အခွင့်အရေးသုံးခု
Vol. 2 Ch. 16
“ဆရာတော်ယန်၊ ကျွန်တော့်ရဲ့ ဆရာတူညီလေးက နည်းနည်းဂရုမစိုက်တတ်လို့ပါ။ ကျွန်တော်.အခု ခေါ်သွားလိုက်ပါ့မယ်”
“ခဏလေး”
ဖန့်ဟောင် လက်တစ်ဖက်ယမ်းရင်း ပြောလိုက်သည်။
“ အကို့အထင် မင်းရဲ့ဆရာတူညီလေးက ဂရုမစိုက်တတ်တာ မဟုတ်ဘူး။ သူဘာလုပ်နေလဲ သူကောင်းကောင်း သိပါတယ်။ သူအခုတင် ဒီတစ်ခေါက် အခမ်းအနားက ဘာကန့်သတ်ချက်မှ မရှိဘူးလို့ ပြောခဲ့တယ်လေ။ ကမ္ဘာကြီးကို မြင်ဖူးချင်နေတဲ့ လူငယ်တစ်ယောက်ကို မတားသင့်ဘူးလို့ အကိုထင်တယ်။ ဆရာကော ဘယ်လိုသဘောရလဲ”
“အင်း အဓိပ္ပါယ် ရှိတယ်” ယန်ယွမ် ခေါင်းညိတ်လိုက်သည်။
ပါးနပ်သော လီရို့ရွှယ်က ချက်ချင်းပဲ ဖန့်ဟောင်၏ အကြံအစည်ကို နားလည်လိုက်သည်။ မကြာခင်မှာ ကျောက်စိမ်းပြားထဲ သတင်းပို့မှု ကျဆုံးရမည့် ယောင်လဲ့ထျန်း၏ အရှက်ကွဲမှုကို စဥ်းစားမိရင်း လီရို့ရွှယ် ကျေနပ်သွားသည်။ သူမ တက်ကြွစွာဖြင့် ကျောက်စိမ်းပြားကို ယောင်လဲ့ထျန်း လက်ထဲ ထိုးထည့်ပေးလိုက်တော့သည်။
“ရှင့်မှာ အခွင့်အရေးသုံးခုရှိတယ်။ သုံးကြိမ်လုံး မအောင်မြင်ခဲ့ရင် စာရင်းသွင်းတာ ကျရှုံးပြီပဲ”
ထွက်သွားသော သူတွေအားလုံးသည်လည်း သုံးကြိမ်လုံး မအောင်မြင်ခဲ့တာ ဖြစ်နိုင်သည်။ ကျောက်စိမ်းပြားနှင့် စမ်းသပ်ခြင်းသည် ချီစွမ်းအင်နှင့် မှော်စွမ်းအင်ကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်သူများကိုပဲ ရွေးထုတ်ခြင်း ဖြစ်သည်။ စွမ်းအင်ကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်ခြင်းက ကျွမ်းကျင်ကျင့်ကြံသူ တစ်ယောက်၏ အခြေခံလိုအပ်ချက်ပင်။
ရိုးရှင်းသလို ထင်ရသော်လည်း တစ်ချို့ ပါရမီနည်းပါးသူများအတွက် တစ်ဘဝလုံး လေ့ကျင့်လျှင်တောင်မှ မတတ်မြှောက်နိုင်သည့် အရည်အချင်း ဖြစ်သည်။
ယောင်လဲ့ထျန်း တိတ်တဆိတ်ပဲ ကျောက်စိမ်းပြားအတွင်း မှော်စွမ်းအင် ပို့လိုက်သည်။ သို့သော် မထင်ထားစွာပင် အစွမ်းများသွား၍ ကျောက်စိမ်းပြားက ချက်ချင်း ကွဲကြေသွားခဲ့သည်။ အပြင်လူများအတွက်တော့ ယောင်လဲ့ထျန်းက အရမ်းအားသုံးကာ ညှစ်လိုက်၍ ကွဲသလို ဖြစ်သွားခဲ့သည်။
ကွဲသွားသော ကျောက်စိမ်းပြားကို ပစ်ချလိုက်ပြီး ယောင်လဲ့ထျန်းက လီရို့ရွှယ်ကို ကြည့်လိုက်သည်။
“နောက်တစ်ခု ပေးနိုင်မလား”
ဒီလိုနှင့်ပဲ ပတ်ဝန်းကျင်တစ်ခုလုံးက ရယ်မောသံများ ဖုံးလွှမ်းသွားပြန်၏။
ရှကျန့်တစ်ယောက် အံကြိတ်ရင်း စူးရဲနေအောင်သာ ကြည့်နိုင်တော့သည်။ အံကြိတ်ရလွန်း၍ ယောင်လဲ့ထျန်းကို နေရာမှာတင် ချေမွချင်လာလေ၏..
