ပြန်လည်မွေးဖွားခြင်း
Vol. 1 Ch. 4
အရည်အချင်း နိမ့်ကျသော ကျင့်ကြံသူများအတွက် သွေးကြော သန့်စင်ခြင်းဖြစ်စဥ်သည် ဒုတိယတစ်ကြိမ် မွေးဖွားခွင့်ရသလိုမျိုး ရှားပါးလွန်းသော မဟာအခွင့်အရေး တစ်ခုဖြစ်သည်။
သွေးကြောသန့်စင်မှု၏ ပြောင်းလဲပေးလိုက်သော အံ့ဖွယ်ဖြစ်စဥ်များကို ခံစားနေရင်း ယောင်လဲ့ထျန်းသည် ခန္ဓာကိုယ်၏ အတွင်းဒျန်ထျန်မှ သိမ်မွေ့သော စစ်မှန်သည့် စွမ်းအင်စီးကြောင်းကိုပါ ခံစားလိုက်ရသည်။ ထိုစီးကြောင်းသည် ခန္ဓာကိုယ်အနှံ့ လည်ပတ်ရင်း အားဖြည့်ပေးနေသည်။
“စစ်မှန်သောချီစွမ်းအင် နယ်ပယ်ပဲ။ ဟဟ၊ ငါစစ်မှန်သော ချီစွမ်းအင် နယ်ပယ်ကို အဆင့်တက်ပြီကွ”
ယောင်လဲ့ထျန်းတစ်ယောက် ပျော်ရွှင်မှုကို ဖုံးမရနိုင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
(အထက်အမတဘုံ ကျင့်ကြံရေးဂိုဏ်း) အတွင်း၌ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်သာ ရှိသေးသော တပည့်များသည် အညစ်ပတ်ဆုံးနှင့် အယုတ်ညံ့ဆုံးတာဝန်များကိုသာ ပေးအပ်ခံရသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိသလို အဆင့်အတန်းလည်း နိမ့်ကျသေး၏။
သို့သော် စစ်မှန်သော ချီစွမ်းအင် နယ်ပယ်ကို အဆင့်တက်လိုက်တာနှင့် အရာအားလုံး ပြောင်းလဲသွားပေမည်။ အစေခံအဆင့်မှ လွတ်မြောက်မည့်အပြင် အပြင်တပည့်များကြား အာဏာပြနိုင်တော့မည်။ အလုပ်ခွဲဝေရေး တာဝန်ကိုပါ ဆောင်ရွက်ခွင့်ရနိုင်မည်။ ထို့အပြင် ကိုယ်ပိုင်အခန်းတစ်ခု ရရှိအုံးမည်ဖြစ်ပြီး ကျင့်ကြံမှုနှင့်၊ အဆင့်တက်ဖို့ကိုသာ အာရုံစိုက်ဖို့ လိုအပ်တော့မည်ပင်။
လွန်ခဲ့သော လေးနှစ်လုံးတွင် ယောင်လဲ့ထျန်း၏ တစ်ခုတည်းသော အိပ်မက်က စစ်မှန်သောချီစွမ်းအင် နယ်ပယ်သို့ အဆင့်တက်နိုင်ဖို့ဖြစ်သည်။ အိပ်မက်နှင့်လက်တွေ့ တစ်ထပ်တည်းကျလာမှုက မြန်ဆန်လွန်းလေရာ၊ အဓိကဇာတ်လိုက်လေး ယောင်လဲ့ထျန်း ဖုံးမနိုင်ဖိမရ ပျော်ရွှင်စွာ အော်ဟစ်နေလေတော့၏။
“ဟမ့်၊ မျှော်လင့်စရာ ဘာမှ မရှိတဲ့ကောင်ပဲ။ အဆင့်လေး ပိစိလောက်တက်တဲ့ဟာကို သေမလို ပျော်ပြနေတယ်”
ရှန်းလုထျန်းက မျက်နှာကို မဲ့လိုက်ပြီးမှ ဆက်ပြောလေသည်။
“ မင်း မသေချင်ရင် အော်နေတာရပ်ပြီး ပြင်ဆင်ထားစမ်း။ ငါအားနေတာမဟုတ်ဘူး။ မင်းရဲ့ ဝက်အော်သံကို နားထောင်ဖို့ အချိန်မရှိဘူးကွ”
