ခွေးမျက်လုံးနဲ့ လူတကာကို အထင်သေးစွာ ကြည့်ရှုခြင်း
Vol. 2 Ch. 11
“အေးဟုတ်တယ်။ တစ်ခါတစ်လေကျ နှစ်ကုန်ရောက်ရင် အခမ်းအနားငယ်တွေ ကျင်းပပေးတာ ရှိတတ်ပေမဲ့ အဲ့ဒါက ကံကောင်းမှ ကြုံရတတ်တာ။ အခုလို ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့အခမ်းအနားကကျ မတူဘူး။ ဒါကကွာ.. ဂိုဏ်းရဲ့ ပွဲအကြီးကြီးလို့ ပြောလို့ရတယ်။ အဆင့်မြင့် အကြီးအကဲတွေ မပြောနဲ့၊ ဂိုဏ်းခေါင်းဆောင်တောင်မှ ရှိနေမှာ။ ပြီး ပိုကံကောင်းတာက ဒီနှစ်ပွဲမှာ လူအယောက် သုံးဆယ် ရွေးချယ်သွားမှာတဲ့။ ပြောရရင် နိုင်နိုင်ခြေ မြင့်တယ်ပေါ့ကွာ”
“ဒါဆို ဒီနှစ် ပါဝင်မဲ့သူတွေအတွက် ကန့်သတ်ထားတာတွေကော ရှိလား”
ယောင်လဲ့ထျန်း မေးလိုက်သည်။
လျိုချီဖန်းက အနည်းငယ် အံ့အားသင့်စွာ လှည့်ကြည့်လာလေ၏။ ထို့နောက်မှာမှ ဆက်ရှင်းပြခဲ့သည်။
“အဲ့လိုတော့မရှိဘူး.. ဂိုဏ်းစည်းမျဥ်းကို မဆန့်ကျင်ဖူးတဲ့ ဘယ်အပြင်တပည့်မဆို ပါဝင်နိုင်တယ်။ သန်မာမှုနဲ့ပတ်သတ်ပြီး မကန့်သတ်ထားဘူး”
“ဒါဆို ဘယ်မှာ ပါဝင်ခွင့် လျှောက်ရလဲဗျ”
“ဂိုဏ်းရဲ့စီမံရေးခန်းမ အပြင်ဘက်က ခြံဝန်းထဲမှာရှိတဲ့ သစ်သားပြားပေါ်မှာ စာကပ်ထားတယ်။ စီမံရေးခန်းမရဲ့ အကြီးအကဲသုံးယောက် ခွင့်ပြုချက်ရရင် အခမ်းအနားမှာ ဝင်ပြိုင်လို့ရပြီ”
“အကြီးအကဲသုံးယောက်ဆိုရင်.. ဒါဆို စီမံရေးခန်းမရဲ့ အကြီးအကဲတွေအားလုံး တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့ သဘောပေါ့။ တစ်ခြား အကြီးအကဲတွေလဲ ထွက်လာမှာပဲနော်..”
တံခါးပိတ်ကျင့်ကြံနေသော ဆရာဖြစ်သူ ထွက်လာသည့် သတင်းက ယောင်လဲ့ထျန်းကို ထူးပြီး မပျော်ရွှင်စေပါချေ။ စစ်နတ်ဘုရားသွေးစက်နှင့် မန္တန်ကို ပိုင်ဆိုင်ပြီးနောက်မှာ သူ၏ တာဝန်ယူစိတ် မရှိသော ဆရာဖြစ်သူကို ယောင်လဲ့ထျန်း အထင်မကြီးတော့ဘူး။
“မင်းရဲ့ဆရာ အပြင်ထွက်လာပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို အဆင့်မြင့်သွားပြီ.. ဒီအလုပ်တွေ လုပ်ဖို့မလိုတော့ဘူးလို့ တွေးမနေနဲ့အုံး။ မင်းရဲ့ဆရာက မင်းကို မှတ်မိမှာတောင် မဟုတ်ဘူး။ အရင်ငါ့အတွက်သာ ရေဖြည့်လိုက်စမ်းပါ”
လျိုချီဖန်းက ယောင်လဲ့ထျန်း၏ ဆိုလိုရင်းကို တွက်ချက်ပြီးသည်နှင့် အဖက်မလုပ်စွာ အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပဲ ယောင်လဲ့ထျန်းတစ်ယောက် ဇဝေဇဝါ မျက်နှာထားဖြင့် မျှော်လင့်တကြီး ပြောလိုက်လေ၏။
