အလောင်းအစား
Vol. 2 Ch. 17
လီရို့ရွှယ်၏.အံ့သြမှုက ရုတ်ချည်းပျောက်ကွယ်သွားပြီး ယောင်လဲ့ထျန်းကို ရွံရှာစွာ ကြည့်လိုက်ပြန်သည်။ ဤအမှိုက်ကောင်က မိန်းမတစ်ယောက်၏ အကူအညီဖြင့် အောင်မြင်သွားခဲ့သည်မလား။
ကျောက်စိမ်းပြားထက်က မျက်စိကျိန်းစရာ ခရမ်းရောင်တောက်တောက်ကြောင့် ရှကျန့်၏ မျက်နှာက အံ့သြမှုဖြင့် ရဲတွတ်သွားခဲ့သည်။
အရှက်ရဖွယ်ပါပေ…
အစောပိုင်းကမှ ခရမ်းရောင်အနည်းငယ် ပါဝင်စေခဲ့သော သူ၏ သန်မာမှုကြောင့် အများချီးကျူးမှုကို.လက်ခံခဲ့ရသည်။ သို့သော် မိနစ်ပိုင်းအတွင်းမှာပဲ သူ့ထက်များစွာ သန်မာသူ ရောက်ရှိလာခဲ့သည်။ ဒါက ယောင်လဲ့ထျန်းနှင့် မသက်ဆိုင်သော်လည်း ယောင်လဲ့ထျန်းက သူ့ကို လူကြားထဲ ပါးရိုက်လိုက်သလိုမျိုး ခံစားနေရ၏။
လီရို့ရွှယ်အတိုင်းပင် ကျောက်စိမ်းပြားထက်က အလင်းသည် လုချီ၏ ကျင့်ကြံမှုကြောင့်သာဟူ၍ ရှကျန့်လည်း တထစ်ချ ယုံကြည်ခဲ့သည်။
ထိုအချိန်မှာ တစ်ခြားအကြီးအကဲများနှင့် ဆရာတော်များလည်း အံ့သြသွားပြီး တူညီစွာ တွေးလိုက်ကြသည်။ လုချီက တစ်ကယ်ကို အတွင်းခန်းမ အကြီးအကဲတစ်ယောက်ထံမှ ပစားခံရဖို့ ထိုက်တန်ပါပေသည်။ သူမ၏ ကျန်းမာရေးက ဆိုးဝါးသော်ငြား မကောင်းဆိုးဝါးလို ကြောက်မက်ဖွယ် အရည်အချင်းမျိုး ရှိနေသည်။
သဘာဝကျကျပင် အကုန်လုံးက ယောင်လဲ့ထျန်းကို မေ့ဖျောက်ရင်း လုချီကိုသာ လေးစားသွားကြသည်။
သို့သော် လက်တွေ့မှာ အအံ့သြဆုံးက လုချီ ပင်…
သူမနှင့် ယောင်လဲ့ထျန်းသည် ခွဲခြား၍မရနိုင်သော အရင်းနီးဆုံး မိတ်ဆွေများဖြစ်သည်။.သို့သော် ဘယ်အချိန်က ထိုကောင်လေး အခုလိုမျိုး ဆရာကြီးတစ်ယောက်ဖြစ်လာလည်း သူမ နားမလည်နိုင်တော့ပေ။ ထို့အပြင် သူမကိုပါ ဖုံးကွယ်ထားလိုက်သေး၏။ သူမကို သူငယ်ချင်းလို့ သဘောမထား၍လား… စိတ်ပူပင်တစ်ချို့ကို ချက်ချင်းပဲ လုချီ ခံစားလိုက်ရ၏။
ထိုသို့ဖြင့် ယောင်လဲ့ထျန်း အောင်မြင်စွာ စာရင်းပေးလိုက်နိုင်သည်။ အကုန်လုံးက လုချီကို ချီးကျူးသြဘာ ပေးကြသော်လည်း ယောင်လဲ့ထျန်းကိုတော့ ခွေးသေတစ်ကောင်လို သနားကရုဏာ အပြည့်ဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ တီးတိုးစကားပြောသံများပင် မထိန်းချုပ်နိုင်စွာ ထွက်ပေါ်လာသည်။
“ယောင်လဲ့ထျန်းတော့ သေပြီပဲ”
“အေးလို့၊ ညီမလေးလုချီက ဘယ်နှစ်ကြိမ် ကူညီပေးနိုင်မှာမလို့လဲ။ အဲ့ကောင် ပြိုင်ပွဲကွင်းထဲကျမှ အသေလူးလိမ့် နေရမှာ မြင်ယောင်သေးတယ်”
