နတ်ဆိုးရဲ့ လျှို့ဝှက်ချက်
Vol. 1 Ch. 5
ထိုအချိန်မှာပဲ စွမ်းအားဖြည့်တင်းပေးသည့် ဖြစ်စဥ်ကို ရှန်းလုထျန်း ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖိနှိပ်၍ မရနိုင်သော အင်အားတစ်ခုကို ခံစားမိသောကြောင့် ရှန်းလုထျန်း ချက်ချင်း မျက်မှောင်ကြုတ် သွားလေ၏။
“သေစမ်း၊ အဲ့ဒီမျိုးမစစ်ကောင်တွေက ရွံစရာနည်းလမ်းပဲ သုံးတတ်ကြတယ်”
ရှန်းလုထျန်းသည် ခန္ဓာကိုယ်အတွင်းရှိ ဖိနှိပ်ရေးအမတ မန္တန်၏ အစွမ်းသက်ရောက်မှုကို ခံစားမိသောကြောင့် လုပ်ဆောင်မှုများ ချက်ချင်း ရပ်တန့်သွားပြီး တန်ပြန်သက်ရောက်လာသော စွမ်းအင်များကို ဖိနှိပ်ဖို့ ကြိုးစားလိုက်တာပင်။
သူသည် ထိုကောင်လေး၏ အသံကို ကြားလိုက်ရ၍သာ ဤနေရာတွင် ရပ်လိုက်ဖို့ ရွေးချယ်ခဲ့မိသွားသည်။ ထိုသို့မဟုတ်လျှင် ဤနေရာနှင့် မိုင်းသိန်းချီဝေးသော နေရာမှာ ရှိနေလိမ့်မည်။
သို့သော် ထိုကောင်လေးနှင့် မသိနိုင်သော ဆက်နွယ်မှုတစ်ခုကို ခံစားရ၍ စကားပြောနေခဲ့မိသည်။ ထိုကောင်လေးကို သူ ပေးခဲ့သော စွမ်းအင်များက တစ်ကယ်တော့ ဖိနှိပ်ရေးအမတမန္တန်နှင့် သိမ်းဆည်းထားသော သူ၏စွမ်းအင်များနှင့် ယှဥ်ကြည့်မည်ဆိုလျှင် သမုဒ္ဒရာကြီး၏ ရေတစ်စက်မျှ ပမာဏသာ ရှိသေးသည်။
သို့သော် ရုတ်တရက် မန္တန်က သူ၏ အစွမ်းများကို မထိန်းသိမ်းပေးနိုင်တော့ဘဲ မတည်မငြိမ်ဖြစ်လာသည့်အပြင် တစ်စုံတစ်ယောက်၏ ခြေရာခံမှုကိုပါ ရှန်းလုထျန်း ခံစားမိလိုက်သည်။
“ချီးပဲ”
သူသည် နှစ်ပေါင်းများစွာ ပိတ်မိနေပြီး နောက်ဆုံးမှ လွတ်မြောက်လာခဲ့သည်။ သို့သော် ဖိနှိပ်ရေးမန္တန်ကို အထင်သေးမိပြီး လျစ်လျူရှုကာ အစွမ်းသုံးမိလိုက်သည်။ နောက်ပိုင်း လုံခြုံသော နေရာတစ်ခုရှာဖွေပြီးမှ မန္တန်ကို ချိုးဖျက်ကြည့်လျှင် အောင်မြင်နိုင်ပါသော်ငြား အခု နောက်ကျသွားခဲ့လေပြီ။ အခုတစ်ကြိမ် ထပ်အဖမ်းခံခဲ့ရလျှင် တစ်စုံတစ်ယောက် လာမကယ်ပေးမချင်း လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။
ထိုအချိန်မှာပဲ ရှန်းလုထျန်း၏ အကြည့်က ဘေးမှာရပ်နေသော ယောင်လဲ့ထျန်းအပေါ် ကျရောက်သွားခဲ့သည်။
(ဒီကောင်လေး ကိုင်တွယ်နိုင်လောက်လား..)
