← Chapters

ဂိုဏ်းတူညီနောင်ရေ

Vol. 1 Ch. 8

ဂိုဏ်းတူညီနောင်ရေ

Vol. 1 Ch. 8

အခုတွင် ရှင်းလုထျန်း ဆောင်ရွက်ပေးသွားသော သွေးကြော သန့်စင်ခြင်းကြောင့် ယောင်လဲ့ထျန်း၏ ကျင့်ကြံမှုက အတွင်းစွမ်းအင် စုစည်းခြင်းနယ်ပယ်ကို ရောက်လာခဲ့ပြီးတဲ့အပြင် အလွန်ထူးခြားသော စစ်နတ်ဘုရားသိုင်းကျမ်းနှင့်အတူ စစ်နတ်ဘုရားသွေးစက်ကိုပါ ရရှိလိုက်သည်။ ထို့အတူ ယောင်လဲ့ထျန်း နှုတ်မှထုတ်ပြောရန် အနည်းငယ် ကြောက်ရွံ့မိသည့် ငရဲမီးတောက်လည်း ရှိနေသေးသည့်အတွက် သူ၏ နှစ်ပေါင်းများစွာ မြုပ်နှံထားခဲ့သော အိပ်မက်များက စတင်ပျံ့နှံ့လာတော့သည်။ ဤသို့ဖြင့် ယောင်လဲ့ထျန်း တစ်ယောက် သွေးများပွက်ပွက်ဆူလာသလိုပင် ခံစားလိုက်ရသည်။

“ငါ့ကို အနိုင်ကျင့်ခဲ့တဲ့ကောင်တွေ အကုန် စောင့်နေလို​က်စမ်းပါ”

ယောင်လဲ့ထျန်း စိတ်ထဲမှ တိတ်တဆိတ် သံဓိဋ္ဌာန် ချလိုက်သည်။

ထိုသို့ဖြင့် အကာအကွယ်အစီအရင်က မြေကြီးအရောင်မှ ပုံမှန်အရောင်အဖြစ် ပြန်ပြောင်းရင်း အရွယ်အစားလည်း တဖြည်းဖြည်း သေးငယ်လာသည်။ အဆုံးမှာ နဂိုလက်သည်းအရွယ်ကို ရောက်ရှိပြီး ယောင်လဲ့ထျန်း၏ လက်အတွင်း ကျဆင်းလာခဲ့သည်။

အစီအရင်ပုံစံငယ်ကို သိမ်းဆည်းပြီးသည်နှင့် ယောင်လဲ့ထျန်းသည် အန္တရာယ်များသော နေရာမှ ထွက်ခွာဖို့ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပဲ လေသံတစ်ချက် ကြားလိုက်ရပြီး ဖောက်ထွင်းမြင်နိုင်သော လက်ဖဝါးကြီးတစ်ဖက်က ယောင်လဲ့ထျန်းကို အနောက်မှ တိုက်ခိုက်လာခဲ့သည်။

ထိုလက်ဖဝါး၏ ဖမ်းဆုတ်မှုအောက်မှာ လေထုပင် ရပ်တန့်သွားလေ၏။

ဤလက်ဖဝါးသည် ချီစွမ်းအင်အသုံးပြုပြီး ဖန်တီးထားသော ပုံရိပ်ယောင် လက်ဖဝါးပင်။ အဆင့်နိမ့် သိုင်းပညာတစ်ခုဆိုသော်ငြား စွမ်းအင်အပြည့် အသုံးပြုလိုက်ပါက တောင်များ၊ မြစ်များပင် ပိုင်းခြားနိုင်အောင် အစွမ်းထက်သည်။ ရှန်းလုထျန်း၏ အင်အားကြီးစွမ်းအင်ကို မနှိုင်းယှဥ်နိုင်သော်ငြား ဤသန်မာမှုက သေချာပေါက် သာမာန်ကျင့်ကြံသူများ၏ လုပ်နိုင်စွမ်းကို ကျော်လွန်နေသည်။

ပုံရိပ်ယောင် လက်ဖဝါးက တစ်ဖြည်းဖြည်း လက်သီးဆုတ်လိုက်ပြီး ယောင်လဲ့ထျန်းကို ခြေမွဖို့ ကြိုးစားလိုက်သည်။ အတွင်းစွမ်းအင် စုစည်းခြင်းနယ်ပယ်ကို ရောက်လာသောကြောင့် ယောင်လဲ့ထျန်းသည် ထိုပုံရိပ်ယောင်လက်ဖဝါး ထွက်ပေါ်လာမှုကို အချိန်မှီသတိထားမိနိုင်ခဲ့သော်ငြား လက်တွေ့ အတွေ့အကြုံ နည်းပါးခြင်းကြောင့် မရှောင်တိမ်းနိုင်ခဲ့ပေ။