ရှန်းလုထျန်း၏ လက်ဖဝါးမှ တစ်ဆင့် အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သစ်တောနက်အား လွှမ်းခြုံလိုက်သည်။
များပြားလှသော စွမ်းအင်လှိုင်းသည် စမ်းချောင်းငယ်တစ်ခုနှယ် ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်း စီးဝင်သွားခဲ့သည်။ တစ်ချိန်ထဲမှာပဲ ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ အရောင်စုံသော အကာအကွယ်တစ်ခု ဝန်းရံလိုက်ပြီး ပြင်းထန်လွန်းသော စွမ်းအင်စီးကြောင်းကြောင့် ခန္ဓာကိုယ် ပေါက်ကွဲမထွက်စေရန် တားဆီးပေးလိုက်သည်။
ထိုစွမ်းအင်များအားလုံးက ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်း ရောက်သည်နှင့် သွေးကြောနှင့် ဒျန်ထျန်အတွင်းသို့ ပျံ့နှံ့ ဝင်ရောက်သွားခဲ့သည်။
စွမ်းအင်နှင့်အတူ ထိုးဖောက်ဝင်ရောက်လာသော စူးရှသည့် နာကျင်မှုကြောင့် ယောင်လဲ့ထျန်း၏ မျက်နှာက ဖြူဖွေးလာသည့်အပြင် အင်္ကျီတစ်ထည်လုံး ချွေးများစိုရွဲလာခဲ့သည်။
နာကျင်မှုက တစ်ကယ်တော့ သေလောက်အောင် ပြင်းထန်ပါသည်။ သို့သော် ရှန်းလုထျန်း အဆက်မပြတ် ထောက်ပံ့ပေးထားသော အသက်စွမ်းအင်ကြောင့် ယောင်လဲ့ထျန်း ခင်ဗျာ ကံဆိုးစွာဖြင့် မေ့လဲဖို့တောင် အခွင့်အရေးမရခဲ့ချေ။ နာကျင်မှုအားလုံးကို အံကြိတ်တောင့်ခံရင်း ခန္ဓာကိုယ်၏ အသားစိုင်အားလုံးကို စုတ်ဖြဲပြီး ပြန်တပ်၊ ထို့နောက်ပြန်ဆုတ်ဖြဲပြီး ပြန်တပ်နေသော ထပ်တလဲလဲ ဖြစ်စဥ်ကြီး ပြီးဆုံးသွားဖို့သာ ဆုတောင်းနိုင်တော့သည်။
အံကြိတ်လွန်း၍ သွားများကွဲကြေသွားသည့် တိုင်အောင် အသက်စွမ်းအင်က သွားအသစ်များ ချက်ချင်း ပြန်ထောက်ပံ့သည့်အတွက် ပြန်လည် ကွဲကြေဖို့ အခွင့်အရေးရခဲ့ပြန်သည်။
ချွေးများက အနီရောင်ပြောင်းလာပြီး ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရဲရဲတောက်လာခဲ့သည်။ ယောင်လဲ့ထျန်း၏ မြေကြီးတစ်ဝိုက်တွင်ပင် သွေးများပေကျံနေတော့သည်။
သို့သော်ငြား ယောင်လဲ့ထျန်း အသံတစ်ချက်တောင် မထွက်ဝံ့ခဲ့ပေ။ ရှန်းလုထျန်းလို ပြောင်းလဲလွယ်ပြီး ကြောက်ဖို့ကောင်းသော နတ်ဘုရားထံတွင် ဖျက်ဆီးခံရမှာ စိုးသည့်အတွက် ငိုတောင် မငိုရဲခဲ့ပေ။