(ဒါပေမဲ့ ငါဒီကောင်လေးကို အဲ့ဒီပစ္စည်း ထုတ်ပေးလိုက်ရင်…)
ရှန်းလုထျန်း၏ ခေါင်းထဲအတွေးတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ဖိနှိပ်ရေးအမတမန္တန်၏ အစွမ်းကို တားဆီးနေရင်း တစ်ဖက်မှာ ရှန်းလုထျန်း အသည်းအသန် ချိန်ဆလိုက်လေ၏။
(အင်း၊ ဒီကောင်လေးနဲ့ငါ့ကြားမှာ ဆက်နွယ်မှုတစ်ခုရှိတယ်။ ဒီကောင်လေးရဲ့ စရိုက်ကလဲ တော်တော်လေး ကောင်းမဲ့ပုံပါပဲ။ ပြောမရဘူး.. အနာဂတ်မှာ အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာပြီး ငါ့ကို အကူအညီ သေးသေးလေး ပြန်ပေးနိုင်လောက်ပါတယ်။ ဒါပေမဲ့ စစ်နတ်ဘုရားသွေး တစ်စက်ကို ပေးလိုက်ရမှာတော့ တော်တော် နှမြောဖို့ ကောင်းတာပဲ..)
စစ်နတ်ဘုရားသွေး တစ်စက်ကို ရနိုင်ဖို့အတွက် ရှန်းလုထျန်းသည် အသက်စွန့် ကြိုးစားခဲ့ရသည်။ ထိုအဖိုးကြီးတွေသာ သိသွားပါက သူ့ဆီကနေ လုယူကြမည်ပင်။
အကယ်၍ သူသာ ဤသွေးကို ထုတ်ယူပြီး သန့်စင်ထားလို့မဟုတ်လျှင် အခုလို လွတ်မြောက်လာမှာ မဟုတ်ဘူး။ သို့သော် အခုတော့ ထိုအဖိုးကြီးတွေအားလုံးက သူ့ကိုပြန်မိတာနှင့် နည်းလမ်းပေါင်းစုံသုံးပြီး နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းကြလိမ့်မည်။ ထိုအဖိုးကြီးတွေလက်ထဲ ရောက်မည့်အစား ဤကောင်လေးကို ပေးလိုက်လျှင် သူတို့နှစ်ဦးလုံးအတွက် အကျိုးထူးနိုင်မည် ဖြစ်သည်။
တစ်ဖြည်းဖြည်း အင်အားကြီးလာသော မန္တန်အစွမ်းကြောင့် ရှန်းလုထျန်း လျှင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ခန္ဓာကိုယ်၏ အနက်ပိုင်းနေရာကနေ အဆုံးမဲ့သော စွမ်းအင်များ ဝန်းရံထားသည့် သွေးတစ်စက်ကို ထုတ်ယူလိုက်တော့၏။ ရှန်းလုထျန်းသည် ခန္ဓာကိုယ်အတွင်းက စွမ်းအင်ကို အသုံးပြုပြီး ထိုသွေး၏ပြင်းထန်သော စွမ်းအင်ကို အတင်းအကျပ် ဖိနှိပ်ထားရသည်။ စစ်မှန်သော စစ်နတ်ဘုရား၏သွေးကြောင့် ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားနိုင်သည်လေ။
ခန္ဓာကိုယ်အတွင်းမှ ထုတ်ယူပြီးသည်နှင့် ရှန်းလုထျန်းက စစ်နတ်ဘုရားသွေးကို ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းဆည်းစေလိုက်သည်။
တစ်ချိန်ထဲမှာပဲ ရှန်းလုထျန်းသည် ဆန်းကြယ်နက်နဲသော မန္တန်တစ်ပုဒ်ကို ယောင်လဲ့ထျန်း၏ မှတ်ဉာဏ်အတွင်း အတင်းထည့်သွင်းလိုက်သည်။
ပြင်းထန်သော နာကျင်မှုကြားမှာတောင်မှ အသံတစ်ချက်မထွက်ခဲ့သော ယောင်လဲ့ထျန်း မနေနိုင်စွာ ညည်းညူလိုက်တော့သည်။