“ကျွန်တော် အတွင်းတပည့် ရွေးချယ်ရေး အခမ်းအနားမှာ ပါဝင်ချင်တယ်”
ပတ်ဝန်းကျင်သည် ရုတ်ချည်းတိတ်ဆိတ် သွားခဲ့သည်…
နောက်တစ်စက္ကန့်မှာပဲ ရယ်သံများ အပြည့် ဖုံးလွှမ်းသွားလေ၏။ ရေသောက်နေသော အပြင်တပည့်တစ်ယောက်ဆိုလျှင် ပါးစပ်ထဲမှ ရေများပင် ပြန်အန်ထွက်လာသဖြင့် အရှေ့က ဂိုဏ်းတူအကိုကို စင်သွားသေးသည်။ ထိုသူကို အသည်းအသန် တောင်းပန်ပြီးသည်နှင့် ထိုကောင်လေးလည်း ယောင်လဲ့ထျန်းကို လှောင်ပြောင်မှုအတွင်း ပါဝင်လိုက်သည်။
လျိုချီဖန်း ဘာပြန်ပြောရမှန်းပင် မသိတော့ပေ။ ယောင်လဲ့ထျန်းကို အိပ်မက်မှ နိုးထပြီး အလုပ်ပြန်လုပ်ရန်အတွက် လက်တစ်ဖက်ယမ်းပြီးသာ အချက်ပြလိုက်သည်။
အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားသည် စစ်မှန်သောချီစွမ်းအင် နယ်ပယ် ရှိသည့် အပြင်တပည့်များပင် ပုံမှန်အားဖြင့် မပါဝင်ရဲသော အခမ်းအနား တစ်ခုဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ယောင်လဲ့ထျန်းက အပျော်သဘော ပါဝင်ချင်နေသည်တဲ့လား..
ဤသည်ကိုလည်း လူအများရှေ့တွင် မရှက်မကြောက် ထုတ်ပြောရဲသေး၏။
ချီအသွင်ပြောင်းခြင်းနယ်ပယ် တပည့်များနှင့် အတွင်းစွမ်းအင်စုစည်းခြင်း နယ်ပယ် တပည့်များ၏ လက်စွမ်းဖြင့် သေဆုံးရမှာ မကြောက်ပေဘူးလား….
“အရေးမပါတာတွေ”
စိတ်လှုပ်ရှားမှုကြောင့် ပြိုင်ပွဲတွင် ပါဝင်မည့်အကြောင်းကို ထုတ်ပြောမိလိုက်မှန်း ယောင်လဲ့ထျန်း ချက်ချင်းပဲ သဘောပေါက်လိုက်သည်။ သို့သော် အများကြီး မရှင်းပြလိုတာကြောင့် အကုန်လုံးကို ထားပစ်ခဲ့ပြီး စီမံရေးခန်းမကိုသာ တိုက်ရိုက် ထွက်သွားလိုက်တော့၏။
အထက်အမတဘုံ ကျင့်ကြံရေးဂိုဏ်းသည် ချန်ဟွမ်တောင်၏ ပင်မတောင်ထိပ်နှင့် ဒုတိယတောင်ထိပ် နှစ်ခုပေါ်တွင် အဓိက နေရာယူထားပြီး အပြင်ခန်းမနှင့် အတွင်းခန်းမကို ခွဲပေးထားသည်။
အတွင်းခန်းမ၏ ပြာပလောင်းခတ်နေသော စီမံရေးခန်းမနှင့် နှိုင်းယှဥ်ရပါက ဒုတိယတောင်ထိပ်ပေါ်တွင် နေရာပေးထားသော အပြင်ခန်းမ၏ စီမံရေးခန်းမသည် တော်တော်လေး ခြောက်ကပ်လှသည်။ စီမံရေးခန်းမ၏ အကြီးအကဲသုံးယောက်နှင့် ဆရာတော်ဆယ်ပါးလုံးသည်လည်း တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံ နေကြသောကြောင့် တပည့်တိုင်း မမြင်ဖူးကြပေ။ ယောင်လဲ့ထျန်း၏ တာဝန်မဲ့လှသော ဆရာသည် ထိုဆရာတော် ဆယ်ပါးထဲမှ တစ်ပါးဖြစ်လေသည်။
