မှားယွင်းသော တွေ့ဆုံမှု
Vol. 1 Ch. 1
မည်းနက်နေသော ညကောင်းကင်ယံထက်တွင် ကြယ်ရောင် ဖြိုးဖြိုးဖျက်ဖျက်များက ဆော့လက်စ စစ်တုရင်ကစားပွဲထက်က ကျားစေ့ဖြူများနှယ် အသီးသီး နေရာယူထားကြသည်။
အဆုံးမဲ့သော ညအမှောင်ကြားထဲ မြင့်မားစွာ ရပ်တည်နေသော လမင်းသော်တာသည် ချင်ဟွမ်တောင်ကုန်းပေါ်သို့ နွေးထွေးသော အလင်းတချို့ လွှမ်းခြုံပေးထားသည်။
သစ်တောကြားထဲ တိုးဝှေ့ဝင်ရောက်လာသော လေပြေကြောင့် မြေပြင်ပေါ်က မြက်ပင်ထိပ်ဖျားများ ဦးညွတ်သွားမှုနှင့်အတူ ခြုံပုတ်အောက်၌ လှဲလျောင်းနေသော ယောင်လဲ့ထျန်း၏ ပုံရိပ်ကို ထွက်ပေါ်စေခဲ့သည်။ ယောင်လဲ့ထျန်းက ပါးစပ်မှာ မြက်ပင်တစ်ပင်ကိုက်ထားရင်း အဝေးက ကောင်းကင်ကို စိတ်အားထက်သန်စွာ ကြည့်နေလေ၏။
“ ပြောကြတာတော့ ကံကောင်းမှုနဲ့ ကံဆိုးမှုဆိုတာ တလှည့်စီတဲ့”
ကောင်းကင်ကျယ်ကို စိုက်ကြည့်နေရင်း ယောင်လဲ့ထျန်း သက်ပြင်းချလိုက်သည်။
“ ဘာလို့ငါ့ကျမှ ကံမကောင်းဘဲ ကံဆိုးမှုတွေကြည့် ကြုံတွေ့နေရတာလဲ”
ယောင်လဲ့ထျန်းသည် ကမ္ဘာမြေမှ ဤကျင့်ကြံရေးလောကသို့ ကူးပြောင်းလာခဲ့သည့်တိုင်အောင် တစ်နေ့သုံးကြိမ် နပ်မှန်အောင် စားနိုင်ဖို့အတွက် အသည်းအသန် ရုန်းကန်ရင်း စိတ်ပျက်ဖွယ်ကောင်းစွာ ရှင်သန်ခဲ့ရသည်။ အဆုံးမှာ ဆရာတစ်ယောက်နှင့်တွေ့ဆုံပြီး ကျင့်ကြံရေး ဂိုဏ်းတစ်ခုထဲ ဝင်ခွင့်ရခဲ့သောကြောင့် ယောင်လဲ့ထျန်းသည် သူ့၏ကံကောင်းမှုများ နောက်ဆုံးတော့ ရောက်လာပြီဟူ၍တောင် အထင်မှားခဲ့သေး၏။
သို့သော်…
ဉာဏ်များသော ဂိုဏ်းတူအကိုများအတွက် သစ်ခုတ်ပေးရသည်.. ရေထမ်းပေးခဲ့ရသည်။ တစ်နပ်သုံးကြိမ် မှန်အောင် စားရသည်ကလွဲလျှင် တောင်အောက်က သာမာန်ဘဝနှင့် နည်းနည်းမှ မကွာခြားပါချေ။ ခပ်ပြတ်ပြတ်ပြောရလျှင် ဤကျင့်ကြံရေးလောကရှိ ဘဝသည် ကမ္ဘာပေါ်ကဘဝလောက်တောင် သက်တောင့်သက်သာ မရှိပေ။
ယောင်လဲ့ထျန်းသည် (အထက်အမတဘုံကျင့်ကြံရေးဂိုဏ်း)ဟူသော ဤအမတဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့မိသည်ကို စဥ်းစားတိုင်း လွန်စွာ နာကြည်းမိလေသည်။ သူ့၏ ဝိညာဥ်သွေးကြောသည် အကောင်းဆုံး မဟုတ်လျှင်တောင်မှ ပြင်ပတပည့်တစ်ယောက် ဖြစ်ဖို့ လုံလောက်ပါသေး၏။ သို့တိုင်အောင် ဂိုဏ်းအတွင်း ဝင်ရောက်လာပြီးကတည်းက အကျင့်မကောင်းသော ဂိုဏ်းတူအကိုများထံတွင် လေးနှစ်တိုင်တိုင် အနိုင်ကျင့်ခံခဲ့ရသည်။