ဝိညာဥ်အနက်ပိုင်းက ခံစားလိုက်ရသော နာကျင်မှုက အံကြိတ်ရုံနှင့် တောင့်ခံနိုင်ဖို့ မလွယ်ကူခဲ့ပေ။ ကံကောင်းစွာဖြင့် နာကျင်မှုက မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သေမင်းတံခါးဝမှ လွတ်မြောက်ခဲ့သလိုမျိုး ယောင်လဲ့ထျန်း ခံစားနေရ၏။
“ဟေ့ကောင် မသေချင်ရင် မြန်မြန်မန္တန်ရွတ်ဟ။ ငါ့မှာအချိန်မရှိဘူး”
ရှန်းလုထျန်း၏ လေသံက အရင်လို ဘာကိုမှ ဂရုမစိုက်ဟန်များ မရှိတော့ဘဲ ပြင်းထန်နေခဲ့သည်။
“ဥပဒေက အရာတိုင်းကိုမွေးဖွားစေတယ်။ သဘာဝတစ်ခုနဲ့ စတင်ပြီး မျိုးဆက်တိုင်းက အချင်းချင်း အကျိုးပြုသလို အချင်းချင်း ဖျက်ဆီးကြတယ်။ ဘယ်အရာကမှ အတုအယောင်တစ်ခုထက် မပိုတော့ပေ…”
စစ်နတ်ဘုရား၏ သွေးတစ်စက်က ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်း ရောက်လာသည်နှင့် ပင်လယ်ငါးစင်း၊ မြစ်ချောင်းငါးသွယ်ကို သေးငယ်သော ချောင်းတစ်ခုအဖြစ် အတင်းအကျပ် ပေါင်းစည်းခံရ၍ တန်ပြန် ကန်လိုက်သည့်နှယ် တောင့်မခံနိုင်လောက်သော ခံစားမှုကို ဖြစ်ပေါ်စေခဲ့သည်။ လွှမ်းမိုးနိုင်စွမ်းပြည့်ဝသော စိတ်ဝိညာဥ်အပြည့်နှင့် လူသတ်အရိပ်အငွေ့များက ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ခွဲပစ်တော့မည့်နှယ် ခြိမ်းခြောက်လာတော့သည်။
ရှန်းလုထျန်း လို ကျွမ်းကျင် ကျင့်ကြံသူတစ်ဦးတောင်မှ ထိုသွေးစက်ကို ခန္ဓာကိုယ်အတွင်း သိမ်းဆည်းနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ရလေရာ၊ ယောင်လဲ့ထျန်းဆို အဘယ်မျှ လိုအပ်လောက်မည်နည်း…
ယောင်လဲ့ထျန်းသည် အစောပိုင်းက စူးရှသောနာကျင်မှုများကို တောင့်ခံနိုင်ခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို.ဘယ်လိုပင် တောင့်ခံနိုင်ပါစေ၊ အဆုံးမဲ့သော တက်ကြွသည့် လူသတ်အရိပ်အငွေ့များက ဧရာမတိုက်ပွဲကွင်းပြင်၏အလယ်မှာ ရပ်နေရသလိုမျိုး ဦးနှောက်ကို အသည်းအသန် အလုပ်လုပ်စေသည့်အတွက် ရူးတော့မတတ် ခံစားနေရ၏။ ထို့အပြင် ငရဲမီးတောက်အစေ့၏ တောက်လောင်နေသော အပူဓာတ်က ပံ့ပိုးနေလေရာ၊ ယောင်လဲ့ထျန်းတစ်ယောက် အချိန်မရွေး သေဆုံးခါနီး အနေအထားမှာ ရှိနေသည်။
ကံကောင်းစွာဖြင့် ရှန်းလုထျန်း အတင်းအကျပ် ရိုက်သွင်းပေးထားသော မန္တန်ကို ရွတ်ဆိုလိုက်သည့်အတွက် ရှန်းလုထျန်း အစောပိုင်းက ထည့်သွင်းပေးထားသော စွမ်းအင်များက ရုတ်ချည်းအသက်ဝင်ကာ သွေးစက်၏ ပတ်ပတ်လည်ကို အစီအရင်တစ်ခု ဝန်းရံပေးလိုက်သည်။ ထိုအစီအရင်က သွေးစက်၏ ကြမ်းတမ်းသော အရိပ်အငွေ့ကို ယာယီတော့ ထိန်းပေးထားနိုင်သည်။
ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း၏ စိတ်အာရုံထဲမှာ နက္ခတ်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ကျယ်ပြောသော အာကာသထဲတွင် များစွာသော ကြယ်များက အစီအရီ စုဝေးနေရင်း လူသားခန္ဓာကိုယ်၏ သွေးကြောနှင့် သွေးကြောဆုံမှတ် များကို ပုံရိပ်ထင်နေစေသည်။
ထိုအချိန်မှာပဲ ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်အတွင်းက အတွင်းစွမ်းအင်များသည် ပုံရိပ်ထဲရှိ သွေးကြောမှတ်များအတွင်း အလိုအလျောက် စီးဝင်သွားပြီး စစ်နတ်ဘုရားသွေးစက်မှ ထုတ်ပေးနေသော စွမ်းအင်ကို ခန္ဓာကိုယ်နှင့် ပေါင်းစည်းစေခဲ့သည်။
ယောင်လဲ့ထျန်းသည် လျော့နည်းသွားသော နာကျင်မှုနှင့်အတူ အားနည်းသွားသော မီးတောက်၏ အပူဓာတ်ကိုပါ ခံစားလိုက်ရသည်။
ရှန်းလုထျန်းကလည်း စွမ်းအင်များ အဆတ်မပြတ် ပံ့ပိုးရင်း ငရဲမီးတောက်နှင့် စစ်နတ်ဘုရားသွေး၏ စွမ်းအင်ကြောင့် ထိခိုက်မှုနည်းစေဖို့ ကူညီပေးနေသည်။ ယောင်လဲ့ထျန်း၏ အားနည်းလွန်းသော အသက်ဓာတ်ကို ငရဲမီးတောက်၏ ဝါးမြိုမှုမှ လွတ်မြောက်နိုင်ရန်အတွက် တစ်ဖြည်းဖြည်း ကြီးမားလာသော မှော်စွမ်းအင်နှင့် မီးတောက်ကို ငြိမ်းသက်နိုင်ဖို့ လုပ်ပေးလိုက်သည်။
ဒီလိုနှင့် ယောင်လဲ့ထျန်းက စစ်နတ်ဘုရားသွေးကို ထိန်းချုပ်လာနိုင်ပြီး တည်ငြိမ်အောင် ပြုလုပ်နိုင်သွားကာ သွေးစက်၏ ပြင်းထန်သော လူသတ်အရိပ်အငွေ့မှ ယာယီ ရှောင်တိမ်းနိုင်သွားသည်။
တစ်နာရီတိတိ ကြာပြီးနောက်မှသာ စစ်နတ်ဘုရားသွေးစက်က အနည်းငယ် တည်ငြိမ်လာခဲ့ပြီး ငရဲမီးတောက်သည်လည်း မှော်စွမ်းအင်ကို တွန်းကန်ခြင်း ရပ်တန့်သွားခဲ့သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ရှန်းလုထျန်းက နောက်ထပ် မှော်စွမ်းအင် အလုံးအရင်းလိုက်ကြီးကို ယောင်လဲ့ထျန်း ခန္ဓာကိုယ်အတွင်း ပစ်သွင်းကာ ငရဲမီးတောက်နှင့် ပေါင်းစည်းစေခဲ့သည်။
ငြိမ်သက်သွားသော ငရဲမီးတောက်က ဒျန်ထျန်အတွင်း တည်ငြိမ်စွာ အနည်ကျသွားခဲ့ပြီး အပူငွေ့များ ထပ်မထုတ်တော့ပေ။ ဒျန်ထျန်အတွင်းရှိ လောင်ကျွမ်းမှုများပြည့်နေသော ငရဲမီးတောက်က ပြောင်းလဲသွားကာ ပိုမိုသိပ်သည်းသွားသည်ဟု ယောင်လဲ့ထျန်း ချက်ချင်း ခံစားလိုက်ရသည်။