အကြီးမားဆုံးလူလိမ်
Vol. 1 Ch. 3
အတိတ်က ရှက်ရွံ့ဖွယ် အဖြစ်အပျက်ကို ပြန်ဖော်ထုတ်ခံလိုက်ရသည့်အတွက် ရှန်းလုထျန်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ အမည်းရောင် အဝတ်စအောက်ရှိ မျက်နှာကြောင့် စူးရှသော အလင်းတချို့ဖြတ်ပြေးနေသော မျက်ဝန်းစူးစူးမှ လွဲလျှင် မျက်နှာအစိတ်အပိုင်းအားလုံး ဖုံးကွယ်နေလေရာ၊ ထိုသူ၏ ခံစားချက်ကို ခန့်မှန်းဖို့ မလွယ်ကူခဲ့ချေ။
“ စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းက ဒီလိုလျှို့ဝှက်ချက်ကအစ သိနေတာပဲ”
ရှန်းလုထျန်းက ယောင်လဲ့ထျန်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ မျက်လုံးနှစ်လုံးက အကြည့်ချင်းစုံနေရင်း ဘာအသံမှ ထွက်မလာတော့ချေ။
ဤတိတ်ဆိတ်နေသော ကာလရှည်ကြီးသည် ယောင်လဲ့ထျန်း၏ တဘဝလုံးကြုံဖူးသမျှထဲမှ သည်းမခံနိုင်ဆုံးသော အခိုက်အတန့်တစ်ခုဆိုတာ သံသယဝင်ဖို့ မလိုအပ်ပါချေ။ စက္ကန့်တိုင်းစက္ကန့်တိုင်းက တဘဝစာလောက် ကြာမြင့်နေသည်ဆိုလျှင်တောင် ချဲ့ကားရာ မကျပေ။ အဘယ်ကြောင့်ဆိုသော် ရှန်းလုထျန်း၏ စိတ်ကူးတစ်ချက်ဖြင့် သူ့ကို အချိန်မရွေး ပြာအဖြစ် ပြောင်းလဲပေးနိုင်သည်။
ယောင်လဲ့ထျန်းသည် ဘဝကြီးရင်းပြီး လောင်ကစားလုပ်နေရ၏.. ဤ ကျော်ကြားလှသော ဒဏ္ဍာရီလာနတ်ဆိုးထံတွင် သတင်းများထဲကအတိုင်းမဟုတ်ဘဲ ပဲစေ့လောက် ကြင်နာမှုလေး ရှိနေဖို့အတွက်ပင်။
သူ အနိုင်ရခဲ့ပါက အသက်လုံခြုံမည့်အပြင် ထူးခြားသော အကျိုးကျေးဇူးများ ရနိုင်သည်။ သို့သော် ရှုံးနိမ့်ခဲ့ပါက… စဥ်းစားဖို့ပင် မလိုအပ်ပါချေ။
လောင်းကစားပွဲတစ်ခုနှယ် လောင်းကြေး ထပ်ပြီးသည့်အတွက် ယောင်လဲ့ထျန်း တိတ်တဆိတ် စောင့်ဆိုင်းနေဖို့ ရွေးချယ်လိုက်သည်။
အရာအားလုံး သေဆုံးနေသည့်အတိုင်း တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို ကြီးစိုးထားကာ လေတိုးသံပင် မကြားရချေ။ သိသာသော နှုန်းထားဖြင့် ပျံ့နှံ့လာသော အရောင်မဲ့မှုက သစ်တော၏ အစိမ်းရောင် အစိတ်အပိုင်းများကို တစတစ ဝါးမြိုနေ၏။
အချိန်တစ်ခုကြာပြီးနောက်မှာ ရှန်းလုထျန်းသည် တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။ ကျောချမ်းဖွယ် လူသတ်အငွေ့များ ဖုံးလွှမ်းနေသော လေသံသြကြီးက ယောင်လဲ့ထျန်း၏ နားအတွင်း တိုက်ရိုက်ဝင်ရောက်လာခဲ့သည်။
“ အဲ့ဒီထျန်ရှန်းဂိုဏ်းနဲ့ ပတ်သတ်တဲ့ကိစ္စမှာ တကယ်ပဲ ငါမှားခဲ့တာပါ.. ဒါပေမဲ့ မင်းရဲ့အသက်နဲ့ မင်းရဲ့အရည်အချင်းအရ အဲ့ဒီ လျှို့ဝှက်ချက်ကို မင်းဘယ်လို ရှာတွေ့ခဲ့တာလဲ”
..ယောင်လဲ့ထျန်း အနိုင်ရသွားခဲ့သည်။