သို့သော် ကံကောင်းစွာဖြင့် ဧရာမလက်ဖဝါး၏ သန့်စင်သော စွမ်းအင်က ချီအသွင်ပြောင်းခြင်းနယ်ပယ်မှာသာ ရှိနေခဲ့သည်။

ချီအသွင်းပြောင်းခြင်းအဆင့်တွင် စစ်မှန်သော ချီစွမ်းအင်ကို မှော်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။ သို့သော် မှော်စွမ်းအင်သည် အပြည့်အဝ မသန့်စင်သေးပေ။ ချီအသွင်ပြောင်းခြင်းနယ်ပယ်နှင့် တာအိုလက်ဖဝါးကို အသုံးပြုနိုင်လေရာ၊ ထိုသူ၏ သန်မာမှုက ချီအသွင်ပြောင်းခြင်းနယ်ပယ်၏ ပြီးပြည့်စုံသော အဆင့်ကို ရောက်နေနိုင်သည်။

လက်ဖဝါးအတွင်း ပိတ်မိနေသော ယောင်လဲ့ထျန်းသည် အတွေ့အကြုံမရှိသော်ငြား သွေးကြောသန့်စင်ခြင်း ဖြစ်စဥ်ကြောင့် သူ၏သန်မာမှုက အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်တွင် ရှိနေပြီးသားပင်။ လက်ဖဝါး၏ တိုက်ခိုက်မှုကို အာရုံခံမိသည်နှင့် ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်သူထက် အဆပေါင်းများစွာ သန့်စင်သော မှော်စွမ်းအင်များက ယောင်လဲ့ထျန်းကို အလိုအလျောက် ကာကွယ်ပေးထားခဲ့သည်။

သွေးကြောသန့်စင်ခြင်းကြောင့် ပိုမိုကောင်းမွန်လာခဲ့သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည်လည်း ဧရာမလက်ဖဝါးကို ဘေးကင်းစွာ အံတုနိုင်ခဲ့သည်။ ထို့နောက် ယောင်လဲ့ထျန်း၏ အတွင်းစွမ်းအင်များက တဖြည်းဖြည်း စုဝေးလာခဲ့ပြီး ချုပ်နှောင်ထားသော လက်ဖဝါးကို ဖောက်ထွက်လိုက်လေသည်။

ယောင်လဲ့ထျန်း အနောက်လှည့်ကြည့်လိုက်ချိန်တွင် မယုံကြည်နိုင်စွာ ကြည့်နေသော ချင်းယာကို မြင်လိုက်ရ၏။

ချင်းယာသည် ဂိုဏ်းအတွင်းက ယောင်လဲ့ထျန်းကို အနိုင်ကျင့်သူများအတွင်းမှ တစ်ယောက်ဖြစ်သည်။ ဂိုဏ်းအတွင်း၌ သူ၏ ဂုဏ်သတင်းက မကောင်းလှပေ။ သို့သော် ချင်းယာက အပြင်တပည့်များအတွင်းမှ အသန်မာဆုံး ကျားဆယ်ကောင်အဖွဲ့၏ ဆယ်ယောက်မြောက် အဖွဲ့သားလည်း ဖြစ်သလို ချီအသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသေး၏။ ထို့အပြင် အတွင်းတပည့် အကိုတစ်ယောက်ရှိသောကြောင့် နောက်ခံ တောင့်သည်။ ထို့ကြောင့် အပြင်တပည့်များအတွင်း ဘယ်သူကမှ ချင်းယာကို အပြစ်မလုပ်ရဲကြပေ။

“ဟေ့ကောင် ငါ့ကို ရတနာပေးစမ်း”

