← Chapters

ရှကျန့်၏ ရန်စမှု

Vol. 2 Ch. 15

ရှကျန့်၏ ရန်စမှု

Vol. 2 Ch. 15

ယောင်လဲ့ထျန်း ဒေါသကြောင့် ပေါက်ကွဲလုနီးနီး ဖြစ်သွားသည်။ တစ်ခြားသူတွေ အထင်သေးတာ ဘာမှမဖြစ်ပေ။ သို့သော် ဆရာတူအကို၏ အထင်သေးသော စကားလုံးများက လီရို့ရွှယ်နှင့် ကျန်သောသူများထက်ပင် ပြင်းထန်နေသေး၏။ ထိုအချက်က ယောင်လဲ့ထျန်းကို ဒေါသူပုန် ထစေသည်။

“အကိုရှ၊ လဲ့ထျန်းက တစ်ခြားသူလည်း မဟုတ်ဘူး။ အကိုရှရဲ့ ဆရာတူညီလေးနော်။ တစ်ခြားသူတွေထားတော့၊ အကိုရှ ကပါ မကူညီတဲ့အပြင် သူ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။ အကိုရှ လုပ်နေတာကို ကျိုးကြောင်းသင့်တယ် ထင်နေလား”

လုချီက အထင်သေးစွာ ပြောလိုက်သည်။

တစ်ခြားသူသာဆိုလျှင် ရှကျန့် မျက်နှာကို ဖြတ်ရိုက်မိမှာပေမဲ့ လုချီကိုတော့ မတုံ့ပြန်ခဲ့ပေ။

လုချီကို အိမ်တော်ထိန်း ဟွာမန်ထန်းက ငယ်စဥ်တည်းက မွေးစားထားသောကြောင့် ဒီအထက်အမတဘုံဂိုဏ်းက သူမအတွက် အိမ်လို ဖြစ်နေပြီပင်။

အိမ်တော်ထိန်း ဟွာမန်ထန်းက အာဏာမရှိသော်လည်း သူ၏ညီမဖြစ်သူ ဟွာထင်ဖန့်က အတွင်းခန်းမ ဆေးဖော်ခန်း၏ အကြီးအကဲတစ်ဦးဖြစ်သည်။ အမြဲတမ်း နေမကောင်းဖြစ်နေတတ်သော လုချီကို ဟွာထင်ဖန့်က အလေးပေးသောကြောင့် လုချီက အပြင်တပည့်များကြားတွင် အဆင့်အတန်းမြင့်သည်။

လုချီကို လီရို့ရွှယ်လိုမျိုး မြှောက်ပင့် မဖားယားကြရင်တောင်မှ အပြစ်မလုပ်ရဲ ကြပေ။

လုချီ၏ အရှေ့ထွက် ကာကွယ်ပေးမှုကြောင့် ယောင်လဲ့ထျန်း ရင်ထဲ နွေးထွေးသွားခဲ့သည်။ ထို့ကြောင့် ဘာကိုမှ ဂရုမစိုက်ဘဲ ပြောလိုက်လေ၏။

“ကျုပ်မသွားဘူး။ ကျုပ်တန်းစီထားတဲ့နေရာကို လုယူမဲ့ကိစ္စ မေ့ထားလိုက်တော့”

“မင်း..”

ရှကျန့် တစ်ယောက် ဒေါသကြောင့် မျက်လုံးကြီး ပြူးကျယ်လာတော့သည်။ လုချီက သူ့ကို မလေးစားသည့်အပြင် အသုံးမကျသော ဒီဆရာတူညီကပါ အလှဆုံးမိန်းကလေးရှေ့မှာ သူ့ကို ပြန်ပြောလိုက်သည်… ဤလူတွေအားလုံး စိတ်လွတ်သွားကြပြီလား။

“ညီလေးရှ၊ ဒေါသမထွက်ပါနဲ့”

ဖန့်ဟောင် ရယ်မောလိုက်လေ၏။

“မင်းရဲ့ ညီလေး ဘယ်လောက်ခေါင်းမာတယ်ဆိုတာ အကိုတို့ အားလုံး တွေ့ပြီးသွားပြီ။ သူကမသွားချင်မှတော့ နေခိုင်းလိုက်ရအောင်။ လာလာ၊ ဒါမင်းနေရာပဲ”

ဖန့်ဟောင်က ယောင်လဲ့ထျန်းအရှေ့က လူတစ်ယောက်ကို ဂုတ်ကဆွဲဖယ်ပြီး ရှကျန့်ကို နေရာပေးလိုက်သည်။