ရှန်းလုထျန်း၏ စကားကိုကြားသည်နှင့် တုန်လှုပ်နေသော ယောင်လဲ့ထျန်း၏ နှလုံးသားက အနည်းငယ် သက်သာရာရသွားလေ၏။ အနည်းဆုံးတော့ ထိုသူသည် ကိုယ့်အမှားကို ဝန်ခံရဲသူဖြစ်သည့်အတွက် ကျိုးကြောင်းမသင့်သော သူတစ်ယောက် မဖြစ်နိုင်ပါချေ။ ယောင်လဲ့ထျန်းတစ်ယောက် သူ ဖတ်ခဲ့ဖူးသော ဝတ္ထုတစ်ပုဒ်ထဲက ဇာတ်လိုက် အိုယန်ဖန်းကိုပင် ပြန်မြင်ယောင် သွားခဲ့သည်။ လူဆိုးဖြစ်နေသည့်တိုင် ကိုယ်ပိုင်မာနနှင့် စည်းမျဥ်းရှိကြသည်။
လူကြီးလူကောင်းတစ်ယောက်ကို ထိုသူ၏ ကိုယ်ပိုင်စည်းမျဥ်းများကို အသုံးပြုပြီး လှည့်စားလို့ရသည်မလား.. ထိုအတိုင်းပင်၊ စည်းကမ်းရှိသော လူဆိုးတစ်ယောက်ကိုလည်း လှည့်စားနိုင်သည်။ ရှန်းလုထျန်း၏ ဆုံးဖြတ်ချက်အပေါ်မှာ အကုန်ပုံအပ်ထားရသော ယောင်လဲ့ထျန်း လုံးဝ မကြောက်တော့ပေ။ ထိုအစား စိတ်တင်းလိုက်ရင်း ထပ်မံလောင်းကစား လုပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။ ကံတရားက သတ္တိရှိသူကို အောင်မြင်စေသည်လေ။
ရှန်းလုထျန်း၏ ကျောချမ်းဖွယ် လေသံကြောင့် ထိုသူမပျော်ရွှင်တော့မှန်း ယောင်လဲ့ထျန်း တိုက်ရိုက် မှန်းဆမိလိုက်ပြီး အဖြေမမှားဖို့ အထူးဂရုစိုက်လိုက်သည်။ သေရေးရှင်ရေး အပိုင်းအခြားအတွင်းမှာ ယောင်လဲ့ထျန်း၏ ဦးနှောက်သည် အသည်းအသန် အလုပ်လုပ်နေခဲ့သည်။ ထို့နောက်မှာ ရုတ်တရက် အကြံကောင်းတစ်ခု ရသွားခဲ့ပြီး အခွင့်အရေးကို အမိအရဖမ်းဆုတ်ရင်း ရဲတင်းစွာ ပြောဖို့ဆုံးဖြတ်လိုက်လေ၏။
ထိုသို့ဖြင့် ယောင်လဲ့ထျန်းသည် ဂုဏ်သိက္ခာပြည့်ဝပေမဲ့ တစ်ချိန်ထဲမှာ ဝမ်းနည်းနေသော မျက်နှာထားကို ပြောင်းလဲလိုက်ရင်း အလွန်ရိုးသားသော လေသံဖြင့် အံကြိတ်ကာပြောလိုက်သည်။
“ ကျွန်တော်က ထျန်ရှန်းဂိုဏ်းရဲ့ မျိုးဆက်ဗျ။ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီအခြေအနေရောက်နေမှာ မဟုတ်ဘူး။ သေလောက်အောင် မုန်းတဲ့ရန်သူကို မြင်နေရပေမဲ့ လက်စားချေဖို့အတွက်တောင် ကိုယ်က အသုံးမကျနေတဲ့ ခံစားချက်ကို ခင်ဗျားသိလား.. ကျွတ် စောက်သဲပေါက်လိုက်တာကွာ”
“ ရပြီငါနားလည်ပြီ။ ထျန်ရှန်းဂိုဏ်းကို အလျော်ပေးတဲ့အနေနဲ့ ငါမင်းကို ပြန်ပေးဆပ်ပါ့မယ်”
ကမ္ဘာမြေပေါ်ကနေ ရုတ်ချည်းကမ္ဘာကူးပြောင်း ခံလိုက်ရပြီးနောက် ဤတသီးတခြားဆန်သော လောကကြီးအတွင်း အသက်ရှင်ဖို့ ရှန်းကန်ခဲ့ရသလို လေးနှစ်တာကိုလည်း (အထက်အမတဘုံကျင့်ကြံရေးဂိုဏ်း) မှာ ပညာသင်ထားရလေရာ၊ ယောင်လဲ့ထျန်းအနေနှင့် စစ်မှန်သော ကျင့်ကြံရေးသိုင်းများကို မတတ်မြှောက်လျှင်တောင်မှ ကောက်ကျစ်ဉာဏ်များသော လူတစ်ဦး ဖြစ်လာခဲ့ပြီးသားပင်။ အကျပ်အတည်းများအတွင်း နေထိုင်ခဲ့ရသည့် ကာလများက သူ့၏ သရုပ်ဆောင်စကေးကို အော်စကာဆုရနိုင်သည်အထိ တိုးမြှင့်ပေးခဲ့သည်။
