← Chapters

သွေးတစ်စက်

Vol. 1 Ch. 6

သွေးတစ်စက်

Vol. 1 Ch. 6

အဆင့်တော့မည့် ခံစားချက်ကို ဝိုးတဝါး ရလိုက်သည့်အတွက် ယောင်လဲ့ထျန်း ချက်ချင်းပဲ ကြာပန်းပုံ ထိုင်ချလိုက်သည်။ အတွင်းစွမ်းအင်များကို အပြီးတိုင် ငြိမ်သက်စေပြီးနောက်တွင် ယောင်လဲ့ထျန်း၏ အရှိန်အဝါက သိသာစွာ မြင့်မားလာတော့သည်။

သူသည် အတွင်းစွမ်းအင်စုစည်းခြင်း နယ်ပယ်ကို ရောက်ရှိသွားခဲ့သည်။

(ငါ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်သွားပြီကွ)

ယောင်လဲ့ထျန်း မယုံကြည်နိုင် ဖြစ်နေလေ၏။ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်သည် ကျင့်ကြံမှု၏ အခြေခံများထဲမှ တစ်ခုသာ ဖြစ်သော်လည်း စစ်မှန်သော ​ကျင့်ကြံသူများသာ ရရှိနိုင်သည့် ဤကျင့်ကြံမှုနယ်ပယ်က အတိတ်က ယောင်လဲ့ထျန်းနှင့် လားလားမျှ မသက်ဆိုင်ခဲ့ပေ။

ညလေပြေအေးက ယောင်လဲ့ထျန်းကို ဖြတ်တိုက်သွားခဲ့သည်။ ယောင်လဲ့ထျန်းသည် အရှေ့တွင် ရပ်နေသော ရှန်းလုထျန်းကို ရွှန်းရွှန်စားစား မော့ကြည့်လိုက်လေ၏။ ထိုသူ၏ အနက်ရောင် ချည်မျှင်များက သိသာစွာ နည်းပါးသွားသည့်အတွက် အများကြီး ကြိုးစားပေးခဲ့မှန်း သိနိုင်ပါသည်။

ရှန်းလုထျန်းအတွက် တကယ်ကို မလွယ်ကူခဲ့ပေ။ ပြင်းထန်လွန်းသော ဖိနှိပ်ရေးမန္တန်၏ အစွမ်းကို ပြန်ဖိနှိပ်နေရင်း တစ်ဖက်ကနေ ယောင်လဲ့ထျန်းကို ငရဲမီးတောက်အစွမ်းကို အသုံးပြုပြီး စစ်နတ်ဘုရားသွေးနဲ့ အကျွမ်းတဝင် ဖြစ်သွားအောင် ပြုပြင်ပေးရသည်။

အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်လာသည့်အတွက် ပိုအားကောင်းလာသော စွမ်းအင်ကို အာရုံခံပြီးနောက် ယောင်လဲ့ထျန်း အိပ်မက် မက်နေသလို ခံစားလိုက်ရသည်။

(အာဏာ.. ဒါက အာဏာရှိသွားသလိုမျိုးပဲ)

ကမ္ဘာကူးပြောင်းပြီးနောက် သူတောင်းစားလို ရှင်သန်ရ..

ကျင့်ကြံရေးဂိုဏ်းအတွင်း ခွေးတစ်ကောင်လို အခိုင်းခံရပြီး..

နောက်ဆုံးမှာတော့ သူသည် စစ်မှန်သော အာဏာရှိမှုကို ခံစားဖူးသွားလေပြီ။ ရှန်းလုထျန်း၏ မျက်လုံးထဲမှာ သာမာန် အဆင့်တက်မှုလေးတစ်ခုသာ ဆိုသော်ငြား ယောင်လဲ့ထျန်းအတွက်တော့ ဒါက သူ့ဘဝ၏ အံ့သြဖို့အကောင်းဆုံးနှင့် အခမ်းနားဆုံး အခိုက်အတန့်တစ်ခု ဖြစ်လေသည်။