ထိုနတ်ဆိုးက သူ၏ ဆုတောင်းကို အသိအမှတ်ပြုပြီး ဖြည့်ဆည်းပေးနေသော်ငြား ရှန်းလုထျန်း ဟူသည်မှာ ဒဏ္ဍာရီလာနတ်ဆိုးတစ်ကောင်ပင်။ ထိုသူ၏ ရက်စက်မှုက ရင့်မည့်ပြီးသား သစ်သီးတစ်ခုလို အားအင်ပြည့်ဝပြီးသားဖြစ်၏။
အဆင့်အနိမ့်ဆုံး ကျင့်ကြံသူတစ်ဦးထံမှ အတိတ်က အမှားတစ်ခုကို မေးခွန်းထုတ်ခံရခြင်းသည် ရှန်းလုထျန်းကို လူသတ်ချင်စိတ် ပေါက်စေခဲ့သည်။ ထို့ကြောင့်ပင် ယောင်လဲ့ထျန်း၏ သန်မာမှုကို မြင့်တင်နိုင်သည့် နည်းလမ်းပေါင်းများစွာထဲမှ အရက်စက်ဆုံးနည်းလမ်းကို အသုံးပြုပေးခဲ့သည်။
ပထမတစ်ချက်က ပညာပေးဖို့ဖြစ်သည်။ ဒုတိယတစ်ချက်အနေနှင့် သူ့ထံတွင် လူတစ်ယောက်ကိုဖျက်ဆီးနိုင်သော ရက်စက်မှုမျိုး ပိုင်ဆိုင်ထားမှန်း ထိုကောင်လေး နားလည်သွားလိမ့်မည်။ ဤနာကျင်မှုကိုသာ မတောင့်ခံနိုင်ပါက၊ ထိုကောင်လေးကို သူစွန့်ပစ်ခဲ့မည်သာ။ ယောင်လဲ့ထျန်း၏ လက်ရှိအခြေအနေနှင့် လမ်းတစ်ဝက်တင် ရပ်တန့်လိုက်ရပါက၊ မသေလျှင်တောင်မှ တစ်သက်လုံး ပြန်လည်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
သို့သော် ယောင်လဲ့ထျန်း၏ တောင့်ခံနိုင်စွမ်းက သူထင်ထားတာထက် သာလွန်နေခဲ့သည်။ ယခုကဲ့သို့ သန်မာမှုကို အတင်းအကျပ် တိုးမြှင့်ခြင်းသည် အလွန်ပြင်းထန်လေရာ၊ အားနည်းသူတစ်ဦးဆိုလျှင် ရူးလျှင်ရူး၊ မရူးလျှင် သေသွားနိုင်သည်။ သို့သော် ထိုကောင်လေးက အသံတစ်ချက်တောင် မထွက်ခဲ့ပေ။
ထိုအချက်က ပုရွက်ဆိတ်လေး ယောင်လဲ့ထျန်းအပေါ် ထားရှိသော ရှန်းလုထျန်း၏ အမြင်ကို အနည်းငယ် ပြောင်းလဲစေခဲ့သည်။ သို့သော် ရှန်းလုထျန်း၏ နှိပ်စက်မှုကတော့ တစ်စက်လေးမှ လျော့ပါးသွားခြင်း မရှိပါချေ။
နဂိုက သေးငယ်သော ချောင်းတစ်ခုအရွယ်သာ ရှိသေးသော ယောင်လဲ့ထျန်း၏ သွေးကြောများက အခုတော့ ရှန်းလုထျန်း၏ တိုးမြှင့်ပေးမှုကြောင့် ကြီးမားသော မြစ်တစ်စင်းနှယ် ကြီးထွားလာခဲ့သည်။
ရှန်းလုထျန်း၏ စွမ်းအင်ပို့မှု တစ်ဖြတ်ပြီးတိုင်းတွင် မရှိသလောက် နည်းပါးခဲ့သော ချီစွမ်းအင်များက အဆပေါင်းများစွာ ကြီးမားလာခဲ့သော ဒျန်ထျန်အတွင်းသို့ မြစ်သဖွယ် သွေးကြောကြီးများမှတစ်ဆင့် ရှောရှုစွာ ဝင်ရောက်သွားသည်။ လည်ပတ်မှုဖြစ်စဥ် တစ်ခုပြီးတိုင်း ချီစွမ်းအင်သိပ်သည်းမှုက ပိုမိုသန်မာလာသည်။
