ရန် ချက်ချင်း ဟန်ပြင်လိုက်သည်။
သို့သော် သူ၏ စိတ်စွမ်းအင်က လင်းယွမ်နှင့် ထိတွေ့မိသည့် စက္ကန့်ပိုင်းလေးအတွင်းမှာပင် လင်းယွမ်က အကြည့်တစ်ချက် လှမ်းကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်၌ လျှိုမင်ယွီမှာ မိုးကြိုးပစ်ခံရသကဲ့သို့ ခေါင်းထဲတွင် အလွန်အမင်း နာကျင်သွားပြီး သံတူကြီးတစ်လက်ဖြင့် သူ၏ ခေါင်းကို ထုချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"ဖူးးးးး... အား"
သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး လျှိုမင်ယွီက စူးရှစွာ အော်ဟစ်လိုက်ရာ မျက်လုံးနှစ်လုံးမှ သွေးမျက်ရည်များပင် စီးကျလာခဲ့သည်။
သူက ခေါင်းကိုပိုက်ကာ ယိုင်နဲ့နဲ့ဖြင့် နောက်ဆုတ်သွားပြီး ပါးစပ်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ "မဖြစ်နိုင်ဘူး... မင်းက ငါ့ရဲ့ စိတ်ဝိညာဉ် ပုံရိပ်ယောင်ကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ... မင်းက ဘယ်သူလဲ"
သူ၏ စိတ်စွမ်းအင် ပြန်လည်ရိုက်ခတ်မှု ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် နိချီ၊ ဝမ်ရှောင်ယာနှင့် မာကျီတို့ သုံးယောက်မှာ ချက်ချင်းပင် ပုံရိပ်ယောင်ထဲတွင် ပိတ်လှောင်မခံရတော့ချေ။
သုံးယောက်သား ချက်ချင်းပင် အစွမ်းများကို အသီးသီး ထုတ်ဖော်လိုက်ကြပြီး ရှေ့သို့ ပြေးဝင်ကာ စတင် သတ်ဖြတ်ကြတော့သည်။
ထူလုံကတော့ တစ်ယောက်တည်းဖြင့် အစွမ်းပိုင်ရှင် ခြောက်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နေပြီး သူ၏ တစ်ချိန်က ခိုလှုံရေးစခန်း လေးခု၏ ခေါင်းဆောင် တစ်ယောက်အနေဖြင့် အားကောင်းမှုကို ပြသနေလေသည်။
ချန်ယန်းကတော့ စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းကို ထိန်းချုပ်ကာ ထိုတိုက်ခိုက်နေသော အစွမ်းပိုင်ရှင်များကို ဆက်တိုက် တိုက်ခိုက်နေပြီး သူတို့၏ ခေါင်းထဲတွင် အလွန်အမင်း နာကျင်သွားစေခဲ့၏။
ထိုလူများ ခေါင်းထဲတွင် နာကျင်သွားသည့် အခိုက်အတန့်လေးတွင် ထိန်းချုပ်မှု လွတ်ကင်းသွားမည် ဖြစ်ပြီး ထိုအခါ ချက်ချင်းပင် မာကျီနှင့် နိချီတို့၏ ရှေ့တိုးကာ ပြန်လည်သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ဝမ်ရှောင်ယာကတော့ ရေစီးကြောင်းများကို ထိန်းချုပ်ကာ ရေနဂါးများအဖြစ် အသွင်ပြောင်းပြီး ရှေ့တိုး၍ ကူညီမည့် အခြား အစွမ်းပိုင်ရှင်များကို တားဆီးထားကာ ထူလုံတို့အတွက် အချိန်ဆွဲပေးနေသည်။
တကယ်တမ်းတွင် လင်းယွမ်သာ အလွယ်တကူ ဝင်ပါလိုက်ပါက ထိုလူများကို ချက်ချင်း သတ်ဖြတ်နိုင်မည် ဖြစ်သည်။
သို့သော် သူ ထိုသို့ မလုပ်ခဲ့ပေ။ သူ၏ လက်အောက်ငယ်သားများကို လေ့ကျင့်ပေးရန်နှင့် သူတို့၏ စွမ်းရည်များကို သွေးပေးရန် လိုအပ်လှသည်။
စင်္ကြံလမ်းသို့ လျှောက်သွားပြီး လင်းယွမ်က လှေပေါ်တွင် စောင့်နေကြသော မိန်တောင်ရွာမှ လူများကို ကြည့်ကာ လှမ်းအော်လိုက်၏။ "အားလုံး အပေါ်တက်ခဲ့ပြီး လာကြည့်ကြ"
လီရှန်ယန်က ထိုစကားကို ကြားသောအခါ လူများကို လှေစောင့်ခိုင်းမနေတော့ဘဲ အခြားသူများကို ခေါ်ဆောင်ကာ ချက်ချင်း အဆောက်အအုံထဲသို့ ဝင်လာခဲ့သည်။
အပေါ်ထပ်သို့ ရောက်သည်နှင့် လှေကားပေါ်ရှိ တိုက်ပွဲကြီးကို မြင်လိုက်ရ၏။
ရန်ဝေ၊ ရန်ဟိုင် အစရှိသည့် မိန်တောင်ရွာမှ လူများက ချက်ချင်းပင် ရှေ့သို့ ပြေးဝင်ကာ ကူညီကြတော့သည်။
မကြာမီမှာပင် နေရာတွင် ရှိနေသော ယန်ကွမ်းမြို့သစ်မှ အစွမ်းပိုင်ရှင်များ အားလုံး ဖမ်းဆီးခံလိုက်ရပြီး အချို့မှာ နေရာတွင်ပင် အသတ်ခံလိုက်ရလေသည်။
လျှိုမင်ယွီလည်း ဖမ်းဆီးခံလိုက်ရပြီး သူ၏ ခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရထားကာ မျက်လုံးနှစ်လုံးမှ သွေးမျက်ရည်များ စီးကျနေ၏။ အဓိကအားဖြင့် လင်းယွမ်ကို တိုက်ခိုက်ခဲ့သောကြောင့် စိတ်စွမ်းအင် ပြန်လည်ရိုက်ခတ်မှု ခံလိုက်ရခြင်း ဖြစ်သည်။
သူ၏ လက်မောင်းနှစ်ဖက်မှာ မာကျီ၏ ရိုက်ချိုးခြင်းကို ခံလိုက်ရပြီး ဗိုက်မှ နံရိုးများမှာ နိချီ၏ ကြီးမားသော ခြေဖဝါးဖြင့် ကန်ချိုးခြင်းကို ခံလိုက်ရသည်။
ယခုအချိန်တွင် လှေကားထစ်ပေါ်၌ သနားစရာကောင်းလောက်အောင် မှီနေရပြီး မျက်လုံးထဲတွင်တော့ မှုန်ဝါးကာ ပုံရိပ်နှစ်ထပ်များကိုသာ မြင်နိုင်တော့၏။
ချန်ယန်းတို့ သုံးယောက်မှာ အသက်ကို ပြင်းပြင်းရှူရင်း လျှိုမင်ယွီကို စူးစိုက်ကြည့်နေကြသည်။
မာကျီက ရှေ့တိုးသွားပြီး လျှိုမင်ယွီ၏ ဆံပင်ကို ဆောင့်ဆွဲကာ ဆဲဆိုလိုက်လေသည်။ "တိရစ္ဆာန်... လျှိုမင်ယွီ... မင်းရဲ့ အဘိုး မာကျီကို မှတ်မိသေးလား"
လျှိုမင်ယွီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူသေရတော့မည်ကို သူသိသဖြင့် ချက်ချင်းပင် လှောင်ပြောင်လိုက်၏။ "ခွေးကောင်လေး... မင်းက ဘာကောင်မို့လို့ ငါက မှတ်မိရမှာလဲ... ဟေး... မင်းအမေနဲ့ မင်းအမ နာမည် ဘယ်လိုခေါ်လဲ ပြောပြလေ... ငါ ပျော်ပါးဖူးတာလည်း ဖြစ်နိုင်တာပဲ"
မာကျီ၏ မျက်လုံးများ ချက်ချင်း နီရဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ မင်းကို သတ်မယ်"
သူက ဓားမြှောင်ကို ဆုပ်ကိုင်ကာ လျှိုမင်ယွီ၏ လည်ပင်းဆီသို့ ထိုးစိုက်ချလိုက်၏။
လျှိုမင်ယွီ၏ မျက်လုံးထဲတွင် လွတ်မြောက်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး အနည်းငယ်မျှပင် ပြန်မခုခံတော့ဘဲ ဓားမြှောင် ထိုးစိုက်လာမည့်အရေးကို ငြိမ်ခံနေလေသည်။
ထိုအချိန်၌ပင် လင်းယွမ်က မာကျီ၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။
ချက်ချင်းပင် မာကျီမှာ လှုပ်မရတော့ဘဲ မျက်လုံးများ နီရဲကာ ဒေါသတကြီး ခေါင်းမော့လိုက်၏။ "လွှတ်စမ်း..."
