ကျွဲငယ်တစ်ကောင်က သူ့ရဲ့လုပ်နိုင်စွမ်းကို စမ်းသပ်တယ်
Vol. 1 Ch. 9
ဒေါသကြောင့် ချင်းယာ၏ မျက်နှာက ရဲတောက်သွားခဲ့သည်။ ထို့နောက်တွင် တူညီသော သိုင်းကွက်ကို အသက်သွင်းလိုက်လေရာ၊ လေတစ်ဝက်မှ ဧရာမလက်ဖဝါးတစ်ဖက်သည် ယောင်လဲ့ထျန်းနှင့် နီးကပ်စွာ ထွက်ပေါ်လာသည်။
ရုတ်တရက်ထွက်ပေါ်လာသော ပြင်းထန်သည့် ဖိအားက လေထုကို မောင်းထုတ်လိုက်သည့်အတွက် ဖုန်မှူန့်များက ပတ်ဝန်းကျင်အနှံ့ ဖုံးလွှမ်းသွားသည်။ ကျောက်စရစ်တုံးများနှင့် သစ်ရွက်ခြောက်များပင် လေပေါ် မြှောက်လာခဲ့သည်။
သို့သော် ယောင်လဲ့ထျန်းကတော့ သစ်မာပင်တစ်ပင်လို နေရာမှာ မားမားကြီး ရပ်နေလေ၏။
ယောင်လဲ့ထျန်းသည် အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် သန်မာမှု ရှိနေလျှင်တောင်မှ တိုက်ပွဲအတွေ့အကြုံမရှိသလို ဘာကျင့်စဥ်မှလဲ မတတ်ကျွမ်းပါချေ။ ဤနေရာ၊ ဤအချိန်၌ တစ်ဖက်မှ တိုက်ခိုက်လာသော တိုက်ကွက်ကို တည့်တည့်ကြီး ဝင်ခံရုံအပြင် ယောင်လဲ့ထျန်း တစ်ခြားဘာမှ မလုပ်တတ်ပေ။
ယောင်လဲ့ထျန်း၏ သွေးကြောသန့်စင်မှု မတိုင်ခင်ကဆိုလျှင် ဤလက်ဖဝါးက သူ့ကို အပိုင်းပိုင်းဖြစ်အောင် ချေမွနိုင်ပါသည်။ အခုတော့ အပေါ်မှရိုက်ချလာသော ဧရာမလက်ဖဝါးကို တောင့်ခံလိုက်သည့်တိုင်အောင် မြေကြီးအောက် ပေများစွာ နိမ့်ဝင်သွားပြီး ဖုန်ဗလပွနှင့် သူတောင်းစားရုပ်သာ ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်၌ ခြစ်ရာတစ်ခုတောင် မထင်ခဲ့ပေ။
ထိုမြင်ကွင်းက ချင်းယာ၏.မျက်လုံးထဲက လောဘကို ပိုမိုပြင်းထန်လာစေခဲ့သည်။ ယောင်လဲ့ထျန်း၏ ပုံစံက သူ၏ တိုက်ချက်နှစ်ခုကို ထိခိုက်မှုမရှိ တောင့်ခံနိုင်ခဲ့ပေမဲ့ အခြေခံကျင့်စဥ်တောင် မသိသေးသော လူသစ်မှန်း သိသာလွန်းလှသည်။ ဒါက သေချာပေါက် ထိုမှော်ရတနာ၏ အစွမ်းပင် ဖြစ်ရပေမည်။ ထိုသို့သော ရတနာမျိုးက ယောင်လဲ့ထျန်းလို အမှိုက်တစ်ကောင် လက်ထဲ ရောက်သွားသည်မှာ အလွန်နှမြောစရာ ကောင်းလွန်းလှသည်။ ကံကောင်း၍ သူရှာတွေ့သွားလို့ပင်။
ထိုအတွေးကြောင့် ချင်းယာ ပိုမို စိတ်လှုပ်ရှားလာကာ တက်ကြွသွားတော့သည်။
ရတနာကြောင့်သာ မဟုတ်လျှင် သူသည် ယောင်လဲ့ထျန်းကို အကြိမ်ကြိမ် သတ်ပြီးနေပြီပင်။
ချင်းယာက ရက်စက်စွာ ပြုံးလိုက်ပြီး လက်ဖဝါးတစ်ဖက်ကို လှုပ်ရှားလိုက်သည်။ လက်ဖဝါးမှထွက်လာသော ရွှေရောင်အလင်းများက ကြွာပွတ်တစ်ခုနှယ် ယောင်လဲ့ထျန်းကို ချုပ်နှောင်လိုက်၏။