ချင်းယာသည် ဂိုဏ်း၏ အကြီအကဲများ ဤနေရာသို့ရောက်လာသည်ကို တွေ့လိုက်သောကြောင့် စပ်စုစွာဖြင့် အသည်းအသန် ရောက်လာခဲ့တာပင်။ ထိုအချိန်မှာပဲ အကာအကွယ်အစီအရင်က လက်သည်းအရွယ် ခရုခွံအဖြစ် သေးငယ်သွားသော ဖြစ်စဥ်ကို သေချာစွာ ​မြင်တွေ့လိုက်ရသည်။ မနေ့ကအဖြစ်အပျက်ကို ချက်ချင်းစဥ်းစားမိလိုက်သည့်အတွက် ယောင်လဲ့ထျန်းတွင် ထူးခြားသော ရတနာတစ်ခု ရထားမှန်း သဘောပေါက်လိုက်တော့သည်။ ထို့ကြောင့် ပုံရိပ်ယောင်လက်ဖဝါးနှင့် ယောင်လဲ့ထျန်းကို သတ်ပစ်ပြီး ရတနာကိုလုယူဖို့ ကြိုးစားခဲ့လေသည်။ သို့သော် ထိုရတနာ၏ ကာကွယ်ပေးမှုကြောင့် သူ၏ ထူးချွန်လှသော ပုံရိပ်ယောင်လက်ဖဝါးကပင် ယောင်လဲ့ထျန်းကို မထိခိုက်စေခဲ့ပေ။

ကျင့်ကြံရေးလောကတွင် သိုင်းကျင့်စဥ်များကို သာမာန်ကျင့်စဥ်၊ တာအိုကျင့်စဥ်နှင့် အမတကျင့်စဥ်ဟူ၍ သန်မာမှုအလိုက် အဆင့် ခွဲခြားထားသည်။ ထိုအဆင့်တိုင်းတွင်လည်း အဆင့်နိမ့်၊ အဆင့်လတ်၊ အဆင့်မြင့်နှင့် အဆုံးစွန်အဆင့်ဟူ၍ ထပ်မံ ပိုင်းခြားထားသည်။

ချင်းယာ၏ ပုံရိပ်ယောင်လက်ဝါးသည် သာမာန်အဆင့်နိမ့်ကျင့်စဥ် တစ်ခုဖြစ်၍ သင်ယူရန်လွယ်ကူသော်ငြား ကျွမ်းကျင်ဖို့ အင်မတန်ခက်ခဲသည်။ သူ၏ ထူးချွန်လှသော ပါရမီနှင့် အကိုဖြစ်သူ ချင်းဖုန်၏ သီးသန့် သင်ပြပေးမှုကြောင့်သာ မဟုတ်လျှင် အခုလို သန်မာမှုမျိုး ထွက်လာအောင်ထိ ဖန်တီးနိုင်မည် မဟုတ်ပေ။

ချင်းယာသည် တိတ်တဆိတ် စမ်းသပ်ခဲ့ဖူးသည်။ သူ၏ ပုံရိပ်ယောင်လက်ဖဝါးက တစ်ချက်တည်းနှင့် ကျောက်တုံးကြီးများကိုပင် ခွဲချေနိုင်၏။ သို့ပေသည့် အခုချိန်တွင် သူ၏အင်အားကြီး လက်ဖဝါးက ယောင်လဲ့ထျန်းနှင့် တွေ့ကာ လုံးဝအစွမ်းမဲ့သွားလေတော့သည်။ ထိုအချက်ကပဲ ချင်းယာကို ယောင်လဲ့ထျန်း၏ ရတနာအတွက် ပိုမိုလိုချင်လာစေခဲ့သည်။

ချင်းယာ၏ ဤလက်ဖဝါးသိုင်းကို လေ့ကျင့်ရခြင်း ရည်ရွယ်ချက်က ဂုဏ်သတင်းကြီးအောင် ဆောင်ရွက်နိုင်ပြီး အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားတွင် ထိပ်ဆုံးနေရာ ရနိုင်ဖို့ပင်။ ချင်းယာသည် ကိုယ့်ကိုယ်ကို ယုံကြည်ပါသော်ငြား ဂိုဏ်းအတွင်းမှာ ဖြုံလောက်စရာ ပြိုင်ဘက်ကောင်းမှာရှိနေသည့်အတွက် အနိုင်ရမှုကို အပြတ်အသတ် မမှန်းရဲခဲ့ပေ။ သို့သော် ယောင်လဲ့ထျန်း၏ ရတနာကိုသာ ရရှိခဲ့ပါက သူသေချာပေါက် အနိုင်ရလိမ့်မည်။

ချင်းယာ၏ မျက်လုံးက ချက်ချင်းပင် လောဘရိပ်များပြင်းထန်လာပြီး ယောင်လဲ့ထျန်း၏ ရတနာကို မရမချင်း လက်မလျော့ဖို့ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ချင်းယာ တစ်ခါထဲ အစီအစဥ် ဆွဲလိုက်တော့သည်။