ယောင်လဲ့ထျန်း သရုပ်ပြလိုက်သော မာန်အပြည့်နှင့် တနည်းတဖုံဝမ်းနည်းနေသည့် မျက်နှာထားသည် ရှန်းလုထျန်းကို ရင်ထဲထိစေခဲ့သည်။ ထိုသို့မဟုတ်လျှင် ရှန်းလုထျန်းထံ၌ တစ်ဖက်သူ၏ လိမ်ညာမှုကို ဖော်ထုတ်ဖို့ နည်းလမ်းတွေ မရေမတွက်အောင် ရှိ၏။ သို့သော် ထိုရင်နင့်ဖွယ် မျက်နှာထားနှင့်တင် ရှန်းလုထျန်း၏ သံသယများကို အပြီးတိုင် ဖယ်ရှားနိုင်ခဲ့လေသည်။
သေချာပေါက် အခုလို အောင်မြင်သွားရခြင်းကလည်း ရှန်းလုထျန်း ကိုယ်တိုင်က ထပ်အတည်မပြုချင်တော့၍ ဖြစ်သည်။ သူသည် လွတ်မြောက်လာပြီးကတည်းက သန်မာမှုကို စုစည်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသော်ငြား မအောင်မြင်သေးချေ။ ထိုအချိန်မှာ ပုရွက်ဆိတ်တစ်ကောင်က အကြွေးဟောင်းများပြောရင်း နားညည်းနေလေသည်။ ခေါင်းကိုက်မှုကို မခံနိုင်တော့သည့်အဆုံး ရှန်းလုထျန်း ကတိပေးလိုက်တော့သည်။
သူသည် သူ့ခေတ်သူ့အခါက အလွန်အင်အားကြီးသည့်အတွက် ကျင့်ကြံရေးလောကတစ်ခုလုံးတွင် သူ့အကြောင်း အတင်းပြောရဲသူ မရှိခဲ့ချေ။ ထို့အပြင် ထျန်ရှန်းဂိုဏ်းကိစ္စသည် အသေးအဖွဲ့အမှားတစ်ခုသာ ဖြစ်သောကြောင့် သိသူနည်းပါး၏။ ထို့ကြောင့် ထိုကောင်လေးသည် ထျန်ရှန်းဂိုဏ်း၏ နောက်မျိုးဆက်ဖြစ်နိုင်လေသည်။
သို့သော် ရှန်းလုထျန်း မသိခဲ့သည်မှာ ဤကျင့်ကြံရေးလောကအတွင်း၌ အပြင်ပန်းက ဂုဏ်သရေရှိပြီး အတွင်းစိတ်က အတင်းတုတ်ရတာ ခုန်မင်သော ကျင့်ကြံသူများ ရှိသေးကြောင်းကိုပင်။ ရှန်းလုထျန်း မရဏချောက်ကမ်းပါးအတွင်းမှာ အဖမ်းခံရပြီးတည်းက တောမီးလို ပျံ့နှံ့လာခဲ့သော သတင်းများစွာကြောင့် ယောင်လဲ့ထျန်းလို မတောက်တခေါက် ကျင့်ကြံသူပင် အကုန်သိနေခဲ့သည်။
သေချာပေါက် ရှန်းလုထျန်း အနေနှင့် ယောင်လဲ့ထျန်းကို သတ်ပစ်ပြီး ခေါင်းကိုက်ပျောက်အောင် လုပ်နိုင်ပါသည်။ သို့သော် ဒါက သူ့ပုံစံ မဟုတ်သေးပေ။ သူက ဆိုးသွမ်းပါသော်ငြား ယုတ်မာသူတစ်ယောက် မဟုတ်ဘူး။ နတ်ဆိုးမှာလည်း နတ်ဆိုး၏ စံနှုန်းသတ်မှတ်ချက်ရှိသည်။
ထိုသို့ဖြင့် ယောင်လဲ့ထျန်းတစ်ယောက် သရုပ်ဆောင်ဖို့ အခွင့်အရေးရသွားခဲ့သည်။
“မင်းရဲ့ပါရမီက အရမ်းအားနည်းတယ်။ အရင်ဆုံးငါမင်းရဲ့ သွေးကြောတွေကို သန့်စင်ပြီး အစဦးပိုင်းကစပြီး ပြောင်းလဲပေးမယ်”
ရှန်းလုထျန်း လက်တစ်ဖက်ယမ်းလိုက်သည်နှင့် အမဲရောင် ချည်မျှင်များက ယောင်လဲ့ထျန်းကို ရစ်ပတ်လိုက်ကာ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားခဲ့သည်။