ရောက်လာသူကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူက ချက်ချင်း မှင်သက်သွားပြီး နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ "ဦး... ဦးလေးလင်း"
လင်းယွမ်က "ဒီလိုလေး သတ်လိုက်ရင်... သူ့အတွက် သိပ်သက်သာရာ ကျသွားမှာပေါ့" ဟု ပြောလိုက်၏။
မာကျီ၏ ရင်ထဲတွင် ချက်ချင်း တုန်လှုပ်သွားပြီး လင်းယွမ်ကို အံ့သြတကြီး လှမ်းကြည့်လိုက်သည်။
မြေပြင်ပေါ်ရှိ လျှိုမင်ယွီကလည်း ရုတ်တရက် ခေါင်းမော့လာပြီး လင်းယွမ်ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်၏။
လင်းယွမ်က ခေါင်းငုံ့ကာ လျှိုမင်ယွီကို ကြည့်ပြီး ခပ်ဖွဖွ ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။ "မင်းလိုလူမျိုး ငါ အများကြီး မြင်ဖူးတယ်... ဓားတစ်ချက်နဲ့ ခုတ်သတ်လိုက်ရုံနဲ့ အကုန်ပြီးသွားပြီ... မင်းက ခံစားစရာ မလိုတော့ပေမဲ့ အသက်ရှင်ကျန်ရစ်တဲ့ လူတွေကတော့ နာကျင်မှုကို ဆက်ခံစားနေရဦးမယ်"
"မင်းက တိရစ္ဆာန်အလုပ်တွေ ဘယ်လောက်တောင် လုပ်ခဲ့လဲ... အခါတစ်ရာ သေရင်တောင် မလုံလောက်သေးဘူး... မင်းကို ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ သေခွင့်ပေးနိုင်မှာလဲ"
လျှိုမင်ယွီ၏ ရင်ထဲတွင် တုန်ရီသွားပြီး သူက ရက်စက်သူတစ်ယောက်နှင့် ဆုံတွေ့နေပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
မျက်နှာက တဖြည်းဖြည်း ဖြူရော်လာပြီး တုန်ရီသောအသံဖြင့် "မင်း... မင်း ဘာလုပ်ချင်တာလဲ"
လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ထူလုံအား ပြောလိုက်သည်။ "ကြိုးတုပ်ထားလိုက်... အရင်ဆုံး အပေါ်တက်ကြည့်ရအောင်... သူ့ကို မုန်းတဲ့သူတွေက မာကျီတို့လောက်တင် မဟုတ်လောက်ဘူးထင်တယ်"
လူအချို့က ပြန်ထူးလိုက်ကြပြီး လျှိုမင်ယွီကို ချက်ချင်း ကြိုးတုပ်လိုက်ကြ၏။
မာကျီက အံကြိတ်ကာ သူ၏ ဂုတ်ကို ဆွဲပြီး လင်းယွမ်၏ နောက်မှနေ၍ အပေါ်ထပ်သို့ လိုက်ပါသွားလေသည်။
နောက်ထပ် တစ်ထပ်သို့ တက်သွားသောအခါ အခန်းတိုင်းသည် ဝက်ခြံများကဲ့သို့ ဖြစ်နေပြီး အခန်းထဲတွင် အဘိုးအို အဘွားအို အများအပြား ပိတ်လှောင်ခံထားရသည်ကို မြင်လိုက်ရသည်။
သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ညစ်ပတ်ပေရေနေပြီး မြေပြင်ပေါ်တွင်လည်း အညစ်အကြေးများ အပြည့်ရှိနေကာ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာများမှာ မှိုင်းတွေနေပြီး ဆံပင်များ ဖရိုဖရဲနှင့် ညစ်ပတ်နေကြ၏။
အချို့မှာ ကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး ခွေးများကဲ့သို့ ချည်နှောင်ခံထားရလေသည်။
တပည့်တစ်ယောက်က ကျူးကျော်ဝင်ရောက်လာသော လင်းယွမ်တို့ကို ထိတ်လန့်တကြား ကြည့်နေပြီး သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အပြည့်ဖြင့် အော်ဟစ်လိုက်၏။ "ကျွန်တော်နဲ့ မဆိုင်ဘူး... ကျွန်တော်နဲ့ မဆိုင်ဘူးနော်... ကျွန်တော်က တံခါးစောင့်ရုံပဲ... ဒီလူတီကောင်တွေကို အစ်ကိုယွီတို့က အတင်းအကျပ် လုပ်ခိုင်းထားတာပါ"
လင်းယွမ်၏ မျက်ဝန်းများ အနည်းငယ် မှုန်ကုပ်သွားပြီး လီရှန်ယန်ကို လှမ်းကြည့်လိုက်သည်။
လီရှန်ယန်ကလည်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ရှေ့တိုးကာ ထိုသူ့ကို ဆွဲဖမ်းလိုက်ပြီး အော်ဟစ်မေးမြန်းလိုက်၏။ "ဘာ လူတီကောင်လဲ"
"ဒီ... ဒီအဘိုးအိုတွေကို ပြောတာပါ... အစ်ကိုယွီတို့က ဒီလူတွေကို ဒီမှာ ကြိုးတုပ်ထားပြီး ရေကြီးနေတဲ့ထဲမှာ ငါးဖမ်းဖို့ အတင်းအကျပ် ခိုင်းတာပါ... ဒါမှမဟုတ်လည်း အစားအစာရှာဖို့ ရေအောက်ကို ငုပ်ခိုင်းတာပါ"
"တစ်ခါတလေ သန္ဓေပြောင်း သားရဲတွေ အဆောက်အအုံပေါ် တက်လာရင် ဒီလူတွေကို အောက်ကို ပစ်ချပြီး ဘီလူးတွေကို ဆွဲဆောင်ပြီးတော့ မြန်မြန် ထွက်သွားအောင် လုပ်ကြတာပါ"
"အစ်ကိုယွီတို့က ဒီလူတွေကို လူတီကောင်လို့ ခေါ်ကြတယ်... သီးသန့် ဘီလူးတွေကို ဆွဲဆောင်ဖို့ သုံးတာပါ"
လီရှန်ယန်၏ မျက်နှာက အလွန်အမင်း မှုန်ကုပ်သွားပြီး အံကြိတ်ကာ ဒေါသတကြီး ဆဲဆိုလိုက်လေသည်။ "ခွေးတိရစ္ဆာန်"
ကျန်းရုံရုံ၊ ရန်ဟိုင်၊ ရန်ဝေ အစရှိသည့် မိန်တောင်ရွာမှ လူများအားလုံး၏ မျက်နှာများကလည်း အလွန်အမင်း အကျည်းတန်သွားကြ၏။
သူတို့ကိုယ်တိုင် လီခွေရုံ အုပ်ချုပ်စဉ်ကာလက အလွန် သနားစရာကောင်းသော အခြေအနေများကို ကြုံတွေ့ခဲ့ဖူးသော်လည်း အနည်းဆုံးတော့ ထိုအချိန်က သူတို့သည် လူ့အခွင့်အရေး အပြည့်အဝ မဆုံးရှုံးသေးဘဲ ပြန်လည် ခုခံရန် အခွင့်အရေး ရှိနေသေးသည်။
သို့သော် ဤအဆောက်အအုံထဲရှိ လူများကတော့ ဤမျှအထိ စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အခြေအနေသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဆက်ရန်...