စွမ်းအားကြီးသွားသည့် ခံစားချက်က နှလုံးသားကို ပျော်ရွှင်အေးမြစေသည်။

ရှန်းလုထျန်းကိုတောင်မှ ယောင်လဲ့ထျန်း မကြောက်ရွံ့မိတော့ပေ။

ယောင်လဲ့ထျန်း.ကျေးဇူးတင်ဖို့ရန် ပါးစပ်ဟလိုက်ချိန်မှာပဲ ရှန်းလုထျန်းက အရင်ဆုံးပြောလိုက်သည်။

“ကောင်လေး၊ ငါမင်းကို သင်ပေးလိုက်တဲ့ မန္တန်က စစ်နတ်ဘုရားရဲ့ရတနာလို့ခေါ်တဲ့ ရှေးမန္တန်တစ်ခုပဲ”

ရှန်းလုထျန်း၏ မျက်နှာက ချက်ချင်း တည်ငြိမ်သွားခဲ့သည်။

“စစ်နတ်ဘုရားသိုင်းကျင့်စဥ်တွေက သေမျိုးတွေအတွက် မဟုတ်ဘူး။ အဲ့ဒီကျင့်စဥ်တွေက စစ်နတ်ဘုရားသွေးမျိုးဆက်ကို ဆက်ခံနိုင်တဲ့သူတွေအတွက် ဖန်တီးထားတဲ့ အရာတွေပဲ။ ဒါပေမဲ့ စစ်နတ်ဘုရားမျိုးဆက်က ပျောက်ကွယ်သွားတာ ကြာခဲ့ပြီ။ ဒါပေမဲ့ ငါတစ်ခါက ကံကောင်းပြီး စစ်နတ်ဘုရားရဲ့ သွေးတစ်စက်ကို ရခဲ့တယ်။ မင်းရဲ့ခန္ဓာကိုယ်ထဲကို ငါအဲ့ဒီသွေးစက် ပို့ထားပြီးပြီ။ ဒါကြောင့် မင်းအဲ့ဒီမန္တန်ကို ရွတ်ဆိုနိုင်တာပဲ။ ဒါပေမဲ့ မင်းက သာမာန် လူသားတစ်ယောက်ပဲ။ သာမာန်လူသားတစ်ယောက်ကသာ ကျင့်ကြံလိုက်မယ်ဆိုရင် အနှစ်ရှစ်ရာ ကြာတာနဲ့ ခန္ဓာကိုယ်က ပေါက်ကွဲပြီး သေရလိမ့်မယ်”

“ အဲ့ဒီကံကြမ္မာကို တားဆီးနိုင်မဲ့ နည်းလမ်းက ငါ့ထဲမှာပဲရှိတယ်။ ဒီတော့ မင်းမသေချင်ရင် ငါ့ကို နှစ်ရှစ်ရာအတွင်း.လာရှာပါ”

ရှန်းလုထျန်းသည် ဆက်ပြောချင်ခဲ့သည်။ သို့သော်ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကို အာရုံခံမိလိုက်၍ စကားလုံးများစွာကို မပြောနိုင်ခဲ့ပေ။ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။ အကယ်၍ ဒီအချိန်မှာ တစ်ခုခု မှားယွင်းသွားခဲ့လျှင် သူကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်သွားရလိမ့်မည်။

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခု ရုတ်ချည်း ထွက်ပေါ်လာကာ မှောင်မဲနေသော ကောင်းကင်ကျယ်အနှံ့တွင် မျက်စိကျိန်းလောက်သော အလင်းများ ပါဝင်သည့် အပြာရောင်တိမ်စိုင်များက နေရာဝင်ယူလိုက်သည်။

အင်အားကြီးသော နတ်အာရုံခံမှုက ကောင်းကင်နှင့်မြေကြီးကြား လှည့်ပတ်ရင်း နှံ့နှံ့စပ်စပ် ရှာဖွေနေရာမှ အနီးပတ်ဝန်းကျင်တွင် ပစ်မှတ်ကို သတိထားမိသွားသည့်နှယ် ပစ်မှတ်ရှိရာကို အလင်းပေးလိုက်ကြသည်။

“နတ်ဆိုးအိုကြီးက ချန်ဟွမ် တောင်မှာပဲ”

မိုးခြိမ်းသံလို အားပြင်းလှသည့် အသံတစ်ချက် အပြီးမှာပဲ မရေမတွက်နိုင်သော အင်အားကြီး အရှိန်အဝါများက ချန်ဟွမ်တောင်ပေါ် ကျရောက်လာခဲ့သည်။.

