အဆုံးမဲ့နတ်ဆိုး
Vol. 1 Ch. 2
ယောင်လဲ့ထျန်း ဤကျင့်ကြံရေးလောကသို့ ရောက်လာပြီးကတည်းက တွေ့ဖူးခဲ့သမျှ အရာတိုင်းတွင် ရှင်းလုထျန်းက ကြောက်ဖို့အကောင်းဆုံး တည်ရှိမှုတစ်ခုပါပေ…မဟုတ်ဘူး၊ ဒဏ္ဍာရီထဲမှာ ကြားဖူးခဲ့သမျှ အသန်မာဆုံးနှင့် ကြောက်ဖို့အကောင်းဆုံး ပုဂ္ဂိုလ်ကြီးများထက်ပင် ရှန်းလဲ့ထျန်းက ပိုအင်အားကြီးနိုင်၏။
ဆုတစ်ကြိမ်တောင်းလိုက်ရုံဖြင့် ကျင့်ကြံရေးလောကရှိ လူတိုင်း၏ နှလုံးသားထဲကို အကြောက်တရားများ သံမှိုရိုက်သွင်းနိုင်ခဲ့သော ဒဏ္ဍာရီလာနတ်ဆိုးကို ဆင့်ခေါ်နိုင်ခဲ့လေရာ.. ယောင်လဲ့ထျန်းတစ်ယောက် ကိုယ့်ကိုယ်ကို ကံကောင်းသည်လား ကံဆိုးသည်လား မသိတော့ပေ။ သူ့၏စိတ်နှလုံးတစ်ခုလုံးတွင် နောင်တတရားများ ဖုံးလွှမ်းနေပြီး ကိုယ့်ပါးကိုယ်သာ ရိုက်ချင်မိတော့သည်။
ငါဘာလို့ ဆုတောင်းမိရတာလဲ…
ကမ္ဘာပေါ်မှာတုန်းက သူသည် သာမာန်ကောလိပ်ကျောင်းသားလေး တစ်ဦးသာဖြစ်သည်။ သူ့၏ တစ်ဘဝလုံး မကောင်းသောကိစ္စတစ်ခုမှ မလုပ်ဖူးပါချေ။ သို့တိုင်အောင် ပထမတစ်ချက်အနေနှင့် အကောင်းကြီးရှိနေသော ကမ္ဘာမြေကို စွန့်ခွာပြီး ကျင့်ကြံရေးလောကသို့ အတင်းကူးပြောင်းခံရကာ ဘုရင် မဖြစ်သလို သူရဲကောင်းလည်း မဖြစ်လာခဲ့ပေ။ ဒုတိယတစ်ချက်အဖြစ် အစားအသောက်အတွက် လုယက်တိုက်ခိုက်ရင်း ရုန်းကန်ခဲ့ရပြန်သည်။
အဆုံးမှာ ရာဇဝင်တွင်လောက်စရာ အမှိုက်ကျင့်ကြံရေးဂိုဏ်းထဲ ရောက်ခဲ့ရသည်။ သို့ပေသည့်.. ကံကောင်းမှုတစ်ခု ဆုတောင်းမိပြန်တော့၊ မဟာ့မဟာနတ်ဆိုးကြီးတစ်ယောက် ချီးမြှင့်ပေးခဲ့သည်။ ဤအရာက ကံကောင်းခြင်းသာဆိုလျှင် ဘယ်လို ကံကောင်းခြင်းမျိုးနည်း။
“ မင်းရဲ့ပါရမီက တော်တော်လေး စုတ်ချာတာပဲ။ ထားပါလေ၊ မင်းက ကံကောင်းပါသေးတယ်။ ငါ့လို ကြင်နာတတ်တဲ့ ဆရာသခင် ရှန်းလုထျန်းနဲ့ တွေ့ခဲ့တာဆိုတော့”
ရှန်းလုထျန်းက ယောင်လဲ့ထျန်းကို အပေါ်အောက်စစ်ဆေးပြီးနောက် လက်ခံစွာ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
အရိုးထဲဖောက်ထွက်မတတ် စိုက်ကြည့်ခံရခြင်းကြောင့် ယောင်လဲ့ထျန်းတစ်ယောက် အနောက် လှည့်မကြည့်စတမ်း ပြေးလေတော့သည်။
သို့သော် ရှန်းလုထျန်း ဒေါသမထွက်ပါချေ။ ထိုအစား ထွက်ပြေးနေသော ယောင်လဲ့ထျန်းကို သဘောကျမှုတချို့နှင့် ကြည့်နေခဲ့သည်။
(အထက်အမတဘုံကျင့်ကြံရေး) ဂိုဏ်းအတွင်း၌ ယောင်လဲ့ထျန်းသည် လေးနှစ်လုံး နေ့စဥ်ရက်စက် ရေသယ်ခြင်း၊ ထင်းခုတ်ခြင်းစသော အလုပ်ကြမ်းကို လေ့ကျင့်ထားရသည်။ သူ လေ့လာဖူးသည့် တစ်ခုတည်းသော သိုင်းကျမ်းက လူသစ်များ မိတ်ဆက်အဖြစ် ကျင့်ကြံရပြီး အတွင်းတပည့်များ ရေအိမ်သန့်ရှင်းရာတွင် အသုံးပြုသည့် အမှိုက်သိုင်း..(မွန်မြတ်သောအမတကျင့်စဥ်)၏ အဆင့်သုံးအထိသာ ဖြစ်သည်။ သာမာန်လူသားများထက် အနည်းငယ် သန်မာသော ခန္ဓာကိုယ်တစ်ခုမှလွဲလျှင် ယောင်လဲ့ထျန်းသည် ဘယ်လို အမတကျင့်စဥ်၊ ဘယ်လိုတာအိုကျင့်စဥ်မျိုးမှ မတက်ကျွမ်းချေ။