ရှန်းလုထျန်း၏ အကူအညီကြောင့် များစွာသော ထောက်ပံ့မှုဖြင့် အရည်အသွေးမြင့်တက်လာသော ချီစွမ်းအင်များက ဖြည်းညင်းစွာ မှော်စွမ်းအင်အဖြစ် ပြောင်းလဲလာခဲ့သည်။ ထိုသို့ ချီစွမ်းအင်မှ မှော်စွမ်းအင်ပြောင်းလဲခြင်းကို ချီအသွင်ပြောင်းခြင်းဖြစ်စဥ်ဟု ခေါ်လေသည်။
ထိုသို့ဖြင့် အချိန်တိုအတွင်းမှာပဲ ယောင်လဲ့ထျန်းသည် စစ်မှန်သော ချီစွမ်းအင် နယ်ပယ်မှ ချီအသွင်ပြောင်းခြင်းနယ်ပယ်ကို ခုန်ကျော်သွားလေတော့သည်။ တစ်ထိုင်တည်းမှာ ချီအသွင်ပြောင်းခြင်းနယ်ပယ်၏ ပြီးပြည့်စုံသောအဆင့်ကို ရောက်သွားခဲ့တာ ဖြစ်သည်။
ဒီလိုနဲ့ပဲ အစေခံတာဝန်များမှ ကင်းလွတ်ပြီး ကောင်းမွန်သော ဘဝသစ်အစပိုင်းနှင့် အပြင်တပည့်များအားလုံးထက် သာလွန်စေသော ကျင့်ကြံရေးနယ်ပယ်သည် ယောင်လဲ့ထျန်းထံသို့ ကံကောင်းစွာဖြင့် တိတ်တဆိတ် ရောက်လာခဲ့သည်။
သို့သော်လဲ ဖြစ်စဥ်ပြီးမြှောက်၍ နာကျင်မှုများ ပျောက်ကွယ်သွားသည့်တိုင်အောင် ယောင်လဲ့ထျန်းတွင် ပျော်ရွှင်ဖို့ အချိန်မရှိခဲ့ချေ။
ရှန်းလုထျန်း၏ လက်ဖဝါးမှ တောက်ပသော အစိမ်းရောင် အလင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်း၏ ပုံစံက လေတစ်ချက်မှုတ်လိုက်လျှင်တောင် လွင့်ထွက်သွားနိုင်သည့်နှယ် နုနယ်သော်ငြား မှောင်မိုက်သော သစ်တောအတွင်း ခိုင်မြဲစွာ တောက်ပနေလေသည်။
“ ကောင်လေး ငါတစ်ခါက အဆင့်တက်နိုင်ဖို့အတွက် ထျန်ရှန်းဂိုဏ်းကနေ ရှားပါးရတနာတစ်ခု လုယူခဲ့ဖူးတယ်။ ဒီနေ့ငါမင်းကို ငရဲဆယ်ထပ်က ယူထားတဲ့ ဒီငရဲမီးတောက်အစေ့ ပေးမယ်။ ဒီနေ့ကစပြီး ငါရှန်းလုထျန်းက ထျန်းရှန်းဂိုဏ်းအပေါ် ဘာအကျွေးမှ မရှိတော့ဘူး”
ယောင်လဲ့ထျန်း မတုံ့ပြန်နိုင်ခင်မှာပဲ ရှန်းလုထျန်းသည် ငရဲမီးတောက်အစေ့ကို မှော်စွမ်းအင်များ ဝန်းရံလိုက်ပြီး ယောင်လဲ့ထျန်း၏ ဒျန်ထျန်အတွင်း ပို့ပေးလိုက်သည်။
ချက်ချင်းပင်.. အန္တရာယ်မရှိဘူး ထင်ရသော ထိုအစိမ်းရောင် မီးတောက်ငယ်ဆီမှ တစ်ကိုယ်လုံးကို မီးမြိုက်တော့မတတ် လောင်ကျွမ်းစေသော အပူဓာတ်ကို ယောင်လဲ့ထျန်း ခံစားလိုက်ရ၏။ ငရဲမှ ဖိအားများကိုပါ အတူ သယ်ဆောင်ထားဟန်ရှိသော ထိုမီးတောက်ငယ်က ယောင်လဲ့ထျန်း၏ ခုခံမှုများကို ချက်ချင်း ဖြိုခွဲလိုက်တော့သည်။