အပိုင်း(၃၁၂) လျှိုမင်ယွီ၏သေဆုံးခြင်းနှင့် မှောင်ခိုဈေးသတင်း
နိချီနှင့် ချန်ယန်းတို့နှစ်ဦးစလုံးက မျက်လုံးများ နီရဲနေပြီး မျက်နှာတွင်လည်း ဒေါသများ ပြည့်နှက်နေသည်။
မာကျီက လျှိုမင်ယွီကို အခန်းထဲသို့ ပစ်သွင်းလိုက်ပြီး အော်ပြောလိုက်သည် "အဘိုးအဘွားတို့... လျှိုမင်ယွီကို ကျွန်တော်တို့ ဖမ်းလာခဲ့ပြီ... ကလဲ့စားချေစရာရှိတာ ချေကြပါတော့"
အဘိုးအိုများအားလုံးက သူတို့ကို မှင်သက်စွာ လှမ်းကြည့်လာကြပြီး တစ်ယောက်ချင်းစီက ပါးစပ်များ ဟလာကြသည်။
ရုတ်တရက် လူတစ်ယောက်က ကျယ်လောင်စွာ ငိုကြွေးလာပြီး အော်ပြောလိုက်သည် "ကယ်ကြပါဦး... မင်းတို့က နိုင်ငံတော်က ငါတို့ကို ကယ်ဖို့ လွှတ်လိုက်တာလား"
"အဟင့်ဟင့်... လျှိုမင်ယွီ... တိရစ္ဆာန်ကောင်... ငါ့မြေးမလေးရဲ့ အသက်ကို ပြန်ပေး" အဘိုးအိုတစ်ဦးက ငိုယိုအော်ဟစ်ကာ လျှိုမင်ယွီအရှေ့သို့ ပြေးဝင်သွားသည်။
သူ့တွင် လက်နက်မရှိဘဲ လက်သည်းနှင့် သွားများသာ ရှိလေရာ လျှိုမင်ယွီကို အသေအလဲ ကုတ်ဖဲ့နေပြီး အမုန်းတရားများ ပေါက်ကွဲထွက်လာကာ လျှိုမင်ယွီ၏ ကိုယ်ပေါ်သို့ တစ်ကိုက်တည်း ကိုက်ချလိုက်တော့သည်။
လျှိုမင်ယွီမှာ ချက်ချင်းပင် အသည်းအသန် အော်ဟစ်ငိုယိုသွားပြီး အသားတစ်တစ်လွတ်ကြီး ဆွဲဖြဲခံလိုက်ရသည်။
အခြားသော သက်ကြီးရွယ်အိုများလည်း သတိဝင်လာကြသည်။ ကြောင်အမ်းအမ်း အခြေအနေမှ အသီးသီး သတိပြန်လည်လာကြပြီးနောက် အရူးတစ်ယောက်လိုပင် လျှိုမင်ယွီဆီသို့ ပြေးဝင်သွားကြသည်။
ထိုပုံစံက ဖုတ်ကောင်အုပ်စုကြီး တစ်စုနှင့် အလွန်ပင် တူညီနေသည်။
ဤမြင်ကွင်းကြောင့် လီရှန်ယန်... ကျန်းရုံရုံနှင့် မိန်တောင်ရွာမှ လူများအားလုံး လန့်ဖြန့်သွားကြပြီး အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်သွားမိကြသည်။
လင်းယွမ်ကမူ ယခင်ကတည်းက ရိုးအီနေပြီဖြစ်သည်။ သူက ဒီထက်ပို၍ ရက်စက်ယုတ်မာသော ကိစ္စများကိုပင် မြင်ဖူးခဲ့သည်။
လူအုပ်ထဲတွင် ဖိကြိတ်ခံထားရသော လျှိုမင်ယွီမှာ ကြောက်လန့်တကြား အော်ဟစ်နေပြီး အသံကျယ်ကြီးဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်နေသည် "ချမ်းသာပေးပါ... ဟင့်အင်း... မလုပ်ကြပါနဲ့... အား... ငါ့ကို သတ်လိုက်ကြပါ... မင်းတို့ ငါ့ကို သတ်လိုက်ကြပါတော့"
မာကျီက ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲရှိ အမုန်းတရားများအားလုံး လွတ်မြောက်သွားသည်ဟုသာ ခံစားလိုက်ရသည်။ ထိုတိရစ္ဆာန်ကောင်၏ တောင်းပန်သံကို ကြားသောအခါ သူက မချင့်မရဲဖြင့် အော်ဟစ်လိုက်သည် "မင်းလည်း ဒီလိုနေ့မျိုး ကြုံရပြီပေါ့... မင်းလည်း ဒီလိုနေ့မျိုး ရောက်လာပြီပေါ့ကွ"
နိချီကလည်း သွားကြိတ်ကာ ဆဲရေးလိုက်သည် "လျှိုမင်ယွီ... တိရစ္ဆာန်ကောင်... အဲ့ဒီတုန်းက လင်းလင်းကို သတ်ပစ်တုန်းက ဒီနေ့လိုမျိုး ကြုံရမယ်လို့ မင်း တွေးမိခဲ့ရဲ့လား"
ချန်ယန်းကလည်း လက်သီးကို ဆုပ်ထားပြီး အသက်ပြင်းပြင်း ရှူနေသည်။
လျှိုမင်ယွီက အော်ဟစ်တောင်းပန်နေသည် "တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ငါ မှားသွားပါတယ်... ငါ မှားမှန်း သိပါပြီ... မင်းတို့ ငါ့ကို ချမ်းသာပေးကြပါ... ငါ့ကို လွှတ်ပေးကြပါ"
စူးရှသော အော်ဟစ်သံများ လူအုပ်ကြားထဲမှ ထွက်ပေါ်လာပြီး ငိုယိုအော်ဟစ်သံများက တဖြည်းဖြည်း တိုးဝင်သွားသည်။
ခဏအကြာတွင် အခန်းတွင်းရှိ သက်ကြီးရွယ်အိုများက မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြသည်။ အချို့မှာ မျက်ရည်များ ဖြိုင်ဖြိုင်ကျနေကြပြီး အချို့မှာမူ သွေးများပေပွနေသော မိမိတို့၏ လက်နှစ်ဖက်ကို ကြည့်ကာ အော်ဟစ်ငိုကြွေးနေကြသည်။
အချို့က တန်ဖိုးထား သိမ်းဆည်းထားသော မိသားစု ဓာတ်ပုံများကို ထုတ်ယူကာ ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီး အချို့ကလည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရေလွှမ်းမိုးနေသည့် အရပ်ဆီသို့ ဦးညွှတ်လျက် သေဆုံးသွားသော ဆွေမျိုးများအတွက် ရည်စူး၍ ကန်တော့နေကြသည်။
လင်းယွမ်က ထိုလူများကို ဂရုမစိုက်ဘဲ အပေါ်ထပ်သို့ လှည့်ထွက်သွားခဲ့သည်။
ချန်ယန်း... နိချီနှင့် မာကျီတို့က သတိပြန်ဝင်လာကြပြီး အတိတ်က အိမ်နီးချင်းများကို စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးခဲ့သော်လည်း သိပ်ပြီး အရာမထင်ခဲ့ပေ။
ဤအထဲတွင် ပါဝင်သော အချို့သော သက်ကြီးရွယ်အိုများမှာ သူတို့၏ ယခင်အတန်းဖော် သူငယ်ချင်းများ၏ အဘိုးအဘွားများ ဖြစ်ကြပြီး အားလုံးက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းကြသည်။