“ ငါလက်စားချေချင်တယ်။ ငါ အမတ တစ်ယောက် ဖြစ်လာချင်တယ်ကွ။ ငါ့ကို ကံဆိုးမှုတွေကြည့် လှိမ့်ပေးမနေနဲ့.. ငါလဲ ကံကောင်းချင်တယ်။ ကျေးဇူးပြုပြီးတော့ပါကွာ.. ဂိုဏ်းခေါင်းဆောင်ဆီမှာ အရွေးခံရပြီး တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်မလာနိုင်ရင်တောင်မှ ငါဂိုဏ်းထဲဝင်လာထဲက တံခါးပိတ်ကျင့်ကြံနေတဲ့ ငါ့ဆရာဆိုတဲ့ကောင်ကို အထဲက ထွက်လာခိုင်းပြီး ငါ့ကို မသေမျိုးသိုင်းတချို့ သင်ပေးအောင် လုပ်ပေးလို့ မရဘူးလား။ အဆိုးဆုံးအနေနဲ့ ဒီ…”
ယောင်လဲ့ထျန်း၏ မျက်လုံးက ပတ်ဝန်းကျင်ကို လှစ်ခနဲ စစ်ဆေးလိုက်သည်။
“ အဆိုးဆုံးအနေနဲ့ မင်းငါ့ကို အကြီးမားဆုံးကပ်ဘေးကြီး ပေးလိုက်လို့ရတယ်.. ပြီးရင် ငါ့ကို ကံကောင်းခွင့်ပေး၊ အဆင်ပြေလား”
ကူးပြောင်းလာပြီးကတည်းကနေ ဂိုဏ်းအတွင်း ရောက်မလာခင်အထိ ငတ်ပြတ်ရင်း သေမသွားစေရန်အတွက် ယောင်လဲ့ထျန်းသည် အသည်းအသန် ကြိုးစားထားရသည်။ ထို့ကြောင့် သူ့ဘဝတွင် အမုန်းဆုံးကိစ္စက ကံဆိုးခြင်းပင်။ မကောင်းသော ကိစ္စရပ်များအားလုံးကို ကြုံတွေ့ပြီးနောက်မှာ ယောင်လဲ့ထျန်းအတွက် အကြောက်တရားဆိုတာ မရှိတော့ချေ။
နက်မှောင်နေသော ကောင်ကင်ကြီးသည် ယခင်အတိုင်း တည်ငြိမ်နေခဲ့ပြီး သစ်တောအတွင်းမှ ထွက်လာသော ပဲ့တင်သံများကိုပင် အမှောင်ထုက ဝါးမြိုလိုက်ဟန်ရှိသည်။ ယောင်လဲ့ထျန်း၏ ညည်းညူမှုများကို ဖြေကြားမည့်သူ မရှိခဲ့ချေ။ ကောင်းကင်တခွင်ကို ဖြတ်ပြီး ကြွေဆင်းလာခဲ့သော ကြယ်တစ်စင်းမှလွဲလျှင် အရာအားလုံးက လှုပ်ရှားမှု ကင်းမဲ့နေလေ၏။
“ကြယ်ကြွေနေတာပဲ။ ငါအမြန်ဆုတောင်းရမယ်”
ယောင်လဲ့ထျန်း၏ မျက်လုံးများက ရုတ်ချည်း တောက်ပသွားလေသည်။ ကျင့်ကြံသူများတောင် ဆုတောင်းကြလေရာ၊ သူ့အနေနှင့် လက်လျော့ငြင်းဆန်ဖို့ စိတ်ကူး မရှိပါချေ။ ယောင်လဲ့ထျန်း ချက်ချင်းပဲ ရင်ဘက်ရှေ့တွင် လက်နှစ်ဖက်ကို ဆုတ်ကိုင်လိုက်သည်။
“ ကျွန်တော့်ကို ကံကောင်းခွင့်ပေးပါ.. ကျေးဇူးပြုပြီး ကံကောင်းမှုကြီး ချီးမြှင့်ပေးပါ။ ကံကောင်းမှုကြီး ချီးမြှင့်ပေးပါ”