တစ်စတစ်စ ကျယ်လောင်လာသော ဝေဖန်သံများကို မျက်နှာထူနေပြီဖြစ်သော ယောင်လဲ့ထျန်းက ဂရုမစိုက်သော်လည်း လုချီ ရပ်မကြည့်နိုင်တော့ပေ။ ယောင်လဲ့ထျန်းကို ဒေါသထွက်နေပါသော်လည်း သူမကို ရှေ့တည့်တည့်ထားပြီး ယောင်လဲ့ထျန်းကို သေလူတစ်ယောက်လို ပြောဆိုခွင့် မပေးထားနိုင်ဘူး။
“ပိတ်ထားကြစမ်း။ ကျွန်မပြောမယ်၊ သေချာပေါက် လဲ့ထျန်းက အတွင်းတပည့် တစ်ယောက် ဖြစ်လာလိမ့်မယ်”
လုချီ၏ ဒေါသသံက နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ အစောပိုင်းက ပြသထားသော သူမ၏ သန်မာမှုနှင့် ကောင်းမွန်သော နောက်ခံကြောင့် ဘယ်သူကမှ စကားမဟရဲခဲ့ပေ။
စက္ကန့်အနည်းငယ် တိတ်ဆိတ်ပြီးနောက်မှာ လီရို့ရွှယ် စကားစလိုက်သည်။
“ညီမလေးလု စိတ်မလှုပ်ရှားပါနဲ့ကွယ်။ သူတို့ပြောတာ နားဝင်မကောင်းပေမဲ့လည်း တစ်ကယ်တော့ အကုန်လုံးက ယောင်လဲ့ထျန်းကို စိတ်ပူပြီး ပြောနေကြတာပါ။ ယောင်လဲ့ထျန်းက အားနည်းတဲ့သူတစ်ယောက်ပဲ။ အခု ညီမလေးလုရဲ့ အကူအညီနဲ့ စာရင်းသွင်းနိုင်ခဲ့ရင်တောင် ပြိုင်ပွဲကျ အရှင်းခံရမှာ အမှန်ပဲ မဟုတ်ဘူးလား”
“ရို့ရွှယ် ပြောတာမှန်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ယဥ်ပါးခြင်း ကျင့်ကြံမှုနဲ့ အတွင်းတပည့်ဖြစ်လာချင်တာက နေ့ခင်းကြီး အိပ်မက် မက်နေတာပဲ” ဖန့်ဟောင် ကပါ ဝင်ပြောလိုက်သည်။
“ရှင်တို့ မယုံကြဘူးလား။ သေချာပေါက် လဲ့ထျန်း အောင်မြင်မယ်လို့ ကျွန်မ လောင်းရဲတယ်”
လုချီ ဘာကိုမှ ဂရုမစိုက်ခဲ့ပေ။
“လောင်းချင်တာလား။ ဟဟ၊ မင်းက ဘာနဲ့ လောင်းမှာလဲ”
ဖန်းကျန့်က လှောင်ရယ်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“မင်းမှာ ဘာရှိလို့လဲ။ မင်းကိုယ်မင်း ရောင်းစားလိုက်ရင်တောင် မလုံလောက်ဘူး။ မင်းရဲ့ ဆရာကိုယ်တိုင် ရောက်လာရင်တောင်မှ ရို့ရွှယ်နဲ့ ထိုက်တန်တဲ့ လောင်းကြေး ပေးနိုင်မှာ မဟုတ်ဘူး”
အပြင်ခန်းမ အကြီးအကဲ လီကျောင်းလျန်၏ တစ်ဦးတည်းသောသမီး လီရို့ရွှယ်၏ ပိုင်ဆိုင်မှုက သာမာန်အိမ်တော်ထိန်းများ လိုက်မှီနိုင်သည့် အနေအထားမဟုတ်ပေ။
လုချီ၏ ဆရာက အိမ်တော်ထိန်းတွေထဲမှာမှ အဆင်းရဲဆုံးဖြစ်သည်။ လုချီထံတွင် ဘယ်လိုလုပ် ပိုက်ဆံရှိနိုင်မည်နည်း။
“ကောင်းပြီလေ၊ ဒါဆို လောင်းရတာပေါ့။ ဒါပေမဲ့ လောင်းကြေးကတော့ ရှိရမယ်မလား”
လီရို့ရွှယ်က ပြောပြီးသည်နှင့် အရောင်စုံသော ဖဲပြားတစ်ခု ထုတ်လိုက်သည်။
“ဒီသက်တံ့ဖဲပြားက ထိပ်သီးအဆင့် မှော်လက်နက်တစ်ခုမလို့ ချီအသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူတွေအတွက် အသင့်တော်ဆုံးပဲ။ ဒါကို လောင်းကြေးထပ်မယ်”
ထိပ်သီးအဆင့်..
မှော်လက်နက်..