ချက်ချင်းပဲ ချင်းယာ၏ လက်ပေါ်သို့ ရွှေရောင်အလင်းများ ဖြာထွက်နေသော ရွေကြာပွတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအရာက အကိုဖြစ်သူ ချင်းဖုန် ပေးထားသော နှစ်တစ်ရာ ရွှေရောင်စပါးကြီးမြွေနှင့် ဖန်တီးထားသည့် အလယ်အဆင့် မှော်လက်နက်တစ်ခုဖြစ်သည်။ ချင်းယာသည် ဤလက်နက်ကို တစ်ခါမှ ထုတ်မသုံးခဲ့ဘဲ အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားအတွက် ရည်ရွယ်ထားခဲ့တာပင်။ အခုတော့ ယောင်လဲ့ထျန်း၏ ရတနာကိုသာ သဲကြီးမဲကြီး လိုက်နေသည့်အတွက် ချင်းယာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
ချင်းယာက လက်ထဲက ရွှေကြာပွတ်ကို လေထဲမှာ ဝှေ့ယမ်းလိုက်သည်။ ထပ်မံထွက်ပေါ်လာသော ရွှေကြာပွတ်အရိပ်များစွာက လေထုကို ကြမ်းတမ်းစွာ ဖြိုခွင်းသွားရင် ချုပ်နှောင်ခံထားရသော ယောင်လဲ့ထျန်း ရှိရာကို သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပြေးသွားခဲ့သည်။ ကြာပွတ်အရိပ်များ သက်ရောက်သွားသည့်နေရာတိုင်း ပျက်ဆီးကုန်လေသည်။
ကြာပွတ်အရိပ်များ.ကုန်သွားပြီးနောက်တွင် ရွှေကြာပွတ်အစစ်က ယောင်လဲ့ထျန်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။ ယောင်လဲ့ထျန်း၏ အဝတ်များအားလုံး စုတ်ပြဲသွားသော်ငြား ခန္ဓာကိုယ်ပေါ်၌ သာမာန် အနီရောင် အရာသာ ထင်ခဲ့လေ၏။
ကြာပွတ်ရိုက်ချက်နှင့်တောင် မသေသေးသော ယောင်လဲ့ထျန်းကြောင့် ချင်းယာ ထပ်မံ အံ့သြရ ပြန်သည်။
ကျင့်ကြံရေးလောကတွင် လက်နက်များကို သာမာန်လက်နက်၊ မှော်လက်နက်၊ စိတ်ဝိညာဥ်လက်နက်၊ တာအိုလက်နက်နှင့် အမတလက်နက်ဟူ၍ သန်မာမှုအလိုက် ခွဲခြားထားသည်။ ထိုအထဲမှာမှ အဆင့်နိမ့်၊ အဆင့်လတ်၊ အဆင့်မြင့်နှင့် အဆုံးစွန်အဆင့်ဟူ၍ လေးဆင့် ထပ်မံပိုင်းခြားလေသည်။
သူ၏ ရွှေကြာပွတ်က အဆင့်လတ် မှော်လက်နက်တစ်ခုသာ ဆိုသော်ငြား အလွန်ကောင်းမွန်သော အင်အားကို ပိုင်ဆိုင်ထားသည်။ ရိုက်ချက်တစ်ခုထဲနှင့် သံကိုတောင် အပိုင်းပိုင်း ပြတ်စေနိုင်သည့် ကြာပွတ်က ယောင်လဲ့ထျန်းအပေါ်ကို သေစေနိုင်လောက်သည့် တိုက်ခိုက်မှု မဖြစ်စေခဲ့ပေ။ ရွှေကြာပွတ်၏ အစွမ်းကို အံတုနိုင်သည့် ယောင်လဲ့ထျန်း၏ သန်မာမှုက သူ၏မှော်လက်နက်ထက် သေချာပေါက် အဆင့်မြင့်ပေလိမ့်မည်။