ဆုတစ်ကြိမ်တောင်းပြီးတိုင်း ပိုကျယ်လာခဲ့သော ယောင်လဲ့ထျန်း၏ အသံက အဆုံးမှာ အော်ဟစ်သံကြီးအဖြစ် ဟိန်းထွက်သွားခဲ့သည်။ အကြာကြီးသိမ်းဆည်းထားခဲ့သော ခံစားချက်များကို ဖွင့်ထုတ်လိုက်ပြီးနောက်မှာတော့ ယောင်လဲ့ထျန်း စိတ်သက်သာ သွားတော့သည်။
“ ကံကောင်းမှုကြီး ဟုတ်လား ကောင်လေး။ ကောင်းပြီ ငါမင်းကိုချီးမြှင့်ပေးမယ်”
ကောင်းကင်ထက်က တောက်ပနေသော အလင်းတန်းထံမှ ရဲတင်းပြီး လွှမ်းမိုးနိုင်သော အသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။ ထိုအချိန်မှသာ ကြယ်ကြွေသည် ပျံသန်းနေသော လမ်းကြောင်းတစ်ခုလို ဦးတည်လာနေမှန်း ယောင်လဲ့ထျန်း သတိထားမိလိုက်သည်။
ထိုကြယ်ပျံသည် နဂိုသွားနေသော လမ်းကြောင်းမှ ကိုးဆယ်ဒီဂရီ လွဲဖယ်လာခဲ့ပြီး ယောင်လဲ့ထျန်း ရှိနေသော သစ်တောတည့်တည့် စိုက်ရောက်လာလေ၏။
နားကန်းစေလောက်သော ဆူညံသံတစ်ခုနှင့်အတူ မြေကြီးထဲ စိုက်ဝင်သွားသော ကြယ်ပျံကြောင့် မြေကြီးပင် တုန်ခါသွားခဲ့သည်။
ထိုအချိန်မှာပဲ ခေါင်းအစခြေအဆုံး ဖုံးလွှမ်းထားသော အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အစောက အသံပိုင်ရှင်သည် ယောင်လဲ့ထျန်းရှေ့ ရောက်လာခဲ့သည်။ ထိုသူ့ထံမှ ထွက်ပေါ်နေသော အနက်ရောင်စွမ်းအင်လှိုင်းကြောင့် အနီးရှိ ပန်းပွင့်များနှင့် သစ်ပင်များအားလုံး ခြောက်သွေ့ကုန်သည်။
မျက်နှာတဝိုက် ကာဆီးပေးထားသော အနက်ရောင်မျက်နှာဖုံးအောက်မှ စူးရှရှ မျက်လုံးတစ်စုံသည်လည်း ကြောက်ဖို့ကောင်းလှသည်။
အကြည့်တစ်ချက်စုံလိုက်ရုံနှင့်တင် ယောင်လဲ့ထျန်းအတွက် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်စေဖို့ လုံလောက်သွားသည်။ လေးလံသော မိုးကြိုးပစ်ချက်ကြောင့် စိတ်ဝိညာဥ်သည် ခန္ဓာကိုယ်မှ လွင့်စင်သွားသည့်နှယ် ယောင်လဲ့ထျန်းတစ်ယောက် အမြင်တွေ ဝေဝါးပြီး သွေးဆန်တက်သလိုပင် ခံစားလိုက်ရသည်။
“ ဟဟ ငါ ရှင်းလုထျန်း နောက်ဆုံးတော့ မရဏချောက်ကမ်းပါးက လွတ်မြောက်လာပြီကွ”
နူးညံ့သော မြက်ပင်ပေါ် ခြေထောက်တင်လိုက်ရင်း ရှင်းလုထျန်းသည် ပတ်ဝန်းကျင်ကို အားရစွာ ကြည့်လိုက်ကာ ကျယ်ကျယ်လောင်လောင် ရယ်မောပါတော့သည်။