ကျင့်ကြံရေးလောကဟူသည် နိုင်သည့်သူ လိုရာလုပ်နိုင်သော သန်မာမှုက အခရာကျသည့် နေရာတစ်ခု ဖြစ်သည်။ ယောင်လဲ့ထျန်းသည် စီမံရေးခန်းမ၏ ဆရာတော်ဆယ်ပါးထဲက တစ်ပါးကို ဆရာ တော်ထားရသော်လည်း ဆရာဖြစ်သူ ဘယ်လောက်ပင် အာဏာရှိပါစေ၊ ယောင်လဲ့ထျန်းကို လေးစားမည့်သူ မရှိပါချေ။
သူ၏ ဆရာဖြစ်သူသည် သုံးလတစ်ကြိမ် ကြာတိုင်း တပည့်အသစ်တစ်ယောက် ခေါ်ယူလေ့ရှိသည်။ ထိုတပည့်က ကိုယ့်အစွမ်းအစနှင့်ကိုယ် သုံးလအတွင်းမှာ ခန္ဓာကိုယ်ယဥ်ပါးခြင်း နယ်ပယ်အထိ အဆင့်တက်အောင် ကျင့်ကြံနိုင်ခဲ့လျှင် အနီးကပ် သင်ကြားပေးလိမ့်မည်။
ယောင်လဲ့ထျန်းအတွက် ခန္ဓာကိုယ်ယဥ်ပါးခြင်း နယ်ပယ်ကို အဆင့်တက်ဖို့ တစ်နှစ်တိတိ အချိန်ယူခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင် သင်ကြားပေးမည့်သူ မရှိသောကြောင့် ထိုနယ်ပယ်မှာပဲ ပိတ်မိနေကာ အဆင့်ထပ် မတက်နိုင်တော့ပေ။
ယောင်လဲ့ထျန်း၏ နိမ့်ကျသော အရည်အချင်းက စီမံရေးခန်းမ၏ ဆရာတော်ကို အဖက်လုပ်လာအောင် မဆွဲဆောင်နိုင်ခဲ့ပေ။ ထိုသို့ဖြင့် ဆရာဖြစ်သူ ထံမှ စွန့်ပစ်ခံလိုက်ရသော ယောင်လဲ့ထျန်းက နောက်ပိုင်းနေ့ရက်များကို အပြင်ခန်းမ၏ အစေခံတစ်ယောက်အဖြစ် အရှက်ကွဲခံရင်း ကုန်ဆုံးခဲ့ရသည်။
တပည့်အများစုကပင် စီမံရေးခန်းမ၏ နောက်လာမည့်အကြီးအကဲအဖြစ် လျာထားခြင်းခံရသော မောက်မာလွန်းသည့် ယောင်လဲ့ထျန်း၏ ဆရာကို တပည့်အကဲနိုင်စွမ်းနှင့် ပတ်သတ်၍ ဝေဖန်ခဲ့ကြသေးသည်။
ပုံမှန်အားဖြင့် ခြောက်ကပ်နေတတ်သော စီမံရေးခန်းမသည် ယနေ့တော့ အသက်ဝင် လှုပ်ရှားနေလေ၏။ အခန်းကိုယ်စီမှာ ကျင့်ကြံနေတတ်ကြသော စစ်မှန်သောချီစွမ်းအင် နယ်ပယ်နှင့် ချီအသွင်ပြောင်းခြင်းနယ်ပယ်ရှိ အပြင်တပည့်များစွာသည် အစုအဝေးလိုက် ရောက်ရှိနေကြသည်။ အပြင်ခန်းမ၏ ထိပ်သီးတပည့်များဖြစ်သော အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ် တပည့်များပင် ရှိနေကြ၏။
ဤလူများအတွင်းတွင် အဆင့်အနိမ့်ဆုံးက စစ်မှန်သောချီစွမ်းအင် နယ်ပယ် ဖြစ်သည်။
ရှန်းလုထျန်း ပေးသွားခဲ့သော အကာအကွယ် အစီအရင်ပါဝင်သည့် ခရုခွံသည် သူ၏ ကျင့်ကြံမှုကို တကယ်ပဲ ဖုံးကွယ်ပေးနိုင်မလား ယောင်လဲ့ထျန်း သေချာမသိတော့ပေ။ ကျင့်ကြံမှု အများကြီးမြင့်သော သူတစ်ဦးနှင့် တွေ့ရပါက နယ်ပယ်သုံးခု ဖုံးကွယ်ထားသော သူ၏ အခြေအနေကို သတိထားမိသွားနိုင်သည်။