ရတနာ၏ ခုခံနိုင်စွမ်းကြောင့် ချင်းယာ ပိုမို ဒေါသကြီးလာခဲ့သည်။ ထို့ကြောင့် အေးစက်စွာ ပြောလိုက်လေသည်။
“အမှိုက်ကောင်၊ မင်းကို အရမ်းကောင်းတဲ့ ရတနာက ကာကွယ်ပေးနေတာနဲ့ပဲ ဘာမှ မဖြစ်တော့ဘူးလို့ ထင်မနေနဲ့ကွ။ ငါ့ရဲ့ အဆင့်မြင့်ကျင့်စဥ် ရွှေကြာပွတ်ကကွက်ကို မြည်းကြည့်လိုက်စမ်း”
ချက်ချင်းဆိုသလို ချင်းယာ၏ လက်ထဲက ကြာပွတ်က ဆယ်နှစ်ခု ကွဲသွားလေ၏။ ယောင်လဲ့ထျန်းကို ချုပ်နှောင်ထားသော အရိပ်များကလည်း ပိုမိုများပြားလာပြီး မာမီရုပ်ထုတစ်ခုလို ယောင်လဲ့ထျန်းကို ရစ်ပတ်လိုက်သည်။ ဤအဆင့်မြင့်ကျင့်စဥ်သည် ရွှေကြာပွတ်ကို ပြုလုပ်နေစဥ်တွင် ရိုက်ထည့်ထားသည့်အတွက် အသုံးပြုသူက မှော်စွမ်းအင် ထည့်လိုက်ရုံဖြင့် ဤမျှကြီးမားသော တိုက်ကွက်ကို ဖန်တီးပေးနိုင်သည်။ မဟုတ်လျှင် ချင်းယာ၏ လက်ရှိသန်မာမှုဖြင့် မဖြစ်နိုင်ပါချေ။
ရွှေကြာပွတ်ကကွက် ကျင့်စဥ်သည် ရိုးရှင်းကာ အလွန်အင်အားကြီးသော်ငြား ကန့်သတ်ချက်ရှိသည်။ တစ်ခါအသုံးပြုတိုင်း ကြာပွတ်ဖန်တီးစဥ်တွင် ထည့်ထားသော စိတ်ဝိညာဥ်စွမ်းအင်ကို ထုတ်အသုံးပြုရသည့်အတွက် ရွှေကြာပွတ်ကကွက်ကျင့်စဥ်ကို သုံးကြိမ်သာ အသုံးပြုနိုင်သည်။
ပုံမှန်အားဖြင့် ချင်းယာသည် ရွှေကြာပွတ်ကကွက်ကို အသုံးပြုရန် အလွန်တွန့်ဆုတ်လေသည်။ အခုတော့ ယောင်လဲ့ထျန်းကို သတ်ပြီး ရတနာလုယူချင်စိတ်က ဖုံးလွှမ်းသွားသည့်အတွက် အများကြီး မစဥ်းစားနိုင်တော့ပေ။ တစ်ခါထဲ အစွမ်းကုန် ထုတ်သုံးရင်း တစ်ချက်ထဲနှင့် သတ်ပစ်နိုင်ဖို့ ရည်ရွယ်ထားခဲ့သည်။
ဤမျှပြင်းထန်သော ဖိအားအောက်တွင် သံတုံးကြီးတောင်မှ လက်သည်းခွံလောက် သေးငယ်သွားလိမ့်မည်.. ယောင်လဲ့ထျန်းလို ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ကျင့်ကြံသူ တစ်ယောက် ရှင်သန်နိုင်စရာ အကြောင်းလုံးဝ မရှိနိုင်ဘူး။
ချင်းယာ လက်ပြန်ရုတ်လိုက်သည်။ ရွှေကြာပွတ်အရိပ်များလည်း ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့သည်။ သို့သော် သံတုံးကြီးကိုတောင် လက်သည်းခွံအရွယ် ဖြစ်အောင် ဖိနှိပ်နိုင်သော အင်အားကြီး ရွှေကြာပွတ်ကကွက် ကျင့်စဥ်သည် ယောင်လဲ့ထျန်းကို သွေးအနည်းငယ်သာ ထွက်စေခဲ့သည်။