ယောင်လဲ့ထျန်းသာ အတွင်းစွမ်းအင်စုစည်းခြင်း နယ်ပယ်ကို အဆင့်မတက်ခဲ့လျှင် ထိုသူတွေ၏ သန်မာမှုကို မမှန်းဆနိုင်ပဲ အင်အားကြီးပုဂ္ဂိုလ်များ ဟူ၍သာ ယေဘုယျ မှတ်ယူလိုက်မှာပင်။

သို့သော်ငြား လက်ရှိ ယောင်လဲ့ထျန်းသည် အဆုံးမရှိအောင် အင်အားမဲ့မှုကို ခံစားနေရလေသည်။ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကို ဖောက်ထွက်မတတ် အလွန်မြင့်မားသော တောင်ထိပ်ကို မမြင်မကန်း မော့ကြည့်နေရသကဲ့သို့ပင်။

ထိုသူတွေအားလုံးက ကောင်းကင်ထက်က နတ်နဂါးများနှယ် အင်အားကြီးလွန်းကြသည်။

“ ဟိုမအေပေးတွေ တစ်ကယ်မှီကုန်ပြီပဲ။ ဒီတစ်ခေါက်လဲ ကျရှုံးတော့မှာပဲ။ ကျွတ်”

ရှန်းလုထျန်း စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး ယောင်လဲ့ထျန်းကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ဟေ့ကောင်၊ နှစ်ရှစ်ရာနေရင် မရဏအကျဥ်းထောင်ကို သေချာပေါက် လာပြီးငါ့ကို ကယ်ရမယ်။ မဟုတ်လို့ကတော့ မင်းသေပြီပဲ”

“ငါခုနက မင်းရဲ့မှတ်ဉာဏ်ထဲကို 'သိမ်မွေ့သောအမတလှုပ်ရှားမှုသိုင်း’ နဲ့ ‘ကောင်းကင်ဖြိုခွင်းပုံစံကွက်သိုင်း’ ရဲ့ ပထမလှုပ်ရှားမှုနှစ်ခုကိုပါ ထည့်ပေးထားတယ်။ ငါ့ကိုစိတ်မပျက်စေနဲ့”

“မင်းခန္ဓာကိုယ်ထဲက သွေးစက်ကို ကာကွယ်ဖို့ ယာယီအစီအရင်တစ်ခု ငါဆောက်ပေးထားပေမဲ့ အဲ့ဒါက အချိန်ကြာတာနဲ့ ပျောက်ကွယ်သွားမှာပဲ။ သွေးစက်ကို မင်းအမြန်ဆုံး သန့်စင်နိုင်မှ ရမယ်။ ပြီးတော့ ဒီကိစ္စကို ဘယ်သူ့မှ မသိစေနဲ့။ မဟုတ်ရင် တစ်လောကလုံးက ကျင့်ကြံသူတွေအကုန် မင်းနောက်လိုက်လာလိမ့်မယ်”

“အေးပြီးတော့၊ ငါ ခက်ခက်ခဲခဲ ဆုဆောင်းထားတဲ့ ဆေးကျမ်းတွေအားလုံးကိုလဲ မင်းရဲ့ မှတ်ဉာဏ်ထဲ ထည့်ပေးထားတယ်။ ကျင့်ကြံသူတစ်ယောက်က ဆေးလုံးမှ မဖန်တီးနိုင်ရင် အဆင့်တက်ဖို့ဆိုတာ ကောင်းကင်ဘုံပေါ် တက်ရသလိုပဲ ခက်ခဲလိမ့်မယ်။ ကောင်းမွန်တဲ့ မီးပေါင်းဖို တစ်ခုရှာပြီးတော့ ငရဲမီးတောက် အကူအညီနဲ့ ဆေးလုံးဖန်တီးပါ။ နှစ်ရှစ်ရာကြာရင် ငါ့ကို ကယ်တင်ဖို့ မင်းမှာ အရည်အချင်းတွေ ရှိလာလိမ့်မယ်”