သူတို့သုံးယောက်က စိတ်ထဲတွင် မခံစားနိုင်တော့ဘဲ ထူလုံထံသို့ လှည့်ကြည့်ကာ တောင်းပန်လိုက်ကြသည် "ဦးလေးထူလုံ... သူတို့ကို ကယ်ပေးလို့ မရဘူးလား... သူတို့ကိုလည်း ထိုက်ယန်တောင်ကို သွားခွင့်ပြုလို့ ရမလား"
ထူလုံက ပါးစပ်ဟလိုက်ပြီး ပြောသည် "ငါ ဆုံးဖြတ်ပေးလို့ မရဘူး... မင်းတို့က ဆရာလင်းယွမ်ကို သွားပြီး တောင်းပန်ရလိမ့်မယ်"
ချန်ယန်း... နိချီနှင့် မာကျီတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြကာ ဆရာလင်းယွမ်အား အတူတကွ သွားရောက်တောင်းပန်ရန် ပြင်ဆင်လိုက်ကြသည်။
ဤအချိန်တွင် လင်းယွမ်က အထက်ပိုမြင့်သော အထပ်များဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
အထပ်ပိုမြင့်လာလေလေ ပရိဘောဂကဲ့သို့သော ပစ္စည်းများက ပို၍ စုံလင်လာလေလေ ဖြစ်သည်။
ကြည့်ရသည်မှာ သူတို့ကလည်း အောက်ထပ်များကို အရင်ဖျက်ဆီးထားပြီး အပေါ်ထပ်များကို လူနေထိုင်ရန် ချန်ထားခဲ့ပုံရသည်။
အခန်းတံခါးတစ်ချပ်ကို အသာအယာ တွန်းဖွင့်လိုက်ချိန်တွင် လင်းယွမ်၏ ခြေလှမ်းများက ရပ်တန့်သွားသည်။
ထိုအခန်းထဲတွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီး လေးငါးဦးခန့်က လည်ပင်းတွင် ကြိုးတုပ်ခံထားရပြီး ကိုယ်တုံးလုံးဖြင့် စားပွဲခြေထောက်ဘေးတွင် အချည်ခံထားရကာ ခွေးမများကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။
သူတို့၏ မျက်လုံးများက ဟာလာဟင်းလင်းဖြစ်နေပြီး မျက်နှာပေါ်တွင်လည်း ထုံထိုင်းနေကာ တံခါးဖွင့်သံကိုပင် မည်သည့် တုံ့ပြန်မှုမျှ မရှိကြပေ။
လင်းယွမ်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သက်ပြင်းတစ်ချက် ချလိုက်မိပြီး သူတို့အပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းမိသွားသည်။
ဤအချိန်တွင် အောက်ထပ်မှ ချန်ယန်းတို့အဖွဲ့က ပြေးတက်လာကြသည်။
"ဦးလေးလင်း... သမီးတို့ ဆရာ့ကို တောင်းဆိုချင်လို့ပါ..."
ချန်ယန်းက စကားပြော၍ပင် မဆုံးသေးခင်မှာ အခန်းထဲရှိ မြင်ကွင်းကို မြင်လိုက်ရသဖြင့် ချက်ချင်း မျက်နှာပျက်သွားသည်။
နိချီကလည်း ယခင်က ရင်းနှီးခဲ့ဖူးသော အိမ်နီးချင်း အန်တီများကို မြင်လိုက်ရသောအခါ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားသည်။
မာကျီက သွားကြိတ်ကာ ဒေါသတကြီး ဆဲရေးလိုက်သည် "တိရစ္ဆာန်တွေ... ဒီတိရစ္ဆာန်ကောင်တွေ"
ချန်ယန်းက မျက်လုံးများ နီရဲလျက် အလျင်အမြန် ရှေ့တိုးသွားကာ ဆိုဖာပေါ်မှ အဝတ်အစားအချို့ကို ရှာဖွေပြီး အမျိုးသမီးအချို့ကို ခြုံပေးလိုက်သည်။
ချန်ယန်းက နောက်သို့လှည့်ကာ ဒေါသတကြီး ပြောလိုက်သည် "ဒီတိရစ္ဆာန်တွေကို တစ်ယောက်မှ အလွတ်ပေးလို့ မဖြစ်ဘူး"
နိချီကလည်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ အသားလှီးဓားတစ်လက်ကို ဆွဲယူကာ နောက်လှည့်၍ အပြင်သို့ ထွက်သွားတော့သည်။
မာကျီနှင့် ချန်ယန်းတို့ကလည်း ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး နောက်မှ လိုက်သွားကြသည်။
ဝမ်ရှောင်ယာက စိတ်မချသဖြင့် ချက်ချင်းပင် လိုက်သွားခဲ့သည်။
နောက်ဘက်မှ လီရှန်ယန်နှင့် အခြားသူများက ဝင်လာကြပြီး အခန်းထဲရှိ သနားစရာကောင်းသော အမျိုးသမီးများကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
မိန်တောင်ရွာမှ လူအနည်းငယ်၏ မျက်နှာများကလည်း အသီးသီး ဆိုးရွားလာကြသည်။
လီရှန်ယန်က ဆဲရေးလိုက်သည် "ဒီတိရစ္ဆာန်ကောင်တွေ"
ကျန်းရုံရုံကလည်း မျက်လုံးများ နီရဲလာပြီး ပြောလိုက်သည် "အစ်ကိုရှန်ယန်... အပြင်ကလူတွေ ရူးနေကြတာလား... သူတို့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရက်ကြတာလဲ"
ယန်ဝေကလည်း ဒေါသတကြီး ဆဲရေးလိုက်သည် "သောက်ကျိုးနည်း... ဒီလူတွေက လီခွေရုံတို့လိုပဲ... အားလုံးက လူစိတ်ပျောက်နေတာလားကွ"
ရန်ဟိုင်က လက်သီးကို တင်းတင်းဆုပ်လိုက်သည် "ချန်ယန်းတို့ကို သွားကူညီလိုက်ဦးမယ်"
"ငါလည်း သွားမယ်" ယန်ဝေက ချက်ချင်းပင် ဒေါသတကြီး အော်လိုက်သည်။
လူအနည်းငယ်က ချက်ချင်းပင် အပေါ်သို့ ပြေးတက်သွားကြပြီးနောက် အပေါ်ထပ်မှ စူးရှသော အော်ဟစ်သံအချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ထူလုံက သိပ်ပြီး စိတ်မချသဖြင့် နောက်မှ လိုက်သွားခဲ့သည်။
ကျန်းရုံရုံနှင့် လီရှန်ယန်တို့က အပေါ်သို့ မတက်သွားဘဲ ထိုအမျိုးသမီးများ၏ ကိုယ်ပေါ်ရှိ ကြိုးများကို ကူညီဖြေပေးကာ အဝတ်အစားများ ဝတ်ဆင်ပေးရန် ကူညီပေးခဲ့ကြသည်။
ဤလုပ်ငန်းစဉ်အတွင်း အမျိုးသမီးအချို့၏ မျက်နှာထားများက ထုံထိုင်းနေပြီး အရုပ်များကဲ့သို့ မြေပြင်ပေါ်တွင် ထိုင်နေကြကာ သူတို့ မည်သို့ပင် ဆက်သွယ်ရန် ကြိုးစားစေကာမူ မည်သည့် တုံ့ပြန်မှုမှ မရှိကြပေ။