ဤရတနာသည် သေချာပေါက် သာမာန် ရတနာတစ်ခု မဖြစ်တန်ပါချေ။ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများကိုပါ စိတ်ဝင်စားစေသည့်အတွက် သေချာပေါက် ယမန်နေ့ညက ချန်ဟွမ်တောင်ကို လာခဲ့သော အင်အားကြီးကျင့်ကြံသူတစ်ဦး ချန်သွားခဲ့​တာ ဖြစ်ရမည်။ သူသာ ထိုရတနာကို ရရှိပါက၊ ငါးနှစ်တစ်ကြိမ်ရွေးချယ်သော အတွင်းတပည့် အခမ်းအနားတွင် နာမည်ကောင်းယူနိုင်ပြီး အတွင်းတပည့်တစ်ယောက် မလွဲမသေ ဖြစ်လာနိုင်သည်။

ကံကောင်းလျှင် အတွင်းတပည့်မှတစ်ဆင့်… ဂိုဏ်းခေါင်းဆောင်ပင် မျက်စိကျသွားနိုင်သည်။

“အေး၊ မင်းရဲ့ ခြေတွေလက်တွေကို အကောင်းတိုင်း ကျန်စေချင်ရင် ငါ့ကို အဲ့ရတနာ မြန်မြန် ပေးလိုက်စမ်း။ မဟုတ်လို့ကတော့ ငါ့ကိုမျက်နှာမထောက်လို့ အပြစ်မတင်နဲ့”

ချင်းယာ က အရှေ့တစ်လှမ်းတိုးလိုက် လေ၏။ မှော်စွမ်းအင်များ အရိုင်းဆန်နေပြီး ကြောက်မက်ဖွယ်အလင်းများ လျှံထွက်နေသော ချင်းယာ၏ မျက်လုံးများက စူးရဲနေခဲ့သည်။

ယောင်လဲ့ထျန်း ရတနာကို ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ တစ်ဖက်သူ၏ သတ်ဖြတ်မည့် ရည်ရွယ်ချက်က ရှင်းလင်းနေလေသည်။

(မျက်နှာမထောက်လို့ ဟုတ်လား)

ယောင်လဲ့ထျန်း မျက်နှာကိုမဲ့လိုက်တော့သည်။

ဂိုဏ်းအတွင်း ကုန်ဆုံးခဲ့ရသော ဤလေးနှစ်အတွင်း၌ ကြင်နာမှုအနည်းငယ် ပြခဲ့သော လုချီမှလွဲလျှင် သူသည် ဘယ်နေရာက မျက်နှာထောက်ခံ ရဖူးပါသနည်း..

ယောင်လဲ့ထျန်းအနေနှင့် ဂိုဏ်းတူညီအကိုများကြားက ချစ်စရာ ဆက်ဆံရေးများကို လုံလောက်အောင် မြင်ဖူးပြီးသားပင်။

“အရင်တုန်းကလို သန်မာမှုမရှိတဲ့ငါဆိုရင်တော့ သေချာပေါက် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ရတနာကို ထုတ်ပေးကောင်းပေးမှာပေါ့ကွာ။ အခုတော့…”

“ဂိုဏ်းတူညီနောင်ရေ၊ မင်းလိုချင်ရင် ငါ့ဖင်ကြီးပဲ ယူလိုက်”

ယောင်လဲ့ထျန်းသည် ချင်းယာကို ရွံရှာစွာ လှမ်းကြည့်လိုက်သည်။

“ချင်းယာ၊ ဆရာငါ့ကို ဂိုဏ်းထဲခေါ်မလာခင်က ငါလမ်းပေါ်မှာ တောင်းစားခဲ့ရတယ်။ ငါမမြင်ဖူးတာ ဘာရှိလို့လဲ။ မင်းကငါ့ကို ခြိမ်း​ခြောက်နိုင်မယ်ထင်နေလား။ မင်းကိုယ်မင်း အစွမ်းအစ ရှိတယ်ထင်နေတာလား”

“ဘာကွ..ဟေ့ကောင်၊ ယောင်လဲ့ထျန်း မင်းက သေချင်နေတာလား။ ရတယ်လေ.. အခုမှတော့ ဒီဂိုဏ်းတူအကိုကို ရက်စက်တယ်လို့ အပြစ်တင်ဖို့ နောက်ကျသွားပြီပဲ”

All Chapters