ချင်းယာ မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်ရ၏။ ရတနာ၏ ခုခံနိုင်စွမ်းက အလွန်မြင့်မားနေလေရာ၊ အဆင့်မြင့်ကျင့်စဥ်ပင် မစွမ်းသာခဲ့ပေ။ ယောင်လဲ့ထျန်း၏ ရတနာက စိတ်ဝိညာဥ်လက်နက်တစ်ခု ဖြစ်နေလောက်မလား…
ထိုအတွေးကြောင့် ချင်းယာ၏ တက်မက်စိတ်က ပိုမို တောက်လောင်လာကာ ကံကောင်းလွန်းပြီး စိတ်ဝိညာဥ်လက်နက်ကို ရရှိသွားသော အမှိုက်ကောင် ယောင်လဲ့ထျန်းကို တိတ်တဆိတ် မုန်းတီးလာတော့သည်။ အကယ်၍ သူသာ ယောင်လဲ့ထျန်းကို သတ်ပစ်နိုင်လျှင်… ရွှေကြာပွတ်ကကွက်ကို သုံးကြိမ်ဆက်တိုက် အသုံးပြုလိုက်လျှင်.. ယောင်လဲ့ထျန်းကို သတ်ပစ်ပြီး စိတ်ဝိညာဥ်လက်နက်ကို လုယူနိုင်လိမ့်မည်။
ယောင်လဲ့ထျန်းကို သတ်ဖို့အတွက် ချင်းယာ ပြန်အတည်ပြုနေချိန်မှာ ယောင်လဲ့ထျန်းကတော့ အလွန်အမင်း စိတ်ဆင်းရဲနေလေရဲ့..။
ယောင်လဲ့ထျန်း၏ သန်မာမှုက ချင်းယာထက် နယ်ပယ်တစ်ခုလုံး မြင့်ပါသော်လည်း ရုတ်တရက် တိုးမြင့်ခံရခြင်းကြောင့် အခြေခံ မခိုင်မာပါချေ။ ထို့အပြင် ယောင်လဲ့ထျန်းသည် စွမ်းအင်အကြောင်းလည်း လုံးဝ နားမလည်ပေ။ ရွှေကြာပွတ်ကကွက်၏ တိုက်ခိုက်မှုက အရမ်းမထိခိုက်စေခဲ့တာ မှန်ပါသော်လည်း အစောပိုင်းက အလယ်အဆင့် ပုံရိပ်ယောင်လက်ဖဝါးနှင့် မတူညီတော့ပေ။ အဆင့်မြင့်ကျင့်စဥ်သည် အဆင့်မြင့်ကျင့်စဥ်အလိုက် ထိခိုက်မှု မြင့်ပါ၏။
ယောင်လဲ့ထျန်းတစ်ယောက် ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ကနေ အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ခုန်ကျော်ပြီး ရောက်လာခဲ့သော်ငြား ဤအရာသည် ကံကောင်းမှု သက်သက်သာ…
အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အားသာမှုများကို ယောင်လဲ့ထျန်း အဘယ်မှာ ထုတ်သုံးတတ်မည်နည်း။
သူ၏ အတွင်းစွမ်းအင်များကို စုဝေးပြီးမှသာ ချုပ်နှောင်ထားသော ရွှေကြာပွတ်အရိပ်တစ်ခုကို ဖျက်ဆီးနိုင်သည်။ သို့သော် ထိုအချိန်မှာ နောက်အရိပ်တစ်ခုက အသင့်ပြန်ပေါ်လာပြန်သည်။ အဆုံးမရှိသော သံသရာထဲ ပြုတ်ကျနေသည့်နှယ် စိတ်ပျက်ဖို့ ကောင်းလှသည်။
သို့သော် ယောင်လဲ့ထျန်း အသည်းအသန် ရုန်းကန်နေချိန်မှာ ချင်းယာလည်း ခက်ခဲစွာ ကြိုးစားနေရသည်ကိုတော့ ယောင်လဲ့ထျန်း.မသိခဲ့ပေ။ ယောင်လဲ့ထျန်းက ချုပ်နှောင်မှုမှ ဆက်တိုက်ဖောက်ထွက်နေသည့် အတွက် ချင်းယာသည်လည်း အစွမ်းများ မပြတ်ပံ့ပိုးရင်း အရိပ်များဖြင့် ပြန်လည် ဖိနှိပ်နိုင်ရန် ကြိုးစားနေခဲ့ရသည်။