လင်းယွမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုအမျိုးသမီးများမှာ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာကို သူ သိလိုက်သည်။
သူတို့က စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။
သူတို့၏ စိတ်တွင်းကမ္ဘာကိုပင် လုံးဝ ပိတ်လှောင်ထားကြပြီ ဖြစ်သည်။
လီရှန်ယန်နှင့် ကျန်းရုံရုံတို့ကလည်း လင်းယွမ်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
လီရှန်ယန်က ပြောသည် "ဆရာလင်းယွမ်... သူတို့က... သူတို့က အပြင်လောကကို ဘာတုံ့ပြန်မှုမှ မရှိတော့ဘူးထင်တယ်"
ကျန်းရုံရုံက စိုးရိမ်တကြီး ပြောလိုက်သည် "ဆရာလင်းယွမ်... ဒါက ဘယ်လိုဖြစ်ရတာလဲဟင်"
လင်းယွမ်က ပြောသည် "သူတို့က စိတ်သေသွားကြပြီ"
ထိုစကားကို ကြားသောအခါ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြသည်။
ကျန်းရုံရုံက မျက်လုံးများ နီရဲနေကာ သွားကြိတ်ပြီး ပြောလိုက်သည် "အဲ့ဒီတိရစ္ဆာန်အုပ်စုက သူတို့အပေါ် ဘာတွေများ လုပ်ခဲ့ကြတာလဲ"
လီရှန်ယန်ကလည်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်လုံးထဲတွင် ဒေါသမီးများ တောက်လောင်နေကာ အတိတ်က လီခွေရုံအစရှိသည့် ထိုတိရစ္ဆာန်များကို တွေးမိသွားသည်။
ဤအဆောက်အအုံထဲရှိ တိရစ္ဆာန်များက လီခွေရုံတို့ထက် ပိုဆိုးလျှင် ဆိုးမည်၊ လျော့မည်တော့ မဟုတ်ဟု သူ စိုးရိမ်မိသည်။
သူတို့က အစောပိုင်းတုန်းက မိန်တောင်တွင် မည်မျှပင် ခက်ခဲစွာ ရှင်သန်ခဲ့ရပါစေ အနည်းဆုံးတော့ သူတို့တွင် ခုခံနိုင်စွမ်းနှင့် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိသေးသည်ကို ဤအခိုက်အတန့်ကျမှပင် သူ သဘောပေါက်သွားတော့သည်။
သို့သော် အဆောက်အအုံထဲတွင် ပိတ်မိနေသော ဤလူများကသာ တကယ့်ကို သနားစရာ ကောင်းလှသည်။
သူတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ခံရရုံသာမက မျိုးစုံသော စော်ကားမှုများကိုပါ ခံရပြီး အရှင်လတ်လတ် ငရဲကျနေသလိုပင် ဖြစ်သည်။
ကျန်းရုံရုံက မနေနိုင်ဘဲ မေးလိုက်သည် "ဆရာလင်းယွမ်... ဒါဆိုရင် သူတို့ကို အခု ဘယ်လိုလုပ်ကြမလဲ... သူတို့က ကယ်လို့ရနိုင်သေးရဲ့လား"
လင်းယွမ်က စဉ်းစားလိုက်ပြီးနောက် ပြောသည် "သူတို့ကို အရင်ဆုံး သင်္ဘောပေါ် ပြန်ခေါ်သွားလိုက်ပါ... မုန့်ယိုယိုဆီ အပ်လိုက်ကြတာပေါ့"
"မုန့်ယိုယို" လီရှန်ယန်နှင့် ကျန်းရုံရုံတို့ နှစ်ယောက်စလုံး မှင်သက်သွားကြပြီး ထောက်ပံ့ရေးအဖွဲ့ထဲရှိ အသက်မပြည့်သေးပုံရသော ထိုမိန်းကလေးကို သူတို့၏ ခေါင်းထဲတွင် ဖြတ်ကနဲ တွေးမိသွားကြသည်။
သူတို့က မုန့်ယိုယိုကို မသိကြသော်လည်း ဤမုန့်ယိုယိုနှင့် ဟန်ရှန်းမန်တို့က အလွန်ရင်းနှီးကြောင်းကိုတော့ ဝိုးတဝါး မှတ်မိနေကြသည်။
လင်းယွမ်က သူတို့ အနည်းငယ် သံသယဖြစ်နေသည်ကို မြင်သောအခါ ရှင်းပြလိုက်သည် "မုန့်ယိုယိုရဲ့ အစွမ်းက 'ဝိညာဉ်တေးသွား' ပဲ... သူက သီချင်းဆိုတာကနေတစ်ဆင့် စိတ်စွမ်းအင်တွေကို ထုတ်လွှတ်ပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု ပြဿနာတွေကို ကုသပေးနိုင်တယ်"
"ဒီအမျိုးသမီးတွေက စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားတာ သိသာတယ်... သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာကနေ ထွက်မလာနိုင်ဘဲ ကိုယ့်အသိစိတ်ကို ပိတ်လှောင်ထားကြတယ်... အခုတော့ မုန့်ယိုယိုကိုပဲ စမ်းကြည့်ခိုင်းရမှာပေါ့"
လီရှန်ယန်နှင့် ကျန်းရုံရုံတို့က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဝမ်းသာသွားကြသည်။
ကျန်းရုံရုံက အလျင်အမြန် ပြောလိုက်သည် "ငါတို့သင်္ဘောပေါ်မှာ ဒီလိုအစွမ်းပိုင်ရှင်မျိုးတောင် ရှိနေတာလား... သိပ်ကောင်းတာပဲ... အခုပဲ သူတို့ကို သင်္ဘောပေါ် ပို့ပေးလိုက်ပါ့မယ်"
လီရှန်ယန်ကလည်း ကပျာကယာ ပြောလိုက်သည် "ငါ သွားကူညီလိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ပြောသည် "သွားကြ... တင်းယန်ဆီကိုလည်း ဒီက အခြေအနေကို တစ်ချက် ပြောပြလိုက်ဦး... သူ့ကို လူလာကြိုဖို့ လှေတချို့ ထပ်စီစဉ်ခိုင်းလိုက်ရင် ရပြီ... ကျန်တာကိုတော့ စိတ်ပူစရာမလိုပါဘူး"
"ဟုတ်ကဲ့ပါ ဆရာလင်းယွမ်"
လီရှန်ယန်နှင့် ကျန်းရုံရုံတို့က အလျင်စလို ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် သူတို့က အမျိုးသမီးအချို့နှင့် အောက်ထပ်ရှိ သက်ကြီးရွယ်အိုများကိုပါ ခေါ်ဆောင်ကာ ချက်ချင်း အောက်ထပ်သို့ ဆင်းသွားကြသည်။
လင်းယွမ်ကမူ အခန်းတွင်းရှိ ပရိဘောဂပစ္စည်းများကို စတင် ရှင်းလင်းလေတော့သည်။
ဤအထပ်ရှိ အရာအားလုံးကို အလျင်အမြန် ရှင်းလင်းပြီးနောက် လင်းယွမ်က အတွင်းဘက်ရှိ ကြမ်းပြင်များကိုပင် ကလော်ထုတ်လိုက်ပြီး နံရံထဲရှိ လျှပ်စစ်ကြိုးများကိုပါ ဆွဲထုတ်ပစ်လိုက်သည်။