အရည်အချင်းလဲမရှိ၊ သင်ပြပေးမည့် ဆရာလည်းမရှိသော တစ်ခြားပြင်ပတပည့်များနည်းတူ ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုက ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်တွင်သာ ပိတ်မိနေခဲ့သည်။
ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ကို အဆင့်တက်ပြီး စစ်မှန်သောချီစွမ်းအင် ထွက်လာသည်အထိ မကျင့်ကြံနိုင်ပါက သူ့ဘဝတစ်လျှောက်လုံးကို (မွန်မြတ်သောအမတကျင့်စဥ်) အဆင့်သုံးနှင့်သာ ကျေနပ်ရတော့မည်ပင်။ စစ်မှန်သော ကျင့်ကြံသူများရှေ့တွင် ယောင်လဲ့ထျန်းလို လူများက ကျင့်ကြံသူအဖြစ်တောင် အမြင်ခံရမှာ မဟုတ်ဘူး။
ရှန်းလုထျန်း၏ ကြောက်စရာဂုဏ်သတင်းကို စဥ်းစားမိသည်နှင့် ယောင်လဲ့ထျန်းတစ်ယောက် ဓားပျံစီးပြီးသား ထွက်ပြေးချင်မိသည်။ သို့သော် ချီစုစည်းခြင်းနယ်ပယ်ကျင့်ကြံသူ တွေသာ အသုံးပြုနိုင်သော ဓားပျံက ယောင်လဲ့ထျန်းနှင့် မိုးမြေကွာခြားနေသေး၏။
မိုင်ပေါင်းရာချီပြေးပြီးနောက်မှာ ရှန်းလုထျန်း၏ အသံကို ယောင်လဲ့ထျန်း ထပ်မံကြားလိုက်ရသည်။
“ငါရွေးချယ်ခံလိုက်ရသမျှ လူတိုင်းက ချက်ချင်း ဒူးထောက်အရိုအသေပေးပြီး သစ္စာရှိမှုကို အစွမ်းကုန်ပြသရင်း ငါ့တပည့် ဖြစ်လာခဲ့ကြတယ်။ မင်းက စိတ်ဝင်စားဖို့တော့ တယ်ကောင်းပါလား။ ပြေးလိုက်တာများ၊ ယုန်ထက်တောင် မြန်နေသေးတယ်”
ရှန်းလုထျန်း၏အသံက မကျယ်သော်ငြား ယောင်လဲ့ထျန်း၏ နားနားကို ကပ်ပြောလိုက်သကဲ့သို့ နီးကပ်စွာ ဝင်ရောက်လာခဲ့သည်။ မိုင်ပေါင်းများစွာ အသားကုန်မိုင်တင်ပြေးနေသော ယောင်လဲ့ထျန်း ထိတ်လန့်ပြီး တောင်ကုန်းတစ်လျှောက် ပြုတ်ကျလေတော့သည်။
ရောင်အန်းနေသော မျက်နှာနှင့် စုတ်ပြတ်သတ်စွာ ထလာပြီးနောက်မှာတော့ ယောင်လဲ့ထျန်း အသိတရား ဝင်လာပြီး အနည်းငယ် တည်ငြိမ်သွားခဲ့သည်။
“ ရှန်းလုထျန်းသာ ငါ့ကိုသတ်ချင်ရင် ငါဘယ်လောက်ပြေးပြေး လွတ်မှာမဟုတ်ဘူး။ သူ အသက်တစ်ချက်ရှုနေရင်း ငါ့ကို ပြာအဖြစ် ပြောင်းလိုက်လို့တောင်ရတယ်။ ပြီးတော့ ငါအခု ကံကောင်းတဲ့တွေ့ဆုံမှုမျိုးအတွက် ဆုတောင်းခဲ့တာ မဟုတ်ဘူးလား။ ကောင်းကင်ဘုံက ငါ့ကို.ဘယ်သူမှ အနိုင်မယူနိုင်တဲ့ ဆရာတစ်ယောက် ချီးမြှင့်လိုက်ပြီလေ။ ငါဘာကို ကြောက်နေရမှာလဲ”