ထိုသူခဗျာ အတွင်းခြံဝန်းအထိ ရောက်အောင် မိုးလင်းတည်းက တန်းစီထားသော်လည်း မောင်းထုတ်ခံလိုက်ရလေ၏။ ထိုသူ အလွန်အမင်း စိတ်ပျက်သွားတော့သည်။ သို့သော် ရှကျန့်၊ ဖန့်ဟောင်နှင့် ဖန်းကျန့်ကြောင့် အသံတစ်ချက်မထွက်ရဲဘဲ အနောက်မှာ တိတ်တဆိတ် သွားတန်းစီလိုက်တော့သည်။

စီမံရေးခန်းမ၏ အကြီးအကဲတစ်ချို့နှင့် ဆရာတော်များ တွေ့လိုက်သည့်တိုင်အောင် ဘယ်သူကမှ မတားခဲ့ကြဘူး။ နေရာကျော်တာက စည်းမျဥ်းကို ဆန့်ကျင်နေသော်ငြား နေရာလဲတာကို မပြောထားခဲ့ဘူးလေ.. အထူးသဖြင့် ရှကျန့်လို အရည်အချင်းရှိ လူငယ်အတွက်ပေါ့။ ဘယ်သူကမှ ရှကျန့်ကို မဆန့်ကျင်ချင်ကြပေ။

လီရို့ရွှယ်က ရှကျန့်ကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်သည်။

ကျောက်စိမ်းပြားကို ယူပြီးသည်နှင့် ရှကျန့် တည်ငြိမ်သွား၏။ ရှကျန့် ဂရုတစိုက်ဖြင့် မှော်စွမ်းအင်ကို ပို့လွှတ်လိုက်ချိန်မှာ ကျောက်စိမ်းပြားထက်မှ ခရမ်းရောင်တစ်ချို့ ပါဝင်နေသော စိမ်းပုတ်ရောင်အလင်းများ ဖြာထွက်လာခဲ့သည်။

“တော်တယ်ဟ၊ ကျားဆယ်ကောင်ရဲ့ ခုနှစ်ယောက်မြောက်ဖြစ်နေတာ မအံ့သြတော့ပါဘူး။ လေးနှစ်အတွင်းမှာ သူ့ရဲ့သန်မာမှုက ချီအသွင်ပြောင်းခြင်းနယ်ပယ် သာလွန်အဆင့်ကိုတောင် ရောက်နေပြီ”

“ဒါပေါ့ဟ၊ ဒီလိုမှမဟုတ်ရင် ကျားဆယ်ကောင်ထဲ ပါနိုင်မယ် ထင်နေလား။ အေးနော်၊ အခုဆို ကျားဆယ်ကောင်လုံးက သေချာပေါက် အတွင်းတပည့်ဖြစ်လာလိမ့်မယ်။ ငါတို့တွေက မင်းသားတွေကို လိုက်လံပို့ဆောင်တဲ့ အထောက်တော်တွေပါပဲကွာ”

“မင်းကလဲ.. ဘာတွေ စိတ်ဓာတ်ကျနေတာလဲ။ ငါတို့အတွက်လဲ အခွင့်အရေး ရှိပါသေးတယ်”

“အေးပါ၊ မျှော်လင့်ရတာပဲ”

ရှကျန့်၏ ကျောက်စိမ်းပြားအလင်းကြောင့် အပြင်တပည့်များကြားမှ ညည်းညူသံများ မနေနိုင်စွာ ထွက်ပေါ်လာခဲ့သည်။ မနာလို ဝန်တိုမှုများ ရောယှက်နေသော အကြည့်များက ရှကျန့်အနားတွင် ရစ်ဝဲနေ၏။

သန်မာသူကို လေးစားခံရသော ကျင့်ကြံရေးလောကကြီးတွင် အထက်အမတဘုံဂိုဏ်းလည်း အတူတူပင် .ဖြစ်သည်။

သာမာန်တပည့်များသာမက၊ တစ်ခြားအကြီးအကဲများနှင့် ဆရာတော်များပင် အရည်အချင်းရှိ တပည့်ကို ရရှိထားသည့် ဆရာတော်ဟွမ်ရှကို မနာလို ဖြစ်သွားကြသည်။ တပည့်ဖြစ်သူ၏ အတွင်းတပည့် ဖြစ်လာနိုင်မည့် အရည်အချင်းကို ယုံကြည်သောကြောင့် ထိုသူက အခုလိုမျိုး တည်ငြိမ်စွာ တံခါးပိတ်ကျင့်ကြံနိုင်ခြင်း ဖြစ်ရပေမည်။