ယင်းက ငန်းပျံသွားသည်ကိုပင် အမွှေးနှုတ်ယူလိုက်သည့်စကားကဲ့သို့ အပြောင်ရှင်းပစ်လိုက်ခြင်းပင် ဖြစ်သည်။
အားလုံး သိမ်းဆည်းပြီးနောက် လင်းယွမ်က အပေါ်ထပ်သို့ လှည့်တက်သွားခဲ့သည်။
အပေါ်ထပ်သို့ ရောက်သည်နှင့် အလောင်းများက စင်္ကြံလမ်းပေါ်တွင် လဲကျနေသည်ကို မြင်လိုက်ရသည်။
လူအချို့မှာ လက်နှင့်ခြေများ ရိုက်ချိုးခံထားရပြီး မျက်နှာပေါ်တွင် နာကျင်မှုများ အပြည့်ဖြစ်နေသည်။
လင်းယွမ်က အလောင်းများကို ကျော်ခွကာ ဤအထပ်ရှိ အခန်းထဲသို့ ဝင်သွားသောအခါ ဤအထပ်တွင်လည်း အမျိုးသမီး အများအပြား ဖမ်းဆီးချုပ်နှောင်ခံထားရသည်ကို တွေ့လိုက်ရသည်။
သို့သော် ထိုအမျိုးသမီးများ၏ အသက်အရွယ်က အောက်ထပ်ရှိ အမျိုးသမီးအချို့ထက် ယေဘုယျအားဖြင့် ပိုမိုငယ်ရွယ်ပြီး ရုပ်ရည်ကလည်း အနည်းငယ် ပိုကောင်းကြသည်။
လျှိုမင်ယွီတို့အုပ်စုက ဤအမျိုးသမီးများကို အသက်အရွယ်နှင့် ရုပ်ရည်အလှအပအလိုက် အုပ်စုခွဲကာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်မှာ သိသာထင်ရှားလှသည်။
အထပ်ပိုမြင့်လေလေ ဖမ်းဆီးခံထားရသော အမျိုးသမီးများက ပို၍ ငယ်ရွယ်လေလေဖြစ်ပြီး ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားကလည်း ပို၍ ကောင်းမွန်လေလေ ဖြစ်သည်။
ချန်ယန်းက ဤနေရာတွင် ကျန်ရစ်နေခဲ့ပြီး ထိုအမျိုးသမီးအချို့ကို ပြုစုစောင့်ရှောက်ပေးနေသည်။
ဤအမျိုးသမီးအချို့၏ အခြေအနေက အောက်ထပ်မှ အမျိုးသမီးအချို့ထက် အနည်းငယ် ပိုကောင်းနေသည်။
ငိုတတ်သေးကြောင်းကို သိရသည်။
ချန်ယန်းက ထိုအမျိုးသမီးများကို အသံတိုးတိုးဖြင့် နှစ်သိမ့်စကားများ ပြောနေပြီး သူတို့ကို အပြင်ဘက်အခြေအနေအကြောင်း အနည်းငယ် ပြောပြလိုက်သည်။
သူမက အသက် သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကို အဓိကထား၍ ဂရုစိုက်နေသည်။
လင်းယွမ်၏ ခန့်မှန်းချက်အရ ချန်ယန်းက ဤအမျိုးသမီးကို သိကျွမ်းသင့်ပြီး ချန်ယန်း၏ အိမ်နီးချင်းကဲ့သို့သော လူတစ်ယောက် ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။
လင်းယွမ် ဝင်လာသည်ကို မြင်သောအခါ အမျိုးသမီးအချို့က ကြောက်လန့်သည့် အရိပ်အယောင်များ သိသိသာသာ ပေါ်လာကြပြီး အလိုအလျောက်ပင် တစ်စုတစ်စည်းတည်း ကျုံ့ဝင်သွားကြသည်။
ချန်ယန်းက ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည် "နင်တို့ မကြောက်ကြပါနဲ့... ဦးလေးလင်းယွမ်က ငါတို့ ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင်ပါ... သူက လူဆိုးမဟုတ်ပါဘူး"
ထိုသို့ပြောရင်း ချန်ယန်းက လင်းယွမ်ကို ကြည့်ကာ မေးလိုက်သည် "ဦးလေးလင်းယွမ်... သူတို့လည်း အဲ့ဒီတိရစ္ဆာန်အုပ်စုရဲ့ အနိုင်ကျင့်တာကို ခံခဲ့ရတာပါ"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြောသည် "အောက်ထပ်ကလူတွေကို လီရှန်ယန်တို့ကို အရင်ဆုံး ဖီးနစ်သင်္ဘောပေါ် ပို့ခိုင်းလိုက်ပြီ... အဲ့ဒီဘက်မှာ ကုသပေးဖို့ သီးသန့် ဆေးဘက်ဆိုင်ရာအဖွဲ့ ရှိတယ်"
"ငါ ဖီးနစ်သင်္ဘောဘက်ကနေ လှေတချို့ ထပ်လွှတ်ပေးဖို့ ပြောထားပြီးပြီ... အချိန်ကျရင် နင်က သူတို့ကို သင်္ဘောပေါ် ရောက်အောင် ကူညီပို့ပေးလိုက်ပါ"
ချန်ယန်းမှာ အံ့သြဝမ်းသာဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည် "ကျေးဇူးတင်ပါတယ် ဦးလေးလင်းယွမ်"
လင်းယွမ်က ပြောသည် "သူတို့မှာ သိမ်းဆည်းစရာ အဝတ်အစားတွေ ဘာတွေရှိမရှိ မေးကြည့်လိုက်ဦး... မြန်မြန်ဆန်ဆန် သိမ်းဆည်းခိုင်းလိုက်"
ချန်ယန်းက အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်သည် "ဟုတ်ကဲ့ပါ ဦးလေးလင်းယွမ်"
လင်းယွမ်က အခန်းထဲမှ ထွက်ခွာလာပြီး အပေါ်ထပ်သို့ ဆက်၍ တက်သွားခဲ့သည်။
ဤအဆောက်အအုံသည် စုစုပေါင်း သုံးဆယ့်နှစ်ထပ်ရှိပြီး ရေကြီးမှုက အထပ်နှစ်ဆယ်ကျော်အထိ ရောက်ရှိနေပြီဖြစ်ရာ ရေမျက်နှာပြင်အထက်တွင် စုစုပေါင်း ဆယ်ထပ်ခန့်သာ ကျန်ရှိတော့သည်။
လင်းယွမ်သည် သုံးဆယ်ထပ်ဝန်းကျင် နေရာသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။ ဤလမ်းတစ်လျှောက်တွင် မြေပြင်ပေါ်၌ အလောင်းအများအပြားနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော လက္ခဏာရပ်များ ရှိနေသည်။
မာကျီ... နိချီနှင့် အခြားသူများသည် အစပိုင်းတွင် လူသတ်ရခြင်း၏ အဆင်မပြေမှုများကို ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းတွင် လှုပ်ရှားရာ၌ ရက်စက်ပြီး ပြတ်သားလာကြပြီ ဖြစ်သည်။
ထူလုံ... ဝမ်ရှောင်ယာတို့ကလည်း အနောက်ဘက်မှ အကာအကွယ်ပေးထားလေရာ ဤလမ်းတစ်လျှောက်တွင် သူတို့ကို ခုခံနိုင်သည့် အဖွဲ့မျိုးနှင့် သိပ်ပြီး မတွေ့ကြုံခဲ့ရပေ။