ဤကျင့်ကြံရေးလောကတွင် ရက်ပေါင်းများစွာ နေထိုင်ပြီးနောက်၌ ကျင့်ကြံရေးလောကအကြောင်းကို ယောင်လဲ့ထျန်း နားလည်သွားခဲ့သည်။ ဤလောကတွင် သန်မာမှုမရှိပါက မလွဲမသေ အနိုင်ကျင့်ခံရမည်။ ထိုမျှမကသေး၊ ကိုယ့်၏အသက်ကိုပါ သူတစ်ပါးက ဆုံးဖြတ်သွားလိမ့်မည်။ ကျင့်ကြံသူများက သူ့အရင်ကမ္ဘာတုန်းကလိုမျိုး စကားတစ်ချို့ပြောပြီး နှစ်သိမ့်လို့ရနိုင်သူများ မဟုတ်တော့ပေ။ ဤကျင့်ကြံရေးလောက၌ သန်မာမှုမရှိလျှင် ရှင်သန်ရတာ အဓိပ္ပါယ် မရှိနိုင်တော့ဘူး။
ထိုသို့တွေးမိသည်နှင့် ယောင်လဲ့ထျန်း ချက်ချင်းထရပ်ကာ ရှန်းလုထျန်း ရှိရာကို တရွေ့ရွေ့ တိုးကပ်လိုက်သည်။
သို့သော်ငြား နောက်လှည့်ကြည့်လိုက်သည်နှင့် ယောင်လဲ့ထျန်း မှင်သက်သွားတော့သည်။ ရှန်းလုထျန်း၏ ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော အနက်ရောင် ပိုးချည်မျှင်များက ရစ်ပတ်ထားသည်။ အနက်ရောင်ဝတ်စုံအပေါ်ကို အနက်ရောင်ချည်မျှင်များက နေရာလပ်မကျန် ဖုံးလွှမ်းထားခြင်းကြောင့် ရှန်းလုထျန်း၏ ပုံစံသည် ငရဲမှတက်လာသော ကြမ်းတမ်းသည့်နတ်ဘုရားတစ်ပါးလို ကြောက်စရာကောင်းနေခဲ့သည်။
ရှန်းလုထျန်း၏ မီတာငါးရာ ပတ်ပတ်လည်က အရာအားလုံးလည်း ခြောက်သွေ့ငြိုးငယ် နေလေပြီ….။
နွေဦးအလှတရားများ ပြသပေးခဲ့သည့် အရောင်စုံသော ပန်းပွင့်များနှင့် မြက်ပင်စိုများအားလုံး ခြောက်သွေ့ကုန်သည့်အပြင် တစ်ဖြည်းဖြည်း ပျံ့နှံ့လာသော အရောင်မဲ့မှုက မြင်နိုင်သော ပမာဏအတွင်း ကြီးမားလာခဲ့သည်။
ဤကဲ့သို့သော အင်အားပြသည့် မြင်ကွင်းမျိုးသည် ယောင်လဲ့ထျန်းလို ပုရွက်ဆိတ်ငယ်လေးအတွက် မလိုအပ်ပါချေ။
ယောင်လဲ့ထျန်း စိတ်ထဲမှ တိတ်တဆိတ် ကျွတ်သတ်လိုက်တော့သည်။ ယခုကဲ့သို့ ဆက်လက်ဖြစ်ပွားနေပါက ချန်ဟွမ်တောင်သည် တစ်နေ့တစ်ညထဲနှင့် သုသာန်လိုခြောက်ကပ်သွားပြီး အထီးကျန်လှသော စွန့်ပစ်နေရာတစ်ခု ဖြစ်လာလိမ့်မည်ပင်။
ယောင်လဲ့ထျန်းသည် ရှန်းလုထျန်းနှင့် ငါးမီတာမျှ ဝေးကွာနေသေးသည်။ သို့တိုင်အောင် ထိုသူ့ထံမှ ရနေသော ထူးခြားသည့် ဆွဲငင်အားတစ်ချို့ကြောင့် ခန္ဓာကိုယ်အတွင်းက သွေးများပေါက်ကွဲ ထွက်တော့မလို ယောင်လဲ့ထျန်း ခံစားလိုက်ရသည်။ ယောင်လဲ့ထျန်း ရှေ့ဆက်မတိုးရဲတော့ဘဲ လျှင်မြန်စွာ ရပ်လိုက်တော့သည်။
ရှန်းလုထျန်းကို ဒဏ္ဍာရီထဲက ဇာတ်ကြောင်းများကြောင့်သာ ကြောက်ရွံ့ခဲ့မိသော်ငြား အခုလို ရှန်းလုထျန်း၏ ဒေါသကို မျက်မြင်တွေ့လိုက်ရသည့်အတွက် ယောင်းလဲ့ထျန်း၏ အကြည့်များထဲတွင် နှလုံးသားထဲက နာခံလိုစိတ်များဖြင့် နက်ရှိုင်းသွားတော့၏။
“မင်းဘာကိစ္စထွက်ပြေးတာလဲ။ ပြေးလေ၊ ဘာလို့ ရပ်လိုက်တာလဲ”
အနက်ရောင်ဝတ်စုံအောက်မှ ထွက်လာသော ရှန်းလုထျန်း၏ လေသံက ယောင်လဲ့ထျန်းကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်စေခဲ့သည်။.
