← Chapters

မှတ်ပုံတင်ခြင်းမှ အလွဲများ

Vol. 2 Ch. 13

မှတ်ပုံတင်ခြင်းမှ အလွဲများ

Vol. 2 Ch. 13

“ဟမ့်” လီရို့ရွှယ် အေးစက်စွာ မဲ့လိုက်သည်။

“စိတ်ပျက်ဖို့ ကောင်းလိုက်တာ”

“ဘာတွေ စိတ်ရှုတ်ခံနေမှာလဲ။ ဒီတိုင်းမောင်းထုတ်လိုက်လေ”

ဖန့်ဟောင်က ယင်ကောင်မောင်းနေသည့်အတိုင်း ယပ်တောင်နှင့် တဖြတ်ဖြတ် မောင်းလိုက်လေ၏။

“မင်းကြားလား။ ဒါမင်းလာရမဲ့ နေရာမဟုတ်ဘူး”

ဖန်းကျန့်က ဆက်ပြောလိုက်ပြန်သည်။

“ မင်းကိုယ်မင်း မှန်အရင်သွားကြည့်လိုက်။ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် အမှိုက်ကောင်က အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားကို ဘာအရည်အချင်း ပြည့်မှီလို့ ဝင်ပြိုင်ချင်ရတာလဲ”

“ အေးလေ၊ သတိပေးချက်ထဲမှာ ကန့်သတ်ထားတာ မရှိပေမဲ့ ကိုယ့်ကိုယ်ကို သိမှပေါ့။ တစ်နှစ်နေမှ ခန္ဓာကိုယ်ယဥ်ပါးခြင်း နယ်ပယ်ကို အဆင့်တက်နိုင်ခဲ့ပြီး အဲ့နေရာမှာ ပိတ်မိနေတဲ့ အမှိုက်ကများ၊ ပြောစမ်းပါအုံး။ မင်းကိုယ်မင်း အရည်အချင်းမှီတယ်လို့ ဘာက တွေးစေတာလဲ။ ရှူးရှူး၊ ကိုယ့်အမှိုက်တွင်းထဲကိုယ် ပြန်သွားနေလိုက်။ အစေခံလုပ်ရတာက ပြိုင်ပွဲထဲ ခွေးလိုနွားလို အကြုံးခံရမှာထက် သက်သာတယ်နော်”

ဖန်းကျန့်၏ စကားမဆုံးခင်မှာ ဖန့်ဟောင်က မနေနိုင်စွာ ဝင်ပြောလိုက်တာပင်။

“ဒါနင့်အတွက် နေရာမဟုတ်ဘူး”

လီရို့ရွှယ်အခုတော့ မှတ်မိသွားခဲ့ပြီ။ ကြည့်ရတာ လွန်ခဲ့သည့်လေးနှစ်လုံးက ထိုလူ့အတွက် အကျိုးမရှိခဲ့ပုံပင်။ အထက်အမတဘုံဂိုဏ်းထဲအထိ ရောက်လာခဲ့လျှင်တောင်မှ အခုလို အသုံးမကျသော တပည့်တစ်ယောက်က သူမကို သိကျွမ်းဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ထိုသို့သော လူတစ်ယောက်အနားမှာ ရပ်နေရတာကပင် သူမကို မသက်မသာ ဖြစ်စေသည်။

လီရို့ရွှယ်အတွက် ယောင်လဲ့ထျန်းက စကားပြောဖို့ပင် မထိုက်တန်သဖြင့် သူမ ချက်ချင်း ထွက်သွားဖို့ ပြင်လိုက်တော့သည်။

“ကျုပ်ဘာလုပ်လုပ် မင်းတို့ စောက်ကြောင်းလား”

ယောင်လဲ့ထျန်းတစ်ယောက် လေးနှစ်လုံးထားခဲ့မိသည့် သူ၏ ဖြူစင်သော ခံစားချက်များအကြောင်း စဥ်းစားမိတိုင်း ကိုယ့်နှလုံးသားကိုယ် လှောင်ရယ်ချင်မိတော့သည်။ ဝတ္ထုတွေထဲကလို သစ္စာရှိပြီး မွန်မြတ်သော မိန်းမလှတစ်ယောက်ကို စိတ်ကူးယဥ် ပုံဖော်ခဲ့ပေမဲ့ အဆုံးမှာတော့ သူမကလည်း မိန်းမတွေထဲက မိန်းမ ပါပေ။

နောက်ဆုံးတော့ သူ ထိုအိပ်မက်ထဲက နိုးထနိုင်ခဲ့ပြီ။

ယောင်လဲ့ထျန်းသည် ကျောပေးထားသော မိန်းမလှကို ကြည့်နေရင်း ယဥ်ကျေးမှုမရှိစွာ တုံ့ပြန်လိုက်တော့သည်။

“ဝိုး” ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားလေ၏။

လီရို့ရွှယ်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားခဲ့သည်။ ယောင်လဲ့ထျန်း သူမကို အခုလို ခွန်းတုံ့ပြန်ရဲမည်ဟု လုံးဝ မထင်ထားခဲ့ပေ…..