ထို့နောက်မှာ ရှင်းလုထျန်း၏ အကြည့်က နေရာမှာ ရပ်မြဲအတိုင်း တောင့်တောင့်လေးရပ်နေသော ယောင်လဲ့ထျန်းအပေါ်သို့ အချိန်အကြာကြီး ငတ်မွတ်နေသော သားရဲတစ်ကောင်က သူ့၏ အစာကို ကြည့်နေသလိုမျိုး စူးစူးရဲရဲ ကျရောက်သွားခဲ့သည်။
“ကောင်လေး၊ မင်းက ကံကောင်းချင်တာ မလား”
“ဟုတ်..အယ်..မဟုတ်.. မဟုတ်”
“ ဟုတ်တာလား မဟုတ်တာလား မြန်မြန်ပြောစမ်း။ ငါစိတ်မရှည်ဘူး”
“မဟုတ်.. မဟုတ်ပါဘူးဗျ”
ယောင်လဲ့ထျန်း ကြောက်လန့်တကြား ခြေလှမ်းအနည်းငယ် အနောက်ဆုတ်လိုက်သည်။ နူးညံ့သော မြက်ပင်များဖြင့် နင်းချင်စဖွယ် မြေပြင်သည် အခုတော့ ကျောက်တုံးတစ်တုံးလို မာကျောနေ၏။ ယောင်လဲ့ထျန်း ခြေချလိုက်မိသော နေရာတိုင်းရှိ မြက်ပင်များအားလုံးသည် အသံတစ်ချက် မထွက်ဘဲ အချိန်ခဏအတွင်းမှာ ခြောက်သွေ့သွားခဲ့ရတာပင်။
ထိုအချိန်မှာပဲ မျက်စိရှေ့က အမည်းရောင်လူကြီး၏ ပါးစပ်က ထွက်ခဲ့သော စကားလုံးနှစ်လုံးကို ယောင်လဲ့ထျန်း ပြန်ကြားယောင်မိလိုက်သည်။
မရဏချောက်ကမ်းပါး…
ကျင့်ကြံရေးလောက၏ လူတိုင်းသည် ထိုစကားလုံးနှစ်လုံးနှင့် ရင်းနီးပြီးသားပင်။ ယောင်လဲ့ထျန်းက ကျင့်ကြံရေးသမားအစစ် မဟုတ်သေးလျှင်တောင်မှ လေးနှစ်တိုင်တိုင် အချိန်ပေးထားသည့်အတွက် ကောလဟာလတစ်ချို့ ကြားဖူးထားသည်။
မရဏ ချောက်ကမ်းပါးသည် ကျင့်ကြံရေးလောက၏ အဓိကရာဇဝတ်သားများကို ချုပ်နှောင်ရာ နေရာတစ်ခု ဖြစ်သည်။ အထဲမှာပိတ်ထားခံရသမျှ လူတိုင်းက နှိုင်းယှဥ်လို့မရနိုင်သော နတ်ဆိုးများဖြစ်ကြပြီး အကုန်လုံးက ဉာဏ်များသလို ရက်စက်ကြသည်။
ရှင်းလုထျန်းသည် လွန်ခဲ့သော နှစ်ရာချီတုန်းက ထိပ်သီးနတ်ဆိုးတစ်ယောက်ဖြစ်ပြီး စစ်မှန်ကျင့်ကြံသူဆရာသခင်များစွာ ပူးပေါင်းပြီးမှ နောက်ဆုံးတွင် ရှန်းလဲ့ထျန်းကို မရဏချောက်ကမ်းပါးအတွင်း ချုပ်နှောင်နိုင်ခဲ့တာဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများကြားက ထိပ်သီးသုံးနေရာအတွင်း ဝင်နိုင်သော ရှန်းလုထျန်းသည် ယုတ်မာရက်စက်သည်.. သူသည် မှားသည်မှန်သည် ဂရုမစိုက်ဘဲ စိတ်ထင်ရာလုပ်တတ်သည်..ထို့အပြင် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်သော ကပ်ဘေးများစွာကို ဖန်တီးခဲ့သူပင်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ဒဏ္ဍာရီလာ သူ့၏နာမည်ကို ယောင်လဲ့ထျန်းလို မတောက်တခေါက် ကျင့်ကြံသူကပင် ကြားဖူးလေသည်။