လင်းယွမ်က သူတို့ကို သွားမပတ်သက်ဘဲ ပစ္စည်းများကိုသာ ရှာဖွေသိမ်းဆည်းနေခဲ့သည်။ ဤလူများကို သူ ကိုယ်တိုင် ဝင်ပါရန် မလိုအပ်သေးပေ။
လင်းယွမ်က အခန်းတစ်ခန်းကို ရှင်းလင်းပြီးသွားချိန်တွင် အပေါ်ထပ်မှ အလျင်စလို ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် စင်္ကြံလမ်းထဲတွင် မာကျီ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။
သူက လင်းယွမ်ကို မြင်သောအခါ အလျင်အမြန် အော်ပြောလိုက်သည် "ဦးလေးလင်းယွမ်... ကျွန်တော်တို့ သတင်းတစ်ခု ရထားတယ်"
လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်ခုံးပင့်သွားပြီး ပြောသည် "ဘာသတင်းလဲ"
"လျှိုမင်ယွီရဲ့ လက်အောက်ငယ်သား တစ်ယောက်က ပြောတယ်... ယန်ကွမ်းမြို့သစ် ရပ်ကွက်ထဲမှာ မှောင်ခိုဈေးတစ်ခု ရှိတယ်တဲ့... အဲ့ဒါက ဒီလူတွေ ပစ္စည်းတွေ ဖလှယ်ဖို့အတွက် သီးသန့် လုပ်ပေးထားတာတဲ့" မာကျီက အရေးတကြီး ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ အံ့သြမသွားဘဲ မနေနိုင်ခဲ့ပေ။ ယန်ကွမ်းမြို့သစ်က သေးငယ်သော အဆောက်အအုံ စီမံကိန်းတစ်ခု မဟုတ်ဘဲ ဤစီမံကိန်းတွင် အဆောက်အအုံများစွာ ရှိပြီး ပထမအဆင့်... ဒုတိယအဆင့်နှင့် တတိယအဆင့်များပင် ရှိသေးသည်။
တကယ်တမ်း တွက်ကြည့်မည်ဆိုပါက အနည်းဆုံး အဆောက်အအုံ နှစ်ရာကျော် ရှိလိမ့်မည်။
လင်းယွမ် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ ဤအဆောက်အအုံ တစ်ခုစီတိုင်းတွင် လျှိုမင်ယွီကဲ့သို့သော လူမိုက်မျိုး သေချာပေါက် ပေါ်ထွက်လာမည်ဖြစ်ပြီး ဤလူများ၏ လက်ထဲတွင် အရင်းအမြစ်များ မညီမျှပါက မှောင်ခိုဈေးများကို ဖွင့်လှစ်ကာ အချင်းချင်း အရောင်းအဝယ် လုပ်ကြမည်ဖြစ်သည်။
ဤအရောင်းအဝယ် ဈေးကွက်ထဲတွင် မည်သည့်ပစ္စည်းများ ရှိနေမည်ကို သူ မသိပေ။
ထို့အပြင် ယန်ကွမ်းမြို့သစ်တွင် လူဦးရေ မည်မျှ ကျန်ရှိနေသေးသနည်း ဆိုသည်ကိုလည်း သိချင်မိသည်။
ဤနေရာအထိ တွေးမိပြီးနောက် လင်းယွမ်က ချက်ချင်း ပြောလိုက်သည် "ငါ့ကို အပေါ်ခေါ်သွားပြီး ပြစမ်းပါဦး"
မာကျီက အလျင်အမြန် လမ်းပြကာ သုံးဆယ့်တစ်ထပ်သို့ ရောက်လာခဲ့သည်။
ရေရှည် မိုးရွာသွန်းမှုကြောင့် အပေါ်ဆုံးထပ်တွင် ရေစိမ့်ဝင်သည့် လက္ခဏာများ ပေါ်ပေါက်လာနေပြီ ဖြစ်သဖြင့် သုံးဆယ့်တစ်ထပ်က အဆောက်အအုံထဲတွင် နေရာအကောင်းဆုံး အထပ်တစ်ခု ဖြစ်လာခဲ့သည်။
လျှိုမင်ယွီဂိုဏ်း၏ အဓိက အဖွဲ့ဝင်များအားလုံးက ဤအထပ်တွင် ရှိနေကြသည်။
ယခုအခါတွင် လူငယ် ငါးယောက် ခြောက်ယောက်ခန့်က လက်နှင့်ခြေများ ရိုက်ချိုးခံထားရပြီး မြေပြင်ပေါ်တွင် ပျော့ခွေနေကြသည်။
နိချီ... ထူလုံ... ဝမ်ရှောင်ယာတို့က စောင့်ကြပ်နေကြသည်။
လင်းယွမ် တက်လာသည်ကို မြင်သောအခါ ထူလုံက ချက်ချင်း လျှောက်လာပြီး ပြောသည် "ဆရာလင်း... ဒီတိရစ္ဆာန်လေးက ပြောတယ်... ယန်ကွမ်းမြို့သစ်မှာ မှောင်ခိုဈေးတစ်ခု ရှိတယ်တဲ့... အဲ့ဒါက အခန်းတွဲ အဆောက်အအုံ အသီးသီးက အင်အားစုတွေ ပစ္စည်းဖလှယ်ဖို့ ပလက်ဖောင်းတစ်ခုအဖြစ် ထောက်ပံ့ပေးဖို့ သုံးတာတဲ့"
လင်းယွမ်က ထူလုံ လက်ညှိုးထိုးပြသော လူကို ကြည့်လိုက်သည်။
ထိုသူ၏ အသက်က သိပ်မကြီးဘဲ အသက် နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးကာ ဆံပင်များကို ရိတ်သင်ထားသဖြင့် အပြာရောင် အရေခွံတစ်လွှာသာ ရှိတော့သည်။
သူ၏ မျက်နှာကလည်း ယခုအချိန်တွင် ညိုမည်းဖူးရောင်နေပြီး လက်မောင်းများလည်း ကျိုးနေကာ ဘေးတစ်ဖက်တစ်ချက်တွင် အားပျော့စွာ ကျတွဲနေသည်။
လင်းယွမ်က ခေါင်းငုံ့ကာ မေးလိုက်သည် "မှောင်ခိုဈေးက ဘယ်မှာလဲ"
ထိုလူ၏ မျက်လုံးများက ရောင်ရမ်းနေပြီး မျက်နှာတစ်ခြမ်းကလည်း ဖူးရောင်နေကာ နှုတ်ခမ်းထောင့်တွင် သွေးများပေနေလျက် ခေါင်းမော့ကာ ပြောလိုက်သည် "ပြောပြရင် ငါ့အသက်ကို ချမ်းသာပေးနိုင်မလား"
လင်းယွမ်က ရယ်မောလိုက်ပြီး အခြားသူများဘက်သို့ လှည့်ကြည့်လိုက်သည် "မင်းတို့ မှောင်ခိုဈေး ဘယ်မှာရှိလဲဆိုတာ သိကြလား"
ဒူးထောက်နေကြသော အခြားလူများကလည်း မျက်လုံးများ တလက်လက် တောက်ပနေကြပြီး စကားမပြောလိုကြပေ။ လက်ရှိအချိန်တွင် ဤအခွင့်အရေး တစ်ခုတည်းကသာ သူတို့ကို အသက်ရှင်ခွင့် ပေးနိုင်မည်ဆိုသည်ကို သူတို့လည်း ရှင်းရှင်းလင်းလင်း သိနေကြသည်မှာ သိသာလှသည်။
ထို့ကြောင့် မည်သူကမျှ မှောင်ခိုဈေး၏ တည်နေရာကို မပြောလိုကြဘဲ ညှိနှိုင်းမှုတစ်ခုအဖြစ် အသုံးပြုနိုင်ရန် စဉ်းစားနေကြသည်။
ထူလုံက ထိုအခြေအနေကို မြင်သောအခါ ချက်ချင်း မျက်နှာထား တင်းမာသွားပြီး လူတစ်ယောက်ကို ဆွဲဖမ်းကာ အော်ငေါက်လိုက်သည် "ပြောမလား... မပြောဘူးလား"
ထိုလူက အသက်ချမ်းသာပေးရန် တောင်းပန်လိုက်သည် "ခင်ဗျားတို့ ကျွန်တော်တို့ကို မသတ်ဘူးလို့ ကတိပေးရင်... ကျွန်တော်တို့ ပြောပြမယ်"