“ဟေ့ကောင် မင်း ဘာစကားပြောတာလဲ”

ယောင်လဲ့ထျန်း၏ အဖက်မလုပ်သော ပုံစံကြောင့် ဖန့်ဟောင်၏ ကပ်ဖားယပ်ဖား နောက်လိုက် တစ်ကောင်က ချက်ချင်း အရှေ့တိုးကာ ထိုးနှက်ဖို့ ပြင်လိုက်သည်။

“ရပ်လိုက်၊ ရှင်တို့တွေ ဘာလုပ်နေကြတာလဲ”

စူးရှသော အော်သံတစ်ခုအပြီးမှာပဲ သေးသွယ်သော ပုံရိပ်တစ်ခုက ယောင်လဲ့ထျန်းအရှေ့ကို ရောက်လာလေ၏။ ထိုကောင်မလေးက ပိန်သွယ်သည့် လက်မောင်းနှစ်ဖက်ကို ဆန့်တန်းရင်း ယောင်လဲ့ထျန်းအရှေ့မှ ကာပေးလိုက်သည်။

“ လုချီ၊ မင်း ဘယ်လိုလုပ် ရောက်လာတာလဲ”

သူမကို မြင်သည်နှင့် ယောင်လဲ့ထျန်း၏ မျက်နှာက တောက်ပစွာ ပြုံးသွားခဲ့သည်။

လုချီက အပြင်ခန်းမ၊ တာဝန်ခွဲဝေရေးခြံဝန်း၏ အိမ်တော်ထိန်း ဟွာမန်ထန် လက်အောက်က တပည့်ဖြစ်သည်။ မဟာအိမ်တော်ထိန်းအဖြစ် တင်စားကြသော အိမ်တော်ထိန်းဆယ်ယောက်လုံးသည် အင်အားကြီးကြပြီး လေးစားခံရသူများဖြစ်သည်။ ထိုသူတွေက ပင်မတာဝန်တွေကို ဦးစီးရသည်။ ထိုဆယ်ယောက်အပြင် တစ်ခြားသော အထွေထွေတာဝန်များကို ဦးစီးရသည့် အိမ်တော်ထိန်းငယ်များလည်း ရှိကြသည်။

အိမ်တော်ထိန်းငယ်များထဲမှ ဟွာမန်ထန်သည် အရေးမပါဆုံး အိမ်တော်ထိန်းဖြစ်သောကြောင့် တပည့်ဖြစ်သူ လုချီက သေချာပေါက် လီရို့ရွှယ်ကို မယှဥ်နိုင်ပါချေ။ ဆရာဖြစ်သူ၏ နောက်ခံကို ယှဥ်ပြိုင်လျှင် လုချီက ဖန့်ဟောင်နှင့် ဖန်းကျန့်ကိုပင် မယှဥ်နိုင်ဘူး။

အစေခံဘဝ၏ လေးနှစ်လုံးတွင် ယောင်လဲ့ထျန်း လူတစ်ယောက်ထဲနှင့် ရင်းနီးခဲ့သည်။ ထိုသူက လုချီပင်။ သူမက အရည်အချင်းရှိပြီး ထူးချွန်သော်ငြား သူ့ကို လုံးဝ အထင်မသေးဖူးဘူး။ သူမ၏ ​ကျန်းမာရေးအခြေအနေကြောင့် လုချီက အပြင်တပည့်များနှင့် အဆက်အဆံ သိပ်မရှိပေ။ ထို့ကြောင့် သူမ၏ အသက်ကို တစ်ခါကယ်ပေးခဲ့ဖူးသော ယောင်လဲ့ထျန်းကပဲ သူမ၏ အရင်းနီးဆုံး မိတ်ဆွေတစ်ယောက် ဖြစ်လာခဲ့တာပင်။

လုချီ ရောက်လာမှုကို ယောင်လဲ့ထျန်း အံ့သြသွားရခြင်းက သူမ၏ ကျင့်ကြံမှုကို သံသယဝင်၍ မဟုတ်ပါပေ။ သူမ၏ ကျန်းမာရေးအခြေအနေက အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားအတွက် မသင့်လျော်လှခြင်းကြောင့်သာ ဖြစ်သည်။

“ နင်ဒီမှာစာရင်းလာပေးတယ်ကြားလို့ စိတ်ပူပြီး လာခဲ့လိုက်တာ။ ဒါပေမဲ့ ဒီလို လူမြင်ကွင်းထဲ အနိုင်ကျင့်နေတာကို မြင်ရမယ် မထင်ထားဘူး။ စိတ်ပျက်ဖို့ ကောင်းလိုက်တာပဲ”