သေချာသော အနိုင်ရမှုတစ်ခု ဖြစ်သော်လည်း လီရို့ရွှယ်၏ လောင်းကြေးပစ္စည်းကို မြင်သည်နှင့် အကုန်လုံး အံံ့သြသွားသည်။
အကုန်လုံး၏ မျက်လုံးထဲမှာ ဒါကသေချာပေါက် ချဲ့ကားတာပင်။ သေချာပေါက် အများစုက မနာလိုမှုကို ခံစားလိုက်ရသည်။ အပြင်ခန်းမ၏ ထိပ်သီးတပည့်တစ်ယောက်အပြင် အကြီးအကဲ၏ တစ်ဦးတည်းသောသမီး လီရို့ရွှယ်က နောက်ခံလည်း ကောင်းမွန်သည်။ ထိပ်သီးအဆင့်မှော်လက်နက်ကိုပါ ထုတ်ပြနိုင်လေရာ၊ သူမ၏ ပိုင်ဆိုင်မှုက သာမာန်တပည့်များအတွက် အလှမ်းဝေးလွန်းသော ပမာဏတစ်ခု ဖြစ်သည်။
ပိုမို အံ့အားသင့်စေသည်က လီရို့ရွှယ်၏ ဉာဏ်များမှုပင်ဖြစ်သည်။ သူမက လူကြားထဲမှာ ထိပ်သီးအဆင့်မှော်လက်နက်ကို ထုတ်ပြလိုက်၍ လုချီသာ တန်းတူညီသည့် ပစ္စည်းကို ပြန်မထုတ်ပြနိုင်ခဲ့လျှင် အရှက်ကွဲရတော့မည် ဖြစ်သည်။
လုချီ ခဏမျှ စဥ်းစားပြီးသည်နှင့် လည်ပင်းက ကျောက်စိမ်းဆွဲကြိုးကို ဖြုတ်လိုက်သည်။ ချက်ချင်းဆိုသလို သူမနှင့် ငါးမီတာအကွာအဝေးအတွင်း သိမ်မွေ့သည့် အရှိန်အဝါက ဝန်းရံပေးလိုက်သည့်အတွက် အနီးရှိ လူတိုင်းကို စိတ်တည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
“မမလီက ထိပ်သီးအဆင့်မှော်လက်နက်ကို ထုတ်လိုက်မှတော့ ညီမလေးလည်း ဒီခရမ်းစွဲဆွဲကြိုးကို ပြန်လောင်းရမှာပေါ့”
လုချီ၏ မျက်နှာထားက တည်ငြိမ်နေသည်။ ခရမ်းစွဲဆွဲသီးကို မြင်သည်နှင့် အကြီးအကဲနှင့် ဆရာတော်များအားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။ ဤ ထိပ်သီးအဆင့် မှော်လက်နက်ကို အတွင်းခန်းမ၏ အကြီးအကဲဟွာ တော်တော်လေး တန်ဖိုးထားခဲ့တာပင်။
ဘာကြောင့်ရယ်မသိ၊ အကြီးအကဲဟွာက လုချီကို ချီးမြှင့်ခဲ့သည်။ ခရမ်းစွဲ ဆွဲကြိုးကို ဆွဲထားလျှင် လူတစ်ယောက်၏ ပင်ကိုယ်ပါရမီကို တိုးမြှင့်ပေးနိုင်ပြီး တရားထိုင်မှုကို တည်ငြိမ်စေနိုင်သည်၊ ထို့အပြင် ချီသွေဖယ်ခြင်းမှ ကာကွယ်ပေးပြီး ရလဒ်ကို နှစ်ဆဖြစ်ပေါ်စေသည်။
လုချီ အခုလိုမျိုး ထုတ်ပေးလာမည်ဟု ဘယ်သူကမှ မမျှော်လင့်ခဲ့ပေ။ လီရို့ရွှယ်ကို ကြည့်နေသော အကုန်လုံး၏ မျက်လုံးထဲ၌ မနာလိုမှုများ ဝင်ရောက်လာတော့သည်။ လုချီနှင့် အစောပိုင်းက မလောင်းလိုက်ရ၍ပင် စတင်နောင်တရလာကြတော့သည်။
“ညီမလေး ဒီလောက် စိတ်အားထက်သန် နေမှတော့ အကြီးအကဲယဲ့နဲ့ တစ်ခြားအကြီးအကဲတွေကို မျက်မြင်သက်သေ လုပ်ခိုင်းလိုက်ရအောင်လေ”
လုချီ စိတ်ပြောင်းသွားမည် စိုးသောကြောင့် လီရို့ရွှယ်က ချက်ချင်းပဲ အကြီးအကဲ ယဲ့ဖန်းကို သက်တန့်ဖဲပြား သွားပေးလိုက်သည်။ လုချီလည်း သူမ၏ ဆွဲကြိုးကို.အကြီးအကဲယဲ့ကို ပေးလိုက်လေ၏။