ရှန်းလုထျန်း၏ မေးခွန်းကို သူ ပေါ့သေးသေး မတွေးရဲပါချေ။ ကောင်းမွန်သော အဖြေကို မပေးနိုင်ပါက ထိုသူ၏ လက်ဖျောက်တစ်ချက်တည်းနှင့် အကြိမ်ရာချီမက သေဆုံးနိုင်သည်ကို ယောင်လဲ့ထျန်း နားလည်ပါသည်။ ရှန်းလုထျန်း၏ ဒဏ္ဍာရီထဲက အချက်အလက်များကို ခဏမျှ စဥ်းစားပြီးသည်နှင့် မနှိမ့်ချ၊ မမောက်မာလွန်းသော လေသံဖြင့် ရှန်းလုထျန်းကို ကျေနပ်စေနိုင်မည့် အဖြေကို ပေးလိုက်တော့သည်။
“သခင်ကြီးရဲ့ဂုဏ်သတင်းကြောင့် ကျွန်တော် ကြောက်ပြီး ထွက်ပြေးခဲ့မိတယ်။ ဒါပေမဲ့ ကျွန်တော်ပြေးစရာနေရာမရှိခဲ့ဘူး။ ဒီလိုဆိုမှတော့ သခင်ကြီး ကျွန်တော့်ကို ကံကောင်းစေမယ်ဆိုတဲ့ ကတိက အစစ်အမှန်လားဆိုတာ ဘာကြောင့် လာအတည်မပြုရမှာလဲဗျာ”
ယောင်လဲ့ထျန်းသည် ဘယ်လိုပဲ အပြင်ဘက်ပိုင်းတွင် တည်ငြိမ်စွာ ပြောခဲ့သော်ငြား သူ၏နှလုံးသားတစ်ခုလုံးက အကြောက်တရားကြောင့် အကြမ်းပတမ်း တုန်လှုပ်နေ၏။
“ငါကစကားတည်တဲ့သူပဲ။ မင်းကို ဘာကိစ္စ လှည့်စားရမှာလဲ”
“စကားတည်တယ် ဟုတ်လား.. မဖြစ်နိုင်တာ”
“ဘာ၊ မင်းငါ့ကိုသံသယဝင်ရဲတာလား။ မင်း သေချင်နေတာလားကွ”
ရှန်းလုထျန်း၏ ရုတ်ချည်း အေးစက်သွားသော လေသံနှင့်အတူ ပတ်ဝန်းကျင်၏ အပူချိန်သည်လည်း သိသာစွာ ထိုးကျသွားခဲ့ပြီး ခြောက်သွေ့သွေ့ မြက်ပင်များထိပ်တွင် ရေခဲစများ စုဝေးလာခဲ့သည်။ ကျောချမ်းဖွယ် လေထုအောက်တွင် ရေခဲတုံးငယ်များ၏ အလင်းက ကောင်းကင်၏ လရောင်ဖွေးဖွေးနှင့် ပနံသင့်နေလေ၏။
လူသတ်အရိပ်အငွေ့ကို ခံစားမိသောကြောင့် ယောင်လဲ့ထျန်း၏ နှလုံးသားက တင်းကျပ်လာတော့သည်။ သို့တိုင်အောင် ကိုယ့်ကိုယ်ကို အတင်းအကျပ် တည်ငြိမ်စေလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“သခင်ကြီး တစ်ခါက ထျန်ရှန်းဂိုဏ်းကို မထိခိုက်စေဘူးလို့ ကတိပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရတနာတွေကို ယူဖို့အတွက် တစ်ဂိုဏ်းလုံးကို သတ်ပစ်ခဲ့တယ်လေ၊ အဲ့ဒါကို စကားဖျက်တယ်လို့ ယူဆလို့ရတယ်မလား”