(စစ်နတ်ဘုရားရဲ့ရတနာမန္တန်၊ စစ်နတ်ဘုရားရဲ့ သွေးတစ်စက်၊ သိမ်မွေ့သောအမတလှုပ်ရှားမှုသိုင်း၊ ကောင်းကင်ဖြိုခွင်းပုံစံကွက်သိုင်း…

ဖြစ်ပျက်သွားတာတွေ အများကြီးပဲဟ။ ဒီဘဲက သူ့ကိုလာကယ်ဖို့တောင် မှာသွားသေးတယ်.. လာနောက်နေတာလား..)

သို့သော်ငြား ဤအခြေအနေမှာ ရှန်းလုထျန်းသည် ယောင်လဲ့ထျန်းကို စကားပြောဖို့ အခွင့်အရေးပင် မပေးခဲ့ပါချေ။

ရှန်းလုထျန်း လက်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အဝါရောင်အလင်းတစ်ခု ထွက်ပေါ်လာကာ ယောင်လဲ့ထျန်းကို ဝန်းရံပြီး မြေကြီးထဲ ဆွဲခေါ်သွားခဲ့သည်။

“မှတ်ထား၊ မင်းသာ စကားမပြောသရွေ့ ဘယ်သူမှ မင်းကို သတိထားမိမှာမဟုတ်ဘူး။ သူတို့တွေ နတ်အာရုံမသုံးဘဲ မင်းကို မတွေ့နိုင်ဘူး”

ယောင်လဲ့ထျန်းကို မြေကြီးအောက်ဆွဲခေါ်ပြီးသည်နှင့် အစီအရင်က မြေကြီးအရောင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလိုက်သည်။ ယောင်လဲ့ထျန်း၏ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ပေးသွားသည့်အတွက် အဆင့်မြင့် ကျင့်ကြံသူတစ်ဦးမဟုတ်လျှင် နတ်အာရုံ အသုံးပြုလျှင်တောင်မှ ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။

ထိုအချိန်မှာပဲ မြေကြီးက ရုတ်ချည်းတုန်ခါသွားကာ ထူးချွန်ကျင့်ကြံသူများ၏ အရှိန်အဝါများစွာက ကောင်းကင်မှ ဆင်းသက်လာခဲ့သဖြင့် ချန်ဟွမ်တောင်ရှိ ငှက်များနှင့်သားရဲများအားလုံး ကြောက်လန့်တကြား ထွက်ပြေးကုန်လေတော့သည်။

“စောက်ရှက်မရှိတဲ့ကောင်တွေ၊ မင်းတို့သတ္တိရှိရင် ငါ့ခန္ဓာကိုယ်ထဲက အစွမ်းပိတ်သိမ်းမန္တန်ကို အသက်မသွင်းပဲ ငါနဲ့တိုက်ရိုက် ချလိုက်စမ်းပါ”

“ဟေ့အဘိုးကြီး လေကုန်ခံမနေနဲ့။ ခင်ဗျားရဲ့ အစွမ်းကို မန္တန်နဲ့ထိန်းချုပ်ထားပြီးမှတော့ ခင်ဗျားက ငါတို့ကြိုးဆွဲရာကရမဲ့ ရုပ်သေးရုပ် တစ်ကောင်ပဲ။ ငါတို့နဲ့ မရဏချောက်ကမ်းပါးကို အခု ပြန်လိုက်ခဲ့စမ်း”

ထိုသို့​ ဖြင့်​​ ​ရှင်းလုထျန်းတစ်ယောက် အစွမ်းအားလုံး ပိတ်သိမ်းခံလိုက်ရပြီး အင်အားမဲ့စွာဖြင့် ပြန်အဖမ်းခံလိုက်ရလေတော့သည်။

All Chapters