အပြင်ခန်းမ၏ ကျားဆယ်ကောင်
Vol. 2 Ch. 14
အပြင်ခန်းမ၏ အကြီးအကဲ လီကျောင်းလျန်၏ တစ်ဦးတည်းသော သမီးဖြစ်သည့်အပြင် ထူးချွန်သော ပါရမီကြောင့် လီရို့ရွှယ်သည် အသက်ဆယ့်ရှစ်နှစ်မှာ ချီအသွင်ပြောင်းခြင်း ပြီးပြည့်စုံသည့်အဆင့်ကို ရောက်နေခဲ့ပြီဖြစ်သည်။ သူမအနေဖြင့် ဂုဏ်မောက်စရာ အခွင့်အရေး အပြည့်အဝ ရှိသည်။ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသော သူမလို သမီးတော်တစ်ယောက်က အစေခံယောင်လဲ့ထျန်းကို မျက်လုံးထဲ ထည့်စရာပင် မလိုအပ်ပေ။
ယောင်လဲ့ထျန်း၏ ပုံစံသည် ရွှေငါးတွေကြားထဲ ရုတ်တရက် ရောက်လာသည့် မြှောင်းထဲက အရောင်မရှိသော ငါးတစ်ကောင်လို ကန့်လန့်တိုက်နေခဲ့သည်။
အခု ယောင်လဲ့ထျန်း၏ ဆန့်ကျင်နေသည့် ပုံစံကြောင့် လီရို့ရွှယ် အေးစက်စွာ မျက်နှာမဲ့လိုက်သည်။ အခမ်းအနားကို ဝင်ပြိုင်တာနှင့် ယောင်လဲ့ထျန်း ပျက်ဆီးပေလိမ့်မည်။ အထက်အမတဘုံဂိုဏ်းအတွင်းမှာ ဘယ်သူမှ သူမကို အခုလို မစော်ကားဖူးဘူး။
ယောင်လဲ့ထျန်းလို အမှိုက်ကောင်ကို ဖြေရှင်းဖို့ သူမ လက်တစ်ချောင်းမဖို့ပင် လိုအပ်မည် မဟုတ်ချေ။
ယောင်လဲ့ထျန်းကို ကြည့်နေရင်း သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ခြင်းအပြုံးများ ဝင်ရောက်လာတော့သည်။
လုချီတစ်ယောက်သာ မျက်နှာပျက်နေခဲ့သည်။ ယောင်လဲ့ထျန်း ရန်စလိုက်မိသူများ၏ အကြောင်းကို သူမ ကောင်းကောင်း သိသည်လေ.. ထိုသူတွေသာ ပူးပေါင်းကြံစည်လိုက်လျှင် လူတစ်ယောက်ကို သေချင်စိတ်ပေါက်လာသည်အထိ အနိုင်ကျင့်ကြပေလိမ့်မည်။
ယောင်လဲ့ထျန်းကို ဘယ်လိုကူညီပေးရမလဲ မသိတော့သောကြောင့် လုချီ အကြီးအကျယ် စိတ်ပျက်လာတော့သည်။
အတွင်းတပည့် အခမ်းအနားတွက် စာရင်းသွင်းတာက ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ ကျောက်စိမ်းပြားအတွင်းကို မှော်စွမ်းအင်နှင့်အတူ ကိုယ်ရေးအချက်အလက်များ ဖြည့်ပေးရသည်။ အကြီးအကဲများနှင့် ဆရာတော်များ စစ်ဆေးပြီးမှ ခွင့်ပြုပေးသူသာ ယှဥ်ပြိုင်ခွင့်ရသည်။
ထိုအချိန်မှသာ သီးသန့်ကန့်သတ်ချက်မရှိသော်လည်း ခန္ဓာကိုယ်ယဥ်ပါးခြင်းတပည့်တစ်ယောက်မှ မယှဥ်ပြိုင်ရသော အကြောင်းအရင်းကို ယောင်လဲ့ထျန်း နားလည်သွားခဲ့သည်။ စစ်မှန်သော ချီစွမ်းအင်ကို ခန္ဓာကိုယ်အတွင်း လည်ပတ်စေမှသာ စစ်မှန်သောချီစွမ်းအင် နယ်ပယ်ကို အဆင့်တက်နိုင်သည်။ ချီစွမ်းအင်ကို မထုတ်နိုင်လျှင် ထိုသူက ကျောက်စိမ်းပြားအတွင်း ဘယ်လိုလုပ် အချက်အလက် ရေးနိုင်တော့မည်နည်း။
လူအများကြီး စိတ်ပျက်စွာ လှည့်ပြန်သွားရခြင်းကလည်း အချက်အလက် ရေးသွင်းခြင်း ကျရှုံး၍ ဖြစ်နိုင်ပါသည်။
“ ဟေ့ကောင်၊ စာရင်းတောင် မသွင်းနိုင်တဲ့ မင်းလိုကောင်က ဒီမှာနေနေလဲ မထူးဘူး။ လစ်စမ်းပါကွာ။ အလကားနေ ကျောက်စိမ်းပြားကုန်တယ်”