ဒေါသကြောင့် အနည်းငယ် ဖြူဖွေးနေသော လုချီ၏ မျက်နှာက ပိုမိုဆွဲဆောင်မှု ရှိနေလေ၏။

သေချာပေါက် ယောင်လဲ့ထျန်း ထိုအရာတွေကို ဂရုမစိုက်ပါပေ။ သူဂရုစိုက်သည့် တစ်ခုတည်းသော အချက်က အရေးကြီးအခြေအနေတွင် လုချီက ရှေ့မှ ကာကွယ်ပေးခဲ့သည်။ လုချီနှင့် ယှဥ်လိုက်လျှင် ထိုဇီဇာကြောင်သော လီရို့ရွှယ်ဆိုသည့် မိန်းမကသာ သေဖို့ ထိုက်တန်သည်။

“ဖန့်ဟောင်၊ မင်းရဲ့ခွေးကို သေချာထိန်းထားစမ်း”

ယောင်လဲထျန်း လုချီကို ရှေ့ထွက်ခိုင်းဖို့ အစီအစဥ်မရှိပါချေ။ သူမကို သူ့အနောက် ပြန်ဆွဲခေါ်လိုက်ပြီး ဖန့်ဟောင်ကို တိုက်ရိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါက စီမံရေးခန်းမနော်။ ဒီနေရာမှာရှိတဲ့ အကြီးအကဲတွေနဲ့ ဆရာတော်တွေကို အရေးမစိုက်ဘဲ လူရိုက်တာက အပြစ်ကြီးပဲ”

“မြောင်လိ အနောက်ဆုတ်စမ်း”

ဖန့်ဟောင်၏ ဘဝတစ်လျှောက်လုံးမှာ တစ်ခါမှ အခုလိုမျိုး အခြိမ်းခြောက်မခံရဖူးပါချေ။ ယောင်လဲ့ထျန်းကြောင့် သူ၏မျက်နှာတစ်ခုလုံး အမည်းရောင်သန်းနေသော်ငြား သူလည်း အခြေအနေကို နားလည်သည်။ ယောင်လဲ့ထျန်းက ဘယ်လိုပင် အားနည်းပါစေ၊ အထက်အမတဘုံဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သည်။ ယောင်လဲ့ထျန်းကို ထိသည့်မည်သူမဆို မလွဲမသေ အပြစ်ခံရလိမ့်မည်။

ထို့အပြင် လုချီ လည်း ရှိနေသေးသည်။ သူမကို အတွင်းခန်းမ၏ အကြီးအကဲဟွာက အလေးပေးသောကြောင့် မကြာခင်မှာပဲ အတွင်းတပည့် တစ်ယောက်ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံထားရသေးသည်။ သူမကို ရန်စမိလျှင် မကောင်းနိုင်ဘူး။

ယောင်လဲ့ထျန်းကို ရိုက်နှက်ဖို့ အရှေ့တိုးလာခဲ့သော မြောင်လိက ဖန့်ဟောင်၏ ရွံစရာနောက်လိုက်များထဲမှ တစ်ယောက်ပင်။ ထိုသူက ပိန်ခြောက်နေသည့်အပြင် မျက်နှာကလည်း ချွန်စုတ်စုတ်နှင့် ကြည့်ရဆိုးလှသည်။ ​ထိုသူ၏ တြိဂံမျက်လုံးများက ယောင်လဲ့ထျန်းကို ကြောက်မက်ဖွယ်အလင်းအပြည့်ဖြင့် စူးနေအောင် စိုက်ကြည့်နေခဲ့သည်။

ခွေးနှင့်အနှိုင်းခံလိုက်ရသောကြောင့် ယောင်လဲ့ထျန်းကို အပိုင်းပိုင်း စုတ်ဖြဲချင်သော်ငြား မြောင်လိ ဖန့်ဟောင်ကို စိတ်တိုအောင် မလုပ်ရဲပေ။ ထို့ကြောင့် ယောင်လဲ့ထျန်းကို အခွင့်အရေးရှာပြီး နောက်မှ အပြစ်ပေးမည်ဟု တေးမှတ်ထားလိုက်သည်။

“ယောင်လဲ့ထျန်း…နင် စောင့်နေလိုက်”

“ဟေ့ကောင် မင်း စောင့်နေစမ်းပါ”

“ချီးပဲ။ သေချင်နေတဲ့ကောင်.. မင်းငါနဲ့ တွေ့အုံးမယ်”

“စောက်သုံးမကျတဲ့ အစေခံကများ၊ ငါတို့မင်းကို ဘယ်လိုပညာပေးမလဲ ပြပေးရတာပေါ့”

…..

လီရို့ရွှယ်နှင့် နောက်လိုက်များ၏ ကြိမ်းဝါးသံတွေကို ယောင်လဲ့ထျန်း အဖက်မလုပ်ပေ။ ထိုအစား လီရို့ရွှယ်ဆီက ကျောက်စိမ်းပြားကိုပဲ လှမ်းတောင်းလိုက်သည်။ ထိုသူတွေအားလုံးကို သူ ပြိုင်ပွဲကျမှ လက်တွေ့ ပြပေးမည်လေ။

All Chapters