သို့သော် လက်ရှိလူတိုင်း၏ အမြင်တွင် ယောင်လဲ့ထျန်း၏ သန်မာမှုက ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်သာ ရှိသေးသည်။
ယောင်လဲ့ထျန်း ပေါ်လာသည်နှင့် ကြိုးကြာအုပ်ထဲ ကြက်တစ်ကောင် ရောက်လာသည့်နှယ် အံ့သြမှုများပါဝင်နေသည့် မထီမဲ့မြင် အကြည့်များစွာကို လက်ခံရရှိလိုက်သည်။ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် အမှိုက်ကောင်က အမှိုက်ကြုံးမနေဘဲ ဤနေရာတွင် ကိုယ့်ကိုယ်ကို အရှက်လာခွဲနေလေရာ၊ အပြင်တပည့်အားလုံး မှင်သက်ကုန်လေ၏။
သို့သော် ချင်းယာလိုမျိုး မကောင်းသည့် ဝံပုလွေကောင်များထံမှ အာရုံစိုက်လာမှာကို မလိုချင်သောကြောင့် ယောင်လဲ့ထျန်း အများကြီးမရှင်းပြဘဲ ဦးခေါင်းငိုက်စိုက်ချရင်း နောက်ဆုံးနေရာတွင် သွားတန်းစီလိုက်သည်။
ယောင်လဲ့ထျန်း တန်းစီလိုက်သည်နှင့် ဝေဖန်သံများ ထွက်ပေါ်လာတော့သည်။ စစ်မှန်သောချီစွမ်းအင်နယ်ပယ် အပြင်တပည့်တစ်ယောက်က နှာခေါင်းရှုံ့လိုက်ကာ ယောင်လဲ့ထျန်း၏ တည််ရှိမှုကို ရွံရှုစွာ အပြစ်တင်တော့သည်။
“စောက်သုံးမကျတဲ့ ခန္ဓာကိုယ်ယဥ်ပါးခြင်း နယ်ပယ်ကောင်က ဒီမှာဘာလာလုပ်နေတာလဲ”
(ချီးကို စောက်သုံးမကျပါလား.. ရတယ်လေ။ ငါမင်းကို ပထမပွဲမှာတင် နင်းချေပစ်မယ်ကွ)
ယောင်လဲ့ထျန်း မကျေနပ်စွာ စိတ်ထဲမှ ဆဲရေးပြီးသည်နှင့် ထိုသူ၏ မျက်နှာကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားလိုက်သည်။ သို့သော် အပြင်မှာတော့ အသံတစ်ချက်မှ မထွက်ခဲ့ပေ။
ဒီလူတွေက သူ၏ ကျင့်ကြံမှုအစစ်အမှန်ကို မမြင်နိုင်ဟန်ပင်။ ထို့ကြောင့် ယောင်လဲ့ထျန်း မနေနိုင်စွာ ပြုံးမိသွားပြီး ယုံကြည်ချက်ရှိရှိ ကျောမတ်လိုက်တော့သည်။
ထိုသို့ဖြင့် ရှည်လျားသော လူတန်းက တရွေ့ရွေ့အရှေ့တိုးနေရင်း ညနေစောင်းကိုပင် ရောက်လာခဲ့သည်။ အောင်မြင်စွာ စာရင်းပေးနိုင်သူများက ပျော်ရွှင်တက်ကြွစွာ ထွက်သွားချိန်မှာ တစ်ချို့ ကံမကောင်း၍ စိတ်ပျက်စွာ ထွက်သွားရသူများလည်း ရှိသည်။ ချီအသွင်ပြောင်းခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ အနှစ်နှစ်ဆယ်ကြာ ကျင့်ကြံထားရသော တပည့်တစ်ယောက်ပင် ငြင်းပယ် ခံခဲ့ရသည်။
ကန့်သတ်ထားတာ မရှိဘူးဟု ပြောခဲ့သော်ငြား ချီအသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ငြင်းပယ်ခံလိုက်ရသည့်အတွက် ယောင်လဲ့ထျန်းတို့ အားလုံး မသက်မသာ ခံစားလာရတော့သည်။