“ယောင်လဲ့ထျန်း မင်းလုပ်နိုင်လား”

ကျောက်စိမ်းပြားပေါ်က အလင်းတန်း ပျောက်သွားသည့်နှင့် ရှကျန့်က ယောင်လဲ့ထျန်းကို မောက်မာစွာ ပြောလိုက်သည်။

“မလုပ်နိုင်ရင် လစ်လိုက်တော့။ ငါတို့ဆရာကို ဒီလောက်ပဲ အရှက်ခွဲတော့”

အစောပိုင်းက ယောင်လဲ့ထျန်း၏ ကလန်ကဆန် လုပ်မှုကို တွေးမိသောကြောင့် ရှကျန့် မျက်နှာမထောက်စွာ ပြောလိုက်သည်။

ထိုအချိန်မှာပဲ ဆရာတော်တစ်ယောက်က သတိထားမိပြီး ယောင်လဲ့ထျန်းအနား ချဥ်းကပ်လာခဲ့ကာ…

“မင်းက ဘယ်သူ့တပည့်လဲ။ မကျွမ်းကျင်ခင် လျှောက်မသွားဖို့ မင်းရဲ့ ဆရာ မသင်ပေးထားဘူးလား”

“အဟမ်း”

ရှကျန့် အနေခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။

“ဆရာတော်ယန်၊ သူက ကျွန်တော့်ရဲ့ ဆရာတူညီလေးပါဗျ။ သူကဒီကို စာရင်းလာပေးတာ မဟုတ်ဘူး။ ဒီတိုင်း မြင်ဖူးချင်လို့ ရောက်လာခဲ့တာ”

ပြောပြီးသည်နှင့် ရှကျန့်က ယောင်လဲ့ထျန်းကို လှမ်းကြည့်လိုက်ပြီး

“မင်း ဘာလုပ်နေသေးတာလဲ။ မြင်သင့်တာမြင်ပြီးပြီ၊ သွားတော့”

“ ကျွန်တော်ဒီနေရာကို စာရင်းလာပေးတာပါ။ မသွားနိုင်ဘူး”

ယောင်လဲ့ထျန်းသည် အကုန်လုံးကို လျစ်လျူရှုထားရင်း နေရာမှာ မလှုတ်မယှက် ရပ်နေလိုက်သည်။

“စာရင်းလာပေးတာ ဟုတ်လား”

ထိုဆရာတော်က ဖန့်ဟောင်၏ ဆရာဖြစ်သူ ယန်ယွမ် ပင်။ ယောင်လဲ့ထျန်းက စာရင်းလာပေးတာလို့ ပြောလိုက်သည်နှင့် ယန်ယွမ် ခပ်ဖွဖွ ပြုံးလိုက်သည်။

တန်းစီနေသော အပြင်တပည့်များအားလုံး မထိန်းနိုင်စွာ ရယ်မောကုန်ကြသည်။ ယောင်လဲ့ထျန်းကို မျက်စိဆံပင်မွှေးစူးနေတာ ကြာပြီဖြစ်၍ အခုလို စိတ်လွတ်လက်လွတ် ရယ်မောနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြတာပင်။

တစ်ခြားအကြီးအကဲများနှင့် ဆရာတော်များပင် အနည်းငယ် တန့်သွားပြီး ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်ယဥ်ပါးခြင်း ကျင့်ကြံမှုကို စက်ဆုပ်မှုတစ်ချို့ဖြင့် မဲ့ရွဲ့လိုက်ကြသည်။.လုချီနှင့် ရှကျန့်သာ မရယ်မောနိုင်ကြတာပင်။

ယောင်လဲ့ထျန်း လှောင်ပြောင်ခံနေရသောကြောင့် လုချီ အလွန်မသက်မသာ ခံစားနေရသည်။ ယောင်လဲ့ထျန်း အရည်အချင်း မပြည့်မှီသေးတာ သူမလည်း သိပါသည်။ သို့သော် လူကြားထဲ အသိပေးပြီး ယောင်လဲ့ထျန်းကို ထပ်အရှက်မခွဲချင်ပေ။

ယောင်လဲ့ထျန်းဘက်က ချေပပေးဖို့ သူမ ပါးစပ်ဟလိုက်သော်လည်း အဆုံးမှာ ဘာပြောရမည် မသိတော့ပေ။ ထို့ကြောင့် သူမ ရှိသေးမှန်း သိစေရန်သာ ယောင်လဲ့ထျန်းအနီး တိုးကပ်လိုက်သည်။

All Chapters