ထူလုံက အကြီးအကျယ် ဒေါသထွက်သွားပြီး ပါးတစ်ချက်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။
ထိုလူ၏ ပါးစပ်ထဲရှိ သွားများအားလုံး ချက်ချင်းပင် ကျွတ်ထွက်သွားပြီး ပါးစပ်ထဲတွင် သွေးများ ရွှဲရွှဲစိုသွားကာ အသည်းအသန် အော်ဟစ်လိုက်သော်လည်း သူက မပြောလိုသေးပေ။
ထူလုံက ထပ်၍ လက်ပါတော့မည့်အချိန်တွင် လင်းယွမ်က ပြောလိုက်သည် "ရပြီ"
ထူလုံ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ချက်ချင်း လက်ကိုရုတ်ကာ လင်းယွမ်ကို ကြည့်လိုက်သည်။
လင်းယွမ်က လျှောက်လာပြီး ထိုလူကို ကြည့်ကာ ပြောလိုက်သည် "မပြောလည်း ရပါတယ်... ဒီယန်ကွမ်းမြို့သစ်က ဒီလောက်အကျယ်ကြီးကို ပြောချင်တဲ့သူကို ရှာတွေ့မှာပါ"
"ဒါပေမဲ့ မင်းတို့လို အမှိုက်ကောင်တွေက အသက်ရှင်ချင်နေတာဆိုတော့ အိမ်မက်မက်နေတာပဲ"
"မင်းတို့ အသက်ရှင်နေရင် ပိုပြီးတော့ များပြားတဲ့ လူတွေ သတ်ဖြတ်ခံရလိမ့်မယ်"
လင်းယွမ်က လက်ချောင်းကို ဖွဖွလေး ခေါက်လိုက်သည်။ သူ၏ လက်ခလယ်က ခေါင်းကို ခေါက်ချလိုက်သည့်အလား အသာအယာ တစ်ချက် ခေါက်လိုက်သည်ကိုသာ မြင်လိုက်ရသည်။
"ဘုန်း"
ထိတ်လန့်ဖွယ်ကောင်းသော အသံပေါက်ကွဲမှုတစ်ခုက သူ၏ လက်ချောင်းထိပ်မှ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မီးခိုးရောင် လေစီးကြောင်းတစ်ခုက လေထုကို လျင်မြန်စွာ ဆုတ်ဖြဲသွားပြီး ထိုလူ၏ မျက်ခုံးနှစ်ခုကြားနေရာသို့ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
"ဘုန်း" ခနဲ မြည်သံနှင့်အတူ ဦးနှောက်များ ပေါက်ကွဲထွက်သွားပြီး သွေးမြူများ ပေါက်ကွဲလွင့်စင်သွားကာ တစ်ခုလုံးရှိသော ဦးခေါင်းက သွေးမြူများအဖြစ်သို့ အရှင်လတ်လတ် ပေါက်ကွဲသွားတော့သည်။
ခေါင်းမဲ့အလောင်းက မြေပြင်ပေါ်တွင် အကွာအဝေးတစ်ခုအထိ လျှောတိုက်သွားပြီး အခြားလူတစ်ယောက်၏ ကိုယ်ပေါ်သို့ ဝင်တိုက်မိသွားသည်။
သွေးများက မြေပြင်တစ်ခွင်သို့ ပန်းထွက်သွားပြီး ထိုလူ၏ မျက်နှာပေါ်သို့ စင်သွားသည်။
ထိုလူက ခဏမျှ ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် အော်ဟစ်သံ အကျယ်ကြီး ထွက်ပေါ်လာတော့သည်။
နိချီ... မာကျီနှင့် အခြားသူများ၏ မျက်နှာထားများလည်း အနည်းငယ် ပြောင်းလဲသွားကြပြီး လင်းယွမ်ကို ရိုသေလေးစားစွာ မကြည့်ဘဲ မနေနိုင်ဖြစ်သွားကြသည်။
ထူလုံက တံတွေးမြိုချလိုက်သည်။ ဆရာလင်းယွမ်၏ စွမ်းအားက ဒီလောက်တောင် ထိတ်လန့်ဖို့ကောင်းနေဆဲပင်။
အသာအယာ လက်တစ်ချက်ခေါက်ရုံမျှဖြင့် ကျည်ဆန်တစ်ခုကဲ့သို့သော စွမ်းအားမျိုးနှင့် နှိုင်းယှဉ်နိုင်သည်အထိ ဖြစ်နေသည်။
အကယ်၍ သူသာ လင်းယွမ်နှင့် ရင်ဆိုင်ရမည်ဆိုပါက ဤလက်တစ်ချက်ခေါက်မှုကို လုံးဝ ကာကွယ်နိုင်မည် မဟုတ်ဟု သူ ခံစားလိုက်ရသည်။
နဂါးစိမ်းပုံစံသို့ ပြောင်းလဲထားလျှင်ပင် ကိုယ်ပေါ်ရှိ မြွေအကြေးခွံများက ခုခံနိုင်စွမ်း မရှိပေ။
လင်းယွမ်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး အခြားလူတစ်ယောက်၏ အရှေ့သို့ ရောက်သွားကာ ပြောလိုက်သည် "လူတိုင်းကို အခွင့်အရေး တစ်ခါပဲ ပေးမယ်... တစ်ခါပဲ မေးမယ်... မှောင်ခိုဈေးက ဘယ်မှာလဲ"
ထိုလူမှာ အလွန်အမင်း ထိတ်လန့်သွားပြီး လင်းယွမ်၏ လက်ချောင်းကို ကြည့်ကာ ကပျာကယာ အော်ပြောလိုက်သည် "အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ... ကျွန်တော်..."
"ဘုန်း"
လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး အသာအယာ လက်ခေါက်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြေပြင်အနှံ့ သွေးနှင့်အသားများ ပြန့်ကျဲသွားတော့သည်။
နောက်ထပ် ခေါင်းမဲ့အလောင်းတစ်ခု ထပ်မံ လဲကျသွားပြန်သည်။
ထို့နောက် သူက ခေါင်းမော့ကာ အခြားသူများကို ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်နေသေးသော လူအနည်းငယ်မှာ တစ်ကိုယ်လုံး တုန်ယင်သွားကြတော့သည်။
အစပိုင်းက လူက အလျင်အမြန် အော်ပြောလိုက်သည် "ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်... မှောင်ခိုဈေးက အဆောက်အအုံ ၈၇ မှာပါ... ဒုတိယအဆင့်ဘက်မှာ ရှိပါတယ်"
"မှောင်ခိုဈေးရဲ့ ပိုင်ရှင်က အဆောက်အအုံ ၈၇ ရဲ့ ခေါင်းဆောင်ပါ... လိုင်ကျစ်ရုံလို့ ခေါ်ပါတယ်... ကျွန်တော်တို့အားလုံးက သူ့ကို ခေါင်းဆောင်ကြီးလိုက်လို့ ခေါ်ကြပါတယ်"
"အစ်ကိုကြီး... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် အကုန်ပြောပြပါ့မယ်... ကျွန်တော် အကုန်ပြောပြပြီးပါပြီ... သူ့ဆီသွားဖို့ ကျွန်တော် လမ်းပြပေးနိုင်ပါတယ်... ကျွန်တော့်ကို ဘာခိုင်းခိုင်း အကုန်လုပ်ပါ့မယ်"
ဆက်ရန်...