“မင်း စောက်ရှက်မရှိဘူးလား။ တစ်ကြိမ် အရှက်ကွဲတာ မလောက်သေးလို့ နောက်တစ်ခု ထပ်တောင်းနေတာလား။ မင်း ကျေနပ်တဲ့အထိ ငါနဲ့ငါ့ဆရာကပါ လိုက်အရှက်ခွဲခံ ပေးရမှာလားကွ”
“စိတ်မလှုပ်ရှားကြပါနဲ့ကွာ၊ သူ့မှာ အခွင့်အရေး နှစ်ခါ ရှိသေးတာပဲ”
ဖန်းကျန့်က အပြုံးတစ်ခုနှင့် ပြောသည်။ ဖန်းကျန့်၏ စကားလုံးများက နှစ်သိမ့်နေသည်ထက် လှောင်ပြောင်နေတာပင်။
ဖန့်ဟောင် ဘာမှဝင်မပြောသော်လည်း ကျေနပ်နေမှုက သူ၏.မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေသည်။
လီရို့ရွှယ်သည်လည်း လှောင်ပြောင်မှုတစ်ချို့ဖြင့် နောက်ထပ် ကျောက်စိမ်းပြားတစ်ခု ပေးလိုက်သည်။
လူအုပ်၏ ရယ်မောသံများကို အဖက်မလုပ်စွာပဲ ယောင်လဲ့ထျန်း ကျောက်စိမ်းပြားကို လှမ်းယူလိုက်ပါသည်။
ယောင်လဲ့ထျန်း ပိုများသောမှော်စွမ်းအင်များ ထည့်သွင်းတော့မည့်အချိန်မှာပဲ လုချီ ပြောတာ ကြားလိုက်ရသည်။
“လဲ့ထျန်း၊ အင်အားသုံးတိုင်းလဲ မကောင်းဘူး။ ရှင့်ရဲ့ကိုယ်ထဲမှာ ချီစွမ်းအင် ရှိအုံးမှာမဟုတ်ဘူး။ ကျွန်မ ငှားပေးမယ်”
လုချီက ချက်ချင်းပဲ ယန်ယွမ်ကို အရိုအသေ ပေးလိုက်သည်။
“ဆရာတော်ယန်၊ စည်းမျဥ်းထဲမှာ စာရင်းသွင်းဖို့ ကူညီပေးလို့မရဘူးလို့ မတားထားဘူးမလား”
တစ်ခြားသူသာဆိုလျှင် ခြံဝန်းအပြင်ရောက်သည်အထိ ကန်ထုတ်ပစ်မှာ ပေမဲ့၊ လုချီကို အတွင်းခန်းမ၏ ဆေးဖော်ခန်းအကြီးအကဲ ဟွာထင်ဖန့်က အလေးပေးမှန်း သိထားသောကြောင့် ယန်ယွမ် ခဏစဥ်းစားလိုက်သည်။ အထက်အမတဘုံဂိုဏ်းအတွင်း၌ သူ၏ အဆင့်အတန်းက ဟွာထင်ဖန့်ထက် နိမ့်ကျနေသေး၏။
ဟွာမန်ထန်း၏ ဂုဏ်သိက္ခာကို ဂရုမစိုက်လျှင်တောင်မှ ဟွာထင်ဖန့်၏ ခံစားချက်ကို လျစ်လျူရှုလို့ မဖြစ်ပေ။ ထို့ကြောင့် လုချီကို တားမြစ်ချက်မရှိကြောင်း ခေါင်းယမ်းပြလိုက်ရသည်။
ဆရာတော်၏ ခွင့်ပြုချက်ရသောကြောင့် ယောင်လဲ့ထျန်း၏ နောက်ကျောပေါ်ကို လုချီ လက်ဖဝါးတင်လိုက်ရင်း မှော်စွမ်းအင်စီးကြောင်းကို ယောင်လဲ့ထျန်း၏ ခန္ဓာကိုယ်မှတစ်ဆင့် ကျောက်စိမ်းပြားအတွင်း သိမ်မွေ့စွာ ဝင်ရောက်စေလိုက်သည်။
လုချီ၏ မှော်စွမ်းအင် ထိန်းချုပ်ပုံကို ယောင်လဲ့ထျန်း ဂရုတစိုက် လေ့လာလိုက်သည်။ သူ၏ လက်ရှိမြင့်မားလာသော နားလည်နိုင်စွမ်းကြောင့် အဓိကအချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
သို့သော် စွမ်းအင်လွှဲပြောင်းလိုက်သည့်နှင့် သာမာန်သူထက် အဆတစ်ရာမက သန်မာနေသော ယောင်လဲ့ထျန်း၏ ခိုင်မာကျယ်ပြန့်သည် စွမ်းအင်သွေးကြောနှင့် ထိုသွေးကြောအတွင်း စီးဆင်းနေသော သန့်စင်သည့်မှော်စွမ်းအင်ကို လုချီ အာရုံခံမိလိုက်သည်။