ဖန်းကျန့်က ယောင်လဲ့ထျန်းကို ဖြဲကြည့်ကာ အော်လိုက်ပြန်သည်။
“ရို့ရွှယ် ဒီကောင်က လက်မလျော့မှတော့ သူ့ကို ကျောက်စိမ်းပြား ဘာလို့ ပေးမကြည့်ရမှာလဲ”
ဖန့်ဟောင်က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ဒီကောင်က မရှက်မကြောက် ယုံကြည်ချက်တွေ မြင့်ပြနေမှတော့ ဒီကောင့်စိတ်ကြိုက် လုပ်ခွင့်ပေးကြတာပေါ့။ ဒီကောင်က ဆရာတော်ဟွမ်ရဲ့ တပည့်မလား။ ဒီကောင်ဒီမှာ အရှက်ကွဲပြီးရင် ဆရာတော်ဟွမ် သူ့ကို အပြစ်ပေးလိမ့်မယ်။ ကျွန်တော်တို့ စိုးရိမ်စရာ မရှိပါဘူး”
ဖန့်ဟောင်၏ ဆရာ ယန်ယွမ်နှင့် ယောင်လဲ့ထျန်း၏ဆရာ ဟွမ်ရှက အချင်းချင်း မတည့်ကြသောကြောင့် တပည့်များကလည်း အဆင်မပြေကြပေ။ ယောင်လဲ့ထျန်း၏ ခေါင်းမာနေပုံကြောင့် ဆရာတပည့်နှစ်ယောက်လုံးကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ဖို့ ဖန့်ဟောင် ကြံစည်လိုက်တော့သည်။ ဆရာဖြစ်သူ ယန်ယွမ်လည်း ကျေနပ်လိမ့်မည်ပင်။
အရေးအကြီးဆုံးက ယောင်လဲ့ထျန်း ကိုယ့်ကိုယ်ကို မျက်နှာဖြတ်ရိုက်သည့် ဖြစ်စဥ်ကို သူအပြည့်အဝ ခံစားချင်သေးသည်။
“လမ်းဖယ်ကြစမ်း၊ ငါတို့ခေါင်းဆောင် စာရင်းလာသွင်းတာ မတွေ့ဘူးလား”
ထိုအချိန်မှာပဲ များစွာသော စစ်မှန်သောချီစွမ်းအင်နယ်ပယ် တပည့်များ ခြံရံရင်း ဟိတ်ဟန်အပြည့် လျှောက်လှမ်းလာသည့် ဆယ့်ခြောက်နှစ်အရွယ် လူရွယ်တစ်ယောက် ရောက်လာခဲ့သည်။
ဆရာတူအကို ရှကျန့်ကို ယောင်လဲ့ထျန်း ချက်ချင်း မှတ်မိလိုက်ပါသည်။ ဆရာဖြစ်သူ၏ အရေးပေးခံရဆုံး တပည့်ဖြစ်သည့်အပြင် ထိုကောင်လေးက ကျားဆယ်ကောင်အဖွဲ့၏ ခုနှစ်ယောက်မြောက် အဖွဲ့သားလည်း ဖြစ်သေးသည်။ ရှကျန့်က ယောင်လဲ့ထျန်းထက် တစ်လပဲ စောပြီး ဂိုဏ်းကို ရောက်ခဲ့ပေမဲ့ အခုဆို ချီအသွင်ပြောင်းခြင်း နယ်ပယ်၏ ထိပ်ပိုင်းကို ရောက်နေခဲ့ပြီပင်။
ကျားဆယ်ကောင်အဖွဲ့က အပြင်ခန်းမ၏ အသန်မာဆုံးဆိုသည့်အပြင် မကောင်းဆိုးဝါးအဆန်ဆုံး တပည့်များဆိုလည်း မှန်သည်။ ကျားဆယ်ကောင်အဖွဲ့၏ ခေါင်းဆောင် ကျန့်ရှန်းထျန်းသည် ဂိုဏ်းကိုရောက်တာ သုံးနှစ်ပဲရှိသေးသော်လည်း အတွင်းစွမ်းအင်စုစည်းခြင်းနယ်ပယ်ကို ရောက်နေပြီဖြစ်သောကြောင့် အကြီးအကဲတိုင်းက အရေးပေးကြသည်။ ဒီတစ်ခေါက် ရွေးချယ်ပွဲတွင် အောင်မြင်မည်ဟု သေချာပေါက် ခန့်မှန်းခံထားရသည်။
အပြင်ခန်းမအတွင်း၌ နှစ်များစွာအချိန်ယူ ကျင့်ကြံပြီး၍ ချီအသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်လာသူများလည်း ရှိသည်။ သို့သော် ဆယ်စုနှစ်တစ်ခုစာ အချိန်ယူထားပြီးမှ အဆင့်တက်နိုင်သည့် ထိုသူများ၏ နိမ့်ကျသော အရည်အချင်းကြောင့် အနာဂတ်မရှိဘူးဟု သတ်မှတ်ခံကြရကာ ကျားဆယ်ကောင်အဖွဲ့အတွင်း မဝင်နိုင်ကြပေ။