မကြာမီမှာပဲ ဧရာမ ပိုးချည်လုံးတစ်ခုလို ယောင်လဲ့ထျန်း၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော အမဲရောင်ချည်မျှင်များက မြေပြင်အထက် သုံးပေ မြင့်တက်သွားသည်။
ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်း ရောက်ပြီးသမျှ ချည်မျှင်တိုင်းက အထဲရောက်သည်နှင့် လေပြေအေးအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်အတွင်း လည်ပတ်နေရင်း.အသားစိုင်ထဲက အညစ်အကြေးများကို ဖယ်ထုတ်နေသည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်တိုင်တိုင် ကြာသည်အထိ ဖြစ်စဥ်က ဆက်လက်ဖြစ်ပွားနေကာ စက္ကန့်တစ်ချို့ကြာတိုင်း ပိုးချည်လုံးအောက်ခြေမှ နံဟောင်သော အရည်တစ်ချို့ တစက်စက် ကျလာခဲ့သည်။
ရှန်းလုထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘယ်လိုကျင့်ကြံရေးဂိုဏ်းမျိုးက အရမ်းကို အမှိုက်ဆန်နေသည့်အတွက် ထိုကောင်လေးလို သုံးစားမရနိုင်သော လူသားတစ်ယောက်ကို အပြင်တပည့်အဖြစ် လက်ခံခဲ့ပါသနည်း…
ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်းက အညစ်အကြေးများကို သန့်စင်ပြီးသည်နှင့် အနက်ရောင် ဧရာမပိုးချည်လုံးသည် ချက်ချင်း နှစ်ခြမ်းကွဲသွားခဲ့သည်။
တောက်ပသော လရောင်အောက်တွင် တချိန်က မဲညစ်နေသော အသားအရေသည် ဖြူဖွေးချောမွတ်လာမှန်း ယောင်လဲ့ထျန်း တွေ့လိုက်ရသည်။ အရည်ပြည့်ဝသော ကျောက်စိမ်းလို သန့်စင်နေသည့် အသားအရေက အလင်းနှင့်ထိုးကြည့်လျှင် ဖောက်ထွင်းမြင်နိုင်လောက်သည်။ အလင်းတချို့ပင် ဖြာထွက်နေသလို ခံစားရ၏။
ယောင်လဲ့ထျန်း ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ရာ ပိုပေါ့ပါးလာသော ခြေလက်များကို သတိထားမိလိုက်သည်။ နှစ်များစွာ အလုပ်ကြမ်းလုပ်ထားရ၍ ဖြစ်ပေါ်လာသော အတွင်းကြေဒဏ်ရာများအားလုံး ပျောက်ကင်း သွားပြီး မွေးကင်းစ ကလေးတစ်ယောက်သဖွယ် လန်းဆန်းကာ သက်တောင့်သက်သာ ဖြစ်နေတော့သည်။
သွေးကြောကိုသန့်စင်ပြီး ခန္ဓာကိုယ်ပြောင်းလဲပေးခြင်းသည် ပြုလုပ်သူ၏ အရည်အချင်းအပေါ် အများကြီးမူတည်ပြီး အရေအသွေးမြင့် သိုင်းများကို တတ်မြောက်ထားမှ လုပ်နိုင်သည်။ (အထက်အမတဘုံကျင့်ကြံရေးဂိုဏ်း) ၏ ဂိုဏ်းခေါင်းဆောင်တောင်မှ လုပ်နိုင်မည် မထင်ပေ။ ပြုလုပ်ပေးသူသည် ကိုယ်အတွင်းရှိ စွမ်းအင်တစ်စက်တိုင်းကို အာရုံပြုရင်း တဖက်သူ၏ ခန္ဓာကိုယ်ကို မဟာတာအိုနှင့် အကျွမ်းတဝင်ဖြစ်အောင် ပြောင်းလဲပေးရသည့်အတွက် ဤဖြစ်စဥ်သည် ကံကြမ္မာကို ဆန့်ကျင်သော ဖြစ်စဥ်ဟူ၍ပင် နာမည်တပ်နိုင်ပါသည်။