ဘယ်လိုပင်ဆိုဆို ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ်ထက် များစွာ သန်မာနေသောကြောင့် လုချီ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ပေ။ ထို့ကြောင့် အာရုံထွေပြားသွားပြီး ယောင်လဲ့ထျန်း၏ လက်ထဲက ကျောက်စိမ်းပြားကို နောက်တစ်ကြိမ် ကွဲကြေစေခဲ့သည်။
“ရပါတယ်။ ထပ်ကြိုးစားကြမယ်”
ယောင်လဲ့ထျန်း.လုချီကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်လေ၏။ အစက အံ့သြသွားသော်လည်း အခြေအနေကို သဘောပေါက်သည်နှင့် လုချီ ချက်ချင်းပဲ ပြန်တည်ငြိမ်သွားခဲ့သည်။
လီရို့ရွှယ်က ကျောက်စိမ်းပြား နောက်တစ်ခု ထုတ်မပေးတော့ဘဲ လုချီကို အရင်ပြောလာခဲ့သည်။
“ ညီမလေးလုကသူ့ကို ကူညီနေတာမဟုတ်ဘူး။ သူ့ကို နာကျင်အောင်.လုပ်နေတာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် ကျင့်ကြံမှုနဲ့ ရွေးချယ်ပွဲကို ပြိုင်ကိုမပြိုင်သင့်တာ၊ အခုအောင်မြင်သွားရင်တောင် ပြိုင်ပွဲမှာ သေမတတ် ခံရလိမ့်မယ်။ ညီမလေး နားလည်ရဲ့လား”
“သတိပေးတာကျေးဇူးပါ မမလီ၊ ဒါပေမဲ့ လဲ့ထျန်းက ဆုံးဖြတ်ထားမှာတော့ သူ့ကို ညီမ ယုံကြည်ပါတယ်”
အစကတော့ လီရို့ရွှယ်နည်းတူ လုချီ တွေးခဲ့မိတာပင်။ အခု ယောင်လဲ့ထျန်း၏ သန်မာမှုအစစ်ကို သူမ တွေ့ခဲ့ပြီ။ ဤအခြေအနေမှာ ယောင်လဲ့ထျန်းနှင့် ထိပ်တိုက်မတွေ့ရလျှင် အဲ့ဒီလူ ကံကောင်းတာလို့ သတ်မှတ်ရလိမ့်မည်ပင်။
လီရို့ရွှယ်က ယောင်လဲ့ထျန်းကို ရွံရှာစွာ ကြည့်လိုက်ပြန်သည်။ ဤအပြင်ခန်းမ၏ များစွာသော အသုံးမကျသည့်သူများထဲမှာ အသုံးမကျဆုံး ယောင်လဲ့ထျန်းက အဘယ်ကြောင့် လုချီနှင့် နီးစပ်နေလည်း သူမ နားမလည်နိုင်တော့ပေ။
“လဲ့ထျန်း၊ ဂရုစိုက်နော်။ ဒါနောက်ဆုံး အခွင့်အရေးပဲ”
လုချီက ပြောပြီးသည်နှင့် ယောင်လဲ့ထျန်း၏ ကျောပေါ် လက်တင်လိုက်သည်။ သို့သော် ဘာစွမ်းအင်မှ မလွှဲပြောင်းခဲ့ပေ။
ယောင်လဲ့ထျန်းက အစောပိုင်းက အဖြစ်အပျက်ကို ပြန်စဥ်းစားရင်း မှော်စွမ်းအင်ကို ဂရုတစိုက် ပို့လိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ကျောက်စိမ်းပြားထံမှ မျက်စိကျိန်းလောက်စရာ ခရမ်းရောင်အလင်းများ ဖြာထွက်လာ၏။
အပြင်ခန်းမ၏ အသန်မာဆုံး ကျန်းရှန့်ထျန်းပင် အခုလောက်တောက်ပသည့် အလင်းမျိုး မထုတ်နိုင်ခဲ့ချေ။
“ဒါ.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လီရို့ရွှယ် အံ့သြမှုကြောင့် ချက်ချင်း ပါးစပ်ကြီး ပွင့်ဟသွားလေသည်။ ယောင်လဲ့ထျန်းလို ခန္ဓာကိုယ်ယဥ်ပါးခြင်းနယ်ပယ် အစေခံတပည့် တစ်ယောက်က ဘယ်လိုကြောင့် ကျန့်ရှန်းထျန်းထက် သာလွန်နေရသနည်း။
မဟုတ်ပေဘူး.. ယောင်လဲ့ထျန်းကြောင့် မဟုတ်နိုင်ဘူး.. သေချာပေါက် လုချီ၏ အကူအညီကြောင့် ဖြစ်ရပေမည်။