အပြင်ခန်းမ၏ ကျားဆယ်ကောင်ဖြစ်သောကြောင့် ထိုဆယ်ယောက်လုံးက အရည်အချင်းရှိကြမည် ဖြစ်ပြီး အတွင်းတပည့်အဖြစ် အလားအလာ အရှိဆုံး သူများလည်းဖြစ်သည်။
ရှကျန့်နှင့် နောက်လိုက်များက ခြံဝန်းအတွင်း ရောက်လာသည်နှင့် အစုအရုံးလိုက် ရှိနေသော လီရို့ရွှယ်၊ ဖန့်ဟောင်နှင့် ဖန်းကျန့်ကို မြင်ပြီး အနားရောက်လာခဲ့ကြသည်။
“အမလီ ကျွန်တော်နောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ” ရှကျန့် ပြောလိုက်သည်။
“အိုး မောင်လေး ရှ ပါလား”
ရှကျန့်ကို မြင်သည်နှင့် လီရို့ရွှယ် ပြုံးရွှင်သွားခဲ့သည်။ လှပသော သူမ၏ အပြုံးက အနီးရှိ အပြင်တပည့်များကို မျက်လုံးများပြူးကျယ်ကာ နှလုံးခုန် မမှန်အောင် ပြုစားသွားလေ၏။
ယောင်လဲ့ထျန်းကတော့ ချွင်းချက်ပေ။ သူက သာမာန်သူတစ်ယောက် မဟုတ်တော့ဘူး။ လီရို့ရွှယ်၏ သရုပ်မှန်ကို သိပြီးနောက်တွင် သူ၏စိတ်သဘောထားများအားလုံး ပြောင်းလဲ သွားခဲ့သည်။ သူမ၏ အပြုံးကတောင်မှ ကြောင်သူတော်ဆန်သလို ခံစားရ၍ ရွံရှာမိသေး၏။
“ဒီလောက်နဲ့ မရပါဘူးနော်” လီရို့ရွှယ် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
“ ဒီမှာမင်းရဲ့ ဆရာတူညီလေး ရောက်နေတယ်။ သူ့ကို နေရာချပေးလိုက်အုံးလေ”
“ဆရာတူညီလေး ဟုတ်လား”
ရှကျန့်အနည်းငယ် အံ့သြသွားသည်။ ထိုအခါမှ ယောင်လဲ့ထျန်းကို သတိထားမိပြီး ရှကျန့်၏ မျက်နှာက ချက်ချင်း အရုပ်ဆိုးသွားတော့သည်။
ဒီကောင်က သူ့ထက်တစ်လနောက်ကျပြီး ရောက်လာခဲ့သော အမှိုက်ကောင် မလား…
ဆရာတူတပည့်များအားလုံးထဲမှ ရှကျန့်က ယောင်လဲ့ထျန်းနှင့် ပတ်သတ်လျှင် ကဲကဲအဆတ်ဆုံး ဖြစ်သည်။ သူ၏ ဆရာဖြစ်သူလို ရာထူးကောင်း၊ အမြင်ကောင်းသည့် သူတစ်ဦးက အဘယ်ကြောင့် အခုလို အသုံးမကျသည့် အမှိုက်တစ်ကောင်ကို ဂိုဏ်းအတွင်း လက်ခံခဲ့မှန်း ဘယ်လိုမှ မစဥ်းစားနိုင်ခဲ့ပေ။
သို့ပေသည့် အရည်အချင်းမရှိလျှင်လည်း တစ်နေရာရာမှာ ပုန်းကွယ်နေသင့်သည် မဟုတ်ပေဘူးလား။ သို့သော် ကိုယ့်နေရာကိုယ်မသိဘဲ အတွင်းတပည့်ရွေးချယ်ရေး အခမ်းအနားအတွက် စီမံရေးခန်းမတွင် စာရင်းပေးနေသေးသည်။ ဂုဏ်သိက္ခာကို တန်ဖိုးထားသော ဆရာဖြစ်သူကို သက်သက်မဲ့ အရှက်ခွဲနေတာ မဟုတ်ပေဘူးလား။ ဆရာဖြစ်သူ တခါးပိတ်ကျင့်ကြံနေ၍ မဟုတ်လျှင် ဒီအသုံးမကျသောကောင်ကို သေချာပေါက် ရိုက်နှက်ပစ်ပေလိမ့်မည်။
ရှကျန့် မျက်မှောင်ကြုတ်နေရင်း အမုန်းတရားများကို မထိန်းချုပ်နိုင်စွာ ပြောလိုက်သည်။
“ယောင်လဲ့ထျန်း မင်း.ဘာလုပ်နေတာလဲ။ မင်းရဲ့ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ကျင့်ကြံမှုနဲ့ စာရင်းသွင်းလို့ ရမှာကို မဟုတ်ဘူး။ မင်းရဲ့အချိန်ကို သက်သက် ဖြုန်းမနေနဲ့။ အခုသွားလိုက်တော့ ကိုယ့်ကိုယ်ကို အရှက်မခွဲချင်နဲ့”